Switch Mode

အခန်း (၆၃၉)

လူစုကွဲသွားကြခြင်း 

အမြုတေအဆင့် ကျင့်ကြံသူအချို့မှာ အချိန်မီ မရှောင်တိမ်းနိုင်ခဲ့သောကြောင့် ထို ဧရာမ စပါးအုံးမြွေကြီးများ၏ ဝါးမျိုခြင်းကို ခံလိုက်ရ၏။ သူတို့၏ သွေးပျက်ချောက်ချားဖွယ်ရာ အော်ဟစ်သံများမှာ ရုပ်အလောင်းများ၏ ဒေါသတကြီး အော်ဟစ်မြည်တမ်းသံများ၏ အောက်တွင် တိမ်မြုပ်ပျောက်ကွယ်သွားရသည်။ စပါးအုံးမြွေကြီးများကြောင့် ကျင့်ကြံသူများမှာ အခြားရွေးချယ်စရာမရှိတော့ဘဲ လူစုခွဲသွားရတော့သည်။

ဝမ်ပေါင်လဲ့တစ်ယောက် နောက်သို့အလျင်အမြန်ဆုတ်ခွာနေရင်း ဧရာမ စပါးအုံးမြွေကြီးတစ်ကောင်မှာ သူ၏ ညာဘက်မှနေ၍ အော်ဟစ်မြည်တမ်းကာ သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးလာ၏။ ထို့ကြောင့် သူသည် အရှင်လက်လက် ဝါးမျိုခံရတော့မည့်ပုံ ပေါက်နေတော့သည်။ သို့သော် ဝမ်ပေါင်လဲ့မှာ ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက်နီးပါး အစွမ်းထက်နေသည် မဟုတ်ပါလော။ ထို့ကြောင့် သူ၏ခန္ဓာကိုယ်ပေါ်တွင် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီး ချက်ချင်းပေါ်ပေါက်လာပြီး သူ၏ မျက်ဝန်းများထဲတွင်လည်း အေးစက်စက် အလင်းရောင်များ တောက်ပသွား၏။ ထို့နောက် သူသည် နောက်သို့မဆုတ်တော့ဘဲ ရှေ့သို့ပြေးထွက်သွားကာ ထိုဧရာမ စပါးအုံးမြွေကြီးဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွားလိုက်တော့သည်။

ခဏအကြာတွင် ဝမ်ပေါင်လဲ့၏ နတ်ဘုရားလက်နက် လက်ကြီးမှာ ထို စပါးအုံးမြွေကြီး၏ ခန္ဓာကိုယ်အား ထုတ်ချင်းပေါက် ထိုးဖောက်သွားသောကြောင့် နားစည်များပင် ကွဲအက်သွားစေနိုင်သည့် အသံကြီးတစ်သံ မြည်ဟည်းသွားသည်။ သူသည် ထို စပါးအုံးမြွေကြီး၏ ခန္ဓာကိုယ်အား တစ်ပတ်ပတ်လိုက်ပြီးနောက် လေပေါ်သို့ ခုန်တက်သွားလိုက်၏။ ထိုအခါ ထိုစပါးအုံးမြွေကြီး၏ ဦးခေါင်းမှာ မြေကြီးပေါ်သို့ ဘုန်းခနဲမြည်အောင် ပြုတ်ကျလာတော့သည်။

စပါးအုံးမြွေကြီးမှာ ခေါင်းပြတ်သွားသည့်တိုင်အောင် ၎င်း၏ ခန္ဓာကိုယ်အား လူးလွန့်ကာ ဝမ်ပေါင်လဲ့အား တိုက်ခိုက်နိုင်ရန် ကြိုးစားနေဆဲပင်။ ဝမ်ပေါင်လဲ့မှာမူ မန္တန်လက်ကွက်များ ဖော်လိုက်၏။ ထိုအခါ သူ၏ သုံးရောင်ခြယ်ဓားပျံလေး ပျံထွက်လာပြီး ထို စပါးအုံးမြွေကြီးအား အပိုင်းပိုင်းဖြစ်သွားအောင် ခုတ်ထစ်ပစ်လိုက်တော့သည်။ ထို့နောက် ထိုဓားပျံလေးမှာ ဝမ်ပေါင်လဲ့ဆီသို့ ပြန်ရောက်လာပြီး ၎င်း၏ဘေးတွင် တဝီဝီမြည်အောင် လည်ပတ်နေရင်း သူ့ဆီသို့ ပြေးလာနေကြသည့် ရုပ်အလောင်းများကို အဆက်မပြတ် ခုတ်ထစ်နေတော့သည်။

ဝမ်ပေါင်လဲ့မှာ သူ၏ ပတ်ပတ်လည်တွင် ရှိနေသော ရုပ်အလောင်းများကို ဂရုမစိုက်ဘဲ သူ၏ ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်၏။ ထိုအခါ သူသည် မျက်နှာပျက်သွားရတော့သည်။

ဧရာမ စပါးအုံးမြွေကြီးများကြောင့် စစ်မြေပြင်ကြီးမှာ အသေးစား စစ်မြေပြင်လေးများအဖြစ် ပြောင်းလဲသွားရပြီဖြစ်သည်။ တိုက်ပွဲထဲမှ ဆူညံသံများမှာ လေထဲ၌ အဆက်မပြတ် ပဲ့တင်ထပ်နေဆဲပင်။ စပါးအုံးမြွေအများစုမှာ အခြား ယွမ်ယင်အဆင့် ကျင့်ကြံသူများ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီဖြစ်သည်။ သို့သော် စစ်မြေပြင်ကြီးပေါ်တွင် သောင်းကျန်းနေကြသည့် စပါးအုံးမြွေအချို့ ကျန်ရစ်နေဆဲဖြစ်ပြီး ကျင့်ကြံသူ ဆယ်ယောက်ကျော် သေဆုံးသွားကြပြီဖြစ်သည်။

ခုန်းတောက်၏ ခန္ဓာကိုယ်ပေါ်တွင် ငါးအကြေးခွံများနှင့် တူသည့် ချပ်ဝတ်တန်ဆာတစ်ခု ပေါ်ပေါက်လာ၏။ ၎င်းမှာ သူ၏အမြန်နှုန်းကို မြှင့်တင်ပေးနိုင်ပြီး သူ၏ ခန္ဓာကိုယ်အား မှုန်ဝါးဝါးဖြစ်သွားအောင် ပြုလုပ်ပေးနိုင်စွမ်း ရှိနေသည့်ပုံပင်။ ခုန်းတောက်မှာ စစ်မြေပြင်ကြီးထဲတွင် ပြေးလွှားနေရင်း ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ပူးပေါင်းကာ စပါးအုံးမြွေကြီးတစ်ကောင်ကို သတ်ဖြတ်လိုက်၏။

” ဒီလို ဆက်ဖြစ်နေမယ်ဆိုရင် မဟန်ဘူး။ နည်းလမ်းတစ်ခုခု မစဉ်းစားနိုင်ရင် ဘယ်သူကမှ ဒီနေရာကနေ အသက်ရှင်လျှက် လွတ်မြောက်နိုင်မှာ မဟုတ်ဘူး ” ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ မြန်ဆန်လာရပြီဖြစ်သည်။ သူသည် အမြုတေအဆင့် ကျင့်ကြံသူအချို့ဆီသို့ ပြေးသွားလိုက်ပြီးနောက် သူ၏လက်ကိုဝှေ့ယမ်းကာ ဧရာမ စပါးအုံးမြွေကြီးတစ်ကောင်အား သတ်ဖြတ်ပစ်လိုက်၏။ ထို့နောက် သူသည် ချက်ချင်းဆိုသလိုပင် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်တော့သည်။

ကောင်းကင်ယံထဲတွင် ဖုန့်ချိုးရန်နှင့် ကျောက်ယမုန့်တို့မှာ တောင်ပံပါသော သားရဲကြီးများ ဝန်းရံခြင်းကို ခံထားရ၏။ သူတို့နှစ်ယောက်ဆီမှ မျက်စိကျိန်းစရာကောင်းသော အလင်းရောင်များ ထွက်ပေါ်နေသည်။ ထိုအချိန်တွင် ဖုန့်ချိုးရန်မှာ ရုတ်တရက်ဆိုသလို သူမ၏လက်ထဲမှ ပေတံအား လေပေါ်သို့မြှောက်လိုက်၏။ ထို့နောက် သူမသည် ဝင်းလက်တောက်ပနေသော မျက်ဝန်းများဖြင့် အော်ဟစ်လိုက်တော့သည်။

” ပေတစ်သိန်း ”

ထိုအခါ ဖုန့်ချိုးရန်၏ ညာဘက်လက်ထဲမှ ပေတံကြီးမှာ မြေကြီးပေါ်သို့ အရှိန်အဟုန်ပြင်းစွာ ပြုတ်ကျလာ၏။ တစ်ချိန်ထဲမှာပင် ကျောက်ယမုန့်မှာလည်း မန္တန်လက်ကွက်များ ဖော်လိုက်ပြီး သူမစုစည်းထားသည့် မန္တန်အစီအရင် ကိုးရာကိုးဆယ့်ကိုးခု၏ စွမ်းအားများကို ထုတ်လွှတ်လိုက်တော့သည်။

ထို့ကြောင့် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာ သိမ့်သိမ့်တုန်သွားရ၏။ ခဏအကြာတွင် လေပြင်းများတိုက်ခတ်လာပြီး တိမ်တိုက်များ တလိပ်လိပ်ထလာကြသည်။ ထို့နောက် ဖုန့်ချိုးရန်၏ ပေတစ်သိန်းပတ်လည်တွင် ရှိနေကြသော ရုပ်အလောင်းကြီးများနှင့် သားရဲကြီးများအားလုံးမှာ အပြင်းအထန် တုန်ရီသွားကြတော့သည်။ မိုးကောင်းကင်ပေါ်မှ အံ့သြဖွယ်ရာ စွမ်းအားကြီးတစ်မျိုး ဆင်းသက်လာပြီး လမ်းတစ်လျှောက်ရှိ အရာအားလုံးကို ဖျက်ဆီးချေမှုန်းပစ်လိုက်သကဲ့သို့ပင်။ ‌

ထို ပေတစ်သိန်းပတ်လည်အတွင်းတွင် ပေါက်ကွဲသံများ ထွက်ပေါ်လာပြီးနောက် အရာအားလုံးမှာ ပြာမှုန့်ဘဝသို့ ရောက်သွားတော့သည်။ ကျင့်ကြံသူများမှလွဲ၍ အခြားသက်ရှိများအားလုံးမှာ ပျောက်ချင်းမလှ ပျောက်ကွယ်သွားကြ၏။ ကျောက်ယမုန့်၏ မန္တန်အစီအရင်ကြီးမှာ ထိုတိုက်ကွက်အား အဆင်မြှင့်တင်ပေးလိုက်ပြီး တုန်ခါမှုလှိုင်းများအား အဝေးသို့ တွန်းပို့ပေးလိုက်သောကြောင့် ၎င်းတို့မှာ ပေသုံးသိန်းနီးပါးအထိ ပျံ့နှံ့သွားကြသည်။ ထို့ကြောင့် ကမ္ဘာကြီးထဲမှ ဧရာမလက်ကြီးတစ်ဖက် ပေါ်ထွက်လာပြီး အရာအားလုံးအား ဖျက်ဆီးချေမှုန်းလိုက်သကဲ့သို့ပင်။

ကောင်းကင်ယံထဲရှိ သားရဲကြီးများမှာ ဖုန့်ချိုးရန်နှင့် ကျောက်ယမုန့်တို့၏ အဓိကပစ်မှတ်ဖြစ်ပေသည်။ ထို့ကြောင့် ထိုတိုက်ကွက်မှာ ကောင်းကင်ယံထဲတွင် ပို၍ပင် ပြင်းထန်နေ၏။

” သွားကြတော့ မြန်မြန်လေး ” မြေပြင်ကြီးမှာ အပြင်းအထန်တုန်ရီနေပြီး အရာအားလုံးမှာ ပြာမှုန့်ဘဝသို့ ရောက်သွားကြပြီ ဖြစ်သည်။ ဖုန့်ချိုးရန်မှာ ကျောက်ယမုန့်အား ဆွဲခေါ်ရင်း သွေးရူးသွေးတန်း အော်ဟစ်ကာ အဝေးသို့ ပြေးထွက်သွားလိုက်တော့သည်။

အခြားသူများမှာလည်း ဖုန့်ချိုးရန် သတိပေးနေစရာပင် မလိုပေ။ သူတို့မှာ စောစောတုန်းက သူတို့နှစ်ယောက်၏ တိုက်ကွက်အား မြင်တွေ့ခဲ့ရသည်ဖြစ်ရာ အချိန်ကျလာပါက ထွက်ပြေးနိုင်ရန် အဆင်သင့်ပြင်ထားကြပြီးသား ဖြစ်သည်။ ထို့ကြောင့် ယခုလို အခွင့်ရေးတစ်ခု ပေါ်ပေါက်လာသောအခါ သူတို့မှာ ချက်ချင်းဆိုသလိုပင် အမြန်ဆုံးသော အရှိန်ဖြင့် ပြေးထွက်သွားကြတော့သည်။

ဝမ်ပေါင်လဲ့မှာလည်း ထိုနည်းတူပင်။ သူသည် ခုန်းတောက်အား ဆွဲခေါ်ကာ လေပေါ်သို့ ခုန်တက်သွားလိုက်၏။ သူတို့အဖွဲ့မှာ ဤ အခွင့်အရေးကြီးကို အမိအရအသုံးချ၍ ထွက်ပြေးလွတ်မြောက်နိုင်ရန် ကြိုးစားလိုက်စဉ်မှာပင် စပါးအုံးမြွေကြီးများ ထိုးထွက်လာခဲ့သည့် မြေကြီးအောက်မှ နောက်ထပ် ဟိန်းဟောက်သံကြီးတစ်သံ ထပ်၍ ထွက်ပေါ်လာပြန်သည်။

ထို့နောက် မြေပြင်ကြီးမှာ အောက်သို့ထပ်၍ ကျွံဝင်သွားပြီး ပေါက်ကွဲပျက်စီးသွားသဖြင့် ဧရာမ အက်ကွဲကြောင်းကြီးတစ်ခု ပေါ်ပေါက်လာ၏။ ထို့နောက် မြေကြီးအောက်မှနေ၍ လူတိုင်းအား ကြောက်ရွံ့တုန်လှုပ်သွားစေသော အော်သံကြီးတစ်သံ ထပ်၍ ထွက်ပေါ်လာပြန်သည်။

ထို အော်သံများနှင့်အတူ သံကြိုးများ၏ တချွင်ချွင်မြည်သံများလည်း ထွက်ပေါ်လာသည်။ ထို့နောက် ခန္ဓာကိုယ်တစ်ဝက်တစ်ပျက် ပုပ်ပွ‌နေသည့် အနက်ရောင် ဧရာမ ငရဲခွေးကြီးတစ်ကောင်မှာ ထို အက်ကွဲကြောင်းထဲမှ အလျင်အမြန် ခုန်ထွက်လာ၏။ ၎င်းမှာ လေထဲတွင် ပေါ်ပေါက်လာပြီးနောက် ခဏအကြာတွင် ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် အခြား အမြုတေအဆင့် ကျင့်ကြံသူ သုံးယောက်တို့ကို ချက်ချင်း ဖမ်းဆီးဝါးမျိုလိုက်တော့သည်။

ထို့ကြောင့် လူတိုင်းမှာ တုန်လှုပ်ချောက်ချားသွားကြ၏။ သူတို့၏ အိပ်မက်ဆိုးများမှာ ယခုမှ အစတွင်သာ ရှိသေးသည်။ မြေကြီးထဲတွင်မူ အလားတူ အက်ကွဲကြောင်းများ ထပ်၍ ပေါ်ပေါက်လာ၏။ ထို့နောက် ငရဲခွေးကြီးများမှာလည်း အဆက်မပြတ် ခုန်ထွက်လာကြပြီး ဒေါသတကြီး အော်ဟစ်မြည်တမ်းကာ လေပေါ်သို့ ခုန်တက်သွားကြတော့သည်။

ကံကောင်းစွာဖြင့် ၎င်းတို့အားလုံးမှာ သံကြိုးများဖြင့် ချည်နှောင်ခံထားရသောကြောင့် အဝေးကြီးသို့ မပြေးနိုင်ကြပေ။ မည်သို့ပင် ဆိုစေကာမူ ၎င်းတို့၏ အရေအတွက်မှာ ဒါဇင်နှင့်ချီ၍ ရှိနေသည်ဖြစ်ရာ အန္တရာယ်ပြုနိုင်စွမ်း ရှိနေဆဲပင်။ အထူးသဖြင့် ၎င်းတို့မှာ တမူထူးခြားသော အပြင်ခန္ဓာကိုယ်များကို ပိုင်ဆိုင်ထားကြသောကြောင့် မန္တန်များမှာ ၎င်းတို့ကို အန္တရာယ်ပြုနိုင်စွမ်း မရှိပေ။ အပြင်ခန္ဓာကိုယ်စွမ်းအားသုံး တိုက်ကွက်များသာလျှင် ၎င်းတို့အား ဒဏ်ရာရအောင် လုပ်နိုင်စွမ်းရှိပေသည်။

” ယွမ်ယင်အဆင့် ကျင့်ကြံသူတွေ လူစုခွဲလိုက်ကြ။ အမြုတေအဆင့် ကျင့်ကြံသူတွေ ငါ့ရဲ့ဘေးကို လာကြ။ ငါတို့တွေ ဒီနေရာကနေ ထွက်ပြေးပြီးတော့ သစ်တုံးကြီးရဲ့အဆုံးမှာ ပြန်‌ဆုံကြမယ် ” ဖုန့်ချိုးရန်မှာ ဖြူဖပ်ဖြူရော် ဖြစ်နေသော မျက်နှာဖြင့် အော်ဟစ်အမိန့်ပေးလိုက်၏။ သူမသည် တိုက်ခိုက်ချင်ပါသော်လည်း မြေကြီးအောက်တွင် ကြောက်မက်ဖွယ်ရာ စွမ်းအားကြီးတစ်ခု တုန်ရီနေသည်ကို အာရုံခံမိနေသည်။ ၎င်းမှာ အလျင်အမြန် ‌ရွေ့လျားနေပြီး သူတို့ဆီသို့ ဦးတည်လာနေခြင်းဖြစ်သည်။

ထိုအရာကြီး မြေကြီးပေါ်သို့ထွက်မလာခင် သူတို့မှာ စက္ကန့်သုံးဆယ်တိတိ အချိန်ရပေသည်။

ထိုကဲ့သို့ အန္တရာယ်ကြီးနဲ့ နဖူးတွေ့ဒူးတွေ့ ကြုံနေရပြီဖြစ်ရာ သူမသည် အစီအစဉ်တစ်ခုကို ရေးဆွဲနေရန် အချိန်မရှိတော့ပေ။ ထို့ကြောင့် သူမသည် ညာဘက်လက်ကိုမြှောက်ကာ ဝှေ့ယမ်းလိုက်ပြီး အမြုတေအဆင့် ကျင့်ကြံသူအချို့အား သူမ၏ဘေးသို့ ဆင့်ခေါ်လိုက်၏။ ထို့နောက် သူမသည် ကျောက်ယမုန့်နှင့် အခြားသူများကိုဦးဆောင်၍ အဝေးသို့ ပြေးထွက်သွားလိုက်တော့သည်။

ချင်လင်းနှင့် အခြား ယွမ်ယင်အဆင့် ကျင့်ကြံသူများအားလုံးမှာလည်း မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်နေကြပြီး လူစုခွဲလိုက်ကြ၏။ ဝမ်ပေါင်လဲ့မှာလည်း ထိုနည်းတူပင်။ သူသည် ဖုန့်ချိုးရန်၏နောက်သို့ ပြေးလိုက်သွားရန် ပြင်လိုက်စဉ်မှာပင် သူ၏အောက်ရှိ မြေပြင်ကြီးမှာ စတင်တုန်ရီလာတော့သည်။ ထို့နောက် အနက်ရောင် ငရဲခွေးကြီးတစ်ကောင်မှာ အသံကုန် အော်ဟစ်မြည်တမ်းကာ သူ့ဆီသို့ ပြေးလာပြီး သူ၏ရှေ့တွင် ပိတ်ရပ်နေ လိုက်၏။ ၎င်းမှာ သူ့အား အရှင်လက်လက် ဝါးမျိုပစ်ချင်နေသည့်ပုံ ပေါက်နေသည်။

ထိုအခါ ဝမ်ပေါင်လဲ့၏ မျက်ဝန်းများမှာ ရက်စက်ကြမ်းကြုတ်စွာ တောက်ပသွား၏။ ထို့နောက် သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးမှာ ချက်ချင်းဆိုသလို ပေါ်ထွက်လာပြီး သူ၏ နတ်ဘုရားလက်နက် လက်ကြီးထဲတွင် အံ့ဩမှင်တက်ဖွယ်ရာ စွမ်းအားများ စုဝေးလာတော့သည်။ နောက်ဆုံးတွင် သူသည် ထို ငရဲခွေးကြီးအား လှမ်းထိုးလိုက်၏။

ထိုအခါ လေမုန်တိုင်းတစ်ခု ထွက်ပေါ်လာပြီး ထိုငရဲခွေးကြီး၏ ဦးခေါင်းအား ရိုက်ခတ်သွားသဖြင့် ပေါက်ကွဲသံအကျယ်ကြီးတစ်သံ ထွက်ပေါ်လာတော့သည်။ ထို ငရဲခွေးကြီးမှာမူ နာကြည်းစွာ အော်ဟစ်မြည်တမ်းရင်း နောက်သို့ ဒယိမ်းဒယိုင်နှင့် ဆုတ်ခွာသွား၏။ ဝမ်ပေါင်လဲ့မှာလည်း ထိုရိုက်ခတ်မှုမှ ထွက်ပေါ်လာသည့် တန်ပြန်အားများကြောင့် တစ်ကိုယ်လုံး တုန်ရီသွားရသည်။ ထို့နောက် သူ၏ ချပ်ဝတ်တန်ဆာကြီးထဲမှ တကျွီကျွီမြည်သံများ ထွက်ပေါ်လာပြီး သူသည် ကြိုးပြတ်သွားသော စွန်တစ်ခုကဲ့သို့ နောက်သို့ လွင့်ထွက်သွားတော့သည်။

သူ နောက်သို့လွင့်ထွက်သွားချိန်တွင် ကောင်းကင်ယံကြီးထဲ၌ ရုပ်အလောင်း အသစ်များဖြင့် ပြန်လည်ပြည့်နှက်သွား၏။ သို့သော် ထို သတ္တဝါကြီးများမှာ ဝမ်ပေါင်လဲ့၏ အနီးသို့ ရောက်မလာနိုင်ခင်မှာပင် သူ၏ ပတ်ပတ်လည်၌ လည်ပတ်နေသည့် ဓားပျံများကြောင့် သေကျေပျက်စီးသွားကြသည်။ ထို့နောက် ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ တည်ငြိမ်သွားအောင် လုပ်လိုက်ပြီးနောက် အသက်ရှူသံများ မြန်ဆန်လာရတော့သည်။ သူသည် ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်သောအခါ တာအိုနန်းတော်ဂိုဏ်းသားများ၏ ပြတ်တောက်နေသော ခြေလက်များကိုသာ မြင်လိုက်ရ၏။ ချီလင်းနှင့် အခြားသူများမှာ အဝေးသို့ ထွက်ခွာသွားကြပြီ ဖြစ်သည်။

ရုပ်အလောင်းများမှာလည်း လူစုခွဲကာ ထိုကျင့်ကြံသူများ၏နောက်သို့ ပြေးလိုက်သွားကြ၏။

” ငါတို့တွေ ဒီနေရာကြီးဆီ လာကို မလာခဲ့သင့်တာ ” ဝမ်ပေါင်လဲ့မှာ အံကြိတ်ကာ ကြိမ်းဝါးလိုက်၏။ ထို့နောက် သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ အဝေးသို့ ပြေးထွက်သွားရန် ပြင်လိုက်တော့သည်။ သို့သော် ထိုအချိန်တွင် သူနှင့် ပေတစ်သိန်းအကွာတွင် ရှိနေသော မြေပြင်ကြီးမှာ စတင်တုန်ရီလာ၏။ ထို့နောက် ခန္ဓာကိုယ်တစ်ဝက်တစ်ပျက် ပုပ်ပွနေသည့် ဂဠုန်ငှက်ကြီးတစ်ကောင်မှာ မြေကြီးထဲမှနေ၍ လေပေါ်သို့ ခုန်ထွက်လာတော့သည်။

ထိုသားရဲကြီးဆီမှ အနက်ရောင်ချီတစ်မျိုး ထွက်ပေါ်နေပြီး ၎င်း၏ ပုပ်ပွနေသော ခန္ဓာကိုယ်ထဲမှ ပျံ့လွင့်လာသည့် စွမ်းအင်လှိုင်းများကြောင့် ဝမ်ပေါင်လဲ့မှာ ကြောက်ရွံ့တုန်လှုပ်သွားရ၏။ ထို့နောက် သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာ မတည်မငြိမ် ဖြစ်လာတော့သည်။ ၎င်းမှာ သူ ကြယ်အစွယ်သားရဲကြီးတစ်ကောင်နှင့် ကြုံခဲ့ရစဉ်တုန်းက ခံစားခဲ့ရသည့် ခံစားချက်မျိုးဖြစ်ပေသည်။ ထို့ကြောင့် သူသည် သူ၏ရှေ့တွင်ရှိနေသော သားရဲကြီးမှာ အနိမ့်ဆုံး ဂြိုဟ်အဆင့်တွင် ရှိနေကြောင်း သိလိုက်ရ၏။

” ဂြိုဟ်အဆင့် ” ဝမ်ပေါင်လဲ့မှာ ဦးရေခွံများ ထုံကျဉ်သွားရ၏။ ထို့နောက် သူသည် ထိုသားရဲကြီးမှာလည်း အနက်ရောင် ငရဲခွေးကြီးများကဲ့သို့ သံကြိုးများဖြင့် ချည်နှောင်ခံထားရသည်ဖြစ်ကြောင်း မြင်လိုက်ရသည်။ သို့သော် ၎င်းအား ချုပ်နှောင်ထားသည့် သံကြိုးအရေအတွက်မှာ ပို၍များပေသည်။ ဝမ်ပေါင်လဲ့မှာမူ စဉ်းစားတွေးတောနေရန် အချိန်မရှိသောကြောင့် နောက်သို့ပင် လှည့်မကြည့်ဘဲ အဝေးသို့ ချက်ချင်းထွက်ပြေးသွားလိုက်၏။

သူသည် သူ့ဆီတွင်ရှိသမျှ ပစ္စည်းများအားလုံးကို ထုတ်သုံးလိုက်သည်။ ထို့ကြောင့် သူ၏ ဓမ္ဓလက်နက်ခေါင်းလောင်းမှာ သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာအား လွှမ်းခြုံသွားပြီး သူ၏ သုံးရောင်ခြယ် ဓားလေးမှာလည်း သူ၏ ပတ်ပတ်လည်တွင် လည်ပတ်နေတော့သည်။ ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ သူ့ကိုယ်သူ ကာကွယ်လိုက်ပြီးနောက် အရှိန်မြှင့်တင်ကာ ကြယ်ပျံတစ်လုံးကဲ့သို့ ပြောင်းလဲသွားပြီး ကောင်းကင်ကြီးအား ထိုးခွင်းသွားလိုက်၏။ သူသည် သူ၏ရှေ့တွင် ပိတ်ရပ်နေသည့် သားရဲကြီးများအားလုံးကို ဝင်တိုက်ပစ်လိုက်သည်သာ ဖြစ်သည်။

ထို့ကြောင့် သူ ဖြတ်သန်းသွားသည့် လမ်းတစ်လျှောက်ရှိ အရာအားလုံးမှာ သေကျေပျက်စီးသွားရ၏။ ဝမ်ပေါင်လဲ့မှာ အာရုံစူးစိုက်မှုအပြည့် ရှိနေသောကြောင့် အန္တရာယ်တစ်ခုခုအား အာရုံခံမိလိုက်သည်နှင့် လမ်းကြောင်းပြောင်းကာ အခြားအရပ်မျက်နှာတစ်ခုသို့ ဦးတည်သွားလိုက်သည်သာ ဖြစ်သည်။ ထို့ကြောင့် သူသည် အန္တရာယ်ပေါင်း မြောက်မြားစွာအား ရှောင်တိမ်းနိုင်ခဲ့၏။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီဖြစ်ရာ ဝတ်မှုန်များ၏ အစွမ်းများမှာ လွင့်ပြယ်စပြုလာသဖြင့် ရုပ်အလောင်းကြီးများမှာလည်း တဖြည်းဖြည်းနှင့် နှေးကွေးလာကြ၏။ နောက်ဆုံးတွင် ၎င်းတို့ထဲမှ အများစုမှာ လုံးဝရပ်တန့်သွားကြပြီ ဖြစ်သည်။ ထိုအခါမှသာ ဝမ်ပေါင်လဲ့မှာ ကြက်သွေးရောင်မြူခိုးများ ဖုံးလွှမ်းနေသည့် သေမင်းနယ်မြေထဲမှ ထွက်ပြေးလွတ်မြောက်လာတော့သည်။

သူသည် အသက်ရှူသံများ လေးလံနေပြီး အဝတ်အစားများမှာလည်း ချွေးများဖြင့်စိုရွှဲနေ၏။ ခဏအကြာတွင် သူသည် ဆေးလုံးအချို့ ထုတ်ယူကာ မျိုချလိုက်တော့သည်။ ထို့နောက် သူသည် နောက်သို့လှည့်ကာ သူ၏နောက်တွင် ကျန်ရစ်ခဲ့သော စစ်မြေပြင်ကြီးအား လှမ်းကြည့်နေလိုက်၏။ သူ၏ မျက်ဝန်းများထဲတွင် ကြောက်စိတ်များ ကိန်းအောင်းနေဆဲပင်။

” ဂဠုန်ငှက်ကြီးက သံကြိုးတွေနဲ့ အချည်ခံထားရတာဆိုတော့ ငါ့နောက်ကို လိုက်လာနိုင်မှာမဟုတ်ပါဘူး။ ကျောက်ယမုန့်နဲ့ ခုန်းတောက်တို့ကလည်း ဖုန့်ချိုးရန်နဲ့ ရှိနေတာဆိုတော့ ဘေးကင်းကြမှာပါ ” ဝမ်ပေါင်လဲ့မှာ ရင်ခုန်နှုန်းများ မြန်ဆန်နေဆဲ ဖြစ်ပါသော်လည်း စိုးထိတ်နေ၍ အကျိုးမရှိကြောင်း နားလည်ထားသည်။ ထို့ကြောင့် သူသည် အသက်ပြင်းပြင်းရှူကာ စိတ်ကိုတည်ငြိမ်အောင် ထားလိုက်ပြီးနောက် ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်၏။ ထို့နောက် သူသည် ဘေးအန္တရာယ် ကင်းရှင်းသည်ဟု ထင်ရသော အရပ်မျက်နှာတစ်ခုအား ရွေးချယ်လိုက်ပြီး ရှေ့သို့ ပြေးထွက်သွားလိုက်တော့သည်။

” အခုလောလောဆယ် အရေးအကြီးဆုံးက ယဇ်ပူဇော်ပလ္လင် ရှိနေမယ့် သစ်တုံးကြီးရဲ့ တခြားအစွန်းတစ်ဖက်ကို ရှာဖို့ပဲ “

Comment

Leave a Reply

Options

not work with dark mode
Reset