အခန်း (၅၆) တကယ်ကြီး လုန်ယွိရေချိုးနေတဲ့မြင်ကွင်းလား
ကျန်းလန် စိမ်းပြာရောင်ပုတီးစေ့လေးထဲမှ မှတ်တမ်းကို ကြည့်ရှုရန် ဖွင့်လှစ်လိုက်သည်။
အရင်က မည်သူမှ ဤပုတီးစေ့လေးကို ဖွင့်ကြည့်ဖူးခြင်းမရှိသေးကြောင်း ပုတီးစေ့လေး၏ လမ်းကြောင်းကိုကြည့်ပြီး သိရှိနိုင်သည်။
ကျန်းလန်ကတော့ အများကြီးစဉ်းစားမနေတော့ဘဲ မြင်ကွင်းကို ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။
သူ့အတွင် အခြားစိတ်မရှိပေ။ ဘာလဲဆိုသည်ကိုသာ သိရှိလိုခြင်း ဖြစ်သည်။
မကြာမီ… မြူခိုးများအလယ်တွင် ရေကန်တစ်ကန် ထွက်ပေါ်လာသည်ကို တွေ့မြင်လိုက်ရသည်။ ထို့နောက်… ရေကန်ထဲတွင် လှိုင်းများထလာလေသည်။
“ဒါက တကယ်ကြီး ဂိုဏ်းတူအစ်မလုန်ယွိ ရေချိုးနေတဲ့မြင်ကွင်းကို မှတ်တမ်းတင်ထားတာလား…”
ကျန်းလန် များစွာ အံ့အားသင့်သွားသည်။
မြင်ကွင်းများကိုကြည့်ရသည်ကတော့ ရေချိုးနေသည့်မြင်ကွင်းတစ်ခုနှင့် အလွန်နီးစပ်လေသည်။
သို့သော်… ကျန်းလန် မယုံကြည်နိုင်သေးပေ။
မကြာမီ… တစ်စုံတစ်ယောက် ရေထဲမှ ထွက်ပေါ်လာတော့မည့်အလား ရေများ တဝုန်းဝုန်းလှုပ်ခတ်လာသည်ကို တွေ့မြင်လိုက်ရသည်။
ရေထဲမှ နဂါးဟိန်းသံတစ်သံလည်း ထွက်ပေါ်လာလေ၏။
ထို့နောက်တွင်တော့… နှင်းပွင့်ကဲ့သို့ ဖြူစင်လွန်းသည့် နဂါးတစ်ကောင် ရေကန်ထဲမှ ဝုန်းကနဲ ထွက်ပေါ်လာလေသည်။
သို့သော်… နဂါးက အလွန်သေးငယ်လွန်းလေသည်။ အသက်ငယ်ရွယ်သေးသည့် နဂါးငယ်လေးတစ်ကောင်ဖြစ်နိုင်သည်။
“ဒီ နဂါးငယ်လေးက လုန်ယွိ များလား…”
ကျန်းလန် တွေးနေစဉ်မှာပင် မြူခိုးများထဲမှ မြင်ကွင်းများက ပျောက်ကွယ်သွားလေတော့သည်။
ကျန်းလန် ငြိမ်သက်နေမိသည်။
ဤ ရေချိုးသည့်မြင်ကွင်းက ကျန်းလန် ထင်ထားသလို မဟုတ်ခဲ့ပေ။
သို့သော်… “ဂိုဏ်းတူအစ်မလုန်ယွိ ရေချိုးနေသည့်မြင်ကွင်း” ဆိုသည့် အမည်နှင့်တော့ အလွန်လိုက်ဖက်ညီလေသည်။
မိန်းမပျိုတစ်ယောက် ဝစ်လစ်စလစ်ဖြင့် ရေချိုးနေသည့် မြင်ကွင်းမျိုးမဟုတ်ဘဲ နဂါးတစ်ကောင် ရေချိုးနေသည့် မြင်ကွင်းဖြစ်လေရာ လုန်ယွိအနေဖြင့် မကောင်းသတင်းထွက်ပြီး အရှက်ကွဲစရာ အကြောင်း မရှိပေ။
ထို့ကြောင့်လည်း ဤမှတ်တမ်း ပျံ့နှံ့နေခြင်းက သိပ်အရေးမကြီးခြင်း ဖြစ်ပေလိမ့်မည်။
မှတ်တမ်းပုံရိပ်များအားလုံး ပျောက်ကွယ်သွားပြီးနောက် စိမ်းပြာရောင် ပုတီးစေ့လေးက ကျန်းလန်လက်ထဲတွင် ငြိမ်ငြိမ်သက်သက်ပင် ရှိနေလေသည်။
သို့သော်… ပုတီးစေ့လေးအတွင်းမှ မှတ်တမ်းကို ကျန်းလန် ဖွင့်ကြည့်ထားသည့်အချက်ကတော့ ဖျောက်ဖျက်ရနိုင်မည် မဟုတ်တော့ပေ။
ကျန်းလန်ကလည်း အရေးစိုက်မနေခဲ့ပေ။
သူက ပုတီးစေ့လေးကို အနီရောင်ဘူးသီးခြောက်အတွင်းသို့ ထည့်သွင်းသိမ်းဆည်း ထားလိုက်သည်။
ခန်းမဆောင် သန့်ရှင်းရေးလုပ်ပြီးသွားလျှင် စာကြည့်တိုက်ထဲတွင် စာဖတ်ရဦးမည်ဖြစ်သလို ဆေးဝါးအချို့လည်း စားသုံးရဦးမည် ဖြစ်သည်။
ထို့နောက်… မရဏဂူသို့ပြန်ကာ ဆက်လက် ကျင့်ကြံရဦးမည် ဖြစ်သည်။
နောက်ထပ် နှစ်အနည်းငယ်ကြာလျှင် အများအမြင်တွင် ရွှေပြဒါးအမြုတေအဆင့်သို့ တက်ရောက်နိုင်ပြီဟု ထင်မှတ်စေရန် ကျင့်ကြံခြင်းအဆင့်ကိုလည်း ညှိနှိုင်းရဦးမည် ဖြစ်သည်။
သို့သော်… ကျန်းလန်၏ အဓိက ဦးတည်ချက်ကတော့ သူ၏ အစစ်အမှန် ကျင့်ကြံခြင်းအဆင့်ကိုသာ အာရုံစိုက်ရန် ဖြစ်သည်။
မူလဝိညာဉ်အဆင့် တစ်ခုလုံး အောင်မြင်သွားရန်မှာတော့ ကံတရားအပေါ်တွင်သာ မူတည်လေသည်။
မူလဝိညာဉ်အဆင့် ၊ နောက်ဆုံးအဆင့်ကို တက်ရောက်ရန် ကျန်းလန်အတွက် အတော်လေး ခက်ခဲမည် ဖြစ်သည်။
နောက်ပိုင်းနေ့ရက်များတွင်တော့ ကျန်းလန် ကျင့်ကြံခြင်းကိုသာ တစိုက်မတ်မတ် ပြုလုပ်နေခဲ့သည်။
မူလဝိညာဉ်အဆင့် ၊ အလယ်ဆင့်တွင် သူ၏ နွားရိုင်းကိုးကောင်တန်ခိုးစွမ်းအားက နွားရိုင်းခုနစ်ကောင် တန်ခိုးစွမ်းအားမှာပင် အကန့်အသတ်ပြည့်သွားလေသည်။
မူလဝိညာဉ်အဆင့် ၊ နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ကို သူ၏ လက်သီးစွမ်းဖြင့် အနိုင်ယူနိုင်မည် ဖြစ်ကြောင်း ကျန်းလန် ယုံကြည်မှု အပြည့်ရှိသည်။
နွားရိုင်းခုနစ်ကောင်စွမ်းအားက အတော်လေး အံ့သြတုန်လှုပ်စရာ ကောင်းလွန်းပြီး မူလဝိညာဉ်အဆင့် ၊ အလယ်ဆင့်တွင် ရှိသင့်သည့် စွမ်းအားထက် များစွာ သာလွန်နေသည်။
သို့သော်… ရန်သူသည်လည်း သူကဲ့သို့ပင် စွမ်းအားကြီးမားနေပါက မည်သို့ ဖြစ်မည်နည်း။
ထို့ကြောင့်… ကျန်းလန်က မလိုအပ်ဘဲ အခြားသူများနှင့် မတိုက်ခိုက်လိုခြင်း ဖြစ်သည်။
ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းတန်ခိုးစွမ်းအားကလည်း ခြေလှမ်းရှစ်လှမ်းသို့ အဆင့်တက်ရောက်လုနီးပြီ ဖြစ်သည်။ အန္တရယ်ကြုံပါက သေချာပေါက် လွတ်ကင်းအောင် ရှောင်တိမ်းနိုင်မည် ဖြစ်သည်။
ပျက်သုဉ်းနေသည့် တစပြင်လောကကြီးတွင် မည်သို့ အသက်ရှင်နေထိုင်ရမည်က အရေးကြီးဆုံး အချက်ဖြစ်သည်။
ယခုနှစ်အနည်းငယ်အတွင်း ကျန်းလန် နဂါးဘာသာစကားကိုလည်း အနည်းငယ် သင်ယူခဲ့သည်။
နဂါးဘာသာစကားဖြင့် အသုံးပြုသည့်အခါ ဂါထာမန္တန်အချို့က မယုံကြည်နိုင် လောက်အောင် အစွမ်းထက်လာသည်ကို တွေ့ရသည်။
ဥပမာပေးရလျှင် ကောင်းကင်မိုးကြိုးလျှပ်စီးကျင့်စဉ် ဖြစ်သည်။
ထိုကျင့်စဉ်ကို နဂါးဘာသာစကားဖြင့် အဆင့်မြှင့်တင်လိုက်သည့်အခါ မယုံကြည်နိုင်စရာ တန်ခိုးစွမ်းအားများ ထွက်ပေါ်လာလေသည်။
ကောင်းကင်ဘုံမှ လျှပ်စီးနတ်ဘုရား လောကသို့ ဆင်းကြွလာသည့်အလား ထင်မှတ်ရလောက်အောင် စွမ်းအားပြင်းထန်လွန်းသည်။
မိုးကြိုးလျှပ်စီးစွမ်းအားများအားလုံးကို ကျန်းလန် ထိန်းချုပ်နိုင်စွမ်း ရှိသွားလေသည်။
ဤအတိုင်းသာဆိုလျှင်… ကျန်းလန် အင်မော်တယ်ဖြစ်လာသည့်တစ်နေ့တွင် သေချာပေါက် ကြောက်မက်ဖွယ်ရာ ဖြစ်လာပေလိမ့်မည်။
သူ နဂါးဘာသာစကားအသုံးပြုလိုက်တိုင်း သာမန်ထက်ပိုပြီး ကြောက်မက်ဖွယ်ရာ ကောင်းသွားလေသည်။
ဤသည်ကိုကြည့်ခြင်းအားဖြင့် နဂါးမျိုးနွယ်များကို လျှော့တွက်၍မရကြောင်း ကျန်းလန် သိရှိလိုက်သည်။
ကျန်းလန်က အစကတည်းက မည်သူ့ကိုမှ လျှော့တွက်တတ်သူ မဟုတ်ပေ။
အထူးသဖြင့် ရန်သူများကို လျှော့မတွက်တတ်ပေ။
ကျန်းလန်က ရန်သူမှန်လျှင် မည်သည့် ဂါထာမန္တန်နှင့် တန်ခိုးစွမ်းအားကိုမှ အသုံးပြုပြီး တိုက်ခိုက်နေမည် မဟုတ်ပေ။ နွားရိုင်းကိုးကောင်လက်သီးစွမ်းအားဖြင့် တစ်ချက်တည်း အမှုန့်ချေပစ်လိုက်မည် ဖြစ်သည်။
သူက ရန်သူဆိုသည်နှင့် ချက်ချင်း အပြတ်ရှင်းမည့်သူ ဖြစ်၏။
…………
ထိုသို့ဖြင့်…
(၃)နှစ်ဆိုသောအချိန်က မျက်စိတစ်မှိတ်အတွင်းမှာပင် ကုန်ဆုံးသွားခဲ့လေသည်။
မရဏဂူထဲတွင် ကျင့်ကြံနေရာမှ ကျန်းလန် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။
အချိန် (၃)နှစ်အတွင်း… သူ၏ ကျင့်ကြံခြင်းအဆင့်က မူလဝိညာဉ်အဆင့် ၊ အလယ်ဆင့်မှ ထပ်မံအဆင့်တက်ဂေယင်နိုင်ခြင်း မရှိခဲ့ပေ။
မူလဝိညာဉ်အဆင့် ၊ နောက်ဆုံးအဆင့် တက်ရောက်နိုင်ရန် အတော်လေး အချိန်ယူရဦးမည်ဖြစ်သည်။
သို့သော်… လွန်ခဲ့သည့် (၁)နှစ်က ရွေပြဒါးအမြုတေအဆင့် ကျင့်ကြံသူအဖြစ် အများကထင်မြင်စေရန် ကျင့်ကြံခြင်းအဆင့်ကို ချိန်ညှိထားလိုက်ပြီ ဖြစ်၏။
ယခုဆိုလျှင် သူ၏ ရွှေပြဒါးအမြုတေက အတော်လေးတည်ငြိမ်နေပြီဟု သူ့ဆရာက ထင်မှတ်နေလောက်ပေပြီ။
ကောင်းကင်ရိပ်ငြိမ်ရေကန်သို့ မသွားခင် အစစ်ဆေးခံခဲ့ပြီးသည့်နောက် ဆရာဖြစ်သူက ကျန်းလန်ကို ကိုယ်တွင်းမိစ္ဆာ ဝင်ရောက်ခြင်း ရှိ မရှိ ထပ်မံ စစ်ဆေးပေးခြင်း မပြုတော့ပေ။
ရွှေပြဒါးအမြုတေ ဖြစ်တည်လာပြီးနောက်ပိုင်း ဆရာဖြစ်သူက သူ့ကို စိတ်ချသွားဟန် ရှိသည်။
ကျန်းလန်က စစ်ဆေးပေးပါရန် တောင်းဆိုမှသာ ဆရာဖြစ်သူက စစ်ဆေးပေးတော့မည် ဖြစ်၏။
ကျန်းလန် မျက်လုံးများ ဖွင့်ကြည့်လိုက်သည်နှင့် မရဏဂူတစ်ခုလုံး မရဏအငွေ့အသက်များ ပြည့်လျှံလျှက် ရှိကြောင်း သတိပြုလိုက်မိသည်။
မကြာမီနှစ်များအတွင်း ငရဲတံခါးမှ ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာပေတော့မည်။
ထိုအချိန်ရောက်လျှင်… မရဏအငွေ့အသက်များကို အပြည့်အဝအသုံးချပြီး ကျင့်ကြံခြင်း ပြုလုပ်ရန် ကျန်းလန် ဆုံးဖြတ်ထားသည်။
ကောင်းကင်ရိပ်ငြိမ်ရေကန်မှ အံ့သြစရာ အကျိုးကျေးဇူးများ ရရှိခဲ့ပြီးသည့်နောက် ကျန်းလန်၏ ကျင့်ကြံခြင်းက ပြန်လည် နှေးကွေးသွားခဲ့သည်။
စနစ်တွင် မှတ်ပုံတင်ခြင်းမှ ပြဒါးဆေးများနှင့် အခြားအဖိုးတန်ပစ္စည်းအချို့ ရရှိခဲ့သော်လည်း သူ၏ ကျင့်ကြံခြင်းက သိသိသာသာ လျှင်မြန်လာခြင်း မရှိပေ။
သို့သော်… သူ၏ ကျင့်ကြံခြင်းအဆင့်က အခြားသူများနှင့်ယှဉ်လျှင် များစွာ လျှင်မြန်သည်ဟု ဆိုနိုင်သည်။
စနစ်တွင် မှတ်ပုံတင်ခြင်းမှ ရရှိသည့် အဖိုးတန်ပစ္စည်းအမြောက်အမြားကိုလည်း သူ စုဆောင်းထားနိုင်ခဲ့လေသည်။
ယခုနှစ်များအတွင်း… စနစ်တွင် မှတ်ပုံတင်ခြင်းကိုလည်း ကျန်းလန်က စမ်းသပ်မှုများ ပြုလုပ်ကြည့်ခဲ့သည်။
စနစ်တွင် မှတ်ပုံမတင်ဘဲ (၃)လတိတိ နေကာ စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။
မှတ်ပုံမတင်သည့်အချိန်များအတွက် စုပေါင်းပြီး မဟာတာအိုက သူ့ကို မည်သို့သော ထူးခြားသည့်လက်ဆောင် ပေးအပ်မည်လဲ သိချင်သောကြောင့် ဖြစ်သည်။
ကံကောင်းစွာဖြင့်ပင်… ကျန်းလန် ရတနာဝတ်ရည်သေရည် (၁)အိုး ထပ်မံရရှိခဲ့သည်။
ယခုဆိုလျှင် သူ့တွင် ရတနာဝတ်ရည်သေရည် (၂)အိုး ရှိပြီ ဖြစ်ရာ မရှိမှုအာကာသအဆင့်တက်ရောက်ရန် အတော်လေး အခွင့်အရေးများသွားပြီ ဖြစ်သည်။
ထိုသို့ စမ်းသပ်ပြီးသည့်နောက် ကျန်းလန် စနစ်တွင် မှတ်ပုံမတင်တော့ဘဲ နောက်ထပ် (၃)လ ထပ်မံစောင့်ဆိုင်းခဲ့ပြန်သည်။
သို့သော်… မူလဝိညာဉ်အဆင့်အတွက် အသုံးပြုသည့် နတ်ဘုရားငှက်မွှေးဆေးလုံးတစ်လုံးကိုသာ ထပ်မံရရှိခဲ့သည်။
အချိန် (၃) လ မစောင့်ဆိုင်းဘဲ အချိန် (၆)လ စောင့်ဆိုင်းလျှင်တော့ ပိုမိုကောင်းမွန်သည့် ပစ္စည်းတစ်ခုတလေ ရရှိနိုင်ချေရှိသည်။
သို့သော်… ကျန်းလန် ထိုသို့ မပြုလုပ်တော့ပေ။
ပြဒါးဆေးများနှင့် စွမ်းအားတိုးတက်စေသည့် အဖိုးတန်ပစ္စည်းများ ရရှိရန်အတွက် စနစ်တွင် နေ့စဉ် မှတ်ပုံတင်သည့်အလုပ်ကိုသာ လုပ်တော့သည်။
ယနေ့တော့ ကျန်းလန် ဆရာဖြစ်သူကို သွားရောက်တွေ့ဆုံရမည် ဖြစ်လေသည်။
ဆရာဖြစ်သူက ခေါ်သောကြောင့်သာ သွားရောက်တွေ့ဆုံရခြင်း ဖြစ်သည်။ ဆရာဖြစ်သူက မခေါ်လျှင် သူက မရဏဂူထဲမှ တစ်ဖဝါးမှ ခွာမည် မဟုတ်ပေ။
အင်မော်တယ်ဖြစ်လာသည့်တစ်နေ့မှသာ သူက မရဏဂူထဲမှ ထွက်လာမည်ဖြစ်သည်။
အင်မော်တယ်မဖြစ်ခင် စမ်းသပ်ခံရခြင်းကိုလည်း ရင်ဆိုင်ရဦးမည် ဖြစ်၏။
စမ်းသပ်ခံရခြင်းကို ရင်ဆိုင်ရန် သူ့အနေဖြင့် ပြင်ဆင်စရာများစွာကို ပြင်ဆင်ထားရန် လိုအပ်သည်။
သို့သော်… အင်မော်တယ်ဖြစ်လာရန်က သူ့အတွက် အဝေးကြီး လိုသေးသည်။
ဝိညာဉ်သားရဲဥလေးအပေါ်သို့ ဝိညာဉ်ဆေးရည်အချို့ လောင်းချပေးခဲ့ပြီးနောက် ကျန်းလန် မရဏဂူထဲမှ ထွက်ခွာလာခဲ့သည်။
ယခုနှစ်များအတွင်း ပထမတောင်ထွတ်မှ ဆရာဦးလေးကလည်း သူ့ကို ထပ်မံဆက်သွယ်လာခြင်း မရှိတော့ပေ။
ဤသည်က သူ့အတွက် ပြဿနာမရှိပေ။
သူက နဝမတောင်ထွတ်မှ တပည့်ဖြစ်လေရာ ဆရာဖြစ်သူက သူ့ကို အစဉ်အမြဲ ကာကွယ်ပေးနေမည် ဖြစ်သည်။
ထို့ပြင်… ဆရာဦးလေးကလည်း အစကတည်းက ကျန်းလန်ကို သိပ်ပြီး အာရုံစိုက်ဟန် မရှိပေ။
ကျန်းလန်က သာမန်အရည်အချင်းမျှသာရှိသည့် တပည့်တစ်ယောက် ဖြစ်သည်။ သူ့အတွက် အင်မော်တယ်တစ်ပါးဖြစ်လာရန် အလွန်အမင်း ခက်ခဲမည် ဖြစ်သည်။
ကျန်းလန်က စိတ်စွမ်းအားကောင်းမွန်သည့်ဆိုသော်လည်း အင်မော်တယ်ဖြစ်လာရန် ပါရမီပါသူများနှင့် ယှဉ်လျှင်တော့ များစွာ အဆင့်အတန်းကွခြားလွန်းလှသည်။
ထို့ပြင်… ကျန်းလန် စိတ်စွမ်းအားကောင်းသလို အခြားတပည့်များလည်း စိတ်စွမ်းအား ကောင်းကြည်သည်ပဲ ဖြစ်သည်။
ကျန်းလန်က အခြားသူများထက် အနည်းငယ် ပိုမိုတည်ငြိမ်ခြင်းသာ ချီးကျူးစရာ ရှိသည့်ကိစ္စ ဖြစ်သည်။
သိပ်မကြာမီ… ကျန်းလန် နဝမတောင်ထွတ် အစွန်းသို့ ရောက်ရှိလာသည်။
ဆရာဖြစ်သူက နဝမတောင်ထွတ်အစွန်းတွင် တင်ပျဉ်ခွေထိုင်ရင်း ကျင့်ကြံနေလေသည်။ မြူခိုးတိမ်တိုက်များက မော့ကျန်းသုန့် ထိုင်နေရာနေရာသို့ ဖြတ်သန်းလွင့်မျောသွားကြသည်။
ကျန်းလန်က မော့ကျန်းသုန့်နံဘေးတွင် ကောင်းကင်ထက်မှ ဆင်းသက်လိုက်သည်။
“ဆရာ…”
ကျန်းလန် မော့ကျန်းသုန့်ကို နှုတ်ဆက်စကားဆိုလိုက်၏။
မော့ကျန်းသုန့်က မျက်လုံးများဖွင့်ကြည့်လိုက်ပြီး ကျန်းလန်ကိုပြုံးပြလိုက်သည်။
“မင်းရဲ့ ရွှေပြဒါးအမြုတေက တည်ငြိမ်သွားပြီလား…”
နဝမတောင်ထွတ်တွင် ရွှေပြဒါးအမြုတေ ဖြစ်တည်သည်အထိ ကျင့်ကြံနိုင်သည့် ပထမဆုံးတပည့်မှာ ကျန်းလန်တစ်ယောက်သာ ရှိသည်။
ဤတပည့်လေးက အမြဲတမ်း သူ့ကို အံ့အားသင့်အောင် လုပ်နိုင်သူ ဖြစ်သည်။
ထို့ပြင်… သူ့ကို မျှော်လင့်ချက်များစွာလည်း ပေးနိုင်သူ ဖြစ်၏။
တပည့်လေး၏ အရည်အချင်းက သာမန်မျှသာ ဖြစ်သော်လည်း သူကတော့ အတတ်နိုင်ဆုံး ပျိုးထောင်ပေးလိုလှသည်။
သူက ကျန်းလန်ကို အင်မော်တယ်ဖြစ်လာရန် ကူညီပေးချင်လေသည်။