” ဘာကြီးလဲဟ ” ဝမ်ပေါင်လဲ့မှာ အလန့်တကြား ရေရွတ်မိသွားပြီး သူ၏ ပတ်ပတ်လည်ရှိ လူများအားလုံးမှာလည်း မှင်တက်သွားကြ၏။ ဖုန့်ချိုးရန်မှာလည်း အံ့ဩတုန်လှုပ်သွားရသည်။ ထို သားရဲကြီးဆီမှ ထွက်ပေါ်နေသော စွမ်းအားများမှာ အလွန်အင်မတန်မှ အားကောင်းနေပြီး ထိုကမ္ဘာကြီး တစ်ခုလုံးကို လွှမ်းခြုံထားသည်။
ပို၍ အံ့သြစရာကောင်းသည်မှာ ထိုမျှလောက် အစွမ်းထက်သော သားရဲကြီးမှာ ကျွန်တစ်ယောက်ကဲ့သို့ ချုပ်နှောင်ခံထားရပြီး လားတစ်ကောင်ကဲ့သို့ သစ်တုံးကြီးအား ဆွဲနေရခြင်းပင်။
ထိုမြင်ကွင်းကြောင့် လူတိုင်းမှာ လိပ်ပြာလွင့်လုမတတ် အံ့ဩတုန်လှုပ်သွားရ၏။ သူတို့မှာ မျက်စိတစ်ဆုံး ရှည်လျားနေသော သစ်တုံးကြီး၏ အခြားတစ်ဖက်အစွန်းအား လှမ်း၍ ငေးကြည့်နေရင်း စိတ်ထဲ၌ အမျိုးမျိုး ခန့်မှန်းမိနေကြတော့သည်။
” အဲဒီ သစ်တုံးကြီးရဲ့ အခြားတစ်ဖက်အစွန်းမှာ ဒီကမ္ဘာကြီးရဲ့ အသေးစား ယဇ်ပူဇော်ပလ္လင် ရှိနေလောက်တယ် ” ဖုန့်ချိုးရန်မှာ ထိုသို့ရေရွတ်လိုက်ပြီးနောက် ချက်ချင်းဆိုသလိုပင် မျက်နှာအမူအရာပြောင်းလဲသွား၏။ အခြားသူများအားလုံးမှာလည်း မျက်နှာအမူအရာများ တည်ကြည်သွားကြတော့သည်။
သို့သော် ထို ဧရာမသားရဲကြီး သူတို့၏ဘေးမှ ဖြတ်သွားပြီးနောက် မြင်လိုက်ရသည့် အရာများကြောင့် သူတို့မှာ မျက်စိမျက်နှာ ပျက်သွားကြတော့သည်။ ၎င်း၏ ခြေလှမ်းများကြောင့် မြေပြင်ကြီးမှာ သိမ့်သိမ့်တုန်နေခဲ့ရသည် ဖြစ်ရာ မပွင့်သေးသော အနီရောင်ပန်းပွင့်များမှာလည်း အပြင်းအထန် တုန်ရီသွားကြ၏။ ၎င်းတို့ထဲမှ အချို့မှာ ထိုကဲ့သို့ တုန်ရီနေရင်း ဖူးပွင့်လာတော့မည့် အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။
ထိုမြင်ကွင်းကြောင့် သူတို့အားလုံးမှာ ထိတ်လန့်တုန်လှုပ်သွားရ၏။ ထိုမျှလောက်များပြားသော နတ်ဆိုးချင်လင်းပန်းပွင့်များသာ ဖူးပွင့်လာမည်ဆိုပါက မြေပြင်ပေါ်ရှိ ရုပ်အလောင်းများမှာလည်း အသက်ဝင် နိုးထလာကြမည်သာဖြစ်ကြောင်း ခန့်မှန်းကြည့်နိုင်ပေသည်။
” ငါတို့တွေ အခုချက်ချင်း သွားမှဖြစ်မယ် ” ဖုန့်ချိုးရန်မှာ စိုးရိမ်တကြီးဖြစ်နေသည့် မျက်နှာအမူအရာဖြင့် ညာဘက်လက်ကိုမြှောက်ကာ ဝှေ့ယမ်းလိုက်၏။ ထိုအခါ စွမ်းအားတစ်မျိုး ရုတ်တရက် ထွက်ပေါ်လာပြီး မြေပြင်ပေါ်တွင်ရှိနေသည့် လူများအားလုံးကို လေပေါ်သို့ မ,တင်ကာ အဝေးသို့ တွန်းထုတ်ပေးလိုက်တော့သည်။
သူမ သတိပေးနေစရာပင် မလိုပေ။ သူမ၏ ဘေးနားတစ်ဝိုက်တွင် ရှိနေကြသော ယွမ်ယင်အဆင့် ကျင့်ကြံသူများမှာ စိုးရိမ်ထိတ်လန့်ကာ ပြေးထွက်သွားကြပြီဖြစ်သည်။ ဝမ်ပေါင်လဲ့မှာလည်း ထိုနည်းတူပင်။ သူသည် ဖုန့်ချိုးရန် ထုတ်လွှတ်ပေးလိုက်သည့် တွန်းအားကို အသုံးပြုကာ ကျောက်ယမုန့်နှင့် ခုန်းတောက်တို့အား ဆွဲခေါ်ရင်း အဝေးသို့ပြေးထွက်သွားတော့သည်။
သို့သော် နောက်ကျသွားပြီဖြစ်သည်။
ထိုသားရဲကြီး ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် သူတို့မှာ ထိုနေရာမှထွက်ခွာနိုင်မည့် အခွင့်အရေးအား လက်လွှတ်ဆုံးရှုံးလိုက်ပြီ ဖြစ်သည်။ မြေပြင်ကြီးမှာ တုန်ရီနေခြင်း မရှိတော့ပါသော်လည်း လေထဲတွင် ပေါက်ကွဲသံအကျယ်ကြီးများ အဆက်မပြတ် ထွက်ပေါ်လာကြ၏။
ထိုပေါက်ကွဲသံများမှာ နတ်ဆိုးချင်လင်းပန်းပွင့်များ ပွင့်လာသည့် အသံများ ဖြစ်ပေသည်။ ထိုပန်းပွင့်များ၏ အဖူးများမှာ လက်သီးဆုပ်တစ်ခု အရွယ်အစားခန့်ရှိကြပြီး ပေါက်ကွဲသွားကြသည့် အချိန်တွင် ရှေ့သို့ဆန့်ထွက်လာသော လက်ဖဝါးများအဖြစ် ပြောင်းလဲသွားကြ၏။ ထိုမြင်ကွင်းမှာ အလွန်အင်မတန်မှ တုန်လှုပ်ချောက်ချားဖွယ်ရာ ကောင်းပေသည်။ အဝေးမှ ကြည့်လိုက်ပါက လက်ဖဝါးပေါင်း မြောက်မြားစွာမှာ ဝှေ့ယမ်းနေကြပြီး သူတို့အား လှမ်း၍ နှုတ်ဆက်နေကြသကဲ့သို့ ဖြစ်နေ၏။
သူတို့ မြင်နေရသည့် နတ်ဆိုးပန်းပွင့်များအားလုံးမှာ တစ်ပြိုင်နက်တည်း ဖူးပွင့်သွားကြပြီဖြစ်သည်။ ထို့ကြောင့် လေထဲသို့ ဝတ်မှုန်အမြောက်အမြား မျောလွင့်သွားကြပြီး ကြက်သွေးရောင် မြူခိုးများအဖြစ်သို့ ပြောင်းလဲသွား၏။ ထို့နောက် ၎င်းတို့မှာ ကောင်းကင်ယံကြီးအား ဖုံးလွှမ်းသွားတော့သည်။
သူတို့၏ အရှေ့အနောက်၊ တောင်မြောက် အရပ်မျက်နှာ လေးဘက်စလုံးတွင် နတ်ဆိုးပန်းပွင့်များနှင့် ကြက်သွေးရောင် မြူခိုးများက နေရာယူထားကြပြီဖြစ်သည်။
ထို မြူခိုးများ၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရသော ရုပ်အလောင်းများမှာ တဆတ်ဆတ် တုန်ရီလာကြ၏။ ထို့နောက် ၎င်းတို့မှာ ကတုန်ကယင်နှင့် မတ်တတ်ထလာကြပြီး လေထဲတွင် အော်ဟစ်မြည်တမ်းသံများဖြင့် ပြည့်နှက်သွားတော့သည်။ ၎င်းတို့မှာ ရဲရဲနီနေသော မျက်ဝန်းများဖြင့် ကျင့်ကြံသူများဆီသို့ ပြေးလာနေကြပြီ ဖြစ်သည်။
ထို ရုပ်အလောင်းများထဲတွင် ခန္ဓာကိုယ်တစ်ဝက်မရှိတော့သည့် သားရဲကြီးများပါသလို ခြေလက်များ ပြတ်နေကြသော လူများလည်း ပါ၏။ ထို့အပြင် အသွေးအသားများ မရှိတော့သည့် အရိုးစုများလည်း ရှိနေသေးသည်။ ထိုမျှသာမက အနက်ရောင် မိစ္ဆာအငွေ့အသက်တစ်ခုအား ထုတ်လွှတ်နေသည့် အကောင်းပတိအတိုင်း ရှိနေသေးသော ရုပ်အလောင်းများလည်း ရှိပေသည်။
ထို့အပြင် လူခန္ဓာကိုယ် အရွယ်အစားရှိသော ပိုးကောင်များမှာလည်း အလုံးအရင်းစုဝေးကာ အသံကုန်အော်ဟစ်ရင်း သူတို့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်ပျံသန်းလာကြတော့သည်။
ဖုန့်ချိုးရန်မှာ ဝိညာဉ်ကြားခံနယ်အဆင့်တွင် ရှိနေသည့်တိုင်အောင် ထို ရုပ်အလောင်းများ၏ ကြားတွင် ပိတ်မိသွားမည်ဆိုပါက ထွက်ပြေးလွတ်မြောက်နိုင်ရန် ကြိုးစားရင်း အားအင်များကုန်ခန်းကာ နောက်ဆုံးတွင် သေဆုံးသွားရမည်သာဖြစ်သည်။
သူမသည် သက်ရှိတစ်ယောက် ဖြစ်နေဆဲပင် မဟုတ်ပါလော။ သို့သော် ထို ရုပ်အလောင်းများမှာမူ အသက်မရှိကြတော့ပေ။ ၎င်းတို့၏ အော်ဟစ်မြည်တမ်းသံများမှာ လေထဲတွင် ပဲ့တင်ထပ်နေပြီး ကြက်သွေးရောင် မြူခိုးများမှာလည်း မိုးကောင်းကင်ကြီးအား လွှမ်းခြုံထားပြီ ဖြစ်သည်။ ထိုအချိန်တွင် သူတို့နှင့်အနီးဆုံးတွင် ရှိနေသော ရုပ်အလောင်းများမှာ သူတို့ပေါ်သို့ ခုန်အုပ်လာကြသဖြင့် မည်သူကမှ စဉ်စားတွေးတောနေရန် အချိန်မရှိတော့ပေ။
ထို့ကြောင့် တိုက်ပွဲကြီးစတင်သွားပြီး အသံမျိုးစုံ ပေါ်ပေါက်လာတော့သည်။ ဖုန့်ချိုးရန်မှာ မန္တန်လက်ကွက်များ အလျင်အမြန် ဖော်လိုက်ပြီး လေမုန်တိုင်းကြီးတစ်ခုကို ဆင့်ခေါ်လိုက်၏။ အခြားသူများမှာ သူတို့ရင်ဆိုင်နေရသည့် အန္တရာယ်ကြီးကို နားလည်ထားကြသောကြောင့် အတူတကွ စုဝေးနေကြသည်။ ထို့နောက် သူတို့မှာ ဖုန့်ချိုးရန်၏ ဦးဆောင်မှုအောက်တွင် တိုက်ကွက်များကို ထုတ်လွှတ်ရင်း ရှေ့သို့ ပြေးသွားကြတော့သည်။
ဝမ်ပေါင်လဲ့မှာ သူတို့အဖွဲ့၏ ညာဘက်ခြမ်းတွင်ရှိနေပြီး သူ၏နောက်တွင် ကျောက်ယမုန့်နှင့် ခုန်းတောက်တို့ ရှိနေ၏။ သူတို့မှာ သူ၏ ကာကွယ်စောင့်ရှောက်မှုကို မလိုအပ်ပေ။ အထူးသဖြင့် ကျောက်ယမုန့်၏ မန္တန်အစီအရင်တိုက်ကွက်များမှာ အကြီးစားတိုက်ပွဲများထဲတွင် အလွန်အင်မတန်မှ အသုံးဝင်ပေသည်။ ထို့ကြောင့် သူမသည် မန္တန်လက်ကွက်များဖော်ကာ မန္တန်အစီအရင်များကို တစ်ခုပြီးတစ်ခု ထုတ်သုံးနေတော့သည်။
ခုန်းတောက်မှာလည်း သူမကဲ့သို့ပင် အစွမ်းထက်ပေသည်။ သူ၏ သားရဲတစ်ကောင်ကဲ့သို့သော လှုပ်ရှားမှုများမှာ တိုက်ပွဲထဲ၌ အပြည့်အဝ ပေါ်ပေါက်လာ၏။ ထို့အပြင် သူ၏ နှလုံးသားထဲ၌ ကိန်းအောင်းနေခဲ့သော သတ်ဖြတ်လိုစိတ်များမှာလည်း အလုံးအရင်းနှင့် ထွက်ပေါ်လာပြီဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ သူ၏မိတ်ဆွေများ အခြေအနေကောင်းနေကြသည်ကို မြင်လိုက်ရသဖြင့် သူတို့အတွက် စိုးရိမ်မနေတော့ပေ။ ထို့ကြောင့် သူသည်လည်း မန္တန်လက်ကွက်များ ဖော်လိုက်ပြီး လျှပ်စီးတန်း အမြောက်အမြားကို ထုတ်လွှတ်လိုက်သဖြင့် လျှပ်စီးလှိုင်းများ ပေါက်ကွဲထွက်ပေါ်လာပြီး ရုပ်အလောင်းကြီးများကို ချေမှုန်းပစ်လိုက်ကြတော့သည်။
သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာမှာ တစ်ဦးချင်းတိုက်ပွဲများအတွက် ပို၍သင့်တော်ပေသည်။ ယခုကဲ့သို့ ရန်သူအမြောက်အမြားနှင့် ရင်ဆိုင်နေရသည့် အချိန်တွင် ဝမ်ပေါင်လဲ့မှာ အမှောင်ပညာရပ်အား အသုံးပြုရန် အရင်ဆုံး တွေးမိလိုက်၏။ သို့သော် ခဏအကြာတွင် ထိုပညာရပ်မှာ အလုပ်ဖြစ်မည်မဟုတ်ကြောင်း သူက သိလိုက်ရတော့သည်။ ထို ရုပ်အလောင်းကြီးများမှာ ဝိညာဉ်များ မရှိကြတော့ပေ။ အမှန်အတိုင်းဆိုရလျှင် ၎င်းတို့မှာ အသွေးအသားများဖြင့် ဖွဲ့စည်းထားသော ရုပ်သေးရုပ်များအဖြစ်သို့ ပြောင်းလဲသွားကြပြီဖြစ်သည်။
ထို့ကြောင့် သူ၏ လျှပ်စီးတန်းများမှာ သူ့အတွက် အစွမ်းအထက်ဆုံးလက်နက်များ ဖြစ်လာ၏။ ထို့အပြင် သူသည် ဓားပျံများကိုလည်း လေထဲသို့ ထုတ်လွှတ်ခဲ့သေးသဖြင့် ဓားမိုးများ ရွာကျနေသကဲ့သို့ ဖြစ်နေတော့သည်။
အခြားသူများမှာလည်း သူတို့၏ ကိုယ်ပိုင် အစွမ်းထက်မန္တန်များနှင့် ပညာရပ်များကို ထုတ်သုံးလိုက်ကြ၏။ ဖုန့်ချိုးရန်ကမူ ရှေ့ဆုံးမှဦးဆောင်ကာ သူတို့အတွက် လမ်းဖောက်ပေးနေ၏။ သို့သော် သားရဲကြီးများနှင့် ရုပ်အလောင်းများ၏ အရေအတွက်မှာ အလွန်အင်မတန်မှ များပြားလွန်းနေပြီး ၎င်းတို့မှာ အဆက်မပြတ် ရှေ့သို့ ပြေးထွက်လာနေကြ၏။ ထိုအချိန်တွင် ကောင်းကင်ယံထဲ၌ လေထဲတွင် ပျံသန်းနေသည့် သားရဲကြီးများ ပေါ်ပေါက်လာကြသလို ခပ်လှမ်းလှမ်းတွင်လည်း အနက်ရောင်ဝတ်ရုံနှင့် ဖုတ်ကောင်ကြီးများ ပေါ်ပေါက်လာကြတော့သည်။
ထိုအနက်ရောင်ဝတ်ရုံနှင့် ဖုတ်ကောင်များ၏ အရေအတွက်မှာ အများကြီး မဟုတ်ပါသော်လည်း ရာဂဏန်းအနည်းငယ်အထိ ရှိနေဆဲပင်။ ၎င်းတို့၏ ခန္ဓာကိုယ်များထဲမှ အနက်ရောင် မြူခိုးများ ထွက်ပေါ်လာကြပြီး ထိုမြူခိုးများထဲတွင် ကြောက်မက်ဖွယ်ရာ ကမ္ဗည်းစာလုံးများ တောက်ပနေကြသည်။ ခဏအကြာတွင် ထို မြူခိုးများမှာ ကျင့်ကြံသူများဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာကြတော့သည်။
ထို မြူခိုးများနှင့် ထိတွေ့လိုက်သည့် အချိန်တိုင်း ပေါက်ကွဲမှုကြီးတစ်ခု ပေါ်ပေါက်လာ၏။ ထိုပေါက်ကွဲအားမှာ အလွန်အင်မတန်မှ အားပြင်းလွန်းလှသောကြောင့် သူတို့မှာ ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက်၏ ထိုးနှက်ခြင်းကို ခံလိုက်ရသကဲ့သို့ ခံစားနေရတော့သည်။
၎င်းမှာ ကျင့်ကြံသူများ ရင်ဆိုင်ကြုံတွေ့နေရသည့် အကြီးမားဆုံး အန္တရာယ်ကြီး မဟုတ်သေးပေ။ သူတို့ ရင်ဆိုင်နေရသည့် အကြီးမားဆုံးအန္တရာယ်ကြီးမှာ ထွက်လမ်းမရှိဘဲ ပိတ်မိနေခြင်းပင်။ ပန်းပွင့်များထဲမှ ဝတ်မှုန်များမှာ အဝေးသို့ ဆက်လက် ပျံ့နှံ့သွားနေကြသည်ဖြစ်ရာ သူတို့ဆီသို့ ပို၍ပင်အစွမ်းထက်သည့် ရုပ်အလောင်းများ ရောက်ရှိလာကြမည်မှာ မလွဲဧကန်ပင်။
ထို့ကြောင့် ဖုန့်ချိုးရန်မှာ ထိတ်ထိတ်ပျာပျာဖြစ်လာရတော့သည်။ နောက်ဆုံးတွင် သူမသည် ပေတံတစ်ချောင်းကို ထုတ်ယူကာ လေထဲတွင် ဝှေ့ယမ်းလိုက်ပြီးနောက် အော်ဟစ်လိုက်၏။
” ပေတစ်ထောင် ”
သူမ ထိုသို့ အော်ဟစ်လိုက်သည်နှင့် သူမ၏ ပေတစ်ထောင်ပတ်လည်ရှိ မြေပြင်ကြီးမှာ စတင်တုန်ရီလာတော့သည်။ ထို့နောက် မျက်လုံးဖြင့်မမြင်ရသော စွမ်းအားတစ်မျိုးမှာ ရုတ်ခြည်းဆိုသလို ပေါ်ပေါက်လာပြီး ထို ပေတစ်ထောင်ပတ်လည်ရှိ ရုပ်အလောင်းများအားလုံးကို သတ်ဖြတ်ချေမှုန်းလိုက်တော့သည်။ ၎င်းတို့အားလုံးမှာ ပြာမှုန့်ဘဝသို့ ရောက်သွားကြ၏။
ထိုတိုက်ကွက်မှာ အလွန်အင်မတန်မှ အစွမ်းထက်သည့်တိုင်အောင် သိပ်၍ အလုပ်မဖြစ်ပေ။ ရုပ်အလောင်းများမှာ ရေတွက်၍ မရနိုင်လောက်အောင် ရှိနေသည်ဖြစ်ရာ သေကျေပျက်စီးသွားသည့် ရုပ်အလောင်းများ၏ နေရာတွင် အခြားရုပ်အလောင်း အသစ်များမှာ ချက်ချင်းဝင်ရောက်လာကြ၏။
ချီလင်းနှင့် အခြားသူများမှာလည်း အစွမ်းကုန်ကြိုးစား၍ တိုက်ခိုက်နေကြ၏။ သူတို့၏ တိုက်ခိုက်မှုများကြောင့် ဖုန့်ချိုးရန်မှာ သူမ၏ နောက်ထပ် တိုက်ကွက်တစ်ကွက်အား ပြင်ဆင်ချိန်ရသွားသည်။ တစ်ခဏမျှ ကြာမြင့်သွားပြီးနောက် ဖုန့်ချိုးရန်မှာ မျက်ဝန်းများ အေးစက်သွားပြီး အသံကုန် အော်ဟစ်လိုက်တော့သည်။
” ပေတစ်သောင်း ”
ဖုန့်ချိုးရန်တစ်ယောက် သူမ၏တိုက်ကွက်ကို ထုတ်လွှတ်လိုက်သောအခါ ကျောက်ယမုန့်မှာ မျက်လုံးများအရောင်လက်သွား၏။ ထို့နောက် သူမသည်လည်း မန္တန်လက်ကွက်များဖော်ကာ မန္တန်အစီအရင်ကြီးတစ်ခုကို ဖန်တီးလိုက်တော့သည်။
ထို မန္တန်အစီအရင်ကြီး ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် ဖုန့်ချိုးရန်၏ ပေတံထဲမှ တိုက်ကွက်ကြီးမှာလည်း ပေါက်ကွဲထွက်ပေါ်လာ၏။
အုန်း၊ အုန်း၊ အုန်း….
ထိုအခါ မြေပြင်ကြီးတစ်ခုလုံး တုန်ရီသွားကာ မိုးကောင်းကင်ကြီးမှာလည်း အရောင်များ မှေးမှိန်သွားပြီး ပေတစ်သောင်းပတ်လည်ရှိ အရာအားလုံးမှာ ပြာမှုန့်ဘဝသို့ ရောက်ရှိသွားတော့သည်။ ပေတံကြီး၏ စွမ်းအားများကို အခြားစွမ်းအားတစ်မျိုးက မြှင့်တင်ပေးထားသည့်ပုံပင်။ တုန်ခါမှုလှိုင်းများမှာ အပြင်ဘက်သို့ ပြန့်ထွက်သွားပြီး နောက်ထပ် ပေနှစ်သောင်းအကွာထိ ပျံ့နှံ့သွား၏။
ထို တုန်ခါမှုလှိုင်းများမှာ မူလတိုက်ကွက်လောက် အစွမ်းမထက်ပါသော်လည်း ရုပ်အလောင်းများများအား ဖျက်ဆီးချေမှုန်းနိုင်စွမ်း ရှိနေဆဲပင်။
ထို့ကြောင့် စစ်မြေပြင်ကြီးတစ်ခုလုံးမှာ ချက်ချင်းဆိုသလိုပင် ပြောင်သလင်းခါသွား၏။ သို့သော် သူတို့မှာ ရှေ့သို့ အဝေးကြီး ဆက်မသွားနိုင်ခင်မှာပင် မိုးကုပ်စက်ဝိုင်းပေါ်၌ နောက်ထပ် ရုပ်အလောင်းစစ်တပ်ကြီးတစ်ခု ထပ်၍ ပေါ်ပေါက်လာပြန်သည်။
ပထမဆုံး တိုက်ပွဲကြီးကြောင့် လူတိုင်းမှာ ကျောက်ယမုန့် အသုံးပြုနေသော မန္တန်အစီအရင်များ၏ စွမ်းအားများကို သတိထားမိသွားကြပြီ ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာလည်း အံအားသင့်သွားရ၏။ သူသည် ကျောက်ယမုန့်၏ မန္တန်အစီအရင်များမှာ အလွန်အင်မတန်မှ အစွမ်းထက်ကြောင်း သိထားပြီးသား ဖြစ်ပါသော်လည်း ၎င်းတို့မှာ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားများကို မြှင့်တင်ပေးနိုင်စွမ်း ရှိနေလိမ့်မည်ဟု လုံးဝထင်မှတ်မထားခဲ့ပေ။
ဖုန့်ချိုးရန်မှာမူ အံ့ဩမှင်တက်သွားရပြီး ကျောက်ယမုန့် အသုံးပြုနေသော မန္တန်အစီအရင်များ၏ အစွမ်းများကို နားလည်သွားတော့သည်။ ထို့ကြောင့် သူမသည် မျက်လုံးများ အရောင်လက်သွားကာ ကျောက်ယမုန့်၏ ဘေး၌ ပေါ်ပေါက်လာ၏။ သူမသည် ကျောက်ယမုန့်အား သူမ၏ဘေးတွင် ထားချင်နေခြင်း ဖြစ်သည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာလည်း ကျောက်ယမုန့်၏ ဘေးသို့ ရောက်လာပြီး ဖုန့်ချိုးရန်အား စိုက်ကြည့်နေလိုက်သည်။
” ပေါင်လဲ့။ ငါ ကျောက်ယမုန့်ကို ငါ့ရဲ့အသက်နဲ့ ရင်းပြီးတော့ ကာကွယ်ပေးပါ့မယ် ”
သူမသည် သွယ်ဝိုက်ပြောဆိုနေခြင်း မရှိဘဲ တည့်တိုးသာ ပြောလိုက်၏။ ဝမ်ပေါင်လဲ့မှာမူ စကားတစ်ခွန်းမှ ပြန်မပြောဘဲ ကျောက်ယမုန့်ကိုသာ စိုက်ကြည့်နေလိုက်သည်။ သူသည် သူမကိုယ်စား ဆုံးဖြတ်ချက်ချပေးနိုင်သည့် အနေအထားတွင် မရှိပေ။ ကျောက်ယမုန့်မှာမူ တစ်ခဏမျှသာ စဉ်းစားတွေးတောလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား ပြုံးပြလိုက်၏။ ထို့နောက် သူမသည် ခေါင်းညိတ်ကာ ဖုန့်ချိုးရန်၏နောက်သို့ လိုက်သွားလိုက်တော့သည်။ သူတို့ နှစ်ယောက်မှာ စောစောတုန်းက တိုက်ကွက်ကြီးအား လေထဲတွင် ထပ်၍ အသုံးပြုလိုသောကြောင့် ကောင်းကင်ပေါ်သို့ ပျံတက်သွားကြ၏။
ဝမ်ပေါင်လဲ့မှာ သူတို့နှစ်ယောက် လေပေါ်သို့ ပျံတက်သွားသည်ကို ကြည့်ရင်း ရုတ်တရက်ဆိုသလို စကားလုံးများနှင့် ဖော်ပြ၍မရနိုင်လောက်အောင် စိုးရိမ်သွားရ၏။ ထို့ကြောင့် သူသည် စကားပြောရန် ပြင်လိုက်စဉ်မှာပင်… မြေပြင်ကြီးမှာ ရုတ်တရက်ဆိုသလို အပြင်းအထန် တုန်ရီသွားတော့သည်။
သူတို့၏ရှေ့တွင် ရှိနေသော မြေပြင်ကြီးမှာ အောက်သို့ကျွံဝင်သွားကာ ပေတစ်ရာခန့် ရှည်လျားပြီး ခန္ဓာကိုယ် အစိတ်အပိုင်းအချို့ ပုပ်ပွနေသည့် စပါးအုံးမြွေကြီးတစ်ကောင်မှာ မြေကြီးထဲမှ အရှိန်အဟုန်ပြင်းစွာ ထိုးထွက်လာ၏။ ၎င်းမှာ မြေပြင်ပေါ်ရှိ ကျင့်ကြံသူများအား အရှိန်အဟုန်ဖြင့် ဝင်တိုက်လိုက်သောကြောင့် မြေကြီးများနှင့် ကျောက်စကျောက်နများမှာ ကောင်းကင်ယံထဲသို့ မြောက်တက်သွားကြတော့သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စိုးရိမ်နေရန်ပင် အချိန်မရှိတော့ဘဲ ထိုတိုက်ကွက်ကြီးအား ရှောင်တိမ်းနိုင်ရန် အခြားသူများနှင့်အတူ အဝေးသို့ ပြေးထွက်သွားလိုက်ရ၏။ ထိုအချိန်တွင် သူတို့၏ နောက်ဘက်ရှိ မြေပြင်ကြီးမှာလည်း အောက်သို့ထပ်၍ ကျွံဝင်သွားပြီး နောက်ထပ် စပါးအုံးမြွေကြီးတစ်ကောင် ပေါ်ပေါက်လာပြန်သည်။
ထို့နောက် သူတို့၏ ပတ်ပတ်လည်ရှိ မြေပြင်ကြီးမှာ တစ်ကွက်ပြီးတစ်ကွက် အောက်သို့ ကျွံဝင်သွားကြပြီး စပါးအုံးမြွေကြီးများမှာလည်း တစ်ကောင်ပြီးတစ်ကောင် ထိုးထွက်လာကြ၏။ နောက်ဆုံးတွင် စပါးအုံးမြွေ အကောင်လေးဆယ်ကျော်အထိ ထွက်ပေါ်လာပြီး အသံကုန်အော်ဟစ်ကာ ပါးစပ်ထဲမှ အနက်ရောင်မီးတောက်များကို မှုတ်ထုတ်ရင်း ကျင့်ကြံသူများဆီသို့ အရှိန်အဟုန်ဖြင့် ပြေးလာနေကြတော့သည်။