အပိုင်း (၁၄) ကန့်သတ်ချက်များ
အန်းဝမ်လီဆိုသည်မှာ အန်းဂိုဏ်းချုပ်၏ နာမည်အပြည့်အစုံ ဖြစ်လေသည်။ အန္တရာယ် အရိပ်အငွေ့များ မရှိသော်လည်း ရဲရင့်သော သူတစ်ယောက် ဖြစ်လေသည်။ အစိမ်းရောင်ဝတ် လူ၏ လက်ဝါးရိုက်ချက်တွင် ရပ်တည်နိုင်ခဲ့ခြင်းက သူ၏စရိုက်ကို ဖော်ပြနေလေသည်။
ဆန်းလျန်မှာ သူ၏အဆင့်နှင့် အန်းဝမ်လီ၊ ရွှေဓားဘုရင်နှင့် ဆန်းချင်းစန်း တို့၏ကြားတွင် ဝင်ရောက် ပတ်သက်နိုင်ခြင်း မရှိပေ။ အပြန်အလှန် သဘောတူညီမှု ယူပြီးသည်နှင့် ရွှေဓားဘုရင်၊ အန်းဝမ်လီနှင့် ငွေချိတ်ကောက်များ ကိုင်ဆောင်သည့် အဘိုးအိုလေးတို့မှာ ဆိုင်အတွင်းမှ ထွက်ခွာ သွားကြလေသည်။
လမ်းမပေါ်တွင် ဓားချင်း ထိခတ်သံများသည် တဖြည်းဖြည်း ပျောက်ကွယ် သွားလေသည်။
အစိမ်းရောင်ဝတ် လူက မည်သို့ပင် စွမ်းအားကြီးပါစေ စစ်သည်တော် များစွာကိုတော့ မခုခံနိုင်ဘဲ အမှန်တရားကို ရင်ဆိုင်လိုက် ရလေတော့သည်။
အစိမ်းရောင်ဝတ် လူ၏ ခန္ဓာကိုယ်မှာ မည်မျှကြံ့ခိုင် သန်စွမ်းသည်ကို ဆန်းလျန် သိလေသည်။ ယခုတော့ သူ၏ ဦးခေါင်းမှ ခြေဖျားအထိ ဓားဒဏ်ရာများနှင့် သွေးအစင်းကြောင်းများ ပြည့်နေလေသည်။ သူ၏ လည်ပင်းတွင်လည်း သံကြိုးများဖြင့် ချည်နှောင်ထားပြီး သံမဏိဖြင့် ပြုလုပ်ထားသည့် အကျဉ်းလှည်းထဲတွင် ဖမ်းဆီးခံ သွားရလေသည်။
“တကယ်ကောင်းတဲ့ အစီအစဉ်ပဲ၊ သူတို့တွေ ဒီလိုဖြစ်လာအောင် အကွက်ချ စီစဉ်ထားတာပဲ”
မြင်ကွင်းကို ကြည့်ရင်း ဆန်းလျန် တွေးလိုက်မိသည်။
ဆန်းလျန် သိသည်မှာ အနည်းအကျဉ်းမျှပင် ရှိသေးသည်။ ဤကိစ္စ တစ်ခုလုံးကို ဆန်းမိသားစုက ရက်အနည်းငယ် အတွင်းမှာပင် စီစဉ်ခဲ့သည်ကို ဆန်းလျင်သိခဲ့လျှင် ဆန်းအိမ်တော်၏ အရှိန်အဝါကို ပိုပြီးအံ့သြမိမည် ဖြစ်လေသည်။
အရာအားလုံး တိတ်ဆိတ် ငြိမ်သက် သွားသည်နှင့် ဆန်းလျန်မှာ ဆန်းချင်းစန်း နှင့်အတူ အိမ်သို့ ပြန်လိုက် သွားလေသည်။
သူက စိတ်မကောင်း ဖြစ်ခြင်းလည်း မရှိသလို အစိမ်းရောင်ဝတ် လူကို လေးစားခြင်းလည်း မရှိပါ။ သို့သော် ဤနေ့ကိုတော့ သတိရနေမည် ဖြစ်လေသည်။
လက်ရှိ အဖြစ်အပျက်များကို ကြည့်ပြီး ဆန်းလျန် နားလည် လိုက်သည်မှာ မည်မျှပင် စွမ်းရည် ထက်မြက်ပါစေ၊ မည်မျှပင် အရှိန်အဝါ ကြီးမားသည့် ကျန်းဟူမှ လူစွမ်းကောင်းကြီး ဖြစ်ပါစေ လူပေါင်းများစွာနှင့် ရင်ဆိုင် တိုက်ခိုက်ရသည့် အခါတွင်တော့ ဖမ်းဆီးခံရသည့် အဖြစ်သို့ ရောက်ရှိ သွားရခြင်းပင် ဖြစ်လေသည်။
“ရုပ်ခန္ဓာက ရရှိနိုင်သည့် စွမ်းရည်ဟာ ကန့်သတ်ချက် ရှိတာပဲ”
ဟု ဆန်းလျန် တွေးလိုက်မိလေသည်။
တစ်ချိန်တည်းမှာပင် သူ့ကို နတ်သက်ခြွေ ဓားက သဘောကျသည်ကို သတိရသွားမိသည်။ ထိုအချက်က သူ့အမြင်များကို ရှင်းလင်း သွားစေခဲ့သည်။ ထိုအရာသည် အစိမ်းရောင်ဝတ် လူထံမှ ဆန်းလျန် မျှော်လင့်သော အရာ ဖြစ်လေသည်။
နေ့စဉ်နေ့တိုင်း ဆန်းချင်းစန်းက ဆန်းသခင်ကြီးကို တင်ပြစရာ ရှိသည်များ တင်ပြရသည်။ သိပြီးသား ကိစ္စများကိုပင် ဆန်းသခင်ကြီးက စိတ်ရှည်စွာ နားထောင်လေသည်။
သူ့တွင် အကြောင်းပြချက် ရှိလေသည်။ အိမ်တော် အပြင်ဘက်တွင် ဖြစ်ခဲ့သည့် ကိစ္စများအတွက် သူသိသလောက် အခြေအနေများကို သူက လက်မခံနိုင်။ သို့သော်လည်း တခြားသူများထံမှ တင်ပြသည်များကို နားထောင်ပြီး စီစစ်သုံးသပ်ကာ မည်သို့ ဖြစ်ရသည်ကို နားထောင်ပြီးမှ ရှုထောင့်မျိုးစုံမှ သုံးသပ်လေသည်။
သူ၏ အောင်မြင်မှုအတွက် လျှို့ဝှက်ချက် တစ်ခုမှာ “ဘက်လိုက်မှု မရှိခြင်းက အမြင်ကို ရှင်းလင်းစေသည်” ဟူ၍ပင် ဖြစ်လေသည်။
ဆန်းသခင်ကြီးက အန်းဂိုဏ်းချုပ်ကဆီမှ အစိမ်းရောင်ဝတ် လူ ယူသွားသည့် ပစ္စည်း အကြောင်းကို နားထောင် နေလေသည်။ အခင်းဖြစ်ပွားရာ နေရာတွင် ဆန်းလျန် ရှိနေသည်ကိုလည်း နားထောင် နေလေသည်။
ဆန်းသခင်ကြီးက စကားတစ်လုံးမှ မပြောပါ။ သို့သော် ဆန်းသခင်ကြီး မကျေမနပ် ဖြစ်နေသည်ကိုတော့ ဆန်းချင်းစန်း ရိပ်မိလေသည်။ ဤသည်မှာ ဆန်းလျန်အတွက် ကောင်းသည့် လက္ခဏာ မဟုတ်ပေ။
ထို့ကြောင့်ပင်လျှင် ဆန်းလျန်မှာ ယခု ရက်ပိုင်းတွင် ထိန်းချုပ်ခံ ထားရလေသည်။
သို့သော် သူက ဒေါသမထွက်ပါ။ ထိန်းချုပ်ခံ ထားရသည်ဟုပင် မထင်ဘဲ ပုံမှန်အတိုင်းပင် နေထိုင်လေသည်။ သူ့ကို အစောင့်အကြပ်များက စောင့်ကြည့်နေသည့် တိုင်အောင် နေ့စဉ်လုပ်နေကျ ခန္ဓာကိုယ် အလေးချိန် တက်စေသည့် လေ့ကျင့်ခန်း လုပ်သည်။
နေ့စဉ် စားသောက်စရာများနှင့် အားဖြည့် အစာများကို မှာယူ စားသောက်သည်။
ထိုနေ့မှစပြီး ဆန်းလျန်နှင့် ဆန်းသခင်ကြီးမှာ တစ်ယောက်နှင့် တစ်ယောက် တွေ့ဆုံရခြင်း မရှိသေးပေ။ ဆန်းလျန်မှာ သူ၏ အဆောင်ထဲတွင်ပင် ထိန်းချုပ် ခံထားရခြင်း ဖြစ်ပြီး မည်သူမျှ သူ့ကို ဆန်းအိမ်တော်၏ သခင်လေးဟု မမှတ်မိကြ ပေ။
ထိုသို့ဖြင့် အချိန် တစ်လခန့် ကြာသွားခဲ့လေသည်။
ဆန်းလျန်မှာ ကိုယ်အလေးချိန် များစွာ တိုးတက်လာခြင်း မရှိသေးသော်လည်း အသားအရေများ စိုပြည်လာလေသည်။
သူက သူ့အမှားကို ဆန်းသခင်ကြီးဆီသို့ ဝန်မခံခဲ့ပေ။ ဆန်းသခင်ကြီးကလည်း ဆန်းလျန် လာရောက် တောင်းပန်သည်ကို မျှော်လင့်နေခြင်း ဖြစ်လေသည်။
လွန်ခဲ့သည့် တစ်လလုံးလုံး ဆန်းလျန်အတွက် အကျိုးကျေးဇူးများစွာ ရလေသည်။ ဆန်းအိမ်တော်၏ ဘဏ္ဍာရေး အခြေအနေမှာ တောင့်တင်းသောကြောင့် သူ၏ခန္ဓာကိုယ်မှာလည်း တစ်နေ့တခြား တိုးတက်မှုများ ဖြစ်လာရလေသည်။ ဆန်းမိသားစုမှ ထောက်ပံ့ပေးသည့် အားဖြည့်ဆေးများ အစားအသောက်များဖြင့် လွန်ခဲ့သည့် နှစ်နှစ်ခန့်က သနားစရာ အားပြတ်နေခဲ့ရသည့် သူ၏ခန္ဓာကိုယ်ကို အားဖြည့်လေသည်။
သူ၏ခန္ဓာကိုယ်မှာ လုံလောက်သော အင်အား မရှိသေးသည့်တိုင် သူ၏ကိုယ်တွင်း စွမ်းအား တိုးတက်လာသည် ကိုတော့ သူသတိထား မိလေသည်။
ခန္ဓာကိုယ် အလေးချိန် တက်စေသည့် လေ့ကျင့်ခန်းမှာ အန္တရာယ် မရှိသောကြောင့် နေ့စဉ် လုပ်ဆောင်နိုင်လေသည်။
ခေတ်ပေါ်လောကမှ ဆေးပညာများဖြင့် ပေါင်းစပ် ဖြည့်စည်းပြီး ဤဒေသ တစ်ဝိုက်တွင် ရှိသည့် ကျန်းဟူမှ လူစွမ်းကောင်းများထက်ပင် သူ့အခြေအနေက ပိုကောင်း နေသေးသည်။
လက်ရှိ အခြေအနေအရ ဆန်းလျန်မှာ ရွှေဓားဘုရင်နှင့် အန်းဂိုဏ်းချုပ်တို့ နည်းတူ ကျန်းမာ သန်စွမ်းနေပြီ ဖြစ်လေသည်။ သို့သော်လည်း အတွင်းအားကတော့ လိုအပ်နေသေးသည်။
သူတရား ထိုင်နေစဉ် ပြတင်းတံခါးမှ လေပြည်လေး တိုက်ခတ် လာသောကြောင့် ဖယောင်းတိုင် မီးလေးမှာ ယိမ်းထိုးသွား လေသည်။ မီးရောင်က အနှောင့်အယှက် ဖြစ်နေသောကြောင့် ဆန်းလျန်က ဖယောင်းတိုင်မီးကို မှုတ်ပစ်လိုက်ကာ တရားထိုင်ခြင်းကို ရပ်နားလိုက်လေသည်။
တိမ်များ အုံ့ဆိုင်းနေသည့် ညဖြစ်သည့် အတွက် ဖယောင်းတိုင် မရှိလျှင် မြင်ရဖို့ခဲယဉ်း လေသည်။
အိပ်ရာထက်တွင် ထိုင်ရင်း ဆန်းလျန် အသက်ရှူ နေလိုက်သည်။ တရားထိုင် ပြီးသည့်နောက် စွမ်းအင်များ ပြည့်လာသလို ခံစားလိုက်ရသည်။
“ငါတို့တွေက ငါတို့ ရုပ်ခန္ဓာထဲမှာ ထွက်ပေါက်မရှိ ပိတ်မိနေကြတာ၊ ဒါပေမဲ့ အဲဒီကနေ လွတ်မြောက်သွားမယ် ဆိုရင် ပိုကောင်း လာနိုင်မလား၊ လှောင်အိမ်ထဲကကျားလိုမျိုး ရှင်သန်ဖို့အတွက် စိတ်ပူနေမလား၊ လက်တွေ့ဘဝရဲ့ ကြမ်းတမ်းခြင်းတွေကို ရင်ဆိုင် နိုင်ပါ့မလား၊ ဆောင်းတွင်းမှာ အစာရှာနိုင်ပါ့မလား၊ ကျားဆိုသည်က ကြောင်အကြီးစား ဖြစ်လို့ သူ့ရဲ့ပင်ကိုစရိုက်တွေ ဆုံးရှုံးသွားနိုင်မလား”
ရုပ်ခန္ဓာမှ ထွက်ခွာခြင်းအတွက် ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို ဆန်းလျန်မှာ မသေမချာ ဖြစ်နေရလေသည်။ သူနေရာ ဝင်ယူထားသည့် တကယ့် ဆန်းလျန်အစစ်ကဲ့သို့ ဝိညာဉ်နယ်ထဲတွင် လွင့်မျောကာ ဘဝဆုံးရမည်လား။
အချိန်ကုန် မြန်နေသည် နှင့်အမျှ သူလည်း ဆုံးဖြတ်ချက် မြန်မြန်ချရမည် ဖြစ်လေသည်။ ပြီးတော့ ဆန်းသခင်ကြီး ကလည်း သူ့ကို အလွတ်ပေးမည့်ပုံ မပေါ်ပေ။
လောကတွင် ဖုံးကွယ်ထားသည့် ထူးခြားဆန်းပြားသည့် ဖြစ်ရပ်များ၏ ဖြစ်တန်စွမ်းကို ဆန်းလျန် မငြင်းနိုင်ပေ။ အထူးသဖြင့် ဆန်းမိသားစု ပိုင်ဆိုင်သည့် ကြွယ်ဝချမ်းသာမှုနှင့် အရှိန်အဝါများက သက်သေဖြစ်လေသည်။
သူ၏ကျင့်စဉ် လေ့ကျင့်မှုအတွက် ဆန်းအိမ်တော်မှ အကူအညီ ရယူမည်ဆိုလျှင် သူ့အနေဖြင့် ကန့်သတ်ချက်များ ရှိနေလိမ့်မည် ဖြစ်လေသည်။
ထို့ကြောင့် သူ့အနေဖြင့် အမြန်လုပ်ဆောင်ရမည် ဖြစ်လေသည်။ သို့သော်လည်း ရေပေါ်တွင် အရုပ်ရေးသလို အရာမထင်လည်း ဖြစ်ကောင်း ဖြစ်သွားနိုင်လေသည်။
ဆန်းအိမ်တော်၏ အကူအညီမပါဘဲ သူမြန်မြန် ကျန်းမာလာမည် မဟုတ်ပေ။ ထို့ကြောင့် ဆန်းအိမ်တော်ကို သူအထူး ကျေးဇူးတင်မိပါသည်။ သို့သော် ထိုကိစ္စများကြောင့် သူက ဆန်းသခင်ကြီး၏ သဘောထားကို သဘောတူမည်တော့ မဟုတ်။
သူ၏စိဝိညာဉ်ကို နေရာချလိုက်သည်။ အလယ်အလတ် လမ်းစဉ်ကို ရှာဖွေသည်။ စိတ်ရှုပ်ထွေးမှုများမှ ကင်းလွတ်အောင် နေသည်။
ဝိညာဉ်နှင့် စိတ်ဝိညာဉ်…
ထိုအရာနှစ်ခုမှာ ခွဲခြား၍ရသည့် အရာများ မဟုတ်ပေ။
ထိုအရာများမှာ မျှော်စင်ပေါ်မှ တွဲလောင်းချထားည့် လက်ကိုင် ကြိုးလိုမျိုးပင် ဖြစ်သည်။ ကြိုးကိုကိုင်ထားမှ အထက်သို့ တက်နိုင်မည် ဖြစ်လေသည်။ မြေဆွဲအား ရှိသည့်တိုင် သူကအပေါ်သို့ တက်နိုင်လေသည်။
ကြိုးက ပိုပြီး ခိုင်မာသောကြောင့် ဖြစ်လေသည်။
ခေတ်ပေါ်လောကမှ ဒုံးပျံကဲ့သို့ပင် ဖြစ်လေသည်။
စိတ်ဝိညာဉ်က ဆင်းသက် လိုက်သည်နှင့် ခန္ဓာကိုယ်မှ စွမ်းအင်များက ဝိညာဉ်အဝေးသို့ ထွက်ခွာရန်အတွက် လောင်ကျွမ်း သွားရသည်။ ခန္ဓာကိုယ်မှ စွမ်းအင်မှာ လွတ်မြောက်ခြင်း အတွက် သော့ချက်ပင် ဖြစ်လေသည်။ ထိုစွမ်းအင်မရှိဘဲ ကျင့်စဉ် လေ့ကျင့်ခြင်းမှာ အချည်းနှီးပင် ဖြစ်လေသည်။
ဆန်းလျန်က ထိုနိယာမကို နားလည်သည်။
သူ၏ခံယူချက် တဖြည်းဖြည်း မြင့်မားလာသည် နှင့်အမျှ သူ့ကိုယ်သူ ထားရှိသည့် သံသယများ လျော့ပါး သွားလေသည်။ သူ့စိတ် လွတ်မြောက် သွားသည့်အခါ လောကကြီးကို ရှုမြင်ပုံ ပြောင်းလဲ သွားလေသည်။
သူ့ကိုယ်သူ ပြန်မြင်နိုင်လေသည်။
မှန်ထဲတွင် ကိုယ့်ပုံရိပ်ကိုယ် ပြန်မြင်သလိုမျိုးတော့ မဟုတ်ပေ။ သူ၏ပုံစံ အစစ်အမှန်ကို ဖြစ်လေသည်။
ခန္ဓာကိုယ်က ပိန်သွယ်ပြီး ပါးများက ချိုင့်နေလေသည်။ တိတ်ဆိတ်ခြင်း များထဲတွင် တရားထိုင်နေသည့် ခန္ဓာကိုယ်မှာ ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။
သို့သော် သူကလေထဲတွင် ရပ်တန့်နေသည်။
“လွတ်မြောက်ပြီ … အလင်းရောင်နဲ့လေလိုပဲ”
ထိုခဏတာ ဖြစ်ပျက်သွားသည့် သူ့အခြေအနေကို ထိုထက်ပိုပြီး ဖော်ပြနိုင်သည့် ဥပမာမရှိနိုင်ပေ။
စိတ်ဝိညာဉ် အနေဖြင့် စိတ်ခံစားမှုများကြောင့် အနှောင့်အယှက် မဖြစ်တော့။
ငြိမ်းချမ်း ငြိမ်သက်ပြီး တိတ်ဆိတ်တည်ငြိမ် သွားလေတော့သည်။