နောက်တစ်နေ့ ရောက်လာသောအခါ သူတော်စင် အကြွင်းအကျန် မြို့တစ်ခုလုံးက စိတ်လှုပ်ရှားမှုများဖြင့် ဆူပွက်လို့နေသည်။ အထူးသဖြင့် မြို့စားစံအိမ်မှ အလင်းတန်း ခြောက်ခုက သူတော်စင် အကြွင်းအကျန် နယ်မြေသို့ ထွက်ခွာသွားသည်ကို တွေ့လိုက်ရသောကြောင့်ပင်။ မရေမတွက်နိုင်သော ပါရမီရှင်များက လေထဲသို့ ခုန်တက်သွားပြီး သူတို့ရှေ့ရှိ မူလချီများကလည်း ကောင်းကင်နှင့်မြေကြီး တစ်ခုလုံးကို ဖုံးကွယ်လို့သွား၏။
ဇူယွမ်က ထိုအံအားသင့်ဖွယ် မြင်ကွင်းကို ငေးကြည့်နေရင်း ယောင်ယောင်၊ လုလျို ၊ ကျိုးချူးချင်ယု ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“ငါတို့လည်း သွားကြမလား …”
ကျိုးချူးချင်ယုက လွန်ခဲ့သော ရက်များကပင် ယောင်ယောင်နောက်ကို တွယ်ကပ်ကာ လိုက်နေခြင်း ဖြစ်သည်။ ယောင်ယောင်က သေချာရှင်းပြရန် စိတ်မဝင်စားမိ။ လုလျိုကလည်း အမှန်တရား ပေါ်လာမည့်နေ့ကို ရယ်ချင်စိတ်ဖြင့် စောင့်နေသည်မှာ သိသာပါသည်။ ထို့ကြောင့် ကျိုးချူးချင်ယုက ခုချိန်ထိ ကြည့်ကောင်းလွန်းသော လူငယ်က အမှန်တကယ်တော့ မိန်းကလေး ဖြစ်ကြောင်းကို သူမက သဘော မပေါက်မိသေး။
ယောင်ယောင်တို့က တားဆီးစရာမရှိ။ ထို့ကြောင့် သူတို့အုပ်စုက သူတော်စင် အကြွင်းအကျန် နယ်မြေသို့ ထွက်ခွာလာကြသည်။ သူတော်စင် အကြွင်းအကျန် နယ်မြေက သူတော်စင် အကြွင်းအကျန်မြို့နှင့် မိုင်သုံးဆယ် လောက်သာ ဝေးသည်။ မြန်မြန် သွားမည်ဆိုလျှင် သူတို့က ထိုနေရာကို ခဏဖြင့် ရောက်နိုင်ပေသည်။
ဇူယွမ်က စူးစိုက်ကြည့်လိုက်တော့ သူ့ရှေ့ရှိ မြင်ကွင်းအဆုံး၌ ကြီးမားပြီး အဆုံးမရှိသော မြစ်ဝှမ်းကြီး တစ်ခုကို တွေ့ရသည်။ ထိုမြစ်ဝှမ်းကြီး အထက်မှာ မြူများက ပိတ်ဆို့ထားပြီး ဖျော့တော့တော့ မြင်ကွင်းတစ်ခု ဖြစ်နေသည်။ သို့သော် ၎င်း မြူများက ထူးဆန်းသောလှိုင်းများ ထွက်ပေါ်နေပြီး တစ်စုံတစ်ယောက်ကို အမှန်ပင် တုန်ရီ ကြောက်ရွှံမှုကို ပေးသည်။ မြူများ၏ အောက်မှာ ကြီးမားလှသည့် မြစ်ကြီးက တည်ရှိလို့နေ၏။ မြစ်မျက်နှာပြင်က တည်ငြိမ်နေပြီး လှိုင်းကြပ်ခွပ်လေးများက တစ်လက်လက် တောက်ပနေသော်လည်း အဆုံးမရှိအောင် နက်သည့် ခံစားမှုကို ပေးစွမ်းနိုင်၏။
ထိုမြစ်သည် သူတော်စင် အကြွင်းအကျန် နယ်မြေကို ဝန်းရံထားသည့် မြင့်မြတ်သော မြစ်ပင် ဖြစ်သည်။ မရေမတွက်နိုင်သော ပုံရိပ်များက ဆင်းသက်လာပြီး မြင်ကွင်း တစ်ခုလုံး ပြည့်နေ၏။ လူမည်မျှ များပြားသည်ကို မည်သူမျှ မသိနိုင်ချေ။
သူတော်စင် အကြွင်းအကျန် နယ်မြေ၏ အပြင်ဘက်မှာ တစ်ခုနှင့်တစ်ခု ထပ်လျက်ရှိသော အလွန်ကြီးမားသည့် ကျောက်လွှာကြီး ခြောက်ခုရှိသည်။ ဇူယွမ်တို့ အုပ်စုက ကျောက်လွှာ တစ်ခုပေါ်တွင် ဆင်းသက်လိုက်၏။ ကျောက်လွှာ ခြောက်ခုအပေါ်၌ စွမ်းအားကြီးမားပြီး ကြောက်မက်ဖွယ် ကောင်းသည့် မူလချီ ခြောက်ခုက မုန်တိုင်း တစ်ခုကဲ့သို တည်ရှိနေသည်။ တစ်ယောက်ယောက်က သေချာကြည့်လျှင် ထိုအပေါ်၌ ထိုင်နေသော ပုံရိပ်ခြောက်ခုကို ခပ်ရေးရေး မြင်နိုင်ပေသည်။
ဇူယွမ်က ခပ်တိုးတိုး ပြောလိုက်သည်။
“ဒီလူတွေက မြင့်မြတ်သော ကလန်ခြောက်ခုမှ တမန်တော်တွေလား …” လုလျိုက ပြန်ဖြေလိုက်သည်။
“ဟုတ်တယ်… သူတို့က နတ်ဘုံခန်းဝါ အဆင့် ကျွမ်းကျင်သူတွေပဲ …”
“နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူတွေလား …”
ဇူယွမ်က လေးစားစွာ သက်ပြင်းမချဘဲ မနေနိုင်ချေ။ ထိုကျင့်ကြံ သူများက ကန်မင်ကုန်းမြေကြီး၏ ထိပ်ဆုံး အတန်းအစားများပင် ဖြစ်၏။ ကျိုးချူးချင်ယုက လက်နှစ်ချောင်း ထောင်ကာ ပြုံး၍ ပြောလိုက်သည်။
“ငါကြားဖူးတာကတော့ ဒီကျောက်လွှာ ခြောက်ခု ပေါ်မှာရှိတဲ့ ခြောက်ယောက်ထဲက တစ်ယောက်က မြင့်မြတ်သော နန်းတော် ကနေ လာတာတဲ့ …”
မြင့်မြတ်သော နန်းတော် …။ ဇူယွမ်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်း သွားသည်။ ခြေဗလာဖြင့် လူကြီးက တမန်တော်များက ဝူဟောင်ကို မြင့်မြတ်သော နန်းတော်ကို ခေါ်သွားမယ့် အကြောင်း သူ့ကို မနေ့က ပြောပြထားခဲ့သည်။ သူတော်စင် အကြွင်းအကျန် နယ်မြေ၌ ကောင်းမွန်စွာ လုပ်ဆောင်နိုင်မည် ဆိုပါက သူသည် မြင့်မြတ်သော နန်းတော်၏ ခေါ်ယူခြင်း ခံရလိမ့်မည်။ ထိုအရာက ကောင်းကင်ဘုံသို့ ခြေတစ်လှမ်း လှမ်းနိုင်ခြင်းပင် ဖြစ်၏။
ဇူယွမ်က ထိုသို့ တွေးနေစဉ်မှာပင် ရုတ်တရက် သူက တစ်နေရာကို ခေါင်းမော့ ကြည့်လိုက်သည်။ ထိုတွင် လက်နောက်ဖက်သို့ ပစ်ထားပြီး ရပ်နေသော ရွှေရောင်ဝတ်စုံနှင့် ပုံရိပ်တစ်ခုကို တွေ့လိုက်ရ၏။ သန်မာပြီး၊ စွမ်းအားပြည့်သည့် အရှိန်အဝါများက သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လျက် ရှိသောကြောင့် အနားမှာရှိသည့် ပါရမီရှင်များက သူ့ဘေးနား၌ မနေဝံ့ကြချေ။
ထိုသို့သော ဖိအားက ဝူယောင်ထံမှ ထွက်ပေါ်လျက် ရှိနေခြင်းပင် ဖြစ်၏။ ထိုခဏမှာပင် ဝူဟောင်က သူ့ခေါင်းကို အနည်းငယ် လှည့်လိုက်က ဇူယွမ်ရပ်နေခဲ့သော နေရာသို့ စိတ်ခံစားချက် ကင်းစွာဖြင့် သိမ်းကြုံး ကြည့်လိုက်သည်။ ဝူဟောင်မျက်လုံးများက အနည်းငယ် လှုပ်ရှားသွား၏။ “ဒီကောင်က စိတ်ဝိညာဉ် ဖွဲ့စည်းခြင်း ထိပ်ဆုံးအဆင့် ရောက်နေပြီလား …”
အတိတ်၌ ဇူကလန်၏ မသန်မစွမ်း ဖြစ်နေသောနဂါးက မည်သည့်စွ မ်းရည်မျှ မရှိခဲ့ပေ။
“အမှန်တကယ် စိတ်အနှောင့်အယှက် ပေးနိုင်တဲ့ ယင်ကောင်ပဲ …” ဝူဟောင်က သူ့ကိုယ်သူ တိုးတိုးပြောလိုက်ပြီး ထူးဆန်းသော အလင်းတစ်ချက်က သူ့မျက်လုံးထဲ၌ ဖြတ်ပြေးသွားသည်။
ထိုခဏတွင် ဇူယွမ်က အလွန် အန္တရာယ်ရှိသည့် ခံစားချက်များ ပေါ်လာပြီး သူ့ဆံပင်များပင် ထောင်မတ်သွား၏။ သူက ဝူဟောင်ကို သေချာ ကြည့်လိုက်မိသည်။ ထိုချိန်မှာပဲ ဝူဟောင်ထံမှ ပြင်းထန်သော လက်သီးတစ်လုံးက ဇူယွမ်ထံသို့ လျှပ်တစ်ပြတ် တိုးဝင်သွား၏။
“ဝုန်း….”
နေလုံး တစ်လုံးကဲ့သို့ ပူပြင်းလှသည့် အနီရင့်ရောင် မူလချီများက အလွန် လျင်မြန်စွာဖြင့် ဇူယွမ်ကို ထိမှန်စေသည်။
“ဝုဟောင် … နင် အရမ်းလွန်သွားပြီ …”
လုလျိုနှင့် ကျိုးချူးချင်ယု တို့က ထိုတိုက်ခိုက်မှုကို တွေ့သည့်အခါ ချက်ခြင်းပင် ဒေါသဖြင့် ဝူဟောင်အား လှမ်းအော်လိုက်ပြီး သူတို့ထံမှ မူလချီများကလည်း ပြင်းထန်စွာ ပေါက်ကွဲ ထွက်လာတော့သည်။
ယောင်ယောင် မျက်လုံးများကလည်း အလွန် အေးဆက်လို့ သွားပြီး သူမနဖူးမှ တောက်ပသော စိတ်ဝိညာဉ်ကလည်း လှုပ်ခတ်လို့သွား၏။ သူမ လက်မောင်းထဲရှိ ထန်ထန်ကလည်း ကျယ်လောင်စွာ ဟိန်းလိုက်သည်။ သို့ရာတွင် သူတို့က ထိုတိုက်ခိုက်မှုကို တားဆီးရန် ကြိုးစား လိုက်စဉ်မှာပင် ကောင်းကင်မှ အင်မတန် ပြင်းထန်သည့် ဖိအားများက သူတို့ချီများကို ချေဖျက် လိုက်သည်။
မြင့်မြတ်သော နန်းတော်ရဲ့ တမန်တော် …။ လုလျိူနှင့် ကျိုးချူးချင်ယုတို့၏ လှပသော မျက်နှာများက ပြောင်းလဲသွား၏။ မြင့်မြတ်သော နန်းတော်၏ သံတမန်ထံမှ ဖိအားများက ကောင်းကင်ထက်၌ တည်ရှိ လို့နေသည်။ ထိုစဉ်မှာပင် အနီရင့်ရောင် လက်သီးတစ်လုံးက ဇူယွမ်ထံသို့ ထိမှန်ပြီး ဖြစ်သွားသည်။ ကောင်းကင် တံခါး ထိပ်ဆုံးအဆင့် တစ်ယောက်ပင် ထိုလက်သီး၌ ပါဝင်နေသော ပြင်းထန်သည့် အင်အားကို ထိန့်လန့်မိရသည်။
“ဒီကောင်တော့ သေပြီ …”
ပတ်ဝန်းကျင်ရှိ ပါရမီရှင် တစ်ယောက်က သက်ပြင်းချကာ ပြောလိုက်သည်။ ဝူဟောင်က သူ့အဆင့်အတန်းဖြင့် ထိုသို့ ရုတ်တရက် တိုက်ခိုက်လိမ့်မည်လို့ မည်သူမျှ မမျှော်လင့်မိကြချေ။ သူက လက်သီး တစ်ချက်တည်းဖြင့် ဇူယွမ်ကို သေစေလိုသည်မှာ ထင်ရှားပေသည်။
အနီရင်ရောင့် အလင်းများက ဇူယွမ့်မျက်လုံး၌ ပြည့်နှက်သွားပြီး ထိုကြောက်မက်ဖွယ် ပြင်းထန်သော အင်အားက သူ့မျက်လုံး သူငယ်အိမ်ကို တင်းကြပ်စေသည်။ သို့ရာတွင် သူက ထိုဘေးကျပ်နံကြပ် သေခြင်း တရားကို ကြောက်ရွှံမှုမရှိခဲ့ချေ။ ထိုအစားသူက ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်၏။ ထို့နောက် သူ့လက်ကို ဝှေ့ယမ်းလိုက်ကာ မူလ စာလုံး အလင်းတန်းများက သူ့ရှေ့၌ ထွက်ပေါ်လာသည်။
“အဆင့်သုံး မူလ မှော်စာလုံး…၊ အင်အားကြီး လိပ်ခွံ အကာအကွယ် မှော်စာလုံး …”
ဇူယွမ်က ဟစ်ကြွေးလိုက်သည့်အခါ အလင်းများက သူ့ရှေ့၌ မီးခိုးရောင် လိပ်ခွံပုံစံ ဖြစ်သွားပြီး ၎င်းက ပေအနည်းငယ်ကျယ်၏။ ထိုလိပ်ခွံ အကာအကွယ်က တောင်တစ်လုံး ပြိုကျလာလျှင်ပင် တောင့်ခံနိုင်သော စွမ်းရည်ရှိသည့် ခံစားချက်ကို ပေးလေသည်။
“ဘုန်း …”
အနီရောင် တောက်ပနေသည့် လက်သီးက တိုအကာအကွယ်ကို ထိမှန်သွားပြီး အကာအကွယ်က သိပ်မကြာခင်မှာပင် ပြင်းထန်သော အင်အားကြောင့် တဖြည်းဖြည်း ကွဲအက်လို့ သွားသည်။ ကျန်ရှိနေသေးသော အနီရောင် အလင်းတန်းများက ဇူယွမ့်လက်မောင်းသို့ လာရောက်ထိမှန်၏။
“ဘန်း…”
သူ့ခန္ဓာကိုယ်က နောက်သို့ လွင့်ထွက်သွားပြီး ခြေထောက်များမှာ ဒဏ်ရာများဖြင့် ပြည့်နှက်လို့သွားကာ လေထုထဲ၌လည်း ဖုန်များ ပြည့်နှက်လို့ သွားပါသည်။
စူးစိုက်ကြည့်နေသည့် မရေမတွက်နိုင်သော လူများက မျက်မှောင်ကြုတ် မိသွားသည်။ ဝူဟောင်၏ လုပ်ဆောင်ချက်များက အမှန်တကယ်ပင် ရုပ်ဆိုးလွန်းသည်။ သူက ဝူဟောင်ထက် ခွန်အားကြီးမားသော်လည်း ထို့သို့သော နည်းလမ်းမျိုးကို သုံးခဲ့လေသည်။
“ဇူယွမ်သေသွားပြီမလား…”
သူတို့က ထူထဲသော ဖုန်များကို ကြည့်နေရင်း အသံများစွာ ထွက်ပေါ်လို့လာသည်။
တစ်နေရာတွင် ရှိသော ရှောင်ထျန်ရွှမ်း၊ ဂူလင်း၊ နှင့်အခြားလူများက ထိုမြင်ကွင်းကို တွေ့သည်အခါ သူတို့က လှောင်ရယ်လိုက်ကြ၏။ နောက်ဆုံးတော ဇူယွမ်က ဝူဟောင်ကို စိတ်ဆိုးဒေါသ ထွက်စေခဲ့လေသည်။
ဝူဟောင်ပုံစံက မည်သို့မျှ ထူးခြာလို့ မသွားပေ။ သူ၏ပြီးခဲ့သော လုပ်ဆောင်ချက်က စိတ်ရှုပ်စရာကောင်းသည့် ယင်ကောင်တစ်ကောင်ကို ရိုက်ထုတ် လိုက်သလိုပင်။
လူတိုင်းက ဖုန်များ ကွယ်ပျောက်သွားသည်ကို တွေ့လိုက်ရသည်။ သူတို့ အမူအရာများက ရုတ်တရက် ပြောင်းလဲလို့ သွား၏။ သူတို့က ဖုန်များ လွင့်ပြယ်သွားသည့် အချိန်တွင် မတ်တပ် ရပ်နေသေးသော ပုံရိပ်တစ်ခုကို တွေ့လိုက် ရသောကြောင့်ပင်။ သူ့ခြေထောက်အောက်ရှိ ကျောက်သားများက ကွဲထွက်နေသည်ကို လည်းတွေ့ရသည်။ အစိမ်းရောင် ကြေးခွံတစ်ခုကို ဇူယွမ်လက်မောင်းပေါ်၌ ဖျော့တော့တော့ မြင်တွေ့ရကာ လက်ရှိတွင် ၎င်းတို့က အနည်းငယ် ကွဲအက် ပျက်စီးကုန်သည်။ သူ့လက်မောင်းမှ သွေးများ ပြည့်နက်ပြီး မြေကြီးပေါ်သို့ တစ်စက်စက်ကျလို့ နေသည်။
ဇူယွမ်အသွင်က တည်ငြိမ်နေသော်လည်း သတ်ဖြတ်လိုသည့် ဆန္ဒများက သူ့မျက်လုံးထဲ၌ တောက်လောင်လို့နေ၏။ သူ့တွင် အဆင့်သုံး အကာအကွယ် မူလမှော်စာလုံး နှင့် အံ့အားသင့်ဖွယ် စပါးအုံး ကြေးခွံတို့သာ မရှိခဲ့ဘူး ဆိုလျှင် သူက ဝူဟောင် လက်သီးတစ်ချက်ဖြင့်ပင် သေနေ လောက်ပေပြီ။
“ဇူယွမ် … နင်အဆင်ပြေလား …”
ယောင်ယောင်၊ လုလျို၊ ကျိုးချူးချင်ယု တို့က ဇူယွမ့်ဘေးသို့ အလျင်အမြန် ပြေးလာ၏။ ထန်ထန်က ယောင်ယောင်လက်ထဲမှ ခုန်ထွက်လိုက်ပြီး ဟိန်းလိုက်သည်။ သူ၏ သေးငယ်သော ခန္ဓာကိုယ်လေးက ကြီးမားသည့် သားရဲကြီးသို့ ပြောင်းလဲကာ ပါးစပ်ထဲမှလည်း အနက်ရောင် အလင်းများ ထွက်ပေါ်လို့ လာပြီး ဝူဟောင်ကို စိန်းစိန်းဝါးဝါး ကြည့်လိုက်သည်။
ထိုအရာက လုံးဝ အသိဉာဏ်ရှိခြင်းပင် ဖြစ်၏။ ထန်ထန်က ပုံမှန်အားဖြင့် ဇူယွမ်ကို အထင်သေးလေသည်။ သို့သော် သူ၏ မျက်လုံးထဲ၌ ဇူယွမ်က ယောင်ယောင်နှင့် အနီးစပ်ဆုံး ဖြစ်ကြောင်း သိသည်။ ဝူဟောင်၏ ထို့သို့သော တိုက်ခိုက်မှုက ခွင့်လွှတ် နိုင်စရာ မရှိပေ။
ပတ်ဝန်းကျင်ရှိ ပါရမီရှင်များက ထန်ထန်၏ ကြမ်းကြုတ် ရက်စက်မှုကို ခံစားမိကြသည်။ တခြားတစ်ဖက်၌ ယောင်ယောင်၏ လှပသည့် မျက်နှာလေးကလည်း ပထမဆုံး အကြိမ် မယုံကြည်နိုင်လောက်အောင် အေးစက်လို့သွားသည်။ သူမလက်များကို တင်းကြပ်စွာ ဆုပ်လိုက်ပြီး မျက်ခုံး နှစ်ခုကြားရှိ မှော်စာလုံးများကလည်း မှန်ဖျော့ဖျော့ လှုပ်ရှားလာပြီး သူမက ရေခဲတစ်မျှ အေးစက်စွာ ကြည့်လိုက်သည်။
“အလျင်မလိုပါနဲ့…”
ဇူယွမ်က သူ့သွေးထွက်နေသည့် လက်ဖြင့် ယောင်ယောင်၏ သွယ်လျသော လက်ကလေးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။ သူသည် ဆရာကန်ယွမ်က ယောင်ယောင်၏ ခေါင်းရှိ ချိပ်တံဆိပ်ကို ဘယ်တော့မှ မဖယ်ရှားရန် ပြောကြားခဲ့သည်ကို သတိရမိလိုက်သည်။
ယောင်ယောင်က ဇူယွမ်ကို စူးစိုက်ကြည့်လိုက်သည်။ သူမက ပုံမှန်အားဖြင့် ထိုသို့ ရူးမိုက်သည့်အရာကို မလုပ်ချေ။ သို့သော် ဇူယွမ်၏လက်က သွေးများ ထွက်နေသည်ကို တွေ့လိုက်ရသည့် အတွက် သူက မထိန်းချုပ်နိုင် ဖြစ်သွားခြင်း ဖြစ်သည်။ သူမက သူမကိုယ်သူမ အပြစ်တင် လိုက်မိသည်။ သူမရှေ့တွင်ပင် ဇူယွမ်အား ဝူဟောင်၏ သတ်ဖြတ်ခံရခြင်းကို ခွင့်ပြုလိုက်ရမလို ဖြစ်သွားခြင်း ကြောင့်ပင်။
ရပ်လိုက် …။
ထိုအခိုက်၌ ကောင်းကင်မှ ကျယ်လောင်သည့် အော်သံတစ်ခု ဆင်းသက်လို့လာ၏။ မြင့်မြတ်သော နန်းတော်၏ တံမန်တော်က စူးစိုက်စွာ ကြည့်လိုက်သည်။ ထိုအရာက နတ်ဘုံခန်းဝါ ကျင့်ကြံသူ တစ်ယောက်၏ ဖိအားပင်။ ထို့ကြောင့် ထန်ထန်က နေရာမှရွှေလို့ပင် မရအောင် ဖိနှိပ်ထားခြင်း ခံရလေသည်။
မြင့်မြတ်သော နန်းတော်၏ တမန်တော်က ဆက်ပြောလိုက်သည်။
“သူတော်စင် အကြွင်းအကျန် နယ်မြေက မကြာခင် ဖွင့်တော့မယ်။ ဘာပြဿနာမှ မဖြစ်စေတော့နဲ့”
လုလျိုက ဒေါသထွက်စွာ ပြန်ပြောလိုက်သည်။
“ဒါဆို သင်က ဝူဟောင်ကို အစတည်းက ဘာလို့ မတားခဲ့ရတာလဲ …”
ကျိုးချူးချင်ယုကလည်း လှောင်ပြောင်လိုက်သည်။
“ဒီတမန်တော်က တရားမျှတမှု ဆိုတာကို နားလည်ပုံ မရဘူး …”
ထိုတမန်တော်က သူတို့က ဇူယွမ်ကိုကာကွယ်ရန် ကြိုးစားခဲ့သည်ကို ဘာအတွက်ကြောင့် ဖိနှိမ်ခဲ့သည်ကို နားမလည်နိုင်ဘဲ ဖြစ်နေသည်။ သူက ဝူဟောင်ကို ကာကွယ်ပေးနေသည်မှာ ထင်ရှားလွန်း၏။ ပတ်ဝန်းကျင်ရှိ အခြား လူများကလည်း တိုးတိုး ပြောနေကြသည်။ ထိုမြင့်မြတ်သော နန်းတော်၏ တမန်တော်၏ လုပ်ရပ်က အမှန်ပင် မမျှတပေ။
ကောင်းကင်ထက်ရှိ တမန်တော်၏ ပုံစံအသွင်က ရုပ်ဆိုးသွားသည်။ သူက ဇူယွမ်နှင့် အခြားလူများကို သိမ်းကျုံးကြည့်လိုက်က ကြေညာချက် ထုတ်လိုက်သည်။
“မင်းတို့က မကျေမနပ်ဖြစ်နေရင် သူတော်စင် အကြွင်းအကျန် နယ်မြေကို မဝင်ကြနဲ့ …”
လုလျိုနှင့် ကျိုးချူးချင်ယုတို့၏ မျက်နှာက ရုပ်ဆိုးသွားသည်။
“ဘယ်လောက် ကျက်သရေမရှိတဲ့ တမန်တော်လဲ …”
သို့ရာတွင် မြင့်မြတ်သော တမန်တော်၏ ထိုစကားများ ထွက်ပေါ်လာပြီးနောက် စူးရဲသော အလင်းလုံး ပုံရိပ်တစ်ခုကလည်း အနည်းငယ် ဝေးကွာသော နေရာမှ ထွက်ပေါ်လို့လာပြီး တမန်တော်၏ အကြည့်ကို ပြောင်းလဲစေသည်။ လူတိုင်းက ထိုလှောင်ပြောင် ရယ်မောသော အသံ ထွက်ပေါ်လာသည့် နေရာကို ကြည့်လိုက်ကြသည်။
“ဟားဟား… ကျောက်ဖန်၊ မင်းက မြင့်မြတ်သော နန်းတော်ကို ကိုယ်စားပြုပြီး ဘာလို့ ဒီလို ရုပ်ဆိုးတဲ့ အလုပ်ကို လုပ်နေတာလဲ …”