ကောင်းကင်ကြီးမှာ မှောင်မိုက်နေ၏။ ကောင်းကင်ယံထဲရှိ ဧရာမသားရဲကြီး၏ ရုပ်အလောင်းမှာ နေမင်းကြီးကဲ့သို့ တောက်ပနေဆဲ ဖြစ်ပါသော်လည်း ထိုကမ္ဘာကြီးတစ်ခုလုံးကို ကောင်းကောင်း အလင်းမပေးနိုင်ပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ရှေ့မှ အရာများကို မှုန်ဝါးဝါးသာ မြင်နေရပြီး အဝေးတွင်ရှိနေသည့် အရာများကိုမူ လုံးဝမမြင်နိုင်ဘဲ ဖြစ်နေရသည်။
သို့သော် ကျင့်ကြံသူများမှာ ဝိညာဉ်စွမ်းအင်များကို မျက်လုံးထဲ ပေးပို့နိုင်စွမ်း ရှိနေသရွေ့ အရာအားလုံးကို ရှင်းလင်းပြတ်သားစွာ မြင်ရပေသည်။ ထို့အပြင် နတ်ဆိုးချင်လင်းပန်းပွင့်များမှာလည်း နေရာအနှံ့တွင် ပေါက်ရောက်နေကြသည် မဟုတ်ပါလော။ ထိုအနီရောင်ပန်းပွင့်များဆီမှ ထွက်ပေါ်နေသော အလင်းရောင်များမှာ ထိုကမ္ဘာကြီးအား အနည်းငယ်ခန့် အလင်းပေးနိုင်စွမ်း ရှိပေသည်။
သူ၏ရှေ့တွင် ရုပ်အလောင်းများမှာ မျက်စိတစ်ဆုံး တောင်လိုပုံနေ၏။ ၎င်းတို့ကြောင့် ထိုကမ္ဘာကြီး တစ်ခုလုံးမှာ သေမင်းအငွေ့အသက်များနှင့် ပြည့်နှက်နေသကဲ့သို့ပင်။
ဝမ်ပေါင်လဲ့မှာ အမှောင်ကလေးငယ်တစ်ယောက် ဖြစ်သည့်တိုင်အောင် ထိုကဲ့သို့သော အနိဋ္ဌာရုံများကို ကျင့်သားမရသေးပေ။ အမှောင်ဂိုဏ်းမှာ သေခြင်းတရားကို ထိန်းချုပ်ထားပါသော်လည်း ၎င်း၏ အဓိကတာဝန်မှာ ဝိညာဉ်များကို လမ်းညွှန်ပို့ဆောင်ပေးရန်သာ မဟုတ်ပါလော။ ဤ ကမ္ဘာကြီးထဲရှိ ရှေးပဝေသဏီကတည်းက သေဆုံးသွားခဲ့သည့် ရုပ်အလောင်းများမှာမူ အသွေးအသားများဖြင့် ဖွဲ့စည်းထားသည့် ရုပ်သေးရုပ်များနှင့် မထူးမခြားနားပင်။
ထို ရုပ်သေးရုပ်များအား ထိန်းချုပ်နေသည့် စွမ်းအားကို ဝမ်ပေါင်လဲ့မှာ လုံးဝမမြင်ဖူးပေ။ ထို့ကြောင့် သူသည် နားမလည်နိုင်လောက်အောင် ဖြစ်နေရသလို ဤကမ္ဘာကြီးထဲတွင် မြင်ခဲ့ရသည့် အရာများကြောင့်လည်း အံ့ဩတုန်လှုပ်နေရ၏။
” အဆုံးမဲ့မျိုးနွယ်စုက ကြယ်စင်စုတွေကို လိုက်ပြီးတော့ ဖျက်ဆီးနေပေမဲ့ သူတို့က အစွမ်းထက်အဖွဲ့အစည်းတစ်ခု ဖြစ်နေတာကိုတော့ ငြင်းလို့ မရဘူး။ အဲတာမလို့ သူတို့က ဘယ်သူကိုမှ ကြောက်နေစရာမလိုဘဲ ထင်တိုင်းကျဲလို့ ရနေတာ ” ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်တည်း ရေရွတ်လိုက်၏။ သူသည် နတ်ဆိုးချင်လင်းပန်းပွင့်၏ ဝတ်ဆံဖို ဝတ်ဆံမများကို လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင် အရှိန်လျော့ကျသွားခြင်း မရှိဘဲ လေထဲတွင် ဆက်လက်ပျံသန်းနေလိုက်၏။ ၎င်း၏ တမူထူးခြားသော စွမ်းအားများကြောင့် သူသည် လမ်းတစ်လျှောက်တွင် ပုံရိပ်ယောင်ကမ္ဘာများထဲသို့ ထပ်၍ ဝင်ရောက်သွားခြင်း မရှိတော့ပေ။
ထို့အပြင် နတ်ဆိုးပန်းပွင့်များမှာလည်း ယခင်ကကဲ့သို့ ရုတ်ခြည်းဆိုသလို ထပွင့်လာကြခြင်း မရှိတော့ပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ကြက်သွေးရောင် မြူခိုးများထဲမှ လွတ်မြောက်လာပြီးနောက် သူ၏ ခရီးစဉ်မှာ အဆင်ပြေချောမွေ့ကာ ဘေးအန္တရာယ်များ ကင်းရှင်းနေခဲ့၏။
သို့သော် သူ မြင်လိုက်ရသည့်အရာကြီးကြောင့် ပို၍ပင် အံဩတုန်လှုပ်သွားရတော့သည်။ ဤ ကမ္ဘာကြီးထဲရှိ ရုပ်အလောင်းများမှာ မျိုးစိတ်ပေါင်းမြောက်မြားစွာ ရှိနေကြသည်ဖြစ်ပြီး အချို့မှာဆိုလျှင် ဝမ်ပေါင်လဲ့ မမြင်ဖူး၊ မကြားဖူးသည့် သတ္တဝါများ ဖြစ်နေကြ၏။
သူသည် တိရစ္ဆာန်ခန္ဓာကိုယ်နှင့် လူခေါင်းများ ပိုင်ဆိုင်ထားသည့် ရုပ်အလောင်းများ၊ ကျောက်တုံးများဖြင့် ဖွဲ့စည်းထားသည့် ရုပ်အလောင်းများနှင့် တစ်ကိုယ်လုံး ချိုများပေါက်နေသည့် ရုပ်အလောင်းများသာမက အခြား ထူးဆန်းထွေလာ ရုပ်အလောင်းပေါင်း မြောက်မြားစွာကို မြင်တွေ့ခဲ့ရသည်။ ထို့အပြင် ခေါင်းနှစ်လုံးပါသည့် ရုပ်အလောင်းများနှင့် လက်ချောင်းငါးချောင်းနှင့်တူသော ခန္ဓာကိုယ်များကို ပိုင်ဆိုင်ထားကာ မျက်လုံးများမပါသည့် ရုပ်အလောင်းများကိုလည်း မြင်ခဲ့ရသေးသည်။
ထိုမြင်ကွင်းများကြောင့် ဝမ်ပေါင်လဲ့မှာ လိပ်ပြာလွင့်လုမတတ် ထိတ်လန့်တုန်လှုပ်သွားရ၏။ ထို့နောက် သူသည် ယခင်တုန်းက သူ မြင်ဖူးခဲ့သည့် ရုပ်အလောင်းများကိုလည်း ရှာတွေ့လိုက်သေးသည်။ ၎င်းတို့ထဲတွင် မီးခိုးနက်ဂြိုဟ်ပေါ်မှ ဧရာမခြေထောက်ကြီးများကို ပိုင်ဆိုင်ထားကြသည့် အနက်ရောင် လူပုလေးများလည်း ပါသည်။
ထို ရုပ်အလောင်းများများမှာ သေဆုံးသွားပြီဖြစ်သည့်တိုင်အောင် ၎င်းတို့ဆီမှ ထွက်ပေါ်နေသည့် အငွေ့အသက်များမှာ ကြောက်မက်ဖွယ်ရာကောင်းနေဆဲပင်။ ထို ရုပ်အလောင်းများ၏ အနီးသို့ ကပ်မသွားသင့်ကြောင့် ဝမ်ပေါင်လဲ့က နားလည်ထား၏။ အကယ်၍ သူသာ ၎င်းတို့နှင့် ထိတွေ့မိသွားမည်ဆိုပါက အန္တရာယ်များနှင့် ကြုံတွေ့ရနိုင်ပေသည်။
ဝမ်ပေါင်လဲ့မှာ မီးခိုးနက်ဂြိုဟ်ပေါ်မှ ဒေသခံများ၏ ရုပ်အလောင်းများအပေါ်မှ ဖြတ်ပျံသွားလိုက်၏။ မိနစ်သုံးဆယ်တိတိ ကုန်ဆုံးသွားပြီးနောက် သူသည် လေထဲတွင် ရပ်တန့်သွားပြီး အောက်သို့ ငုံ့ကြည့်မိလိုက်သည်။ ထိုအခါ သူ၏ မျက်နှာအမူအရာမှာ အထူးတဆန်း ဖြစ်သွား၏။ သူသည် မြေပြင်ပေါ်ရှိ အလောင်းပုံကြီးတစ်ပုံ၏ ထိပ်တွင် ရှိနေသော ရုပ်အလောင်းတစ်ခုအား စိုက်ကြည့်နေခြင်း ဖြစ်ပေသည်။
၎င်းမှာ ပုံမှန်ထက် အနည်းငယ်ခန့်ပို၍ ရှည်လျားနေသော နားရွက်များနှင့် အလွန်အင်မတန်မှ ပိန်လှီသော ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထားရုံမှလွဲ၍ လူသားတစ်ယောက်နှင့် ချွတ်စွပ်နီးပါး တူနေ၏။ ၎င်းမှာ သေဆုံးနေပြီ ဖြစ်သည့်တိုင်အောင် ၎င်း၏ တမူထူးခြားသော အလှတရားများမှာ မှေးမှိန်ပျောက်ကွယ်သွားခြင်း မရှိသေးပေ။ ဝမ်ပေါင်လဲ့မှာ ဆင်းသက်ခြင်း ကစားပွဲထဲ၌သာ ထိုကဲ့သို့သော မျိုးစိတ်မျိုးနှင့် ကြုံဖူးခဲ့သည် ဖြစ်သည်။
” ဟို ကစားပွဲထဲက…. ” ဝမ်ပေါင်လဲ့မှာ ရေရွတ်မိသွား၏။ သူသည် ထို ရုပ်အလောင်းကြီးအား အချိန်အကြာကြီး စိုက်ကြည့်နေသောကြောင့်လားတော့ မသိပေ။ ၎င်း၏ လက်ချောင်းများမှာ ရုတ်တရက်ဆိုသလို တုန်ရီလာတော့သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ချက်ချင်းဆိုသလိုပင် စိုးထိတ်သွားရ၏။ ထို့နောက် သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ အရှိန်မြှင့်တင်ကာ အဝေးသို့ ပြေးထွက်သွားလိုက်တော့သည်။
သူ အဝေးသို့ ရောက်သွားသောအခါမှ ထို ရုပ်အလောင်းကြီး၏ လက်ချောင်းများမှာ ပြန်လည်ငြိမ်သက်သွား၏။ အရာအားလုံးမှာလည်း အေးဆေးတည်ငြိမ်နေဆဲပင်။
” ငါ ဘယ်နေရာမှာမှ အကြာကြီးနေလို့မဖြစ်ဘူး။ ဒီ ကမ္ဘာထဲမှာရှိနေတဲ့ အရာအားလုံးက တကယ်ကို ထူးဆန်းတာပဲကွ ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ အသက်ပြင်းပြင်းရှူလိုက်သည်။ သူသည် ဘေးဘီဝဲယာအား အကဲခတ်လိုက်ပြီးနောက် ရှေ့သို့ ဆက်လက်ပျံသန်းကာ မည်သည့်ဘက်သို့ သွားရမည်နည်းဟု စဉ်းစားနေ၏။ ယဇ်ပူဇော်ပလ္လင်အား အမြန်ဆုံးရှာတွေ့နိုင်မည့် နည်းလမ်းမှာ သူတို့ မြင်ခဲ့ရသည့် ဧရာမသားရဲကြီး၏ တည်နေရာအား ရှာဖွေရန်သာဖြစ်ကြောင်း သူက သိထားသည်။
ထိုသားရဲကြီးအား ရှာတွေ့ပါမှ သူသည် ၎င်း၏ နောက်မှလိုက်ကာ ယဇ်ပူဇော်ပလ္လင် ရှိရာသို့ ရောက်ရှိနိုင်မည် ဖြစ်သည်။
ထိုသို့ဖြင့် အချိန်များ တရွေ့ရွေ့ကုန်လွန်သွားပြီး တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွား၏။ ဝမ်ပေါင်လဲ့မှာ ရုပ်အလောင်းများဖြင့် ပြည့်နှက်နေသည့် ကမ္ဘာကြီးထဲတွင် အဆက်မပြတ် ပျံသန်းကာ မရပ်မနား ရှာဖွေနေခဲ့၏။ သို့သော် သူသည် ရုပ်အလောင်းများကိုသာ ထပ်၍ ရှာတွေ့ခဲ့ပြီး ဧရာမသားရဲကြီး၏ အစအနကိုပင် ရှာမတွေ့ခဲ့ပေ။ ထို့နောက် တစ်ရက်တွင် ဝမ်ပေါင်လဲ့မှာ ကောင်းကင်ယံထဲ၌ အနည်းငယ်ခန့် စိတ်ရှုပ်နေသည့် အမူအရာဖြင့် ပျံသန်းနေရင်း ရုတ်တရက်ဆိုသလို သူငယ်အိမ်များ ကျဉ်းမြောင်းသွားရ၏။
သူ၏ နှလုံးသားထဲတွင် ထူဆန်းသော ခံစားချက်ကြီးတစ်ခု ပေါ်ပေါက်လာပြီး သူ၏ အမှောင်မီးတောက်မှာလည်း ထိန်းချုပ်၍ မရနိုင်လောက်အောင် တောက်လောင်လာ၏။ ၎င်းမှာ သူ၏ ခန္ဓာကိုယ်အပြင်ဘက်၌ ပေါ်ပေါက်လာပြီး အေးစက်စက် အနက်ရောင်မီးတောက်များအဖြစ် ပြောင်းလဲသွားသည်။
” ဟင် ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများအရောင်လက်သွားရ၏။ သူသည် စွမ်းအားကြီးတစ်မျိုးမှာ သူ၏ ခန္ဓာကိုယ်ထဲမှ အမှောင်မီးတောက်အား ဆွဲငင်နေသည်ကို ခံစားလိုက်ရခြင်းဖြစ်သည်။ ၎င်းမှာ သူ၏ အမှောင်မီးတောက်နှင့် စည်းချက်ညီစွာ လှုပ်ရှားနေသည်။
သူသည် ထိုစွမ်းအားကြီးနှင့် ရင်းနှီးနေသလို ခံစားနေရ၏။ ၎င်းမှာ အမှောင်ဂိုဏ််း၏ အငွေ့အသက် ဖြစ်ပေသည်။
” ဒီနေရာမှာ အမှောင်ဂိုဏ်းသားတွေ ပုန်းနေတာများလား ” ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် အသက်ရှူသံများ မြန်ဆန်လာရ၏။ သူသည် သူ၏ အာရုံခံနိုင်စွမ်းများကို ထုတ်လွှတ်ကာ ထိုနေရာတစ်ဝိုက်အား သေသေချာချာ ကြည့်ရှုစစ်ဆေးလိုက်၏။ ထို့နောက် သူသည် ညာဘက်သို့ လှည့်ကြည့်မိလိုက်သည်။ အမှောင်ဂိုဏ်း၏ အငွေ့အသက်များမှာ ထိုဘက်မှ ပျံ့လွင့်လာနေခြင်း ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ အတွေးများထဲ၌ နစ်မျောသွားရ၏။ ထို့နောက် သူသည် မမလေး၏ မျက်နှာဖုံးအား ဆွဲထုတ်လိုက်တော့သည်။ သူ ဤကမ္ဘာကြီးထဲသို့ ရောက်လာခဲ့ပြီးနောက်ပိုင်း မမလေးမှာ သူ့အား အကြောင်းပြန်ခဲ့ခြင်း မရှိပါသော်လည်း ထိုမျက်နှာဖုံးမှာ ဝမ်ပေါင်လဲ့အား လက်တွေ့လောကကြီးနှင့် အတုအယောင်ကမ္ဘာကြီးအား ခွဲခြားနိုင်အောင် ကူညီပေးနိုင်စွမ်း ရှိနေဆဲပင်။
ယခုတွင် ထိုမျက်နှာဖုံးမှာ ပျောက်ကွယ်သွားမည့် အရိပ်အယောင်များ ပြသနေခြင်း မရှိပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ဝတ်ဆံဖို၊ ဝတ်ဆံမများကို သေချာစစ်ဆေးကြည့်လိုက်ပြီးနောက် သူ၏ ဘေးဘီဝဲယာအား အကဲခတ်ကြည့်လိုက်၏။ ထိုအခါမှသာ သူသည် အတုအယောင် ကမ္ဘာကြီးထဲသို့ ရောက်နေခြင်းမဟုတ်ကြောင်း သေချာသွားသဖြင့် စိတ်အေးသွားရတော့သည်။ ထို့နောက် သူသည် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် လမ်းကြောင်းပြောင်းကာ အမှောင်ဂိုဏ်း၏ အငွေ့အသက်များ စတင်ထွက်ပေါ်လာသည့်ဘက်သို့ ဦးတည်ပျံသန်းသွားလိုက်တော့သည်။
သူသည် ပုံမှန်အမြန်နှုန်းအတိုင်း ဆက်လက်ပျံသန်းနေရင်း သူ၏ ပတ်ဝန်းကျင်အား သတိကြီးကြီးထား၍ အကဲခတ်နေ၏။ ထိုသို့ဖြင့် မိနစ်သုံးဆယ်တိတိ ကုန်ဆုံးသွားသောအခါ သူ၏ အမှောင်မီးတောက်အား ဆွဲငင်နေသလို ဖြစ်နေသည့် ခံစားချက်ကြီးမှာ ပို၍ပင် အားကောင်းလာတော့သည်။ ထို့အပြင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ အမှောင်မီးတောက်မှာ တစ်စုံတစ်ခုအား ဆာလောင်နေသည့်ပုံစံဖြင့် တောက်လောင်လာပြီး သူ၏ ခန္ဓာကိုယ်ထဲမှ အဆက်မပြတ် ထွက်ပေါ်လာနေ၏။ အဝေးမှကြည့်လိုက်ပါက ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အား မမြင်ရတော့ဘဲ အနက်ရောင် မီးလုံးတစ်လုံးကိုသာ မြင်ရပေမည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ အမှောင်ဂိုဏ်း၏ အငွေ့အသက်များ စတင်ပေါ်ပေါက်လာသည့် နေရာသို့ ရောက်ရှိသွားတော့သည်။
၎င်းမှာ တောင်ခြေတစ်ခုတွင် ရှိနေသော မြို့တစ်မြို့ ဖြစ်ပေသည်။
၎င်းမှာ ဝမ်ပေါင်လဲ့ ဤကမ္ဘာကြီးထဲသို့ ရောက်ရှိလာပြီးနောက် မြင်တွေ့ခဲ့ရသည့် ပထမဆုံးမြို့ ဖြစ်၏။ ၎င်း၏ အရွယ်အစားမှာ ကြီးမားခြင်းမရှိဘဲ ကောင်းကင်မြို့တော်လောက်သာ ရှိပေသည်။ သို့သော် ရုပ်အလောင်းများဖြင့် ပြည့်နှက်နေသည့် ကမ္ဘာကြီးထဲတွင် ၎င်းမှာ အံသြဖွယ်ရာကောင်းသည် မြင်ကွင်းတစ်ခု ဖြစ်နေဆဲပင်။
သူသည် လမ်းတစ်လျှောက်လုံးတွင် ရုပ်အလောင်းများနှင့် နတ်ဆိုးပန်းပွင့်များကိုသာ မြင်ခဲ့ရသည် မဟုတ်ပါလော။ အခြား မည်သည့်အဆောက်အဦမှ ရှိမနေခဲ့ပေ။ ထို့ကြောင့် ဤမြို့မှာ အလွန်အင်မတန်မှ အရေးပါလောက်ပေသည်။ ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးရင်း အသက်ရှူသံများ မတည်မငြိမ်ဖြစ်လာရ၏။
သူသည် ဤမြို့ထဲတွင် သက်ရှိများ ရှိနေခဲ့လိမ့်မည်ဟု ယုံကြည်နေသည်။
ထို့ကြောင့် ယခုတွင် ထိုမြို့ကြီးမှာ မြို့ပျက်ကြီးဖြစ်နေပြီး အဆောက်အဦ အများစုမှာ ပြိုလဲပျက်ဆီးနေပြီ ဖြစ်သည့်တိုင်အောင် အရေးမကြီးပေ။ ဝမ်ပေါင်လဲ့မှာ ၎င်းအား မြင်လိုက်ရသည်နှင့် စိတ်ဓာတ်များတက်ကြွသွားသည်။ သူသည် ထိုမြို့ကြီး၏ အနီးသို့ ပျံသန်းလာပြီးနောက် မျက်လုံးများ ပြူးသွားရ၏။ ထို့နောက် သူသည် မြို့ပျက်ကြီးပေါ်တွင် ရစ်ဝဲနေရင်း အောက်သို့ငုံ့ကြည့်လိုက်သောအခါ တစ်ခေါင်းလုံး ထူပူသွားရတော့သည်။ သူ၏ ခေါင်းထဲ၌ အသံတိတ်ပေါက်ကွဲမှုတစ်ခု ပေါ်ပေါက်လာသကဲ့သို့ပင်။
” ဒီနေရာကြီးက… ” ဝမ်ပေါင်လဲ့မှာ ဆွံ့အမှင်တက်သွားရပြီး နှလုံးသားထဲ၌ ခံစားချက်မျိုးစုံဖြင့် ဗြောင်းဆန်သွားတော့သည်။ သူ၏ ခန္ဓာကိုယ်အပြင်ဘက်တွင် ရှိနေသော အမှောင်မီးတောက်များမှာလည်း အပြင်းအထန် တုန်ရီနေကြပြီဖြစ်သည်။
သူသည် မြို့ပျက်ကြီး တစ်ခုတည်းကိုသာ မဟုတ်ဘဲ အခြားအရာတစ်ခုကိုပါ မြင်လိုက်ရခြင်းဖြစ်၏။
ထိုမြို့ကြီးအား မြေကြီးပေါ်တွင် တည်ဆောက်ထားခြင်းမရှိဘဲ ဧရာမ ဦးခေါင်းခွံကြီးတစ်ခုပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်ပေသည်။ သို့ဖြစ်ရာ ထို ဦးခေါင်းခွံကြီးမှာ မည်မျှအထိ ကြီးမားနေမည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။ ထို ဦးခေါင်းခွံကြီးမှာ တောင်ထိပ်တစ်ခုပေါ်တွင် ရှိနေခြင်းမဟုတ်ဘဲ အရိုးစုတစ်ခု၏ လက်တစ်ဖက်နှင့် ချိတ်ဆက်နေ၏။
၎င်းအား အရိုးစုတစ်ဝက်ဟုခေါ်လျှင် ပို၍သင့်တော်ပေသည်။ အတိတ်တုန်းက ဤနေရာ၌ တရားထိုင်နေခဲ့သည့် ဧရာမဘီလူကြီးတစ်ကောင်မှာ ပခုံးမှနေ၍ ဓားဖြင့် ခုတ်ခံလိုက်ရသဖြင့် ၎င်း၏ ခန္ဓာကိုယ်မှာ နှစ်ခြမ်းကွဲသွားသကဲ့သို့ပင်။ တစ်ခြမ်းမှာ ကြေမွပျက်စီးသွားပြီ ဖြစ်သောကြောင့် နောက်ထပ်တစ်ခြမ်းသာ ဤနေရာ၌ ကျန်ရစ်ခဲ့ခြင်း ဖြစ်ပေသည်။
ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းကြီးအား စိုက်ကြည့်နေရင်း အသက်ရှူသံများ ရပ်တန့်သွားရ၏။ သူသည် ထိုအရိုးများထဲမှ အမှောင်ဂိုဏ်း၏ အငွေ့အသက်များ ထွက်ပေါ်နေသည်ကို အာရုံခံမိနေသည်။ ထို့အပြင် ထိုအရိုးများ၏ အထက်တွင်ရှိနေသော မြို့ကြီးထဲမှလည်း အလားတူ အငွေ့အသက်များ ထွက်ပေါ်နေသေးသည်။
ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ အချိန်အတော်အတန်ကြာအောင် နှုတ်ဆိတ်သွားရ၏။ သူသည် အောက်သို့ ဖြည်းဖြည်းချင်းဆင်းလာပြီး ဦးခေါင်းခွံကြီး၏ ထိပ်တွင် ဆင်းသက်လိုက်သည်။ ထို့နောက် သူသည် မြို့ထဲတွင်ရပ်ရင်း သူ၏ ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုနေတော့သည်။ ထိုအခါမှသာ ဤမြို့ကြီးမှာ သူ ထင်ထားသလို အခြားလူများက တည်ဆောက်ထားခြင်း မဟုတ်ကြောင်း ဝမ်ပေါင်လဲ့က သိလိုက်ရတော့သည်။
ဤမြို့ကြီးမှာ…. ထိုဧရာမဘီလူးကြီး၏ အစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေခဲ့ခြင်း ဖြစ်ပေသည်။ ထိုဘီလူးကြီး သက်ရှိထင်ရှား ရှိနေခဲ့စဉ်တုန်းက ဤမြို့ကြီးမှာ ၎င်း၏ခေါင်းပေါ်တွင် ရှိနေခဲ့ခြင်း ဖြစ်ရပေမည်။
ထိုမြို့ထဲရှိ ဗိသုကာလက်ရာများကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ အမှောင်အိပ်မက်အား ပြန်၍သတိရသွားသည်။ ထို့ကြောင့် ၎င်းမှာ သူ အမှောင်အိပ်မက်ထဲတွင် ရှိနေခဲ့စဉ်တုန်းက ကြုံရခဲ့သည့် အချိန်ကာလ အပိုင်းအခြားထဲ၌ တည်ဆောက်ခဲ့သော မြို့တစ်မြို့ဖြစ်ရမည်ဟု သူက ကောက်ချက်ချလိုက်၏။
” အမှောင်ဂိုဏ်း ပျက်သုဉ်းသွားပြီးတော့ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ လူတွေများလား ” ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်လိုက်ပြီးနောက် မျက်ဝန်းများထဲ၌ ခံစားချက်မျိုးစုံ ပေါ်ပေါက်လာတော့သည်။