Switch Mode

အပိုင်း (၁၂၃)

တိုက်ပွဲအတွင်း လေ့ကျင့်ခြင်း

မှန်သည်… ရီဖူရှင်းက ဓမ္မအဆင့် ပြိုင်ပွဲဝင်တိုင်းအား တိုက်ခိုက်ရန် ဆန္ဒမရှိပေ။ သို့သော် သူက ထိပ်ဆုံးသုံးနေရာအတွင်း ဝင်ရောက်ရန် သူက ဘုရင်မင်းမြတ်၏ရှေ့တွင် သူ၏စွမ်းရည်များအား လုံလောက်အောင် ပြသရန် လိုပေသည်။ ရိုးရှင်းစွာ ပြောရလျှင် သက်စောင့်ဝိညာဉ် နှစ်ခုနှင့် ဓမ္မအဆင့် တန်ခိုးရှင် နှစ်ယောက်အား အနိုင်ယူခြင်းက လုံးလောက်ပေပြီ။ ရီဖူရှင်းက သည်ထက် သူ၏လျှို့ဝှက်ချက်များအား မဖော်ထုတ်လိုတော့ပေ။ မည်သို့ပင်ဖြစ်စေ ဓမ္မအဆင့် တန်ခိုးရှင် နောက်တစ်ယောက်အား အနိုင်ယူခြင်းက ထိပ်ဆုံးသုံးနေရာအား သေချာသွားစေမည် ဖြစ်သည်။ ထို့ကြောင့် နောက်တစ်ယောက်အား အနိုင်ယူရမည်ဆိုလျှင် ယူဂျန်က သူ့ပစ်မှတ်ဖြစ်ပေသည်။ ယူဂျင်၏မျက်နှာ သိပ်မကောင်းတော့ပေ။ ရီဖူရှင်းက လေထဲမှ သူ့အား ပြုံးလျက် ကြည့်နေသည်။

ယမန်နေ့ ညစာစားပွဲတွင် ရီဖူရှင်းက ဘေချူက ရီဖူရှင်းနှင့် ဟွာဂျီယူတို့ ပူးပေါင်း ဖျော်ဖြေသင့်သည်ဟူသော စကားကို လျစ်လျူရှုသောကြောင့် ယူဂျင်က သူ့အား အပြစ်တင်ခဲ့သည်။ သည်တစ်ခေါက်က ရီဖူရှင်း၏ လက်စားချေမှုပင်။ ထိုအချိန်က ယူဂျန်က ကြယ်ခုနစ်ပွင့် ကောင်းကင်အဆင့်မျှဖြင့် ဘေချူ၏ရှေ့တွင် သည်မျှ မာနကြီးနေစရာမလိုဟု တွေးခဲ့သည်။  ယခု တိုက်ပွဲနှစ်ပွဲပြီးမှသာလျှင် ရီဖူရှင်း၏မာနကြီးမှုမှာ သူ့စွမ်းရည်များနှင့်ယှဉ်လျှင် မည်သို့မှ မဟုတ်သည်ကို သိလိုက်သည်။ အကယ်၍ ဘေချူကိုယ်တိုင်ကပင်လျှင် ဖျော်ဖြရန် စိတ်ကူးမရှိလျှင် သူက ရီဖူရှင်းအား ဖျော်ဖြေရန် စေခိုင်းရအောင် အရည်အချင်း အမှန်တကယ် ရှိပါသေလော။

စင်ပေါ်ကို တက်လိုက်သော်လည်း ယူဂျန်၏မျက်လုံးများတွင် ယုံကြည်မှုများ သိပ်မတွေ့ရပေ။ ဘေချူနှင့် ယူဂျန်တို့ နှစ်ယောက်လုံးမှာ သူ့ထက် မညံ့ကြပေ။ သို့သော် သူတို့နှစ်ယောက်လုံး ရှုံးနိမ့်ခဲ့ရသည်။ သူတို့သုံးယောက်အကြား ကွာခြားချက်များမှာကား ဘေချူက မှော်ဂီတပညာရှင်ဖြစ်ပြီး ဝမ်ယူက သိုင်းပညာရှင်ဖြစ်ကာ ယူဂျန်က မှော်ပညာရှင်ဖြစ်၏။

ရီဖူရှင်းထံသို့ လျှောက်သွားကာ ယူဂျန်က စကားတစ်ခွန်းမှ မပြောပေ။ သူ၏ သက်စောင့်ဝိညာဉ်နှင့်အတူ ဓမ္မအသိအား ထုတ်ဖော်လိုက်သည်။ ထိုအရာနှစ်ခုလုံးမှာ တစ်ကြိမ်တည်း ထုတ်လွှတ်လိုက်ခြင်းဖြစ်ပြီး သူ့နောက်တွင် သစ်ပင်တစ်ပင် ဖြစ်ပေါ်လာသည်။ သစ်ပင်က ပိုပို၍ ရှည်လျားလာပြီး သဘာဝစွမ်းအင်များဖြင့် ပြည့်နှက်နေသည်။ သစ်ကိုင်းများ သစ်ရွက်များက ရှည်လျားလာနေပြီး ယူဂျင်က သစ်ပင်၏အလယ်တွင် ရပ်နေသည်။

ယူဂျင်ကား သစ်သားဓာတ် မှော်ပညာရှင် ဖြစ်သည်။ သူက သဘာဝဓာတ် စွမ်းအင်တစ်ခုတည်းကိုသာ လေ့ကျင့်သော်လည်း သူက မှော်ထိန်းချုပ်သူဖြစ်ရာ ထိုဓာတ်စွမ်းအင်အား အစွမ်းအထက်ဆုံး အခြေအနေအထိ လေ့ကျင့်နိုင်သည်။

သစ်ပင်ကြီး၏ သစ်ကိုင်းများက တရှဲရှဲမြည်ကာ ရီဖူရှင်းထံ တိုးဝင်လာကြသည်။ သူ့ကိုယ်မှ သဘာဝ စွမ်းအင်များအား စုစည်းကာ သူက နွယ်ပင်တစ်ထောင် တိုက်ကွက်အား ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။ စက္ကန့်ပိုင်း အတွင်းပင် နွယ်ပင်များက ကောင်းကင် တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ရီဖူရှင်းအား ချုပ်နှောင်ရန် ကြိုးစားကြသည်။

သူ၏သက်စောင့်ဝိညာဉ်နှင့် ဓမ္မအသိတို့ကြောင့် ယူဂျန်က သူ၏သစ်သားဓာတ်ကို သာမန် သစ်သားဓာတ် စွမ်းအင် မှော်ပညာရှင်များထက် ပိုမိုအားကောင်းစွာ အသုံးပြုနိုင်သည်။ လျှပ်တစ်ပြက်ပင် ရီဖူရှင်းက နောက်ကို ဆုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် မီးနဂါးတစ်ကောင် ထွက်ပေါ်လာသည်။ ဟိန်းဟောက်သံတစ်ချက် ပေးကာ မီးနဂါးက နွယ်ပင်များထံ ပြေးဝင်သွားသည်။ မီးဓာတ်သဘာဝကား သစ်သားဓာတ်ကို အခြေအနေတစ်ခုအထိ သက်ရောက်နိုင်ပေသည်။ သို့သော် အပြန်အလှန်အားဖြင့် ပိုမိုအားကောင်းသော စွမ်းအင်က အသာရနိုင်ပေသည်။ ယူဂျန်၏မှော်ပညာက ရီဖူရှင်းထက် အဆမတန် အားကောင်းသည်။ နွယ်ပင်များက မီးနဂါးအား ထွင်းဖောက်သွားပြီး ရီဖူရှင်းထံ ဆက်လက် တိုးဝင်သွားကြသည်။

“သူက မီးဓာတ်ကိုလည်း သုံးနိုင်တယ်… သူက မှော်ပညာကိုလည်း လေ့ကျင့်တယ်….” လူတိုင်းက ရီဖူရှင်းအား ဆွံ့အစွာ ကြည့်နေကြသည်။ နောက်ထပ် တစ်ဖန် သူတို့က ရီဖူရှင်း၏စကားကို ပြန်လည် သတိရလာကြသည်…. “ကျုပ်က မှော်ဂီတပညာကို ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင်ပဲ လေ့ကျင့်တာ…”

ဘုန်း… ရီဖူရှင်းထဲမှ ကြမ်းတမ်းသော မီးဓာတ်စွမ်းအင်များ ပေါက်ကွဲထွက်လာသည်။ တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်မှ မီးဓာတ်စွမ်းအင်များလည်း သူ့ခန္ဓာကိုယ်ထံ တိုးဝင်လာနေကြသည်။ လျင်မြန်စွာပင် ရီဖူရှင်းကား မီးလျှံများဖြင့် ဖုံးလွှမ်းသွား၏။ သူ၏ခန္ဓာကိုယ်ကား နေမင်း အမြုတေကဲ့သို့ အရာအားလုံးကို ပြာဖြစ်သွားစေနိုင်ပုံ ရသည်။ သူ၏လက်တွင်လည်း မီးလျှံများဖြင့် ရစ်ပတ်နေသော နှင်တံတစ်ချောင်း ဖြစ်လာသည်။ ရွှေရောင်နှင့် မီးတောက်ရောင် စွမ်းအင်များက နှင်တံအား လိုက်လျောညီထွေစွာ စီးဆင်းနေကြသည်။

မှန်ပေသည်။ အလွန် အားကောင်းသော ဓမ္မအဆင့် မှော်ဆရာအား မှော်ပညာ သက်သက်ဖြင့် မယှဉ်နိုင်သည်ကို ရီဖူရှင်း သိသည်။ သူ၏မှော်ပညာက အားကောင်းသည် မှန်သော်လည်း လက်ရှိအချိန်တွင် သိုင်းပညာကသာလျှင် ရီဖူရှင်း၏ အထက်မြက်ဆုံး ပညာဖြစ်နေသည်။ သူက ဧကရာဇ်ရီချင်၏ ခန္ဓာကိုယ်အား လေ့ကျင့်သည့် နည်းစနစ်ဖြင့် တန်ခိုးကျင့်သလို နောက်ပိုင်းတွင်လည်း တော်ဝင် နည်းစနစ်ကြောင့်ပင်လျှင် သူ့ခန္ဓာကိုယ်က မယုံကြည်နိုင်ဖွယ် ကောင်းအောင် သန်မာလာခဲ့သည်။ သူ၏ခန္ဓာကိုယ် သန်စွမ်းမှုသက်သက်ဖြင့် သူက ဓမ္မအဆင့်အောက်မှ မည်သူ့ကိုမဆို သူ အနိုင်ယူနိုင်စွမ်းရှိသည်။ သို့သော်လည်း ဓမ္မအဆင့် တန်ခိုးရှင်များက သူတို့၏ ဓမ္မအသိအား ထုတ်လွှတ်နိုင်ရာ အလွန် စွမ်းအားကြီး၏။ ထို့ကြောင့် မထင်မှတ်သော နည်းစနစ်များဖြင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် လိုအပ်ပေသည်။ ကောင်းကင်ဘုံ ကိုးဆင့်သိုင်းက တန်ခိုးအဆင့်များအား ကျော်၍ အနိုင်ယူနိုင်လောက်အောင် စွမ်းအားကြီးလှသည်။ ရီဖူရှင်းက ဓာတ်မျိုးစုံသုံးနိုင်သော မှော်ထိန်းချုပ်သူ ဖြစ်သော်လည်း သူက ဧကရာဇ် ရီချင်၏ နည်းစနစ်များကို အမွေဆက်ခံရရှိထားရာ မှော်ပညာနှင့် ယှဉ်လျှင် သိုင်းပညာက သူ၏ အစွမ်းအထက်ဆုံး ဖြစ်နေသည်။

နွယ်ပင်များ နီးကပ်လာသည်နှင့် သူ့ခန္ဓာကိုယ်က လေထဲကို ပျံဝဲလျက် တက်သွားသည်။ သူ၏နှင်တံအား ဝှေ့ယမ်းလိုက်လျှင် ကြီးမားသော အားလှိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် နွယ်ပင်များက အဆုံးမရှိသည့်အလား ရီဖူရှင်း၏နောက်ကို အဆက်မပြတ် လိုက်လာနေကြသည်။

ရီဖူရှင်းက နွယ်ပင်များအား လျစ်လျူရှုထားကာ ကောင်းကင်သို့ ဆက်လက် ပျံတက်သွားသည်။ ထို့နောက် သူက နှင်တံအား ဝှေ့ယမ်းလျက် အောက်ကို အရှိန်အဟုန်ဖြင့် ပြန်လည် ဆင်းသက်လာကာ ကြောက်မက်ဖွယ် မီးလျှံများက နွယ်ပင်များအား ဖုံးလွှမ်းသွားသည်။ ရုတ်တရက် လေထဲတွင် နှင်တံပုံသဏ္ဌာန်တစ်ခု ဖြစ်ပေါ်လာကာ ယူဂျင်အား တိုက်ခိုက်လိုက်သည်။

ယူဂျင်၏မျက်နှာကား ခံစားချက် ရှိဟန် မတူပေ။ များစွာသော နွယ်ပင်များ သူ့ရှေ့တွင် ပေါ်လာကာ ထိုတိုက်ခိုက်မှုကို ကာကွယ်လိုက်သည်။ သို့သော်လည်း ထိုနှင်တံသဏ္ဌာန်က တကယ့်တိုက်ခိုက်မှု အစစ်အမှန် မဟုတ်ခဲ့ပေ။ မီးလျှံများထဲမှ ရီဖူရှင်း ထွက်ပေါ်လာကာ သူ၏နှင်တံဖြင့် တစ်ဖန် ရိုက်ချလိုက်ပြန်သည်။ ကောင်းကင်ရှိ သူ၏လှုပ်ရှားမှုများမှာ တကယ့် တိုက်ပွဲဝင်နေသည်နှင့် သိပ်မတူပေ။ တကယ်တမ်းအားဖြင့် သူ၏နှင်တံအား အသုံးပြုပုံကို လေ့ကျင့်နေသည်နှင့် တူလှသည်။

ဒီကောင်… လူအများအပြားက ကောင်းကင်တွင် မီးလျှံများ ရစ်ပတ်လျက် နှင်တံကို ဝှေ့ယမ်းလျက် တိုက်ခိုက်နေသော လူငယ်ကို အံ့သြတကြီး ကြည့်လိုက်ကြသည်။ သူက အမှန်တကယ်ပင်လျှင် လေ့ကျင့်နေသည်ကို သတိထားမိ လာကြသည်။ ယူဂျန်နှင့် တိုက်ခိုက်နေစဉ် လေ့ကျင့်သည်လား… သူက ယူဂျင်ကို မည်သည့်အဆင့်တွင် ထည့်ထားသနည်း။

ယူဂျန်ကလည်း သိသည်။ သူ၏အမူအရာများ မကောင်းတော့ပေ။ သူက သစ်ပင်ကြီးနှင့်အတူ ကောင်းကင်သို့ ပျံတက်လိုက်ပြီး ရီဖူရှင်းထံ တိုးဝင်သွားသည်။ သစ်ပင်ကြီးက တရှဲရှဲမြည်သံပေးလျက် သစ်သားဓာတ် စွမ်းအင်များအား လေထဲတွင် ဖြန့်ကြက်လိုက်သည်။

ယူဂျန်၏နောက်တွင် သစ်ပင်ကြီးက အလွန် လင်းလက် တောက်ပနေပြီး ဆက်လက်၍ ကြီးထွားလာပြန်သည်။ တဖြည်းဖြည်းဖြင့် ထူးဆန်းသစ်ပင်လိုပင် ကောင်းကင်အား ဖုံးလွှမ်းလာနေသည်။ သစ်ပင်ကြီးမှ သစ်ကိုင်းများက ကွေးကောက်လျက် ရီဖူရှင်းထံကို နဂါးတစ်ကောင်အလား တိုးဝင်လာနေကြသည်။ နဂါးနက်ဖြင့် ရစ်ပတ်ခြင်း တိုက်ကွက်မှာ သစ်သားဓာတ်သုံး မှော်တိုက်ကွက်ဖြစ်သည်။ ရီဖူရှင်းထံသို့ တိုးဝင်လာနေကြသော သစ်ကိုင်းများမှာ နဂါးနက်နှင့် တူလှသည်။

ရီဖူရှင်းက နှင်တံအား အဆက်မပြတ် ဝှေ့ယမ်းလိုက်သည်။ သည်က ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသည်များအား သတိပင်ထားမိပုံမရပေ။ နွယ်ပင်များက နီးကပ်လာသောအခါ သူက တတိယအကြိမ် ရိုက်ချလိုက်ပြီး နဂါးနက်ရစ်နှောင်ခြင်း တိုက်ကွက်က ပျက်စီးသွားပြန်သည်။ ယူဂျန် မျက်မှောင်ကုတ်သွားသည်။ ရီဖူရှင်းက နှင်တံအား တစ်ဖန် ဝှေ့ယမ်းလျက် စွမ်းအင်များအား တစ်ဖန် စုဆောင်းနေသည်ကို မြင်ရလျှင် အခြေအနေက အဆိုးရွားဆုံးသို့ ရောက်လာပြီ ဖြစ်သည်ကို သိလိုက်သည်။ ယခု သူက ယူဂျန်အား ရိုက်နှက်ရန် လေးချက်မြောက် ကောင်းကင်ဘုံ ရိုက်ချက်အတွက် စွမ်းအင်များ စုစည်းနေသည်။

လူတိုင်းက တွေးထင်သကဲ့သို့ ရီဖူရှင်းက အမှန်ပင် လေ့ကျင့်နေခဲ့သည်။ သည်မတိုင်မီက ကောင်းကင်ဘုံ ရိုက်ချက်၏ လေးချက်မြောက်အား ရိုက်နိုင်ခဲ့သည်မှာ တော်ဝင်နည်းစနစ်အား အသုံးပြု၍ ဖြစ်သည်။ ယခု သူက သိုင်းပညာ စွမ်းအင်ကိုသုံးလျက် လေးချက်မြောက် ရိုက်ချက်အား ရိုက်ရန် ကြံနေခြင်းဖြစ်သည်။ သူ၏စိတ်ဓာတ်ကား အလွန်ခိုင်မာသည်။ ယခု ရီဖူရှင်းတွင် အခြား အတွေးများ လုံးဝမရှိတော့ပေ။ ပတ်ဝန်းကျင်မှ ဖြစ်ပျက်သမျှက သူနှင့် မသက်ဆိုင်တော့ပေ။ အလွန်ပြင်းထန်သော စွမ်းအင်က သူ့ခန္ဓာကိုယ်တွင် စုစည်းလာနေသည်။ ထိုစွမ်းအင်က လေးလံလှသည်ဟု သူခံစားရ၏။ ကောင်းကင်ဘုံကိုးဆင့် တိုက်ကွက်က ပြင်းထန်သည်။ သို့သော် ထိန်းချုပ်ရန် ခက်ခဲလှသည်။ အလွန်အားကောင်းသော စိတ်ဝိညာဉ်စွမ်းအားကို သုံးရန်လည်း လိုအပ်ပေသည်။ သည်တစ်ကြိမ်ကား ရီဖူရှင်း၏လှုပ်ရှားမှုက နှေးကွေးလေးလံနေသည်။

ထိုစဉ်မှာပင် နဂါးနက်ရစ်နှောင် တိုက်ကွက်က ရီဖူရှင်းထံ တစ်ဖန် ဆင်းသက်လာပြန်သည်။ သစ်ကိုင်းများက အလွန်ထက်ရှသော အကိုင်းဖျားများဖြင့် ဦးတည်ကာ လာနေကြသည်။

ဘုန်း… ရီဖူရှင်းက ကြောက်မက်ဖွယ် အားလှိုင်းတစ်ခုအား ထုတ်လွှတ်လိုက်သည်။ ထို့နောက် နှင်တံက နဂါးနက် ရစ်နှောင်တိုက်ကွက်အား အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားစေတော့သည်။ ကောင်းကင်တွင် မီးလျှံများ ပြန့်ကျဲလာနေသည်။ ရီဖူရှင်းက နှင်တံ၏လှုပ်ရှားမှုအတိုင်း လိုက်ပါလာပြီး ကောင်းကင်မှ ဓာတ်မီးလုံးအလား ဆင်းသက်လာသည်။ သူဖြတ်သွားသမျှ လမ်းတစ်လျှောက် သစ်ကိုင်းများ လောင်ကျွမ်းကုန်သည်။ နောက်ဆုံးတွင် နှင်တံက ယူဂျန်၏ခန္ဓာကိုယ်နှင့် ရိုက်မိတော့သည်။ ထိုရိုက်ချက်က ယူဂျန်အား ဖန်းဟွာစင်မြင့်ပေါ်ကို လွင့်စဉ်ကျစေသည်။

ဖန်းဟွာရင်ပြင်ကား တိတ်ဆိတ်နေသည်။ သူတို့၏မျက်လုံးများက ကောင်းကင်မှ လူငယ်လေးထံ ရောက်နေသည်။ ရီဖူရှင်းက ဓမ္မအဆင့်မှ တန်ခိုးရှင် သုံးယောက်အား ဆက်တိုက် အနိုင်ယူခဲ့သည်။ သူက မှော်ဂီတပညာ။ သိုင်းပညာနှင့် မှော်ပညာ အားလုံးတွင် ထူးချွန်ပြီး စိတ်ဝိညာဉ်။ လေ။ မီး။ သတ္တု ဓာတ်များတွင် ထူးချွန်လှပုံရသည်။ သူ၏ အရည်အချင်းများအရ သူက ဖန်းဟွာပြိုင်ပွဲ၏ ထိပ်ဆုံးသုံးနေရာမှာ သေချာနေပြီဖြစ်သည်။ သူကား ကြယ်ခုနစ်ပွင့် ကောင်းကင် အဆင့်မျှသာ ရှိသေးသော်လည်း တိုက်ခိုက်ရေး ပညာတွင် အကောင်းဆုံးဟု သတ်မှတ်နိုင်သည်။ ဤသို့ဆိုလျှင် ဒုတိယအဆင့် ဓမ္မ တန်ခိုးရှင်များမှ လွဲလျှင် သူ့အား မည်သူက ယှဉ်နိုင်မည်နည်း။

ရီဖူရှင်းက မြေပြင်ပေါ်သို့ လွင့်စဉ်သွားသော ယူဂျန်အား တစ်ချက်ပင် မကြည့်တော့ပေ။ သူက ကြမ်းတမ်းသော ကိုယ်ရောင်ကိုယ်ဝါလည်း ပျောက်ကွယ်သွားသည်။ လျှပ်တစ်ပြက်ပင် သူက သိမ်းငှက်နက်ထံသို့ ပြန်လည် ပျံသန်းသွားသည်။

လူအများအပြားက ရီဖူရှင်းအား စိုက်ကြည့်နေကြဆဲပင်။ သူကား ချောမောသော ရုပ်ရည်နှင့် သွက်လက် လန်းဆန်းသော ဟန်အမူအရာ ရှိသည်။ သူ့မျက်နှာပေါ်တွင် အမြဲအပြုံးတစ်ခု ရှိနေတတ်ကာ တခြားလူများအား သက်သောင့်သက်သာ ခံစားရစေည်။ သို့သော် ယင်ကောင်ကိုပင် နာကျင်စေတတ်ဟန် မရှိသော သည်ချောမောသော ကောင်လေးက ဓမ္မအဆင့်မှ အလွန် ထူးချွန်သော သူသုံးယောက်အား အနိုင်ယူခဲ့သည်။

ထို့နောက် သူတို့၏အာရုံက ထိုလူငယ်၏ဘေးမှ ဟွာဂျီယူထံသို့ ရောက်သွားကြသည်။ ယခု သည်လူငယ်နှစ်ယောက်မှာ လိုက်ဖက်ညီခြင်း မရှိဟု မည်သူမှ မတွေးကြတော့ပေ။ သူတို့အား အလွန် လိုက်ဖက်ညီသော ကောင်းကင်မှ တွဲဘက်ပေးသော ချစ်သူများ ဖြစ်ကြသည်။ သူတို့နှစ်ယောက်လုံးမှာ မယုံကြည်နိုင်လောက်အောင် ပါရမီပါကြပြီး ချောမောကြသည်။ သူတို့နှစ်ယောက် အတူတူရပ်နေလျှင် ကန်ယီနိုင်ငံမှ နံပါတ်တစ်အလှမယ်ပင်လျှင် မှေးမှိန်ရသည်။ ထို့အပြင် သူတို့နှစ်ယောက်၏ နောက်တွင် ရပ်နေသော အလွန်သန်မာသော လူငယ်လေးတစ်ယောက် ရှိသေးသည်။ သူကား ယူချင်းဖြစ်သည်။ သူတို့သုံးယောက်ကား အမှန်ပင် ပုံမှန်မဟုတ်ပေ။ ထိုအုပ်စုတစ်စုလုံးက ထူးဆန်းလှသည်။

ထိတ်လန့်ဖွယ် အဖြစ်အပျက်များ ပြီးသွားပြီးနောက် တိုက်ပွဲက ဆက်လက် ဖြစ်ပွားသည်။ ဓမ္မအဆင့်မှ တန်ခိုးရှင်များက စင်မြင့်ပေါ်တွင် ယှဉ်ပြိုင်ကြသည်။ အရှင်လေး ရီဝူချင်းနှင့် ကန်ယီကျောင်းတော်မှ ကျောက်ချင်းဖန်တို့မှာ ပြိုင်ဘက်မရှိသူများ ဖြစ်ကြသည်။ သူတို့နှစ်ယောက်အား ယှဉ်နိုင်သူမရှိပေ။ မတော်တဆ တစ်ခုခု မဖြစ်ခဲ့လျှင် သည်နှစ်ယောက်မှာ ဖန်းဟွာပြိုင်ပွဲတွင် အစွမ်းအထက်ဆုံး လူများဖြစ်ကြသည်။ ထို့အပြင် ကန်ယီနိုင်ငံမှ မဟုတ်သော ထိပ်သီးပါရမီရှင် တစ်ယောက်လည်း ရှိသေးသည်။  သူလည်း အလွန်ထက်မြက်သည်။

ရီဖူရှင်းထံတွင် ရှုံးနိမ့်ခဲ့ပြီးနောက် ဘေချူနှင့် ယူဂျန်တို့ကလည်း ဆက်လက် တိုက်ခိုက်ကြသည်။ သို့သော် သူတို့၏ မာန်မာနများကား မရှိတော့ပေ။ သူတို့အား ကြယ်ခုနစ်ပွင့် ကောင်းကင်အဆင့် တန်ခိုးရှင်တစ်ယောက်က သင်ခန်းစာပေးပြီးဖြစ်ရာ မောက်မာရန် အခွင့်အရေး မရှိတော့ပေ။ အမှန်က သူတို့သည်လည်း ညံ့လှသည် မဟုတ်ပေ။ သူတို့က တန်ခိုးအဆင့်တူ အတွင်းတွင် တိုက်ပွဲများ တစ်ခုပြီး တစ်ခု အနိုင်ရကြသည်။ ထိုအဖြစ်က လူအများအား အခြေအနေကို နားလည်စေသည်။ သူတို့နှစ်ယောက်က ညံ့နေသည် မဟုတ်ပေ။ ရီဖူရှင်းက အလွန် ထက်မြက်နေခြင်းသာ ဖြစ်သည်။ အကယ်၍ ထိုနေရာတွင် တခြား ဓမ္မအဆင့်မှ တန်ခိုးရှင် တစ်ယောက် ဖြစ်နေလျှင်လည်း ရလဒ်က တူတူပင်ဖြစ်ပေမည်။

ဤသို့ဆိုလျှင် ဘေချူနှင့် ယူဂျန်တို့မှာ ဖန်းဟွာအဆင့်အတွင်း ပါဝင်ရန် အခွင့်အရေး ရှိနေသေးပေသည်။ ဝမ်ယူကား သနားစဖွယ် အကောင်းဆုံးပင်။ သူကား ဆက်လက် တိုက်ပွဲဝင်နိုင်စွမ်း မရှိတော့အောင် အရိုက်ခံထားရသည်။ သူ့စွမ်းရည်များအား ထုတ်ပြနိုင်ရန် အခွင့်အရေးပင် မရှိတော့ပေ။ ဘုရင်မင်းမြတ်က သူ့အား ရွေးချယ်ရန် အကြောင်းပြချက် မရှိပေ။

ကောင်းကင်အဆင့်မှ လင်းယွီယိုနှင့် ဟွာကျီဇင်တို့ကလည်း ဆက်လက် တိုက်ခိုက်ကြသည်။ မိန်းမလှနှစ်ယောက်လုံးမှာ ထူးချွန်ကြသော်လည်း တန်ခိုးအဆင့်မြင့်သော လင်းယွီယိုက အနိုင်ရခဲ့သည်။ သို့တိုင်အောင် ဟွာကျီဇင်က သူမ၏အရည်အချင်းများအား ထုတ်ပြနိုင်ခဲ့သည်။ တန်ခိုးအဆင့်အရ ရှုံးနိမ့်ခဲ့ရသော်လည်း ပါရမီနှင့် အရည်အချင်းတွင်မူ နိမ့်ကျခြင်းမရှိပေ။ သူတို့နှစ်ယောက် တိုက်ခိုက်ပြီးသောအခါ နောက်ထပ် ယှဉ်ပြိုင်လိုသူများ မရှိကြတော့ပေ။ ကောင်းကင်အဆင့်တွင် နောက်ထပ် ကျန်နေသူများမှာ ရီဖူရှင်း။ ယူချင်းနှင့် ဟွာဂျီယူတို့သာ ရှိသည်။ သူတို့အား မည်သူက စိန်ခေါ်တော့မည်နည်း။ ဖြစ်နိုင်သည်က သူတို့က ဓမ္မအဆင့်မှ လူများအားပင်လျှင် တိုက်ခိုက်နိုင်ကြရာ သူတို့အား စိန်ခေါ်မည့် အတွေးများအား ဘေးချိတ် ထားရတော့မည် ဖြစ်သည်။

ထိုအဖြစ်က သည်မိန်းမလှနှစ်ဦးကို ဝမ်းနည်းစေသည်။ ယနေ့ ဖန်းဟွာ စင်မြင့်ပေါ်တွင် မိန်းမလှ သုံးယောက်ထဲတွင် အတောက်ပဆုံးမှာ သံသယ ရှိစရာ မလိုအောင်ပင် ဟွာဂျီယူဟု ပြောရမည်ဖြစ်သည်။ သူမက လင်းယွီယို၏ နေရာအား ယူသွားသည်။

ယူချင်းကလည်း ဓမ္မအဆင့်မှ တခြား တစ်ယောက်နှင့် ယှဉ်ပြိုင် တိုက်ခိုက်သည်။ သို့သော် သူ အနိုင်မရပေ။ အကြောင်းပြချက်ကား ရှင်းသည်။ သူ့ပြိုင်ဘက်က လေထဲတွင် ပျံသန်းနိုင်ပြီး ယူချင်းက မပျံသန်းနိုင်ပေ။ ထို့ကြောင့် သူက ပြိုက်ဘက်၏ တိုက်ခိုက်မှုများကိုသာလျှင် ခုခံရသည်။ ထိုအဖြစ်က ယူချင်းအား ဒေါသထွက်စေသည်။ နောက်ဆုံးတွင် ယူချင်းက အရိုက်မခံရသော်လည်း ဖန်းဟွာစင်မြင့်ပေါ်မှ ဆင်းပေးလိုက်ရသည်။

သူ အနိုင်မရခဲ့သော်လည်း ယူချင်း၏စွမ်းရည်ကို မည်သူမှ အထင်မသေးရဲပေ။ သည်ကောင်လေးကား ဓမ္မအဆင့်မှ သူကိုပင်လျှင် တိုက်ခိုက်နိုင်သည်။ အကယ်၍ သူပျံသန်းနိုင်လျှင် သူသည်လည်း ဓမ္မအဆင့်မှ လူများအား အနိုင်ယူရန် အခွင့်အလမ်း ရှိမည်ဖြစ်သည်။

တိုက်ပွဲများ တစ်ပွဲပြီး တစ်ပွဲ ယှဉ်ပြိုင်ကြပြီးနောက် ဖန်းဟွာပွဲတော်ကား ပြီးဆုံးရန် နီးကပ်လာပြီ ဖြစ်သည်။ မည်သည့်နေရာက လာမှန်းမသိသော ကောင်းကင်အဆင့်မှ လူငယ်သုံးယောက်က ဖန်းဟွာပွဲတော်တွင် သည်မျှ အစွမ်းပြကာ ထွန်းတောက် လာမည်ဟု မည်သူကမှ မထင်မှတ်ထားခဲ့ကြပေ။

***

Comment

Leave a Reply

Options

not work with dark mode
Reset