Switch Mode

အခန်း (၁၀၇)

ကြက်ဥလိုချင်ရင် ကြက်မငှားပြီး ဥဥခိုင်းလို့ရတာပဲ

အခန်း (၁၀၇) ကြက်ဥလိုချင်ရင် ကြက်မငှားပြီး ဥဥခိုင်းလို့ရတာပဲ

ထို့နောက်မှာတော့ ရန်ကျောက်ကဲတစ်ယောက် အရှေ့ထန်နိုင်ငံတွင် ဆက်လက်နေထိုင်ရန် မလိုအပ်တော့ပေ။

လိုအပ်ပါက ရှီတိ ၊ အခြားသူများနှင့်အတူ ညှိနှိုင်းဆောင်ရွက်ရန် ရန်တိကတော့ အရှေ့ကောင်းကင်ဒေသတွင် ကျန်ရစ်ခဲ့သည်။

“မင်းပြောတဲ့ ဆေးဖော်စပ်မှုကို ထိပ်တန်းဦးစားပေးအနေနဲ့ ပြုလုပ်ပါ”

သားအဖ (၂)ယောက်လမ်းမခွဲခင် ရန်တိက ရန်ကျောက်ကဲကို ညွှန်ကြားသည်။

“ဘယ်လောက်ရှေးကျပါစေ လိုအပ်တဲ့ပါဝင်ပစ္စည်းတွေအားလုံးကို တတ်နိုင်သမျှ ရအောင်ရှာပြီး ဆေးညွှန်းအတိုင်း သေသေချာချာ ဖော်ဆပ်ပါ ၊ အဖေတို့ဂိုဏ်းအတွက် အဲဒါက အရမ်းအရေးကြီးတယ်”

“ဟွမ်ကွမ်လီက တံခါးပိတ်ကျင့်ကြံရာကနေ ဘယ်တော့ထွက်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး ၊ သူသာ သိုင်းသူတော်စင်တစ်ယောက် ဖြစ်သွားခဲ့ရင်… အဖေတို့ ဂိုဏ်းမှာက သိုင်းသူတော်စင်တစ်ယောက်မှ မရှိသေးဘူး ၊ ဆိုတော့ အဖေတို့ရင်ဆိုင်ရမယ့် ဖိအားက အရှေ့ထန်နိုင်ငံတိုက်ပွဲထက် ပိုပြီးကြီးမားလာနိုင်တယ်”

ထိုစကားများကိုကြားတော့ ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါးပင် ခေါင်းညိတ်ပြလိုက်သည်။

“အချိန်ကလူကိုမစောင့်ဘူး ၊ ဒါကြောင့်ပဲ အချိန်ကို အကျိုးရှိရှိအသုံးချဖို့နဲ့ စွန့်စားမှုတွေလုပ်ဖို့ လူတိုင်းကို ကျွန်တော် မှာကြားထားပါတယ်”

သူက ဆက်ပြောသည်။

“ပြီးတော့ တတိယအကြိမ်ထူးကဲယင်ပြိုင်ပွဲက သိပ်မလိုတော့ဘူး ၊ ထူးကဲယင်သရဖူသာ နေသူတော်စင်ဂိုဏ်းလက်ထဲ ရောက်သွားရင် ဟွမ်ကွမ်လီ တံခါးပိတ်ကျင့်ကြံတာက ထွက်မလာရင်တောင် သူတို့ဘက်က အလေးသာသွားနိုင်တယ်”

ရန်တိက…

“လွန်ခဲ့တဲ့နှစ်တွေအတွင်း ကျောက်စိမ်းပင်လယ်မြို့တော်က ထူးကဲယင်မိန်းမပျိုက ထူးကဲယင်သရဖူအကူအညီနဲ့ ကျင့်ကြံခြင်းတွေ အရှိန်အဟုန်နဲ့ မြင့်တက်လာခဲ့တယ် ၊ ဒီတော့ ထူးကဲယင်မိန်းမပျိုတွေကြားက ပြိုင်ပွဲမှာ ထူးကဲယင်သရဖူရရှိထားတဲ့မိန်းမပျိုက ပိုပြီစွမ်းအားမြင့်မားနေမယ်လို့ မျှော်မှန်းထားတယ်”

“မျှော်လင့်မထားတဲ့ အခြေအနေတွေသာ ဖြစ်မလာဘူးဆိုရင် အရင်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့သူက ဒီတစ်ခေါက်လည်း အနိုင်ရဖို့ အခြားသူတွေထက် အလားအလာပိုများတယ် ၊ မင်းက ထူးကဲယင်ပြိုင်ပွဲမှာ နေသူတော်စင်ဂိုဏ်းက အနိုင်ရမယ်လို့ ထင်နေတာလား”

ရန်ကျောက်ကဲက ဖြည်းညင်းသည့်လေသံဖြင့်…

“ဖန်းယွင်ရှန်း ပြောပြတဲ့အရတော့ မန်ဝမ်က မွေးရာပါ သိုင်းပါရမီရှင်တစ်ယောက်တဲ့ ၊ ထူးကဲယင်မိန်းမပျိုလည်း ဖြစ်တယ်ဆိုတော့ သူက နယ်ပယ်နှစ်ခုလုံးမှာ ထူးချွန်တဲ့သူ ဖြစ်နေတယ်”

“ထူးကဲယင်ပြိုင်ပွဲအတွက် နေသူတော်စင်ဂိုဏ်း ပြင်ဆင်ထားတာတွေက အခြားထိပ်သီးသိုင်းဂိုဏ်းတွေထက် သာလွန်ကျယ်ပြန့်တယ် ၊ ဒါကြောင့်လည်း သူတို့ရဲ့ ပြိုင်ပွဲဝင် (၂)ယောက်ဖြစ်တဲ့ ဖုန်းယွင်ရှန်းနဲ့ မန်ဝမ်တို့က ပထမအကြိမ် ထူးကဲယင်ပြိုင်ပွဲအတွက် ပြင်ဆင်ထားခဲ့ကြပြီး မန်ဝမ်က အနိုင်ရခဲ့တယ်”

ရန်ကျောက်ကဲက သူ့နှုတ်ခမ်းများကို တွန့်ကွေးလိုက်ရင်း…

“အဲဒီနှစ်က ထူးကဲယင်ပြိုင်ပွဲမှ ရက်ရက်ရောရော သဘောတူခဲ့တာက သူတို့ကိုယ်ပိုင်စွမ်းရည်အပေါ် ဘယ်လောက် ယုံကြည်မှုပြည့်၀သလဲဆိုတာ ရှင်းနေတာပဲ ၊ မျှတတဲ့ယှဥ်ပြိုင်မှုဆိုတာ တကယ်တော့ သူတို့အိတ်ကပ်ထဲမှာ ရှိတဲ့အရာပဲ ၊ ကျွန်တော်တို့ ဘယ်လောက်မိုက်မဲလဲဆိုတာကို သူတို့စိတ်ထဲ ဘယ်လောက်တောင် လှောင်ပြောင်နေလိုက်မလဲ”

“ဒုတိယအကြိမ် ထူးကဲယင်ပြိုင်ပွဲမှာ မန်ဝမ်ဒဏ်ရာရသွားတယ် ၊ ဒါက ဘယ်သူမှ မခန့်မှားထားတဲ့ကိစ္စပဲ ၊ မန်ဝမ်သာ ဒဏ်ရာမရရင် ထူးကဲယင်သရဖူက နေသူတော်စင်ဂိုဏ်းအတွက်ပဲ ဖြစ်နေဦးမှာပဲ”

ရန်တိက…

“အဲဒါက တရားမျှတတဲ့ ယှဉ်ပြိုင်မှုတစ်ခုပါပဲ ၊ တခြားသူတွေထက် သူတို့က  ကျယ်ကျယ်ပြန့်ပြန့် ပြင်ဆင်မှုတွေ ပြုလုပ်ထားနိုင်တာ သူတို့စွမ်းဆောင်ရည်လို့ပဲ သတ်မှတ်ရမှာပေါ့ ၊ ဒါပေမဲ့ ငါတို့ဂိုဏ်းကတော့ မတူဘူး ၊ ဒီတစ်ခေါက် မင်းသာ ဖန်းယွင်ရှန်းကို ရှာမတွေ့ရင်  ထူးကဲယင်မိန်းမပျိုတစ်ယောက်ကိုတောင် ရှာတွေ့နိုင်မှာ မဟုတ်သေးဘူး”

“အရင်တုန်းက ဖန်းယွင်ရှန်းရဲ့ ထူးကဲယင်ခန္ဓာပြန်ရရှိအောင် မင်းလုပ်ပေးမယ်လို့ ကတိပေးခဲ့တယ် မဟုတ်လား ၊ ဒီကိစ္စကိုလည်း မင်းစိတ်ထဲမှတ်ထားပါ ၊ ဒါကလည်း ထိပ်တန်းဦးစားပေး ကိစ္စတစ်ခုပဲ”

ရန်ကျောက်ကဲ ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။

“အဖေ စိတ်ချပါ ၊ သူ ပြန်ကောင်းလာအောင် ကျွန်တော် လုပ်နိုင်ပါတယ်”

ခဏနားပြီးမှ သူက ဆက်ပြောသည်။

“ထူးကဲယင်ပြိုင်ပွဲက တကယ် အန္တရယ်မကင်းဘူးဆိုရင်တော့ အမြန်ဆုံးစတင်ဖို့ အစီအစဉ်တွေ လုပ်ရမယ်”

ထို့နောက် သူက မြောက်ဘက်သို့ လှမ်းကြည့်လိုက်ရင်း…

“လှိုင်းနက်ဂေဟာက ကိစ္စမရှိပေမယ့် အဆုံးမဲ့တောင်တန်းကတော့ စည်းရိုးခွထိုင်နေတာပဲ ၊ တောင်တန်းနယ်မြေနဲ့ ကျွန်တော်တို့ရဲ့ ကောင်းကင်နယ်မြေက ထိစပ်နေတော့ ကျွန်တော်တို့ကြားမှာ ပဋိပက္ခအနည်းငယ်ကတော့ ရှောင်လွှဲမရနိုင်ဘူး ၊ ဒါပေမဲ့ တောင်တန်းနယ်မြေက မိုးကြိုးနယ်မြေနဲ့ နယ်နိမိတ်ထိစပ်နေတော့ သူတို့မှာလည်း တင်းမာမှုတွေရှိတယ် ၊ မီးနယ်မြေမှာတော့ အဆုံးမဲ့တောင်တန်းနဲ့ နေသူတော်စင်ဂိုဏ်းတွေက ပွတ်တိုက်မှုအနည်းငယ် ရှိနိုင်တယ်”

ဝါဒတောင်နှင့် နေသူတော်စင်ဂိုဏ်းအကြား တင်းမာနေသောဆက်ဆံရေးတွင် အဆုံးမဲ့တောင်တန်းက ကြားနေမူဝါဒကို ကျင့်သုံးသည်။ တောင်တန်းနယ်မြေမှ ထိပ်သီးဂိုဏ်းတစ်ခုဖြစ်သည့် အဆုံးမဲ့တောင်တန်းနှင့် ဝါဒတောင်တို့သည် ပြိုင်ဘက်များ ဖြစ်ကြပြီး သဟဇာတရှိသော ဆက်ဆံရေးများစွာကို မျှဝေနိုင်ခြင်း မရှိသည့်တိုင် ရန်သူဟုလည်း မယူဆနိုင်ပေ။

ထိပ်သီးသိုင်းဂိုဏ်းများ နှစ်ဦးနှစ်ဖက် တိုက်ခိုက်ကြသည့်အခါ အခန်းကဏ္ဍအချို့တွင် ဆက်ဆံရေးတိုးတက်လာသော်လည်း မီးပွားလည်း လွင့်စင်သည်ပင်။

သို့သော် မကြာသေးမီနှစ်များက နေသူ‌တော်စင်ဂိုဏ်း အင်အားကောင်းလာပြီး ကြီးစိုးမှုမြင့်တက်လာသည့်အချိန်တွင် အဆုံးမဲ့တေင်တန်းက နေသူတော်စင်ဂိုဏ်းနှင့် လက်တွဲသည့်အချိန်များလည်း ရှိခဲ့သည်။

သို့ပေသိ နေသူတော်စင်ဂိုဏ်း၏ မူဝါဒမှာ အိမ်နီးချင်းသိုင်းဂိုဏ်းများနှင့် တိုက်ခိုက်သည့်အချိန်တွင် အဝေးမှ သိုင်းဂိုဏ်းများနှင့် မဟာမိတ်ပြုလေ့ ရှိသည်။ ဤနည်းအားဖြင့် အဆုံးမဲ့တောင်တန်း စိတ်ကျေနပ်စေရန် ပြုမူပြီး သူတို့ဘက်ပါအောင် ဆွဲဆောင်ပေလိမ့်မည်။ သို့ရာတွင် နေသူတော်စင်ဂိုဏ်းနှင့် တစ်လျှောက်လုံး မဟာမိတ်ဖြစ်ခဲ့သည့် ကောင်းကင်မိုးကြိုးခန်းမက အဆုံးမဲ့တောင်တန်းနှင့် ကောင်းမွန်သည့် ဆက်ဆံရေး  မရှိပေ. ထို့ကြောင့် နေသူတော်စင်ဂိုဏ်းအနေဖြင့် သူတို့လုပ်ရပ်များ ဘောင်မကျော်စေရန် သတိထားနေမည် ဖြစ်၏။

အဆုံးမဲ့တောင်တန်းသည်လည်း ဤအကြောင်းအရာများအားလုံးကို အပြင်းအထန် အချေအတင် စဉ်းစားနေမည်မှာ အမှန်ပင်။

ရန်ကျောက်ကဲက အနည်းငယ်ပြုံးလိုက်ရင်း…

“ကျွန်တော်တို့ဂိုဏ်းက ရန်သူရှိသလို မိတ်ဆွေတွေလည်းရှိတာပဲ ၊ ဒီတော့ ပြဿနာဆိုတာ ရှိနေမှာပဲ ၊ ကျွန်တော်တို့ဂိုဏ်းနဲ့ မဟာမိတ်ပြုထားတဲ့သူတွေပေါင်းလိုက်မယ်ဆိုရင် ၊ ပြီးတော့ နည်းနည်းပါးပါး သံခင်တမာန်ခင်းစကားပြောလိုက်မယ်ဆိုရင် အဆုံးမဲ့တောင်တန်းက နေသူတော်စင်ဂိုဏ်းထက် ကျွန်တော်တို့ဘက်ကို အားသာချက်များလာမယ် မဟုတ်လား”

ရန်တိက သိမ်မွေ့သည့်လေသံဖြင့်…

“ဒါပေမဲ့ တစ်ချို့ကိစ္စတွေက တန်ရာတန်ကြေးပေးရမယ်လေကွာ”

ရန်ကျောက်ကဲက ရယ်မောလိုက်ရင်း…

“သေချာလှတယ်မဟုတ်ပေမယ့် ကြက်ဥလိုချင်ရင် ကြက်မငှားပြီး ဥဥခိုင်းလို့ရတာပဲ မဟုတ်လား”

“ဟင်…”

ရန်တိက သူ့ကို လှမ်းကြည့်လိုက်တော့ ရန်ကျောက်ကဲက စကားတစ်ခွန်းဆိုလိုက်ပြီး ‌မြောက်အရပ်သို့ လက်ညှိုးညွှန်ပြလိုက်သည်။

“တိမ်လွှာတောင်…”

ထိုစကားကြောင့် ရန်တိ၏ အကြည့်များ အနည်းငယ် တုန်ခါသွားသည်။

“မင်း ဘာတွေတွေးနေတာလဲ”

ရန်ကျောက်ကဲက…

“ဂိုဏ်းတူညီမလေး ဖန်းယွင်ရှန်းကို ကျွန်တော် တောင်ပေါ်ပြန်ပို့လိုက်ပြီး အရှေ့ထန်နိုင်ငံမှာ ကျွန်တော်ကျန်ခဲ့တဲ့နောက် သုတေသနလေးတွေ နည်းနည်းပါးပါး လုပ်ခဲ့တယ် ၊ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုနဲ့ ဆေးလုံးဖော်ဆပ်မှုက ကောင်းကောင်းအလုပ်ဖြစ်တယ် ၊ ပြီးတော့ ဖန်းယွင်ရှန်းရဲ့  ထူးကဲယင်ခန္ဓာပြန်လည်ရရှိအောင် အစွမ်းကုန်ကူညီပေးတဲ့နေရာမှာ အမှားအယွင်းမရှိအောင်လည်း သေသေချာချာလေ့လာခဲ့တယ်”

“ဒီသုတေသနလုပ်ငန်းစဉ်မှာ ကျွန်တော်သာ သန့်စင်တဲ့ယန်စွမ်းအားနဲ့ယှဉ်တွဲနေတဲ့ သန့်စင်တဲ့ယင်စွမ်းအား အဖိုးတန်နယ်မြေတစ်ခုကို ရှာတွေ့ခဲ့မယ်ဆိုရင် အတော်လေး အရေးကြီးတဲ့ကဏ္ဍက ပါဝင်နိုင်မယ်ဆိုတာ သိရှိခဲ့တယ် ၊ ကျွန်တော်တို့ ကောင်းကင်နယ်မြေမှာ အဲဒီလိုနေရာ မရှိဘူးလေ ၊ ဒါကြောင့် တခြားဘယ်ဒေသတွေမှာ ရှိနိုင်မလဲ စုံစမ်းကြည့်ခဲ့တယ်”

ရန်တိက ခေါင်းညိတ်လိုက်ရင်း…

“အမှန်ပဲ ၊ တောင်တန်းနယ်မြေရဲ့ တိမ်လွှာတောင်က အဲဒီလို နေရာမျိုးပဲ”

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း…

“ဒါကြောင့် တိမ်လွှာတောင်နဲ့ပတ်သက်တဲ့ အချက်အလက်အချို့ကို ကျွန်တော် စုဆောင်းခဲ့တယ် ၊ အဲဒီအချက်အလက်တွေကို သေသေချာချာ ခွဲခြမ်းစိတ်ဖြာကြည့်တဲ့အခါမှာတော့ ထူးခြားတဲ့ နက်နဲသိမ်မွေ့မှုတွေဟာ အဲဒီတောင်အတွင်းထဲမှာ ရှိနေတယ်ဆိုတာ ကျွန်တော် တွေ့ရှိခဲ့တယ် ၊ အခု ကျွန်တော် တောင်ပေါ်ပြန်ရောက်ရင် အဲဒီအကြောင်းတွေကို ထပ်ပြီး ဂရုတစိုက်နဲ့ သုတေသနလုပ်မယ် ၊ အဖေနဲ့ တခြားအကြီးအကဲတွေ ပြန်လာတဲ့အခါကျ ဆက်ဆွေးနွေးကြတာပေါ့”

ရန်တိက ခေါင်းညိတ်ရင်း…

“ကောင်းပြီ ၊ ဒါဆို မင်း တောင်ပေါ်အရင်ပြန်ပြီး ပြင်ဆင်မှုတွေ လုပ်ထားပါ”

ရန်ကျောက်ကဲက ဖခင်ဖြစ်သူကို ဦးညွှတ်လိုက်ရင်း…

“ဟုတ်ကဲ့ပါ အဖေ”

ထို့နောက် ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ပြီး ရန်ကျောက်ကဲတစ်ယောက် အရှေ့ထန်နိုင်ငံမှ ဝါဒတောင်သို့ ပြန်လာခဲ့သည်။

နှစ်ဝက်ကျော် အပြင်သို့ ရောက်နေပြီး နောက်ဆုံး ဝါဒတောင်သို့ ပြန်ရောက်လာသည့်အခါ ကိုယ့်အိမ်ကိုယ့်ယာ ပြန်ရောက်လာသလို ရန်ကျောက်ကဲ ခံစားရသည်။

“မင်္ဂလာပါ ဂိုဏ်းတူအစ်ကိုကြီး’ရန်’”

“ဂိုဏ်းတူအစ်ကိုကြီး’ရန်’ ပြန်ရောက်ပြီလား”

“ဂိုဏ်းတူအစ်ကိုကြီး’ရန်’ ကို နှုတ်ဆက်ပါတယ်”

ဂိုဏ်းထဲမှ တပည့်ငယ်များက ရန်ကျောက်ကဲကို တွေ့သည်နှင့် သူတို့၏မျက်ဝန်းများထဲတွင် လေးစားချစ်ခင်မှုများက အရင်ကထက် ပိုမိုပြင်းထန်လာကြသည်။

ရန်ကျောက်ကဲကို မျိုးဆက်တစ်ခုတည်းတွင် စံနမူနာယူထိုက်သူ တစ်ယောက်အနေဖြင့်ပင် မမြင်တော့ဘဲ လုံးဝမတူခြားနားသည့် အဆင့်တွင် ရှိနေသူတစ်ယောက်ပမာ ခံစားကြရသည်။

ဤတပည့်အငယ်များက အရှေ့ထန်နိုင်ငံတွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို အတွင်းကျကျ သိရှိခြင်း မရှိပေ။

သို့သော် သူတို့သိသည်မှာ သူတို့အစ်ကိုကြီး ရန်ကျောက်ကဲသည် အတွင်းပိုင်းကြယ်တာရာချီ ၊ နောက်ဆုံးအဆင့်မှ အပြင်ပိုင်းကြယ်တာရာချီအဆင့်သို့ နှစ်ဝက်အချိန်အတွင်း အဆင့်တက်သွားခြင်းပင် ဖြစ်သည်။

နေသူတော်စင်ဂိုဏ်း၏ အငယ်တန်းမျိုးဆက်ကျင့်ကြံသူများထဲတွင် အထင်ကရတစ်ယောက်ဖြစ်သော ချောင်ယွမ်လုန်သည် ရန်ကျောက်ကဲအား မရှုမလှ ရှုံးနိမ့်ခဲ့ပြီး ရှောင်ရှန်းသည်လည်း ရန်ကျောက်ကဲလက်ချင်ဖြင့် အသတ်ခံခဲ့ရသည်။

သိုင်းပညာအပြင် ရန်ကျောက်ကဲသည် အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကိုလည်း ပြန်လည်ဖော်ထုတ်နိုင်ခဲ့ပြီး ဝါဒတောင် စွမ်းအားမြင့်တက်လာစေရန် ကူညီပေးနိုင်ခဲ့သည်။

ဤသို့ လူသိများသော အောင်မြင်မှုများသည် တပည့်အငယ်များအမြင်တွင် ရန်ကျောက်ကဲအပေါ် ရှုမြင်ပုံ လုံးဝကွဲပြားသွားစေခဲ့သည်။

ရန်ကျောက်ကဲက လူတိုင်းကို နှုတ်ဆက်စကားဆိုရင်း အပြုံးများ ဖလှယ်လျှက် ရှိသည်။

ထို့နောက် သူ ပထမဆုံးသွားရောက်ရမည့်နေရာမှာ ဂိုဏ်း၏ တာဝန်ခန်းမသို့ ဖြစ်၏။

ဂိုဏ်း၏ စည်းကမ်းများအရ ယခုတစ်ကြိမ် အရှေ့ထန်နိုင်ငံတွင် တာဝန်ထမ်းဆောင်ခဲ့သည်နှင့် ပတ်သက်ပြီး ပြန်ရောက်ရောက်ချင်း အစီရင်ခံရမည် ဖြစ်သည်။

ရန်ကျောက်ကဲ တာဝန်ခန်းမသို့ ရောက်သည်နှင့် အကြီးအကဲတစ်ယောက်က အနောက်ဘက်ခန်းဆောင်သို့ ခေါ်ဆောင်သွားသည်။

ခန်းမထဲတွင် သက်လတ်ပိုင်းလူရွယ်တစ်ယောက်ထိုင်နေပြီး ဂိုဏ်းနှင့်ပတ်သက်သော စာရွက်စာတမ်းများကို ဖတ်ရှုရင်း ကိစ္စရပ်များကို အလျှင်အမြန် ဖြေရှင်းနေသည်။ သူ့ပုံစံက ပညာရှင်ပီသလှသည်။

ရန်ကျောက်ကဲဝင်လာတော့ သူက ခေါင်းမော့ကြည့်ကာ အသာအယာ ပြုံးလိုက်ရင်း…

“ကျောက်ကဲ… မင်း ပြန်လာပြီလား”

ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်ပင် ထိုသူကို ဦးညွှတ်လိုက်ရင်း…

“ဒုတိယဆရာဦးလေး”

ဟု နှုတ်ဆက်လိုက်သည်။

မုတ်ဆိတ်မွှေး သုံးလက်မခန့်ရှိသည့် သူ့ရှေ့မှ ရည်ရည်မွန်မွန် လူရွယ်သည် ရန်ကျောက်ကဲ၏ ဒုတိယဆရာဦးလေးဖြစ်သော ၊ လက်ရှိ ဝါဒတောင်၏ တာဝန်ခန်းမတွင် ထိပ်တန်းအကြီးအကဲဖြစ်သည့် ဖန်ကျွင်းပင် ဖြစ်လေ၏။

Comment

Leave a Reply

Options

not work with dark mode
Reset