အခန်း (၁၁၀) မသေချာသည့်အနာဂတ်
“ဆုချခံရဖို့လား… အာ…”
ရန်ကျောက်ကဲ ပြုံးလိုက်သည်။
“ကျွန်တော်တို့လို သာမန်တပည့်တွေထက် ဝါဒတောင်ဂိုဏ်းကပဲ ပိုပြီး အကျိုးကျေးဇူးတွေ ခံစားသင့်ပါတယ် ၊ ဂိုဏ်းက ကျွန်တော်တို့ကို ပံ့ပိုးပေးထားတာဖြစ်လို့ ဂိုဏ်းအတွက် လိုအပ်တဲ့အခါ တတ်နိုင်သမျှ လုံ့လရှိရှိနဲ့ ကူညီပေးဖို့ အဆင်သင့်ပါပဲ”
ယွမ်ကျန်းဖုန်းဘေးတွင် ထိုင်နေသည့် ရှီတိက…
“မင်းမှာ ဒီလိုစိတ်ထားရှိတာ ကောင်းပါတယ် ၊ ဒါပေမဲ့ ဂိုဏ်းကလည်း ထိုက်တန်တဲ့အတိုင်း ဆုပေးဒဏ်ပေး ပြုလုပ်ရမှာပါပဲ ၊ ဂိုဏ်းကို အကျိုးပြုထားတဲ့ တပည့်တွေကို ဘယ်တော့မှ အကျိုးမယုတ်စေရပါဘူး”
ရန်ကျောက်ကဲက ဦးညွှတ်လိုက်ရင်း…
“ဆရာဘိုးဘိုးနဲ့ ပထမဆရာဦးလေးတို့ကို ကျေးဇူးတင်ပါတယ်”
ယွမ်ကျန်းဖုန်းက…
“ဆိုတော့…. ဆုချမယ့်ကိစ္စ နောက်မှ ပြောကြတာပေါ့ ၊ လောလောဆယ် အရေးကြီးတဲ့ကိစ္စလေးတွေ ဆွေးနွေးကြရအောင်”
ထို့နောက် သူက ရန်ကျောက်ကဲကို စိုက်ကြည့်လိုက်ရင်း…
“ဒီအဘိုးကြီး ရန်တိဆီက သတင်းရတာတော့ မင်းက တောင်တန်းနယ်မြေက တိမ်လွှာတောင်ကို စိတ်ဝင်စားနေတယ်ဆို”
တိမ်လွှာတောင်သည် တောင်တန်းနယ်မြေအရှေ့ဘက်ပိုင်းတွင် တည်ရှိပြီး အဆုံးမဲ့တောင်တန်းနှင့်ပင် အလွန်ဝေးကွာသည်။ သို့သော် အဆုံးမဲ့တောင်တန်းက တိမ်လွှာတောင်ကို အစဉ်အမြဲ အလေးထားသည်။
အဘယ်ကြောင့်ဆိုသော် တိမ်လွှာတောင်တွင် ဘီလူးဝိညာဉ်သံလိုက်သတ္တုဟု ခေါ်ဆိုသည့် အဖိုးတန်ရင်းမြစ်များ ထွက်ရှိသောကြောင့် ဖြစ်၏။
အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံးတွင် ဤရင်းမြစ်ပစ္စည်းထွက်ရှိသည့်နေရာဆို၍ အဆုံးမဲ့တောင်တန်းနှင့် တိမ်လွှာတောင်သာလျှင် ရှိသည်။
အဆုံးမဲ့တောင်တန်း၏ အဓိကချီစွမ်းအားကျင့်စဉ်တစ်ခုဖြစ်သော ဘီလူးဝိညာဉ်ကျင့်စဉ်က လူသိများ ကျော်ကြားသည်။ ထိုကျင့်စဉ်က ဝါဒတောင်မှ နက်ရှိုင်းချီစွမ်းအားကျင့်စဥ်နှင့် နေသူတော်စင်ဂိုဏ်းမှ မဟာနေမင်းချီစွမ်းအားကျင့်စဉ်များနှင့် အဆင့်အတန်း တူညီသည်။
ဘီလူးဝိညာဉ်ကျင့်စဥ်က ၎င်း၏ ကြီးမားသောခွန်အားကြောင့် ကျော်ကြားသည်။ ကျင့်စဉ်သဘောတရားလည်း အလွန်ခိုင်မာပြီး အလျှော့မပေးဘဲ အတင်းအကျပ် ကျင့်ကြံခြင်းကို အလေးထားသည်။ သို့ပေသိ ဤမျှလေးနက်သော ကျင့်စဉ်ကို ကျင့်ကြံရန်အတွက် အခက်အခဲများစွာကိုလည်း ရင်ဆိုင်ရမည် ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက အဆုံးမဲ့တောင်တန်းကို တည်ထောင်သူက တောင်ပေါ်တွင် ဘီလူးဝိညာဉ်သံလိုက်သတ္တုကို အမှတ်မထင် တွေ့ရှိခဲ့သည်။ ထိုသတ္တုများက ဘီလူးဝိညာဉ်ကျင့်စဉ် ကျင့်ကြံရာတွင် အလွန်အသုံးဝင်ကြောင်း တွေ့ခဲ့ရသဖြင့် ထိုပုဂ္ဂိုလ်က တောင်ကိုသိမ်းပိုက်ကာ အဆုံးမဲ့တောင်တန်းဂိုဏ်းကို တည်ထောင်ပြီး ပထမဆုံး အခြေခံအုတ်မြစ်ချပေးခဲ့သည်။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ အဆုံးမဲ့တောင်တန်းရှိ ဘီလူးဝိညာဉ်သံလိုက်သတ္တု ကျောက်တွင်းများ တဖြည်းဖြည်း ခန်းခြောက်လာသည်။
သူတို့အတွက် ကံကောင်းသည်မှာ နယ်မြေတစ်ခုတည်းတွင် တည်ရှိသည့် တိမ်လွှာတောင်သည်လည်း ဤသတ္တုရင်းမြစ် ထွက်ရှိခြင်း ဖြစ်၏။
ယနေ့ခေတ်တွင်တော့ အဆုံးမဲ့တောင်တန်းမှ ဘီလူးဝိညာဉ်သတ္တုသံလိုက်များ ထွက်ရှိခြင်း မရှိတော့ဘဲ တိမ်လွှာတောင်သည်ပင် သတ္တုထွက်ရှိမှုနှုန်း လျော့နည်းလာခဲ့ပြီ ဖြစ်သည်။ အမှန်တော့ တိမ်လွှာတောင်မှ သတ္တုများသည်ပင် ကုန်ဆုံးလုနီးပါး ဖြစ်နေပေပြီ။
ဘီလူးဝိညာဉ်သံလိုက်သတ္တုမရှိလျှင်လည်း အဆုံးမဲ့တောင်တန်းမှ သိုင်းကျင့်ကြံသူများအနေဖြင့် ဘီလူးဝိညာဉ်ကျင့်စဥ်ကို ကျင့်ကြံနိုင်ဆဲ ဖြစ်သည့်တိုင် အခက်အခဲ ပိုမိုများပြားလာမည် ဖြစ်သလို ကျင့်ကြံခြင်းအရှိန်အဟုန်လည်း လျော့ကျသွားမည် ဖြစ်၏။
ထို့ကြောင့် ဤပြဿနာသည် အဆုံးမဲ့တောင်တန်းအတွက် အစိုးရိမ်ရဆုံး ကိစ္စများထဲမှတစ်ခု ဖြစ်သည်။
နှစ်များတစ်လျှောက် အဆုံးမဲ့တောင်တန်းသည် ဘီလူးဝိညာဉ်သံလိုက်သတ္တုရင်းမြစ်အသစ်ကို ရှာဖွေနေခဲ့သလို ဂိုဏ်းအတွင်းမှ ပညာရှင်များစုစည်းကာ ဘီလူးဝိညာဉ်ကျင့်စဥ်ကို ပြုပြင်ရန်လည်း ကြိုးစားလျှက် ရှိသည်။
အစပိုင်းတွင် ထူးခြားသည့်ရလဒ် မထွက်ပေါ်ခဲ့သော်လည်း နောက်ပိုင်းတွင် တိုးတက်မှုအချို့ ရှိလာသည့်တိုင် အကန့်အသတ်ကတော့ ရှိနေဆဲ ဖြစ်၏။
ထို့ကြောင့် ရန်ကျောက်ကဲက တိမ်လွှာတောင်ကို စိတ်ဝင်စားသည်ဆိုသောအခါ ယွမ်ကျန်းဖုန်းနှင့် အခြားသူများသည်လည်း ဤကိစ္စကို စိတ်ဝင်စားသွားကြသည်။
ရန်ကျောက်ကဲ၏မျက်နှာက ချက်ချင်းပင် တည်ကြည်လေးနက်သွားပြီး…
“တကယ်တော့ အဲဒီနေရာကို ကိုယ်တိုင်သွားမကြည့်ရသေးဘဲ ဘာမှသေသေချာချာ မပြောနိုင်ပေမယ့် အခွင့်အရေးတွေ ရှိနေတာတော့ အမှန်ပါပဲ”
သူက စကားခဏရပ်လိုက်ပြီး အကြီးအကဲများကို တစ်ချက်ဝေ့ကြည့်လိုက်သည်။
“ဒီတစ်ခေါက် ထူးကဲယင်ပြိုင်ပွဲမှာ နေသူတော်စင်ဂိုဏ်းကို ဖယ်ထုတ်ဖို့ ကျွန်တော်တို့ တတ်နိုင်မှာ မဟုတ်ဘူးမလား”
ရန်ကျောက်ကဲ မေးမြန်းလိုက်သည်နှင့် တပည့်ငယ်တစ်ယောက်က ဂိုဏ်း၏ကိစ္စကြီးများတွင် ဝင်စွက်ဖက်နေသည်ဟု ယွမ်ကျန်းဖုန်း မခံစားရပေ။ ထိုအစကား သူ့အကြည့်များထဲတွင် ချီးမွမ်းသည့် အရိပ်အမြွက်များပင် ထွက်ပေါ်လာသည်။
ဖန်ကျွင်းက…
“အစကကတော့ ထူးကဲယင်ပြိုင်ပွဲကနေ သူတို့ကိုဖယ်ထုတ်ဖို့အတွက် တခြားထိပ်သီးသိုင်းဂိုဏ်းတွေနဲ့ မဟာမိတ်ဖွဲ့ဖို့ ငါတို့ဘက်က စီစဉ်ထားခဲ့တယ် ၊ ဒါပေမဲ့ လှိုင်းနက်ဂေဟာနဲ့ အဆုံးမဲ့တောင်တန်းက သူတို့ရပ်တည်ချက်ကို ပြတ်ပြတ်သားသား မကြေငြာခဲ့ဘူး ၊ ဒီတော့ ငါတို့လည်း ဘာမှမတတ်နိုင်ဘဲ ဒီလိုလုပ်ဖို့ လက်လျှော့ခဲ့ရတယ် ၊ ဒါကြောင့် နေသူတော်စင်ဂိုဏ်းရဲ့ ထူးကဲယင်မိန်းမပျိုဟာ နောက်လာမယ့် ပြိုင်ပွဲမှာလည်း ပါဝင်လိမ့်မယ်”
ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။
အဆုံးမဲ့တောင်တန်းက သဘောထားတစ်ခုကို လက်ကိုင်ထားသည်။
ဝါဒတောင်နှင့် ကျောက်စိမ်းပင်လယ်မြို့တော် မဟာမိတ်အုပ်စု ၊ နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုးကြိုးခန်းမ မဟာမိတ်အုပ်စု (၂)ခုကြားတွင် ပိုပြီး အကျိုးအမြတ်ရှိသည့်ဘက်သို့ အမြဲတစေ ယိမ်းလေ့ရှိသည်။
သို့သော် အဆုံးမဲ့တောင်တန်းသည် အစဉ်အမြဲတိုးတက်လျှက် ထိပ်သီးသိုင်းဂိုဏ်းများအလယ်တွင် အင်အားကြီးတစ်နေရာကို ရယူထားဆဲ ဖြစ်၏။
ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် နယ်မြေချဲ့ထွင်ခြင်းဟု ဆိုရာတွင် နယ်မြေအနေအထားကို အာရုံစိုက်ရန်လည်း လိုအပ်သည်။ တောင်တန်းနယ်မြေ၏ မြောက်ဘက်နှင့် အနောက်ဘက်သည် လူသူကင်းမဲ့သည့် တစ်စပြင်ကြီးသာလျှင် ဖြစ်သည်။
ရှေ့ဘက်သို့ နယ်မြေချဲ့ထွင်မည်ဆိုလျှင် နေသူတော်စင်ဂိုဏ်း၏ မဟာမိတ်ဖြစ်သော ကောင်းကင်မိုးကြိုးခန်းမနှင့် ထိပ်တိုက်တွေ့ရမည် ဖြစ်ပြီး တောင်ဘက်သို့ နယ်မြေချဲ့ထွင်မည်ဆိုပါက ဝါဒတောင်နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။
နေသူတော်စင်ဂိုဏ်းနှင့်ဖြစ်စေ ၊ ဝါဒတောင်နှင့်ဖြစ်စေ ထိပ်တိုက်တွေ့ရသည်က အဆုံးမဲ့တောင်တန်းအတွက် ကောင်းသည့်အချက် မဟုတ်ပေ။
ထိုအချက်များကြောင့်ပင် နေသူတော်စင်ဂိုဏ်း သို့မဟုတ် ဝါဒတောင်နှင့် မိတ်ဖွဲ့ရန် ရှိ မရှိဆိုသည့်အချက်က အဆုံးမဲ့တောင်တန်းအတွက် ဝေးကွာနေဆဲ ဖြစ်၏။
ရန်ကျောက်ကဲက လေးနက်စွာဖြင့်…
“ကျွန်တော် သုတေသနလုပ်ရင်း ရှေးဟောင်းကျမ်းစာတွေမှာ တွေ့ရှိရတာက ဘီလူးဝိညာဉ်သံလိုက်သတ္တုရော ဘီလူးဝိညာဉ်ကျင့်စဉ်ရောက မဟာကပ်ဘေးမတိုင်ခင်ကတည်းက ရှိခဲ့တဲ့ အရာတွေပဲ ၊ ဒါကြောင့် ကျွန်တော် တိမ်လွှာတောင်က ကျောက်ကျင်းတွေကို ကိုယ်တိုင်သွားရောက်လေ့လာဖို့ စဉ်းစားမိပါတယ် ၊ အဲဒီကနေ တစ်ခုခု ရကောင်းရလာနိုင်ပါတယ်”
“တတိယအကြိမ် ထူးကဲယင်ပြိုင်ပွဲမှာ နေသူတော်စင်ဂိုဏ်းက ထူးကဲယင်သရဖူကို ရရှိသွားမယ်ဆိုရင် အဆုံးမဲ့တောင်တန်းအနေနဲ့ နေသူတော်စင်ဂိုဏ်းဘက်ကို ပါသွားလိမ့်မည် ၊ အဲဒါက ကျွန်တော်တို့ ဝါဒတောင်အတွက် အရမ်းအရေးကြီးတဲ့ကိစ္စတစ်ခုပဲ”
ဝံပုလွေကို နှိမ်နင်းရန် ကျားကို မွေးမြူသကဲ့သို့ အဆုံးမဲ့တောင်တန်းကို အင်အားကြီးလာစေရန် ကူညီပေးပြီးမှ ကိုယ့်အတွက် ခြိမ်းခြောက်မှု ဖြစ်လာမည်လား ဆိုသည်ကိုတော့ ရန်ကျောက်ကဲ စိတ်မပူပန်သည့်အပြင် အဖြေပေးရန်ပင် အသင့်ရှိနေခဲ့သည်။
ယွမ်ကျန်းဖုန်း၏ ဘယ်ဘက်တွင်ထိုင်နေသည့် အဘွားအိုက…
“ဒီတစ်ခေါက် မင်းက ဖန်းပေါ်ထိုင်ရဲ့ မြေးကိုသတ်လိုက်ပြီး အရှေ့ထန်နိုင်ငံတိုက်ပွဲမှာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ် ၊ ဆိုတော့… နေသူတော်စင်ဂိုဏ်းက မင်းရဲ့လှုပ်ရှားမှုတွေကို အနီးကပ်စောင့်ကြည့်နေမှာ စိုးရိမ်မိတယ် ၊ ဒီတစ်ခေါက်တိုက်ပွဲမှာ နေသူတော်စင်ဂိုဏ်းက ဆုံးရှုံးမှုတွေ များခဲ့တယ်ဆိုပေမယ့် မင်းလို သိုင်းပညာရှင်အဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်ပစ်ဖို့က သူတို့အတွက် ခက်ခဲမှာမဟုတ်ဘူး”
သူမက ဆက်ပြောသည်။
“ကောင်းကင်နယ်မြေထဲမှာပဲနေမယ်ဆိုရင် မင်း အန္တရယ်ကင်းဖို့ ငါတို့က အာမခံနိုင်ပေမယ့် တောင်တန်းနယ်မြေကို ရောက်သွားရင်တော့ အခြေအနေတွေက မတူတော့ဘူး ၊ ဒီတော့ တိမ်လွှာတောင်ကိုသွားဖို့ မင်းကိုယ်စား တခြားတစ်ယောက်ကို စေလွှတ်လို့ မရဘူးလား”
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း…
“ဆရာဘွားဘွား စိတ်ပူပေးတာ ကျေးဇူးအများကြီးတင်ပါတယ် ၊ ဒါပေမဲ့ အဲဒီကိစ္စက ဆရာဘွားဘွားတို့ အကြီးအကဲတွေ ဆုံးဖြတ်ရမယ့် ကိစ္စပါပဲ ၊ နေသူတော်စင်ဂိုဏ်းအနေနဲ့ ထောင်ချောက်နှစ်ခုထဲ ဆက်တိုက်ကျရလောက်အောင် မိုက်မဲမယ်ဆိုရင်တော့ ဒီတစ်ခေါက် သူတို့လွှတ်လိုက်တဲ့သူတွေကို သေလမ်းပို့လိုက်ရုံပဲပေါ့ဗျာ”
အကြီးအကဲအဘွားအိုက မျက်ခုံးတစ်ချက် ပင့်လိုက်ရင်း…
“မင်းက နောက်ထပ် ပြဿနာ ရှာချင်သေးတာလား ၊ ဒီလောက် အသက်ငယ်ငယ်လေးနဲ့ ကိုယ့်ကိုယ်ကိုယ် ပြိုင်ဘက်ကင်းလို့များ ထင်နေတာလား”
ဖန်ကျွင်းက…
“ဒါပေမဲ့ ထူးကဲယင်သရဖူကို မရယူနိုင်ခင် နေသူတော်စင်ဂိုဏ်းအနေနဲ့ ပေါ့ပေါ့ဆဆ လှုပ်ရှားမှာတော့ မဟုတ်ပါဘူး ၊ ကျွန်တော်တို့က သူတို့ကို ထပ်ပြီးထောင်ချောက်ဆင်မှာကို စိုးရိမ်မှာ အမှန်ပဲ ၊ သူတို့လက်ထဲ ထူးကဲယင်သရဖူ ရောက်သွားတယ်ဆိုရင်တောင်မှ အဆုံးမဲ့တောင်တန်းရဲ့ ရပ်တည်ချက်က မရှင်းမလင်းဖြစ်နေတဲ့အချိန်မျိုးမှာ နေသူတော်စင်ဂိုဏ်းအနေနဲ့ တောင်တန်းနယ်မြေမှာ လှုပ်ရှားဝံ့မှာ မဟုတ်ဘူး ၊ မဟုတ်ရင် အဆုံးမဲ့တောင်တန်းက သူတို့နဲ့ မပူးပေါင်းဘဲ ကျွန်တော်တို့ဘက်ကို ရောက်လာလိမ့်မယ်”
ဖန်ကျွင်းက အသံကို နည်းနည်းလျှော့လိုက်ရင်း…
“တကယ့်ခြိမ်းခြောက်မှုက ဟွမ်ကွမ်လီ သိုင်းသူတော်စင်အဆင့်တက်သွားပြီး တံခါးပိတ်ကျင့်ကြံတာက ထွက်လာမှာကိုပဲ ၊ အဲဒီအချိန်ရောက်ရင်တော့ နေသူတော်စင်ဂိုဏ်းရဲ့ တန်ပြန်တိုက်စစ် စတင်လိမ့်မယ် ၊ အဲဒီကျရင် အခု အရှေ့ထန်နိုင်ငံစစ်ပွဲထက် ပိုပြီးပြင်းထန်တဲ့ စစ်ပွဲတစ်ခုဖြစ်လာမှာ ကျွန်တော် စိုးရိမ်မိတယ် ၊ နယ်မြေပေါင်းစုံစစ်ပွဲတောင် ဖြစ်လာနိုင်တယ် ၊ ဒါကြောင့် ကျွန်တော်တို့ဂိုဏ်း အောင်မြင်ဖို့အတွက် ပြင်ဆင်မှုတွေကို တတ်နိုင်သမျှ အမြန်စတင်ဖို့လိုတယ်”
ယွမ်ကျန်းဖုန်းက…
“ဒီတစ်ခေါက်တော့ အနာဂတ်အတွက်ပါ အဆင်ပြေအောင် အရင်ကထက် ပြတ်ပြတ်သားသားလုပ်ခဲ့တယ် ၊ ကျောက်ကဲ… မင်း တောင်တန်းနယ်မြေကို သွားချင်တယ်ဆိုရင် သွားလို့ရပါတယ် ၊ ဒါပေမဲ့ လုံခြုံရေးအရ မင်းတစ်ယောက်တည်းတော့ သွားလို့မဖြစ်ဘူး”
ရန်ကျောက်ကဲက ခေါင်းညိတ်လိုက်ရင်း…
“နားလည်ပါပြီ ဆရာဘိုးဘိုး”
ယွမ်ကျန်းဖုန်းက ရယ်မောလိုက်ရင်း…
“ကောင်းပြီ… ကဲ… အခု ကျောက်ကဲကြားချင်နေတဲ့အကြောင်း ပြောကြရအောင်”
ယွမ်ကျန်းဖုန်းက ရှီတိကို လှမ်းကြည့်လိုက်တော့ ရှီတိက ခေါင်းတစ်ချက်ညိတ်လိုက်သည်။
“အရှေ့ထန်နိုင်ငံတိုက်ပွဲမှာ ကျောက်ကဲက နေသူတော်စင်ဂိုဏ်းရဲ့ အကြံအစည်တွေကို အရင်ဆုံးသိရှိခဲ့ပြီး ရန်သူတွေကို ထောင်ချောက်ဆင်နိုင်ခဲ့တယ် ၊ အသက်အန္တရယ်ရှိတာတောင်မှ သတ္တိရှိရှိ စွန့်စားခဲ့တယ်”
ရှီတိက ရန်တိကို လှမ်းကြည့်လိုက်ရင်း…
“ဒီတစ်ခေါက် ငါတို့တွေ မီးနယ်မြေမှာ အပြင်းအထန် တိုက်ပွဲဖြစ်ခဲ့ပြီး အကျိုးအမြတ်တွေအများကြီး ရခဲ့တယ် မဟုတ်လား ၊ အဲဒီအကျိုးအမြတ်တွေထဲက တစ်စိတ်တစ်ပိုင်းကို ကျောက်ကဲကို ဝေစုပေးလိုက်ပါ ၊ မင်းရမယ့် ဝေစုကို ဂိုဏ်းတူညီလေး’ရန်တိ’ ဆီက တောင်းယူလိုက်ပါ ကျောက်ကဲ…”
ရန်တိက ရယ်မောလိုက်ရင်း…
“ကျွန်တော်တို့ မီးနယ်မြေကို မတိုက်ခိုက်ခင်ကတည်းက ကျွန်တော် ဒီကောင်စုတ်လေးကို အဲဒီအကြောင်း ပြောပြထားပြီးသားပါ”
ယွမ်ကျန်းဖုန်းနှင့် အခြားသူများအားလုံး ရယ်မောလိုက်ကြသည်။ အရေထူသည့် ရန်ကျောက်ကဲသည်လည်း စကားတစ်ခွန်းမှ မဆိုသည့်တိုင် အကြီးအကဲများနှင့်အတူလိုက်ပြီး ရယ်မောလိုက်၏။
ရှီတိက ဆက်ပြောသည်။
“တိုက်ပွဲမတိုင်ခင်ကလည်း မင်းက ကျောက်ရှီချန်းရဲ့အသက်ကို ကယ်တင်ခဲ့တယ် ၊ ကျင်းယန်မြို့တော်ရဲ့ အကာအကွယ်အစီအရင်ကို ထိန်းချုပ်ပြီး အရှေ့ထန်နိုင်ငံကို ကယ်တင်ဖို့ သူ့ကို ကူညီပေးခဲ့တယ် ၊ ဒါကြောင့် ဂိုဏ်းကချီးမြှင့်မယ့် ဆုလာဘ်နဲ့ ထိုက်တန်ပါတယ်”
“ပြီးတော့ တစ္ဆေရဲဒင်းအဘိုးအိုဟန်ရှန်းကို ဖမ်းနိုင်ဖို့လည်း မင်းက ကူညီပေးခဲ့တယ် ၊ သူ့ကိုဖမ်းမိတာက ချောက်နက်ဖျက်စီးရေးအဖွဲ့အစည်းကို ဆန့်ကျင်ဖို့ ငါတို့ကြိုးပမ်းနေတာတွေအတွက် အများကြီး အထောက်အကူပြုတယ်”
“ဆိုတော့… ဒီလို အကျိုးပြုမှု (၃)ခုအတွက်… တကယ်တော့ မင်းကို ငါတို့က မှော်ဝင်လက်နက်တစ်ခုခု ဆုချသင့်တာ အမှန်ပဲ”
ပြောပြီးသည်နှင့် ရှီတိက ရန်ကျောက်ကဲကို ကြည့်လိုက်သည်။
“ဒါပေမဲ့ လောလောဆယ် မင်းမှာ အနည်းဆုံး မှော်ဝင်လက်နက် (၂)ခု ရှိနေတဲ့အပြင် ရန်ရှုဆီက ပစ္စည်းတွေကိုလည်း မင်း ယူထားသေးတယ် ၊ ဒီတော့ မင်းမှာက မှော်ဝင်လက်နက် မလိုအပ်တဲ့အပြင် ပိုတောင်ပိုနေသေးတယ်”
သိုင်းပညာရှင်တစ်ယောက်အနေဖြင့် မှော်ဝင်လက်နက်တစ်ခု၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်အသုံးပြုရန် မဖြစ်နိုင်ပေ။ မှော်ဝင်လက်နက်တစ်ခုကို ထိန်းချုပ်နိုင်လျှင်ပင် အတော်လေး အဆင်ပြေနေပြီ ဖြစ်သည်။ မတူညီသည့် မှော်ဝင်လက်နက်များကို တစ်ပြိုင်နက်တည်း ထိန်းချုပ်မည်ဆိုပါက အတော်လေး ခက်ခဲမည်ဖြစ်ပြီး လက်နက်တစ်ခုထက် ပိုရှိနေမည်ဆိုလျှင်လည်း အရန်သဘောသာ အသုံးပြုနိုင်ပေမည်။
လေဝိညာဉ်တောင်ကြားတွင် ရန်ကျောက်ကဲသည် မဟာနေမင်းဘီးကို လက်နက်အဖြစ်အသုံးပြုခဲ့ပြီး ကျောက်စိမ်းနဂါးဓားကို သတင်းအချက်အလက်ရယူရန်အတွက် အစီအရင်၏ မျက်လုံးတစ်ခုအဖြစ်သာ အရန်သဘောမျိုး အသုံးပြုခဲ့သည်။
ရှီတိက…
“ဒါကြောင့် ဂိုဏ်းက မင်းကို ‘ချီလင်စမ်းချောင်းရေနှစ်ခြင်း’ ဆုချဖို့ ဆုံးဖြတ်လိုက်တယ်”
ထိုစကားကိုကြားသည့်အခါ ချက်ချင်းပင် ရန်ကျောက်ကဲမျက်နှာထက် အပြုံးရိပ်များ ဖုံးလွှမ်းသွားလေ၏။