Switch Mode

အပိုင်း(၁၂၇)

နန်းတွင်း အကြံပေးဆရာ

ဟွာဂျီယူကား အေးခဲနေလေပြီ။ သူမက ရုတ်တရက် အဘယ်ကြောင့် ကန်ယီနိုင်ငံ၏ မင်းသမီး ဖြစ်သွားရသနည်း။

ဟွာဖန်းလူနှင့် နန်ဒူဝန်ယူတို့လည်း အတန်ကြာ ဆွံ့အသွားကြသည်။ သည်ပုံစံအတိုင်းဆို သူတို့က ကန်ယီနိုင်ငံတွင် အမှန်တကယ် အခြေကျပြီ ဟုဆိုနိုင်ပေသည်။ သူတို့၏ စိုးရိမ်ပူပန်မှုများ အများအပြားလည်း ဖြေရှင်းပြီးသား ဖြစ်သွားသည်။

အထက်တန်းလွှာ အများအပြားက ဟွာဂျီယူအား ဦးညွှတ်ကြသည်…“မင်းသမီးကို နှုတ်ခွန်းဆက်သပါတယ်…” ဟွာဂျီယူက မင်းသမီးဘွဲ့အား လက်ခံရရှိသည်။ တော်ဝင်မိသားစုဝင် မဟုတ်သောသူ ဖြစ်သော်လည်း ဘုရင်မင်းမြတ်၏ ရည်ရွယ်ချက်ကို လူတိုင်း နားလည်သည်။ ယနေ့မှစ၍ ရီဖူရှင်းတို့ လူငယ်သုံးယောက်မှာ ထူးခြား ကောင်းမွန်သော ဂုဏ်ထူးဝိသေသများအား ပိုင်ဆိုင်ကြတော့မည် ဖြစ်သည်။ လူအများက ဘုရင်မင်းမြတ်၏ ဆုံးဖြတ်ချက်အား လေးစားမှုထားရမည် ဖြစ်သည်။ ထို့အပြင် ဘုရင်မင်းမြတ်က ဟွာဂျီယူအား မင်းသမီးဘွဲ့ ပေးအပ်ခြင်းက အလွန် သင့်တော်လှသည်။ သူမအား ဘွံ့ချီးမြှင့်ခြင်းက ရီဖူရှင်းအား ချီးမြှင့်ခြင်းနှင့် တူတူပင်။ မင်းသမီး၏ချစ်သူက နောင်တစ်ချိန်တွင် မင်းသားတစ်ပါး ဖြစ်လာမည် မဟုတ်ပါလော။

“ဂျီယူက အရှင်မင်းကြီးကို ဘယ်လို ခေါ်သင့်ပါလဲ…” ရီဖူရှင်းက ဘုရင်မင်းမြတ်အား ယဉ်ကျေးစွာ မေးလိုက်သည်။

“ဒါက ဘွဲ့အမည် တစ်ခုတည်းပါပဲ … သိပ်အရေးမကြီးဘူး… အခု သူမက ငါ့ကို အဆင်ပြေသလို ခေါ်လို့ရတယ်… နောက်ပိုင်း သူမက နည်းနည်း အသားကျလာခဲ့ရင် မွေးစားအဖေလို့ ခေါ်လို့လည်း ရတယ်…” ဘုရင်မင်းမြတ်က ပြုံးလျက် ပြောသည်။

ဟွာဂျီယူက ရီဖူရှင်းအား ကြည့်သည်။ ထို့နောက် သူမ၏မိဘများအား ကြည့်သည်။ သင့်တော်သော အမူအကျင့်အရှိဘဲ သူမကား မပြည့်စုံနိုင်ပေ။ ဘုရင်မင်းမြတ်က သူမအပေါ် အလွန် ကောင်းလွန်းလှကာ သူမ၏အဖေအား ဆေးကုသရန် သဘောတူထားသည်။ သူမက ဘုရင်မင်းမြတ်အား ခေါ်သောအခါ သာမန်အနေဖြင့် မည်သို့ သဘောထားရပါမည်နည်း။ သူမက ဘုရင်မင်းမြတ်အား ကြည့်ကာ ဦးညွှတ်လိုက်သည်… “ဂျီယူက မွေးစားအဖေကို နှုတ်ဆက်ပါတယ်…”

ဘုရင်မင်းမြတ်က အသာအယာ ပြုံးလိုက်သည်။ သူက ဆက်ပြောသည်… “ပါရမီရှင် လုလင်ပျိုနဲ့လုံမပျိုတို့က ကန်ယီနိုင်ငံရဲ့ ဖန်းဟွာပွဲတော်မှာ သူတို့ရဲ့ ထူးခြား ထက်မြက်တဲ့ အရည်အချင်းတွေကို ပြသခဲ့ကြတယ်… ဟွာဂျီယူက တခြားလူတွေထက် လှပချောမောပြီးတော့ သာလွန်တဲ့ အရည်အသွေးတွေ ရှိတယ်ဆိုတာ သက်သေပြခဲ့ပြီးပြီ… သူမလိုမျိုး သမီးတော် တစ်ပါးရတာ ကျုပ်အတွက်တော့ ဝမ်းသာစရာပဲ…”

“ဂုဏ်ပြုပါတယ်… ခမည်းတော်…” မင်းသမီးများနှင့် မင်းသားများက ဘုရင်ကြီးအား ဂုဏ်ပြုစကား ပြောကြသည်။

“ဂုဏ်ပြုပါတယ်… အရှင်မင်းကြီး…” အထက်တန်းလွှာများက ဘုရင်မင်းမြတ်အား ဂုဏ်ပြုစကား ပြောကြသည်။ သူတို့က မတ်တတ်ရပ်ကာ လက်နှစ်ဖက်အား ဆုပ်ကိုင်ကာ ဘုရင်မင်းမြတ်အား ဂုဏ်ပြုကြ၏။ လူအုပ်ထဲမှ တချို့က ဖန်းဟွာစင်မြင့်ပေါ်တွင် ရပ်နေဆဲဖြစ်သော ကန်ယီနိုင်ငံ၏နံပါတ်တစ်မိန်းမပျို လင်းယွီယိုအား ကြည့်နေကြသည်။

ဟွာဂျီယူက တခြားလူများထက် လှပချောမောသည်ဟု ဘုရင်မင်းမြတ်က ပြောသည်။ သည်စကားအတွက် ရှင်းပြနေစရာ မလိုပေ။ ဟွာဂျီယူကား အမှန်တကယ်ပင် လင်းယွီယိုထက် လှသည်။ ယခု ဟွာဂျီယူက မင်းသမီးဘွဲ့အား ချီးမြှောက်ခြင်း ခံရပြီဖြစ်ရာ လူအများအပြား၏ ဂုဏ်ပြုချီးမွမ်းမှုများအား ရရှိသည်။ ကြည့်ရသည်မှာ လင်းယွီယို၏ ကန်ယီနိုင်ငံနံပါတ်တစ် မိန်းမလှဘွဲ့မှာ နောက်တစ်ယောက်ထံ ရောက်ရှိတော့မည် ဖြစ်သည်။

“ဂျီယူ… ငါ့မှာ မင်းကို ကြိုဆိုတဲ့အနေနဲ့ လက်ဆောင်ပေးစရာ ကြိုတင် ပြင်ဆင်ထားတာ မရှိဘူး… ဒါပေမဲ့ မင်းအဖေကို ကုသဖို့ နန်းတွင်း အကြံပေးဆရာကို ကျုပ်ကိုယ်တိုင် တောင်းဆိုပေးမယ်…” ဘုရင်မင်းမြတ်က ပြုံးလျက် ပြောသည်။ လူအများအပြားက ဟွာဖန်းလူအား မနာလိုစွာ ကြည့်ကြသည်။ သည်ကဲ့သို့ တပည့်နှင့် သမီးကို ပိုင်ဆိုင် ထားရသည့်အတွက် သည်လူကား အလွန်ဂုဏ်ယူဖွယ်ရာ ကောင်းလှသည်။

“ကျေးဇူးတင်ပါတယ်… မွေးစား အဖေ…” ဟွာဂျီယူ၏အပြုံးကား ကြည်လင် တောက်ပသည်။ ဘုရင်မင်းမြတ်ကိုယ်တိုင်က တောင်းဆိုမှု လုပ်ပေးမည်ဟုပြောရာ နန်းတွင်း အကြံပေးဆရာကား အလွန် စွမ်းအားမြင့်သောသူ ဖြစ်ရပေမည်။

“တခြားလူတွေရဲ့ ဆုလာဘ်တွေ အတွက်ကတော့ ကျုပ်က ကန်ယီနိုင်ငံ စာကြည့်တိုက်မှာ ပြင်ဆင်ထားပြီးသားပဲ… မင်းတို့ရဲ့ ဖန်းဟွာအဆင့်အပေါ် မူတည်ပြီးတော့ ရတနာ။ မှော်ပညာစာအုပ်။ တိုက်ခိုက်ရေး နည်းစနစ်… ဒီအထဲက တစ်ခုကို ကြိုက်နှစ်သက်ရာ ရွေးချယ်နိုင်တယ်… အခု နန်းတော်ထဲကို ငါနဲ့အတူ လိုက်ခဲ့ကြ….” ဘုရင်မင်းမြတ်က မတ်တတ်ရပ်ကာ ဆက်ပြောသည်…“ဖန်းဟွာပွဲတော်က အခု တရားဝင်ပြီးဆုံးသွားပြီ….” သူက ထိုသို့ပြောပြီး မိဖုရားအား ရထားလုံးပေါ်သို့ တက်ရောက်စေသည်။ မင်းသားများနှင့် မင်းသမီးများကလည်း သူတို့နောက်မှ လိုက်သွားကြ၏။

ရီဖူရှင်းနှင့် ဟွာဂျီယူက အချင်းချင်း ကြည့်လိုက်ကြကာ ပြုံးလိုက်ကြ၏။ ကန်ယီနိုင်ငံ၏ ဖန်းဟွာပွဲတော်ကား သူတို့အတွက် ရလဒ်ကောင်းဖြင့် ပြီးဆုံးခဲ့သည်။ သူတို့၏ခရီးကား အလဟဿ မဖြစ်ခဲ့ပေ။

“ဆရာ… နန်းတော်ထဲကို သွားကြမယ်…” ရီဖူရှင်းက ဟွာဖန်းလူအား ပြောသည်။

“သွားမယ်…” နန်ဒူဝန်ယမ်က သက်ပြင်းရှည်ကြီးချကာ ပြောသည်…“သူတို့က ရှင့်ရဲ့ သက်စောင့်ဝိညာဉ်ကို ကုသပေးနိုင်လိမ့်မယ်လို့ ထင်လား…”

“ငါ့ရဲ့ သက်စောင့်ဝိညာဉ်က အပိုင်းအစတွေအဖြစ် ပြိုကွဲသွားတာ… ဒါက သိပ်လွယ်မှာ မဟုတ်ဘူး…” ဟွာဖန်းလူက ပြောသည်။ သူ့တွင် မျှော်လင့်ချက် သိပ်မရှိပေ။ သူ၏ဒဏ်ရာများအား သက်သာအောင် ကုသနိုင်လျှင်ပင် သူက သာမန်ဘဝဖြင့် ပျော်ရွှင်စွာ နေနိုင်လျှင်ပင် သူကျေနပ်ပေပြီ။

ဘုရင်မင်းမြတ်နောက်မှ လူအုပ်ကြီးတစ်အုပ်က နန်းတော်ထဲကို လိုက်ပါလာကြသည်။ သို့သော်လည်း ဖန်းဟွာရင်ပြင်မှ ထွက်ခွာ မသွားလိုသေးသော လူအချို့လည်း ရှိနေသေး၏။ ဖန်းဟွာပွဲတော်ကား ကန်ယီနိုင်ငံမှ တန်ခိုးရှင်များ၏ တွေ့ဆုံပွဲ ဖြစ်သော်လည်း သည်အစား နန်ဒူနိုင်ငံမှ လူငယ်သုံးယောက်က အောင်မြင်မှုများအား ရယူသွားသည်။ သူတို့အားလုံးမှာ နောက်ခံကြီးကြီးမားမား ရှိပုံမရသော်လည်း သူတို့အားလုံး၏ ပါရမီကား ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

ဖန်းဟွာပွဲတော်တွင် ရီဖူရှင်းက ပထမရသည်။ ဟွာဂျီယူက မင်းသမီးဘွဲ့အား ချီးမြှင့်ခံခဲ့ရပြီး ယူချင်းက ဘုရင်မင်းမြတ် သဘောကျနှစ်ခြိုက်ခြင်း ခံရ၏။ သူတို့သုံးယောက်ကား အောင်မြင် ကျော်ကြားရန် ကံပါသည်။ ထို့အပြင် ရီဝူချင်း မည်မျှ စွမ်းသည်ကို မြင်ခဲ့ကြသည်။ သူကား ဖန်းဟွာ အဆင့်အတွင်း ပြိုင်ဘက်ကင်းသည်။

သို့သော်လည်း ကန်ယီနိုင်ငံ၏ နံပါတ်တစ် အလှမယ်အဖြစ် ကျော်ကြားသော လင်းယွီယိုမှာ ဖန်းဟွာပွဲမတိုင်မီက အာရုံစိုက်ခံရမှု အများဆုံးဖြစ်ပြီး အထူးချွန်ဆုံး မိန်းကလေး တစ်ဦးလည်း ဖြစ်သည်။ သို့သော် ဖန်းဟွာပွဲတော်တွင် အရည်အချင်း အရပင်ဖြစ်စေ။ ချောမောလှပမှုတွင် ဖြစ်စေ ဟွာဂျီယူ၏နောက်ကို ရောက်ရှိသွားခဲ့သည်။ သူမက ဖန်းဟွာ အဆင့်အတွင်း နောက်ဆုံး နေရာကိုသာ ရခဲ့၏။ ဟွာကျီဇင်ပင်လျှင် သူမထက် အဆင့်ပိုကောင်းသည်။

လူအုပ်ကြီးက နန်းတော်ထဲကို ဝင်ရောက် ပျောက်ကွယ် သွားသည်ကို မြင်သောအခါမှ သူတို့က ဖန်းဟွာရင်ပြင်မှ အလျှိုလျှို ထွက်ခွာသွားကြသည်။ ထို့နောက်တွင်ကား ဖန်းဟွာပွဲတော်မှ သတင်းများက ကန်ယီတစ်နိုင်ငံလုံးကို တောမီးပမာ စတင် ပျံ့နှံ့တော့သည်။

နန်းတော်ထဲတွင် ရထားလုံးကား ရှေ့ကို သွားနေသည်။ ထိုစဉ်မှာပင် နန်းတွင်း သက်တော်စောင့် တစ်ဦးက ရထားလုံး၏ဘေးနားကို ရောက်လာပြီး ရီဖူရှင်းအား ပြောသည်… “ဘုရင်မင်းမြတ်က မင်းကို တွေ့ချင်တယ် ပြောတယ်…”

ရီဖူရှင်းက ခေါင်းညိတ်လျက် ရှေ့မှ ရထားလုံးထံသို လျှောက်သွားလိုက်သည်။ လင်းယွီယို။ ဘေချူ။ ကျောက်ချင်းဖန်နှင့် တခြားလူများက ရီဖူရှင်း၏ ပုံသဏ္ဌာန်အား ခံစားချက်များ ရောထွေးစွာဖြင့် ကြည့်ကာ ကျန်နေရစ်ခဲ့ကြသည်။ သူတို့အားလုံးက ကွဲပြား ခြားနားစွာ တွေးတော နေကြသည်။

ရီဖူရှင်းက ရထာလုံးဘေးနားသို့ ရောက်လာသည်… “အရှင်မင်းကြီး…” သူက ရထားလုံးပေါ်မှ ဘုရင်မင်းမြတ်အား နှုတ်ဆက်လိုက်သည်။

“မင်းငါ့ကို ရှင်းမပြရသေးတဲ့ တခြားအရာတွေ အများကြီး ရှိသေးတယ်… မင်းလို ပါရမီပါတဲ့ လူငယ်မျိုးကို နန်ဒူရဲ့ တော်ဝင်မိသားစုက ဘာလို့ သတ်ချင်ရတာလဲ…” ဘုရင်မင်းမြတ်က ပြောသည်။

“အရှင်မင်းကြီး… ဒါက နန်ဒူနိုင်ငံရဲ့ ဝန်ကြီးချုပ်ကျိုပြောတဲ့ ရှေ့ဖြစ်ဟောကိန်း တစ်ခုနဲ့ သက်ဆိုင်ပါတယ်…” ရီဖူရှင်းက ပြန်ဖြေသည်။

“ဝန်ကြီးချုပ်ကျိုက နက္ခဗေဒပညာရှင်ဆိုတာ ငါသိတယ်… ရှင်းပြပါဦး…” ဘုရင်မင်းမြတ်က ပြောသည်။

“ကျွန်တော်က ဝန်ကြီးချုပ်ကျိုနဲ့အတူ တစ်ခါက ခရီးအတူ ထွက်ဖူးပါတယ်… ဒါကြောင့်ပဲ သူက ကျွန်တော့်ရဲ့ ရှေ့ဖြစ်ကို ဟောခဲ့တယ် ထင်တယ်… သူက ဝန်ကြီးချုပ် အမိန့်ပြားကို ကျွန်တော့်ကို ချီးမြှောက်ခဲ့တယ်… နောက်ပိုင်း သူက မတော်တဆနဲ့ ဟွာဂျီယူရဲ့ ရှေ့ဖြစ်ကိုလည်း ဟောပေးခဲ့တယ်… ဒါကြောင့်ပဲ အိမ်ရှေ့စံမင်းသားက ကျွန်တော်တို့ကို သိသွားခဲ့တယ်… သူက ကျွန်တော့်ကို တွေ့ဖို့ ဒွန်ဟိုင်ကျောင်းတော်ကို ရောက်လာခဲ့တယ်… သူက ကျွန်တော့်ကို သူဘုရင် ဖြစ်လာတဲ့အခါ သူ့ရဲ့ ဝန်ကြီးချုပ်အဖြစ် ခန့်ဖို့ ကမ်းလှမ်းခဲ့တယ်… ဒါပေမဲ့ ကျွန်တော်က ငြင်းပယ်ခဲ့တယ်… နောက်ပိုင်း သူက ဧကရာဇ်လျိုရဲ့ အမိန့်တော်ကို ကိုင်စွဲပြီး ရောက်လာခဲ့တယ်… သူက ကျွန်တော့်ကို အိမ်ရှေ့စံမင်းသားရဲ့ ပညာသင်ဘက်အနေနဲ့ ချီးမြှင့်ခဲ့ပြီး ဟွာဂျီယူကို အိမ်ရှေ့စံ မင်းသမီးအဖြစ် သတ်မှတ်ခဲ့တယ်… ကျွန်တော်တို့က အသက်ကို ရင်းပြီး ပြေးဖို့ နည်းလမ်းတစ်ခုပဲ ရှိခဲ့တယ်…” ရီဖူရှင်းက တစ်ခုမှ ထိမ်ချန်မထားဘဲ အားလုံးကို ပြောပြသည်။ အဘယ်ကြောင့်ဆိုသော် ဘုရင်မင်းမြတ်က အမှန်တရားအား ဖော်ထုတ်လိုပါက သူက တစ်စုံတစ်ယောက်အား ဒွန်ဟိုင်မြို့ကို စေလွှတ်လိုက်ခြင်းဖြင့် အကြောင်းစုံကို သိနိုင်သောကြောင့်ပင်။

ဘုရင်မင်းမြတ်၏ မျက်လုံးများ တောက်ပလာသည်။ ရီဖူရှင်းပြောသော စကားအရ အရာအားလုံးက သူ့အတွက် ရှင်းလင်းလာသည်။ ဧကရာဇ်လျိုက သည်ကဲ့သို့ အမိန့်တော်ကို ပေးခြင်းမှာ ရီဖူရှင်းနှင့် ဟွာဂျီယူအား ဖယ်ရှားရန် ဖြစ်သည်မှာ သေချာလှသည်။

“ကြည့်ရတာ မင်းနဲ့ ဂျီယူက ဧကရာဇ်နဲ့ ဧကရီဖြစ်လာဖို့ ကံပါလာတယ် ထင်တယ်…” ဘုရင်မင်းမြတ်က ရယ်မော၍ ပြောသည်။

“ဒါပေမဲ့ ကျွန်တော်က ဧကရာဇ်ဖြစ်လာဖို့ ဘယ်တုန်းကမှ မတွေးဖူးခဲ့ဘူး… နန်ဒူနိုင်ငံရဲ့ ထီးနန်းကိုလည်း မရည်ရွယ်ဖူးခဲ့ဘူး…..” ရီဖူရှင်းက ပြောသည်။ သူက အမှန်ပင် ဧကရာဇ်ဖြစ်လာရန် ကံပါလာသည်။ သို့သော်လည်း တိုင်းပြည်တစ်ပြည်၏ သာမန် ဧကရာဇ်အနေနှင့် မဟုတ်ပေ။ သို့သော် သည်အကြောင်းအရာများအား ပြောပြရန် မသင့်တော်ပေ။

“မင်းက အစကတော့ မတွေးဘူးလေ… ဒါပေမဲ့ ဒီလိုဖြစ်လာမှတော့ ဟောကိန်းအရ ဖြစ်လာမည့် ပုံစံဖြစ်လာတယ်… ဒါကပဲ ကံကြမ္မာလို့ ပြောရမယ်…” ဘုရင်မင်းမြတ်က ပြုံး၍ ပြောသည်။ ရီဖူရှင်းက မည်သို့မှ ပြန်မပြောပေ။ သူကား နိုင်ငံတစ်နိုင်ငံ၏ ဧကရာဇ်ဖြစ်လာမည် မဟုတ်ပေ။ သူ့ရည်ရွယ်ချက်လည်း မဟုတ်ပေ။ သို့သော် နန်ဒူနိုင်ငံ၏ တော်ဝင်မိသားစုကား ဖယ်ရှားရမည့် စာရင်းထဲတွင် ပါဝင်သည်။ သည်ကဲ့သို့ ဖြစ်လာရန် သူက အရာအားလုံးကို ရင်း၍ လုပ်ဆောင်မည် ဖြစ်သည်။ သည်အဖြစ်အပျက်က သူ့ရင်ထဲတွင် နာကြည်းချက်များ အများအပြားကို ဖြစ်စေခဲ့သည်။

“လျိုက မင်းကို သုတ်သင်ဖို့ အကြောင်းပြချက် ရခဲ့ပေမဲ့ မင်းက အသက်ရှင်လျက် ထွက်ပြေးနိုင်ခဲ့တယ်…” ဘုရင်မင်းမြတ်က စိတ်ဝင်တစားမေးသည်။ အကယ်၍ ဧကရာဇ်လျိုက သည်ကဲ့သို့ အမိန့်အားပေးခဲ့သည်ဆိုလျှင် ရီဖူရှင်းက အသက်ရှင်ရန် လမ်းမရှိသည်ကို သူသိသည်။

“ကျွန်တော်တို့က သီသီလေး လွှတ်ခဲ့တာပါ…” ရီဖူရှင်းက ပြောသည်…“ဆရာဘိုးဘိုးက သူ့အသက်နဲ့ ကျွန်တော်တို့ လွတ်အောင် ကူညီပေးခဲ့သလို ယူချင်းရဲ့ဆရာ… ဆရာကြီးယိချန်ကလည်း နောက်က လိုက်လာတဲ့လူတွေကို ဟန့်တားရင်း ကျန်နေခဲ့တယ်… ကျွန်တော်တို့က အသက်ရှင်လျက် ထွက်ပြေးနိုင်ခဲ့ပေမဲ့ ယူချင်းရဲ့ ဆရာက အခုထိ ပျောက်ဆုံးနေတုန်းပါပဲ……” သူ့ကိုယ်ထဲမှ ဧကရာဇ် အရှိန်အဝါကြောင့်သာ မဟုတ်လျှင် မည်မျှ စတေးမှုများ လုပ်ပါစေ သူတို့က အသက်မရှင်နိုင်သည်ကိုကား ဘုရင်မင်းမြတ်အား သူမပြောဖြစ်တော့ပေ။ ရီဖူရှင်း မသိခဲ့သည်ကား ဧကရာဇ်အရှိန်အဝါဖြင့်ပင်လျှင် သူက အသက်သေလုနီးပါး ဖြစ်ခဲ့သည်ကိုပင်။

“မင်းရဲ့ ဆရာဘိုးဘိုးက အရမ်းလေးစားဖို့ ကောင်းတဲ့သူပဲ… ယိချန်ကိုတော့… ငါ့ရဲ့လူတွေကို လွှတ်ပြီး ရှာခိုင်းမယ်… ဒါပေမဲ့ သူက ပုန်းနေတယ်ဆိုတော့ တွေ့ဖို့ကတော့ မလွယ်ဘူး… မင်းက ဒီကို ရောက်နေတယ်ဆိုတာ ပေးမသိသရွေ့ပေါ့…” ဘုရင်မင်းမြတ်က ပြောသည်။ ရီဖူရှင်းက ခေါင်းညိတ်သည်။ သူက ဘုရင်မင်းမြတ် ဆိုလိုသည်ကို နားလည်သည်။

သူတို့က နန်းတော်ထဲကို ဆက်သွားလိုက်ကြသည်။ ဘုရင်မင်းမြတ်နှင့် တခြားလူများ ထွက်သွားကြသည်။ ဘုရင်မင်းမြတ်က တစ်စုံတစ်ယောက်အား  ရီဝူချင်းနှင့် တခြား လူငယ်များအား နန်းတော်မှ တခြားတစ်နေရာသို့ ဦးဆောင်ခေါ်ယူသွားရန် အမိန့်ပေးသည်။ သူက ရီဖူရှင်းတို့အုပ်စုအား ကိုယ်တိုင်ဦးဆောင်ကာ နန်းတော်ဝင်း တစ်နေရာသို့ ခေါ်ဆောင်သွား၏။ မင်းသမီးရီလင်းဇီလည်း သူတို့နှင့်အတူ လိုက်ပါလာသည်။

နန်းတော် အတွင်းပိုင်းတွင်ကား တောင်တစ်လုံးရှိသည်။ တောင်ပေါ်တွင် ရှိသော တစ်ခုတည်းသော အရာမှာ ရှေးဟောင်းသစ်ပင်များနှင့် အဆောင်ငယ်လေး တစ်ခုသာ။ အရာအားလုံးက တိတ်ဆိတ် ငြိမ်သက်နေသည်။ ဘုရင်မင်းမြတ်က ရီဖူရှင်းတို့အား ကိုယ်တိုင်ဦးဆောင်ကာ ခေါ်ဆောင်လာသည်။ သူတို့က အဆောင်ထဲကို ဝင်လိုက်သည်နှင့် အဘိုးအိုတစ်ဦးက သူတို့အားကြိုဆိုရန် ရောက်ရှိလာသည်။ အဘိုးအိုကား ဆံပင်များနှင့် မုတ်ဆိတ်များ ဖြူဖွေးနေသည်။ သူကား ပညာရှိနတ်ဘုရားလို ပညာရှိဟန်တူသည်။ သို့သော်လည်း သူ့မျက်လုံးများက ဘုရင်မင်းမြတ်ရှေ့တွင်ပင် မှိတ်ထားသည်။

တောင်ပေါ်လမ်းတွင် ကတည်းက နန်းတွင်းအကြံပေး ဆရာမှာ မျက်လုံးကွယ်နေပြီ ဖြစ်ကြောင်း မင်းသမီးရီလင်းဇီက ပြောပြခဲ့သည်။

“အရှင်မင်းကြီး ရောက်လာပါလား….” နန်းတွင်း အကြံပေးဆရာက ဘုရင်မင်းမြတ်အား နှုတ်ဆက်သည်။ သူက မျက်လုံးကွယ်နေသော်လည်း သူက မည်သူ ရောက်လာသည်ကို သိသည်ထင်၏။ သူက ဘုရင်မင်းမြတ်ထံသို့ တိုက်ရိုက်လျှောက်လာသည်။

“ဆရာ…ကျွန်တော်က ဆရာ့ကို လာပြီး နှုတ်မဆက်ဖြစ်တာ အတော်ကြာခဲ့ပြီ…..” ဘုရင်မင်းမြတ်က ပြောသည်။ ရီဖူရှင်းနှင့် တခြားလူများက အံ့အားသင့် သွားကြသည်။ နန်းတွင်း အကြံပေးဆရာကား ဘုရင်မင်းမြတ်၏ ဆရာသခင်ဖြစ်ပေသည်။

“အရှင်မင်းကြီး… သူ့ကြောင့် ရောက်လာတာလား…” နန်းတွင်း အကြံပေးဆရာက ဟွာဖန်းလူဘက်ကို လှည့်ကြည့်ကာ မေးသည်။

“မှန်ပါတယ်… ဆရာ… ဖန်းဟွာပွဲတော်က ဒီနေ့ ပြီးဆုံးခဲ့ပါတယ်… သူက ရီဖူရှင်း။ ဟွာဂျီယူနဲ့ ယူချင်တို့ပါပဲ… သူတို့သုံးယောက်က မယုံနိုင်ဖွယ် ကောင်းလောက်အောင် ပါရမီပါပြီး ထူးချွန်ကြပါတယ်… သူတို့က အနာဂတ်မှာ ကျွန်တော့်ကိုတောင် ကျော်သွားနိုင်ပါတယ်… ရီဖူရှင်းက ပထမနေရာကို ရခဲ့ပြီးတော့ သူ့ဆရာကို ကုသပေးဖို့ တောင်းဆိုခဲ့ပါတယ်… ပထမက ကျွန်တော်က ဆရာကို နှောင့်ယှက်ဖို့ မရည်ရွယ်ခဲ့ပါဘူး… ဒါပေမဲ့ ဟွာဂျီယူကို မွေးစားသမီးအဖြစ် သတ်မှတ်ခဲ့ပြီးနောက် “ကျွန်တော်က သူမရဲ့ အဖေကို ကုသဖို့ ဆရာ့ကို လာပြောဖို့ ဖြစ်လာခဲ့ပါတယ်…” ဘုရင်မင်းမြတ်က လေးစားစွာ ပြောသည်။

“သူတို့က တကယ်ပဲ ထူးခြား အံ့ဖွယ်ကောင်းတဲ့ လူငယ်တွေပဲ…” နန်းတွင်း အကြံပေးဆရာက ပြောသည်။ သူက ဟွာဖန်းလူဘက်ကို လှည့်ကာ မေးသည်…“မင်းရဲ့ဒဏ်ရာက ဘယ်လိုနေလဲ…..”

“ဟွာဖန်းလူက သူ့သက်စောင့်ဝိညာဉ် အပိုင်းအစအား တစ်ဖန် ထုတ်လွှတ်လိုက်သည်… ထို့နောက် နန်ဒူဝန်ယမ်ထံတွင် မှီနေလိုက်သည်။ သူကား စကားပြောရန်ပင် အင်အားမရှိပေ။ ရီဖူရှင်းက သူ့အတွက် ပြောပေးသည်… “ဆရာက သူ့သက်စောင့်ဝိညာဉ် ဖျက်ဆီးခံခဲ့ရပြီးနောက် သူ့သက်စောင့်ဝိညာဉ်ကို အတင်းထုတ်လွှတ်ပြီး တိုက်ခိုက်ခဲ့ရတယ်…”

“ငါက သူ့ကို ကုသပေးနိုင်တယ်… ဒါပေမဲ့ ဒါက တစ်ရက်တည်း လုပ်လို့ရတဲ့အရာတော့ မဟုတ်ဘူး… အထူးသဖြင့် သူ့သက်စောင့်ဝိညာဉ်က အပိုင်းအစ ဖြစ်သွားခဲ့လို့ပဲ… အားလုံး ပြန်ကောင်းဖို့ အချိန် တော်တော်ယူရမယ်…” နန်းတွင်း အကြံပေးဆရာက ပြောသည်။

“ဆရာ့ရဲ့ သက်စောင့်ဝိညာဉ်က ပြန်ကုသလို့ရတယ်…” ရီဖူရှင်းက တုန်ယင်သော အသံဖြင့် မေးသည်။ ဟွာဖန်းလူ၏ရင်ဘတ်ပင်လျှင် တုန်ခါသည်။ သူက အိပ်မက်ပင် မမက်ဖူးပေ။

“တခြားလူတွေ ကုသလို့မရတာကို ဆရာက ကုနိုင်တယ်ဆိုတာ သိပ်တော့ မထူးဆန်းဘူး…” ဘုရင်မင်းမြတ်က ရယ်မောလျက် ပြောသည်။ ဤသည်ကို ကြားလျှင် လူတိုင်းက အံ့အားသင့်ရကာ ဝမ်းသာကြသည်။ သူတို့အားလုံးက ဘုရင်မင်းမြတ်အား ဦးညွှတ်ကာ ပြောကြသည်… “ကျေးဇူးတင်ပါတယ်… အရှင်မင်းကြီး…”

“မင်းတို့တွေက ဆရာကိုပဲ ကျေးဇူးတင်သင့်တယ်….” ဘုရင်မင်းမြတ်က ရယ်မောလျှင် ပြောသည်။

နန်းတွင်း အကြံပေးဆရာက လက်ဝှေ့ယမ်းလိုက်သည်….“အရှင်မင်းကြီးက တောင်းဆိုမှတော့ လုပ်ပေးရမှာပေါ့… မင်းကတော့ ဒဏ်ရာကုဖို့ ဒီမှာ ကျန်နေခဲ့ရမယ်… ကျန်တဲ့လူတွေလည်း ဒီမှာ နေလို့ရတယ်…”

“ကျေဇူးတင်ပါတယ်… ဆရာကြီး…” ရီဖူရှင်းက ကျေးဇူးတင်စွာ ဦးညွှတ်လျက် ပြောသည်။ ဟွာဂျီယူကား အလွန် စိတ်လှုပ်ရှားနေသည်။ သူမအဖေ၏ သက်စောင့်ဝိညာဉ်မှာ နောက်ဆုံးတွင် ကုသနိုင်တော့မည်ဖြစ်သည်။

နန်ဒူဝန်ယမ်၏မျက်လုံးများကား နီရဲနေသည်။ သည်နှစ်များတွင် သူမကား မျှော်လင့်ချက်များ များများစားစား မရှိခဲ့ပေ။ ဟွာဖန်းလူ၏ဒဏ်ရာ သက်သာရန်သာ သူမမျှော်လင့်မိသည်။

“ဒါဆို မင်းတို့တွေက ဆရာနဲ့ ဒီမှာ အတူနေကြ… တစ်ခုခုလိုအပ်ရင် တောင်အောက်ကို ဆင်းပြီး ကျုပ်ကို လာရှာလို့ရတယ်…..” ဘုရင်းမင်းမြတ်က မှာကြားစရာ ရှိသည်များအား မှာကြားကာ မင်းသမီးရီလင်းဇီနှင့်အတူ ထွက်ခွာသွားသည်။

***

ကန်ယီနိုင်ငံ၏ ဖန်းဟွာပွဲတော်က ပြီးဆုံးသွားသော်လည်း နန်ဒူနိုင်ငံ၏ နန်းမြို့တော်တွင်ကား တစ်နိုင်ငံလုံးမှ တန်ခိုးရှင်များ ခြေရှုပ်လျက် ရှိသည်။

နန်ဒူနိုင်ငံ၏ တန်ဖန်းပွဲတော်ကား မကြာမီ စတင်တော့မည် ဖြစ်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset