ဘုရင်မင်းမြတ်ဘေးမှ အထက်တန်းလွှာများ အားလုံးက ရယ်မောလိုက်ကြသည်။ ဘုရင်မင်းမြတ်က ယူချင်းအား အမှန် သဘောကျပုံရသည်။ သို့သော် လူတိုင်းက အံ့အားသင့်ရသည်မှာ တိုက်ခိုက်ရာတွင် သားရဲကဲ့သို့သော ကြမ်းတမ်း ခက်ရော်သော လူငယ်လေးက အလွန် ရိုးသားသော ပုံဟန်ရှိနေခြင်းကိုပင်။ လူအများအပြားက အလွန်လိုလား တောင့်တကြရသော သည်ကဲ့သို့ အခွင့်အရေးမျိုးအား ယူချင်းက လက်လွှတ်လိုက်မည်ဟု မည်သူကမှ မထင်ထားကြပေ။ ဘုရင်မင်းမြတ်က သူ၏ သမီးတော်အားပင်လျှင် လက်ထပ်ရန် အခွင့်အရေး ရနိုင်သည်ဟု ဟာသလုပ်ကာ ပြောခဲ့သေးသည်။
“အရူးကောင်…” ရီဖူရှင်းက ပြုံးနေသော်လည်း စိတ်ထဲမှ ဆဲရဲနေသည်။ သူက ဘုရင်မင်းမြတ်အား ကြည့်ကာ ပြောသည်… “ယူချင်း… မင်းက အရှင်မင်းကြီးရဲ့ စကားကို ပေါ့ပေါ့တန်တန် သဘောထားလို့ မရဘူး… မင်းက ထိပ်ဆုံးသုံးနေရာကို ရောက်လာမှတော့ အရှင်မင်းကြီးဆီက တစ်ခုခု တောင်းဆိုသင့်တယ်… မဟုတ်ရင် မင်းက အရှင်မင်းကြီးကို အထင်သေးရာ ရောက်တယ်…”
ရီဖူရှင်း၏စကားကို ကြားပြီး လူတိုင်းက ထိတ်လန့် သွားကြသည်။ ထိုနေရာတွင် တည်ငြိမ် အေးဆေးစွာ ရပ်နေသော လူငယ်လေးက ဘုရင်မင်းမြတ်အား တည့်တည့်ကြည့်ကာ ဘုရင်မင်းမြတ်၏ ကောင်းကျိုးအတွက် အမှန်ပင် စိတ်ရင်းဖြင့် ပြောနေဟန်ဖြင့် ပြောနေသည်။ သူ၏စကားများက ကျိုးကြောင်း ဆီလျော်သည်။
“ဒါမှန်တယ်… ယူချင်း… မင်းက ဘာမှ မတောင်းဆိုဘူးဆိုရင် ငါ့ကို အထင်သေးရာ ရောက်လိမ့်မယ်… နောက်တစ်ခေါက် ပြန်စဉ်းစားကြည့်ဦး…” ဘုရင်မင်းမြတ်က ရီဖူရှင်းနှင့် ယူချင်းအား ပြုံးလျက် ကြည့်ကာ ပြောသည်။ သည်ကောင်လေး နှစ်ယောက်အား အမှန်စိတ်ဝင်စွားဖွယ် ကောင်းလှသည်။
ယူချင်းက မှင်တက်သွားသည်။ သူက ဘုရင်မင်းမြတ်အား ကြည့်သည်။ ထို့နောက် ရီဖူရှင်းအား ကြည့်သည်။
ဟွာဂျီယူက ရယ်မောလိုက်သည်။ သူကား သည်အတိုင်းပင်။
“ဝူချင်း… မင်းရဲ့ တောင်းဆိုမှုက ဘာလဲ…” ဘုရင်မင်းမြတ်က ရီဝူချင်းအား ပြုံးလျက် ပြောသည်။
“အရှင်မင်းကြီး… ကျွန်တော်က နန်းတော်စာကြည့်ဆောင်ကို ဝင်ကြည့်ချင်တယ်…” ရီဝူချင်းက ပြန်ဖြေသည်။
ဘုရင်မင်းမြတ်၏မျက်လုံးက အရောင်တစ်ချက် လက်သွားသည်… “မင်းရဲ့တောင်းဆိုမှုက ကောင်းတယ်… ကောင်းပြီ… ငါမင်းကို ကတိပေးတယ်…”
“ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး…” ရီဝူချင်းက ပြောသည်။
ဘုရင်မင်းမြတ်က ရီဖူရှင်းအား ကြည့်ကာ မေးသည်… “ရီဖူရှင်း… မင်းက ဘာလိုချင်လဲ…”
“အရှင်မင်းကြီး… ကျွန်တော့််ဆရာရဲ့ ဒဏ်ရာကို ကုသချင်ပါတယ်…..” ရီဖူရှင်းက မျှော်လင့်ချက်ကြီးစွာ ပြောသည်။ သူက ဤရည်ရွယ်ချက်ဖြင့် ဖန်းဟွာပွဲတော်အား တက်ရောက်ခဲ့ခြင်း ဖြစ်သည်။
လူအများအပြားက အံ့အားသင့်ကြရသည်။ ရီဖူရှင်းက အလွန်ပါရမီ ပါသည်ဆိုလျှင် သူ့ဆရာက မည်ကဲ့သို့သော လူပေနည်း။ ထိုလူက ဒဏ်ရာရနေဟန်တူကာ ဘုရင်မင်းမြတ်၏ အကူအညီအား ရယူလိုနေသည်။
“မင်းရဲ့ဆရာက ဘယ်မှာလဲ… ပြီးတော့ သူက ဘယ်လို ဒဏ်ရာရတာလဲ…”
ရီဖူရှင်းက လူအုပ်ထဲကို ပြန်ကြည့်လိုက်ပြီး အော်လိုက်သည်… “ဆရာကတော်…”
ရီဖူရှင်း၏စကားကို ကြားလျှင် နန်ဒူဝန်ယမ်နှင့် တန်လန်တို့က လူအုပ်ထဲမှ ထွက်လာသည်။ သူတို့က ဟွာဖန်းလူအား ဖန်းဟွာစင်မြင့်ပေါ်သို့ တက်ရောက်စေသည်။ လူအများအပြားက သူတို့သုံးယောက်ကို ကြည့်ကာ အံ့အားသင့်ရသည်။ သူတို့၏ အရည်အချင်းများအား မသိရသေးသည့်တိုင် သူတို့၏ ရုပ်ရည်များကား ကြည့်ကောင်းလှ၏။ ရီဖူရှင်းနှင့် ဟွာဂျီယူတို့၏ ရုပ်ရည်ကိုမူ ပြောနေစရာပင် မလိုတော့ပေ။ ယခု ထိုလူသုံးယောက်ထဲတွင် ဟွာဖန်းလူ၏ပုံဟန်မှာ သိမ်မွေ့သော ဟန်အမူအရာရှိပြီး သူ့ဘေးမှ နန်ဒူဝန်ယမ်ကား အလွန် နူးညံ့သိမ်မွေ့ကာ ဘုရင်မင်းမြတ်၏ဘေးမှ ဧကရီဘုရင်မကဲ့သို့ လှပသည်။ ထို့အတူ တန်လန်ကလည်း အလွန် ဆွဲဆောင်မှုရှိသည်။
“အဖေ… အမေ…” ဟွာဂျီယူက ရှေ့ကို လှမ်းသွားလိုက်သည်။ လူအများက သူတို့၏ပတ်သက်မှုကို ချက်ချင်း နားလည်လိုက်သည်။ သည်ကောင်လေးကား သူ့ဆရာ၏သမီးကို ရယူနိုင်ခဲ့ဟန်တူသည်။ တစ်ချိန်တည်းမှာပင် ရီဖူရှင်းက ဖန်းဟွာပွဲတော်အား အဘယ်ကြောင့် တက်ရောက်သည်ကို နားလည်လိုက်ကြသည်။ သူက သူ့ဆရာအတွက် ဖန်းဟွာပွဲတော်အား တက်ရောက် ယှဉ်ပြိုင်ခြင်းပင်။
“ဆရာရဲ့ သက်စောင့်ဝိညာဉ်က ဖျက်ဆီးခံထားရပါတယ်… နောက်ပိုင်းမှာ သူ့သက်စောင့်ဝိညာဉ်ကို မတတ်သာဘဲ ထုတ်သုံးပြီး တိုက်ခိုက်ခဲ့ရတယ်… ဒါကြောင့်ပဲ သူ့စိတ်ဝိညာဉ်အားကို အရမ်း ထိုးနှက်သလိုဖြစ်ပြီး ဒဏ်ရာအပြင်းအထန် ရစေခဲ့တယ်… ကျေးဇူးပြုလို့ ကူညီပါ အရှင်မင်းကြီး…”
“မင်းရဲ့ သက်စောင့်ဝိညာဉ်ကို ထုတ်လွှတ် နိုင်သေးလား…” ဘုရင်မင်းမြတ်က ဟွာဖန်းလူအား ကြည့်ကာ မေးသည်။
ဟွာဖန်းလူက ခေါင်းညိတ်လိုက်သည်။ ထို့နောက် အလင်းရောင်များ ထွက်ပေါ်လာပြီး သူ့သက်စောင့်ဝိညာဉ် ပေါ်လာသည်။ သို့သော် ပရိသတ်များက ကု့ချင်းဝိညာဉ်၏ အပိုင်းအစ အဖြစ်သာ မြင်ကြရသည်။ လူအများက ဟွာဖန်းလူမှာ ရီဖူရှင်းအား မှော်ဂီတပညာ သင်ပေးသည့်သူ ဖြစ်သည်ကို ရိပ်မိလိုက်ကြသည်။
ဘုရင်မင်းမြတ်ကလည်း သည်အချက်များအား ခန့်မှန်းမိကာ အသာအယာ ခေါင်းညိတ်၏… “ပြဿနာမရှိဘူး… သူ့ဒဏ်ရာက ကုသလို့ ရတယ်…”
ရီဖူရှင်းက သည်အဖြေကို မျှော်လင့်ထားပြီးသား ဖြစ်သော်လည်း တကယ်တမ်း ကြားလိုက်ရသော အချိန်တွင်မူ အလွန် ဝမ်းသာရသည်။ သူက ဘုရင်မင်းမြတ်အား ဦးညွှတ်ကာ ပြောသည်… “ကျေးဇူးတင်ပါတယ်… အရှင်မင်းကြီး…”
“ယောက်ျားတစ်ယောက် သူ့စကားတွေကို ဘယ်တော့မှ ပြန်မရုပ်သိမ်းဘူးလို့ မင်းပဲ ပြောခဲ့တယ်မလား… ငါက မင်းကို ကတိပေးပြီးမှတော့ ငါ့စကားအတိုင်း ဖြစ်အောင် လုပ်ပေးမယ်…” ဘုရင်မင်းမြတ်က ပြုံးလျက် ပြောသည်။ သူက ရီဖူရှင်းအား နားလည်သည်။
“ကျေးဇူးတင်ပါတယ်… အရှင်မင်းကြီး…” ဟွာဂျီယူကလည်း သူမ၏ကျေးဇူးတင်မှုကို ဖော်ပြသည်။ နောက်ဆုံးတွင် သူမအဖေ၏ဒဏ်ရာမှာ ကုသနိုင်တော့မည် ဖြစ်သည်။ နန်ဒူဝန်ယမ်နှင့် တန်လန်တို့က ဟွာဖန်းလူအား ကြည့်ကာ ပြုံးလိုက်ကြသည်။ ထို့နောက် သူတို့က ရီဖူရှင်းအား ကျေးဇူးတင်စွာ ကြည့်သည်။
ဟွာဖန်းလူ၏အမူအရာမှာ တည်ငြိမ်လှသော်လည်း သူ့စိတ်ထဲတွင်ကား နွေးထွေးမှုကို ခံစားရသည်။ သူ့တပည့်က အချိန်အတော်များများတွင် မျက်နှာပြောင် တိုက်တတ်သော်လည်း သူကား သူသဘောကျသော အရင်တုန်းက ရီဖူရှင်းသာဖြစ်သည်။
“ယူချင်း… မင်း အဆင်သင့်ဖြစ်ပြီလား…” ဘုရင်မင်းမြတ်က ယူချင်းအား နောက်တစ်ကြိမ် မေးသည်။
ယူချင်းက ရီဖူရှင်းအား တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူက ဘုရင်မင်းမြတ်အား ပြန်လည် အဖြေပေးသည်… “ကျွန်တော့််ရဲ့ ဆရာကို ပြန်ရှာချင်တယ်…”
“ရီဖူရှင်းက သူ့သဘောအား ချက်ချင်း နားလည်သည်။ ယိချင်အား ပြန်တွေးမိလျှင် ရီဖူရှင်းကလည်း ထိုအပေါက်ဆိုးသော လူကြီးအား သတိရ၏။ ယိချန် ဘေးကင်းရန် သူမျှော်လင့်မိသည်။
“ကျွန်တော် ရှင်းပြပါရစေ…” ရီဖူရှင်းက ပြောသည်။ ယနေ့ ဘုရင်မင်းမြတ်၏ အပြုအမူများအရ နိုင်ငံ နှစ်နိုင်ငံမှာ ပြိုင်ဘက်များ ဖြစ်သည့်အတွက် အဖြစ်အပျက်များအား ရှင်းပြခြင်းက ပြဿနာ မရှိနိုင်ပေ။
ယူချင်းကလည်း ခေါင်းညိတ်သည်။
ရီဖူရှင်းက ဘုရင်မင်းမြတ်အား ကြည့်ကာ ပြောသည်…“အရင်ဆုံး အရှင်မင်းကြီးထံမှ ခွင့်လွှတ်ပေးပါလို့ တောင်းပန်ပါရစေ…”
ဘုရင်မင်းမြတ်က သူ့အား နားမလည်ဟန်ဖြင့် ကြည့်သည်… နောက်ထပ် ခွင့်လွှတ်ရန် တောင်းခံမှုလား…။ သည်ကောင်လေးတွင် လျှို့ဝှက်ချက်များ များပြားလွန်းလှသည်။
“ပြောပါ… ငါမင်းကို အပြစ်ပေးမှာ မဟုတ်ဘူး…” ဘုရင်မင်းမြတ်က ပြောသည်။
“ကျွန်တော်တို့က ကန်ယီနိုင်ငံက မဟုတ်ပါဘူး…” ရီဖူရှင်းက ပြောသည်။ ဤသည်ကို ကြားလျှင် ချီးကျူးနေကြသော လူအများအပြား တိတ်ဆိတ်သွားကြသည်။ ရီဖူရှင်း။ ယူချင်းနှင့် ဟွာဂျီယူတို့က ပွဲတော်တွင် အလွန်ထူးခြား အံ့အားသင့်ဖွယ် ကောင်းသော စွမ်းဆောင်ရည်များအား ပြသခဲ့ကြသည်။ ယခု သူတို့က ကန်ယီနိုင်ငံမှ မဟုတ်ကြောင်း ပြောခဲ့ကြသည်။ သူတို့က ထိပ်ဆုံးသုံးနေရာမှ နှစ်နေရာကိုပင် ရယူထားကြသည်။ သည်အဖြစ်က ကန်ယီနိုင်ငံမှ ပါရမီရှင်များအား အရှက်ရစေသည်။
ဘုရင်မင်းမြတ်က အနည်းငယ် အံ့အားသင့် သွားသော်လည်း ချက်ချင်း ပြန်ထိန်းလိုက်သည်။ သူတို့ကား အလွန် အရည်အချင်းရှိသော လူငယ်များဖြစ်ပြီး သူ၏နိုင်ငံမှ မဟုတ်ကြပေ။ သူတို့က ဖန်းဟွာပွဲတော်အား ရည်ရွယ်ချက် တစ်စုံတစ်ခုဖြင့် တက်ရောက်ခြင်း ဖြစ်ရပေမည်။
“ဆက်ပြော…” ဘုရင်မင်းမြတ်က ပြောသည်။
ကျွန်တော်တို့က နန်ဒူနိုင်ငံရဲ့ အရှေ့ပင်လယ်ဒေသက လာတာပါ… ရီဖူရှင်း၏စကားက ပရိသတ်များ အားလုံးကို လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ နန်ဒူနိုင်ငံကား ကန်ယီနိုင်ငံ၏ ရန်ဘက်ဖြစ်သည်။ ရန်သူနိုင်ငံမှ ပါရမီရှင်က ကန်ယီနိုင်ငံမှ ဖန်းဟွားပွဲတော်တွင် အမှန်ပင် ထွန်းတောက် လာကြသည်။
“ကျွန်တော်က ဒွန်ဟိုင်ကျောင်းတော်မှာ တန်ခိုးကျင့်ပါတယ်… ဒါပေမဲ့ ကောင်းကင်ပြက္ခဒိန်ရဲ့ နောက်ဆုံးနေ့မှာ ဧကရာဇ်လျိုက ရုတ်တရက် ကျွန်တော်တို့ကို သတ်ဖြတ်ဖို့ အမိန့်ပေးခဲ့တယ်…. အကြီးအကဲတချို့ရဲ့ အသေခံတိုက်ခိုက် ကာကွယ်ပေးမှုကြောင့် ကျွန်တော်တို့က ကန်ယီနိုင်ငံကို ဘေးကင်းကင်းနဲ့ ထွက်ပြေး လာနိုင်ခဲ့ကြတယ်…”
ဘုရင်မင်းမြတ်က အသာအယာ ခေါင်းညိတ်လိုက်သည်။ သူက ဟွာဂျီယူအား ပြုံးလျက် ကြည့်ကာ ပြောသည်…..“ငါက သူမရဲ့ သက်စောင့်ဝိညာဉ်နဲ့ ရင်းနှီးတာ သိပ်တော့ မထူးဆန်းလှပေဘူး… သူမကလည်း သာမန်မဟုတ်တဲ့ မျိုးရိုးကပဲထင်တယ်… ဟုတ်လား…”
“ကျွန်တော့််ရဲ့ ဆရာကတော်က နန်ဒူနိုင်ငံရဲ့ တော်ဝင်မိသားစုဟောင်း ဖြစ်တဲ့ နန်ဒူမိသားစုကပဲ… ဒါပေမဲ့ နန်ဒူမိသားစုကလည်း ကျွန်တော်တို့ကို လိုက်လံ သတ်ဖြတ်ခဲ့တယ်…” ဘုရင်မင်းမြတ်က ခန့်မှန်းရနိုင်သည်ဖြစ်ရာ သူက ထိမ်ဝှက်မထားတော့ပေ။ အရှေ့ပင်လယ်ဒေသကား နီးကပ်လွန်းသည်။ အကယ်၍ ဘုရင်မင်းမြတ်ကသာလျှင် သိလိုသည်ဆိုပါက သူက အလွယ်တကူ စုံစမ်းသိရှိနိုင်သည်။ သူ့အား ယခုကတည်းက အရာအားလုံးကို မှန်ကန်စွာ ပြောခြင်းက ပိုကောင်း၏။
“တော်ဝင်မိသားစုဟောင်း… ဒါဆို သူမက မင်းသမီးလို့ ပြောလို့ရတာပေါ့…” ဘုရင်မင်းမြတ်က ပြုံးလျက် ဆက်ပြောသည်… “ဒါက ယူချင်းရဲ့ တောင်းဆိုမှုနဲ့ ဘယ်လို ပတ်သက်တာလဲ…”
“ယူချင်းရဲ့ ဆရာက အရှေ့ပင်လယ်ဒေသ ဒွန်ဟိုင်ကျောင်းတော်ရဲ့ လာဘ်လာဘ ကျောင်းဆောင် ကျောင်းအုပ်ကြီး ယိချိန်ပါ… သူက ကျွန်တော်တို့လွတ်အောင် တိုက်ခိုက်ပေးတဲ့ အကြီးအကဲတွေထဲက တစ်ယောက်ပဲ… ကျွန်တော်တို့ လွတ်မြောက်အောင် သူတို့က နောက်က လိုက်လာတဲ့လူတွေကို တိုက်ခိုက်ရင်း ကျန်နေခဲ့တယ်…” ရီဖူရှင်းက ဖြေသည်။ ယူချင်းကလည်း သူ့ဆရာအတွက် စိုးရိမ်၏။ သူက ဘုရင်မင်းမြတ်က သူ့လူများအား လွှတ်လျက် သူ့ဆရာအား ရှာဖွေနိုင်မည်လား သိလိုသည်။
ဘုရင်မင်းမြတ်က ယူချင်းနှင့် ရီဖူရှင်းအား ကြည့်ကာ ခေါင်းညိတ်သည်။
အဝေးမှရပ်ကြည့်နေသော ယိချိန်ချန်၏မျက်လုံးများ နီရဲလာနေသည်။ သည်နေ့ရက်များတွင် သူမ၏အဖေအား အလွန် စိုးရိမ်ပူပန်နေခဲ့ရသည်။ ဘုရင်မင်းမြတ်က သဘောတူရန် သူမမျှော်လင့်နေသည်။
ရီဖူရှင်းနှင့် ယူချင်းတို့အပါအဝင် မျက်လုံးပေါင်းများစွာက ဘုရင်မင်းမြတ်ထံကို ရောက်ရှိနေကြသည်။ သူတို့က နန်ဒူနိုင်ငံမှဖြစ်သော်လည်း သူတို့ကား နန်ဒူနိုင်ငံမှ သတ်ဖြတ်သူများထံမှ ပြေးလွှား နေခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် ဘုရင်မင်းမြတ်က သူတို့အား အပြစ်တင်မည် မဟုတ်ပေ။ ဘုရင်မင်းမြတ်က သဘောတူလိမ့်မည်ဟု ရီဖူရှင်းက တွေးထင်သော်လည်း ဘုရင်မင်းမြတ်က မည်သို့မှ မပြောခင် သူလည်း သိပ်မသေချာပေ။
ဘုရင်မင်းမြတ်က သူ့ရှေ့မှ လူငယ်များအား ကြည့်သည်။ သူတို့မှာ နန်ဒူမှ ပါရမီရှင်များနှင့် တော်ဝင်မိသားစုဟောင်းများ ဖြစ်ကြသည်။ သူတို့ကို ဧကရာဇ်လျိုက အဘယ်ကြောင့် သတ်ဖြတ်လိုသနည်း။ ဘုရင်မင်းမြတ်က အကြောင်းပြချက် အနည်းငယ်အား တွေးမိသည်။ သည်လူငယ်များက ထီးနန်းအား အန္တရာယ်ပေးနိုင်သည်။
“တန်ခိုးကျင့်သူ တစ်ယောက်ရဲ့ နိုင်ငံသားဖြစ်မှုက အကန့်အသတ် မရှိသင့်ဘူး… မင်းတို့က နန်ဒူနိုင်ငံကဆိုပေမဲ့ အခု ကန်ယီနိုင်ငံကို ရောက်လာတော့ ကန်ယီနိုင်ငံသားပဲ… ကျုပ်ရဲ့ နိုင်ငံသားပဲ….” ဘုရင်မင်းမြတ်က ပြောသည်… “ မင်းတို့ကို မလိုလားတာ သူ့ဆုံးရှုံးမှုပဲ…”
ဘုရင်မင်းမြတ်၏စကားကို ကြားလျှင် ရီဖူရှင်းတို့အဖွဲ့ စိတ်အေးသွားကြသည်။
ဘုရင်မင်းမြတ်က ရီဖူရှင်းအား နောက်တစ်ဖန်ကြည့်ကာ ပြောသည်… “မင်းနဲ့ ယူချင်းတို့ တောင်းဆိုတာက သိပ်ကြီးမားတာတော့ မဟုတ်ဘူး… ငါကတိပေးတယ်… ပြီးတော့ မင်းတို့သုံးယောက်က ထိပ်ဆုံး ငါးနေရာကို ရောက်ခဲ့တယ်… မင်းတို့က ဆုနဲ့ ထိုက်တန်တယ်… မင်းနဲ့ ယူချင်းက တောင်းဆိုပြီးပြီဆိုတော့ ဟွာဂျီယူကို ငါက ဆုပေးမယ်… သူမက တော်ဝင်မိသားစုဟောင်းရဲ့ မင်းသမီးဆိုတော့ အခု သူမက ကန်ယီနိုင်ငံကို ရောက်လာပြီးနောက် ငါက သူမကို တော်ဝင်မိသားစုမဟုတ်တဲ့ ကန်ယီနိုင်ငံရဲ့ မင်းသမီးအဖြစ် ဘွဲ့တော်အပ်နှင်းတယ်… ဒီနေ့ကစပြီး သူမက နန်းတော်ကို လွတ်လွတ်လပ်လပ် ဝင်ထွက်နိုင်တယ်… မင်းဘယ်လို သဘောရလဲ…”
ဘုရင်မင်းမြတ်က သည်အုပ်စုတွင် ရီဖူရှင်း၏အရေးပါမှုကို ခန့်မှန်း၍ ရသည်။ ဟွာဂျီယူက သူ၏ချစ်သူဖြစ်ပြီး ယူချင်းကလည်း သူ့စကားအား နားထောင်သည်။ သူ့ဆရာနှင့် ဆရာကတော်ပင်လျှင် သူ့အား အလွန် ယုံကြည်ပုံရသည်။ ထို့ကြောင့်ပင်လျှင် ဘုရင်မင်းမြတ်က ရီဖူရှင်းနှင့် ပင်တိုင် ပြောဆိုနေခြင်းပင်။
ဘုရင်မင်းမြတ်က ဟွာဂျီယူအား မင်းသမီးဘွဲ့အား အပ်နှင်းခြင်းအတွက် ထိတ်လန့် အံ့အားသင့်ရသည်။ ဘုရင်မင်းမြတ်၏စကားအရ ဟွာဂျီယူက သူတို့သုံးယောက်အတွက် ဆုပေးခြင်းခံရခြင်း ဖြစ်သည်။ ဖန်းဟွာအဆင့်တစ်။ နှစ်နှင့် လေးနေရာတို့အတွက် ဟွာဂျီယူအား မင်းသမီးဘွဲ့ပေးခြင်းက ကျိုးကြောင်းဆီလျော်သည်။
အတန်ကြာလျှင် လူအများအပြားက ထိတ်လန့် အံ့အားသင့်ရာမှ သတိပြန်လည် လာကြသည်။ ဘုရင်မင်းမြတ်၏ သဘောအား သူတို့က ချက်ချင်း နားလည်ကြပြီး သူတို့၏မျက်လုံးတွင် လေးစားသော အရိပ်အယောင်များ ပေါ်လာကြသည်။ သည်အုပ်စုကား နန်ဒူနိုင်ငံမှ သတ်ဖြတ်ရန် အလိုရှိသူများ ဖြစ်ကြသော်လည်း ကန်ယီနိုင်ငံ၏ ဘုရင်မင်းမြတ်က သူတို့အား ဆုလာဘ်များ ကြီးမားစွာ ချီးမြှင့်သည်။ ဟွာဂျီယူအား မင်းသမီးဘွဲ့ပင်လျှင် ချီးမြှင့်၏။ သူ့အပြုအမူက ဧကရာဇ်ရီ၏သဘောထားကြီးမှု။ ရက်ရောမှု စေတနာများကို ဖော်ပြနေသည်။
ရီဖူရှင်းကလည်း နားလည်သည်။ သူက နန်ဒူနိုင်ငံ၏ နိုင်ငံသားဖြစ်မှုတွင် ငြိတွယ်နေစရာ မလိုပေ။ ဟွာဂျီယူ၏မင်းသမီးဘွဲ့က ဘွဲ့အမည်သက်သက် ဖြစ်သော်လည်း ဘုရင်မင်းမြတ်၏ စေတနာကို ကိုယ်စားပြုသည်။ ထို့ကြောင့် ပြန်ပြောရန် လိုအပ်ပေသည်။
“ကျေးဇူးတင်ပါတယ်… အရှင်မင်းကြီး…” ရီဖူရှင်းက တွန့်ဆုတ်ခြင်းမရှိဘဲ ပြောသည်။
လူအများအပြားက သည်ကိစ္စနှင့် ပတ်သက်၍ အံ့အားသင့် မှင်တက်ရသည်။ ဖန်းဟွာ ပွဲတော်၏ သည်နေ့က အံ့သြစိတ်လှုပ်ရှားစရာများ ပြည့်နှက်နေသည်။ ဟွာဂျီယူကား တော်ဝင်မိသားစု မဟုတ်သော မင်းသမီးအဖြစ် ဘွဲ့အပ်နှင်းခြင်း ခံရ၏။
**