ထိုအရာက အမှန်ပင် မေ့မရနိုင်သော အဖြစ်အပျက်ပင်။ ဘေချူကား ဖန်းဟွာအဆင့်အတွက် ရေပန်းအစားဆုံး ပြိုင်ပွဲဝင်ဖြစ်သည်။ သူကား မောက်မာကာ ယုံကြည်မှုရှိသည်။ ရီဖူရှင်းတွင် အရည်အချင်း ရှိသည်ကို မြင်လျှင် သူက ရီဖူရှင်းအား သူ့ကု့ချင်း ကျောင်းသားအဖြစ် လိုချင်ခဲ့သည်။ သူ့အမြင်တွင် ရီဖူရှင်းက ထိုအခွင့်အရေးကို လက်လွှတ်မခံသင့်ပေ။ နောက်ပိုင်းတွင် သူတို့က အဆက်မပြတ် ကတောက်ကဆများ ဖြစ်လာကြကာ သူတို့က ဖန်းဟွာ စင်မြင့်ပေါ်တွင် ယှဉ်ပြိုင်ခြင်းဖြင့် ဖြေရှင်းရန် ဖြစ်လာခဲ့သည်။ သူက ဝမ်ယူအား ရီဖူရှင်းကို တိုက်ခိုက်ခြင်းမှ တားဆီးခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူက ရီဖူရှင်းအား ကိုယ်တိုင် အရှက်ခွဲလိုသောကြောင့် ဖြစ်သည်။ နောက်ဆုံးတွင် ဘေချူကား ရှုံးနိမ့်ခဲ့ရသည်။
ချင်ကလန်၏ဓမ္မအဆင့် ပါရမီရှင်။ ဖန်းဟွာအဆင့်အတွက် ရေပန်းအစားဆုံး ပြိုင်ပွဲဝင်ကား ကောင်းကင်အဆင့်မှ လူငယ်တစ်ယောက်အား ရှုံးနိမ့်ခဲ့ရသည်။ ကံဆိုးမိုးမှောင်ကျမှုဟူသော စကားလုံးကား သည်အဖြစ်ကို ဖော်ပြနိုင်ခြင်းမငှာ မလုံလောက်တော့။
ဘေချူက ဖန်းဟွာ အဆင့်အတွင်း ဝင်ရောက် နိုင်ပါဦးမည်လော။ ပရိသတ် အများအပြားတွင် ထိုအတွေးများ ရှိကြသည်။ ထို့အတူ ရီဖူရှင်းကိုလည်း ကြည့်လိုက်ကြသည်။ သူတို့အားလုံးက သည်လူငယ်လေးအား လျှော့တွက်ခဲ့ကြသော်လည်း သည်လူငယ်လေးကား ဖန်းဟွာအဆင့်ကို မျက်လုံးကျနေခဲ့သည်မှာ သေချာသည်။ ရီဖူရှင်းက ထိပ်ဆုံးသုံးနေရာသို့ပင်လျှင် ဝင်ရောက်နိုင်ဖွယ် ရှိသည်ဟု သူတို့ တွေးထင်ကြသည်။ သည်တိုက်ပွဲကား အလွန် အံ့သြထိတ်လန့်ဖွယ် ကောင်းလှသည်။
“ဒီကောင်လေးက တော်တော် ရူးသွပ်တာပဲ…..” မင်းသမီးရီလင်းဇီက ဘုရင်မင်းမြတ်ဘေးတွင် ထိုင်နေရာမှ မှတ်ချက်ချသည်။ သူမကား ရီဖူရှင်းကို ကြည့်ကာ ပြုံးနေသည်။ ယမန်နေ့ညက သူမနှင့်အတူ ကု့ချင်းတီးလျက် ဖျော်ဖြေခဲ့သော သည်လူငယ်လေးက သည်မျှ ထက်မြက်နေသည်ကို မယုံကြည်နိုင်ပေ။
“အဲဒါ ယုံကြည်မှုပဲ…” ဧကရာဇ်ရီက ရယ်မော၍ ပြောသည်။ သူ့မျက်လုံးတွင် ကျေနပ်သော အရိပ်အယောင်များ ပြည့်နှက်နေသည်။ ရီဖူရှင်း မှန်ကန်သည်ကို လူတိုင်း သိသည်။ ထူးခြား အံ့ဖွယ်တစ်ခုခု မဖြစ်ခဲ့လျှင် နှစ်နှစ်ကာလကိုထား၍ ဘေချူက ရီဖူရှင်းကို တစ်သက်လုံး ဖြတ်ကျော်နိုင်တော့မည် မဟုတ်တော့ပေ။ သည်နေ့ အရှက်ရမှုကို သူ့တစ်သက်လုံး ဖယ်ရှားနိုင်တော့မည် မဟုတ်တော့ပေ။
သူ၏ဒဏ်ရာ ရနေသော ခန္ဓာကိုယ်အား အတင်းဟန်ချက်ထိန်းကာ ဘေချူက ကောင်းကင်သို့ ပျံတက်သွားသည်။ နိုင်ငံ့ဂုဏ်ဆောင်။ အလွန်မောက်မာကာ ယုံကြည်မှုများ ပြည့်နှက်နေသော သူကား ယခု သူ၏စိတ်ဝိညာဉ်များအားလုံး ပျောက်ဆုံး သွားသလို ဖြစ်သွားသည်။
ရီဖူရှင်းက ကောင်းကင်မှ ဝမ်ယူရှိနေရာသို့ ကြည့်လိုက်သည်။ သူ့မျက်လုံးများက အရောင်များ တောက်နေပြီး အေးစက်စွာ ပြောလိုက်သည်…“ဒီကို ဆင်းလာခဲ့စမ်း…”
ဓမ္မအဆင့်မှ ဝမ်ယူက လင်းယွီယိုက ဟွာဂျီယူကို ရှုံးနိမ့်ခဲ့ရသည့်အတွက် လက်စားချေသည်။ သည်ကောင်ကား သေခြင်းတရားနှင့် ကစားနေပုံရသည်။
“ဘေချူကို အနိုင်ယူပြီး သူက ဝမ်ယူကိုဆက်ပြီး စိန်ခေါ်တယ်… ဟုတ်လား…” ပရိသတ်များအားလုံး မျက်မှောင်ကြုတ် သွားသည်။ သူ အမှန်တကယ်ပင် တစ်ယောက်ပြီး တစ်ယောက် တိုက်ခိုက်နေသည်။ သူကား ကောင်းကင်အဆင့်မျှသာ ရှိသော်လည်း သူက ဓမ္မအဆင့်မှ ပါရမီရှင်များအားလုံးကို အထင်သေးပုံရသည်။
ဝမ်ယူ မျက်မှောင်ကုတ် လိုက်သည်။ သူက ရီဖူရှင်းနှင့် ဘေချူတို့ တိုက်ပွဲကို မြင်ပြီးဖြစ်ရာ ရီဖူရှင်း မည်မျှစွမ်းအားကြီးသည်ကို အံ့အားသင့်ရသည်။ အကယ်၍ ဘေချူကသာလျှင် သူ့အား မတားဆီးခဲ့လျှင် အောက်ကို ဆင်းသွားမည့်သူမှ သူဖြစ်ပေမည်။ သူကလည်း ရီဖူရှင်းကို လျှော့တွက်မိမည် ဖြစ်သည်။ ယခု သူက ရီဖူရှင်း၏ ရုန့်ရင်း ကြမ်းတမ်းမှုများကို မြင်တွေ့ရပြီးဖြစ်ရာ ပို၍ သတိထားရတော့မည် ဖြစ်သည်။
မီးလျှံအတောင်ပံများ ဖြန့်ကြက်လိုက်လျှင် မီးဓာတ် အရောင်အဝါများ ကောင်းကင်တွင် ပျံ့နှံ့သွားသည်။ ဝမ်ယူက လေထဲမှ ပျံဝဲလျင် ရီဖူရှင်း၏ရှေ့ကို ရောက်လာသည်။
ရီဖူရှင်းက လက်ဆန့်ထုတ် လိုက်သည်။ သတ္တုဓာတ် စွမ်းအင်များက နောက်တစ်ကြိမ် စုစည်းလာနေပြီး ရွှေရောင် နှင်တံအဖြစ် ပြောင်းလဲသွားသည်။ သူက ရှေ့ကို လှမ်းတက်လိုက်လျှင် ချက်ချင်းပင် ကြောက်မက်ဖွယ် အားလှိုင်းတစ်ခု စုစည်းပြီး ဖြစ်သွားသည်။
ဘုန်း… ဝမ်ယူ၏ခန္ဓာကိုယ်မှ မီးလျှံများ ပေါက်ကွဲထွက်လာသည်။ သူ့တစ်ကိုယ်လုံး မီးတောက်မီးလျှံများ ပြည့်နှက်လျက် အတောင်ပံများအား ဖြန့်ကြက်လိုက်သည်။ ရီဖူရှင်းအား စွမ်းအား စုဆောင်းရန် အခွင့်အရေးပေးလိုပုံမရဘဲ ဝမ်ယူက ချက်ချင်း လေဓာတ်စွမ်းအင်များ ရစ်ပတ်လျက် ခုန်အုပ်လိုက်သည်။ သူက သည်မတိုင်မီက ရီဖူရှင်း၏တိုက်ပွဲ နည်းစနစ်ကို မြင်ပြီးဖြစ်ရာ အချိန် ကြာလာသည်နှင့်အမျှ ရီဖူရှင်း၏တိုက်ကွက်က ပိုမို အားပြင်းလာသည်ကို သိသည်။ ရီဖူရှင်းက စွမ်းအားများ မစုဆောင်းနိုင်မီ သူက အနိုင်တိုက်ခိုက်ရမည် ဖြစ်သည်။
ရီဖူရှင်း၏ကျောမှ ရွှေရောင် အတောင်ပံများ ဖြစ်ပေါ်လာနေသည်။ လေဓာတ်စွမ်းအင် အကူအညီဖြင့် ရီဖူရှင်းက လေထဲကို ခုန်တက်ကာ ခန္ဓာကိုယ်ကို လှည့်လိုက်သည်။ သူ့ခန္ဓာကိုယ်တွင်လည်း မမြင်ရသော စွမ်းအင်များ စုစည်းလာနေသည်။
သူ့အောက်ခြေတွင် မီးလျှံနဂါးများစွာ ဖြစ်ပေါ်လာကာ သူတို့က ရီဖူရှင်းရှိနေရာ လေဟာနယ်ကို ပိတ်လှောင်လိုနေပုံရသည်။ သူတို့က လေထဲတွင် ပျံသန်းနေသော ရီဖူရှင်းအား လာရောက် လှည့်ပတ်ကြပြီး မီးတောက်များက သူ့အား လောင်ကျွမ်းစေရန် ကြိုးပမ်းကြသည်။ လည်ပတ်နေသော ရီဖူရှင်း၏ခန္ဓာကိုယ်က ပိုမို မြန်ဆန်လာသည်။ သူ့စွမ်းအားများကား အလွန် ထိတ်လန့်ဖွယ်ဖြစ်ပြီး ရီဖူရှင်းနှင့် မီးလျှံများ လေထဲကို ဆက်လက် ပျံတက်နေသည်ကို ပရိသတ်များ မြင်နေရသည်။
မီးလျှံနဂါးများက ရီဖူရှင်းကို မိလုမိခင်မှာပင် ရီဖူရှင်းက နှင်တံကို လေထဲကို မြှောက်လိုက်သည်။ အပေါ်ကို ဆက်လက် ပျံတက်မည့်အစား သူက နှင်တံဖြင့် ကောင်းကင်ဘုံကိုးဆင့်၏ မူလဘူတ ရိုက်ချက်ဖြင့် ရိုက်ချလိုက်သည်။ ရိုက်ချက် တစ်ချက်တည်းဖြင့် မီးလျှံနဂါးများအားလုံး ပျက်စီး ပျောက်ကွယ် သွားကြသည်။ ရီဖူရှင်းက နှင်တံကို ထပ်မံဝှေ့ယမ်းကာ ဝမ်ယူထံ ဆက်လက် ဆင်းသက်လာသည်။
ဝမ်ယူက ရှောင်ဖယ်ရန် မကြိုးစားပေ။ သူ၏သက်စောင့်ဝိညာဉ်ကို ထုတ်လွှတ်လိုက်သည်။ ထိုအရာကား မီးငှက်ဖြစ်သည်။ မီးငှက်ဝိညာဉ်ကြောင့်ပင်လျှင် သူ၏တစ်ကိုယ်လုံး လောင်ကျွမ်းနေပုံရသည်။ မီးလျှံများက တစ်ဖန် မီးငှက်များစွာ ဖြစ်ပေါ်လာကာ ရီဖူရှင်းထံ တိုးဝင်လာပြီး သူ့အား လောင်ကျွမ်းစေရန် ကြိုးပမ်းကြသည်။
ထိုစဉ်မှာပင် ရီဖူရှင်းက နှင်တံအား ဝှေ့ယမ်းလိုက်လျှင် မီးငှက်ငယ်များစွာက ပျက်စီးသွားသော်လည်း ဝမ်ယူက ကြောက်မက်ဖွယ် မီးငှက်ကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ သူ့လက်များက အလွန်ထက်မြက်သော လက်သည်းရှည်များအား ပိုင်ဆိုင်ထားပြီး နှင်တံနှင့် တိုက်ရိုက် ရင်ဆိုင်သည်။ ထိုနေရာတွင်ပင် လေထုက ကြောက်မက်ဖွယ် ပေါက်ကွဲသွားကာ မီးလျှံများစွာက ရီဖူရှင်းထံ လွင့်စဉ်လာသည်။
ရီဖူရှင်းက တန်ပြန် သက်ရောက်လာသော အားအင်များအား အသုံးပြုလျှင် လေထက်ကို တစ်ဖန် မြောက်တက်သွားပြန်သည်။ သူ၏စွမ်းအင်များက တစ်ဖန် စုဆောင်းပြီးသား ဖြစ်သွားသည်ကို လူတိုင်းက မြင်နေရစဉ်မှာပင် ရီဖူရှင်းက လေထဲမှ နှင်တံကို ဝှေ့ယမ်းလျက် ဆင်းသက်လာပြန်သည်။ သို့သော်လည်း ဝမ်ယူကား ဓမ္မအဆင့် ပါရမီရှင်ဖြစ်ပြီး အနီးကပ် တိုက်ခိုက်ရာတွင် အလွန် ကျွမ်းကျင်သည်။ ထိုတိုက်ခိုက်မှုကို သူမကြောက်ပေ။ သူ့အတောင်ပံများအား ဖြန့်လိုက်လျှင် မီးငှက်များစွာ သူ့ခန္ဓာကိုယ်အား လှည့်ပတ် လာနေကြသည်။ မီးလျှံအားလှိုင်းတစ်ခုကလည်း သူ့ကိုယ်အား လှည့်ပတ်လာနေပြီး ထိုအရာက မီးလျှံအလင်းတန်းတစ်ခု ဖြစ်သွားကာ ရီဖူရှင်းထံ တိုးဝင်သွားသည်။
သူတို့ ရင်ဆိုင်မိကြပြန်သည်။ လေထဲမှ လူငယ်နှစ်ယောက်ကို ပရိသတ်များက ထိတ်လန့်တကြား ကြည့်မိကြသည်။ လေထဲတွင် မီးလျှံများ ပြည့်နှက်နေပြီး ရီဖူရှင်း၏ ခန္ဓာကိုယ်မှာလည်း မီးများ လောင်ကျွမ်းနေပုံရသည်။ ဝမ်ယူကား အနီးကပ် တိုက်ခိုက်မှုတွင် ကျွမ်းကျင်ပြီး ရီဖူရှင်း၏စွမ်းအင်ကို ကြောက်ရွံ့ခြင်း မရှိပေ။ ပရိသတ်များ အမူအရာ ပြောင်းသွားကြသည်။ ရီဖူရှင်းက သည်တိုက်ပွဲကို နိုင်ပါ့မလား။
ထိုအခိုက်တွင် ရီဖူရှင်း၏စွမ်းအားများ ပိုအားကောင်းလာသည်။ သူက ကောင်းကင်ဘုံ ကိုးဆင့်တိုက်ကွက်၏ တတိယ ရိုက်ချက်ကို သုံးလိုက်သည်။ သူတို့နှစ်ယောက် ရင်ဆိုမိသည့် အခိုက်တွင်ပင် ကြောက်မက်ဖွယ် လေလှိုင်းများက ဦးတည်ရာ အရပ်များစွာသို့ လွင့်စဉ်ကြသည်။ သူတို့နှစ်ယောက် ပူးကပ်နေရာမှ တစ်ဖန် ခွာသွားကြပြန်သည်။
ရီဖူရှင်းက လေထဲကို ပျံတက်သွားပြန်သည်။ သူက တည်ငြိမ်အောင် ဟန်ချက် ထိန်းလိုက်သည်။ သူ့ခန္ဓာကိုယ်တွင် စုစည်းနေသော စွမ်းအားများကား ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
စွမ်းအားများကား များပြားလွန်းလှသည်။ ပရိသတ်များက တွေးကြ၏။ လေထဲမှ ပုံရိပ်နှစ်ခုကို စိုက်ကြည့်ကာ သူတို့၏ရင်ဘတ်များ တုန်ခါနေကြသည်။ ဓမ္မအဆင့် မှော်ထိန်းချုပ်သူနှင့် အနီးကပ်တိုက်ပွဲတွင် ယှဉ်တိုက်ခိုက်နိုင် ရလောက်သည်အထိ ဆိုလျှင် ရီဖူရှင်းကား အလွန် အားကောင်းလှသည်။
ဝမ်ယူက ရီဖူရှင်းကို စိုက်ကြည့်လိုက်သည်… “မင်းမှာ နောက်ဘာနည်းလမ်း ရှိသေးလဲ…” သူက အေးစက်စွာ မေးလိုက်သည်။
ရီဖူရှင်းက သူ့အား ငုံ့ကြည့်လိုက်သည်။ သူ့ကိုယ်ထဲတွင် တော်ဝင်နည်းစနစ်က အသက်ဝင်လာပြီဖြစ်ကာ သွေးများ ပွက်ပွက်ဆူလာသည်။ သူ့ခန္ဓာကိုယ်အနှံ့မှ ရောင်ခြည်ရောင်ဝါများ ထွက်ပေါ်လာသည်။ ထို့နောက် အလွန်အားကောင်းသော စွမ်းအင်တစ်ခု လေပွေတစ်ခုအလား ဖြစ်ပေါ်လာသည်။ ထိုစွမ်းအင်က ဧကရာဇ်၏စွမ်းအင်နှင့် အလားသဏ္ဌာန် တူသည်။
ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် သူ၏ နှင်တံက တစ်ဖန် လည်ပတ် လာပြန်သည်။ သူက ကောင်းကင်ဘုံကိုးဆင့် တိုက်ကွက်၏ရိုက်ချက် အဆင့်တစ်ခုစီ သွားသည်။ ရိုက်ချက် တစ်ခုစီတိုင်းက ကောင်းကင်ဘုံ ကိုးဆင့်တိုက်ကွက်၏ စွမ်းအား အစစ်အမှန်ကို ရရှိစေရန် သူ၏စိတ်ဝိညာဉ် အားအင်နှင့် သဘာဝစွမ်းအင်ကို ညီညွတ်မျှတအောင် သုံးစွဲရန် လိုအပ်သည်။ ယခင်က ပထမရိုက်ချက် သုံးချက်ကိုသာ ထုတ်ဖော်နိုင်ခဲ့သည်။ သို့သော် ဒွန်ဟိုင်မြို့မှ ထွက်ပြေးစဉ်က ထူးဆန်းသော ဧကရာဇ်အရှိန်အဝါက သူ့အား နည်းစနစ်တစ်ခုကို လက်ခံ သင်ကြားစေခဲ့ရာ သူ့ခန္ဓာကိုယ်တွင် အပြောင်းအလဲများ ဖြစ်ပေါ်စေခဲ့သည်။ တော်ဝင်နည်းစနစ်အား ပေါင်းစပ်သုံးစွဲခြင်းဖြင့် ကောင်းကင်ဘုံကိုးဆင့် တိုက်ကွက်ကား ပိုမိုအားကောင်း လာခဲ့သည်။
လူတိုင်းက သူ့ကိုယ်မှ စွမ်းအင်များ တစ်ဖန် သိပ်သည်းလာသည်ကို မြင်နေရ၏။ ပထမရိုက်ချက် သုံးချက်က သူ့ကိုယ်တွင် တစ်ဖန် စုစည်းလာကြကာ ကြောက်မက်ဖွယ် အားအင်က မွေးဖွားလာပြန်သည်။ ဝမ်ယူ၏ အမူအရာ ပြောင်းလဲသွားသည်။
ဘုန်း… အလွန်တောက်ပသော မီးလျှံအတောင်ပံအား ဖြန့်ကြက်ကာ ဝမ်ယူက ကောင်းကင်သို့ ပျံတက်လာသည်။ ထိုအခိုက်တွင် ဝမ်ယူ ကောင်းကင်ကို ပျံတက်လာသည်ကို ရီဖူရှင်းက ကြည့်လိုက်သည်။ သူ၏အတောင်ပံများအား ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် ဝမ်ယူထံသို့ ပြေးဝင်လာသည်။ လက်ထဲမှ နှင်တံအား ဝှေ့ယမ်းကာ ကောင်းကင်ဘုံ ကိုးဆင့်တိုက်ကွက်၏ လေးချက်မြောက် ရိုက်ချက်အား ထုတ်ဖော်လိုက်လျှင် ကောင်းကင်တွင် အရိပ်ပေါင်းများစွာ ဖြစ်ပေါ်လာကာ အရာအားလုံးအား ဖျက်ဆီးပစ်တော့သည်။
ရီဖူရှင်းထံသို့ ပြေးဝင်လာနေသော မီးငှက်ကား အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားသည်။ ဝမ်ယူ၏အမူအရာ ပြောင်းလဲသွားပြီး သူ၏မျက်လုံးများက ကြောက်မက်ဖွယ် အရောင်များ ထွက်လာနေသည်။ သူက ရီဖူရှင်းထံ ဆက်လက်၍ တိုးဝင်သွားသည်။ ထိုစဉ်မှာပင် များစွာသော ပုံရိပ်များက ကြီးမားသော နှင်တံတစ်ခုအဖြစ် ပြောင်းလဲသွားကာ ရီဖူရှင်းက အပေါ်မှ မိုး၍ ရိုက်ချလိုက်တော့သည်။
ရပ်တန့်မရနိုင်သော အားလှိုင်းတစ်ခုက သူ့ထံ ဆင်းသက်လာသည်ဟု ဝမ်ယူက ခံစားမိကာ သူ့မျက်နှာက ဖြူရော်သွားသည်။ ထိုစဉ်မှာပင် ပရိသတ်က နာကျင်စွာ အော်ဟစ်သော အသံတစ်ခုအား ကြားလိုက်ရသည်။ ရွှေရောင်နှင်တံက အတားအဆီးများ အားလုံးကို ဖြတ်ကျော်သွားပြီး ဝမ်ယူအား ရိုက်မိကာ မြေပြင်ပေါ်သို့ လွင့်စဉ်သွား၏။
သို့သော် ထိုအရာက အဆုံးမသတ်သေးပေ။ ရီဖူရှင်းက အတောင်ပံများ တဖျတ်ဖျတ် ခတ်လျက် နောက်က လိုက်ပါလာသည်။ ရီဖူရှင်းက နှင်တံအား ဝှေ့ယမ်းကာ ဝမ်ယူအား ဆက်ကာ ဆက်ကာ လိုက်လံ ရိုက်နှက်လိုက်သည်။ သူက အဆက်မပြတ် အော်ဟစ်ကာ ကောင်းကင်မှ ကျဆင်းလာသည်။
အကြိမ်များစွာ ရိုက်ခံထိပြီးနောက် ဝမ်ယူက စင်မြင့်ပေါ်သို့ ပြင်းထန်စွာ ကျသည်။ သူ့ပါးစပ်မှ သွေးများ အဆက်မပြတ် စီးကျလာပြီး မျက်နှာတွင် အရောင်များ ပျောက်ကွယ်သွားသည်။ သူ့ခန္ဓာကိုယ်တွင်လည်း အားအင်များ လုံးဝကျန်တော့ဟန် မတူတော့ပေ။
လူတိုင်း၏ရင်ဘတ်များ တုန်ခါနေကြသည်။ သူတို့က ဝမ်ယူ၏ လဲလျောင်းနေသော ခန္ဓာကိုယ်မှတစ်ဆင့် လေထဲမှ ရီဖူရှင်းအား ကြည့်လိုက်ကြသည်။
ဝမ်ယူက နောက်ထပ် တိုက်ပွဲများအား ဆက်လက် တိုက်ခိုက်နိုင်စွမ်း မရှိတော့ကြောင်း သူတို့ ခံစားမိကြသည်။ ရီဖူရှင်းက သူ့အား လုံးဝ ကျိုးကြေသွားအောင် မရိုက်နှက်နိုင်သော်လည်း ယခု ဖန်းဟွာအဆင့်အတွက်မူ ဆက်လက် ယှဉ်ပြိုင်ရန် မျှော်လင့်ချက် မရှိတော့ပေ။
“တခြားလူတွေအတွက် လက်စားချေရတာ ဘယ်လိုနေလဲ…” ရီဖူရှင်းက အေးစက်စွာ ပြောသည်။ ဝမ်ယူက မြေခွေးမအား လင်းယွီယိုအတွက် လက်စားချေသည့် အနေဖြင့် သူ၏ဓမ္မအဆင့်တန်ခိုးဖြင့် အနိုင်ယူခဲ့သည်။ သည်လို ဖြစ်လာမှတော့ ရီဖူရှင်းကလည်း သည်အတိုင်း တုံ့ပြန်ရမည် ဖြစ်သည်။
လူတိုင်း ဆွံ့အသွားကြသည်။ ဝမ်ယူက တန်ခိုးအဆင့်နိမ့်သော သူကို အနိုင်ကျင့်ခဲ့ခြင်းဖြစ်ရာ ယခု ရီဖူရှင်းက သူ့ချစ်သူ ဟွာဂျီယူအတွက် သူ၏ ကောင်းကင်အဆင့်မျှဖြင့် ပြန်လည် လက်စားချေခြင်းအတွက် အပြစ်တင်စရာမရှိပေ။
လေထဲတွင် လင်းယွီယိုက ရီဖူရှင်းအား ကြည့်လိုက်သည်။ ရီဖူရှင်းက ဓမ္မအဆင့် ပါရမီရှင်နှစ်ယောက်အား အနိုင်ယူပြခဲ့သည်။ သူကား သည်အတိုင်းဆိုလျှင် ပြိုင်ဘက်ကင်းသော အခြေအနေပင်။ သည်မတိုင်မီက ယူချင်း၏စွမ်းဆောင်ရည်ပင်လျှင် မှေးမှိန်သွားသည်။
လူတိုင်းက ရီဖူရှင်း၏နာမည်ကို ဖန်းဟွာအဆင့်၏ ထိပ်ဆုံး သုံးနေရာတွင် မြင်နေရပြီ ဖြစ်သည်။ သူတို့က ဘုရင်မင်းမြတ်အား ကြည့်လျှင် ဘုရင်မင်းမြတ်က ပြုံးနေသည်ကို တွေ့ကြရ၏။ ဘုရင်မင်းမြတ်၏ မျက်လုံးများက တည်ငြိမ်နေကာ သူမည်သို့ တွေးနေသည်ကို မည်သူမှ မသိပေ။ သို့သော် သည်ကဲ့သို့ ပါရမီရှင်မျိုးအား သူက အလွန် ကျေနပ်အားရမည်မှာ သေချာလှသည်။
“သူ့ကို ခေါ်သွားလိုက်…” ဝမ်မိသားစုမှ တန်ခိုးရှင်များက ဝမ်ယူအား သယ်ဆောင် ယူသွားကြသည်။ သူတို့အားလုံး တွေးခဲ့ကြသည်မှာ ယနေ့ ဖန်းဟွာပွဲတော်တွင် သူကား သေချာပေါက် ထွန်းတောက်မည်ဟုပင်။ မိန်းကလေး တစ်ယောက်အား ပိုးပန်းခြင်းမှာ အမှားမဟုတ်သော်လည်း သူအနိုင်ကျင့်ခဲ့သော မိန်းကလေး၏ချစ်သူထံတွင် ရှုံးနိမ့်ခဲ့ရခြင်းကား အရှက်ရဖွယ် ကောင်းလှသည်။
လူအများအပြားက ရီဖူရှင်းကို ကြည့်နေကြသည်။ သူက နောက်ဆုတ်ရန် ပုံစံ မရှိသေးပေ။ ထိုစဉ်မှာပင် ရီဖူရှင်းက ကောင်းကင်ကို မော့ကြည့်လိုက်ပြီး ကန်ယီ ကျောင်းတော်သားများ ရှိနေရာသို့ ကြည့်လိုက်သည်။ မှန်သည်… ထိုနေရာတွင် ယူဂျန်ရှိသည်။
တောက်ပစွာ ပြုံးလျက် ရီဖူရှင်းက ပြောသည်…“မင်းအလှည့်ပဲ…”
သူက စကားပြောလိုက်သည်နှင့် ယူချင်း၏မျက်နှာ အနည်းငယ် မည်းမှောင်သွားသည်။ ကောင်းကင်မှ ပရိသတ်များက တစ်ဖန် ထိတ်လန့် အံ့အားသင့်ရပြန်သည်။ သူက ဓမ္မအဆင့်မှ ပါရမီရှင်များ အားလုံးကို စိန်ခေါ်ရန် စိတ်ကူးနေသလော။
***