Switch Mode

အခန်း (၆၄၁)

နတ်ဘုရား အသိစိတ်များ

ဝမ်ပေါင်လဲ့မှာ သူ၏ ရင်ထဲမှ ခံစားချက်များကို ချုပ်တည်းလိုက်ပြီး ဘေးဘီဝဲယာအား အကဲခတ်လိုက်၏။ ထို့နောက် သူသည် သူ၏ ညာဘက်လက်ကိုမြှောက်ကာ ရုတ်တရက် ဝှေ့ယမ်းလိုက်သောအခါ ရုပ်သေးရုပ်ဆယ့်နှစ်ရုပ် ထွက်ပေါ်လာပြီး အရပ်မျက်နှာအနှံ့သို့ ဖြန့်ကြက်သွားကြသည်။ ထိုရုပ်သေးရုပ်များ မြို့ပျက်ကြီးထဲ၌ ရှာဖွေနေကြစဉ် ဝမ်ပေါင်လဲ့မှာလည်း မြို့ထဲ၌ လှည့်လည်သွားလာနေလိုက်၏။ သူသည် အဆောက်အဦများကို ငေးကြည့်ရင်း အမှောင်ဂိုဏ်း အငွေ့အသက်များ အများဆုံးထုတ်လွှတ်နေသည့် နေရာဆီသို့ ဦးတည်သွားလိုက်တော့သည်။

ဤမြို့ကြီးထဲတွင် လူဦးရေ အမြောက်အမြား နေထိုင်ခဲ့သည့်ပုံပင်။ သူသည် သူ၏ ဘေးနားတစ်ဝိုက်တွင် ကျန်ရစ်ခဲ့သည့် သဲလွန်စများကို သေသေချာချာ စစ်ဆေးကြည့်ရှုလိုက်ပြီးနောက် ဤမြို့သူမြို့သားများမှာ သူတို့ ကြုံရမည့် အန္တရာယ်ကြီးအတွက် ကြိုတင်ပြင်ဆင်ထားခဲ့ကြသည်ဖြစ်ကြောင်း သိလိုက်ရသည်။ သို့သော်လည်း သူတို့မှာ ထိုကပ်ဘေးကြီးနှင့် အမှန်တကယ် ကြုံလိုက်ရသည့် အခါတွင်မူ ရင်ဆိုင်နိုင်စွမ်း မရှိခဲ့ပေ။ ထို့ကြောင့် လူတိုင်းမှာ သေကျေပျက်စီးသွားခဲ့၏။ ဘီလူးကြီး၏ ခန္ဓာကိုယ်ပင်လျှင် နှစ်ခြမ်းပိုင်းခံလိုက်ရသည် မဟုတ်ပါလော။

ဝမ်ပေါင်လဲ့မှာ သက်ပြင်းများချကာ ခေါင်းယမ်းလိုက်ပြီး မြို့ပျက်ကြီး၏ အလယ်သို့ သွားလိုက်၏။ ခဏအကြာတွင် သူသည် ခြေလှမ်းအနည်းငယ်မျှသာ လှမ်းရသေးပါသော်လည်း ရုတ်တရက်ဆိုသလို ‌ရပ်တန့်သွားပြီး မျက်ဝန်းများမှာ တည်ကြည်သွားတော့သည်။

သူ ထုတ်လွှတ်ထားခဲ့သည့် ရုပ်သေးရုပ်များထဲမှ တစ်ရုပ်မှာ သူနှင့် ဗြုန်းစားကြီး အဆက်အသွယ် ပြတ်တောက်သွားခြင်း ဖြစ်ပေသည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ချက်ချင်းဆိုသလိုပင် သတိကြီးကြီး ထားမိသွားတော့သည်။ ထို့နောက် သူသည် ထို ရုပ်သေးရုပ်အား နောက်ဆုံးအာရုံခံမိခဲ့သည့် နေရာသို့ ဦးတည်သွားလိုက်၏။ သူထိုနေရာသို့ ရောက်သွားသောအခါ ထောင့်တစ်ထောင့်၌ ထိုရုပ်သေးရုပ် မလှုပ်မယှက် လဲလျောင်းနေသည်ကို မြင်လိုက်ရတော့သည်။

ဝမ်ပေါင်လဲ့မှာ ထို ရုပ်သေးရုပ်၏ အနီးသို့ ချက်ချင်း ချဉ်းကပ်သွားခြင်း မရှိဘဲ မျက်လုံးများ မှေးသွားပြီး သူ၏ ညာဘက်လက်အား ‌‌မြှောက်ကာ ဝှေ့ယမ်းလိုက်၏။ ထိုအခါ ဓားပျံတစ်လက်မှာ လေကိုထိုးခွင်း၍ ထို ရုပ်သေးရုပ်ဆီသို့ ဦးတည်ပျံသန်းသွားသည်။ ထိုဓားပျံ ရုပ်သေးရုပ်၏ အနီးသို့ ရောက်သွားသောအခါ ထိုရုပ်သေးရုပ်မှာ ရုတ်တရက်ဆိုသလို ဆတ်ခနဲ တုန်ရီသွားပြီး ပက်လက်လန်သွား၏။ ထို့နောက် ၎င်း၏အောက်မှ အနီရောင် အလင်းတန်းတစ်ခု ထိုးထွက်လာပြီး ထိုဓားပျံလေးအား ရှောင်တိမ်းကာ ဝမ်ပေါင်လဲ့၏ မျက်နှာတည့်တည့်သို့ ဦးတည်လာတော့သည်။

၎င်းမှာ ဝမ်ပေါင်လဲ့၏ အနီးသို့ ရောက်လာသောအခါ သူ၏ ခန္ဓာကိုယ်အပြင်ဘက်ရှိ အမှောင်မီးတောက်အား အာရုံခံမိသွားသည့် ပုံပင်။ ထို့ကြောင့် ၎င်းမှာ ချက်ချင်းပင် နောက်သို့ပြန်လှည့်သွား၏။

၎င်းမှာ မြန်ဆန်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာအား အသုံးပြုထားသည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် သူ၏ ညာဘက်လက်အား မြှောက်ကာ ထို အနီရောင်အလင်းတန်းအား လှမ်း၍ ဖမ်းဆုပ်လိုက်တော့သည်။

ထို အနီရောင်အလင်းတန်းမှာ တီကောင်တစ်ကောင် ဖြစ်နေ၏။ ၎င်းမှာ ရုပ်အလောင်းတစ်ခု မဟုတ်ဘဲ သက်ရှိတစ်ကောင် ဖြစ်နေသည်။ ထိုတီကောင်မှာ ဝမ်ပေါင်လဲ့၏ လက်ထဲ၌ အဆက်အပြတ် လူးလွန့်နေ၏။ ၎င်း၏ ဦးခေါင်းပေါ်တွင် အပေါက်ကြီးတစ်ပေါက် ရှိနေပြီး ထိုအပေါက်ထဲမှ အရည်များ စီးကျနေသည်။ ထို့အပြင် ထိုအပေါက်ထဲတွင် အနက်ရောင်သွားများကိုလည်း မြင်နိုင်ပေသည်။ ၎င်းမှာ သွားများဖြဲကာ အော်ဟစ်မြည်တမ်းနေပြီး ဝမ်ပေါင်လဲ့၏ လက်ထဲမှ လွတ်မြောက်နိုင်ရန် ကြိုးစားနေသည့်ပုံပင်။

သို့သော် ၎င်း၏ ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်ရီနေသည်ဖြစ်ရာ ၎င်းမှာ ကြောက်ရွံ့တုန်လှုပ်နေသည်ဖြစ်ကြောင်း သိနိုင်ပေသည်။

ဝမ်ပေါင်လဲ့မှာမူ အတွေးများထဲ၌ နစ်မျောသွား၏။ သူသည် ရုပ်သေးရုပ်၏ နောက်ကျောကို လှမ်းကြည့်လိုက်သောအခါ အပေါက်တစ်ပေါက်ကို မြင်လိုက်ရသည်။ သို့ဖြစ်ရာ ၎င်းမှာ ဤနေရာတစ်ဝိုက်အား ရှာဖွေစစ်ဆေးနေရင်း ထိုတီကောင်လေး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရခြင်း ဖြစ်နိုင်ပေသည်။ ထိုတီကောင်လေးမှာ ၎င်း၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့ပြီးနောက် ၎င်း၏ အမြုတေအား ဖျက်ဆီးပစ်ခဲ့ခြင်း ဖြစ်ပေသည်။

” အရမ်းကြီး အစွမ်းထက်တဲ့ပုံ မပေါ်ပါဘူး ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ ၎င်းအား သူ၏ ချပ်ဝတ်တန်ဆာလက်ကြီးဖြင့် အားပါပါ ညှစ်ကြည့်လိုက်၏။ ထိုအခါ ထိုတီကောင်မှာ အော်ဟစ်မြည်တမ်းလိုက်ရပါသော်လည်း ချက်ချင်း ကြေမွပျက်စီးသွားခြင်း မရှိပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူငယ်အိမ်များ ကျဉ်းမြောင်းသွားရပြီး ခေါင်းထဲ၌ အတွေးတစ်ခု ပေါ်လာတော့သည်။ ထို့နောက် သူ၏ အမှောင်မီးတောက်အား ထိုတီကောင်အနီးသို့ တွန်းပို့လိုက်သောအခါ ၎င်း၏ အော်သံများမှာ ပို၍ပင် ကျယ်လောင်လာတော့သည်။ ထို့နောက် အမှောင်မီးတောက်မှာ ၎င်းအား လွှမ်းခြုံသွားသဖြင့် ၎င်းမှာ စတင်လောင်ကျွမ်းလာပြီး နောက်ဆုံးတွင် ဝမ်ပေါင်လဲ့၏ လက်ဖဝါးထဲ၌ ပြာပုံဘဝသို့ ရောက်သွားရတော့သည်။

ထိုတီကောင်လေး သေဆုံးမသွားခင် ၎င်း၏ ပါးစပ်ထဲမှ ထွက်ပေါ်လာသော အော်သံများမှာ လေထဲ၌ ပဲ့တင်ထပ်သွား၏။ ၎င်း ပြာကျသွားသောအခါ မြေပြင်ကြီးမှာ အနည်းငယ်ခန့် တုန်ရီသွားရသည်။ ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်တွင် ရှိနေသာ အဆောက်အဦများပင်လျှင် တုန်ခါသွားရ၏။ ထို့နောက် မျက်စိတစ်မှိတ်အတွင်းတွင် အနီရောင်တီကောင်များ နေရာအနှံ့၌ ထွက်ပေါ်လာတော့သည်။

၎င်းတို့ထဲမှ အချို့၏ အရွယ်အစားမှာ သူ ဖမ်းမိခဲ့သည့် တီကောင်လေးလောက်သာ ရှိပါသော်လည်း အခြားတီကောင်များမှာ ပေတစ်ရာကျော်အထိ ရှည်လျားနေ၏။ ကြောက်စရာအကောင်းဆုံး တီကောင်မှာမူ ခပ်လှမ်းလှမ်းရှိ တောင်ထဲမှ ထွက်ပေါ်လာသည့် တီကောင်ပင် ဖြစ်သည်။ ၎င်းမှာ ပေတစ်ထောင်ခန့် ရှည်လျားနေပြီး အသံကုန်အော်ဟစ်ကာ တောင်ထဲမှ ထိုးထွက်လာ၏။ ထို့နောက် ၎င်းမှာ ဝမ်ပေါင်လဲ့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်နေလိုက်တော့သည်။

မြို့ပျက်ကြီးနှင့် ရုပ်အလောင်းများကိုမူ မမြင်ရတော့ပေ။ ၎င်းတို့မှာ မရေမတွက်နိုင်လောက်အောင် များပြားသော တီကောင်များ၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရပြီဖြစ်သည်။ ၎င်းတို့မှာ ဘီလူးကြီး၏ ခန္ဓာကိုယ်ထဲမှ အမွေးများ ပေါက်လာသကဲ့သို့ အဆက်မပြတ် လူးလွန့်ထွက်ပေါ်လာနေကြပြီး မြေပြင်ပေါ်ရှိ အရာအားလုံးကို လွှမ်းခြုံထားကြ၏။

ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးကာ သူ၏ ပတ်ပတ်လည်ရှိ မရေမတွက်နိုင်လောက်အောင် များပြားနေသော တီကောင်များကို စိုက်ကြည့်နေလိုက်၏။ ထိုအချိန်တွင် သူသည် သူ ထုတ်လွှတ်ထားခဲ့သည့် ရုပ်သေးရုပ်များနှင့် တစ်ခုပြီးတစ်ခု အဆက်အသွယ် ပြတ်တောက်သွားသည်ကို အာရုံခံမိလိုက်တော့သည်။

” ဒီ အနီရောင်တီကောင်တွေက… ခန္ဓာကိုယ်ပေါ်က အမွေးတွေနဲ့ တူနေလားလို့ ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ ခေါင်းယမ်းမိသွား၏။ သူသည် ဤ သတ္တဝါများအကြောင်းကို လုံးဝမသိပါသော်လည်း ခေါင်းရှုပ်ခံ၍ စဉ်းစားနေမည် မဟုတ်ပေ။ သူ၏ အမှောင်မီးတောက်မှာ ထိုတီကောင်များကို သုတ်သင်ရှင်းလင်းနိုင်စွမ်း ရှိသည်ဖြစ်ကြောင်း သူက မြင်ခဲ့ရသည် မဟုတ်ပါလော။ ထို့‌ကြောင့် သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ အမှောင်မီးတောက်အား အပြင်ဘက်သို့ ဖြန့်ကြက်လိုက်တော့သည်။ ထိုအခါ အနက်ရောင်မီးတောက်များမှာ ထစ်ချုန်းသံများနှင့်အတူ အပြင်ဘက်သို့ ပြန့်ထွက်လာကြ၏။ ၎င်းတို့မှာ တဖြည်းဖြည်းနှင့် ပို၍ အားကောင်းလာပြီး အအေးဓာတ်တစ်မျိုးကို ထုတ်လွှတ်နေသောကြောင့် မြေပြင်ကြီးပင်လျှင် အေးခဲသွားရတော့သည်။

အမှောင်မီးတောက်မှာ ထိုတီကောင်များအပေါ် အမှန်တကယ် အကျိုးသက်ရောက်မှု ရှိပေသည်။ သူ၏ ပတ်ပတ်လည်ရှိ တီကောင်များ အားလုံးမှာ အော်ဟစ်မြည်တမ်းကာ နောက်သို့ ဆုတ်သွားရသည်သာ ဖြစ်သည်။ ခပ်လှမ်းလှမ်းရှိ ဘီလူးကြီး၏ လက်ပေါ်ရှိ အကြီးဆုံး တီကောင်ကြီးပင်လျှင် တစ်ကိုယ်တုံး တုန်ရီသွားရပြီး နောက်သို့ ဆုတ်သွားရ၏။

ဝမ်ပေါင်လဲ့မှာ သူ၏ အမှောင်မီးတောက်၏ အစွမ်းကို နောက်ထပ်တစ်ကြိမ်ထပ်၍ မြင်လိုက်ရပြီ ဖြစ်ရာ ရှေ့သို့ချီတက်လာတော့သည်။ မည်သည့်တီကောင်ကမှ သူ၏အနီးသို့ မကပ်ရဲကြပေ။ ၎င်းတို့မှာ နောက်သို့ကျုံ့ဝင်သွားကြပြီး ဝမ်ပေါင်လဲ့အတွက် လမ်းဖယ်ပေးလိုက်ကြတော့သည်။ ထို့ကြောင့် သူသည့် မြို့လယ်သို့ ချောချောမွေမွေ့နှင့် ရောက်ရှိလာ၏။

ထိုနေရာတွင် အောက်သို့ ကျွံဝင်နေသည့် ပြည်သူ့ရင်ပြင်ကြီးတစ်ခု ရှိနေ၏။

၎င်းအား ပြည်သူ့ရင်ပြင်တစ်ခုဟု ခေါ်ဆိုရန်မှာ မသင့်တော်ပေ။ ၎င်းမှာ ယဇ်ပလ္လင်တစ်ခုနှင့် ပို၍ ဆင်တူနေ၏။ ၎င်း၏ ပတ်ပတ်လည်တွင် တစ်ဝက်တပျက် ကျိုးပဲ့နေသည့် ရုပ်တုတစ်ဒါဇင်ကျော် ရှိနေကြသည်။ သူ၏ ခန့်မှန်းချက်အရဆိုလျှင် ထိုယဇ်ပလ္လင်၏ အလယ်ဗဟိုမှာ ဘီလူကြီး၏ ဦးခေါင်းခွံ၏ အလယ်ဗဟို ဖြစ်ရပေမည်။

အမှောင်ဂိုဏ်း အငွေ့အသက်မှာလည်း ထိုနေရာတွင် အားအကောင်းဆုံး ဖြစ်နေ၏။

ဝမ်ပေါင်လဲ့မှာ သူ၏ ပတ်ပတ်လည်ရှိ ရုပ်တုများအား အကဲခတ်ကြည့်လိုက်၏။ ၎င်းတို့မှာ သိသိသာသာ ပျက်စီးနေကြပြီ ဖြစ်ရာ ၎င်းတို့၏ ပုံပန်းသွင်ပြင်အား အတိအကျ မမြင်နိုင်ပေ။ သို့သော် ထိုရုပ်တုများမှာ အတိတ်တုန်းက အမှောင်ဂိုဏ်း၏ အစွမ်းထက်ပုဂ္ဂိုလ်များ ဖြစ်ရပေမည်ဟု ဝမ်ပေါင်လဲ့က တွေးမိနေသည်။ သူတို့မှာ အဖွဲ့အစည်းမျိုးစုံမှ ဂိုဏ်းသားအားလုံး ရိုသေလေးစားရပြီး အမှောင်တစ်ဂိုဏ်းလုံး၏ ထောက်တိုင်များဖြစ်သော ခေါင်းဆောင်ကြီးများ ဖြစ်ကြပေသည်။

ထို ရုပ်တု တစ်ခုချင်းစီတိုင်းမှာ အမှောင်ဂိုဏ်း ရွှေထီးဆောင်းခဲ့ရသည့် ခေတ်တစ်ခေတ်ချင်းစီကို ‌ကိုယ်စားပြုနေ၏။

ဝမ်ပေါင်လဲ့မှာ ရုပ်တုတစ်ခုအား မြင်လိုင်ရချိန်တွင် တစ်ကိုယ်လုံး တုန်ရီသွားရ၏။ ထို့နောက် သူသည် ၎င်းဆီသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားလိုက်သည်။

သူသည် ၎င်းအား အချိန်အကြာကြီး စိုက်ကြည့်နေလိုက်၏။ ထိုရုပ်တုကြီးမှာ ဦးခေါင်းမရှိတော့ပါသော်လည်း ၎င်း ဆင်မြန်းထားသည့် အဝတ်အစားများကြောင့် ဝမ်ပေါင်လဲ့မှာ ၎င်းအား ရင်းရင်းနှီးနှီး သိနေသလို ခံစားနေရပြီး အသက်ရှူသံများ မြန်ဆန်လာရတော့သည်။ သူသည် ထိုရုပ်တုကြီးမှာ မည်သူမည်ဝါဖြစ်ကြောင်းကို သိထား၏…

” ဆရာ… ” ဝမ်ပေါင်လဲ့မှာ အချိန်အတော်အတန်ကြာအောင် နှုတ်ဆိတ်နေလိုက်ပြီး တိုးတိုးလေး ရေရွတ်မိသွား၏။ ထို့နောက် သူ၏ နှလုံးသားထဲတွင် စကားလုံးများနှင့် ဖော်ပြ၍မရသည့် ဝမ်းနည်းစိတ်တစ်ခု ပေါ်ပေါက်လာတော့သည်။ သူသည် ထို ရုပ်တုကြီးအား တရို‌တသေ ဦးညွှတ် အရိုအသေပေးလိုက်ပြီးနောက် အချိန်အတော်အတန် ကြာပြီးမှ ခေါင်းပြန်မော့လာ၏။ ထို့နောက် သူသည် ထိုရုပ်တုအား သူ၏ သိုလှောင်လက်ကောက်ထဲ၌ သိမ်းဆည်းထားလိုက်သည်။

ထို့နောက် သူသည် အောက်သို့ကျွံဝင်နေသည့် နေရာကြီး၏ အလယ်အား လှမ်းကြည့်လိုက်သည်။ ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် တွေးတောလိုက်ပြီးနောက် ထိုနေရာသို့ သွားလိုက်သဖြင့် ဘီလူးကြီး၏ ဦးခေါင်းခွံ၏ အလယ်ဗဟိုဆီသို့ ရောက်ရှိသွားတော့သည်။ သူသည် ထိုနေရာတွင် ရပ်နေရင်း အမှောင်ဂိုဏ်းအငွေ့အသက်များကို အာရုံခံမိနေပြီး သူ၏အမှောင်မီးတောက်များ တဟုန်းဟုန်းတောက်လောင်လာသည်ကို ခံစားမိလိုက်၏။

” တစ်ခုခုတော့ လွဲနေပြီ ” ဝမ်ပေါင်လဲ့မှာ ‌ခြေလှမ်းအနည်းငယ်ခန့် လှမ်းလိုက်ပြီးနောက် ရပ်တန့်သွား၏။ ထို့နောက် သူသည် သူ၏ခြေထောက်အား ငုံ့ကြည့်ကာ သူ ရပ်နေခဲ့သည့် နေရာဆီသို့ ပြန်သွားလိုက်သည်။

” ငါ ဒီနေရာမှာ ရပ်နေရင် အမှောင်မီးတောက်က အားအကောင်းအဆုံးပဲ ” သူသည် ထိုသို့တွေးလိုက်ပြီးနောက် မျက်လုံးများ အရောင်လက်သွား၏။ ထို့နောက် သူသည် လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များဖော်လိုက်သောအခါ သူ၏ ခန္ဓာကိုယ်ထဲမှ အမှောင်မီးတောက်မှာ ပို၍ပင် အားကောင်းစွာ တောက်လောင်လာတော့သည်။ နောက်ဆုံးတွင် သူသည် အောက်သို့ထိုင်ချကာ မျက်လုံးများ မှိတ်လိုက်ပြီး သူ၏အသိစိတ်အား အမှောင်မီးတောက်နှင့် တစ်သားတည်း ပေါင်းစည်းသွားစေလိုက်တော့သည်။ သူသည် သူ၏ အသိစိတ်အား ဦးခေါင်းခွံကြီးနှင့် ပေါင်းစည်းနိုင်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

သူ၏ အသိစိတ် အမှောင်မီးတောက်နှင့် တစ်သားတည်း ဖြစ်သွားပြီး သူ၏ခြေထောက်အောက်ရှိ ဦးခေါင်းခွံထဲသို့ ဝင်ရောက်သွားသောအခါ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ အပြင်းအထန် တုန်ရီသွားရ၏။ ထို့နောက် သူသည် သူ၏ အသိစိတ်ထဲ၌ ရှေးဟောင်းစကားသံတစ်သံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရပြီး သူ၏ဝိညာဉ်တစ်ခုလုံးမှာလည်း တုန်ရီသွားတော့သည်။

” ဝိညာဉ်လမ်းညွှန်၊ အိပ်မက်ရက်ကန်း၊ သံသရာပြတ်တောက်၊ ဒုက္ခတစ်သောင်း၊ ဘဝတစ်ထောင်၊ ပြစ်ဒဏ်ငါးခု ”

ထိုစကားသံကြီးမှာ လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာမှနေ၍ ထွက်ပေါ်လာသကဲ့သို့ပင်။ ၎င်းမှာ သေမင်းကမ္ဘာကြီးထဲမှ စတင်ထွက်ပေါ်လာခဲ့ပြီးနောက် ယခုတွင် သက်ရှိကမ္ဘာထဲ၌ ပဲ့တင်ထပ်ကာ ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ မြည်ဟည်းနေတော့သည်။ ဝမ်ပေါင်လဲ့မှာမူ ခပ်မှိန်မှိန် တောက်ပနေသည့် အလင်းစက်လုံးခြောက်လုံးအား မြင်လိုက်ရသကဲ့သို့ ခံစားနေရ၏။

” ဒါက… ”

ဝမ်ပေါင်လဲ့မှာ ရုတ်တရင်ဆိုသလို ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားရ၏။ ထို့နောက် သူသည် မျက်လုံးများပြန်ပွင့်လာပြီး အောက်သို့ငုံ့ကြည့်ကာ အသက်ရှုသံများ လေးလံလာရတော့သည်။ သူ သူ၏အောက်တွင်ရှိနေသော ဦးခေါင်းခွံကြီးအား ငေးကြည့်နေစဉ် ရှေးဟောင်းစကားသံကြီးမှာ သူ၏ ‌အသိစိတ်ထဲ၌ အဆက်အပြတ် မြည်ဟည်းဆဲ ဖြစ်သလို အလင်းစက်လုံးခြောက်လုံးမှာလည်း သူ၏ အသိစိတ်ထဲ၌ မှေးမှိန်စွာ တောက်ပနေဆဲပင်။ ထိုအချိန်တွင် သူ၏မျက်လုံးများမှာ ဝင်းလက်တောက်ပသွား၏။

” ဒီ အလင်းစက်လုံး ခြောက်လုံးက ဓမ္မလက်နက်တစ်ခုကို ဖန်တီးသန့်စင်နိုင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ နတ်ဘုရားအသိစိတ်တွေနဲ့ တော်တော်ကို ဆင်တူတာပဲ…. ” ဝမ်ပေါင်လဲ့မှာ တိုးတိုးလေး ရေရွတ်မိလိုက်သည်။ သူသည် အမှောင်ကလေးငယ်တစ်ယောက်ဖြစ်သလို ဓမ္မလက်နက်ကျွမ်းကျင်ပညာရှင်တစ်ယောက်လည်းဖြစ်ရာ ဤဦးခေါင်းခွံကြီး၏အောက်တွင် အကြွင်းအကျန် ဝိညာဉ်ခြောက်ခု ရှိနေသည်ကို အာရုံခံမိလိုက်၏။ ၎င်းတို့မှာ အားအင်ချိနဲ့နေကြပြီး လုံးဝပျောက်ကွယ်သွားတော့မည့်ဆဲဆဲ အနေအထားသို့ ရောက်နေကြပြီဖြစ်သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများအရောင်လက်သွားရပြီး သူ၏အသိစိတ်အား အမှောင်မီးတောက်နှင့် ထပ်ခါတလဲလဲ ပေါင်းစည်းနေလိုက်တော့သည်။ ထိုကဲ့သို့ ထပ်ခါတလဲလဲ ပေါင်းစည်းမှုများကြောင့် ဤ‌ဦးခေါင်းခွံကြီး၏ အောက်တွင် အားအင်ချိနဲ့နေသည့် နတ်ဘုရားအသိစိတ် အကြွင်းအကျန်ခြောက်ခု ရှိနေရမည်ဟု သူက ပို၍ပင် ယုံကြည်လာတော့သည်။ အကယ်၍ ၎င်းတို့အား မသိမ်းဆည်းနိုင်ပါက ၎င်းတို့မှာ ဆယ်စုနှစ် အနည်းငယ်အတွင်းတွင် အစအန ရှာမရလောက်အောင် လုံးဝပျောက်ကွယ်သွားတော့မည်သာဖြစ်သည်။

၎င်းတို့အား ထာဝရတည်ရှိနေနိုင်အောင် လုပ်နိုင်မည့် နည်းလမ်းပေါင်းမြောက်မြားစွာ ရှိပေသည်။ သို့သော် ဝမ်ပေါင်လဲ့မှာမူ ၎င်းတို့ထဲမှ နည်းလမ်းတစ်ခုကိုသာ သိထား၏။ ၎င်းမှာ ထို နတ်ဘုရားအသိစိတ် အကြွင်းအကျန်ခြောက်ခုအား ဓမ္မလက်နက်တစ်ခုထဲသို့ ပေါင်းထည့်ကာ ၎င်းတို့အား အဆောင်ဝိညာဉ်များအဖြစ် ပြောင်းလဲပစ်ရန်သာ ဖြစ်သည်။

၎င်းမှာ ထို နတ်ဘုရားအသိစိတ်ခြောက်ခုအား ပျောက်ပျက်မသွားအောင် ထိန်းသိမ်းထားနိုင်မည့် တစ်ခုတည်းသောနည်းလမ်း ဖြစ်ပေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset