အခန်း (၁၀၈) အစားအသောက်ကိုနှစ်သက်သူ
ယွမ်ကျန်းဖုန်းကိုယ်တိုင် တောင်ပေါ်မှ ကြယ်တာရာသန့်စင်ချီဝတ်ရုံကို ယူဆောင်ကာ ထွက်ခွာသွားပြီး ရန်တိနှင့် ရှီတိတို့သည်လည်း နေသူတော်စင်ဂိုဏ်းနှင့်တိုက်ခိုက်ရာတွင် ရှိသမျှစွမ်းအားကုန်သုံးကာ ပါ၀င်ကြသည်။ ထို့ကြောင့် ဝါဒတောင်၏ နေ့စဉ် ကိုင်တွယ်ဖြေရှင်းရမည့် ကိစ္စများတွင် ဖန်ကျွင်းကသာ တာဝန်ယူနေရသည်။
အရှေ့ထန်နိုင်ငံတိုက်ပွဲတွင် အရေးပါသူတစ်ယောက်အနေဖြင့် တောင်ပေါ်ပြန်လာပြီးနောက် ရန်ကျောက်ကဲသည် စည်းကမ်းအတိုင်း ဖန်ကျွင်းနှင့် လာရောက်တွေ့ဆုံရသည်။
ဖန်ကျွင်းက ဖြည်းညင်းသည့်လေသံဖြင့်…
“ဒီတစ်ခေါက်တော့ မင်း နည်းနည်းပါးပါး စွန့်စားလိုက်ရတယ်လို့ကြားတယ် ၊ ဂိုဏ်းတူအစ်ကိုကြီးရှီတိ အရှေ့ထန်နိုင်ငံကို အချိန်စောပြီး ရောက်သွားခဲ့ပေမယ့် ဒီပဋိပက္ခတွေကြားမှာ မင်းအတွက် တကယ်ပဲ အသက်အန္တရယ်ရှိတယ်လေ”
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း…
“ဒုတိယဆရာဦးလေးပြောတာ မှန်ပါတယ် ၊ အခု ပြန်တွေးကြည့်တော့ အဲဒီတုန်းက ဖြစ်ပျက်ခဲ့တာတွေကို နည်းနည်းတော့ ကြောက်မိတယ် ၊ ပြီးတော့ မဟာနေမင်းတိုင်းတာခြင်းပေတံကို ကျွန်တော်တို့ မရခဲ့ပေမယ့် စွန့်စားရတာ တန်ပါတယ်ဗျာ”
ဖန်ကျွင်းက သူ့လက်ကို ဝှေ့ယမ်းလိုက်ရင်…
“ဒါက အကောင်းဆုံး အခြေအနေပါပဲကွာ ၊ လက်ရှိရလဒ်တွေနဲ့တင် အရမ်းကို ကောင်းနေပါပြီ”
သူက ဆက်ပြောသည်။
“ငါတို့တွေ ပြတ်ပြတ်သားသားနဲ့ ဆုံးဖြတ်ချက်ချရမှာ ဖြစ်ပေမဲ့ ရန်သူက ဘယ်လောက်မြန်မြန် တုံ့ပြန်နိုင်မလဲဆိုတာကိုလည်း လျှော့တွက်လို့ မရဘူး ၊ ဟွမ်ရှုက ဟွမ်ကွမ်လီ မဟုတ်ပေမယ့် သူက ခပ်လွယ်လွယ် လူတစ်ယောက်တော့ မဟုတ်ဘူးလေ”
ဖန်ကျွင်း၏ လေသံက နူးညံ့သည်။
ရန်ကျောက်ကဲနှင့် စကားပြောဆိုရာတွင် သူက အကြီးအကဲတစ်ယောက်ပမာ သင်ပြပေးခြင်းထက် အေးအေးဆေးဆေး တန်းတူရည်တူ သဘောထားကာ ဆက်ဆံသည်။
ဖန်ကျွင်းနှင့် စကားပြောရသည်က ရှီတိနှင့် စကားပြောရသည်ထက်ပင် ပိုပြီး သက်သောင့်သက်သာ ရှိသည်။
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း…
“ဒုတိယဆရာဦးလေးပြောတာ အမှန်ပါပဲ”
ဖန်ကျွင်းက…
“ရန်ရှုရဲ့ ကိစ္စလည်း ငါ သိပြီးပါပြီ ၊ အဲဒီတုန်းက မင်းတို့ ‘ရန်’ အိမ်တော် ဖြစ်ပျက်ခဲ့တာတွေအတွက် တကယ် စိတ်မကောင်းပါဘူး”
ရန်ကျောက်ကဲက ခေါင်းခါရမ်းလိုက်ရင်း…
“ဒုတိယဆရာဦးလေးက အားနာနေပြန်ပါပြီ ၊ အခု ရန်ရှုကို ကျွန်တော် သတ်လိုက်တာက လက်စားချေတာလို့ ယူဆလို့ ရပါတယ် ၊ ဒီကိစ္စကို သိပြီးတာနဲ့ ကျွန်တော့်အဖေလည်း တခြားကိစ္စတွေကို အာရုံစိုက်ဖို့ စီစဉ်နိုင်ခဲ့ပါတယ်”
ဖန်ကျွင်းက…
“ရေခဲနဂါးသူတော်စင်ရဲ့ အကြွင်းအကျန်ကိစ္စနဲ့ ငါတို့ဂိုဏ်းက ဆုံးပါးသွားတဲ့တပည့် ရီကျင်းရဲ့ လက်စွပ်ကိုတော့ ဂိုဏ်းချုပ်နဲ့ တခြားသူတွေ တောင်ပေါ်ပြန်ရောက်လာမှ ဆုံးဖြတ်ချက်ချကြတာပေါ့ ကျောက်ကဲ ၊ အခုတော့ မင်း ပြန်သွားပြီး ကောင်းကောင်း အနားယူလိုက်ပါဦး”
ရန်ကျောက်ကဲက ဦးညွှတ်လိုက်ရင်း…
“ဒါဖြင့် ကျွန်တော်သွားတော့မယ် ၊ နှုတ်ဆက်ပါတယ် ဒုတိယဆရာဦးလေး”
တာဝန်ခန်းမမှ ထွက်လာပြီးနောက် ရန်ကျောက်ကဲ သက်ပြင်းရှည်တစ်ချက် ချလိုက်သည်။
ဝါဒတောင်၏ သူရဲကောင်း (၃)ယောက်ဟု ဆိုကြသည့်အခါ ပထမဆုံး သတိရမိကြသည်မှာ သိုင်းပညာတော်ပြီး စွမ်းရည်သတ္တိနှင့် ပြည့်စုံသော ရန်တိပင် ဖြစ်သည်။
သို့သော် တကယ်တမ်းမှာတော့ ရန်တိ ထင်ပေါ်ကျော်ကြားမလာခင် ဝါဒတောင်တွင် အကျော်ကြားဆုံးသူမှာ စာပေပညာရှင်တစ်ယောက်နှင့်ဆင်တူသည့် ဖန်ကျွင်း၏ အေးချမ်းပြီး ဖော်ရွေသောပုံစံပင် ဖြစ်သည်။
‘ပုန်းနေသောနဂါး’ ဆိုသည့် ဘွဲ့အမည်က ဖန်ကျွင်း မည်သို့သောလူမျိုးဖြစ်သည်ကို ထင်ဟပ်စေသည်ပင်။
ယင်က ဖန်ကျွင်း၏ ပြိုင်ဘက်မှာ နေသူတော်စင်ဂိုဏ်း၏ လက်ရှိဂိုဏ်းချုပ် ဟွမ်ရှု ဖြစ်သည်။
ဟွမ်ကွမ်လီ ဂိုဏ်းချုပ်ရာထူးမှ အနားယူပြီးနောက် ဟွမ်ရှုက နေသူတော်စင်ဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်လာခဲ့သည်။ ဖန်ကျွမ်းကတော့ ဝါဒတောင်၏ ဂိုဏ်းချုပ်ဖြစ်မလာသေးသော်လည်း တစ်ဦးချင်းစွမ်းရည်အရ ဟွမ်ရှုထက်နိမ့်ကျသည်ဟု ယုံကြည်သူ အနည်းငယ်မျှသာ ရှိသည်။
တောင်ပေါ်လမ်းလေးထက် လမ်းလျှောက်လာရင်း ရန်ကျောက်ကဲ အတွေးများ ပျံ့လွင့်လျှက် ရှိသည်။
အတန်ကြာမှ…
“ဒါနဲ့… ဂိုဏ်းတူညီမလေး’ဖန်း’ ရဲ့ လက်ရှိအခြေအနေ ဘယ်လိုရှိလဲ”
သူ့နံဘေးမှ အားဟူက ရိုးရှင်းစွာပင် ရယ်မောလိုက်ရင်း…
“သခင်လေး စောစောက တာဝန်ခန်းမထဲ ဝင်သွားတာနဲ့ အဲဒီအကြောင်းကို ချက်ချင်း လူလွှတ်စုံစမ်းခိုင်းပြီးသွားပါပြီ”
“အခု ‘ဖန်း’ မိန်းကလေးက ဂိုဏ်းရဲ့ ကျင့်ကြံခြင်းကို စတင်နေပါပြီ ၊ ဒီနှစ်ဝက်အတွင်း သူ့ ဒဏ်ရာတွေလည်း သေသေချာချာ ကုသပျောက်ကင်းသွားပြီး သိုင်းအခြေခံကိုလည်း ပြောင်းလဲပြီးပါပြီ ၊ ဝါဒတောင်ကတပည့်ဖြစ်လာပြီဆိုတော့ ရှေ့ဆက်လျှောက်ရမယ့်လမ်းက နည်းနည်းပိုပြီး ချောမွေ့သွားပါပြီ ၊ သူ့အနေနဲ့ နေသူတော်စင်ဂိုဏ်းက သိုင်းပညာကို ဆက်ကျင့်ကြံဖို့ မလိုတော့ဘူးလေ ၊ အချိန်နည်းနည်း ထပ်ပေးလိုက်မယ်ဆိုရင် သူ့ရဲ့ သိုင်းအခြေခံအဆင့်က ပုံမှန်အတိုင်း ပြန်ဖြစ်သွားမှာပါ”
“ဂိုဏ်းချုပ်ကိုယ်တိုင် သူ့ကို ကိုယ်တိုင်တွေ့ဆုံမေးမြန်းပြီး သူ့ရဲ့ စွမ်းအင်ဗဟိုချက်ချီပင်လယ်ကို ပြန်လည်ပြုပြင်ဖို့အတွက် ကျွန်တော်တို့ဂိုဏ်းက ချီပင်လယ်ပြောင်းလဲကျောက်တုံးတွေထဲက တစ်ခုကို အသုံးပြုခဲ့ပါတယ်”
အားဟူက ခေါင်းတစ်ချက်ကုတ်လိုက်ရင်း…
“သူ့ဒဏ်ရာက အပြည့်အဝ ပြန်လည်ကောင်းမွန်လာပြီလို့ သတင်းကြားရတယ် ၊ သူ့ရဲ့ အခြေခံအဆင့်လည်း ပြန်လည်ပြင်ဆင်ပြီးသွားပြီဆိုတော့ သူနေထိုင်ဖို့အတွက် တောင်အနောက်ဘက်မှ လိုဏ်ဂူတစ်ခု ဂိုဏ်းက စီစဉ်ပေးထားပါတယ် ၊ ကျန်တာတွေကတော့ သခင်လေး ပြန်လာရင် ဆုံးဖြတ်ရမယ်လို့ ပြောတယ်”
ရန်ကျောက်ကဲက ခေါင်းညိတ်လိုက်ရင်း…
“ဒါဖြင့် သူ့ကို သွားတွေ့ရအောင် ၊ သူ့ အခြေအနေတွေ ပြီးပြည့်စုံနေပြီဆိုရင်တော့ ထူးကဲယင်ခန္ဓာပြန်ရဖို့ ကူညီပေးမယ့်ကိစ္စကို အချိန်စောပြီး တွန်းအားပေးလို့ ရသွားတာပေါ့”
လမ်းလျှောက်လာကြရင်း ရန်ကျောက်ကဲက သက်ပြင်းချလိုက်သည်။
“အချိန်က လူကို မစောင့်ဘူး ၊ သူ့ရဲ့ ပြိုင်ဘက်တွေက သူ့ကို စောင့်ရင်း တစ်နေရာတည်းမှာ ရပ်နေကြမှာမဟုတ်ဘူး ၊ ပြီးတော့ သူက အစကတည်းက နှစ်နှစ်လောက် နောက်ကျကျန်နေခဲ့ပြီးပြီ”
တောင်အနောက်ဘက် ဖန်းယွင်ရှန်းနေထိုင်ရာနေရာအနီးရောက်လာသည့်အခါ ရန်ကျောက်ကဲ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
လမ်းတွင် ဝါဒတောင် ၊ တာဝန်ခန်းမမှ အကြီးအကဲအမျိုးသမီးတစ်ယောက်နှင့် တွေ့ဆုံခဲ့သေးသည်။
ရန်ကျောက်ကဲကို တွေ့တော့ သူမက မည်သည့်စကားမှမပြောဘဲ ခေါင်းညိတ်ပြပြီး ပျောက်ကွယ်သွားသည်။
ရန်ကျောက်ကဲကလည်း သူမကို ဦးညွှတ်နှုတ်ဆက်လိုက်ပြီး ရှေ့ဆက်လျှောက်လာခဲ့သည်။
တောအုပ်အတွင်းတွင် ရေတံခွန်ကျဆင်းသံများ ထွက်ပေါ်လျှက် ရှိသည်။ ရန်ကျောက်ကဲ တောအုပ်ကို ဖြတ်သန်းသွားစဉ် ကြီးမားလှသော ရေတံခွန်ကြီးတစ်ခုကို မျက်စိရှေ့တွင် တွေ့လိုက်ရသည်။
အထက်မှ စီးဆင်းလာသော ရေများသည် ကျယ်လောင်သည့်ဆူညံသံနှင့်အတူ အောက်ဘက်ရှိ ရေကန်ကြီးအတွင်း ကျဆင်းသွားကာ ပြင်းထန်သည့် ရေစီးကြောင်းကို ခံစားရသည်။
သေသေချာချာ ကြည့်လိုက်သည့်အခါ ရေတံခွန်အောက်ခြေတွင် လူရိပ်တစ်ခု မတ်တတ်ရပ်လျှက် ရှိပြီး ကြမ်းတမ်းလှသည့် ရေတံခွန်စီးကြောင်းများကို အဆက်မပြတ် တွန်းလှန်တိုက်ခိုက်နေသည်ကို ရန်ကျောက်ကဲ တွေ့မြင်ရသည်။
သူမက နှင်းပွင့်ကဲ့သို့ ဖြူစင်သည့် အဝတ်အစားကို ဝတ်ဆင်ထားပြီး အနက်ရောင်ဆံနွယ်များက ရေစီးထဲတွင် လွင့်ပျံနေသည်။
သူမ၏ ကျောက်စိမ်းရတနာပမာ ဖြူစင်သွယ်လျသည့် လက်ချောင်းများက အနက်ရောင်ဓားတစ်လက်ကို ဆုပ်ကိုင်ထားပြီး အကြိမ်ကြိမ် ဝှေ့ယမ်းလျှက် ရှိသည်။
ဓားချက်ကို ရင်ဆိုင်ရသည်နှင့် ကြီးမားလှသော ရေတံခွန်စီးကြောင်းက ခဏအတွင်း ကွဲကျေသွားသည်။
ထို့နောက် ရေစီးအား ပြန်လည်ကောင်းမွန်လာပြီး ရေတံခွန်က တစ်ဖန် ပြန်လည်ကျဆင်းလာသည်။
ထိုအခါ ဓားချက်က ရေတံခွန်ကို တစ်ဖန်ထပ်မံ ပိုင်းဖြတ်ပြန်၏။
ထိုသို့ဖြင့် ထပ်ခါတလဲလဲ သံသရာလည်နေတော့သည်။
ရန်ကျောက်ကဲသည် နေရာတွင် မလှုပ်မယှက် မတ်တတ်ရပ်ကာ မြင်ကွင်းကို တိတ်ဆိတ်စွာပင် ကြည့်နေ၏။ အားဟူသည်လည်း သူ့နံဘေးတွင် ငြိမ်သက်လျှက် ရှိသည်။
ထိုမိန်းမပျို အလွန်အမင်းဇွဲခတ်ပြီး ဓားသိုင်းလေ့ကျင့်နေသည်ကို ရန်ကျောက်ကဲနှင့် အားဟူတို့သည်လည်း စိတ်ရှည်လက်ရှည်ဖြင့် စောင့်ကြည့်နေကြသည်။
မွန်းတည့်ချိန်မှ နေဝင်ချိန်အထိ အချိန်များ ကုန်ဆုံးသွားပြီး မိန်းမပျိုသည် ခဏတာပင် အနားမယူဘဲ ဓားသိုင်းလေ့ကျင့်နေခဲ့သည်။
“အခုမှ သန္ဓေတည်တဲ့အဆင့်ပဲ ရှိသေးတယ်ဆိုပေမယ့် ဓားချက်တထဲမှာ နေသူတော်စင်ဂိုဏ်းနဲ့ ဝါဒတောင်ဂိုဏ်း (၂)ခုလုံးရဲ့ ခိုင်မာတဲ့စွမ်းအားတွေ ကိန်းအောင်းနေတယ်”
မိန်းမပျို၏ ဓားသိုင်းလေ့ကျင့်မှုတွင် ပါရှိသော ဖြူစင်သည့်ဇွဲလုံ့လနှင့် ဓားသိုင်းပညာကို အကဲခတ်ရင်း ရန်ကျောက်ကဲ တွေးလိုက်သည်။
“အဲဒီတုန်းက ငါ အမြင်မမှားခဲ့ဘူးပဲ ၊ ဒီမိန်းကလေးရဲ့ ပါရမီက သေသွားတဲ့ရှောင်ရှန်းအောက် မနိမ့်ဘူး ၊ အတော်လေည်း ဇွဲကောင်းတယ်”
အားဟူ၏ မျက်နှာအမူအရာသည်လည်း လေးနက်နေသည်။
“သခင်လေး ၊ သူ့ရဲ့ ဓားသိုင်းကစားဟန်ကို ကြည့်ရတာ… အနီးကပ်တိုက်ပွဲတွေမှ အတော်လေး ကျွမ်းကျင်တယ်လို့ ခံစားမိတယ် ၊ ကျင့်ကြံခြင်းအဆင့်တူတဲ့သူအချင်းချင်း ရင်ဆိုင်ရမယ်ဆိုရင် သူက ရှောင်ရှန်းနဲ့ ချောင်ယွမ်လုန်ထက်တောင် ထူးချွန်သေးတယ်”
ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်လိုက်ရင်း…
“အမှန်ပဲ ၊ အရင်က သူ တိုက်ခိုက်တာ ငါ မြင်ဖူးတယ်လေ ၊ အခု သူ ပုံမှန်လေ့ကျင့်နေတာကို ကြည့်တာနဲ့တင် သူ့ကို လျှော့တွက်လို့ မရနိုင်ဘူး ၊ သူ့မှာ ထူးကဲယင်ခန္ဓာမရှိဘူးဆိုရင်တောင်မှ သိုင်းတာအိုနဲ့ပတ်သက်ပြီး အရည်အချင်းရှိတဲ့ ပါရမီရှင်တစ်ယောက်ပဲ ၊ တကယ်ဆိုရင် သူက ရှောင်ရှန်းရဲ့ ခြေထောက်တစ်ဖက်ကို ဖြတ်ပစ်ဦးတော့ နေသူတော်စင်ဂိုဏ်းအနေနဲ့ သူ့ကို လက်မလွှတ်သင့်ဘူး”
နောက်ဆုံးတွင်တော့ ဖန်းယွင်ရှန်းက ဓားသိုင်းလေ့ကျင့်ခြင်းကို ရပ်တန့်လိုက်ပြီး ရေတံခွန်အောက်မှ ခုန်ထွက်လိုက်သည်။ ရန်ကျောက်ကဲသည်လည်း သူမနှင့် တွေ့ဆုံရန် ခြေလှမ်းပြင်လိုက်၏။
“သူ့ကိုကြည့်ရတာ အဆင်သင့်ဖြစ်နေပြီ ထင်တယ်”
ရန်ကျောက်ကဲ ခြေလှမ်းရန် ဟန်ပြင်လိုက်စဉ် သူ၏ လှုပ်ရှားမှုများ ချက်ချင်း ရပ်တန့်သွားသည်။
အဘယ်ကြောင့်ဆိုသော ဖန်းယွင်ရှန်းသည် အနီးပတ်ဝန်းကျင်တွင် မည်သူမှမရှိကြောင်း သေချာစေရန် ပတ်ဝန်းကျင်တစ်ခုလုံးကို သတိထားပြီး ကြည့်ရှုစစ်ဆေးနေသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
မည်သူမှ မရှိသည်မှာ သေချာသည်နှင့် သူမက ရေတံခွန်နှင့်ကပ်လျက် တောအုပ်အတွင်းသို့ လမ်းလျှောက်ဝင်သွားရင်း တည်ငြိမ်သည့်မျက်နှာထက်ဝယ် အပြုံးရိပ်တစ်ခု ထင်ဟပ်လာသည်။
ရန်ကျောက်ကဲက မျက်မှောင်ကြုတ်လိုက်ရင်း…
“ဟမ်… ဒီနေရာမှာ လျှို့ဝှက်ချက်တစ်ခုခု ရှိနေတာလား ၊ ဒါပေမဲ့ ဂိုဏ်းက အကြီးအကဲတွေ ဒီနေရာကို စောင့်ကြည့်နေတာပဲ ၊ လျှို့ဝှက်ချက်တစ်ခုခု ရှိတယ်ဆိုရင် မသိဘူးဆိုတာ မဖြစ်သင့်ဘူးလေ”
သူ့စိတ်ထဲ စူးစမ်းလိုစိတ်များ ထွက်ပေါ်လာပြီး သူမနောက်သို့ တိတ်တဆိတ်လိုက်ပါသွားသည်။ အားဟူသည်လည်း ကမန်းကတန်းပင် ရန်ကျောက်ကဲနောက်သို့ လိုက်ခဲ့ရ၏။
တောအုပ်လေးထဲရောက်သည်နှင့် ဖန်းယွင်ရှန်းက ဘာကိုမှအရေးမစိုက်တော့ဘဲ မြေပြင်ထက်ထိုင်ချလိုက်သည်။ သူမနံဘေးတွင်တော့ အမြီးနှံ့နေသည့် ခွေးနက်လေးတစ်ကောင်ကို တွေ့ရသည်။
ဖန်းယွင်ရှန်းက ချက်ချင်းပင် ထင်းမီးဖိုတစ်ခု မွှေးလိုက်ပြီး တစ်စုံတစ်ခုကို ကင်တော့မည့်အလား အကင်စင်လေးတစ်ခုကို မီးဖိုထက်သို့ တင်လိုက်သည်။
ပုံမှန်ဆိုလျှင် ရဲရင့်ဟန်ရှိသည့် မိန်းမပျိုလေး ဖန်းယွင်ရှန်းသည် ယခုတော့ ငါးခိုးစားသည့် ကြောင်ပေါက်လေးပမာ ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ပျော်ရွှင်စွာဖြင့် နှာခေါင်းတစ်ရှုံရှုံလုပ်လိုက်သည်။
ထို့နောက် သူမက သက်ပြင်းချလိုက်ရင်း…
“ဒီ ကျားလက်သည်းငါးတွေက အဆိပ်အရမ်းပြင်းတယ်လို့ တစ်လောကလုံးက သိထားပေမယ့် ကင်စားရင် အရမ်းအရသာရှိပဲ ၊ ဘာနဲ့မှ နှိုင်းလို့မရဘူး”
ထိုစကားကိုကြားသည့်အခါ ရန်ကျောက်ကဲနှင့် အားဟူမှာ မည်သို့မှမတတ်နိုင်ဘဲ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။
ကျားလက်သည်းငါးဆိုသည်က သာမန်လူများအတွက် အလွန်အဆိပ်ပြင်းသည်သာမက သိုင်းကျင့်ကြံသူတစ်ယောက်ကိုပင် အဆိပ်မိစေနိုင်သည်။
ရန်ကျောက်ကဲနှုတ်ခမ်းထောင့်စွန်းလေးများ အနည်းငယ် တွန့်ကွေးသွားသည်။
“လက်စသတ်တော့ သူက ရေတံခွန်မှာ ဓားသိုင်းလေ့ကျင့်ရင်း စားကျက်ကြီးတစ်ခုပါ တွေ့နေတာကိုး”