အပိုင်း(၁၂၅)

အတော်ကောင်းတဲ့ လူပဲ

ယူချင်းက အပေါက်ဆိုးသော်လည်း သူက တုံးအသည်တော့ မဟုတ်ပေ။ တစ်ခါတစ်ရံ တချို့နေရာများတွင် သူက အလွန် ဉာဏ်ကောင်းသေးသည်။ ကျောင်းချင်းဖန်၏ စကားက အလွန်ရက်ရောဟန် တူသော်လည်း အမှန်တကယ်အားဖြင့် နောက်ကွယ်တွင် အဓိပ္ပာယ်များ ပါဝင်သည်။ သူက ရည်ရွယ်ချက်ဖြင့် ထိုစကားအား ပြောခြင်းဖြစ်သည်။ ထိပ်ဆုံးသုံးနေရာမှာ အလွန် ဂုဏ်ယူဖွယ်ရာဖြစ်ပြီး ဘုရင်မင်းမြတ်ထံတွင် ဆန္ဒတစ်ခု တောင်းဆိုနိုင်သည်။ သို့သော် ပထမနေရာနှင့် ဒုတိယနေရာမှာကား ကွာခြားသည်သာ ဖြစ်သည်။ လူအများကလည်း ပထမရသော သူကိုသာလျှင် မှတ်မိကြမည်ဖြစ်သည်။ ထို့အပြင် အကယ်၍ ရီဝူချင်းသည်သာ ပထမရခဲ့လျှင် အဆင့်ရပ်တည်မှုအား ဆုံးဖြတ်သည်မှာ တန်ခိုးအဆင့်မြင့်သော သူအား အလေးသာ သွားစေမည်ဖြစ်သည်။ ဤသို့ဆိုလျှင် ကျောက်ချင်းဖန်အား ဒုတိယနေရာကို ပေးမှသာလျှင် မျှတမည်ဖြစ်သည်။

“ကျွန်တော်က တိုက်ပွဲတစ်ပွဲပဲ တိုက်ခိုက်ခဲ့တယ်… ကျွန်တော်က အဆင့်ငါးနေရာကို ရသင့်တယ်…” ယူချင်းက ပြောသည်။ သူက ဘုရင်မင်းမြတ်အား ကြည့်ကာ ဆက်ပြောသည်… “ကျောက်ချင်းဖန်နဲ့ ရီဝူချင်းက ဓမ္မ အဆင့်နှစ် တန်ခိုးရှင်တွေပဲ… သူတို့နှစ်ယောက်မှာ ရီဝူချင်းက ပိုပြီး အစွမ်းထက်တယ်… ကျောက်ချင်းဖန်က ရီဝူချင်းနဲ့ မတိုက်ခိုက်ခဲ့ပေမဲ့ ရီဝူချင်းနဲ့ ယှဉ်ရင် သူက လိုနေသေးတယ်ဆိုပြီး အရှုံးပေးထားတယ်… ကျောက်ချင်းဖန်က သူ့စွမ်းရည်တွေကို ကောင်းကောင်း သက်သေမပြထားဘူး… သူက အဆင့်လေးပဲ ဖြစ်သင့်တယ်….”

ကျောက်ချင်းဖန်နှင့် ယူဂျန်တို့က ယူချင်း၏စကားကြောင့် ထိတ်လန့်ရသည်။ အထူးသဖြင့် ကျောက်ချင်းဖန်ပင်။ သူ၏အကြည့်က ဓားသွားတစ်စင်းလို ဖြစ်သွားသည်။ ယူချင်းက သူ့အား လူအများရှေ့တွင် သူ၏စွမ်းရည်များမှာ သက်သေကောင်းကောင်း ပြထားခြင်း မရှိကြောင်း ထောက်ပြသွားသည်။

“ဒါ အဓိပ္ပာယ်ရှိတယ်…” ဘုရင်မင်းမြတ်က ပြုံးလျက် ခေါင်းညိတ်သည်… “မင်းက တိုက်ပွဲတစ်ပွဲပဲ ရှိခဲ့ပေမဲ့ ပြိုင်ဘက်က ဓမ္မအဆင့် တန်ခိုးရှင်ပဲ… ဓမ္မအဆင့်ထက် နိမ့်တဲ့ ဘယ်သူမဆို မင်းက အလွယ်တကူ အနိုင်ရမှာပဲ…” သူက ယူချင်းအား ပြောသည်။

“ကျောက်ချင်းဖန်ကတော့ ကန်ယီကျောင်းတော်ကလို့ မပြောရဘူး… မင်းက အရမ်း ထက်မြက်ပြီးတော့ နှိမ့်ချတတ်တဲ့ စိတ်ရှိတယ်…” ဘုရင်မင်းမြတ်က ပြုံးလျက် ဆက်လက် ကြေညာသည်… “ဖန်းဟွာအဆင့်ရဲ့ အဆင့်ငါးနေရာက ကျောက်ချင်းဖန်ပဲ…”

ဘုရင်မင်းမြတ်၏ ချီးကျူးမှုကို ကြားလျှင် ကျောက်ချင်းဖန်က ကျေနပ်စွာ ပြုံးလိုက်သည်။ သို့သော် ဘုရင်မင်းမြတ်၏ ဒုတိယမြောက် စကားအား ကြားသောအခါ ထိုအပြုံးက အေးခဲသွားသည်။ သို့သော်လည်း သူ အလျင်အမြန် ပြန်လည် သတိဝင်လာ၏။

ဖန်းဟွာရင်ပြင်ပေါ်တွင် လူအများအပြား၏ အာရုံက ထိုလူငယ်များထံ ရှိနေကြသည်။ ယူချင်း။ ကျောက်ချင်းဖန်နှင့် ဘုရင်မင်းမြတ်တို့၏ စကားများတွင် နောက်ကွယ်မှ အဓိပ္ပာယ်များ ပါဝင်နေသည်။

နောက်ဆုံးတွင် ဘုရင်မင်းမြတ်က ကျောက်ချင်းဖန်အား နံပါတ်ငါးနေရာတွင် ထားသည်။ ကန်ယီကျောင်းတော်ကား ကန်ယီနိုင်ငံတွင် အကောင်းဆုံး တန်ခိုးကျင့်ကြံရန် နေရာဖြစ်သော်လည်း သူတို့ထဲတွင် ဖန်းဟွာအဆင့်အတွင်း ကျောင်းသားနှစ်ဦးသာ ပါဝင်ခွင့်ရပြီး မည်သူကမှ ထိပ်ဆုံးသုံးနေရာကို မဝင်ခဲ့ပေ။

“ဟွာဂျီယူ… အဆင့်လေး…” ပရိသတ်က သိပ်မတွေးကြတော့ပေ။ ဘုရင်မင်းမြတ်က ရလဒ်အား ဆက်လက်ကြေညာပြီး အဆင့်လေးနေရာမှာ ယူချင်းမဟုတ်ဘဲ ဟွာဂျီယူ ဖြစ်နေသည်။

ယူချင်းက သူ့အား အဆင့်ငါးနေရာတွင် ထားရန် ဆန္ဒပြုခဲ့သော်လည်း ဘုရင်မင်းမြတ်က သူ့အား ထိပ်ဆုံးသုံးနေရာထဲသို့ ထည့်သွင်းလိုက်သည်။ တစ်ပွဲသာ တိုက်ပြီး ရှုံးနိမ့်ခဲ့သော်လည်း ယူချင်းက အမှန်တကယ် ထိပ်ဆုံးသုံးနေရာသို့ ဝင်ရောက်ခဲ့သည်။ ထိုအဖြစ်က နားမလည်ဖွယ်ရာ ကောင်းသော်လည်း တစ်ချိန်တည်းမှာပင် မှန်ကန်သော ဆုံးဖြတ်ချက်ဟု ပြော၍ ရသည်။

ဖန်းဟွာအဆင့်က အနိုင်အရှုံး တစ်ခုတည်းကိုသာမဟုတ် တိုက်ခိုက်ရေး စွမ်းရည်နှင့် ပါရမီအားလည်း ကြည့်သည်။ ဆုံးဖြတ်ချက်ချရာတွင် ဘုရင်မင်းမြတ်က ထိုအချက်များအား ထည့်သွင်း စဉ်းစားသည်မှာ သေချာလှသည်။ ဥပမာ ဟွာဂျီယူက လင်းယွီယိုအား အနိုင်တိုက်ခိုက် နိုင်သကဲ့သို့ ယူချင်းကလည်း အလွယ်တကူ အနိုင်ရမည်မှာ သေချာလှသည်။

ဟွာဂျီယူကလည်း ဝမ်ယူနှင့် တိုက်ခိုက်သည်။ သို့သော် သူမက ဝမ်ယူအား ယှဉ်၍ မတိုက်နိုင်ပေ။ တခြားတစ်ဖက်တွင် ယူချင်းက ပြိုင်ဘက်၏ ဓမ္မအသိအား ရင်ဆိုင်နိုင်သည်။ သူတို့နှစ်ယောက်အကြား အဆင့်က ရှင်းလင်းသည်။ ထို့ကြောင့်လည်း ဘုရင်မင်းမြတ်က ယူချင်းအား ဟွာဂျီယူ၏အပေါ်တွင် ထားခြင်းဖြစ်သည်။

ယူချင်းက ထူးဆန်းသလို ခံစားရကာ ဘုရင်မင်းမြတ်အား ကြည့်သည်။ ဘုရင်မင်းမြတ်က ထိုအကြည့်အား ခံစားမိသည်ထင့်။ သူက ရယ်မော၍ ပြောသည်…“ ယူချင်း…တတိယ…”

ယူချင်းအား တတိယနေရာကို ပေးသည်ကိုကြားကြလျှင် ပရိသတ်များက ဘုရင်မင်းမြတ်အား လေးစားစွာ ကြည့်ကြသည်။ အဆင့်တစ်မှ အဆင့်တစ်ဆယ်အထိ အဆင့်စီရာမှာ ရိုးရှင်းသည် ထင်ရသော်လည်း အမှန်က အလွန်ရှုပ်ထွေးသည်။

ရီဝူချင်းကား ဖန်းဟွာပြိုင်ပွဲတွင် စွမ်းအား အကောင်းဆုံး တန်ခိုးရှင်ဖြစ်ပြီး ရီဖူရှင်းကား ကြောက်မက်ဖွယ် အကောင်းဆုံးပင်။ သူက သူ့ထက် တန်ခိုးအဆင့် အများအပြားမြင့်သော သူများကိုပင် တိုက်ခိုက်နိုင်သည်။ သူတို့နှစ်ယောက်က ထိပ်ဆုံးနှစ်နေရာတွင် ရှိနေသည်မှာ အလွန်မှန်ကန်လှသည်။ သည်တစ်ခေါက်တွင်ကား ပထမနေရာအား မည်သူက ရမည်ကို သိကြရတော့မည် ဖြစ်သည်။

ထိုအခိုက်တွင် လူတိုင်းက ဘုရင်မင်းမြတ်ထံမှ ထွက်လာမည့် စကားအား စောင့်ဆိုင်းနေကြသည်။ သို့သော်လည်း ဘုရင်မင်းမြတ်က နောက်ဆုံး ကျန်ရစ်သော နှစ်ယောက်အား ပြောလိုက်သည်…“ မင်းတို့တွေကရော… ဘယ်လိုထင်လဲ…..”

ရီဝူချင်း၏အကြည့်က ရီဖူရှင်းထံ ရောက်လာသည်။ သူက ပြောသည်…“ငါက ဓမ္မအဆင့်နှစ်မှာ ရှိနေပြီးတော့ မင်းက ကောင်းကင်အဆင့်မှာပဲ ရှိတယ်… ဒီမတိုင်ခင် တိုက်ပွဲမှာ ငါက မင်းကို စိန်မခေါ်ခဲ့တာက ငါ့အတွက် အရမ်းအားသာချက် ရှိနေလို့ပဲ… ဒါပေမဲ့ အရှင်မင်းကြီးက မေးမှတော့ ငါကလည်း မင်းရဲ့ နှင်တံသုံးပြီး တိုက်ခိုက်တဲ့ နည်းစနစ်ကို စမ်းကြည့်ချင်မိတယ်… ငါက ခုခံရုံပဲ ခုခံမယ်… မတိုက်ခိုက်ဘူး… ဘယ်လို သဘောရလဲ….” ကောင်းကင်ဘုံကိုးဆင့် တိုက်ကွက်ကား အလွန်အားပြင်းသည်။ သို့သော် ရီဝူချင်း၏ တန်ခိုးအဆင့်ဖြင့် ရီဖူရှင်းအား တိုက်ခိုက်ရန်မှာ အလွန်ဖိအားပေးရာ ရောက်ပေသည်။

ရီဖူရှင်းက သူ့အား ထူးဆန်းသလို ကြည့်သည်။ သို့သော် ခေါင်းညိတ်လိုက်၏… “ကောင်းပြီ…” နှစ်ယောက် သဘာတူညီမှု ရပြီးသည်နှင့် သူတို့က ဖန်းဟွာစင်မြင့်အား တက်ရောက် လိုက်ကြသည်။ သူတို့နှစ်ယောက်က မျက်နှာချင်းဆိုင် ရပ်လိုက်ကြ၏။

ရီဝူချင်းက ထိုနေရာတွင် ဓားတစ်လက်၏ တည်မြဲမှုဟန်ဖြင့် ရပ်နေသည်။ သူကား အလွန်ထက်ရှသော ဓားတစ်လက်နှင့် သဏ္ဌာန်တူသည်။

ရီဖူရှင်း၏လက်တွင် နှင်တံရှည်တစ်ခု ဖြစ်ပေါ်လာသည်။

ဘုန်း… ရီဖူရှင်းက ရှေ့ကို တစ်လှမ်း လှမ်းလိုက်သည်။ မမြင်ရသော အားလှိုင်းတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာ၏။

ဘုန်း… သူက နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်၏။ သည်တစ်ကြိမ်ကား ပထမတစ်ကြိမ်ထက် ပိုမို အားကောင်းလာသည်။

တစ်လှမ်းပြီးတစ်လှမ်း လှမ်းကာ ရီဖူရှင်းက ရီဝူချင်းအနီးသို့ လျှောက်လာသည်။ ခြေလှမ်းတိုင်းက သူ့အနီးတွင် စွမ်းအင်ပေါက်ကွဲမှုများ ဖြစ်ပေါ်စေပြီး နောက်ဆုံးတွင် အလွန် အားကောင်းသော စွမ်းအင်လှိုင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။

ရီဝူချင်းက တိတ်ဆိတ်စွာ ရပ်နေဆဲပင်။ ရီဖူရှင်းမည်သို့ပင် လှုပ်ရှားပါစေ သူက ထိုနေရာတွင် တည်ငြိမ်စွာ ရပ်နေမြဲပင်။

စွမ်းအင်လှိုင်းက အမြင့်ဆုံးကို ရောက်ရှိလာသောအခါ ရီဖူရှင်း၏ကျောတွင် အတောင်ပံများ ပေါ်ထွက်လာပြီး သူ့အား လေပေါ်သို့ ခေါ်ဆောင်သွားသည်။ ကောင်းကင်တွင် အလင်းရောင်တစ်ချက် ဝင်းလက်သွားပြီး လျှပ်စီး မိုးကြိုးစီးကြောင်း တစ်ခု ဆင်းသက်လာသလို ရွှေရောင်နှင်တံက ဆင်းသက်လာသည်။

ထိုစဉ်မှာပင် ရီဝူချင်းက ရှေ့ကို ခြေလှမ်းတစ်လှမ်း တိုးလိုက်သည်။ ခြေတစ်လှမ်းမျှဖြင့် ဓားအရှိန်အဝါလှိုင်း တစ်ခုက သူ့အား ဆင်းသက်လာသော ရွှေရောင်နှင်တံထံသို့ ပြေးဝင်သွားသည်။ ကျယ်လောင်သော ရင်ဆိုင်ထိခတ်သံတစ်ချက် ထွက်လာ၏။ ဓားအရှိန်အဝါလှိုင်းက ရွှေရောင်နှင်တံအား ဖျက်ဆီးနိုင်စွမ်းမရှိဘဲ ပြန်ကန်ထွက်လာသည်။ ရီဖူရှင်းက ပြန်ကန်အားကို သုံးလျက် ကောင်းကင်သို့ တစ်ဖန် ထိုးတက်သွားပြန်သည်။ သူပြန်လည် ဆင်းသက် လာသောအခါ နှင်တံ၏အင်အားက ပိုမို ပြင်းထန်လာဟန်တူ၏။

ရီဝူချင်းက လက်ဆန့်တန်းလိုက်ကာ လေထဲကို ညွှန်လိုက်သည်။ ဓားအရှိန်အဝါလှိုင်းက လေထဲကို ပျံ့နှံ့သွားပြီး ကောင်းကင်သို့ ထိုးတက်သွားသည်။ ရီဖူရှင်းက မမြင်ရသော ဓားမုန်တိုင်းတစ်ခုက နှင်တံအား ထိမိသည်ကို ခံစားရသည်။ ရီဖူရှင်း၏နောက်တွင် အလွန် အားကောင်းသော အားလှိုင်းတစ်ခု ရှိသော်လည်း သူက ရှေ့ဆက်တိုးရန် ခက်ခဲနေဆဲပင်။ သူက ကောင်းကင်သို့ တစ်ဖန် ပျံတက်သွားပြီး ကောင်းကင်ဘုံ ကိုးဆင့်တိုက်ကွက်၏တတိယရိုက်ချက်ကို ထုတ်ဖော်လိုက်၏။ ရီဝူချင်းက ကောင်းကင်သို့ မော်ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် ထောင်ပေါင်း များစွာသော ဓားအရှိန်အဝါများ သူ့ထံတွင် လာရောက် စုစည်းကြသည်။ ထိုအရာများ အားလုံးက သူ့ထံ ဆင်းသက်လာသော နှင်တံထံသို့ တိုးဝင်သွားကြသည်။ တတိယ ရိုက်ချက်သည်လည်း ပိတ်ဆို့ခံလိုက်ရ၏။

နောက်တစ်ကြိမ် ပိတ်ဆို့ခံရပြီးနောက် တစ်ဖန် ရီဖူရှင်းက ကောင်းကင်တွင် ဝင့်ကြွားစွာ ရပ်နေလိုက်ပြန်သည်။ စွမ်းအားလှိုင်းက သူ့ကိုယ်တွင် ကြောက်မက်ဖွယ် ကောင်းအောင် လှည့်ပတ်နေကြသည်။ သူ၏အကြည့်က စူးရှကာ အောက်ခြေမှ ရီဝူချင်းအား ကြည့်နေသည်။ မသိလိုက်စဉ်မှာပင် တိုက်ခိုက်လိုသော အရှိန်အဝါတစ်ခုက ရီဖူရှင်းထံတွင် ဖြစ်ပေါ်လာနေသည်။ ဝမ်ယူ။ ဘေချူနှင့် တခြားလူများနှင့် ယှဉ်လျှင် ရီဝူချင်း၏စွမ်းရည်မှာ အလွန့်အလွန် ကြီးမားသည်။ သူကား မည်သည့်သူနှင့်မဆို ကွဲပြားသော အဆင့်တွင် ရှိနေသည်။

နှင်တံရှည်က လေထဲတွင် ကခုန်သွားပြီး သူ၏ပုံရိပ်ယောင်များ ဖြစ်ပေါ်လာသည်။ တိုက်ပွဲ အရှိန်အဝါတစ်ခုက အောက်ခြေကို ဖြန့်ကြက်သွားပြီး အားကောင်းသော ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာသည်။ ကြီးမားသော စွမ်းအင်က ရှေ့ကို တိုးဝင်သွားလျှင် နှင်တံက လေးချက်မြောက် ရိုက်ချက် ထွက်ပေါ်လာသည်။ ထောင်ပေါင်းများစွာသော နှင်တံပုံရိပ်များက နှင်တံကြီးတစ်ခု ဖြစ်ပေါ်သွားသည်။ ဓားအရှိန်အဝါတစ်ခုက နှင်တံထံ တိုးဝင်သွားပြန်သည်။ သို့သော် သည်တစ်ကြိမ်တွင်ကား နှင်တံထံ မရောက်မီ ပျက်စီးသွားသည်။ ဤသည်ကိုမြင်လျှင် ရီဝူချင်းက လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ သူက လေထဲကို ခုန်တက်လိုက်လျှင် သူ့ခန္ဓာကိုယ်က ဓားတစ်လက် ဖြစ်သွားသည်။ ထို့နောက် ဓားအရှိန်အဝါက သူ့ခန္ဓာကိုယ်တွင် လာရောက်ရစ်ပတ်လိုက်ပြီး နှင်တံထံ တိုးဝင်သွားသည်။

နောက်ဆုံးတွင် နှင်တံနှင့် ရင်ဆိုင်မိကာ မဆုံးနိုင်သော ဓားအရှိန်အဝါများ ရီဝူချင်း၏လက်ညှိုးတွင် စုစည်းလာပြီး သူက လက်ညှိုးအား ညွှန်လိုက်လျှင် ကြီးမားသော ဓားတစ်လက် ဖြစ်ပေါ်လာသည်။ နောက်ဆုံးတွင် ထိုလက်နက်နှစ်ခု ဆုံတွေ့ကြပြီး လက်နက်နှစ်ခုလုံး ပျက်စီးသွားကာ အမှုန်အမွှားများအဖြစ် လေထဲကို ပျောက်ကွယ်သွားကြသည်။

ရီဖူရှင်းက လေထဲတွင် ရပ်နေပြီး ရီဝူချင်းအား ကြည့်လိုက်သည်။ သူက  ပြုံးလျက် ချီးကျူးလိုက်သည်… “အရမ်းမိုက်တာပဲ…” ရီဖူရှင်းက အနိုင် အရှုံးအား သိပ် ဂရုစိုက်သည် မဟုတ်ပေ။ ရီဝူချင်းက ဓမ္မအဆင့်နှစ်တွင် ရှိနေသော်လည်း သူကား မူလကတည်းက အလွန်ပါရမီ ကောင်းမွန်သူဖြစ်သည်။ သူက ဘေချူနှင့် တခြားလူများနှင့် တန်ခိုးအဆင့်ချင်း တူသော်လည်း သူနှင့်နှိုင်းယှဉ်၍ မရပေ။ ရီဖူရှင်းနှင့် ရီဝူချင်းတို့အကြား ကွာဟချက်ကား ရီဖူရှင်းအတွက် ကျော်ဖြတ်ရန် အလွန်ကြီးမားလှသည်။

ရီဝူချင်းက ခေါင်းညိတ်လိုက်ပြီး သူ၏နဂိုမူလနေရာသို့ ပြန်သွားသည်။ ရီဖူရှင်းကလည်း ယူချင်းနှင့် ဟွာဂျီယူတို့ ဘေးနားသို့ ပြန်ရောက်သွားသည်။

သည်တိုက်ပွဲ၏ရလဒ်က လူအများအား ထူးဆန်းစေသည်တော့ မဟုတ်ပေ။ သူတို့အကြား ကွာဟချက်က ကြီးမားလွန်းသည်။

ဘုရင်မင်းမြတ်က သူတို့နှစ်ဦးအား ကြည့်လိုက်သည်။ ထို့နောက် သူ့အကြည့်က ရီဝူချင်းထံ ရောက်လာ၏… “ဝူချင်း… မင်းကို ပထမနေရာ ပေးမယ်ဆို မင်းဘယ်လို ခံစားရမလဲ…”

လူတိုင်း၏ရင်ဘတ်များ စတင် လှုပ်ခတ်လာကြသည်။ ဖန်းဟွာအဆင့်တွင် မည်သူ့ကို ပထမနေရာပေးမည်ကို ဘုရင်မင်းမြတ်က ဆုံးဖြတ်လိုက်ပြီလား။

ရီဝူချင်းကား သည်နှစ် ဖန်းဟွာပွဲတော်တွင် ပြိုင်ဘက်ကင်း ဖြစ်သည်။ သူကား ပထမရရန် အရည်အချင်း ရှိသည်။

ရီဝူချင်းက ဘုရင်မင်းမြတ်အား မော်ကြည့်လိုက်သည်။ ပရိသတ်များ၏ အကြည့်များစွာ အောက်တွင် သူ့ပါးစပ်အား ဖွင့်ဟလိုက်သည်… “ရီဖူရှင်းက ကျွန်တော့်ထက် ပိုပြီး ထိုက်တန်ပါတယ်…”

သူ့စကားက လူတိုင်းအား ထိတ်လန့်စေသည်။ သူတို့က ရီဝူချင်းအား ထိတ်လန့်တကြား ကြည့်သည်။ သို့သော် ဘုရင်မင်းမြတ်က ရီဝူချင်း၏အဖြေကို အလွန် သဘောကျဟန်ဖြင့် ပြုံးလိုက်သည်။

သူက ရီဝူချင်းအား ပြုံးလျက် ကြည့်ကာ ပြောသည်… “ဒါဆိုလည်း မင်းရဲ့ ဆန္ဒအတိုင်းပဲ… ဖန်းဟွာပွဲတော် ဒုတိယနေရာ… ရီဝူချင်း…”

ရလဒ်အား ကြေညာလိုက်သည်နှင့် လူတိုင်းက အံ့သြတုန်လှုပ်ရသည်။ သူတို့က ဘုရင်မင်းမြတ်၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ အလွန် အံ့အားသင့်ကြရသည်။ ဘုရင်မင်းမြတ်က ရီဝူချင်းက ပထမနေရာ ရသင့်သည်ဟု ပြောသည်။ ထိုအဖြစ်က ရီဝူချင်းက ပထမရတော့မည်ဟု လူတိုင်းအား တွေးထင်စေသည်။ ယခု မျက်လုံးများစွာက ဟွာဂျီယူနှင့် ယူချင်းတို့ အလယ်တွင် ရပ်နေသော အလွန်ချောမောသော လူငယ်လေးတစ်ဦးထံ ရောက်နေသည်။ သူတို့အားလုံး သိကြသည်မှာ ယနေ့တွင် သည်လူငယ်မှာ ကန်ယီနိုင်ငံအနှံ့ ထင်ရှား ကျော်ကြားတော့မည်ကိုပင်။

ဘုရင်မင်းမြတ်၏ ဘေးတွင် ထိုင်နေသော ရီလင်းဇီက ရီဖူရှင်းအား ပြုံးလျက် ကြည့်လိုက်သည်။ သူကား သူ့ပါရမီနှင့် ထိုက်တန်သော ဂုဏ်အရှိန်အဝါနှင့် အောင်မြင်မှုကို ရပြီဖြစ်သည်။ သူက ဓမ္မအဆင့် တန်ခိုးရှင် သုံးယောက်အား ဆက်တိုက် အနိုင်ယူခဲ့ပြီး တခြားလူများထက် အောင်မြင်ရန် ကံပါလာသည်။

“ဖန်းဟွာအဆင့်ရဲ့ ပထမနေရာ… ရီဖူရှင်း…” ဘုရင်မင်းမြတ်က ပြုံးလျက် ပြောသည်။ လူတိုင်းက အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်သွားကြသည်။ မျက်လုံးများ အားလုံးက တစ်ဦး တစ်ယောက်တည်းထံကို ရောက်နေကြသည်။

ကျောက်ချင်းဖန်နှင့် ယူဂျန်တို့သည်လည်း အေးခဲသွားကြသည်။ ရီဖူရှင်း… ပထမနေရာ… ကျောက်ချင်းဖန်က နံပါတ်ငါး…။

ဘေချူနှင့် ဝမ်ယူတို့က ရီဖူရှင်းအား အေးစက်စွာ ကြည့်လိုက်ကြသည်။

ဟွာကျီဇင်ကလည်း ပြုံးလိုက်သည်။ သူမကလည်း သူ့အတွက် ပျော်ရွှင်မိသည်သာ။

လင်းယွီယို၏မျက်နှာတွင် ဝေခွဲမရဟန်များ ရှိနေသည်။

ဟွာဂျီယူက ရီဖူရှင်းအား ပြုံးလျက် ကြည့်သည်။ သူကား နန်ဒူနိုင်ငံမှ နှင်ထုတ်ခြင်း ခံခဲ့ရသည်။ ဒေါသများ။ အမုန်းများအား သယ်ဆောင်ကာ ကန်ယီနိုင်ငံသို့ ရောက်လာသည်။ သည်တိုင်းပြည်တွင် အောင်မြင်မှုရရန် သူက မူလက မမျှော်လင့်ခဲ့ပေ။ ရီဖူရှင်းကား ထိုကဲ့သို့သော လူငယ်ပင်။ သူက မည်သည့်နေရာကို သွားသည်ဖြစ်စေ သူကား အထွန်းတောက်ဆုံး ဖြစ်လာသည်ပင်။ မည်သူကမှ သူ့အထက်တွင် မရှိပေ။

ယူချင်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ၏အပြုံးက သည်မတိုင်မီက အလွန်ကြမ်းတမ်းသော ယူချင်းနှင့် ကွဲပြား ခြားနားစေသည်။ သူကား သူကိုယ်တိုင် ပထမရသကဲ့သို့ပင် ပျော်ရွှင်ဟန်တူသည်။ ဖြစ်နိုင်သည်က ယူချင်းက သူပထမရလျှင်ပင် သည်မျှပျော်ရွှင်မည် မဟုတ်ပေ။

အဝေးတွင် ဟွာဖန်းလူ။ နန်ဒူဝန်ယမ်။ တန်လန်။ တန်ဝမ်နှင့် ယိချိန်ချင်တို့ အားလုံးက ရီဖူရှင်းအား ကြည့်နေကြသည်။ သူတို့အားလုံး၏မျက်နှာတွင် အပြုံးများ ဝေဆာနေသည်။ သည်လူငယ်ကား ဒွန်ဟိုင်မြို့တွင် အလွန် ထင်ရှား ကျော်ကြားခဲ့သည်။ ဧကရာဇ်လျို၏ အမိန့်တော်က အရာအားလုံးအား ဖျက်ဆီးခဲ့ကာ သူ့အား ကန်ယီနိုင်ငံသို့ ပြေးစေခဲ့သည်။ ကန်ယီနိုင်ငံမှ ဘုရင်မင်းမြတ်က လူငယ်များ၏ ပါရမီများအား အလွန်သဘောကျ နှစ်ခြိုက်သူ ဖြစ်ဟန်တူကာ ရီဖူရှင်း၏ အရည်အချင်းများအား သဘောကျပြီး ဖန်းဟွာပွဲတော်၏ အဆင့်တစ်နေရာကို ပေးခဲ့သည်။ မှန်သည် ကန်ယီတစ်နိုင်ငံလုံးတွင် ရှိသော လူငယ်ပါရမီရှင်များ စုဝေးပွဲတွင် ရီဖူရှင်းက ပထမ ရခဲ့သည်။

ဘုရင်မင်းမြတ်က ပြုံးလျက် ယူချင်းကို မေးသည်… “ယူချင်း… မင်းက ဘာကို တောင်းဆိုမယ် ဆိုတာ စဉ်းစားထားပြီးပြီလား…”

ယူချင်းက ခေါင်းမော့လိုက်သည်။ သူ့မျက်လုံးများက ဘုရင်မင်းမြတ်၏ မျက်လုံးနှင့် ဆုံသည်။ သူက ခေါင်းကုတ်လိုက်၏။ သူက မည်သည့် တောင်းဆိုမှုများ ပြုလုပ်မည်ကို မစဉ်းစားခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူက ထိပ်ဆုံးသုံးနေရာသို့ ဝင်မည်ဟု လုံးဝ မထင်ထား ခဲ့သောကြောင့်ပင်။

“အရှင်မင်းကြီး… အရှင်မင်းကြီးကို ကြည့်ရတာ အတော်ကောင်းတဲ့လူပဲ… ဒါကြောင့် ကျွန်တော်က ဘာမှ မတောင်းတော့ပါဘူး…” ယူချင်းက ရိုးသားစွာ ပြုံးလျက် ပြောသည်။ သူ့အတွက်ကား ရီဖူရှင်း၏ဂုဏ်သိက္ခာက အရာအားလုံးထက် ပိုမို၍ အရေးကြီးသည်။

ယူချင်း၏စကားက လူတိုင်းအား ထိတ်လန့်စေသည်။

“အတော်ကောင်းတဲ့လူ…” ဘုရင်မင်းမြတ်က အံ့အားသင့်သွားသည်။ သူက အသာအယာ ရယ်မောလိုက်သည်။ သူက ယူချင်းအား ပြောသည်… “ငါ့ကို ဒီလိုမျိုး ဘယ်သူကမှ မပြောခဲ့ဘူး… မင်းပြောတာကို ငါမှတ်ထားမယ်…”

***


Comment

Leave a Reply

Options

not work with dark mode
Reset