ဝမ်ပေါင်လဲ့မှာ စကားတစ်ခွန်းမှ ပြောမနေဘဲ ထို ဝတ်ဆံဖို ဝတ်ဆံမများအား ယူလိုက်၏။ သူသည် ဖုန့်ချိုးရန်မှာ သူမ၏ ဖခင်အား ကယ်တင်ရန် စိတ်အားထက်သန်နေပြီး မြဲ့လျဲ့ကျိမှာလည်း ဂိုဏ်းအပေါ် အလွန်အင်မတန်မှ သစ္စာရှိကြောင်း သိထား၏။ သူတို့နှစ်ယောက်စလုံးမှာ ဂိုဏ်းထဲမှ အကြီးအကဲ တစ်ယောက်ကို ကယ်တင်နိုင်ရန် မည်သည့်အရာကိုမဆို ပေးဆပ်နိုင်ပေသည်။ သို့သော် သူသည် တာအိုဘုန်းတော်ကြီးယိုရန်ကိုမူ အပြည့်အဝ မယုံကြည်သေးပေ။ တာအိုဘုန်းတော်ကြီးယိုရန်မှာ စစ်သင်္ဘောကြီး၏ ကာကွယ်ရေး စနစ်အကြောင်းကို ပြောခဲ့သည့်သူ မဟုတ်ပါလော။ သူ၏စကားများကြောင့် သူတို့အားလုံး အတုအယောင် ကမ္ဘာကြီးထဲသို့ အလွယ်တကူ ရောက်ရှိသွားရခြင်းဖြစ်ကြောင်း အတိုင်းအတာတစ်ခုအထိ သတ်မှတ်နိုင်ပေသည်။
မည်သို့ပင်ဆိုစေကာမူ သူသည် သူတို့၏ ခံယူချက်များကို နားလည်ထားသည့်တိုင်အောင် ဤ စစ်ဆင်ရေးကြီးအား သဘောမတူသေးပေ။ အကယ်၍ ဤစစ်ဆင်ရေးထဲ၌ ပါဝင်ကြသည့် လူအရေအတွက်မှာ ယခုထက် နည်းနေမည်ဆိုပါက ကိစ္စမရှိပေ။ သို့သော် ယခုတွင်မူ ဂိုဏ်းထဲရှိ ယွမ်ယင်အဆင့် ကျင့်ကြံသူအားလုံးနှင့် အမြုတေအဆင့် ကျင့်ကြံသူအများစု ပါဝင်နေကြသည် မဟုတ်ပါလော။ လူအင်အား ရာဂဏန်း အနည်းငယ်ထိ ရှိသော ထိုကျင့်ကြံသူများမှာ ကျယ်ပြန့်တာအိုနန်းတော်၏ ထိပ်သီးအဆင့် ကျင့်ကြံသူများ ဖြစ်ကြပေသည်။
အကယ်၍ သူတို့သာ တစ်ခုခု ဖြစ်သွားမည်ဆိုပါက ကျယ်ပြန့်တာအိုနန်းတော်မှာ အများကြီး ထိခိုက်နစ်နာသွားရမည်ဖြစ်သည်။ ပြည်ထောင်စုကြီးမှာမူ လတ်တလောတွင် ထိခိုက်နစ်နာသွားမည် မဟုတ်ပါသော်လည်း ရေရှည်တွင် နောက်ဆက်တွဲအကျိုးဆက်များကို ခံစားရမည်သာဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ သူသည် အပြင်လူတစ်ယောက် ဖြစ်သောကြောင့် သူတို့၏ ဆုံးဖြတ်ချက်များကို ဝင်ရောက်စွက်ဖက်ခွင့် မရှိပေ။ ထို့ကြောင့် သူသည် ပြည်ထောင်စု ကျင့်ကြံသူများ ဤ စစ်ဆင်ရေးထဲ၌ ပါဝင်စရာ မလိုအောင်သာ လုပ်ခဲ့၏။ သို့သော် ကျောက်ယမုန့်နှင့် ခုန်းတောက်တို့၏ ရာထူးအဆင့်အတန်းများမှာ အခြားသူများနှင့် မတူသောကြောင့် သူတို့မှာ မဖြစ်မနေ ပါဝင်ရမည်ဖြစ်သည်။
ထို့ကြောင့်လည်း သူ၏ အဓိကတာဝန်မှာ သူတို့အား ဘေးကင်းလုံခြုံအောင် စောင့်ရှောက်ပေးနိုင်ရန်သာ ဖြစ်ပြီး ဖုန့်ချိုးရန်၏ ဖခင်အား ရှာဖွေရန်မှာ ဒုတိယဦးစားပေးသာ ဖြစ်ကြောင်း ဝမ်ပေါင်လဲ့က နားလည်ထားသည်။ သို့ဖြစ်ရာ သူသည် စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချလိုက်ပြီးနောက် ခုန်းတောက်နှင့် ကျောက်ယမုန့်တို့ဆီသို့ သွားလိုက်၏။ သူတို့မှာ ဒဏ်ရာရထားခြင်း မရှိပါသော်လည်း သူတို့ကြုံတွေ့ခဲ့ရသည့် အန္တရာယ်များကြောင့် တုန်လှုပ်ချောက်ချားနေကြဆဲပင်။ သို့သော် ကျောက်ယမုန့်နှင့် ခုန်းတောက်တို့ နှစ်ယောက်စလုံးမှာ စိတ်ဓာတ်ပျော့ညံ့သူများ မဟုတ်ကြသောကြောင့် သူတို့၏ ကြောက်စိတ်များကို ချက်ချင်းပင် မေ့ပျောက်လိုက်ကြတော့သည်။ ထို့နောက် သူတို့၏ မျက်ဝန်းများထဲတွင် အလင်းရောင်များ ပြန်လည်တောက်ပလာ၏။
” ခုန်းတောက်။ မင်းရဲ့ တည်နေရာပြောင်းရွှေ့ခြင်း လက်ဖွဲ့အဆောင်ကို စမ်းသုံကြည့် ” ဝမ်ပေါင်လဲ့မှာ သူတို့နှစ်ယောက်၏အနီးသို့ ရောက်လာပြီးနောက် တိုးတိုးလေးဆိုလိုက်၏။
ထိုအခါ ခုန်းတောက်မှာ ခေါင်းယမ်းကာ ပြန်ဖြေလိုက်သည်။
” ငါ စမ်းကြည့်ပြီးသွားပြီ… အလုပ်မဖြစ်ဘူးကွ ”
ဝမ်ပေါင်လဲ့တစ်ယောက်သာ ထိုစစ်သင်္ဘောကြီးထဲမှ ထွက်ခွာချင်နေသည်တော့ မဟုတ်ပေ။ သူတို့ထဲမှ အချို့မှာလည်း ထိုကဲ့သို့ တွေးတောနေကြပြီဖြစ်သည်။ အကြီးအကဲ ဖုန့်ချိုးရန်ကိုယ်တိုင် သူတို့နှင့် ရှိနေသည့်တိုင်အောင် သူတို့မှာ တည်နေရာပြောင်းရွှေ့ခြင်း လက်ဖွဲ့အဆောင်အား ခိုး၍ အသုံးပြုကြည့်ခဲ့သေးသည်။ သို့သော် သူတို့မှာ မအောင်မြင်ခဲ့သဖြင့် ပို၍ပင် စိတ်ဓာတ်ကျသွားရ၏။
ဖုန့်ချိုးရန်မှာ ထိုအခြေအနေများကို ရိပ်မိလိုက်သောအခါ စိတ်နှလုံး ဝမ်းနည်းညှိုးငယ်သွားပြီး စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချမိလိုက်၏။ ထို့နောက် သူမသည် တည်ကြည်မှုအပြည့်ရှိသော မျက်နှာအမူအရာဖြင့် တရိုတသေ ဦးညွှတ်ကာ ကတိပေးလိုက်တော့သည်။
” ဒီတစ်ခေါက် ငါ့ရဲ့ ဆုံးဖြတ်ချက်တွေ မှားသွားတဲ့ပုံပဲ။ ဒါပေမဲ့ ဘာမှ စိတ်မပူပါနဲ့။ အကုန်လုံး အပြင်ပြန်ထွက်နိုင်အောင် ငါ အစွန်းကုန်ကြိုးစားပေးပါ့မယ် ”
ဖုန့်ချိုးရန်၏ အကျင့်စရိုက်မှာ မြဲ့လျဲ့ကျိလောက် တင်းမာခက်ထန်ခြင်း မရှိပေ။ သို့သော် သူမသည် အမျိုးသမီးတစ်ယောက်၏ နူးညံ့သိမ်မွေ့သော အပြုအမူများကို ပိုင်ဆိုင်ထားပြီး အလွယ်တကူ ဒေါသထွက်လေ့မရှိသောကြောင့် အားသာချက်တစ်ခုကို ပိုင်ဆိုင်ထားသည်ဟု ဆိုနိုင်ပေသည်။
ဖုန့်ချိုးရန်တစ်ယောက် ထိုကဲ့သို့ ဦးညွှတ်ကာ တောင်းပန်လိုသည့် မျက်ဝန်းများဖြင့် ကတိပေးလိုက်သည်ကို မြင်လိုက်ရသောအခါ လူတိုင်းမှာလည်း သူမအား ပြန်၍ ဦးညွှတ်အရိုအသေပေးလိုက်ကြ၏။ သူတို့်သည် သူမအား အပြည့်အဝယုံကြည်ရန် ဆုံးဖြတ်လိုက်ကြပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဖုန့်ချိုးရန်မှာ သူတို့အား အန္တရာယ်တောထဲတွင် ချန်ရစ်ထားခဲ့မည့် လူစားမျိုးမဟုတ်ကြောင်း သူတို့က ယုံကြည်ထားကြသောကြောင့်ပင်။
” အကြီးအကဲဖုန်း။ တောင်းပန်နေဖို့မလိုပါဘူးဗျာ။ တာအိုဂိုဏ်းသားတစ်ယောက်အနေနဲ့ ကျွန်တော်တို့ရဲ့ အကြီးအကဲတွေကို ကယ်တင်ပေးဖို့က ကျွန်တော်တို့ရဲ့ တာဝန်ပါ။ ပြီးတော့ ကျွန်တော်တို့ ကိုယ်တိုင်က ကျင့်ကြံခြင်းလမ်းစဉ်ကို ရွေးချယ်ခဲ့တာလေ။ အဲတာကြောင့် ဘာလို့ အခုမှ အသက်သေရမှာကို ကြောက်နေရမှာလဲ။ အဲလိုသာ ကြောက်နေမယ်ဆိုရင် အစကတည်းက ဒီ လမ်းစဉ်ကို မရွေးချယ်ခဲ့သင့်ဘူး ” လူအုပ်ကြီးထဲတွင် ရပ်နေသည့် ချီလင်းမှာ သူ၏အသံအောအောကြီးဖြင့် ဆိုလိုက်ပြီး မာန်ပါသော မျက်ဝန်းများဖြင့် လူအုပ်ကြီးအား အကဲခတ်လိုက်၏။
” အပြင်ဘက်ကို တည်နေရာပြောင်းရွှေ့လို့ မရတော့ဘူးဆိုမှတော့ ရွေးစရာလမ်း တစ်လမ်းပဲကျန်တော့တယ်။ အဲတာ ရှေ့ဆက်လျှောက်ဖို့ပဲ ”
” အကြီးအကဲဖုန်း။ ကျွန်တော်တို့က အဆုံးမဲ့မျိုးနွယ်စုရဲ့ မှတ်တမ်းတွေကို သိပ်ပြီးတော့ ဖတ်ခွင့်မရခဲ့ဘူး။ အကြီးအကဲက ဒီ နတ်ဆိုချင်လင်းပန်းပွင့်အကြောင်းကို သိထားတယ်ဆိုတော့ ဒီ စစ်သင်္ဘောကြီးထဲက ကျွန်တော်တို့တွေ သတိထားသင့်တဲ့ တခြားအရာတွေကိုရော သိထားသေးလား ” ယွမ်ယင်အဆင့် ကျင့်ကြံသူများမှာ မေးခွန်းများ တစ်ခုပြီးတစ်ခု မေးနေကြသောကြောင့် အမြုတေအဆင့် ကျင့်ကြံသူများမှာ တဖြည်ဖြည်းနှင့် ငြိမ်ကျသွားကြ တော့သည်။ ဝမ်ပေါင်လဲ့မှာမူ ခေါင်းမော့ကာ ဖုန့်ချိုးရန်အား လှမ်းကြည့်လိုက်၏။
ဖုန့်ချိုးရန်မှာမူ အသက်ပြင်းပြင်းရှူကာ သူမ၏ စိုးရိမ်စိတ်များကို မေ့ပျောက်ထားလိုက်တော့သည်။ သူမသည် ထိတ်ထိတ်ပျာပျာဖြစ်နေ၍ မဖြစ်ကြောင်း နားလည်ထား၏။ ထိုသို့သာမဟုတ်ပါက သူမသည် အခြားသူများအားလုံးကို သေတွင်းထဲသို့ အရောက်ပို့နေသလို ဖြစ်သွားနိုင်ပေသည်။
” ငါရယ်၊ မြဲ့လျဲ့ကျိရယ်၊ ယိုရန်ရယ်က ဆုံးဖြတ်ချက် မှားသွားခဲ့တာ။ အခု ငါ ဒီရုပ်အလောင်းတွေနဲ့ နတ်ဆိုးချင်လင်းပန်းပွင့်တွေကို မြင်လိုက်ရတော့မှ အရင်တုန်းက ကြားဖူးခဲ့တဲ့ အဆုံးမဲ့မျိုးနွယ်စုရဲ့ အထူးစစ်သင်္ဘောကြီးတစ်စင်းအကြောင်းကို ပြန်ပြီးတော့ မှတ်မိသွားတာပဲ ”
” ဒီ အထူးစစ်သင်္ဘောကြီးရဲ့ ပုံပန်းသွင်ပြင်က အခြားစစ်သင်္ဘောကြီးတွေနဲ့ တူတူပဲ။ ဒါပေမဲ့ သူတို့ရဲ့ အလုပ်လုပ်ပုံက မတူဘူး။ အဲဒီ စစ်သင်္ဘောကြီးတွေကို ယဇ်ပူဇော်နန်းတော်လို့ ခေါ်တယ် ”
” ယဇ်ပူဇော်နန်းတော်တွေက တကယ်တမ်းတော့ ယဇ်ပူဇော်ပလ္လင်တွေပါပဲ။ အဆုံးမဲ့မျိုးနွယ်စု ကြယ်စင်စုတစ်ခုကို သိမ်းပိုက်ပြီးတဲ့အချိန်တိုင်း သူတို့က ကျင့်ကြံသူတွေ အုပ်လိုက်ကြီးကို ဖမ်းဆီးသတ်ဖြတ်ပြီးတော့ သူတို့ရဲ့ ရုပ်အလောင်းတွေကို ယဇ်ပူဇော်နန်းတော်ထဲ ပစ်ထည့်လိုက်ကြတာ။ အဲဒီ ကျင့်ကြံသူတွေရဲ့ အသွေးအသားတွေနဲ့ သက်စောင့်စွမ်းအားတွေကို စစ်သင်္ဘောကြီးဆီ ယဇ်ပူဇော်ပြီး အဆုံးမဲ့မျိုးနွယ်စုဝင်တွေရဲ့ ဒဏ်ရာတွေကို ပျောက်ကင်းအောင် ကုသတဲ့နေရာမှာ သုံးကြတာ ”
” ဒီ စစ်သင်္ဘောကြီးကလည်း ယဇ်ပူဇော်နန်းတော်တစ်ခု ဖြစ်နေလောက်တယ်။ ဒီထဲမှာ ရှိနေတဲ့ ရုပ်အလောင်းတွေက ဒီ စစ်သင်္ဘောကြီးရဲ့ သတ်ဖြတ်ချေမှုန်းခြင်းကို ခံခဲ့ရတဲ့ ကျင့်ကြံသူတွေပဲ ”
” အဲလိုသာဆိုရင် ချပ်ပြားဝိုင်း တစ်ခုချင်းစီထဲမှာ ခိုအောင်းနေတဲ့ ကမ္ဘာတစ်ခုချင်းစီထဲမှာ အသေးစား ယဇ်ပူဇော်ပလ္လင်တစ်ခုစီ ရှိနေလောက်တယ်။ အဲဒီ အသေးစား ယဇ်ပူဇော်ပလ္လင်သုံးခုက အဓိက ယဇ်ပူဇော်ပလ္လင်ကြီး ရှိနေမယ့် နေရာမှာ တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေကြမှာပဲ ”
” ငါတို့တွေ ဒီနေရာကနေ ထွက်ခွာချင်တယ်ဆိုရင် အဓိက ယဇ်ပူဇော်ပလ္လင်ကြီးထဲကို ဝင်ပြီးတော့ ထွက်ပေါက်တစ်ခု ရှာရမှာ ” ဖုန့်ချိုးရန်မှာ သူမ၏ သုံးသပ်ချက်အား မခြွင်းမချန် ထုတ်ပြောလိုက်၏။ ထိုအခါ လူအုပ်ကြီးတစ်ခုလုံးမှာ ငြိမ်ကျသွားတော့သည်။
ဝမ်ပေါင်လဲ့မှာမူ စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချလိုက်၏။ ထို့နောက် သူသည် ဓမ္မရတနာများနှင့် ဆေးလုံးများအပြင် ရုပ်သေးရုပ်အချို့ကိုပါ ထုတ်ယူလိုက်ပြီး ကျောက်ယမုန့်နှင့် ခုန်းတောက်တို့အား လှမ်းပေးလိုက်၏။
သူတို့ရှေ့ဆက်လျှောက်ရမည့် လမ်းခရီးမှာ အလွန်အင်မတန်မှ ခက်ခဲကြမ်းတမ်းနေမည်ဖြစ်ကြောင်း သူက သိထားသည်။
ဖုန့်ချိုးရန်မှာမူ အခြားကျင့်ကြံသူများအား ကြည့်မနေဘဲ သူတို့၏ ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်၏။ သူတို့၏ ဘေးနားတစ်ဝိုက်တွင် နတ်ဆိုးချင်လင်းပန်းပွင့်များ မရှိတော့ပါသော်လည်း ရုပ်အလောင်းများဖြင့် ပြည့်နှက်နေသည့် ဤကမ္ဘာကြီးထဲ၌ နတ်ဆိုးချင်လင်းပန်းပွင့်များ မရေမတွက်နိုင်လောက်အောင် ပေါက်ရောက်နေဆဲပင်။
ကံကောင်းစွာဖြင့် သူတို့နှင့် ခပ်လှမ်းလှမ်းတွင် ရှိနေကြသည့် ပန်းပွင့်အများစုမှာ ဖူးသစ်စအဆင့်တွင်သာ ရှိသေးပြီး စောစောတုန်းက သူတို့၏ ပတ်ပတ်လည်တွင် ရှိနေခဲ့ကြသည့် ပန်းပွင့်များကဲ့သို့ ငွားငွားစွင့်စွင့် ပွင့်နေကြခြင်း မရှိသေးပေ။
” ခဏလောက် အနားယူလိုက်ကြတာပေါ့။ နောက် မိနစ်သုံးဆယ်နေရင် သွားကြမယ် ” ဖုန့်ချိုးရန်မှာ အချိန်အတော်အတန်ကြာအောင် စဉ်းစားတွေးတောနေလိုက်ပြီးနောက် သူမ၏ အကြည့်အား ပြန်လည်ရုပ်သိမ်းကာ လေသံတိုးတိုးဖြင့် ဆိုလိုက်၏။ ထိုအခါ ချီလင်းနှင့် အခြားသူများမှာ အောက်သို့ထိုင်ချလိုက်ကြပြီး အကောင်းဆုံးအနေအထားတွင် ရှိနေနိုင်ရန် တရားထိုင်နေလိုက်တော့သည်။ သူတို့မှာ နတ်ဆိုးချင်လင်းပန်းပွင့်များ၏ ဝတ်ဆံဖို ဝတ်ဆံမများကိုလည်း သိမ်းဆည်းလိုက်ကြ၏။
ထိုသို့ဖြင့် အချိန်များ တရွေ့ရွေ့ ကုန်လွန်သွားပြီး မိနစ်သုံးဆယ် ကုန်ခါနီးအချိန်သို့ ရောက်လာတော့သည်။ သူတို့ထဲမှအများစုမှာ အားအင်များ ပြန်လည်ပြည့်ဖြိုးလာကြပြီဖြစ်ပြီး စစ်ဆင်ရေးကြီးအား ဆက်လက်ဆောင်ရွက်ရန် အဆင်သင့်ဖြစ်နေကြပြီဖြစ်သည်။ ထိုအချိန်တွင်… မြေပြင်ကြီးမှာ စတင်တုန်ရီလာတော့သည်။
ထို တုန်ရီမှုမှာ မပြင်းထန်ပါသော်လည်း လူတိုင်းမှာ အံ့သြတုန်လှုပ်သွားရဆဲပင်။ သူတို့မှာ မတ်တတ်ထလာကြပြီး မျက်နှာအမူအရာများ တည်ကြည်သွားကြ၏။ ထို့နောက် ခပ်လှမ်းလှမ်းတွင် ခြေဆောင့်ချသံများ အဆက်မပြတ် ပေါ်ထွက်လာပြီး မြေပြင်ကြီးမှာလည်း ပို၍ပင် တုန်ရီလာတော့သည်။ ၎င်းမှာ ဘီလူကြီးတစ်ကောင် သူဆီသို့ ဦးတည်လျှောက်လှမ်းလာနေသည့် အသံနှင့် ဆင်တူပေသည်။
ခဏအကြာတွင် လေပြင်းတိုက်ခတ်သံများနှင့် ဆင်တူနေသော အသက်ရှုသံများကိုပင် ကြားလိုက်ရတော့သည်။ ထိုအသံများနှင့်အတူ တချွင်ချွင်မြည်သံများလည်း ကျယ်လောင်စွာပေါ်ထွက်လာ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့၊ ဖုန့်ချိုးရန်နှင့် အခြား ယွမ်ယင်အဆင့် ကျင့်ကြံသူများမှာ တုန်လှုပ်ချောက်ချားသွားရတော့သည်။ သူတို့ စကားမပြောနိုင်ခင်မှာပင် အခြားကျင့်ကြံသူများမှာလည်း ဆူညံသံများ ထွက်ပေါ်လာနေသည့် မိုးကောင်းကင်ကြီးပေါ်သို့ မော့ကြည့်လိုက်ကြတော့သည်။
သူတို့မှာ ထိုကဲ့သို့စိုက်ကြည့်နေရင်း ရုတ်တရက်ဆိုသလို မျက်လုံးများ ပြူးသွားရတော့သည်။ သူတို့ထဲမှ အချို့သာဆိုလျှင် တအံ့တဩဖြစ်ကာ ပင့်သက်ရှိုက်မိသွားကြ၏။
” ဒါကြီးက…”
” ဘာလဲဟ ”
ဆူညံသံများမှာ ပို၍ပင်ကျယ်လောင်လာပြီး လေပြင်းများမှာလည်း ပို၍ပင် ပြင်းထန်စွာ တိုက်ခတ်လာတော့သည်။ ထိုအချိန်တွင် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့အား ချိတ်ဆက်ပေးထားသလို ဖြစ်နေသည့် အရပ်ထောင်ထောင်မောင်းမောင်းနှင့် အရိပ်ကြီးတစ်ခုမှာ သူတို့၏ မြင်ကွင်းထဲ၌ ဖြည်းဖြည်းချင်း ပေါ်ပေါက်လာတော့သည်။
အစပိုင်းတွင် သူတို့မှာ အသံများကိုသာကြားရပါသော်လည်း နောက်ပိုင်းတွင် ၎င်း၏ အရိပ်ကိုပါ မြင်လိုက်ရတော့သည်။ ထို့နောက် ထိုအရိပ်မှာ တဖြည်းဖြည်းနှင့် ပို၍ သိသာထင်ရှားလာပြီး ဝမ်ပေါင်လဲ့နှင့် အခြားကျင့်ကြံသူများ၏ အတွေးများထဲတွင် ထာဝရ စွဲထင်ကျန်ရစ်နေခဲ့မည့် ပုံရိပ်တစ်ခု ပေါ်ပေါက်လာတော့သည်။ ၎င်းမှာ စကားလုံးများနှင့်ပင် ဖော်ပြ၍မရသော ဧရာမသားရဲကြီးတစ်ကောင်ပင် ဖြစ်ပေသည်။
၎င်းမှာ စိန်လူဝံကြီးနှင့် ဆင်တူပါသော်လည်း အဆပေါင်းများစွာ ပို၍ကြီးမား၏။ ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် အမွှေးများ ရှုပ်ပွနေပြီး အနက်ရောင် အရိုးများမှာလည်း ခန္ဓာကိုယ်အပြင်ဘက်သို့ ငေါထွက်နေသည်။ ထို့နောက် ၎င်း သူတို့၏အနီးသို့ ရောက်လာသောအခါ အပုပ်နံ့တစ်ခု ပျံ့လွင့်လာ၏။
ထို သားရဲကြီး၏ ခန္ဓာကိုယ်အား ထိုးဖောက်ထားသော သံကြိုးများကြောင့် ၎င်း၏ ခန္ဓာကိုယ်မှာ လေးလံနေရ၏။ ထို သံကြိုးများကိုမူ ထိုသားရဲကြီးနောက်ရှိ လေထဲတွင် ရစ်ဝဲနေသော ဧရာမ သစ်တုံးကြီးတစ်တုံးနှင့် ချိတ်ဆက်ထားသည်။
ထိုသစ်တုံးကြီးမှာ ပေသိန်းဂဏန်းအထိ ဒုရှိနေ၏။ ထို့ကြောင့် ကျင့်ကြံသူများမှာ ၎င်း၏ရှေ့တွင် ရပ်နေပါက ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့သာ ခံစားလိုက်ရမည်ဖြစ်သည်။ သို့သော် ထိုသစ်တုံးကြီးမှာ သားရဲကြီး၏ ဘေးတွင် ရှိနေသောကြောင့် ၎င်း၏ အရွယ်အစားမှာ သိသာထင်ရှားမှု သိပ်မရှိပေ။
အံ့ဩတုန်လှုပ်စရာ အကောင်းဆုံးအချက်မှာ ထိုသစ်တုံးကြီး၏ ဒုမဟုတ်ဘဲ အရှည်ဖြစ်ပေသည်…. ၎င်းမှာ မျက်စိတစ်ဆုံး ဆန့်တန်းနေသည်ပုံ ပေါက်နေသည်။ ထိုသားရဲကြီးနှင့် ချိတ်ထားသည့် အစွန်းတစ်ဖက်ကိုသာ မြင်နိုင်ပြီး အခြား အစွန်းတစ်ဖက်ကိုမူ မမြင်နိုင်ပေ။ ထို့ကြောင့် ၎င်းမှာ ကမ္ဘာကြီး၏ အခြားတစ်ဖက်နှင့် ချိတ်ဆက်ထားသကဲ့သို့ ဖြစ်နေတော့သည်။
ထို ဧရာမ သားရဲကြီးမှာမူ လားတစ်ကောင်ကဲ့သို့ ထိုသစ်တုံးကြီးအား ဆွဲရင်း ရှေ့သို့ တစ်လှမ်းချင်းစီ လှမ်းနိုင်ရန် အစွမ်းကုန် ကြိုးစားနေရသည်။
အကယ်၍ ၎င်းမှာ အနည်းငယ်ခန့် အရှိန်လျော့ကျသွားမည်ဆိုပါက ၎င်း၏ကိုယ်ပေါ်ရှိ သံကြိုးများထဲမှ မန္တန်အလင်းရောင်များ တောက်ပလာမည်သာ ဖြစ်သည်။ ထို့နောက် ထို အလင်းရောင်များမှာ အမျှင်အတန်းလေးများအဖြစ် ပြောင်းလဲသွားပြီး ထိုသားရဲကြီးဆီမှ သနားစဖွယ် အော်ဟစ်မြည်တမ်းသံများ ထွက်ပေါ်လာသည်အထိ ၎င်းအား အဆက်မပြတ် ရိုက်နှက်လိုက်မည်သာ ဖြစ်သည်။ ထို့ကြောင့် ထိုသားရဲကြီးမှာ ရပ်တန့်သွားခြင်း မရှိသလို အရှိန်လျော့ကျသွားခြင်းလည်း မရှိပေ။
၎င်းမှာ ဝမ်ပေါင်လဲ့နှင့် အခြားကျင့်ကြံသူများကို သတိမထားမိသည့်ပုံပင်။ တချွင်ချွင် မြည်သံများနှင့် ခြေဆောင့်နင်းသံများမှာမူ လေထဲတွင် ပဲ့တင်ထပ်နေ၏။ ထိုသို့ဖြင့် ထိုသားရဲကြီး၏ လေးလံနေသော အသက်ရှူသံများမှာ တဖြည်းဖြည်းနှင့် ပို၍ကျယ်လောင်လာသည်။ သူတို့နှင့် ပေတစ်သောင်းအကွာတွင်မူ ဧရာမသားရဲကြီးမှာ ၎င်း၏ နောက်တွင် သစ်တုံးကြီးတစ်တုံးကို ဆွဲရင်း ရှေ့သို့တစ်လှမ်းချင်းစီ လှမ်းလာ၏။ ထို့နောက် ၎င်းမှာ အဝေးသို့ ဖြည်းဖြည်းချင်း ထွက်ခွာသွားတော့သည်။
၎င်း ခြေတစ်လှမ်း လှမ်းလိုက်တိုင်း မြေပြင်ကြီးမှာ သိမ့်သိမ့်တုန်သွားရ၏။ ထို့နောက် ၎င်း ခြေထောက်ပြန်မလိုက်သည့် အချိန်တိုင်းလေပြင်းများ တိုက်ခတ်သွားသည်သာ ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာကြီးတစ်ခုလုံးထဲ၌ ထစ်ချုန်းသံများဖြင့် ပဲ့တင်ထပ်နေပြီး လေပြင်းများ အဆက်မပြတ် တိုက်ခတ်နေတော့သည်။
👍