ဖန်းဟွာစင်မြင့်ပေါ်တွင် နောက်ဆုံး လူအနည်းငယ်မျှသာ ယှဉ်ပြိုင်ရန် ကျန်ရစ်ခဲ့ရာ အနည်းငယ် အေးဆေး သွားသည်ဟု ဆိုနိုင်သည်။
သူတို့မှာ အရှင်လေး ရီဝူချင်း။ ကန်ယီကျောင်းတော်မှ ကျောက်ချင်းဖန်နှင့် လီရီတို့ ဖြစ်ကြသည်။ ရီဖူရှင်းတို့ သုံးယောက်ပြီးလျှင် လီရီသည်လည်း မထင်မှတ်ထားဘဲ စွမ်းဆောင်ရည် မြင့်လှသူဖြစ်သည်။ သည်ပွဲတော်မတိုင်မီက သူ့အား မည်သူကမှ မသိကြသလို သူက ကန်ယီနိုင်ငံမှလည်း မဟုတ်ပေ။ အကယ်၍ ရီဖူရှင်းတို့အုပ်စု မရောက်လာခဲ့လျှင် လီရီကား ပါရမီ အကောင်းဆုံး လူငယ်ဟုပင် သတ်မှတ်၍ ရသည်။
သူ၏သက်စောင့်ဝိညာဉ်မှာ ခြေသုံးချောင်းပါသော မီးငှက်ဖြစ်သည်။ ထိုငှက်က သူ့အား လေဓာတ်နှင့် မီးဓာတ်စွမ်းအင်များအား ပေးသည်။ သူက မှော်ပညာနှင့် သိုင်းပညာနှစ်မျိုးလုံးကို လေ့ကျင့်ပြီး သူ၏တိုက်ခိုက်ရေး နည်းစနစ်များမှာ ထူးခြားသည်။ သူတိုက်ခိုက်သော အချိန်တွင် သူသုံးစွဲသော သဘာဝစွမ်းအင်များက သာမန်မဟုတ်ဘဲ အလွန်ပြင်းထန်သည်။
ထိုအခိုက်တွင် လီရီက စင်မြင့်ပေါ်ကို တက်လာကာ ရီဝူချင်းအား ကြည့်လိုက်သည်။ ရီဝူချင်းကား ဖန်းဟွာပွဲတော်တွင် အစွမ်းအထက်ဆုံးဟု ပြောနိုင်သော်လည်း သူက ကြိုးစား ကြည့်လိုသည်။
ရီဝူချင်းက ဖန်းဟွာစင်မြင့်ပေါ်သို့ လျင်မြန်စွာ ရောက်ရှိလာသည်။ သူကား နဂိုပုံစံကဲ့သို့ပင် တည်ငြိမ်သည်။ သူ့ခန္ဓာကိုယ်က ဓားတစ်လက်အလား ရပ်နေသည်။ သည်ကဲ့သို့ ဟန်အမူအရာက သူတိုက်ခိုက်ခါနီးပို၍ ပေါ်လွင်ထင်ရှားသည်။ သူ့ပုံစံက ဓားအရှိန်အဝါက သူ့အား ရစ်ပတ်ထားသည့် အလားပင်။
လီရီကလည်း သူ၏သက်စောင့်ဝိညာဉ်မှတစ်ဆင့် သူ၏ဓမ္မအသိအား ထုတ်လွှတ်လိုက်သည်။ သူခန္ဓာကိုယ်က အလွန်ကြီးမားသော ရွှေရောင်ငှက်ကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ မီးလျှံများက ပတ်ဝန်းကျင် တစ်ခုလုံးကို ပြည့်နှက်သွားပြီး ထိုမီးလျှံက ဝမ်ယူ၏မီးလျှံထက် ပြင်းထန်သည်။
“မင်းရဲ့ ဓမ္မကို အခုထိ မထုတ်ဖော်သေးဘူးလား…” လီရီက မေးသည်။
“မလိုဘူး…” ရီဝူချင်းက ယုံကြည်မှု ပြည့်နေသော လေသံဖြင့် ပြောသည်။
ရွှေရောင်ငှက်ကြီး၏ ပုံရိပ်ယောင်များက ရီဝူချင်းထံကို မီးလျှံများ ဖုံးလွှမ်းလျက် ခုန်အုပ်လိုက်ကြသည်။ ထိုအခိုက်တွင်တွင် ရီဝူချင်း၏ကိုယ်တွင် မီးလျှံများ ရပ်ပတ်လာနေသည်။ သို့သော် သူ၏ခန္ဓာကိုယ်တွင် ဓား၏အရှိန်အဝါများ ရစ်ပတ်လျက် ရပ်နေဆဲပင်။ ထိုဓားအရှိန်အဝါက ရွှေရောင်ငှက်၏ပုံရိပ်များအား ချက်ချင်း ပိုင်းဖြတ်သွားသည်။
“ဘယ်လိုတောင် အားကောင်းလိုက်တဲ့ ဓားအရှိန်အဝါလဲ….” သူတို့၏ နှလုံးသားများအား အေးစက်သော ဓားသွားများ လာရောက် ထိတွေ့သည့်အလား လူအများအပြားက ခံစားကြရသည်။ ရီဝူချင်း၏ခန္ဓာကိုယ်တွင် ရစ်ပတ်နေသော ဓားအရှိန်အဝါက ဓားတစ်စင်းအလား သူ့ကိုယ်တွင် လှည့်ပတ်လာနေသည်ကို မြင်ကြရသည်။ ထိုအရာကား အလွန် ထူးခြား ကောင်းမွန်လှသည်။ ဖန်းဟွာပွဲတော် မစမီကတည်းက လူအများက ရီဝူချင်းမှာ သည်ပွဲတော်တွင် စွမ်းအား အမြင့်ဆုံးအဖြစ် သတ်မှတ်ခဲ့ကြသည်။ ရီဝူချင်းကလည်း သူတို့အား စိတ်မပျက်စေခဲ့ပေ။
လီရီက ရီဝူချင်းထံသို့ လျင်မြန်စွာ ပြေးဝင်သွားသည်။ ရီဝူချင်းက ရှေ့ကို တစ်လှမ်း တိုးလိုက်ရုံမျှဖြင့် သူ့ကိုယ်မှ ဓားအရှိန်အဝါက ကြောက်မက်ဖွယ် ကောင်းအောင် စုစည်းလာကြကာ နောက်ဆုံး ဓားပုံသဏ္ဌာန် တစ်ခု ဖြစ်ပေါ်လာသည်။ သူကား ဓားတစ်လက်ဖြစ်သည်။ လင်ရီ ရပ်တန့်လိုက်သည်။ ရီဝူချင်းက ထိုအချိန်တွင် လူတစ်ယောက် မဟုတ်တော့ဘဲ ဓားတစ်လက် ဖြစ်သွားသည်ဟု သူခံစားရသည်။ မီးလျှံများအား ပြန်ရုပ်သိမ်းကာ လီရီက စင်မြင့်ပေါ်မှ ပြန်လည် ထွက်ခွာသွားသည်။
“ကျုပ်ရှုံးသွားတယ်…” လီရီ၏ဝန်ခံမှုကို ကြားရသော်လည်း လူအများအပြားက ဖြစ်ပျက် သွားသည်များအား နားလည်ရန် ခက်ခဲနေဆဲပင်။ အစကတည်းက ရီဝူချင်း၏ထက်မြက်မှုကို သိသော်လည်း သူက စိန်ခေါ်ခဲ့သည်သာ။ တိုက်ပွဲမစမီကပင် သူက အဘယ်ကြောင့် နောက်ဆုတ်ခဲ့ရသနည်း။ သူတို့က လီရီအား နားမလည်ကြပေ။ သို့သော် လီရီအတွက်မူကား ရီဝူချင်းက ရှေ့ကို ခြေတစ်လှမ်း တိုးလိုက်ကတည်းက သူရှုံးနိမ့်ခဲ့ပြီ ဆိုသည်ကို သိလိုက်ပြီး ဖြစ်သည်။ သူကား ရီဝူချင်း၏ အဆင့်အတွင်းမရှိပေ။ ပညာရပ်ပိုင်း ဆိုင်ရာတွင် လည်းကောင်း စိတ်ဝိညာဉ် စွမ်းအင်တွင် လည်းကောင်း ကွာဟချက် ကြီးမားလွန်းလှသည်။
ရီဝူချင်းက နောက်ဆုတ်လိုက်ပြီး လေထဲကို ပြန်လည် ပျံတက်သွားသည်။ လူအများအပြား၏ အကြည့်က ရီဝူချင်းအား ယှဉ်နိုင်ဖွယ်ရှိသော ကျောက်ချင်းဖန်ထံသို့ ရောက်သွားကြသည်။ သို့သော်လည်း ကျောက်ချင်းဖန်က တိုက်ခိုက်ရန် ဆန္ဒရှိပုံမရပေ။ သူက ရီဝူချင်းအား အနိုင်ရရန် ယုံကြည်မှု မရှိခြင်းလည်း ဖြစ်နိုင်သည်။ မှန်ပေသည်… အကယ်၍ သူက မတိုက်ခိုက်ခဲ့လျှင် မည်သူရှုံးသည် နိုင်သည်ကို လူအများက သိကြမည် မဟုတ်တော့ပေ။
ရီဝူချင်းကလည်း သူ့အား စိန်ခေါ်ရန် ဆန္ဒရှိပုံမရပေ။ ယခုနှစ် ဖန်းဟွာပြိုင်ပွဲတွင် သူ့အား ယှဉ်နိုင်မည့်သူ မရှိတော့သည်ကို သူ ယုံကြည်သည်။ ထို့ကြောင့် တခြားလူများအား သူက လိုက်လံ စိန်ခေါ်နေစရာ မလိုအပ်တော့ပေ။
ဖန်းဟွာရင်ပြင်က တစ်ဖန် တိတ်ဆိတ် သွားပြန်သည်။ ကြည့်ရသည်မှာ မည်သူကမှ တိုက်ခိုက်လိုသော စိတ်ကူး ရရှိပုံမရတော့။ ကန်ယီကျောင်းတော်မှ အကြီးအကဲ တစ်ယောက်က စင်မြင့်ပေါ်သို့ တက်လာကာ ပြောသည်… “ဘယ်သူရှိသေးလဲ …မဟုတ်ရင် ပြိုင်ပွဲကို အဆုံးသတ်တော့မယ်…”
မည်သူမှ ပြန်မပြောကြပေ။ အကြီးအကဲက ဘုရင်မင်းမြတ်အား ကြည့်လိုက်သည်။ ဘုရင်မင်းမြတ်က ခေါင်းညိတ်ပြသည်။ ကန်ယီကျောင်းတော်မှ ကျောင်းတော်သားများက အရိုအသေပေးကာ ရင်ပြင်မှ ဆုတ်ခွာသွားကြသည်။
လူအများအပြားက ကောင်းကင်မှ ပါရမီရှင်များအား ကြည့်နေကြသည်။ သူတို့ထဲမှ ဆယ်ယောက်၏ နာမည်ကို ဘုရင်မင်းမြတ်က ခေါ်ယူမည်ဖြစ်ကာ သူတို့မှာ သည်နှစ်တွင် အလွန်ထင်ရှား ကျော်ကြားလာကြတော့မည် ဖြစ်သည်။ အဆင့်နှင့်ပတ်သက်၍ ခန့်မှန်းမှုများ အများအပြားရှိသည်။
“စင်မြင့်ပေါ်ကို တက်ကြ…” ဘုရင်မင်းမြတ်က ပြုံးလျက် ပြောသည်။ ရီဖူရှင်းတို့ သုံးယောက် အပါအဝင် အားလုံးက စင်မြင့်ပေါ်ကို တက်ရောက်ကြသည်။ ဝမ်ယူတစ်ယောက်သာ သနားစဖွယ် သယ်ယူခြင်း ခံရသည်။ သနားစရာ ကောင်းသော ဝမ်ယူက ရီဖူရှင်းအား ဒေါသတကြီး ကြည့်သည်။ ဖန်းဟွာ အဆင့်အတွင်း မပါဝင်တော့သည်ကို သူသိပြီးဖြစ်ရာ သူက မလာလိုတော့ပေ။ သို့သော် သူ၏အဖေက အမိန့်ပေးခြင်းဖြစ်ရာ မတတ်သာဘဲ တက်လာရသည်။
ရီဖူရှင်းက ဝမ်ယူအား မကြည့်ပေ။ ဝမ်ယူက လင်းယွီယိုအတွက် တိုက်ခိုက်ခဲ့သော အချိန်က သည်ကဲ့သို့ အခြေအနေ ဖြစ်လာလိမ့်မည်ဟု သူလုံးဝ ထင်မှတ်ခဲ့မည် မဟုတ်ပေ။
ဖန်းဟွာစင်မြင့်ပေါ်တွင် လူဆယ့်ငါးယောက် ရောက်ရှိလာကြသည်။
ရီဝူချင်းက မည်သည့်အရာကိုမှ ဂရုမစိုက်သလို တည်ငြိမ်စွာ ရပ်နေစဉ် ကျောက်ချင်းဖန်က အသာအယာပြုံးလျက် ရပ်နေသည်။
လင်းယွီယို၏မျက်နှာတွင် မသေချာသော ခံစားချက်များ ဖြစ်ပေါ်နေသည်။ သူမ၏လှပသော မျက်လုံးများက ဟွာဂျီယူနှင့် ရီဖူရှင်းတို့ထံ တစ်ခါတစ်ရံ ရောက်လာတတ်သည်။ ဖန်းဟွာပွဲတော်တွင် သူမအား ကျော်ဖြတ်နိုင်မည့် မိန်းမလှတစ်ဦး ထပ်မံထွက်ပေါ်လာမည်ဟု လင်းယွီယို မထင်ထားပေ။
ယူဂျန်နှင့် ဘေချူတို့ကား ရီဖူရှင်းကြောင့် သူတို့၏ မောက်မာ ဝင့်ကြွားမှုများ ပျောက်ဆုံးသွားပြီ ဖြစ်သည်။ သူတို့က နောက်ပိုင်း တိုက်ပွဲများတွင် ကောင်းမွန်စွာ စွမ်းဆောင် နိုင်ခဲ့ကြသော်လည်း လူအများက ရီဖူရှင်းနှင့် တိုက်ပွဲကိုသာ မှတ်မိကြမည် ဖြစ်သည်။ သည်ကောင်လေးကား အလွန် ထူးခြား ထက်မြက်လှရာ ဘေချူတို့လို ပါရမီရှင်များနှင့် ယှဉ်မှသာလျှင် သူ၏ထက်မြက်မှုများ ပေါ်လွင်စေမည် မဟုတ်ပါလား။
သူတို့အားလုံးက ဘုရင်မင်းမြတ်အား ဦးတည်ကာ ရပ်နေကြသည်။ ဘုရင်မင်းမြတ်က ပြုံးလျက် ပြောသည်….“ဖန်းဟွာအဆင့်တစ်ဆယ်… လင်းယွီယို…” ဘုရင်မင်းမြတ်၏စကားက လူအများ၏နှလုံးသားအား တုန်ခါစေသည်။
ကန်ယီနိုင်ငံ၏ နံပါတ်တစ်အလှမယ် လင်းယွီယိုကား အလွန်ပါရမီပါသည်။ သူမက ဖန်းဟွာပွဲမစမီကပင် နာမည်ကျော်ကြားသည်။ ယခု သူမကား ဖန်းဟွာအဆင့်တွင် နောက်ဆုံးကို ရောက်နေသည်။ ဖန်းဟွာအဆင့်တွင် ပါဝင်ခွင့်ရခြင်းမှာ အလွန် ဂုဏ်ယူဖွယ်ရာ ဖြစ်သော်လည်း လင်းယွီယို အတွက်ကား စိတ်ပျက်စရာ ရလဒ်ဖြစ်သည်။ နှစ်ပွဲတိုက်ခိုက်ရာတွင် သူမက ဟွာဂျီယူထံ ရှုံးနိမ့်ခဲ့ရပြီး ဟွာကျီဇင်အား တန်ခိုးအဆင့် သာသောကြောင့်သာ အနိုင်ရခဲ့သည်။ ထို့ကြောင့် ဘုရင်မင်းမြတ်၏ အဆင့်သတ်မှတ်ချက်နှင့် ပတ်သက်၍ မည်သူမှ စောဒက တက်စရာ မရှိပေ။
“နံပါတ်ကိုး… ယူဂျင်…” ဘုရင်မင်းမြတ်က ဆက်လက်၍ ကြေညာသည်။ ကန်ယီကျောင်းတော်၏ သူရဲကောင်းကား နံပါတ်ကိုးတွင် ရှိသည်။ သူက ရီဖူရှင်းထံတွင် ရှုံးနိမ့်ခဲ့သော်လည်း သူ၏စွမ်းဆောင်ရည်မှာလည်း အတော်ကောင်းသည်ဟု ဆိုရပေမည်။ သူက နံပါတ်ကိုးနေရာနှင့် ထိုက်တန်၏။
“နံပါတ်ရှစ်… ဘေချူ…” ဘုရင်မင်းမြတ်က ဆက်လက် ကြေညာသည်။ လူအများအပြားက သည်ရလဒ်အား မျှော်လင့်ထားပြီး ဖြစ်သည်။ ယူဂျန်။ ဘေချူနှင့် ဝမ်ယူမှာ ဓမ္မအဆင့်၏ ထိပ်တန်းပါရမီရှင်များဟု သတ်မှတ်နိုင်သော်လည်း ရီဖူရှင်းထံတွင် ရှုံးနိမ့်ခဲ့သည်။ သို့သော်လည်း သူတို့မှာ တခြား ဓမ္မအဆင့် တန်ခိုးရှင်များထက် ထူးချွန်သည်ကို သက်သေပြနိုင်ခဲ့သည်။ ရီဖူရှင်းက ကြောက်မက်ဖွယ် ကောင်းအောင် အစွမ်းထက်နေခြင်းသာ ဖြစ်သည်။ ထို့ကြောင့် ရီဖူရှင်းက ထိပ်ဆုံးသုံးနေရာတွင် ရှိနေမည်မှာ သေချာသည်။
ကောင်းကင်အဆင့်မှ လူငယ်ပါရမီရှင် တစ်ယောက်က ဖန်းဟွာအဆင့်၏ ထိပ်ဆုံးသုံးနေရာအား ဝင်ရောက်ခြင်းမှာ အလွန် ထူးခြားအံ့အားသင့်ဖွယ် ကောင်းသော အကြောင်းအရာဖြစ်သည်။
“နံပါတ်ခုနစ်… ဟွာကျီဇင်…”
မိန်းမလှလေး ဟွာကျီဇင်က နံပါတ်ခုနစ်ဖြစ်သည်။
ဟွာကျီဇင်ကိုယ်တိုင်က သူမ၏အဆင့်နှင့် ပတ်သက်၍ အံ့အားသင့်ရသည်။ သူမက ဘုရင်မင်းမြတ်အား နားမလည်စွာ ကြည့်သည်။ သူမက လင်းယွီယို တစ်ယောက်တည်းနှင့်သာ တိုက်ခိုက်ခဲ့ပြီး ရှုံးနိမ့်ခဲ့ရသည်။ ဘုရင်မင်းမြတ်က သူမအား အဘယ်ကြောင့် နံပါတ်ခုနစ်တွင် ထားရသနည်း။
သည်အဖြစ်က ဟွာကျီဇင်တစ်ယောက်ကိုသာ မဟုတ် လူအတော်များများအားလည်း အံ့အားသင့်စေသည်။ သို့သော်လည်း ဟွာကျီဇင်က သူမ၏ကြယ်ရှစ်ပွင့် ကောင်းကင်အဆင့်ဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ရာ ရှုံးနိမ့်သည်ဟု သတ်မှတ်၍ မရပေ။ သူမနှင့် လင်းယွီယိုမှာ တန်ခိုးအဆင့်ချင်း ကွာခြားသည်။ အကယ်၍ သူမတို့နှစ်ယောက်က တန်ခိုးအဆင့်ချင်း တူညီနေလျှင် ဟွာကျီဇင်က အနိုင်ရရန် ဖြစ်နိုင်ချေများသည်။
လင်းယွီယိုလည်း ထိတ်လန့်သွားသည်။ သူမက တိုက်ပွဲနှစ်ပွဲ တိုက်ခိုက်ခဲ့သော်လည်း ဟွာဂျီယူထံတွင် ရှုံးနိမ့်ခဲ့ပြီး ဟွာကျီဇင်အား အနိုင်ရခဲ့သည်။ သို့သော်လည်း ဘုရင်မင်းမြတ်က သူမအား ဟွာကျီဇင်၏နောက်တွင် ထားခဲ့သည်။ သည်အဖြစ်က သူမအား စိတ်မသက်မသာ ဖြစ်စေ၏။
“နံပါတ်ခြောက်… လီရီ…” ဘုရင်မင်းမြတ်က ဆက်ပြောသည်။ ဓမ္မအဆင့်မှ အစွမ်းထက်လှသော လီရီကား နံပါတ်ခြောက် နေရာကို ရသည်။
နောက်ဆုံးတွင် လူငါးယောက် ကျန်ရစ်သည်။ ရီဖူရှင်းတို့ သုံးယောက်မှာ ထိပ်ဆုံးသုံးနေရာတွင် ရှိသည်။ သူတို့အပြင် ရီဝူချင်းနှင့် ကျောက်ချန်းဖန်တို့လည်း ရှိသည်။ သူတို့နှစ်ယောက်ကား တစ်ပွဲမှ ရှုံးနိမ့်ခဲ့ခြင်း မရှိပေ။ အမှန်က ယူချင်းက ဟွာကျီဇင်ကဲ့သို့ပင် တစ်ပွဲသာ တိုက်ခိုက်ခဲ့ပြီး ရှုံးနိမ့်ခဲ့သည်။
ဤသို့ဆိုလျှင်ကော မည်သည့်အရေးနည်း။ ယူချင်း၏ပြိုင်ဘက်အား ကြည့်လျှင် သိနိုင်သည်။ သူကား ဓမ္မအဆင့်မှ တန်ခိုးရှင်ဖြစ်ပြီး ရှုံးသည်ဟုပင် မသတ်မှတ်နိုင်ပေ။ ယူချင်းက စင်မြင့်ပေါ်မှ ထွက်ခွာခဲ့ခြင်းသာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူက ပြိုင်ဘက်အား ထိအောင် မရိုက်နိုင်သောကြောင့်ပင်။ ဟွာကျီဇင်နှင့် လင်းယွီယိုတို့ကိုကား သူက တိုက်ခိုက်လိုခြင်း မရှိပေ။ သည်ရလဒ်အတွက် မည်သူကမှ ထူးဆန်းသည် မထင်ကြပေ။
တစ်ပွဲတည်း တိုက်ခိုက်ပြီး ရှုံးနိမ့်ခဲ့သော်လည်း ထူးချွန်သောသူ တစ်ယောက်လည်း ရှိသေးသည်။ သူကား ဝမ်ယူဖြစ်သည်။ သို့သော် သူ့အခြေအနေက မတူပေ။ သူ့ပြိုင်ဘက်ကား ကြယ်ခုနစ်ပွင့် ကောင်းကင်အဆင့်မျှသာ ရှိသော ရီဖူရှင်းဖြစ်သည်။ သူကား အခြေအနေဆိုးရွားစွာ အရိုက်ခံရရာ ဘေချူနှင့် ယူဂျင်တို့ကဲ့သို့ သူ့စွမ်းရည်များအား ထပ်မံပြသရန် အခွင့်အရေး မရရှိတော့ပေ။ သူက မည်သူ့ကိုမှ အပြစ်တင်၍ မရပေ။ သူ့နာမည်မှာ ဖန်းဟွာပြိုင်ပွဲတွင် မပါဝင်ရန် ဖြစ်လာခဲ့သည်ဟုသာ ပြောနိုင်သည်။
နောက်ထပ် ကြေညာမည်ကား ထိပ်ဆုံး ငါးနေရာဖြစ်သည်။ လူတိုင်းက ရလဒ်များအား အလွန်သိချင်နေကြပြီ ဖြစ်သည်။
ဘုရင်မင်းမြတ်က ဖန်းဟွာစင်မြင့်ပေါ်မှ ထိုလူငယ်များအား ကြည့်လိုက်သည်။ ကျန်ရှိသော ငါးယောက်မှာ အဆင့်စီရန် ခက်ခဲလွန်းလှသည်။ ကျောက်ချင်းဖန်။ ဟွာဂျီယူနှင့် ယူချင်းတို့တွင် မည်သူက အဆင့်ငါးကို ရမည်နည်း။
ကျောက်ချင်းဖန်ကား အရှုံးမရှိသေးပေ။ သူ့စွမ်းရည်များက ရီဝူချင်းနှင့် မတိမ်းမယိမ်းဟု သတ်မှတ်၍ ရသည်။ ထို့ကြောင့် ကျောက်ချင်းဖန်နှင့် ရီဝူချင်းတို့က စွမ်းအားအမြင့်ဆုံး ဖြစ်သည်။ တချို့က ကျောက်ချင်းဖန်က ရီဝူချင်းအား စိန်မခေါ်ရဲဟု တွေးထင်နေကြသည်။ ဟွာဂျီယူကမူ သူမကလည်း တိုက်ပွဲတစ်ပွဲကိုသာ တိုက်ခိုက်ခဲ့ပြီး တန်ခိုးအဆင့်နှစ်ဆင့် ကျော်ကာ လင်းယွီယိုအား အနိုင်ယူခဲ့သည်။ ယူချင်းလည်း အလွန်သန်မာသည်။ မည်သူက နံပါတ်ငါးဖြစ်သင့်သည်ကို မည်သူမှ တွေး၍ မရပေ။
“မင်းတို့တွေ ပြောစရာတစ်ခုခု ရှိကြလား…” ဘုရင်မင်းမြတ်က ပြုံးလျက် ပြောသည်။
လူတိုင်း၏အမူအရာများ အမျိုးမျိုး ပြောင်းလဲနေကြသည်။ ကျောက်ချင်းဖန်က ပြုံးလျက်ပြောသည်… “အရှင်မင်းကြီး… ကျွန်တော်က ရီဝူချင်းနဲ့ မတိုက်ခိုက်ရသေးပါဘူး… ဒါပေမဲ့ တိုက်ခိုက်ခဲ့ရင်လည်း ကျွန်တော်က ရှုံးနိမ့်မယ်ဆိုတာ သေချာပါတယ်… ရီဝူချင်းရဲ့ ပြိုင်ဘက်ကင်းတဲ့ စွမ်းရည်နဲ့ဆို သူက ထိပ်ဆုံးနေရာကို ရသင့်ပါတယ်… ကျွန်တော့်ကိုတော့ ရှုံးနိမ့်တယ်လို့ပဲ သတ်မှတ်ထားပေးပါ…”
လူအများအပြားက ကျောက်ချင်းဖန်အား အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။ သူက ဖန်းဟွာအဆင့်အား စိတ်ဝင်စားပုံမရပေ။ သူက မိမိ၏အရှုံးအား ကြိုတင်၍ ဖွင့်ဟဝန်ခံပြီး ရီဝူချင်းအား ထောက်ခံပေးခြင်းက လူအများအပြားက သူ့အား လေးစားမိစေသည်။
သို့သော် ယူချင်းက ကျောက်ချင်းဖန်အား အေးစက်စွာ ကြည့်သည်။ သူ့အတွက်မူ ပထမနေရာက ရီဖူရှင်း ဖြစ်ရပေမည်။ ကျောက်ချင်းဖန်က ဘုရင်မင်းမြတ်၏ စိတ်ကူးအား အနှောင့်အယှက်ပေးကာ အဆင့်အား သူ့စိတ်ကူးဖြင့် သတ်မှတ်ပေးရန် အခွင့်အရေး မရှိပေ။
ရီဖူရှင်းက ဖန်းဟွာအဆင့်အား စိတ်မဝင်စားသည်ကို ယူချင်းလည်း သိသည်။ ဓမ္မအဆင့်မှ သုံးယောက်အား အနိုင်ယူပြီးနောက် သူက နောက်ထပ် စိန်ခေါ်ခြင်း မရှိတော့ပေ။ ဆိုလိုသည်က သူက ထိပ်ဆုံးသုံးနေရာဝင်လျှင် ကျေနပ်ပြီဆိုသော သဘောပင်။ သူက ဖန်းဟွာပွဲတော်အား သူ့ဆရာ၏ ဒဏ်ရာကြောင့်သာ တက်ရောက်ခြင်း ဖြစ်သည်။ ပထမနေရာ ဖြစ်ဖြစ်။ တတိယနေရာ ဖြစ်ဖြစ် သူ့အတွက် အရေးမကြီးပေ။ သို့သော်လည်း ယူချင်းက ဂရုစိုက်သည်။ ကျောက်ချင်းဖန်ကား ရီဖူရှင်းကို အရှက်ခွဲရန် ကြိုးစားသော ယူဂျန်တက်ရောက်သော ကန်ယီကျောင်းတော်မှ ဖြစ်သည် မဟုတ်ပါလား။
***