အခန်း (၁၀၉) ဆုချခံရဖို့
ဖန်းယွင်ရှန်း ရေရွတ်နေသည့် စကားများကို နားထောင်ရင်း ရန်ကျောက်ကဲက အသားကင်စင်လေးထက်တွင် ကင်ထားသည့်အရာကို ဂရုတစိုက်ဖြင့် ကြည့်လိုက်သည်။ လက်ဖဝါးအရွယ်မျှသာရှိပြီး ဖားတစ်ကောင်နှင့်ဆင်တူသည့် ငါးများတင်ထားပြီး အမှန်တကယ်ပင် ကျားလက်သည်းငါးများ ဖြစ်ဟန်တူသည်။
သူက ငါးကင်ကို အနံ့ခံရင်း လျှာတစ်ချက်သပ်လိုက်၏။
“အနံ့ကတော့ မွှေးနေတာပဲ ၊ အရသာရှိမယ့်ပုံပဲ ၊ ဒီကောင်မလေး မဆိုးဘူးပဲ ၊ အစားအသောက်တွေ ချက်ပြုတ်တတ်အောင် အတော်လေး လေ့ကျင့်ထားပုံရတယ်”
တကယ်တော့ ရန်ကျောက်ကဲ ကိုယ်တိုင်သည်လည်း အရသာမျိုးစုံသည့် အစားအသောက်များအား မြည်းစမ်းရသည်ကို ဝါသနာပါသူဖြစ်သည်။ ဤကမ္ဘာသို့ ရောက်လာကတည်းက အမျိုးမျိုးသောအလုပ်ကိစ္စများစွာ ကြုံတွေ့ရသလို အကောင်းဆုံးအဝတ်အစားနှင့် အကောင်းဆုံးအစားအသောက်များကို ဂိုဏ်းက သူ့အတွက် ထောက်ပံ့ပေးထားသည်။
သို့ပေသိ သူကိုယ်တိုင်က ကျားအိုတစ်ကောင်အလား ပတ်ဝန်းကျင်မှ အရသာရှိသည့် အစားအသောက်အသစ်အဆန်းများကို အမြဲတမ်း ရှာဖွေစားသောက်ခဲ့သည်။
ယခု ဖန်းယွင်ရှန်းသည်လည်း အစားအသောက်ကို သဘောကျသူ ဖြစ်လေရာ အသွင်တူသည်ဟု ခံစားလိုက်ရသည်။ ငါးကင်နံ့ကို နောက်တစ်ကြိမ် အနံ့ခံလိုက်ပြီးနောက် သူ့စိတ်ထဲတွင် ငြိမ်သက်နေသည့် စားချင်သောက်ချင်စိတ်က ချက်ချင်းထွက်ပေါ်လာသည်။
“အဟမ်း…”
ရန်ကျောက်ကဲ ချောင်းတစ်ချက်ဟန့်ရင်း အပြင်သို့ ထွက်လာ၏။
ဖန်းယွင်ရှန်းမှာ အမြီးကိုတက်နင်းခံလိုက်ရသည့် ကြောင်လေးပမာ လန့်ဖျတ်သွားပြီး ရန်ကျောက်ကဲကို တွေ့ရတော့မှ သူမ မျက်ဝန်းများအတွင်းမှ ထိတ်လန့်မှုများ ပျောက်ကွယ်သွားသည်။
သို့သော် သူမက ရှက်ကိုးရှက်ကန်းဖြင့် ဘေးသို့အသာကပ်ကာ ထင်းမီးဖိုနှင့်အသားကင်စင်ကို ပိတ်ဆို့ဖုံးကွယ်လိုက်သည်။
သာမန်ဆိုလျှင် အလွန်နှုတ်သွက်လျှာသွက်ရှိသော မိန်းကလေးသည် ယခုတော့ အနည်းငယ်ပင် စကားထစ်သွားသည်။
“ဂိုဏ်း… ဂိုဏ်းတူအစ်ကို’ရန်’ ၊ တောင်ပေါ်ကို ဘယ်တုန်းက ပြန်ရောက်တာလဲ”
ရန်ကျောက်ကဲက ဘာမှမဖြစ်သလို ပေါ့ပေါ့ပါးပါးဟန်ဖြင့်…
“ဒီနေ့ပဲ ပြန်ရောက်တာ ၊ မင်းရဲ့ ဒဏ်ရာအပြည့်အဝ ပျောက်ကင်းသွားပြီဆို ၊ ပြီးတော့ သိုင်းအခြေခံကိုလည်း ပြန်လည်ပြုပြင်ပြီးသွားပြီလို့ သတင်းကြားလို့ မင်းရဲ့ ကျင့်ကြံခြင်းနဲ့ပတ်သက်ပြီး နည်းနည်းပါးပါး ဆွေးနွေးဖို့ လာခဲ့တာ”
ရန်ကျောက်ကဲက ဖန်းယွင်ရှန်းရှေ့တွင် လမ်းလျှောက်ရင်း သူ၏မြင့်မားသည့်အရပ်ကို အသုံးချကာ သူမကိုကျော်ပြီး အနောက်ဘက်မှ ထင်းမီးဖိုကို လှမ်းကြည့်လိုက်သည်။
“ဒါနဲ့ အတော်လေး စွဲမက်စရာ အစားအသောက်တစ်ခုခုကိုများ တွေ့လိုက်ရသလားလို့ … ဟမ်…”
ဖန်းယွင်ရှန်းမှ ယခုမှ အနည်းငယ် စိတ်သက်သာရာရဟန်ဖြင့် ချောင်းတစ်ချက်ဟန့်လိုက်ရင်း…
“ဂိုဏ်းတူအစ်ကို’ရန်’ ၊ ကျွန်မတို့က သိုင်းကျင့်ကြံသူတွေလေ ၊ အတွင်းအားကောင်းဖို့အတွက် အစားအသောက်ကောင်းကောင်း စားဖို့လိုတယ်ဆိုတာ သိတယ်မလား”
သူမက ဆက်ပြောသည်။
“အင်း… ကျွန်မကတော့ ကျွန်မကိုယ်တိုင် အစားအသောက်ချက်ပြုတ်ရတာ သဘောကျတယ် ၊ တစ်ချို့လူတွေက ဗျပ်စောင်းတီးတာ ၊ စစ်တုရင်ကစားတာ ၊ စာဖတ်တာ ၊ ဒါမှမဟုတ် ပန်းချီဆွဲတာတွေ ဝါသနာပါသလိုမျိုးပေါ့ ၊ ကျွန်မကတော့ အစားအသောက်ချက်ပြုတ်ရတာ ဝါသနာပါတယ် ၊ ကျွန်မရဲ့ ဝါသနာက နည်းနည်းတော့ထူးခြားတာပေါ့ ၊ ဒီလောက်ပါပဲ”
သူမ စကားသံက အရင်လို ခပ်သွက်သွက် ခပ်မြန်မြန် ပြန်ဖြစ်သွားသော်လည်း အနည်းငယ်တော့ ရှက်ကိုးရှက်ကန်း ဖြစ်နေဆဲပင်။
ရန်ကျောက်ကဲက ရယ်မောလိုက်ပြီး ထင်းမီးဖိုနံဘေးသို့ လှစ်ခနဲ လျှောက်သွားလိုက်ရင် ငါးကင်များကို ကြည့်လိုက်သည်။
“မြင်တဲ့သူကို ကျွေးရမယ်နော် ၊ မြင်တဲ့သူကို ကျွေးရမယ်နော်”
ဖန်းယွင်မှာ ခဏတာအံ့အားသင့်သွားပြီးမှ ထိန်းချုပ်ထားခြင်းမရှိတော့ဘဲ ဟက်ဟက်ပက်ပက် ရယ်ချလိုက်သည်။
“အဟင်း… ဒီငါးက အရသာတော့ အတော်ကောင်းတယ် ၊ ပြီးတော့ ကျွန်မလက်ရာကလည်း ကောင်းတယ်လေ ၊ ဂိုဏ်းတူအစ်ကို’ရန်’ မြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ လက်ခံရမှာပေါ့”
သူမက ခဏမျှ စဉ်းစားပြီးမှ စကားဆက်ပြောလိုက်သည်။
“ဂိုဏ်းတူအစ်ကိုကြီး’ရန်’ အေးအေးဆေးဆေး စိတ်ချလက်ချ စားလို့ရတယ် ၊ ကျားလက်သည်းငါးက အဆိပ်ပြင်းပေမယ့် ကျွန်မ သေသေချာချာကိုင်ပြီး အဆိပ်ထုတ်ထားတယ် ၊ ဘာမှ စိုးရိမ်စရာ မရှိပါဘူး”
ကျားလက်သည်းငါးကင်ပြီးသည့်အခါ ဖန်းယွင်ရှန်းက ငါးကင်တစ်ကောင်စီယူလိုက်ပြီး ရန်ကျောက်ကဲနှင့် အားဟူထံသို့ ကမ်းပေးလိုက်သည်။
အသားတုံးလေးက သူမကိုယ်ပေါ်သို့ ခုန်တက်လိုက်ပြီး အမြီးကိုနှံ့ ခေါင်းဖြင့်ဝှေ့ကာ ငါးကင်စားရန် အဆင်သင့် ဖြစ်နေလေပြီ။
ဖန်းယွင်ရှန်းက ရယ်မောလိုက်ပြီး ငါးကင်တစ်ကောင် ပေးလိုက်သည်။
“စိတ်မပူနဲ့ ၊ မင်းအတွက် ဝေစုရှိပါတယ်”
အားဟူက ငါးကင်ကိုကြည့်ပြီး အနည်းငယ်မှင်တက်နေလေရာ ဖန်းယွင်ရှန်းက ပြုံးလိုက်ရင်း…
“မြည်းကြည့်လေ ၊ ကျွန်မလက်ရာက အရမ်းကောင်းတယ် ၊ ပြီးတော့ အရသာရှိတဲ့ အစားအသောက်တွေက များများစားစား ရှိတာမဟုတ်ဘူးနော်”
ထိုအချိန် ရန်ကျောက်ကဲမှာ တစ်စုံတစ်ခုကို စဉ်းစားမိပြီး ငိုရမလား ရယ်ရမလား မသိ ဖြစ်သွားသည်။
ဒီဇာတ်ညွှန်းက နည်းနည်းတော့ မှားနေတာ အမှန်ပင်။
ဇာတ်လမ်းအများစုတွင် မိန်းကလေးများ သဘောကျစေရန်အတွက် ငါး သို့မဟုတ် ကြက်ကင်ပေးသူမှာ အဓိကဇာတ်ဆောင်လုပ်လေ့ရှိသည့်အလုပ်များ ဖြစ်သည်။
ဇာတ်လိုက်ကင်ပေးသည့် အသားကင်စားပြီးနောက် မိန်းမချောလေးက ဇာတ်လိုက်ကို သဘောကျသွားမည် ၊ သို့မဟုတ် ဇာတ်ကွက်အတိုင်း တစ်ခုခု ဆက်ဖြစ်မည်။
ယခုတော့ အခြေအနေက ပြောင်းပြန်ဖြစ်နေသည်။
“ငါထင်တဲ့အတိုင်း ဒီဇာတ်ညွှန်းက မှားနေတာတော့ အမှန်ပဲ ၊ ဒါပေမဲ့ ငါးကင်ကတော့ အတော်လေး အရသာရှိတယ်”
ရန်ကျောက်ကဲ တွေးလိုက်၏။
ထို့နောက် ပါးစပ်ထဲမှ ငါးကင်များကို မျိုချရင်း ဖန်းယွင်ရှန်းကို လှမ်းကြည့်လိုက်သည်။
“စားရင်းသောက်ရင်းနဲ့ပဲ အရေးကြီးကိစ္စလေးတွေလည်း ပြောကြရအောင်”
သူက ဆက်ပြောသည်။
“ငါတို့ လမ်းမခွဲခင် အရှေ့ထန်နိုင်ငံမှာ လွန်ခဲ့တဲ့နှစ်ဝက်က မင်းကို ပြောခဲ့တဲ့စကားကို မှတ်မိသေးလား ၊ မင်းအတွက် ခက်ခဲတဲ့နေ့ရက်တွေ ရောက်လာတော့မယ်နော်”
သူ့စကားကိုကြားတော့ ဖန်းယွင်ရှန်း၏အကြည့်များ ရုတ်တရက် တောက်ပသွားပြီး…
“အဲဒီနေ့ကို ကျွန်မ အမြဲတမ်း စောင့်မျှော်နေခဲ့တာပါ”
ရန်ကျောက်ကဲက…
“မင်းအတွက် အချိန် (၂)နှစ် အလကားဖြစ်သွားခဲ့တယ် ၊ အခုမှ တစ်ကပြန်စရမှာဆိုတော့ မန်ဝမ်ကိုမပြောနဲ့ တခြား ထူးကဲယင်မိန်းမပျိုတွေကိုတောင် အမီလိုက်ဖို့ မလွယ်တော့ဘူး ၊ ဒါကြောင့် မင်းကို ဆေးပြင်းတွေ တိုက်ရတော့မှာပဲ”
သူက ညင်သာသည့်လေသံဖြင့် ဆက်ပြောသည်။
“ဒီကိစ္စက မင်းရဲ့ ကိုယ်ရေးကိုယ်တာသာ မဟုတ်ဘူး ၊ ငါတို့ဂိုဏ်းအတွက်လည်း အရေးကြီးတယ် ၊ ဒီတော့ မင်း လက်မခံနိုင်ဘူးဆိုရင်တောင်မှ မင်းလက်ခံလာအောင် အတင်းအကျပ် လုပ်ရမှာပဲ”
ဖန်းယွင်ရှန်းက ပြုံးလိုက်ရင်း…
“ဒါပေါ့ ၊ ကျွန်မက ဘာအားစိုက်ထုတ်စရာမှ မလိုဘဲ လွယ်လွယ်နဲ့ သူတို့ကို ဘယ်လိုလုပ် အမီလိုက်နိုင်မှာလဲ ၊ အစကတည်းက ပါရမီရှိပြီးသားဖြစ်တဲ့ ဝမ်လေးကိုဆိုရင် ပိုဆိုးမှာပေါ့”
ထို့နောက် သူမက ရန်ကျောက်ကဲကို မယိမ်းယိုင်သည့် အကြည့်ဖြင့် ကြည့်လိုက်ရင်း လေးနက်စွာဆိုသည်။
“ဒီအလုပ်က ဘယ်လောက်ပဲ ခက်ခဲပါစေ ကျွန်မ သည်းခံပါ့မယ် ၊ ကျွန်မ အောင်မြင်သည်ဖြစ်စေ ရှုံးနိမ့်သည့်ဖြစ်စေ တောင်ပေါ်မှာ အသေခံကျင့်ကြံဖို့ ဆုံးဖြတ်ထားပါတယ် ၊ ကျွန်မကြောင့် ဝါဒတောင် အရှက်ကွဲရမယ်ဆိုရင် ထူးကဲယင်ပြိုင်ပွဲကို ကျွန်မ ဘယ်တော့မှ နောက်တစ်ကြိမ်ဝင်မပြိုင်တော့ဘူး”
ရန်ကျောက်ကဲက လက်တစ်ဖက်ကာလိုက်ရင်း…
“စိတ်လျှော့ စိတ်လျှော့… ၊ အရမ်းကြီး ဖိအားတွေပေးဖို့လည်း မလိုပါဘူး ၊ ထူးကဲယင်ပြိုင်ပွဲမှာ မင်း ပထမဆုံးဝင်ပြိုင်တဲ့အခါ အနိုင်ရဖို့လည်း မတောင်းဆိုပါဘူးကွာ ၊ ဒါပေမဲ့ ထူးကဲယင်မိန်းမပျိုတွေ ကျင့်ကြံတဲ့အခါ စိတ်တည်ငြိမ်ဖို့ လိုအပ်တယ် ၊ အဲဒါကို ဂရုစိုက်ရမယ် ၊ အရေးကြီးဆုံးကတော့ တစ်ဆင့်ပြီးတစ်ဆင့် အဆက်မပြတ် တိုးတက်မှုရှိလာဖို့ပဲ ၊ နောက်ဆုံးမှာတော့ အထွတ်ထိပ်ကို ရောက်သွားမှာပေါ့”
ဖန်းယွင်ရှန်း ခေါင်းညိတ်လိုက်ရင်း…
“နားလည်ပါပြီ”
နောက်ရက်များတွင်တော့ ရန်ကျောက်ကဲက ဖန်းယွင်ရှန်းအား ကနဦးပြင်ဆင်မှုများပြုလုပ်ရန် စတင်ညွှန်ပြပေးသည်။
အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ ဝါဒတောင်နှင့် နေသူတော်စင်ဂိုဏ်းအကြား စစ်ပွဲသည်လည်း တဖြည်းဖြည်း စစ်မီးငြိမ်းလာခဲ့သည်။
တစ်နေ့တွင်တော့…
မိုးမြေတစ်ခုလုံး တုန်ခါသွားပြီး ကြယ်တာရာသန့်စင်ချီဝတ်ရုံ တောင်ပေါ်သို့ ပြန်ရောက်လာခဲ့သည်။
ဂိုဏ်းချုပ်ယွမ်ကျန်းဖုန်းနှင့် ဝါဒတောင်မှ အခြားသောအကြီးအကဲများလည်း တစ်ယောက်ပြီးတစ်ယောက် ပြန်ရောက်လာကြသည်။
ထို့နောက် ရန်ကျောက်ကဲသည်လည်း ဂိုဏ်းချုပ်ယွမ်ကျန်းဖုန်း၏ ဆင့်ခေါ်ခြင်းကို ခံရတော့သည်။
မဟာခန်းမဆောင်ထဲတွင် ယွမ်ကျန်းဖုန်း ထိုင်နေ၏။
ရုတ်တရက် ကြည့်မည်ဆိုလျှင် ယွမ်ကျန်းဖုန်းသည် အတော်လေးခွန်အားနည်းပြီး စိတ်၀င်စားဖွယ်မရှိသော အဘိုးအိုကြီးတစ်ယောက်ဟု ထင်မှတ်စရာရှိသည်။ သို့သော် မဟာခန်းမဆောင်၏ အဓိကထိုင်ခုံတွင် ထိုင်နေသည့်အတွက် သူ၏အရေးပါမှုကို သတိမမူမိရန်မှာ ခဲယဉ်းသည်။
ယွမ်ကျန်းဖုန်း၏ ဘယ်ဘက်တွင် အသက်အရွယ်ကြီးရင့်ပြီဖြစ်သော အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် ထိုင်နေကြသည်။
ထိုသူများက ယွမ်ကျန်းဖုန်းနှင့် မျိုးဆက်တူသော ဂိုဏ်း၏ အကြီးအကဲများ ဖြစ်ကြောင်း ရန်ကျောက်ကဲ သိရှိသည်။
ယွမ်ကျန်းဖုန်း၏ ညာဘက်တွင်တော့ ရှီတိ ၊ ဖန်ကျွင်းနှင့် သူ၏ဖခင်ဖြစ်သူ ရန်တိတို့ (၃)ယောက် ထိုင်နေ၏။
ဖန်ကျွင်းနှင့် ရန်တိကို ယှဉ်လျှက်သားတွေ့လိုက်ရည့်အခါ ရန်ကျောက်ကဲအကြည့်များ အနည်းငယ် တုန်ခါသွားသည်။
သူ၏ ဆရာဦးလေးဖန်ကျွင်းကို ‘ပုန်းနေသောနဂါး’ ဟု ဘွဲ့အမည်ပေးကာ ချီးကျူးကြသည်။
သို့သော် ရန်ကျောက်ကဲ၏ဖခင်က ရုတ်တရက် သူ့ကိုကျော်တက်သွားပြီး နဂါးတစ်ကောင်ပမာ ကောင်းကင်တစ်ခွင်ပျံသန်းထွက်ခွာသွားခဲ့သည်။ ရန်တိ မည်မျှပင် ကျော်ကြားပါစေ ဖန်ကျွင်းကတော့ ချောက်နက်ထဲတွင် ပုန်းအောင်းနေသည့် တကယ့် ‘ပုန်းနေသောနဂါး’ ဖြစ်နေသေးသည်။
သိုင်းကျင့်ကြံသူများ အထွတ်ထိပ်အုပ်စိုးကြသည့် ဤကမ္ဘာတွင် လူတစ်ယောက်၏ သိုင်းစွမ်းနှင့် ပါရမီတို့က ခေါင်းဆောင်တစ်ယောက်ဖြစ်လာရန် အရေးကြီးသည့်အချက် ဖြစ်သော်လည်း ရေရှည်အောင်မြင်သည့် ခေါင်းဆောင်တစ်ယောက် ဖြစ်လာရန်မှာ သိုင်းစွမ်းတစ်ခုတည်းသာမက အခြားသောအချက်အလက်များကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်၏။
သိုင်းစွမ်းနှင့်ပါရမီကို ထည့်သွင်းစဉ်းစားခြင်း မပြုဘဲ ဖန်ကျွင်းနှင့် ရန်တိကို နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ဝါဒတောင်၏ နောက်ဂိုဏ်းချုပ်ဖြစ်လာရန်အတွက် ဖန်ကျွင်းက ပိုမိုသင့်တော်သည်ဟု အများစုက တွေးထင်ကြသည်။
လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ပြင်ပလောကအပေါ် ဖန်ကျွင်း၏ ရပ်တည်ချက်က ယခုကဲ့သို့ တင်းမာခြင်း မရှိသေးပေ။ ထိုစဉ်က ဂိုဏ်းအတွင်းမှ အလယ်အလတ်လမ်းစဉ် လိုက်သူများနှင့် ဝါရင့်အကြီးအကဲများက သူ့ကို တစ်ညီတစ်ညွတ်တည်း ထောက်ခံခဲ့ကြသည်။
အခြားသော ထိပ်သီးသိုင်းဂိုဏ်းများသည်လည်း ဝါဒတောင်၏ နောက်ဂိုဏ်းချုပ် မည်သူဖြစ်လာမည်ကို အာရုံစိုက်ကြသည်။
နေသူတော်စင်ဂိုဏ်း ၊ နေသူတော်စင်ဂိုဏ်းနှင့် မဟာမိတ်ဖြစ်သော ကောင်းကင်မိုးကြိုးခန်းမတို့သာမက ကျောက်စိမ်းပင်လယ်မြို့တော် ၊ အဆုံးမဲ့တောင်တန်းတိုသည့်လည်း ယင်းကိစ္စနှင့်ပတ်သက်ပြီး အလွန်အမင်း စိုးရိမ်လျှက် ရှိကြသည်။
နှစ်များတစ်လျှောက် ဖန်ကျွင်း၏သဘောထားက တင်းမာသည့်ဘက်သို့ ပြောင်းလဲလာသည့်တိုင် သူ့ကို ထောက်ခံသူများက ရန်တိ၏ အစွယ်အပွားများထက် ပိုမိုများပြားနေဆဲ ဖြစ်သည်။
ရန်တိ ထင်ပေါ်ကျော်ကြားမလာခင်အချိန်ထိ ဖန်ကျွင်းကို ယွမ်ကျန်းဖုန်းနေရာ ဆက်ခံမည့်သူဟု အားလုံးက မှတ်ယူခဲ့ကြသည်။
သို့သော် နောက်မှရောက်လာသော ရန်တိက အရှိန်အဟုန် မြင့်မားလွန်းပြီး ဖန်ကျွင်းထက် ပိုမို လွှမ်းမိုးနိုင်စွမ်း ရှိလာခဲ့သည်။
ရန်ကျောက်ကဲစိတ်ထဲ များစွာသောအတွေးများ ထွက်ပေါ်လာပြီးနောက် သူက လူကြီးများအားလုံးကို ဦးညွှတ်ဂါရဝပြုလိုက်သည်။
ယွမ်ကျန်းဖုန်းက ပြုံးလိုက်ရင်း…
“ဒီတစ်ခေါက် ကျောက်ကဲအတွက်နဲ့ ငါတို့တွေအားလုံး အလုပ်တွေ ရှုတ်ကုန်ကြရတယ်ကွာ…”
ရန်ကျောက်ကဲသည် သူ၏ ဆရာဘိုးဘိုးအပေါ် နားလည်မှု အပြည့်ရှိသည်။
ယွမ်ကျန်းဖုန်းက မျိုးဆက်သစ်လူငယ်များနှင့်ဆိုလျှင် ရယ်ရွှမ်းပတ်ရွှမ်း စ နောက် တတ်သူ ဖြစ်သည်။ ယခုလည်း သူ့စကားအဓိပ္ပါယ်က ရန်ကျောက်ကဲကို ပြစ်တင်ပုတ်ခတ်ခြင်း မဟုတ်ဘဲ သူ့မျိုးဆက်မှ အရည်အချင်းရှိသော လူငယ်လေးတစ်ယောက် ထွက်ပေါ်လာသဖြင့် ဟာသ လုပ်လိုက်ခြင်းသာ ဖြစ်သည်။ ထိုသို့ ဟာသလုပ်လိုက်သည့်အတွက်လည်း အားလုံး စိတ်လက်ပေါ့ပါးသွားကြရသည်။
ရန်ကျောက်ကဲကလည်း ဆရာဘိုးဘိုးကို အနည်းငယ် ကလန်ကဆန်လေး ပြန်ပြောသည်။
“ဆရာဘိုးဘိုးစကားကြောင့် ကျွန်တော်တော့ အသက်တိုတော့မှာပဲ ၊ လွန်ခဲ့တဲ့ရက်တွေကလည်း စည်းကမ်းထိန်းသိမ်းရေးခန်းမကို အပို့ခံရမလားဆိုပြီး ရင်တထိတ်ထိတ်နဲ့ ကျွန်တော့်မှာ အိပ်လို့တောင် မပျော်ဘူး”
ယွမ်ကျန်းဖုန်းက ပြုံးလျှက် ခေါင်းခါယမ်းလိုက်ရင်း…
“အပြစ်ပေးခံရဖို့တော့ မဟုတ်ပေမယ့် ဆုချခံရဖို့တော့ မင်း စည်းကမ်းထိန်းသိမ်းရေးခန်းမကို သွားရပါလိမ့်မယ်”