Switch Mode

Chapter 1601

သွေးနတ်ဘုရား ရောက်လာပြီ

တစ္ဆေဘုရင် သွေးအန်လာပြီး မျက်လုံးတွင် အလွန်တရာ ကြောက်ရွံ့ဟန်များ ပေါ်လာသည်။

*ဒါ ဘယ်လိုဖြစ်ရတာလဲ*

သူ၏ ဝါးမျိုခြင်း နတ်ဆိုးသိုင်းကွက်နှင့်ဆိုလျင် အရာအားလုံးကို ဝါးမျိုနိုင်၏။ အဘယ်ကြောင့် ဤပင်ကို မှော်လက်နက်က သူ့တာအိုလက်မှ လွတ်မြောက်ရသနည်း။

သူ့ခန္ဓာကိုယ်က ဒဏ်ရာအပြင်းအထန် ရထားပြီး ရှေ့ရောနောက်ပါ အပေါက်ဖြစ်နေ၏။

*နေဦး*

*ဒီဓားက ထွက်လာတယ်ဆိုတော့ မဟုတ်မှလွဲရော …*

ချက်ချင်းဆိုသလိုပင် တစ္ဆေဘုရင်၏ မျက်နှာ စိမ်းပြာသွားပြီး သူ့မျက်လုံးတွင် သွေးပျက်သော အရိပ်အယောင်များ ပေါ်လာ၏။

သူ ယဲ့ဖန်ကို ဒေါသတကြီး စိုက်ကြည့်၍ အော်ငေါက်လိုက်သည်။

“မင်း”

“ဝုန်း”

သို့သော် သူ စကားတစ်ခွန်းပင် ဆုံးအောင် မပြောလိုက်ရဘဲ သူ့ခန္ဓာကိုယ်က ပေါက်ကွဲသွားပြီး သွေးများက မိုးစက်သဖွယ် လွင့်စဉ် ကျဆင်းလာသည်။

နဂါးကိုးကောင် မီးလင်းဖိုက သူ့ခန္ဓာကိုယ်ထဲမှ ဖောက်ထွက်လာပြီး လေထဲ၌ ဝဲပျံနေသည်။ ကြေးနီရောင် မီးလင်းဖိုတွင် အသားစနှင့် သွေးစက်များ ကပ်ညိနေပြီး သွေးသံတရဲရဲနှင့် မြင်မကောင်းလောက်အောင် ဖြစ်နေ၏။

မောခူပူစာ ကြက်သေ သေနေ၏။ ညီအစ်ကိုနှစ်ယောက်က ချက်ချင်းသေဆုံးသွားပြီး သူ တစ်ယောက်တည်းသာ ကျန်ရစ်ကာ အရှေ့မှ နတ်ဆိုးကို မည်သို့ ရင်ဆိုင်ရမလဲမသိ ဖြစ်နေလေသည်။

ဤသည်ကိုကြည့်ပြီး မကောင်းဆိုးဝါးလူမျိုးများ ကြောက်လန့်၍ ကြက်သေ သေသွားကြသည်။

“အထင်မှားတာပဲ ဖြစ်မယ်၊ ငါ မယုံဘူး၊ ငါ အိပ်မက်မက်နေတာပဲ နေမှာ”

မကောင်းဆိုးဝါးတစ်ချို့က ကိုယ့်ပါးကိုယ် အားဖြင့် ပြန်ရိုက်ကျသည်။ သူတို့၏ မျက်နှာတွင် အလွန် ကြောက်ရွံ့ဟန်များ ပေါ်နေကာ ငိုကြွေးနေကြသည်။

အိပ်မက်မက်နေသည်ဟု ထင်ကာ အိပ်မက်မှ နိုးထချင်သော်လည်း ယင်းက သူ့ကို ဆောက်တည်ရာမရ ဖြစ်စေသည့် အိပ်မက်ဆိုးတစ်ခု ဖြစ်နေ၏။

“ငါ ဘာမြင်လိုက်တာလဲ၊ အင်မော်တယ် ဧကရာဇ်အဆင့် နှစ်ယောက်က ချက်ချင်း သအသတ်ခံလိုက်ရတာလား၊ ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ”

လူတိုင်း ကြံရာမရ ဖြစ်နေလေသည်။

“ယဲ့ဘုရင် မင်း ငါ့ကို လွှတ်ပေးရမယ်၊ မဟုတ်လို့ကတော့ သွေးနတ်ဘုရားက မင်းကို ကျိန်စာတိုက်မှာပဲ၊ မင်း ဘယ်တော့မှ ပြန်လည် မွေးဖွားခွင့် မရဘဲ သွေးပင်လယ် ငရဲမှာ အဆုံးအစမရှိ ခံစားရမယ်”

မောခူပူစာက ယဲ့ဖန်အား အလေးအနက်ထား၍ သတိပေးလာပြီး သူ့အသံက မာထန်၍ ကြမ်းကြုတ်မှုတို့ ပြည့်နှက် နေသည်။

သူသည်လည်း ကြောက်လန့်နေ၏။ လက်ရှိတွင် သူ့၌ တိုက်ခိုက်ရဲသည့် သတ္တိ မရှိပါ။ သူ ထွက်သာပြေးချင်နေ၏။ သို့သော် ယဲ့ဖန်က သူ့စကားကို မကြားချင်ယောင်ဆောင်ထားပြီး သူ့ထံ တစ်လှမ်းချင်း လှမ်းလာသည်။

“ခွေးမသား မင်း သွေးနတ်ဘုရားရဲ့ ကျိန်စာကို တကယ် မကြောက်ဘူးလား၊ ငါ မင်းကို ကြောက်အောင် ခြောက်နေတာ မဟုတ်ဘူး၊ မင်း ငါ့ကို ဖိအားပေးမယ်ဆိုရင် အားလုံး ပျက်စီးကုန်မယ်”

ဤသည်ကိုမြင်သော် မောခူပူစာသည် မျက်လုံးများ ပြူးကျယ်လာပြီး သူ့မျက်လုံးတွင် မုန်းတီးဟန်များ ပို၍ ပြင်းထန်လာသည်။

သူ ကြောက်လန့်၍ ဒေါသထွက်နေသော်လည်း သူ့အရှေ့မှ နတ်ဆိုးက တုန်လှုပ်ခြင်းမရှိပါလား။

ယဲ့ဖန်၏ ခြေလှမ်းက ဆတ်ခနဲ ရပ်တန့်သွားသည်။ ဤသည်ကိုမြင်သော် မောခူပူစာက စိတ်အေးသလို သက်ပြင်းချလိုက်မိသည်။ ယဲ့ဖန်က အနုနည်းကို သုံးရန် ရွေးချယ်လိုက်သည့်ပုံပင်။

*အံ့ဩစရာ မရှိပါဘူးလေ၊ သူ ရင်ဆိုင်ရမှာက အင်မော်တယ် ဧကရာဇ်အဆင့်အထက် ခွန်အားရှိတဲ့ ကိုးပြည်နယ် ထဲက အသန်မာဆုံးတွေထဲက တစ်ယောက် ဖြစ်တဲ့ သွေးနတ်ဘုရား ဖြစ်နေတာကိုး*

တစ်ခါက သွေးနတ်ဘုရား အသာအယာ မှုတ်ထုတ်လိုက်သော အသက်ရှူသံက အင်မော်တယ် ဧကရာဇ်အဆင့် တစ်ယောက်အား သတ်နိုင်ခဲ့သည်ကို သူ့မျက်စိနှင့် မြင်ခဲ့ဖူးသည်။

သန်မာ၍ လွှမ်းမိုးဖိနှိပ်နိုင်လွန်းကာ အလွန်တရာမှကို ကြမ်းကြုတ်လှသည်။

ချက်ချင်းဆိုသလိုပင် မောခူပူစာ၏ မျက်နှာတွင် ဟုတ်လှပြီ ထင်နေသော အမူအရာ ပေါ်လာ၏။

“မင်းက တုံးအတဲ့ပုံတော့ မပေါ်ဘူးပဲ၊ သွေးနတ်ဘုရားက မင်း ရန်စနိုင်တဲ့ လူမှမဟုတ်တာ၊ အဲ့ဒါကြောင့် မင်း အညံ့ခံဖို့ ရွေးချယ်တာပေါ့လေ”

“ငါနဲ့ သွေးဝိညာဉ် တာအိုကျောင်းတော်ကို လိုက်ခဲ့ပြီးတော့ အပြစ်ဒဏ်ကို ခံယူ၊ မင်းရဲ့ ထူးချွန်မှုကြောင့် ငါ မင်းအတွက် အသက်ချမ်းသာပေးဖို့ တောင်းဆိုပေးမယ်”

ထိုစကားက အဓိပ္ပာယ်မရှိသော စကားပင်။ ယဲ့ဖန် သွေးဝိညာဉ် တာအိုကျောင်းတော်သို့ ရောက်သွားလျင် ကုန်းပေါ်မှ ငါးတစ်ကောင်သဖွယ် ဖြစ်သွားပြီး သူတို့ သတ်ဖြတ်တာကို ခံရမည် မဟုတ်ပါလော။

ယဲ့ဖန်က သွေးမျိုးနွယ်၏ မင်းသမိးကို သတ်ခဲ့သည့်အပြင် ဦးလေးဖြစ်သူ ယွိရွှယ်လုံချန်ကိုလည်း သတ်ခဲ့သည်။ သွေးဝိညာဉ် တာအိုကျောင်းတော်ကို သူ ခြေချသည်နှင့် သေချာပေါက် သေရပေလိမ့်မည်။

မောခူပူစာက ယဲ့ဖန်ကို အရူးလုပ်၍ လှည့်စားနေခြင်း ဖြစ်သည်။ သူ့ကိုယ်သူ အတွေးလွန်နေသည်က စိတ်မကောင်း စရာပင်။

အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်က ဓားရိုးကိုကိုင်၍ ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်သောကြောင့်ပင်။ ဓားစွမ်းအင်က မိုးကောင်းကင်ကိုပင် တုန်ခါစေသည်။ တောတောင်ရေမြေကို ဖျက်ဆီးနိုင်သော ဓားစွမ်းအင်က မောခူပူစာထံ စုစည်း ကျရောက်လာ၏။

“မင်း”

မောခူပူစာ တုန်လှုပ်သွားသည်။ ယဲ့ဖန် တကယ် တိုက်ခိုက်ရဲလိမ့်မည်ဟု သူ ထင်မထားမိပါ။ သူ အံကြိတ်၍ အလွန် ဒေါသထွက်နေသော အကြည့်ဖြင့် ကြည့်လိုက်သည်။

“မင်း ငါ့ကို ဖိအားပေးတာပဲ၊ ဒီလိုဖြစ်လာမှတော့ အတူတူ သေကြတာပေါ့”

သူ ကြုံးဝါးလိုက်ပြီးနောက် မျက်နှာက အကျည်းတန်လာပြီး မျက်လုံးတွင် အလွန်အမင်း ရူးသွပ်ဟန် ပေါ်လာသည်။ ထို့နောက် သူသည် သူ့ရင်ဘတ်အား အားဖြင့် ထိုးစိုက်၍ နှလုံးကို ဆွဲထုတ်ယူလေသည်။

ဤမြင်ကွင်းက လျိုကျန်းဟောင်နှင့် အခြားသူများကို တွေဝေသွားစေသည်။

*မောခူပူစာ ဘာတွေလုပ်နေတာလဲ*

*ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတာလား*

“ကျုပ်ရဲ့ သွေးနဲ့ အရှင်သခင်ကို ဖိတ်ခေါ်ပါတယ်၊ ကျုပ်ရဲ့ကိုယ်ထဲကို အရှင့်ဝိညာဉ် ဝင်ရောက်ပေးတော်မူပါ”

“သွေးနတ်ဘုရား ကြွရောက်လာပါ”

နောက်ဆုံးစကားအဆုံး၌ မောခူပူစာသည် သူ့နှလုံးကို ဖိညှစ်လိုက်သည်။

*သွေးနတ်ဘုရား ရောက်လာမှာလား*

မောခူပူစာ၏ စူးရှသော အော်သံက ပတ်ဝန်းကျင်အနှံ့ ပဲ့တင်ထပ်သွားသည်။ ထိုစကားက လူတိုင်းကို ထိတ်လန့် သွားစေသည်။

*မောခူပူစာက သွေးနတ်ဘုရားကို တကယ်ကြီး ဒီကို ဆင့်ခေါ်ချင်နေတာလား*

*တကယ်လား ဒါမှမဟုတ် အတုအယောင်လား*

*သွေးနတ်ဘုရားက တကယ် ဒီကိုလာမှာလား*

လူတိုင်း ပင့်သက်ရှိုက်နေကြသည်။ လူတိုင်း သူတို့၏ အတွေးကို မယုံနိုင် ဖြစ်နေလေသည်။

ထို့နောက်တွင်မူ ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။

မောခူပူစာက သူ့နှလုံးကို ဖျစ်ညှစ်လိုက်သောအခါ သွေးများက အတောမသတ်နိုင်အောင် ပန်းထွက်လာပြီး သွေးမိုးရွာသွန်းသည်ဟုပင် တင်စားရလောက်သည်။

သွေးမိုးက မောခူပူစာ၏ ကိုယ်ပေါ် ကျဆင်းလာပြီး တစ်ကိုယ်လုံး ဖုံးလွှမ်းသွားကာ သွေးလူသား တစ်ယောက်အသွင် ပြောင်းလဲသွားသည်။

သူသည် သူ့အသက်ကို စတေး၍ သွေးနတ်ဘုရားအား သူ့ကိုယ်ထဲသို့ ဆင့်ခေါ်လိုက်လေပြီ။ ရည်ရွယ်ချက်မှာ သွေးနတ်ဘုရားအား ယဲ့ဖန်ကို သတ်စေရန် ဖြစ်သည်။

ထို့အတူ သူလည်း သေရပေလိမ့်မည်။ ဤသည်မှာ ပုံအောရမည့် တိုက်ခိုက်မှုတစ်ခုပင်။ ယင်းသည် သွေးနတ်ဘုရား၏ ကျိန်စာပင်။

“ဘယ်သူလဲ၊ ငါ့မျိုးဆက်ကို သတ်ရဲတာ ဘယ်သူလဲကွ”

ထိုအခိုက်တွင် အလွန် ကြမ်းကြုတ်သော အသံတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံကြောင့် တောင်ထိပ်များပင် တုန်ခါလာ၏။ မြေဆီလွှာသည်လည်း ငလျင်လှုပ်သကဲ့သို့ တုန်ယင်လာလေသည်။

များပြားသော သွေးစွမ်းအင်များ ဝုန်းခနဲ ထွက်ပေါ်လာပြီး ညှီစို့စို့နှင့် အော်ဂလီဆန်စရာ ကောင်းလှသည်။

မျက်စိရှေ့မှ မောခူပူစာသည် သွေးလူသားတစ်ယောက် ဖြစ်နေပြီး မျက်နှာအား သေချာမမြင်ရချေ။

ဤမြင်ကွင်းက လူတိုင်းကို မှင်တက်အံ့အားသင့်သွားစေသည်။

*သွေးနတ်ဘုရား တကယ် ရောက်လာတာပဲ*

ဤမိစ္ဆာအငွေ့အသက် ထွက်ပေါ်လာသောအခါ လူတိုင်း ခြေထောက်များ ပျော့ခွေလာပြီး ချက်ချင်း ဒူးထောက်ကျ သွားသည်။ ဤရှေးကျသော မိစ္ဆာစွမ်းအင်က သူတို့ကို လုံးဝ ခုခံနိုင်စွမ်းမရှိအောင် ပြုလုပ်နေသည်။

“အရှင် ယဲ့ဘုရင် သတိထားပါ”

ဤသည်ကိုမြင်သော် နတ်ဆိုးများအားလုံး စိုးရိမ်လာကြသည်။ သူတို့အရှေ့မှလူသည် ရှေးနတ်ဘုရား ဖြစ်ပြီး ယွိရွှယ်လုံချန်ကဲ့သို့သော နတ်ဘုရားအသစ်ပင် မယှဉ်နိုင်ချေ။

သွေးနတ်ဘုရားသည် အရာအားလုံး၏ အစကတည်းက တည်ရှိခဲ့ပြီး သက်တမ်းက ကြောက်စရာကောင်း လောက်အောင် ရှည်လျားကာ ယန်စွမ်းအင်က ပင်လယ်ပြင်အလား ပေါကြွယ်ဝပြီး မတွေးတတ်အောက် ခက်ခဲ နက်နဲသည်။

သူသည် သူတော်စင်အဆင့် ဖြစ်ပြီး မှော်ခေါင်းတလား သုံးခု၏ ဖန်တီးသူလည်း ဖြစ်သည်။ လက်ရှိတွင် သွေးနတ်ဘုရား ပေါ်လာသည်နှင့် ကောင်းကင်ယံက မတည်ငြိမ်တော့ဘဲ မိုးကောင်းကင်၏ တစ်ဝက်မျှက သွေးရောင်လွှမ်းနေကာ အနီရောင် အလင်းတစ်ခု ဖြာထွက်နေသည်။

“ဒီအရှိန်အဝါက …”

မကောင်းဆိုးဝါးများအားလုံး မယုံနိုင်သလို ဖြစ်နေကြသည်။ ဤအရှိန်အဝါသည် နတ်ဘုရင်အဆင့်နှင့် အင်မော်တယ် ဧကရာဇ်အဆင့်အား အသာလေး ဖိနှိပ်နိုင်၏။ သူတို့ထက် သာလွန်ပေသည်။

တကယ့် နတ်ဘုရားတောင်မှ ဤသို့ ကြောက်စရာကောင်းသော အရှိန်အဝါကို မပိုင်ဆိုင်နိုင်ပါ။ သွေးနတ်ဘုရားသည် နတ်ဘုရားအား ဖိနှိပ်နိုင်သော သက်ရှိပင်။

နတ်ဘုရားတို့၏ နတ်ဘုရားပင်။

ထိုသို့သောအချိန်၌ လူတိုင်း ကျင်ငယ်ရည် ထွက်ကျမတတ် ကြောက်လန့်လာကြသည်။ နတ်ဘုရား၏ တည်ရှိမှုကိုပင် လူအများ ခုခံရန် မဖြစ်နိုင်ချိန်တွင် နတ်ဘုရားတို့၏ နတ်ဘုရား ပေါ်ထွက်လာသဖြင့် ကြောက်စရာ ကောင်းသည်ထက်ပင် ပိုနေလေပြီ။

ထိုသို့ဆိုလျင် သူတို့အရှေ့မှလူ မုချသေပေလိမ့်မည်။

“သူပါပဲ အရှင် သွေးနတ်ဘုရား၊  အဲ့ခွေးတိရစ္ဆာန်က အရှင့်ရဲ့ မျိုးဆက်ကို သတ်ခဲ့တာပါ”

လျှိုကျန်းဟောင်က ယဲ့ဖန်ကို အလျင်အမြန် လက်ညှိုးထိုးပြီး ထပ်ပြောလိုက်သည်။

“အဲ့မျိုးမစစ်ကောင်က သွေးမျိုးနွယ်ကို တစ်ယောက်မှမကျန်အောင် သုတ်သင်ပစ်မယ်လို့ ပြောပါသေးတယ်”

လက်ရှိအချိန်သည် သွေးနတ်ဘုရားကို အသုံးချ၍ ယဲ့ဖန်အား အသေသတ်ရန် အကောင်းဆုံး အချိန်ပင်။

ထိုစကားကိုကြားသော် သွေးနတ်ဘုရား ဒေါသထွက်သွားပြီး ရဲရဲတောက်နေသော မျက်လုံးများဖြင့် ယဲ့ဖန်အား စူးစိုက်ကြည့်လေသည်။

“ငါ့မျိုးဆက်ကို သတ်လိုက်တာ မင်းလား”

ထိုစကားတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ပါဝင်နေသည်။ ဤလူသတ်ချင်စိတ်က မကောင်းဆိုးဝါး များအား ဦးတည်ထားခြင်း မဟုတ်သော်လည်း သူတို့ကို ကြောက်လန့်သလို ခံစားရစေသည်။

ဘေးနား၌ အချိန်မရွေး ထပေါက်နိုင်သော ဗုံးတစ်လုံးအား မြင်နေရသလို ခံစားနေရသည်။

“ငါ့လမ်းကို လာပိတ်မယ်ဆိုရင် မင်းကိုပါ သတ်ပစ်မယ်”

ယဲ့ဖန်က ခံစားချက်ကင်းမဲ့စွာ ပြောလိုက်ပြီး တစ်ဖက်အား ပြန်လည်၍ စူးစိုက်ကြည့်လေသည်။

*ရူးလိုက်တာ*

*မောက်မာလွန်းတယ်*

ထိုအခိုက်တွင် လူတိုင်း မှင်တက်သွားကြသည်။

*ငါတို့ နားကြားမှားတာလား*

*ဒီကောင်က သွေးနတ်ဘုရားကို ဘယ်လိုတောင် အထင်သေးရဲတာလဲ*

*ဒီအရူးကတော့*

*သွေးနတ်ဘုရားကို ယွိရွှယ်လုံချန်နဲ့ အခြားသူတွေလိုပဲလို့ သူ ထင်နေတာလား*

*ဒီကောင်က သေချင်နေတာပဲ*

*ဒီရှေးဟောင်း နတ်ဘုရားကို စော်ကားမှတော့ ဒီကောင် သေကိုသေမှာပဲ*

သွေးနတ်ဘုရားက ကသိကအောက်ဖြစ်စွာ ရယ်လိုက်သည်။

“ဒီနှစ်တွေထဲမှာ မင်းက ငါ့ကို ဒီလိုပြောရဲတဲ့ ပထမဆုံးလူပဲ၊ အပြစ်ပေးတဲ့ အနေနဲ့ ငါ မင်းကိုယ်ထဲက သွေးတစ်စက်မကျန် ခမ်းခြောက်အောင် လုပ်ပစ်မယ်”

သို့သော် ယဲ့ဖန်က စိတ်မရှည်‌သော မျက်နှာထားနှင့် ပြောလာသည်။

“မင်း အရေးမပါတာတွေ ပြောလို့ပြီးပြီလား၊ ပြီးပြီဆိုရင် မြန်မြန် တိုက်တော့၊ ငါ အလျင်လိုနေတယ်”

သွေးနတ်ဘုရား၏ မျက်လုံးများ မီးဝင်းဝင်းတောက်လာပြီး သူ့ခန္ဓာကိုယ်က သွေးအရိပ်အသွင် ပြောင်းလဲသွားကာ သွေးစွန်းနေသော မြားတစ်စင်း ပစ်လွှတ်သကဲ့သို့ ပြေးတက်လာ၏။

“သေပေတော့”

ရဲရဲနီသော သွေးများပေကျံနေသော လက်သည်းများက ယဲ့ဖန်၏ ဦးခေါင်းပေါ် အုပ်မိုးလာသည်။ ယဲ့ဖန်က ဘာမှမပြောဘဲ ပြန်ထိုးနှက်လိုက်သည်။

“ဒုန်း”

သူ၏ တိုက်ခိုက်မှုက တုန်ခါ၍ ပျက်စီးသွားသည်။

သွေးနတ်ဘုရား ထိတ်လန့်သွားလေသည်။ သူ၏ တိုက်ခိုက်မှုကို တစ်ဖက်လူက ရုပ်ခွန်အားဗလကို သုံး၍ ဖျက်ဆီးနိုင်လိမ့်မည်ဟု သူ ထင်မထားမိပေ။

“နတ်ဆိုးကိုး၊ အဲ့ဒါကြောင့်ကိုး”

သွေးနတ်ဘုရားက ယဲ့ဖန်၏ တစ်မူထူးခြားမှုကို သတိထားမိသွားသည်။

နတ်ဘုရားကျင့်စဉ်က ယိုယွင်းလာပြီး မှော်စွမ်းအင် ဖြစ်သွားသည်။ နတ်ဆိုးကျင့်စဉ်က မှော်စွမ်းအင်ကို ပျက်စီးစေနိုင်သည်။

၎င်းတို့အားလုံးက ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သော အင်အားစုများပင်။ သူ၏ တိုက်ခိုက်မှုကို ယဲ့ဖန် တားဆီးနိုင်သည်က အံ့ဩစရာ မဟုတ်တော့ချေ။

“စိတ်မကောင်းစရာက မင်း ငါနဲ့ လာတေါ့တာပဲ၊ မင်းရဲ့ နတ်ဆိုးခွန်အားကို တစ်ရာရာခိုင်နှုန်း ထုတ်သုံးရင်တောင်မှ မင်း သေရမှာပဲ”

ပြင်းထန်သော တိုက်ခိုက်မှုများက ယဲ့ဖန်ပေါ် ကျရောက်လာ၏။

ယဲ့ဖန်က တိတ်ဆိတ်နေသော်လည်း သူ့ကိုယ်မှ တိုက်ခိုက်လိုသော အငွေ့အသက်က ပို၍ ပြင်းထန်လာပြီး တစ်ဖက်လူ၏ တိုက်ခိုက်မှုကို လက်သီးဖြင့် ပြန်လည် ထိုးနှက် တိုက်ခိုက်လေသည်။

သို့သော် တစ်ခဏအကြာတွင် သွေးနတ်ဘုရားက တစ်ခုခု မှားနေကြောင်း သတိပြုမိလာသည်။ သူ၏ ရူးချင်စရာ ကောင်းသော တိုက်ခိုက်မှုအောက်၌ ယဲ့ဖန်က တည်ငြိမ်နေပြီး ဘာဒဏ်ရာမှ မရချေ။ သူ့မျက်လုံးတွင် မည်သို့သော နာကျင်မှုမှ မရှိပါ။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

သို့သော် သူ ပူးကပ်ထားသော ခန္ဓာကိုယ်က ပြိုလဲလုနီးနီး ဖြစ်နေသည်ဟု သူ ခံစားမိသည်။ လက်နှစ်ဖက်လုံးမှ စပ်ဖျဉ်းဖျဉ်း ခံစားချက်ကို ဆက်တိုက် ခံစားနေရသည်။

*မဖြစ်နိုင်ဘူး*

*ငါက ဘယ်လိုလုပ် ဒီကောင့်ကို ရှုံးရမှာလဲ*

*သူ ငါ့ကို လှည့်စားချင်လို့ တောင်ခံထားတာပဲ ဖြစ်ရမယ်*

ထိုသို့တွေးမိပြီးနောက် သွေးနတ်ဘုရား၏ တိုက်စစ်က ပို၍ ပြင်းထန်လာပြီး ယဲ့ဖန်အား သည်းကြီးမည်းကြီး မရပ်မနား တိုက်ခိုက်လေသည်။

သို့သော် ကြည်လင်ပြတ်သားသော အရိုးကျိုးသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ယဲ့ဖန်က ယဲ့ဖန် ဖြစ်နေဆဲပင်။ သို့သော် သွေးနတ်ဘုရား၏ ညာလက်က လိမ်ဖယ်၍ ပုံပျက်နေကာ အဆစ်နေရာမှ ကျိုးသွားလေ၏။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

*သွေးနတ်ဘုရားကတောင်မှ ပြိုင်ဘက် မဟုတ်ဘူးလား*

Comment

Leave a Reply

Options

not work with dark mode
Reset