Switch Mode

အပိုင်း(၁၂၈)

ကံကြမ္မာအား ဆန့်ကျင်သော ဧကရာဇ်လျို

များစွာသော တန်ခိုးရှင်များက နန်ဒူနိုင်ငံ၏ နန်းမြို့တော်သို့ ဦးတည်၍ သွားနေကြသည်။ နန်ဒူနိုင်ငံတွင် ဒေသပေါင်း ၃၆ ခုရှိပြီး ဒေသတစ်ခုစီတိုင်းတွင် မြို့အများအပြားရှိကာ မြို့တိုင်းတွင် တန်ခိုးရှင်များ မွေးထုတ်ရာ ကျောင်းတော်များ ရှိကြသည်။ ယခုအချိန်တွင်ကား မြို့တိုင်းမြို့တိုင်းမှ ကျောင်းတော်ပေါင်း များစွာက လူငယ်ပါရမီရှင်များ အားလုံးက တန်ဖန်းပွဲတော်ကို တက်ရောက်ရန် နန်ဒူမြို့တော်ကို ရောက်ရှိလာနေကြသည်။ ကန်ယီနိုင်ငံမှ ဖန်းဟွာပွဲတော်နှင့် ကွာခြားသည်ကား တန်ဖန်းပွဲတော်တွင် ကနဦး အကြိုစစ်ဆေးမှုမရှိပေ။ မည်သည့်လူငယ် ပါရမီရှင်မဆို ဝင်ရောက် ယှဉ်ပြိုင်နိုင်ကာ သူတို့၏ အရည်အချင်းများအား ပြသနိုင်ပေသည်။

ဖန်းဟွာပွဲတော်ကား ကန်ယီနိုင်ငံတွင် သုံးနှစ်တစ်ကြိမ် ကျင်းပလေ့ရှိရာ အကျိုး သက်ရောက်မှုမှာ ထင်ရှားပြီး မြန်ဆန်သည်။ တန်ဖန်းပွဲတော်မူကား ဆယ်နှစ်တစ်ကြိမ် ကျင်းပလေ့ရှိကာ ကြီးကျယ် ခမ်းနားသည်။

အရှေ့ပင်လယ်မှလူများ နန်းမြို့တော်သို့ တဖြည်းဖြည်း ရောက်ရှိလာကြသည်။ လူငယ်ပြိုင်ပွဲဝင်များသာ ရောက်ရှိလာသည်မဟုတ် ခမ်းနားကြီးကျယ်သော ပြိုင်ပွဲကြီးအား တွေ့မြင်လိုသော စွမ်းအားမြင့် တန်ခိုးရှင်များလည်း ရောက်ရှိလာကြသည်။

အရှေ့ပင်လယ်၏ ဒွန်ဟိုင်ကျောင်းတော်မှ စွမ်းအားမြင့် တန်ခိုးရှင်များကလည်း သည်အခွင့်အရေးကို လက်လွှတ်ခံသည် မဟုတ်ပေ။ ကြယ်စင်ဧကရာဇ် ကျောင်းတော်၏ ကျောင်းအုပ်ကြီး ယန်ရှာအိုက တခြား ထူးချွန်သော ကျောင်းသားများနှင့် ကျောင်းအုပ်များအား ဦးဆောင်ကာ ရောက်ရှိလာခဲ့သည်။ မြို့ထဲကို သတ္တဝါဆန်းများအား စီးနင်းလျက် ဝင်ရောက်လိုက်ကြလျှင် ကျောင်းတော်သားများက မြေပြင်မှ အလွန် ဝင်းလက် တောက်ပြောင်ကာ ခမ်းနားသော အဆောက်အဦများကို ကြည့်ပြီး ရင်သပ်ရှုမော ဖြစ်ကြရသည်။ သူတို့က တန်ဖန်းပွဲတော်တွင် အောင်မြင်နိုင်မလား သိချင်နေကြသည်။

ထိုလူအုပ်ထဲတွင်ကား ကျောင်းအုပ်ကြီး ယန်ရှာအိုက အလွန် မျှော်လင့်ထားရသော ကြယ်စင်ဧကရာဇ် ကျောင်းဆောင်၏ ပါရမီရှင် ကျောင်းချိန် ရှိသည်။ ကျောင်းချိန်က သတ္တဝါဆန်းပေါ်တွင် ရပ်လျက် နန်းမြို့တော်အား မျှော်မှန်းချက် ကြီးမားစွာ ကြည့်နေသည်။ သူ့လိုပါရမီမျိုးနှင့်ဆိုလျှင် ပွဲတော်တွင် မရေမတွက်နိုင်သော ပါရမီရှင်များ စုစည်းနေသည့်တိုင် သူ့အတွက် နေရာတစ်နေရာ မရရန် မခက်ခဲဟု သူထင်သည်။ သို့သော် ကျောင်းချိန်က အပြည့်အဝတော့ ယုံကြည်မှု မရှိပေ။ ကုန်လွန်ခဲ့သော ဆယ်နှစ်တာ ကာလအတွင်း မည်မျှထူးချွန်သော ပါရမီရှင်များ ထွက်ပေါ်လာသည်ကို သူမခန့်မှန်းနိုင်ပေ။ သူက ထိုပါရမီရှင်များအား ရင်ဆိုင်နိုင်မည်ဟု မည်သူကမှ တထစ်ချ မပြောနိုင်ပေ။

ထိုအချိန်တွင် လူတစ်ယောက်၏ ပုံသဏ္ဌာန်က ကျောင်းချိန်၏ စိတ်ထဲတွင် ပေါ်လာသည်။ အကယ်၍ သူသာလျှင် သည်နေရာတွင် ရှိနေသေးလျှင် သူကား ခြွင်းချက်မရှိ အနိုင်ရသူ ဖြစ်ပေမည်။ သို့သော်လည်း ဒွန်ဟိုင်မြို့မှ အဖြစ်အပျက်များ ဖြစ်ပျက်ခဲ့သည်မှာ တစ်လခန့်မျှသာ ရှိသေးသည်။ သူကား သူ၏အသက်အန္တရာယ်မှ ပြေးလွှားနေဆဲပင် ဖြစ်ရမည်။

ကျောက်မူနှင့် သူ့ဆရာ အနုပညာ သူတော်စင်တို့မှာလည်း ထိုလူအုပ်ထဲတွင် ရှိနေကြသည်။

လင်းဇီယွီလည်း ထိုနေရာတွင် ရှိနေသည်။ အရှေ့ပင်လယ်တွင် ရီဖူရှင်းနှင့် သင်္ဘောပေါ်တွင် စတင်တွေ့ဆုံခါစနှင့် မတူတော့ဘဲ သူမကား အနည်းငယ် ရင့်ကျက်လာပြီ ဖြစ်သည်။ အသက်ဆယ့်ခုနစ်နှစ်အရွယ် လင်းဇီယွီကား ပိုမို၍ လှပလာကာ သူမ၏ခန္ဓာကိုယ်မှာလည်း ပိုမို ဆွဲဆောင်မှု ရှိလာ၏။

သည်နှစ်ဦးတွင် သူမက ဒွန်ဟိုင်ကျောင်းတော်၏ နွေဦးရာသီ စစ်ဆေးမှုအား အောင်မြင်ခဲ့ကာ ဒွန်ဟိုင်ကျောင်းတော်သို့ တက်ရောက်ခွင့် ရခဲ့သည်။ တန်ဖန်းပွဲတော် ကျင်းပမည်ဟု သတင်းရသောအခါ သူမကလည်း လာရောက် ကြည့်ရှုလိုခဲ့သည်။

အဝေးတစ်နေရာမှ တခြား အုပ်စုတစ်စု ဆင်းသက် လာကြသည်။ တစ်ယောက်က လှမ်းခေါ်သည်… “ကျောင်းအုပ်ယန်…”

ယန်ရှာအိုက လှည့်ကြည့်လိုက်ကာ ပြုံးလျက် ပြန်နှုတ်ဆက်သည်… “နန်ဒူမိသားစုက တပည့်တွေလည်း ပွဲတော်ကို တက်ရောက်ကြမှာလား…..” နောက်ထပ် ရောက်လာသူများမှာ နန်ဒူမိသားစုမှ ဖြစ်ကြသည်။

“ဟုတ်တယ်…..” နန်ဒူမိသားစုမှာ စွမ်းအားမြင့် တန်ခိုးရှင်တစ်ယောက်က စိတ်အာရုံထွေပြားစွာဖြင့် အသာအယာ ခေါင်းညိတ်သည်။ ယမန်နှစ်က နန်ဒူမိသားစုတွင် ဖြစ်ပျက်ခဲ့သည်များက အပြောင်းအလဲများစွာကို ဖြစ်ပျက်စေခဲ့သည်။ သူတို့က ဆက်လက် အသက်ရှင်ရန် တော်ဝင်မိသားစုအား ပိုမိုအလေးထား ဆက်ဆံရန် လိုပေသည်။ ထို့ကြောင့် သူတို့ကလည်း တန်ဖန်းပွဲတော်ကို လာရောက်ကြသည်။

သူတို့အုပ်စုနှစ်စု တိတ်ဆိတ်စွာ ဆက်သွားကြသည်။ သူတို့အပေါ်တွင်လည်း မရေမတွက်နိုင်သော တန်ခိုးရှင်များ သွားလာနေကြသည်။ သူတို့ ဆက်သွားလျှင် မကြာမီ နန်းတော်ကြီးအား တွေ့ရတော့မည်ဖြစ်သည်။ ထိုနေရာကား ပိုမို၍ ကြီးမား ကျယ်ပြန့်ကာ အလွန် ခမ်းနားကြီးကျယ်သည်။

ထိုအချိန်တွင် ဧကရာဇ်လျိုက နန်းတော်၏ ခန်းမဆောင်ကြီး တစ်ခုတွင်ထိုင်ကာ အစောင့်တစ်ယောက် လာပေးသော စာတစ်စောင်အား ဖတ်နေသည်။ ထိုစာတွင်ကား ကန်ယီနိုင်ငံ၏ ဖန်းဟွာပွဲတော်အကြောင်း ပါဝင်သည်။ ထိုပွဲတော်ကား သုံးနှစ်တစ်ကြိမ် ကျင်းပပြီး ထူးချွန်သောသူ အများအပြား ထွက်ပေါ်လာကြမည် ဖြစ်သည်။ နန်ဒူနိုင်ငံက ထိုကဲ့သို့ သတင်းမျိုးအား အာရုံစိုက်ရန် လိုအပ်ပေသည်။ သို့သော်လည်း ဧကရာဇ်လျိုက သည်သတင်းမျိုးအား သိပ်ဂရုစိုက်သည် မဟုတ်ပေ။ သုံးနှစ်တစ်ကြိမ် ပါရမီရှင်များစွာ ထွက်ပေါ်လာသည်။ ဘုရင်တစ်ပါးအနေဖြင့် သူက သည်ကဲ့သို့ ကိစ္စရပ်များအား အဘယ်ကြောင့် အာရုံစိုက်ရမည်နည်း။ သို့သော်လည်း သည်စာက သူ့လက်ကို ရောက်ရှိလာခြင်းမှာ ဖန်းဟွာအဆင့်တွင် ပါဝင်လာသော နာမည်အချို့ကြောင့်ပင် ဖြစ်သည်။

ပထမနေရာကား ရီဖူရှင်း။

မည်မျှ ရင်းနှီးလိုက်သည့် နာမည်နည်း။

ဘုရင်တစ်ပါးအနေဖြင့် သူက လူငယ်တစ်ယောက်အား အာရုံစိုက်စရာ မလိုပေ။ သို့သော် ဝန်ကြီးချုပ်ကျို။ ဝန်ကြီးချုပ်ဟွာနှင့် အိမ်ရှေ့စံတို့က သူ့အား အလွန် စိတ်ဝင်စားခဲ့ကြသည်။ ထို့ကြောင့် လွန်ခဲ့သော တစ်လခန့်က ဧကရာဇ်လျိုက နန်ဒူနိုင်ငံမှ လူတိုင်း နာခံရမည့် ဘုရား၏ တန်ခိုးအစွမ်းအလား အမိန့်တော်တစ်ခုကို ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း ရီဖူရှင်းက နန်ဒူနိုင်ငံမှ ထွက်ပြေး လွတ်မြောက် သွားခဲ့သည်။ ဧကရာဇ်လျိုက ကန်ယီနိုင်ငံ၏ ဖန်းဟွာပွဲတော်တွင် ရီဖူရှင်း၏နာမည်ကို မြင်တွေ့ရလိမ့်မည်ဟု လုံးဝ မထင်မှတ်ခဲ့ပေ။

“သက်စောင့်ဝိညာဉ်နှစ်ခုနဲ့ ဓာတ်စွမ်းအင်မျိုးစုံ သုံးနိုင်တဲ့ အရည်အချင်းနဲ့ ဖန်းဟွာပွဲတော်ကို တက်ရောက်ခဲ့တယ်… သေချာတာပေါ့… သူပထမရမှာပဲ…..” ဧကရာဇ်လျိုက ရယ်မောလိုက်သည်။ ရီဖူရှင်းက နန်ဒူမိသားစုတွင် ကြောက်မက်ဖွယ် ပါရမီအား ပြသခဲ့ရာ ရီဖူရှင်းက ပထမနေရာကို ရခဲ့ခြင်းအပေါ်သူက မအံ့သြပေ။ သူက ပြိုင်ပွဲအား ဝင်ပြိုင်သည်နှင့် ပထမနေရာ ရမည်မှာ သေချာ၏။

အဆင့်လေးကား ဟွာဂျီယူဖြစ်သည်။ သည်နာမည်ကလည်း သူ့အတွက် ရင်းနှီးသည်။ သူမက နန်ဒူနိုင်ငံ၏အိမ်ရှေ့စံမင်းသမီး ဖြစ်ခဲ့သင့်သည်။

“ငါ့ဆန္ဒကို ကြေညာစမ်း….” ဧကရာဇ်လျိုက သူ့ခေါင်းအား မော့လိုက်ကာ အမိန့်တော် တစ်ခုအား ထုတ်ပြန်သည်။ လွန်ခဲ့သော တစ်လခန့်ကအတိုင်း သည်အမိန့်တော်ကလည်း ရီဖူရှင်းနှင့် ပတ်သက်သည်။ သူက သည်အမိန့်တော်မှာ ပြီးမြောက်ရန် မဖြစ်နိုင်သည်ကို သူသိသည်။ သို့သော် သူက ပို့ရမည်ဖြစ်သည်။

***

ကန်ယီနိုင်ငံ၏ နန်းတော်ဝင်း တစ်နေရာတွင် ရီဖူရှင်းနှင့် ယူချင်းတို့က ဟွာဖန်းလူ၏ ဒဏ်ရာကို ကုသခြင်းကို စောင့်ရင်းက တိတ်ဆိတ်စွာ တန်ခိုးကျင့်နေကြသည်။ သူတို့က အပြင်မထွက်ဖြစ်ပေ။ သူက ဖန်းဟွာပွဲတော်တွင် ပထမနေရာကို ရခဲ့ကာ နန်ဒူနိုင်ငံမှ အဖြစ်အပျက်များအား ထုတ်ဖော်ခဲ့သည့်အတွက် ပိုမို၍ ဂရုစိုက်ရန် လိုသည်ကို ရီဖူရှင်းသိသည်။

“ဆရာ…” ဂီတအား လေ့ကျင့်နေရင်း လူတစ်ယောက် လျှောက်လာသည်ကို ရီဖူရှင်း မြင်သည်။ သူက တီးခတ်နေသည်ကို ရပ်လိုက်ကာ ပြုံးလိုက်သည်။ သူကား ဟွာဖန်းလူဖြစ်သည်။ သူကား တစ်ယောက်လည်း လမ်းလျှောက်လာကာ ယခင်ကထက် ပိုမို၍ အားအင်များ ပြည့်လာသည်ကို မြင်ရသည်။ သူကား မကြာမီ ဒဏ်ရာများ အားလုံး ပျောက်ကင်း သွားတော့မည်ဖြစ်သည်။

နန်ဒူဝန်ယမ်နှင့် တန်လန်တို့က သည်ရက်ပိုင်းအတွင်း သူ၏ဘေးတွင် အမြဲရှိနေခဲ့ကြသည်။ တစ်ခါတစ်ရံ တန်အဒေါ်က အင်တင်တင် ဖြစ်နေသော်လည်း သူမက ဟွာဖန်းလူ၏ဘေးတွင် ရှိနေလိုသည်ကို သူသတိထားမိသည်။ ဆရာကတော်ပင်လျှင် သူမ၏ဟွာဖန်းလူအပေါ် ချစ်ခင်နှစ်သက်မှုကို လက်ခံလာရ၏။ ဟွာဖန်းလူက ဒွန်ဟိုင်မြို့တော်ကို ပထမ ရောက်လာစဉ်က သူ့အား ဂရုစိုက်ပေးခဲ့သူမှာ တန်လန်ပင်ဖြစ်သည်။

“မင်း ဘယ်လိုနေလဲ….” ထိုအချိန်တွင် နန်းတွင်း အကြံပေးဆရာက အနီးကို ရောက်လာကာ ဟွာဖန်းလူအား မေးသည်။

“ကျွန်တော်က ပိုပြီး နေလို့ ကောင်းလာတယ်… ဆရာကြီးကို ကျေးဇူးတင်ပါတယ်…” ဟွာဖန်းလူက ပြောသည်။

“သေချာအနားယူ… နောက်ရက် အနည်းငယ်အတွင်း အင်အား သိပ်မသုံးနဲ့… မင်းရဲ့ သက်စောင့်ဝိညာဉ် ပြန်ပြီး ကောင်းသွားဖို့ အချိန်အကြာကြီး အနားယူဖို့ လိုသေးတယ်… နောက်ရက်တွေမှာ တောင်ပေါ်က မဆင်းတာ အကောင်းဆုံးပဲ…” နန်းတွင်း အကြံပေးဆရာက ပြောသည်။

“အင်း…” ဟွာဖန်းလူက ခေါင်းညိတ်သည်။

နန်းတွင်း အကြံပေးဆရာက ဟွာဂျီယူအား ကြည့်ကာ မေးသည်… “မင်း မနေ့က တန်ခိုးကျင့်တာကို ငါခံစားမိတယ်… မင်းရဲ့ သက်စောင့်ဝိညာဉ်ကို တစ်ခေါက်ပြလို့ ရမလား…”

“ကောင်းပြီ…” ဟွာဂျီယူက အသာအယာ ခေါင်းညိတ်ကာ သူမ၏ သက်စောင့်ဝိညာဉ်အား ထုတ်လွှတ်သည်။ ထိုစဉ်မှာပင် အလွန် လင်းလက်ကာ ကြီးမြတ်သော သရဖူတစ်ခု ဖြစ်ပေါ်လာသည်။

နန်းတွင်းအကြံပေးက ထိုနေရာတွင် ရပ်နေရာမှ တုန်ယင်လာသည်။ သူက နန်ဒူဝန်ယမ်ဘက်ကို လှည့်ကာ မေးလိုက်သည်…“မင်းရဲ့ သက်စောင့်ဝိညာဉ်ကရော…”

နန်ဒူဝန်ယမ်က နားမလည်သော်လည်း သူမ၏ သက်စောင့်ဝိညာဉ်အား ထုတ်လွှတ်လိုက်သည်။ သူမ၏သက်စောင့်ဝိညာဉ်က ဟွာဂျီယူလောက် လင်းလက် တောက်ပခြင်း မရှိသော်လည်း ထူးခြား တောက်ပသော ပုံသဏ္ဌာန် ရှိပေသည်။

နန်းတွင်းအကြံပေးဆရာ ပိုမိုတုန်ယင်လာသည်။ သူက တဖြည်းဖြည်းနှင့် မြေပြင်တွင် ဒူးထောက်ကာ နန်ဒူဝန်ယမ်အား အရိုအသေ ပေးသည်… “မင်းသမီးကို အရိုအသေ ပေးပါတယ်….”

“ဒါ…” သူတို့အားလုံး၏ အမူအရာများ ပြောင်းသွားကြသည်။ ရီဖူရှင်းက ထိတ်လန့်တကြား မတ်တတ်ရပ်ကာ ကြည့်လိုက်သည်။

“ကျုပ်က နန်ဒူနိုင်ငံရဲ့ တော်ဝင်မှော်ပညာရှင်… မိုဟီ… ပါပဲ…” အဘိုးအိုက တုန်ယင်စွာ ပြောသည်… “အရှင်မင်းကြီးရဲ့ မျိုးဆက်တွေကို ဒီမှာ လာတွေ့ရလိမ့်မယ်လို့ ကျုပ်မထင်မိခဲ့ဘူး…”

“ဆရာကြီး… ကျေးဇူးပြုလို့ ထပါ…..” နန်ဒူဝန်ယမ်ကား ထိတ်လန့်နေသည်။ ကန်ယီနိုင်ငံ၏ နန်းတွင်းအကြံပေး ဆရာမှာ နန်ဒူနိုင်ငံ၏ တော်ဝင်မှော်ပညာရှင် ဖြစ်နေသည်။ မှန်သည်… သူကား ယခင် နန်ဒူနိုင်ငံ၏ တော်ဝင် မိသားစုဟောင်းမှ ဖြစ်၏။

“မင်းသမီးက ဧကရာဇ်ကျွီရဲ့ အမျိုးအနွယ်တွေ မဟုတ်လား…” အဘိုးအိုက ဖြည်းညင်းစွာ ထရပ်ကာ တုန်ယင်သော အသံဖြင့်မေးသည်။

“ဟုတ်တယ်… သူက ကျွန်မရဲ့ အဘိုးပဲ… လူတွေ ပြောကြတာတော့ လျိုက အာဏာကို ရသွားပြီးနောက် အဘိုးက ဒွန်ဟိုင်မြို့ကို နန်ဒူမိသားစုနဲ့အတူ ထွက်ပြေး လွတ်မြောက်ခဲ့တယ်လို့ ပြောတယ်…” နန်ဒူဝန်ယမ်က ပြောသည်။

“အရှင်မင်းကြီးရဲ့ ဆုံးဖြတ်ချက်က မှန်ကန်ခဲ့တယ်… သူသာ ထွက်မပြေးခဲ့ရင် နောက်ဆုံး သေမှာပဲ… လျိုထျန်းယန်က ဘယ်တော့မှ သူ့ကို လွှတ်ပေးမှာ မဟုတ်ဘူး…..” အဘိုးအို၏အသံတွင် မုန်းတီးမှုများ အပြည့်ပါဝင်နေသည်။

“အဲဒီတုန်းက ဘာဖြစ်ခဲ့တာလဲ… အဘိုးက ဘာလို့ ကျွန်မ မိဘတွေနဲ့အတူ နန်ဒူမိသားစုကို စွန့်ခွာသွားပြီး ဘယ်တော့မှ ပြန်မလာတော့တာလဲ… ဒါက ဧကရာဇ်လျိုနဲ့ ဘယ်လို သက်ဆိုင်လဲ…” နန်ဒူဝန်ယမ်က မေးသည်။ လျိုထျန်းယန်ကား ဧကရာဇ်လျို၏ နာမည်ဖြစ်သည်။ လွန်ခဲ့သော နှစ်သုံးရာခန့်က အရှင်ဒွန်ဟောင်နှင့် ဧကရာဇ်ရီချင်တို့က ကောင်းကင်ဒေသ တစ်ခုလုံးကို စုစည်းခဲ့သည်ကိုသာ သူမသိသည်။ ဒေသတစ်ခုလုံးမှ အင်အားစုများမှာ အင်အားအတွက် ယှဉ်ပြိင်ခဲ့ကြပြီး နန်ဒူနိုင်ငံမှဘုရင်မှာ မတော်တဆ တစ်ခုဖြစ်ခဲ့ကာ တစ်နိုင်ငံလုံး ဖရိုဖရဲ ဖြစ်ကုန်သည်။ များစွာသော အင်အားစုများက ထီးနန်းအတွက် တိုက်ခိုက်ခဲ့ကြသော်လည်း နောက်ဆုံးတွင် လျိုထျန်းယန်က သူ၏ နိုဘယ်တန်ခိုးအဆင့်ဖြင့် ထီးနန်းအား ရယူခဲ့သည်။ ထိုအချိန်မှစ၍ နန်ဒူနိုင်ငံ၏ထီးနန်းအား လျိုမိသားစုက ပိုင်ဆိုင်ခဲ့သည်။

ဧကရာဇ်လျိုက အာဏာရပြီးနောက်ပိုင်း တစ်နိုင်ငံလုံး စိုးရိမ်ပူပန်ခဲ့ကြရသည်။ ဧကရာဇ်၏ သဘောထား ကောင်းမွန်မှုကို ဖော်ပြရန် ဧကရာဇ်လျိုက တစ်နိုင်ငံလုံးမှ သူ့ပြိုင်ဘက်များကို ခွင့်လွှတ်ကြောင်း အမိန့်တော် ထုတ်ပြန်ခဲ့သည်။ မကြာမီ တစ်နိုင်ငံလုံးက သူ့ထံ ဦးညွှတ်ရကာ နန်ဒူနိုင်ငံ တည်ငြိမ်သွားခဲ့သည်။ နန်ဒူမိသားစုက အကျပ်အတည်းကို ရင်ဆိုင်ရန် ဒွန်ဟိုင်မြို့တော်ကို ပြောင်းရွှေ့ခဲ့ရသည်။

“လျိုထျန်းယန်… အဲဒီခွေးကောင်… အရင်တုန်းက အရှင်မင်းကြီးရဲ့ သက်တော်စောင့်ပဲ… အရှင်မင်းကြီးက သူ့အရည်အချင်းကို သဘောကျလို့ တပည့်အရင်းလို သဘောထားခဲ့တယ်… နိုင်ငံအကျပ်အတည်းမှာ အရှင်မင်းကြီးက ပိုမိုအားကောင်းတဲ့ စွမ်းအားကို လိုချင်တာကြောင့် နိုင်ငံက ထွက်ခွာပြီးတော့ ခရီးထွက်ခဲ့တယ်… လျိုထန်းယန်နဲ့ ကျုပ်နဲ့ အရှင်မင်းကြီး နောက်က လိုက်ခဲ့ကြတယ်… သေရေးရှင်ရေး အချိန်မှာမှ သူက အရှင်မင်းကြီးကို အလစ်တိုက်ခိုက်ပြီး အရှင်မင်းကြီးရဲ့ ကံစွမ်းအားကို ခိုးယူသွားခဲ့တယ်… ကျုပ်က မျက်လုံးကွယ်ခဲ့ရတယ်… လျိုထျန်းယန်ကိုယ်တိုင်က ကျုပ်သေပြီလို့ ထင်မှာပဲ….”

အဘိုးအိုက ခေါင်းယမ်းလိုက်သည်…“လျိုထန်းယန်က ကောင်းကင်ရဲ့ အလိုဆန္ဒကို သွေဖည်ခဲ့တယ်… ကံစွမ်းအားကို ပြောင်းလဲခဲ့ပြီး ထီးနန်းကို ရယူခဲ့တယ်… လူအများရဲ့ မကောင်းတဲ့အမြင်ကို ကာကွယ်ဖို့အတွက် သူက နန်ဒူမိသားစုကို ဆက်လက် တည်ရှိစေခဲ့ပေမဲ့ နောက်ကွယ်မှာတော့ ဖိနှိပ်မှုတွေ အများအပြားရှိခဲ့တယ်… မင်းသမီးပြောပုံအရဆို အရှင်မင်းကြီးနဲ့ မင်းသမီးရဲ့အဖေတို့ ပျောက်ဆုံးသွားတာက ဒီကိစ္စကို စုံးစမ်းနေရင်းက သူတို့လည်း ကံမကောင်း အကြောင်းမလှဘဲ ပျောက်ဆုံးသွားတာ ဖြစ်မယ်…..”

“သူ့ရဲ့ မကောင်းမှုတွေကို လူတွေကို ဘာလို့ မကြေညာခဲ့ရတာလဲ…” အတိတ်မှ အဖြစ်အပျက်များအား ကြားရလျှင် နန်ဒူဝန်ယမ်က ဒေါသတကြီး ပြောသည်။

“ကျုပ်က ဒီလိုလုပ်လိုက်ရင် နန်ဒူမိသားစုက လုံးဝ ကွယ်ပျောက် သွားရလိမ့်မယ်…” အဘိုးအိုက သက်ပြင်းချသည်။ သူက ကန်ယီနိုင်ငံတွင် ရုပ်ဖျက်ကာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရသည်။ သူက ကန်ယီနိုင်ငံ ဘုရင်မင်းမြတ်အား တပည့်အနေဖြင့် လက်ခံကာ ပိုမိုစွမ်းအားမြင့်အောင် ကူညီခဲ့သည်။ သည်နည်းဖြင့် ကန်ယီနိုင်ငံက ပိုမို အင်အားကောင်းလာပြီး တစ်နေ့ နန်ဒူနိုင်ငံကို သိမ်းပိုက်နိုင်ရန် သူရည်ရွယ်ခဲ့သည်။

ရီဖူရှင်းက သည်လျှို့ဝှက်ချက်အား ယခုမှ သိကာ အကြောင်းအရာ အများအပြားအား နားလည်လာသည်။ ဧကရာဇ်လျိုက ဟွာဂျီယူအား အိမ်ရှေ့စံမင်းသမီးအဖြစ် ချီးမြှောက်စေခဲ့ခြင်းမှာ ဝန်ကြီးချုပ်ကျို၏ဟောကိန်းကြောင့် မဟုတ်ပေ။ နန်ဒူမိသားစု မသိခဲ့သည်မှာ ဧကရာဇ်လျိုက ဟွာဂျီယူအား ပိုမိုအင်အား ကောင်းစေရန် မည်သည့်နည်းနှင့်မျှ ခွင့်မပြုသည်ကိုပင်။ ထို့အပြင် ဧကရာဇ်လျိုက ကံကြမ္မာအား ယခင်က ဆန့်ကျင်ခဲ့သည်။ သူက ကံကြမ္မာကို မကြောက်ပေ။ ယခု သူက ပိုမိုအင်အား ကောင်းနေပြီဖြစ်သည်။ ဧကရာဇ်တစ်ပါး အနေဖြင့် သူက လူငယ်နှစ်ယောက်အား အဘယ်ကြောင့် ကြောက်နရမည်နည်း။

သူတို့က သည်ကိစ္စအား ဆွေးနွေးနေကြသော အချိန်တွင် နန်ဒူနိုင်ငံမှ ဆက်သားတစ်ယောက် ရောက်ရှိလာကာ ကန်ယီနိုင်ငံ၏ဧကရာဇ်ထံသို့ စာချွန်လွှာတစ်စောင် လာရောက် ဆက်သလေသည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset