Switch Mode

အခန်း (၆၃၅)

အတုအယောင်များကို ဖယ်ရှားခြင်း

တာအိုနန်းတော်ထဲမှ ကျင့်ကြံသူများစွာမှာ ထိုဆူညံသံများကို သတိထားမိလိုက်ကြသဖြင့် အပြေးရောက်လာကြ၏။ သူတို့မှာ အဝေးတစ်နေရာတွင် ရပ်နေကြသည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ သူတို့၏ အံ့ဩတုန်လှုပ်နေသော မျက်နှာအမူအရာများကို မြင်နေရဆဲပင်။

” ပေါင်လဲ့ မင်း…. ”

” ဝမ်ပေါင်လဲ့။ မင်းဘာလုပ်နေတာလဲကွ ”

ဝမ်ပေါင်လဲ့မှာမူ နောက်သို့ပင် လှည့်မကြည့်ပေ။ သူသည် ဂိုဏ်းချုပ်ကြီးရှု၊ ကျောက်ယမုန့်နှင့် အခြားသူများ ရောက်ရှိလာသည်ကိုပင် မြင်လိုက်ရပြီဖြစ်သည်။ သို့သော် သူသည် စကားတစ်ခွန်းမှမပြောဘဲ အားအင်ချိနဲ့နေသော ဖုန့်ချိုးရန်အား စိုက်ကြည့်ကာ မျက်လုံးများမှေးသွား၏။ ထို့နောက် သူသည် သူ၏ညာဘက်လက်အား မြှောက်ကာ လက်ညှိုးထိုးလိုက်တော့သည်။ ထိုအခါ လေပြင်းတစ်ချက် တိုက်ခတ်လာပြီး ဓားပျံတစ်လက်ကဲ့သို့ ဖုန့်ချိုးရန်၏ နဖူးအား ထုတ်ချင်းပေါက် ထိုးဖောက်သွားတော့သည်။

ဖုန့်ချိုးရန်မှာမူ မှင်တက်သွားကာ မျက်လုံးများပြူးသွားပြီနောက် မျက်ဝန်းများထဲ၌ ခံစားချက်မျိုးစုံ ပေါ်ပေါက်လာတော့သည်။ ထို့နောက် သူမသည် ဝမ်ပေါင်လဲ့အား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေရင်း သေဆုံးသွား၏။

” ကျိန်စာပြယ်သွားပြီလား ” ဝမ်ပေါင်လဲ့မှာ ဖုန့်ချိုးရန်၏ ရုပ်အလောင်းအား စိုက်ကြည့်ရင်း စိတ်ထဲ၌ ရေရွတ်လိုက်၏။ ထို့နောက် သူသည် နောက်သို့လှည့်ကြည့်လိုက်သောအခါ သူ၏ပတ်ပတ်လည်ရှိ တာအိုနန်းတော်နှင့် ပြည်ထောင်စုကျင့်ကြံသူများမှာ အံ့သြတုန်လှုပ်ကာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေကြသည်ကို မြင်လိုက်ရတော့သည်။

” ဝမ်ပေါင်လဲ့။ မင်း ရူးသွားပြီပဲ ”

” ပေါင်လဲ့ ”

” သူက အကြီးအကဲကြီး ဖုန့်ချိုးရန်ကို သတ်ပစ်တာပဲ ”

ထိုလူအုပ်ကြီးထဲမှ ပင့်သက်ရှိုက်သံများ အဆက်မပြတ်ပေါ်ထွက်လာ၏။ အချို့မှာ ဝေခွဲမရဖြစ်ကာ၊ အချို့မှာ အသားများ တဆတ်ဆတ် တုန်ရီနေပြီး အချို့မှာမူ အမျက်ချောင်းချောင်း ထွက်သွားကြပြီဖြစ်သည်။ ဤအခြေအနေကြီး တစ်ခုလုံးမှာ ထိန်းချုပ်၍မရနိုင်သည့်အဆင့်အထိ ရောက်သွားပြီ မဟုတ်ပါလော။ ထို အချိန်တွင် ဂိုဏ်းချုပ်ကြီးရှုမှာ ရုတ်တရက်ဆိုသလို သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်လွှတ်ကာ အသံကုန်အော်ဟစ်လိုက်၏။

” ပြည်ထောင်စုကျင့်ကြံသူတွေ။ အကြီးအကဲ ဝမ်ပေါင်လဲ့ကို ကာကွယ်စောင့်ရှောက်ကြ။ ငါတို့တွေ ဒီနေရာကနေ ချက်ချင်းထွက်ခွာကြမယ် ”

သူ၏စကားသံများ ထွက်ပေါ်လာသောအခါ မိန်းမောတွေဝေနေကြသည့် ပြည်ထောင်စုကျင့်ကြံသူများမှာ တစ်ကိုယ်လုံး တုန်ရီသွားကြ၏။ သူတို့မှာ နှလုံးသားထဲ၌ ခံစားချက်မျိုးစုံဖြင့် ဗြောင်းဆန်နေကြသည့်တိုင်အောင် ဂိုဏ်းချုပ်ကြီးရှု၏ နောက်သို့ ချက်ချင်း ပြေးလိုက်သွားကြပြီး ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်တွင် ဝန်းရံပေးလိုက်ကြ၏။

တာအိုနန်းတော်ကျင့်ကြံသူများမှာမူ အမျက်ချောင်းချောင်းထွက်နေကြပြီဖြစ်ရာ ထိုသို့ လုံးဝအဖြစ်ခံမည် မဟုတ်ပေ။ ထို့ကြောင့် သူတို့မှာ ပြည်ထောင်စုကျင့်ကြံသူများနှင့် ထိပ်တိုက်ရင်ဆိုင်တွေ့လိုက်ကြသဖြင့် တိုက်ပွဲကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။ လူပေါင်းများစွာ သေကျေပျက်စီးသွားကြပြီး တိုက်ပွဲထဲမှ ဆူညံသံများ ကောင်းကင်ပေါ်အထိ ထိုးတက်သွားကြစဉ် ယွမ်ယင်အဆင့် ကျင့်ကြံသူပေါင်းမြောက်မြားစွာမှာ ဒေါသမီးများ တောက်လောင်နေသည့် မျက်ဝန်းများဖြင့် ခပ်လှမ်းလှမ်းမှနေ၍ သူတို့ဆီသို့ အရှိန်အဟုန်ပြင်းစွာ ဦးတည်ပျံသန်းလာကြတော့သည်။

” ပေါင်လဲ့။ မင်းရဲ့ လုပ်ရပ်အတွက် အကြောင်းပြချက်ကောင်းကောင်းတစ်ခုရှိဖို့ ငါ မျှော်လင့်ပါတယ်။ ဒါပေမဲ့ အခုက စကားပြောနေရမယ့် အချိန်မဟုတ်ဘူး။ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ဆီကို သွားလိုက်။ ငါတို့တွေ ပြည်ထောင်စုကြီးဆီကို ပြန်ဖို့လိုတယ် ” ဂိုဏ်းချုပ်ကြီးရှုမှာ သွေးရူးသွေးတန်း အော်ပြောလိုက်၏။ ကျောက်ယမုန့်နှင့် ခုန်းတောက်တို့ နှစ်ယောက်စလုံးမှာလည်း မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်နေကြပြီဖြစ်သည်။ သို့သော်လည်း သူတို့မှာ ဝမ်ပေါင်လဲ့ဆီသို့ ချက်ချင်းပင်ရောက်ရှိလာကြ၏။

သူတို့မှာ သူ၏ဘေးသို့ ရောက်လာပြီး ဖုန့်ချိုးရန်၏ ရုပ်အလောင်းအား ကြောင်အန်းအန်းနှင့် စိုက်ကြည့်နေသည့် သူ့အား ဆွဲထူလိုက်၏။ ထို့နောက် သူတို့မှာ သူ့အား ဆွဲခေါ်ရင်း တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးဆီသို့ ပြေးသွားကြတော့သည်။

တာအိုနန်းတော်ထဲတွင် အော်ဟစ်မြည်တမ်းသံများ၊ ပေါက်ကွဲသံများနှင့် မန္တန်များမှ ထွက်ပေါ်လာသည့် အလင်းရောင်များဖြင့် ပြည့်နှက်‌နေပြီဖြစ်သည်။ ဝမ်ပေါင်လဲ့မှာမူ တစ်လမ်းလုံး နှုတ်ဆိတ်နေခဲ့ပြီးမှ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီး၏ အနီးသို့ ရောက်သွားသည့် အချိန်တွင် ခြေလှမ်းများကိုရပ်တန့်ကာ ရေရွတ်လိုက်တော့သည်။

” ငါ ယုံတယ်… ”

” ပေါင်လဲ့။ နင် ဘာတွေ ရေရွတ်နေတာလဲ။ မြန်မြန်လေး။ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ထဲကို ဝင်လိုက် ” ကျောက်ယမုန့် အရူးမီးဝိုင်းဖြစ်နေသည့် အမူအရာဖြင့် ဆိုလိုက်၏။ သူမသည် ဝမ်ပေါင်လဲ့အား တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးဆီသို့ ဆွဲခေါ်လိုက်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ တုတ်တုတ်မျှ မလှုပ်ပေ။ ထို့ကြောင့် သူမသည် အံ့ဩမှင်တက်ကာ နောက်သို့ လှည့်ကြည့်လိုက်၏။ ထိုအခါ သူမသည် ဇဝေဇဝါဖြစ်နေသည့် ဝမ်ပေါင်လဲ့အား မတွေ့ရတော့ပေ။ သူ၏မျက်ဝန်းများထဲတွင် သံသယစိတ်များ ပျောက်ကွယ်သွားပြီဖြစ်ပြီး ပြတ်သားမှု အရိပ်အယောင်များဖြင့် တောက်ပနေပြီဖြစ်သည်။

” မမလေးကို ယုံတယ်လို့ ငါပြောတာ။ ငါ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ငါ့ရဲ့ ဝမ်းတွင်းအသိစိတ်ကိုလည်း ယုံတယ် ” ဝမ်ပေါင်လဲ့မှာ တိုးတိုးလေး ပြန်ပြောလိုက်၏။ သူသည် အမှောင်အိပ်မက်တစ်ခုနှင့် ကြုံခဲ့ဖူးသည်ဖြစ်ရာ ထိုအကြောင်း လေ့လာဖူးထားသည်။ ထို့ကြောင့် အိပ်မက်တစ်ခုထဲသို့ ရောက်နေသည်ဖြစ်စေ၊ အတုအယောင် ကမ္ဘာတစ်ခုထဲသို့ ရောက်နေသည်ဖြစ်စေ၊ ၎င်းအား ဖျက်ဆီးလိုပါက ၎င်း၏ မူလဇာစ်မြစ်ကို ရှာဖွေရန် လိုအပ်ကြောင်း သူက သိထား၏။

ထို မူလဇာစ်မြစ်အား ရှာဖွေကာ ဖျက်ဆီးနိုင်မှသာ ဤ အတုအယောင် ကမ္ဘာကြီးထဲမှ လွတ်မြောက်နိုင်မည်ဖြစ်သည်။ ထိုကဲ့သို့သော မူလဇာစ်မြစ်များမှာ အများအားဖြင့် သက်ရှိများထဲ၌ ရှိတတ်ပေသည်။

သူ အရင်ဆုံး တွေးမိလိုက်သည့်သူမှာ ဖုန့်ချိုးရန်ပင် ဖြစ်သည်။ သူမသည် သူနှင့် ရင်းနှီးပြီး အဆင့်မြင့် ကျင့်ကြံခြင်းအဆင့်တစ်ခုကို ပိုင်ဆိုင်ထားသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူမသည် ဤအတုအယောင် ကမ္ဘာကြီး၏ မူလဇာစ်မြစ်ဖြစ်နိုင်ခြေ အလွန်များပေသည်။ သို့သော် သူမ သေဆုံးသွားသည့်တိုင်အောင် မည်သည့်အရာမှ ပြောင်းလဲသွားခြင်း မရှိသေးပေ။

” ငါရဲ့ ယူဆချက်က မှန်တယ်။ မူလဇာစ်မြစ်ကို ရှာမတွေ့သေးတာပဲရှိတာ။ အရာရာတိုင်းက ကြောက်ဖို့ကောင်းလောက်အောင်ကို အစစ်နဲ့ တူနေတာပါလား။ ဒီလောက် သဘာဝကျအောင် ဖန်တီးနိုင်ဖို့ဆိုရင်… လူတိုင်းရဲ့ မှတ်ဉာဏ်တွေကို စုစည်းထားမှပဲ ရမယ်။ အဲတာမှ ငါ တခြားလူတွေနဲ့ စကားပြောတဲ့အချိန်ကျ ဟာကွက်တွေပေါ်မလာမှာ ”

” အဲလိုသာဆိုရင် ငါ့ရဲ့ မှတ်ဉာဏ်တွေ အပါအဝင် တခြားလူတွေအားလုံးရဲ့ မှတ်ဉာဏ်တွေက ဒီ အတုအယောင် ကမ္ဘာကြီးကို ဖန်တီးပေးထားတာပဲ။ ဒီထဲက ဘယ်သူကမှ လူအစစ်မဟုတ်ဘူး။ သူတို့က လူတွေရဲ့ မှတ်ဉာဏ်တွေကို ပိုင်ဆိုင်ထားပေမဲ့ ကိုယ်ပိုင်ဉာဏ်ရည် မရှိကြဘူး ” ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို သူ့အား စိုးထိတ်နေသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်နေသည့် ကျောက်ယမုန့်အား လှည့်ကြည့်ကာ ဆိုလိုက်၏။

” ယမုန့်။ နင်က တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်တွေအကြောင်းကို ကောင်းကောင်းကြီး နားလည်ထားတာဆိုတော့ ငါ့အတွက် တွက်ချက်မှုတစ်ခုလောက် လုပ်ပေးဦး။ ငါတို့ ပြန်ပို့ရမယ် ပြည်ထောင်စုကျင့်ကြံသူ အရေအတွက်က သုဒ္ဓကိန်း ဖြစ်နေတယ်ဆိုပါစို့။ ပြည်ထောင်စုကျင့်ကြံသူတွေရဲ့ စွမ်းရည်နဲ့ ငါတို့ကို တားဆီးဖို့ ကြိုးစားကြမယ့် တာအိုနန်းတော်ဂိုဏ်းသား‌တွေရဲ့ စိတ်ဓာတ်ပြတ်သားမှုကိုပါ ထည့်တွက်လိုက်မယ်ဆိုရင် သူတို့ကို အမြန်ဆုံးနည်းနဲ့ ပြန်ပို့နိုင်ဖို့အတွက် တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ် ဘယ်နှကြိမ် သုံးပြီးတော့ အဖွဲ့ ဘယ်နှဖွဲ့ခွဲဖို့ လိုအပ်မလဲ။ ကျင့်ကြံသူတွေ များများ ပြန်ပို့နိုင်မယ့် နည်းလမ်းရော ရှိလား။ ပြီးတော့ နင် ယူဆမယ့် သုဒ္ဓကိန်းကရော ဘာလဲ ”

ဝမ်ပေါင်လဲ့၏ ရုတ်တရက်မေးခွန်းကြောင့် ကျောက်ယမုန့်မှာ ကြက်သေသေသွားရ၏။ ထို့နောက် သူမသည် စိုးထိတ်နေသော မျက်ဝန်းများဖြင့် အလောတကြီး ပြန်ဖြေလိုက်သည်။

” ဒါ ဟာသလုပ်နေရမယ့်အချိန် မဟုတ်ဘူး ပေါင်လဲ့။ နင် ဘာတွေလုပ်နေတာလဲ။ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ထဲကိုသာ မြန်မြန်လေး ဝင်စမ်းပါ ”

” ယမုန့်ရာ လုပ်ပါဟ ” ဝမ်ပေါင်လဲ့မှာမူ ကျောက်ယမုန့်အား စိုက်ကြည့်ကာ လေသံတိုးတိုးဖြင့် ပူဆာလိုက်ပြန်သည်။

” ပေါင်လဲ့။ သွားမှရတော့မှာကွ…. ” ခုန်းတောက်မှာလည်း အလောတကြီးနှင့် ဝင်ပြောလိုက်၏။ သို့သော် သူ စကားမဆုံးနိုင်ခင်မှာပင် ဝမ်ပေါင်လဲ့မှာ သက်ပြင်းချလိုက်၏။ သူသည် ကျောက်ယမုန့်၏ မျက်ဝန်းများထဲမှ အကြောက်တရားများကို သတိထားမိလိုက်သည်ဖြစ်ရာ သူလိုချင်သည့် အဖြေကို ရသွားပြီဖြစ်သည်။ ထို့ကြောင့် သူသည် သူ၏ညာဘက်လက်ကိုမြှောက်လိုက်သောအခါ ကျောက်ယမုန့်မှာ ချက်ချင်းဆိုသလိုပင် တစ်ကိုယ်လုံး တုန်ရီသွားပြီး သူမ၏ လည်ပင်းပေါ်၌ ဓားပြတ်ရာတစ်ခု ပေါ်ပေါက်လာတော့သည်။ ထို့နောက် သူမ၏ လည်ပင်းထဲမှ သွေးများပန်းထွက်လာ၏။ နောက်ဆုံးတွင် သူမသည် ဝမ်ပေါင်လဲ့အား ဇဝေဇဝါ ဖြစ်နေသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်ရင်း မြေကြီးပေါ်သို့လဲကျသွားတော့သည်။

ခုန်းတောက်မှာမူ သူ၏ရှေ့၌ မြင်လိုက်ရသော မြင်ကွင်းကြီးကြောင့် မှင်တက်သွား၏။ သူသည် အသက်ရှူသံများ မြန်ဆန်လာပြီး နောက်သို့ ဒယိမ်းဒယိုင်နှင့် ဆုတ်ခွာသွားတော့သည်။ သူသည်လည်း ဝမ်ပေါင်လဲ့အား မယုံကြည်နိုင်လောက်အောင်ဖြစ်နေသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်ရင်း သူစိမ်းတစ်ယောက်အား ကြည့်နေရသကဲ့သို့ ခံစားနေရတော့သည်။

” ခုန်းတောက်။ ငါ မင်းကို လောလောဆယ် ခုန်းတောက်လို့ပဲ ခေါ်ဦးမယ်။ မင်း ငါ့ကို တစ်ချက်လောက် ကူညီပေးလို့ရလား။ ဟိုတစ်ယောက်ကို ခြုံခိုတိုက်ခိုက်ပေး ” ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုကာ ခပ်လှမ်းလှမ်းတွင် တိုက်ပွဲဝင်နေသည့် အမြုတေအဆင့် တာအိုနန်းတော်ကျင့်ကြံသူတစ်ယောက်အား လှမ်း၍ လက်ညှိုးထိုးပြလိုက်၏။

” ငါ… ” ခုန်းတောက်မှာမူ နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ဆုတ်ခွာသွားပြီး အသက်ရှူသံများ မတည်မငြိမ် ဖြစ်လာတော့သည်။ သူသည် သတိမထားမိပါသော်လည်း သူ၏ မျက်ဝန်းများထဲတွင် ကြောက်စိတ်များဖြင့် ပြည့်နှက်နေ၏။ ထိုအခါမှသာ ဝမ်ပေါင်လဲ့မှာ စိတ်အေးသွားရပြီး ချလိုက်တော့သည်။

” တော်သေးတာပေါ့။ အကုန်လုံးက အတုအယောင်တွေမလို့ ” သူသည် ထိုသို့ရေရွတ်ကာ သက်ပြင်းချလိုက်ပြီးနောက် သူ၏ညာဘက်လက်အား ဝှေ့ယမ်းလိုက်၏။ ထိုအခါ သူ၏ဓားမှာ ဖျတ်ခနဲ လက်သွားပြီး ခုန်းတောက်၏ ရင်ဘတ်ထဲ၌ အပေါက်ကြီးတစ်ပေါက် ပေါ်ပေါက်လာတော့သည်။ ထို့နောက် ခုန်းတောက်၏ ရုပ်အလောင်း မြေကြီးပေါ်သို့ လဲကျသွားစဉ် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်တည်း ရေရွတ်လိုက်ပြန်သည်။

” အခုအထိ ကျိန်စာမပြယ်သေးဘူးလားဟ။ မူလဇာစ်မြစ်က ဘယ်နေရာမှာပါလိမ့် ” ဝမ်ပေါင်လဲ့မှာ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီး၏ ဘေးတွင်ရပ်ရင်း တွေးနေ၏။ သူသည် မခံမရပ်နိုင်လောက်အောင်ဖြစ်ကာ အန္တရာယ်ကြီးတစ်ခုနှင့် ရင်ဆိုင်ရတော့မည်ဟု ခံစားနေရပြီ ဖြစ်သည်။ အကယ်၍ သူသာ ဤအတုအယောင် ကမ္ဘာကြီးအား အလျင်အမြန် ဖျက်ဆီးနိုင်စွမ်းမရှိပါက ‌ခဏအကြာတွင် အခွင့်အရေး ရတော့မည်မဟုတ်ကြောင်း သူက သိထားသည်။

သူသည် တိုက်ပွဲကြီးထဲရှိ လူအုပ်ကြီးအား ဝေ့ဝိုက်ကြည့်ရှုလိုက််သောအခါ ကျိုးရိဖန်း၊ လီယီနှင့် ကျင့်သိုမင်တို့ကို မြင်လိုက်ရ၏။ နောက်ဆုံးတွင် သူ၏မျက်ဝန်းများမှာ ဗေဒါပင်ကြီးပေါ်သို့ ကျရောက်သွားတော့သည်။

ဝမ်ပေါင်လဲ့မှာ ထို ဗေဒါပင်ကြီးအား မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် တစ်ကိုယ်လုံး အပြင်းအထန်တုန်ရီသွားရ၏။ ထို့နောက် သူသည် ပန်းရနံ့အား ထပ်၍ ရှူရှိုက်မိလိုက်ပြန်သည်။ ထိုအခါ သူ၏ မသိစိတ်ထဲမှ အရာတစ်ခုမှာ ဤ အတုအယောင် ကမ္ဘာကြီး၏ မူလဇာစ်မြစ်သည် ထို ဗေဒါပင်ကြီးဖြစ်သည်ဟု အသံကုန်အော်ဟစ်နေသည့်အလား သူက ခံစားလိုက်ရတော့သည်။

ဝမ်ပေါင်လဲ့မှာ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ဗေဒါပင်ကြီးဆီသို့ ပြေးသွားလိုက်၏။ ထိုအခါ သူ၏ ပတ်ပတ်လည်တွင် ရှိနေကြသည့် လူများအားလုံးမှာ သူ့ဘက်သို့ လှည့်လာကြပြီး သူ့အား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေလိုက်ကြတော့သည်။ ထို့နောက် သူတို့မှာ ရှေ့သို့ ပြေးထွက်လာကြပြီး သူ့အား တားဆီးနိုင်ရန် ကြိုးစားလိုက်ကြ၏။

သို့သော် နောက်ကျသွားပြီဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးအား ထုတ်သုံးလိုက်သဖြင့် သူ၏ လက်ထဲမှ နတ်ဘုရားလက်နက်တစ်ခု၏ အငွေ့အသက်များ ထွက်ပေါ်လာတော့သည်။ ၎င်းမှာ မိုးကောင်းကင်ပေါ်သို့ ထိုးတက်သွား၏။ ဝမ်ပေါင်လဲ့မှာမူ လေထဲတွင် ရစ်ဝဲနေရင်း ထို နတ်ဘုရားလက်နက်ကြီးနှင့် တစ်သားတည်း ပေါင်းစည်းသွားသကဲ့သို့ပင်။ သူတို့မှာ ကြယ်ပျံတစ်လုံးကဲ့သို့ မိုးကောင်းကင်ကြီးအား ထိုးခွင်းကာ ဗေဒါပင်ကြီးအား တိုက်ခိုက်လိုက်တော့သည်။

ထိုအခါ စူစူးဝါးဝါး အော်ဟစ်သံတစ်သံ ထွက်ပေါ်လာ၏။ ဗေဒါပင်ကြီးမှာလည်း အပြင်းအထန်တုန်ရီသွားပြီး အမြစ်မှ ကျွတ်ထွက်သွားသည်။ ထိုအခါ ကောင်းကင်ယံထဲ၌ ထစ်ချုန်းသံများ ထွက်ပေါ်လာပြီး ပြည်ထောင်စုကြီးနှင့် တာအိုနန်းတော် ကျင့်ကြံသူများအားလုံးမှာ ပျောက်ကွယ်သွားကြတော့သည်။ တာအိုနန်းတော်၏ ပတ်ပတ်လည်ရှိ မီးပင်လယ်ကြီးမှာလည်း ပျက်စီးပျောက်ကွယ်သွား၏။ ထို့နောက် အရာအားလုံးမှာ ပြောင်းလဲသွားပြီး သူ၏ပတ်ပတ်လည်တွင် မရေမတွက်နိုင်လောက်အောင် များပြားသော ရုပ်အလောင်းများ ပေါ်ပေါက်လာတော့သည်။

ခပ်လှမ်းလှမ်းတွင်မူ သွေးမြစ်ကြီးတစ်စင်းမှာ မိုးကုပ်စက်ဝိုင်းထဲသို့ စီးဝင်နေ၏။ ၎င်း၏ အဆုံးကို လှမ်းမမြင်နိုင်ပေ။ သူမြင်ခဲ့ရသည့် ကျွန်းများမှာလည်း အသွင်ပြောင်းလဲသွားကြပြီဖြစ်သည်။

၎င်းတို့မှာ အလောင်းများပုံနေသည့် တောင်ကြီးများ ဖြစ်နေကြ၏။

ထို အလောင်းပုံများမှာ မျက်စိတစ်ဆုံးရှိနေကြသည်။ ထို ရုပ်အလောင်းများပေါ်တွင် အနီရောင် ပန်းပွင့်ကြီးများ ပေါက်‌နေကြသည်ကို မြင်နိုင်ပေသည်။ ၎င်းတို့ထဲမှ အချို့မှာ ဖူးပွင့်နေကြပြီဖြစ်ပြီး အချို့မှာမူ မပွင့်သေးပေ။ သူ တစ်ချိန်လုံး ရနေခဲ့သည့် ပန်းရနံ့တစ်ခုမှာမူ ကမ္ဘာကြီးတစ်ခုလုံးကို လွှမ်းခြုံထား၏။

မိုးကောင်းကင်ကြီးမှာလည်း ပြောင်းလဲသွားပြီဖြစ်သည်။ ၎င်းမှာ တာအိုနန်းတော်၏ မိုးကောင်းကင်ကြီး မဟုတ်တော့ဘဲ ကောင်းကင်ယံထဲ၌ ဧရာမ နေမင်းကြီးတစ်စင်း ရှိနေ၏။ သေချာချာ ကြည့်လိုက်မည်ဆိုပါက ထို နေမင်းကြီးပေါ်တွင် ဧရာမ သားရဲကြီးတစ်ကောင်၏ ရုပ်အလောင်းတစ်ခု ရှိနေသည်ကို မြင်နိုင်ပေသည်။ ထိုနေမင်းကြီး ထုတ်လွှတ်နေသည့် အလင်းရောင်များမှာ အပေါ်ယံတွင် နွေးထွေးသည့်ပုံ ပေါ်ပါသော်လည်း မြေပြင်ပေါ်သို့ ကျရောက်လာသည်နှင့် တစ်ပြိုင်နက် သေမင်းအငွေ့အသက်များအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။

၎င်းမှာ ကျယ်ပြန့်တာအိုနန်းတော် မဟုတ်ဘဲ အဆုံးမဲ့မျိုးနွယ်စု၏ စစ်သင်္ဘောကြီး ဖြစ်ပေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset