အခန်း (၁၀၆) သံပူချောင်းတစ်ချောင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ ကိုယ်တိုင်ကသန်မာနေဖို့လိုတယ်
သားအဖ (၂)ယောက် ရယ်မောြခင်းကို ရပ်တန့်လိုက်ကြပြီး ရန်ကျောက်ကဲလည်း မျက်နှာထားကို ပြန်တည်လိုက်သည်။
“ကျွန်တော်တို့မိသားစု ကောင်းကင်နယ်မြေကို ပြောင်းရွှေ့လာကြတုန်းက…”
ရန်ရှုနှင့် ထိပ်တိုက်ရင်ဆိုင်ရစဥ်က အဖြစ်အပျက်များကို ရန်ကျောက်ကဲ ပြောပြသည့်အခါ ရန်တိ မျက်နှာအနည်းငယ် ပျက်သွားပြီး သူ့မျက်၀န်းများထဲတွင် ရန်လိုသည့်အမူအရာများ ချက်ချင်းထွက်ပေါ်လာသည်။
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ ရန်တိက စကားဆိုသည်။
“ဒီကိစ္စက ဆုံးဖြတ်ချက်ချလို့ မရနိုင်သေးပါဘူး”
ရန်ကျောက်ကဲက ကြယ်တာရာချီစွမ်းအားအသုံးပြုပြီး အသံပို့လွှတ်စနစ်ဖြင့် ပြောလိုက်သည်။
“ပြီးခဲ့တဲ့တစ်ခေါက်က ဆရာဘိုးဘိုးရဲ့ ဒဏ်ရာတွေ ကုသပေးနိုင်တဲ့ ၀ိညာဥ်ဆေးလုံးတွေအကြောင်း အဖေ့ကို ပြောခဲ့တယ် မဟုတ်လား ၊ အဲဒါနဲ့ ပတ်သက်ပြီး တိုးတက်မှုနည်းနည်းပါးပါး ရှိခဲ့ပါတယ်”
ရန်တိ၏အမူအရာက ပြောင်းလဲခြင်းမရှိသော်လည်း သူ့အကြည့်များက အာရုံပြောင်းသွားပြီး…
“ဘယ်လိုမျိုးလဲ”
ရန်ကျောက်ကဲက…
“အဲဒီဆေးလုံးအကြောင်းမှတ်တမ်းတင်ထားတဲ့ စာအုပ်ထဲမှာပါဝင်တဲ့ ဆေးဖော်ဖို့ပစ္စည်းတွေက အရမ်းရှားပါးပြီး ရှေးကျတယ် ၊ အဲဒီပစ္စည်းတွေကိုရဖို့ အတော်လေး ခက်ခဲတယ်”
“ဒါပေမဲ့ အတော်များများကိုတော့ ကျွန်တော် ရထားပြီးပါပြီ ၊ ကျန်တာတွေကိုလည်း ကျွန်တော့်လူတွေကို ရှာခိုင်းထားတယ် ၊ လိုအပ်တဲ့ဆေးဖက်ဝင်ပစ္စည်းတွေအားလုံး အရင်စုပြီးမှ ဆေးဖော်လို့ရမှာလေ”
ရန်တိက…
“မင်း ငယ်ငယ်လေးကတည်းက သိုင်းပညာကလွဲရင် ထွေရာလေးပါး တခြားအကြောင်းတွေကို လေ့လာရတာ အရမ်းဝါသနာပါတယ် ၊ အထူးသဖြင့် မဟာကပ်ဘေးမတိုင်ခင် ရှေးခေတ်ကအကြောင်းတွေကို သုတေသနလုပ်ရတာကို သဘောကျတယ် ၊ အခုတော့ ဒီနယ်ပယ်မှာ မင်းရဲ့အရည်အချင်းတွေ အတော်လေး အသုံးဝင်နေတာကို သက်သေပြနေပြီပဲ”
“အဲဒီဆေးကို ကြိုးစားပြီး ရအောင် ဖော်ဆပ်ပါ ၊ ဆရာသာ အပြည့်အဝ ပြန်လည်ကျန်းမာလာမယ်ဆိုရင် သိုင်းသူတော်စင်အဖြစ် အဆင့်တက်ဖို့ အခွင့်အလမ်း အရမ်းမြင့်မားတယ်”
ထို့နောက် ရန်တိက အဝေးသို့ လှမ်းကြည့်လိုက်ရင်း…
“လေကပိုပြင်းထန်လာပြီး ဒီရေကလည်း လှိုင်းကြမ်းလာပြီလေ”
ယခု အရှေ့ထန်နိုင်ငံတွင် စတင်ခဲ့သော ကြီးကျယ်သည့် တိုက်ပွဲသည် အစဖြစ်သလို အဆုံးလည်း ဖြစ်သည်။
“အစဖြစ်သည်” ဟု ဆိုရာတွင် ထိုတိုက်ပွဲသည် ကောင်းကင်နယ်မြေနှင့် မီးနယ်မြေတို့ ပါဝင်သည့် မိုင် (၃၀၀၀) ပတ်လည်အတွင်း စစ်ပွဲကြီးတစ်ခုဖြစ်ပွားလာရန် ဦးတည်နေသည်ဟု ဆိုလိုသည်။
ထိပ်သီးသိုင်းဂိုဏ်း (၂)ခု ဖြစ်သော ဝါဒတောင်နှင့် နေသူတော်စင်ဂိုဏ်းအကြား ပဋိပက္ခသည် အဆင့်တစ်ခုသို့ မြင့်တက်လာခဲ့ပြီး ဒေသတွင်းပြိုင်ဆိုင်မှုနှင့် ရန်ဘက်ပြုမှုများက အကန့်အသတ်မရှိတော့ပေ။
အရှေ့ထန်နိုင်ငံတည်ရှိရာ အရှေ့ကောင်းကင်ဒေသသာမက တောင်ကောင်းကင်ဒေသနှင့် အနောက်ကောင်းကင်ဒေသများသည်လည်း ထိခိုက်မှု ရှိလာခဲ့သည်။
ကောင်းကင်နယ်မြေနှင့် မီးနယ်မြေထိစပ်နေသည့် ဘုံနယ်မြေများတွင် စစ်ပွဲများ အပြည့်ဖြစ်ပွားခဲ့ပြီး ကောင်းကင်နယ်မြေနှင့် မီးနယ်မြေသာမက လေနယ်မြေသည်ပင်လျှင် စစ်ပွဲဒဏ်ကို ခံစားခဲ့ရသည်။
“အဆုံးဖြစ်သည်” ဟု ဆိုရာတွင် အရှေ့ထန်နိုင်ငံမှ တိုက်ပွဲသည် စစ်ပွဲတစ်ခုလုံး၏ အခြေအနေတစ်ခုလုံးကို အကြမ်းဖျင်း သတ်မှတ်ထားသောကြောင့် ဖြစ်သည်။
မဟာနေမင်းတိုင်းတာခြင်းပေတံသည် ဂိုဏ်းတည်ရှိရာ ကမ္ဘာအလင်းတောင်ထွတ်သို့ အောင်မြင်စွာ ဆုတ်ခွာသွားနိုင်ခဲ့ပြီး နေသူတော်စင်ဂိုဏ်းအနေဖြင့် မီးနယ်မြေ၏ ပထဝီဝင်အနေအထားကို အခြေခံကာ ဝါဒတောင်နှင့် ကျောက်စိမ်းပင်လယ်မြို့တော်၏ တိုက်ခိုက်မှုကို ခုခံကာကွယ်နိုင်ခဲ့သည်။
ထို့ကြောင့် နေသူတော်စင်ဂိုဏ်းအနေဖြင့် တံခါးပိတ်ကျင့်ကြံနေသည့် ဂိုဏ်း၏အကြီးအကဲ ၊ ‘အရှေ့အရပ်မှထွက်သောနေ‘ ဟွမ်ကွမ်လီအား စစ်ပွဲအကြောင်းများကို အသိမပေးတော့ဘဲ အံတင်းတင်းကြိတ်ကာ တိုက်ခိုက်ခဲ့ကြ၏။
သို့ပေသိ အရှေ့ထန်နိုင်ငံမှ သူတို့ ထွက်ပြေးလာစဉ် မဟာနေမင်းတိုင်းတာခြင်းပေတံကို အသုံးပြုခဲ့ရသည့်အတွက် ၎င်းအထွတ်ထိပ်မှော်ဝင်ပစ္စည်းမှာ ကြီးစွာထိုးနှက်ခံခဲ့ရပြီး ဝိညာဉ်စွမ်းအားများ ပျက်စီးသွားခဲ့သည်။
အထက်ပိုင်းမှ စီမံခန့်ခွဲမှု ညံ့ဖျင်းသည့်အတွက် နေရာအများအပြားတွင် တပ်စွဲထားသော နေသူတော်စင်ဂိုဏ်း၏ တပ်များမှာလည်း တဖြည်းဖြည်းဆုတ်ခွာခဲ့ကြရသည်။
ထိပ်သီးသိုင်းဂိုဏ်းကြီး (၂)ခု တိုက်ပွဲဖြစ်ပွားသည့်အတွင် နှစ်ဖက်လုံးနှင့်နီးစပ်သော အလယ်အလတ်တန်းစား အင်အားကြီးသိုင်းဂိုဏ်းအသီးသီးတို့သည်လည်း အပြင်းအထန် ထိပ်တိုက်ရင်ဆိုင်ကြရသည်။
အဆုံးသတ်တွင်တော့ ဝါဒတောင်နှင့် လက်အောက်ခံအဖွဲ့အစည်းများက အကြီးအကျယ် ပြီးပြည့်စုံစွာ အောင်ပွဲခံနိုင်ခဲ့သည်။
တိုက်ပွဲကာလတွင် နေသူတော်စင်ဂိုဏ်းအနေဖြင့် ခါးသီးသောအရှုံးကိုသာ မျိုချခဲ့ရပြီး ၎င်းတို့၏ ခြေသည်းလက်သည်းနှင့် အစွယ်များကို ပြန်လည်ရုတ်သိမ်းသွားကြသည်။
***
ယနေ့တော့ လောကအလင်းတောင်ထွတ်တွင် နေသူတော်စင်ဂိုဏ်း၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးထိုင်နေကြ၏။
ဖန်းပေါ်ထိုင်က ကမ္ဘာအလင်းအရှင်ကို ကြည့်လိုက်ရင်း…
“ဂိုဏ်းချုပ်ရော အခြေအနေ ဘယ်လိုရှိလဲ”
ကမ္ဘာအလင်းအရှင်က…
“မဟာနေမင်းတိုင်းတာခြင်းပေတံရဲ့ ဝိညာဉ်စွမ်းအားတွေ အတော်လေးထိခိုက်သွားပြီး ဂိုဏ်းချုပ်လည်း ဒဏ်ရာရသွားတယ် ၊ ဒါပေမဲ့ ဒဏ်ရာက သိပ်မပြင်းထန်ပါဘူး”
ဖန်းပေါ်ထိုင်၏မျက်နှာက စိမ်းဖန့်ဖန့် ဖြစ်သွားပြီး…
“၀ါဒတောင် ၊ ကျောက်စိမ်းပင်လယ်မြို့တော် ၊ ဒီနေ့ မင်းတို့လုပ်ခဲ့တဲ့ လုပ်ရပ်အတွက် နောင်မှာ သေချာပေါက် ဆယ်ဆပြန်ပြီး ပေးဆပ်ရမယ်”
အရှေ့တက်နေဝန်းအရှင်က…
“ကျွန်တော်တို့ နေသူတော်စင်ဂိုဏ်းအနေနဲ့ ဒီတစ်ခေါက်အစီအစဉ်မှာ ဆုံးရှုံးမှုကြီးကြီးမားမား ခံစားခဲ့ရပေမယ့် ကျွန်တော်တို့ဂိုဏ်းရဲ့ အခြေခံကတော့ မပျက်စီးသေးပါဘူး ၊ ဂိုဏ်းအကြီးအကဲ တံခါးပိတ်ကျင့်ကြံရာက ထွက်လာရင် အဲဒီ ဝါဒတောင်နဲ့ ကျောက်စိမ်းပင်လယ်မြို့တော်ကို ချက်ချင်းသွားပြီး တိုက်ခိုက်မယ်”
ကမ္ဘာအလင်းအရှင်က ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်ရင်း…
“ကျွန်တော်တို့ ဒီတစ်ခေါက် ဆုံးရှုံးခဲ့တာတွေကို ပြန်ယူချင်တယ်ဆိုရင်တော့ လွယ်ကူကောင်း လွယ်ကူလိမ့်မယ် ၊ ဒါပေမဲ့ ဝါဒတောင်တစ်ခုလုံးကို တိုက်ခိုက်ချင်တယ်ဆိုရင်တော့ ပေါ့ပေါ့တန်တန် သဘောထားလို့ မရဘူး”
“ဒီတစ်ခေါက် ယွမ်ကျန်းဖုန်းက သိုင်းသူတော်စင်အဆင့်တက်ဖို့အတွက် တံခါးပိတ်ကျင့်ကြံမယ်ဆိုပေမယ့် သူရရှိထားတဲ့ ဒဏ်ရာတွေကြောင့် အခွင့်အရေး သိပ်မရှိနိုင်ဘူး ၊ သူ ကျရှုံးခဲ့မယ်ဆိုရင်တော့ ကောင်းတဲ့အချက်ပဲ ၊ ဒါပေမဲ့ သူ အောင်မြင်ခဲ့မယ်ဆိုရင်တော့ ဝါဒတောင်က ပိုပြီးအင်အားကြီးလာလိမ့်မယ်”
“အခု တွက်ချက်မှုလွဲမှားခဲ့လို့ တိုက်ပွဲလည်း ရှုံးခဲ့ပြီဆိုတော့ ယွမ်ကျန်းဖုန်းကို စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်နိုင်ဖို့က ကျွန်တော်တို့အတွက် သိပ်ခက်ခဲသွားပြီ”
ဆည်းဆာအရှင်က…
“အရင်ဆုံးလုပ်ရမှာက လာမယ့် ထူးကဲယင်ပြိုင်ပွဲမှာ ထူးကဲယင်သရဖူကို ကျွန်တော်တို့ ပြန်လည်ရယူသိမ်းပိုက်နိုင်ဖို့ပါပဲ ၊ ထူးကဲယင်သရဖူနဲ့ဆိုရင် ကျွန်တော်တို့ရဲ့အင်အားက ချက်ချင်းပြန်ကောင်းလာလိမ့်မယ် ၊ ယွမ်ကျန်းဖုန်း တံခါးပိတ်ကျင့်ကြံခြင်း မလုပ်ခင်မှာ သူ့ကိုဒုက္ခပေးဖို့ နောက်ထပ်အခွင့်အရေးတစ်ခု ရရှိနိုင်မှာပါ”
ကမ္ဘာအလင်းအရှင်က ခေါင်းညိတ်လိုက်သည့်တိုင် သူ့မျက်နှာက သိသိသာသာပျက်လျှက် ရှိသည်။
“ကျွန်တော် အခု စိုးရိမ်နေတာက ထူးကဲယင်ပြိုင်ပွဲမှာ ကျွန်တော်တို့ နေသူတော်စင်ဂိုဏ်းရဲ့ တပည့်တွေကို ဖယ်ထုတ်ပစ်ဖို့ ဝါဒတောင်က လက်ရှိတန်ခိုးစွမ်းအားအရှိန်အဟုန်ကို အသုံးပြုမှာကိုပဲ”
အရှေ့တက်နေဝန်းအရှင်က မျက်မှောင်တစ်ချက် ကြုတ်လိုက်ရင်း…
“ဘယ်လိုမျိုးလဲ”
ကမ္ဘာအလင်းအရှင်က…
“သူတို့က အဆုံးမဲ့တောင်တန်းနဲ့ လှိုင်းနက်ဂေဟာကို မိတ်ဖွဲ့လိုက်မယ်ဆိုရင် ဘယ်လိုလုပ်မလဲ ၊ မင်း ဘယ်လိုထင်လဲ”
အရှေ့တက်နေဝန်းအရှင်က ပင့်သက်တစ်ချက်ရှိုက်လိုက်ရင်း…
“ဒါဆို ကျွန်တော်တို့ဘက်ကလည်း သူတို့အားလုံးကို ဖိအားတွေပေးမှ ဖြစ်မယ်”
ဖန်းပေါ်ထိုင်က…
“အဆုံးမဲ့တောင်တန်းနဲ့ လှိုင်းနက်ဂေဟာကို ဆက်သွယ်ပါ ၊ လိုအပ်ရင် ထူးကဲယင်သရဖူ ငါတို့လက်ထဲရောက်ဖို့အတွက် သူတို့နဲ့ အပေးအယူလုပ်ဖို့ ကတိတွေပေးပါ”
***
တောင်တန်းနယ်မြေ ၊ အဆုံးမဲ့တောင်တန်းသို့သွားရာ လမ်းမထက်တွင်…
ကျောက်ဟို အဝေးဆီသို့ လည်ပြန်လှည့်ကြည့်လိုက်သည့်အခါ အရှေ့ထန်နိုင်ငံ၏ မြစ်ချောင်းအင်းအိုင်များနှင့် တောင်တန်းများကိုပင် မတွေ့မြင်ရတော့လောက်အောင် ဝေးကွာသွားခဲ့ပြီ ဖြစ်သည်။ သူ့အကြည့်များက အနည်းငယ်အေးစက်နေပြီး စကားမပြောဘဲ နှုတ်ဆိတ်နေသည်။
သူ့ဘေးနားတွင်ရှိနေသည့် အဆုံးမဲ့တောင်တန်း၏ သိုင်းဆရာသခင်ကြောင့် မဟုတ်သည့်တိုင် သူ့မျက်နှာထက်မှ မောက်မာမှုများက အနည်းငယ်မှိန်ဖျော့လျှက် ရှိသည်။
အဘယ်ကြောင့်ဆိုသော ယခုတစ်ကြိမ် အရှေ့ထန်နိုင်ငံ၌ ဖြစ်ပျက်ခဲ့သောကိစ္စတွင် သူက ရန်ကျောက်ကဲကို ရှုံးနိမ့်ခဲ့ရသောကြောင့် ဖြစ်၏။
အမှန်ဆိုလျှင် ကျောက်ဟို၏ ပိုင်းခြားသိမြင်နိုင်စွမ်းက အားနည်းခြင်း မရှိခဲ့ပေ။
သို့ပေသိ နဂါးချုပ်လှောင်ချောက်နက်တွင် ရန်ကျောက်ကဲက အရှေ့ထန်ဘုရင် ကျောက်ရှီချန်းကို အချိန်တိုလေးအတွင်း ပြန်လည်သတိရလာစေရန် ဆေးကုသနိုင်ခဲ့သည်။ ဤသို့သော စွမ်းဆောင်ရည်နှင့် အရှိန်အဟုန်က သူ့ကိုပင် ထိတ်လန့် အံ့သြစေခဲ့သည်။
ကျောက်ဟို သက်ပြင်းချလိုက်သည်။
တိုက်ဆိုင်မှုဟု ယူဆနိုင်သော်လည်း တိုက်ဆိုင်မှုများက ဆက်တိုက်ဆိုသလို ဖြစ်လာသည့်အခါ ကျောက်ဟိုသည်ပင် ဘယ်အရာက ပြဿနာဖြစ်သည်လဲဆိုသည်ကို မေးခွန်းထုတ်ရန် မတတ်နိုင်တော့ပေ။
သူ့စိတ်ထဲတွင် ရန်ကျောက်ကဲကို ပိုမိုသတိထားလာမိသော်လည်း သူရွေးချယ်သည့်လမ်းကို ရှောင်လွှဲရန် မစဉ်းစားခဲ့ပေ။
ဆန့်ကျင်ဘက်အနေဖြင့် သူ့အကြံအစည်များကို အဆက်မပြတ် ဖျက်စီးပစ်ခဲ့သော ရန်ကျောက်ကဲကို သတ်ဖြတ်ပစ်လိုသည့်စိတ်များ တဖြည်းဖြည်းနိုးကြားလာခဲ့သည်။
အရှေ့ထန်နိုင်ငံတွင် ဆက်လက်နေထိုင်နိုင်ခြင်း မရှိတော့ဘဲ အဆုံးမဲ့တောင်တန်းသို့ လိုက်ပါခဲ့ရသလို သူ့လုပ်ငန်းများနှင့် လွတ်လပ်မှုများအားလုံး ဆုံးရှုံးခဲ့ရသည်။ ယင်းသို့ဖြစ်ရခြင်းက သူ့စိတ်ကို တင်းကျပ်နေစေသည်။
ဤသို့ဖြစ်ရသည့် အကြောင်းရင်းမှာ ရန်ကျောက်ကဲ၏ လုပ်ရပ်များကြောင့်သာ ဖြစ်၏။
ယခင်ကတော့ ကျောက်ဟိုက ဝါဒတောင်ကိုသာ မုန်းတီးခြင်း ဖြစ်သည်။ ယခုတော့ ရန်ကျောက်ကဲအပေါ်ထားရှိသည့် အာဃာတများကိုပါ ထပ်လောင်းလိုက်ပြီ ဖြစ်သည်။
“အချိန်… အချိန်လိုတယ် ၊ အချိန်နည်းနည်းလောက်ပေးလိုက်ရင် အားလုံး အဆင်ပြေသွားမှာပါ ၊ ရန်ကျောက်ကဲ… ဝါဒတောင် ၊ ငါတို့ အခုမှစတာပဲ…”
အတွေးနှင့်အတူ ကျောက်ဟို အကြည့်များကို ရုတ်သိမ်းလိုက်ပြီး အခြားနေရာသို့ လှည့်ကြည့်လိုက်သည်။
သူက အဆုံးမဲ့တောင်တန်းသို့ သွားရောက်ရန် ဆန္ဒမရှိသော်လည်း အခြေအနေအရ သွားရောက်ရတော့မည် ဖြစ်လေရာ ထိုနေရာတွင် အကောင်းဆုံးသော ဆက်ဆံမှုနှင့် မြင့်မားသောရာထူးတစ်ခုရရှိရန် အတတ်နိုင်ဆုံး ကြိုးစားရမည် ဖြစ်သည်။
ကျောက်ဟိုက အဆုံးမဲ့တောင်တန်းမှ သာမန်တပည့်များကဲ့သို့ ဖြည်းညှင်းစွာ နေရာယူမည့်သူတော့ မဟုတ်ပေ။
သူ့နံဘေးတွင် အဆုံးမဲ့တောင်တန်း၏ အရှေ့ထန်နိုင်ငံဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲဖြစ်သူ အကြီးအကဲ’ဟယ်’ က သက်လတ်ပိုင်းလူရွယ်တစ်ယောက်နောက်မှ လမ်းလျှောက်နေသည်။
သက်လတ်ပိုင်းလူရွယ်က…
“ဒီတိုက်ပွဲပြီးသွားပေမယ့် နေသူတော်စင်ဂိုဏ်းက အရှေ့ထန်နိုင်ငံမှာ ခြေကုပ်မယူနိုင်သေးဘူး ၊ ပြီးတော့ နေသူတော်စင်ဂိုဏ်းနဲ့ ဒီလောက်ရန်ဘက်ပြုပြီးမှတော့ ဝါဒတောင်အနေနဲ့ ငါတို့ဂိုဏ်းနဲ့ ရန်ဘက်ပြုချင်မှာ မဟုတ်လောက်တော့ဘူး”
သူက အကြီးအကဲ’ဟယ်’ကို ကြည့်လိုက်ရင်း…
“ဒါပေမဲ့ အကြီးအကဲ’ဟယ်’က အရှေ့ထန်နိုင်ငံမှာ ဆက်နေရာဦးမယ်ဆိုတော့ လောလောဆယ်မှာ သိုသိုသိပ်သိပ်နဲ့ နေသင့်တယ် ၊ အရှေ့ထန်နိုင်ငံမှာ ငါတို့ဂိုဏ်းရဲ့ လွှမ်းမိုးမှုက လက်ရှိမှာ လုံလောက်နေပါပြီ”
အကြီးအကဲ’ဟယ်’ က ခေါင်းညိတ်လိုက်ရင်း…
“နားလည်ပါပြီ ၊ ထိပ်တန်းအကြီးအကဲ စိတ်မပူပါနဲ့”
လူရွယ်က အရှေ့ထန်နိုင်ငံတည်ရှိရာအရပ်သို့ တစ်ချက်လှည့်ကြည့်လိုက်ရင်း…
“ဟွမ်ကွမ်လီ တံခါးပိတ်ကျင့်ကြံရာက ထွက်လာရင်တော့ နေသူတော်စင်ဂိုဏ်းအနေနဲ့ ဒီလို အသေးစားကစားပွဲတွေကို ကစားနေဖို့ မလိုတော့ပါဘူး ၊ အဲဒီအချိန်ကျ သူတို့က သူတို့ရဲ့ ရန်သူတွေကို စွမ်းအားကုန်သုံးပြီး ချေမှုန်းလိမ့်မယ်”
“အင်း… သံပူချောင်းတစ်ချောင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ဆိုတာ ကိုယ်တိုင်က သန်မာနေဖို့ လိုအပ်တယ် ၊ ငါတို့ဂိုဏ်းလည်း မြန်နိုင်သမျှမြန်မြန် ဖွံ့ဖြိုးတိုးတက်လာဖို့ လိုအပ်တယ်”
ထိုအချိန် ကျောက်ဟိုက ရုတ်တရက် စကားဝင်ပြောလိုက်သည်။
“အကြီးအကဲ ၊ အခု အကြီးအကဲပြောနေတဲ့ အဆုံးမဲ့တောင်တန်း ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ အကြီးအကဲရဲ့ မျက်စိရှေ့မှာတင် ဖြစ်နိုင်ပါတယ်”
သက်လတ်ပိုင်းလူရွယ်နှင့် အခြားသောအကြီးအကဲများအားလုံးက ကျောက်ဟိုကို တညီတညွတ်တည်း လှည့်ကြည့်လိုက်ကြသည်။
“ဟင်…”
ကျောက်ဟိုက မြောက်ဘက်သို့ လက်ညှိုးညွှန်ပြလိုက်ရင်း…
“တိမ်လွှာတောင်…”
ဟု ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်သည်။
ထိုအခါ သက်လတ်ပိုင်းလူရွယ်နှင့် အကြီးအကဲများအားလုံး၏ မျက်လုံးများသည် တစ်ပြိုင်နက်တည်းတောက်ပသွားကြလေ၏။
***
ယခင် မြေကမ္ဘာနယ်မြေ ၊ လက်ရှိ ငရဲ။
အမှောင်ထုထဲတွင် အလင်းရောင်မှိန်ဖျော့ဖျော့လေး ထွန်းလင်းနေသည်ကို တွေ့မြင်နိုင်သည်။ ပုံရိပ်များကို မတွေ့မြင်ရသည့်တိုင် အသံများကိုတော့ ကြားနိုင်သည်။
“ဟန်ရှန်းတော့ ဝါဒတောင်လက်ထဲရောက်သွားပြီ”
“အတိတ်တုန်းက သောက်တလွဲတွေချည်းလုပ်တဲ့သူက နောင်လဲ ဘာလုပ်လုပ် အောင်မြင်မှာမဟုတ်ဘူး”
“ဒါပေမဲ့ ဟန်ရှန်းသိထားတာတွေက အပေါ်ယံပဲ ရှိတာပါ ၊ ငါတို့ရဲ့ ကျယ်ပြန့်တဲ့ အစီအစဉ်ကို မထိခိုက်စေနိုင်ပါဘူး ၊ ပြီးတော့ ရေခဲနဂါးသူတော်စင်ရဲ့ သမိုင်းဝင်ရုပ်ကြွင်းတွေကို ရှာဖွေဖို့ကိစ္စလည်း အခုတော့ ဝါဒတောင်လက်ထဲ ရောက်သွားပြီ”
“ကိစ္စမရှိဘူး ၊ ဖြစ်နိုင်ခြေရှိတဲ့ တခြားနည်းလမ်းတွေ ရှိပါသေးတယ် ၊ တချို့ကိစ္စတွေမှာ လုံလောက်တဲ့ ပြင်ဆင်မှုတွေ မပြီးမချင်း စောင့်ဆိုင်းဖို့လိုတယ် ၊ အခွင့်အရေး ပေါ်မလာမချင်း တိတ်တဆိတ် စောင့်နေကြတာပေါ့”
“အမှန်ပဲ”