” ဝင်လို့မရပါလားဟ ” ဝမ်ပေါင်လဲ့မှာ မှင်တက်သွားရ၏။ ထို့နောက် သူသည် အသက်ရှူသံများ ရပ်တန့်သွားပြီး ခေါင်းထဲ၌ အတွေးတစ်ခု ပေါ်ပေါက်လာတော့သည်။
” ရှဲ့ဟေးရန်ဆိုတဲ့ကောင် ပိုက်ဆံတွေအကုန် ယူပြီး ထွက်ပြေးသွားတာတော့ မဟုတ်လောက်ပါဘူးနော် ” ဝမ်ပေါင်လဲ့မှာ ထိတ်ထိတ်ပျာပျာ ဖြစ်သွားရတော့သည်။ သူသည် သူ၏ အသံလွှင့်လက်စွပ်အား ထုတ်ယူလိုက်ပြီး ရှဲ့ဟေးရန်အား ထပ်၍ ဆက်သွယ်လိုက်ပါသော်လည်း မည်သည့် အကြောင်းပြန်စာမှ ပြန်မရခဲ့ပေ။ ထို့ကြောင့် သူသည် မခံမရပ်နိုင်ဖြစ်ကာ အောက်သို့ထိုင်ချလိုက်ပြီးနောက် စဉ်းစားတွေးတောနေလိုက်တော့သည်။
” ရှဲ့ဟေးရန်က အဲလို အဆင့်မရှိတဲ့ လှည့်ကွက်မျိုးတွေကို သုံးမယ့် လူစားမျိုး မဟုတ်ပါဘူး… ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ သက်ပြင်းချလိုက်ပြီးနောက် ပြည်ထောင်စု ကျင့်ကြံသူများအတွက် သီးသန့်ဖွဲ့ထားသည့် စကားဝိုင်းထဲသို့ ဝင်ကြည့်လိုက်သည်။ ပြည်ထောင်စုကျင့်ကြံသူများမှာ စစ်သင်္ဘောကြီးအကြောင်း ပြောဆိုနေကြခြင်းဖြစ်သည်။ အချိန်အတော်အတန် ကြာမြင့်သွားပြီးနောက် ဝမ်ပေါင်လဲ့မှာ ခေါင်းယမ်းလိုက်ပြီး ရှဲ့ဟေးရန်အကြောင်း စိတ်ပူမနေတော့ပေ။ သူသည် မျက်လုံးများ မှိတ်လိုက်ပြီးနောက် တရားစထိုင်လိုက်တော့သည်။
သို့သော် ခဏအကြာတွင် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ ပြန်ပွင့်လာပြန်သည်။ သူ၏ မျက်ဝန်းများထဲတွင်မူ ထူးဆန်းသော အလင်းရောင်တစ်ခု တောက်ပနေ၏။ သူသည် ရှဲ့ဟေးရန်အကြောင်း မေ့ထားလိုက်ရန် ဆုံးဖြတ်ခဲ့သည့်တိုင်အောင် သူ၏ မသိစိတ်ထဲမှ အသံတစ်သံမှာ တစ်ခုခုမှာ အကြီးအကျယ် လွဲမှားနေပြီဖြစ်ကြောင်း သူ့အား သတိပေးနေသကဲ့သို့ ခံစားနေရသည်။
” ကျင့်သိုမင် ရုတ်တရက်ကြီး ငါ့အိမ်လာလည်တဲ့အချိန်မှ ရှဲ့ဟေးရန်ကို ဆက်သွယ်လို့ မရတော့သလို ငါကလည်း ကစားပွဲထဲကို ဝင်လို့မရတော့ဘူးဖြစ်သွားတာ… ” ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်လိုက်၏။ ထိုအချက်သုံးချက်မှာ တစ်ချက်နှင့် တစ်ချက် ဆက်နွယ်နေသည့်ပုံ ပေါက်နေပါသော်လည်း သူသည် ပြဿနာအတိအကျကို ဖော်ထုတ်နိုင်စွမ်းမရှိဘဲ ဖြစ်နေရဆဲပင်။ ထို့ကြောင့် သူသည် လေ့ကျင့်ချင်စိတ်များ မရှိတော့ပေ။ အကယ်၍ ဤပြဿနာကြီးအား အဖြေမရှာနိုင်ပါက သူသည် စိတ်အေးအေး နေနိုင်မည်မဟုတ်ကြောင်း ဝမ်ပေါင်လဲ့က ခံစားနေရ၏။
သူသည် သူ ကျင့်သိုမင်နှင့် ရှဲ့ဟေးရန်တို့နှင့် အပြန်အလှန် ပြောခဲ့သည့်စကားများကို စိတ်ထဲ၌ ပြန်၍ စဉ်းစားတွေးတောလိုက်၏။ ထို့နောက် သူသည် မျက်လုံးများပြူးသွားရတော့သည်။ သူသည် ရှဲ့ဟေးရန်အား ထိုကစားပွဲ ရုတ်တရက် ပျက်စီးသွားနိုင်ခြေ ရှိသည်လောဟု မေးခဲ့သည်ကို ပြန်၍မှတ်မိသွားသဖြင့် အသက်ရှူသံများ မြန်ဆန်လာရတော့သည်။ ထိုစဉ်တုန်းက ရှဲ့ဟေးရန်မှာ သူ၏မေးခွန်းအား ပြန်ဖြေခဲ့၏။
” မင်း အိပ်မက်မမက်သရွေ့ ဒီကစားပွဲက ပျက်စီးသွားမှာမဟုတ်ဘူး ”
ထိုစကားလုံးများကြောင့် ဝမ်ပေါင်လဲ့မှာ ဦးခေါင်းတည့်တည့် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။ ထို့နောက် သူသည် တစ်ကိုယ်လုံးတုန်ရီလာပြီး သူ၏နှလုံးသားထဲ၌ ခံစားချက်မျိုးစုံ ပေါ်ပေါက်လာတော့သည်။
ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အရောင်လက်သွားပြီးနောက် အချိန်အတော်အတန်ကြာအောင် နှုတ်ဆိတ်နေလိုက်၏။ ထို့နောက် သူသည် သူ၏ ညာဘက်လက်ဖြင့် သူ၏အဝတ်အစားများထဲသို့ နှိုက်ကာ လှန်လှောရှာဖွေနေလိုက်တော့သည်။ နောက်ဆုံးတွင် သူသည် မမလေး ခိုအောင်းနေထိုင်နေသည့် မျက်နှာဖုံးအား ဆွဲထုတ်လိုက်၏။
သူသည် ထိုမျက်နှာဖုံး သူ၏လက်ထဲ၌ ရှိနေသည်ကို ခံစားမိပါသော်လည်း ၎င်းအား လုံးဝမမြင်ရပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ချက်ချင်းဆိုသလိုပင် မျက်နှာပျက်သွားတော့သည်။ ထိုအချိန်တွင် လေထဲ၌ ပန်းရနံ့တစ်ခုနှင့် ဆင်တူသည့် မွှေးရနံ့တစ်ခု ပျံ့လွင့်လာ၏။
” ဒီ ပန်းရနံ့ကို ထပ်ရပြန်ပြီ ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွား၏။ သူသည် ထိုရနံ့အား ပထမဆုံးအကြိမ်အဖြစ် ရှူရှိုက်မိခဲ့ဖူးသည့် အချိန်အား ပြန်၍သတိရသွားသည်။ ၎င်းမှာ သူ စစ်သင်္ဘောကြီးအပြင်ဘက်သို့ တည်နေရာပြောင်းရွှေ့ခံလိုက်ရသည့် အချိန်တုန်းက ဖြစ်ပေသည်။
သူသည် နှုတ်ဆိတ်ကာ ထိုင်နေရင်း သူ၏ သိုလှောင်အိတ်ထဲမှ အသံလွှင့်ကျောက်စိမ်းပေလွှာမှာ ရုတ်တရက်ဆိုသလို စတင်တုန်ရီလာတော့သည်။ ထို့ကြောင့် သူသည် ခေါင်းငုံ့ကြည့်ကာ မျက်လုံးများ မှေးသွားပြီးနောက် ထိုကျောက်စိမ်းပေလွှာအား ထုတ်ယူလိုက်၏။ သူ၏ ဝိညာဉ်ချီများ ထိုကျောက်စိမ်းပေလွှာထဲသို့ စီးဝင်သွားသောအခါ သူသည် ဖုန့်ချိုးရန်၏ မောပန်းနွမ်းနယ်နေသော စကားသံကို ကြားလိုက်ရတော့သည်။
” ပေါင်လဲ့ ဂူဗိမာန်ထဲကို လာခဲ့ဦး။ ငါ နင့်ကို အရေးကြီးပြောစရာစကားတစ်ခု ရှိလို့ ”
ဝမ်ပေါင်လဲ့မှာ ခံစားချက်မပါသော မျက်နှာအမူအရာဖြင့် မျက်လုံးများမှိတ်လိုက်၏။ အချိန်အတော်အတန်ကြာပြီးမှ သူသည် မျက်လုံးများပြန်ပွင့်လာသည်။ သူ၏ မျက်နှာအမူအရာမှာမူ ပြောင်းလဲသွားခြင်း မရှိပေ။ သူသည် မတ်တတ်ထကာ သူ၏ နန်းတော်ထဲမှ ထွက်ခွာလာပြီးနောက် ဖုန့်ချိုးရန်၏ ဂူဗိမာန်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်တော့သည်။ သူသည် လမ်းတစ်လျှောက်လုံးတွင် သူ၏ ဘေးပတ်ဝန်းကျင်အား သေသေချာချာ အကဲခတ်ခဲ့၏။ တာအိုနန်းတော်ဂိုဏ်းသားများမှာ ပြေးလွှားလှုပ်ရှားနေကြသည်။ ဂိုဏ်းချုပ်ကြီးရှု၊ ဧရာမသစ်ပင်ကြီးနှင့် အခြားသူများအားလုံးမှာလည်း ပုံမှန်အတိုင်းပင်။ မည်သည့်အရာကမှ အထူးတဆန်းဖြစ်နေခြင်း မရှိပေ။
” ဟာကွက်လုံးဝမရှိပါလား ”
ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် မိန်းမောတွေဝေနေသည့် မျက်ဝန်းများဖြင့် ဖုန့်ချိုးရန်၏ ဂူဗိမာန်အပေါက်ဝသို့ ရောက်ရှိလာ၏။ သူသည် ထိုအပေါက်ဝတွင် ရပ်ကာ တံခါးများကို စိုက်ကြည့်နေသည်။
” ပေါင်လဲ့။ အထဲကိုဝင်ခဲ့လေ ” ဝမ်ပေါင်လဲ့ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် တံခါးပေါက်များမှာ ဖြည်းဖြည်းချင်း ပွင့်သွား၏။ ထို့နောက် ဖုန့်ချိုးရန်၏ ခပ်ဩဩစကားသံကြီးတစ်သံ ထွက်ပေါ်လာတော့သည်။ သူမသည် စိတ်ရောကိုယ်ပါ မောပန်းနွမ်းနယ်နေသည့်ပုံပင်။ သူမ၏ စကားသံပင်လျှင် ဝမ်းနည်းညှိုးငယ်နေသည့် လေသံ ဖြစ်နေသောကြောင့် သူမသည် မျှော်လင့်ချက်များအားလုံး ပျက်သုဥ်းနေသည့်ပုံစံ ပေါက်နေတော့သည်။
” အခုထိကို ဟာကွက်မရှိသေးတာပဲ ” ဝမ်ပေါင်လဲ့မှာ ဖုန့်ချိုးရန်၏ စကားကို ကြားလိုက်ရသောအခါ သူမ၏ စကားသံမှာ ခံစားချက်မပါဘဲ အသက်မဲ့သလို ဖြစ်နေသည်ဟု ခံစားလိုက်ရ၏။ သူသည် ဂူဗိမာန်ထဲသို့ ချက်ချင်းဝင်ရောက်သွားခြင်းမရှိဘဲ အပြင်ဘက်တွင်ရပ်ကာ မျက်နှာဖုံးအား ထပ်၍ ဆွဲထုတ်လိုက်ပြန်သည်။ ၎င်းကို ယခုအထိ မမြင်ရသေးပေ။ ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် သူ ကောင်းကင်တာအိုကျောင်း၏ အကြိုစမ်းသပ်ပွဲထဲတွင် ရှိနေခဲ့စဉ်တုန်းက ထိုမျက်နှာဖုံးကြောင့်သာ ပုံရိပ်ယောင်ကမ္ဘာတစ်ခုထဲသို့ ရောက်နေရသည်ကို သတိထားမိသွားခဲ့ခြင်းဖြစ်ကြောင်း ပြန်၍သတိရသွား၏။ ယခုတွင် သူတို့မှာ ပုံရိပ်ယောင်ကမ္ဘာတစ်ခုထဲသို့ ရောက်နေသည်ဖြစ်ရာ ထိုမျက်နှာဖုံးအား မမြင်နိုင်ဘဲ ဖြစ်နေရခြင်းဖြစ်သည်။
” ငါ ပုံရိပ်ယောင်ကမ္ဘာတစ်ခုထဲကိုများ ရောက်သွားတာလားဟ ” ဝမ်ပေါင်လဲ့မှာ ကောင်းကင်ကြီးအား မော့ကြည့်လိုက်၊ မြေပြင်ကြီးအား ငုံ့ကြည့်လိုက် ဖြစ်နေ၏။ သူသည် သူ၏ပတ်ပတ်လည်ရှိ အရာအားလုံးကို အကဲခတ်ထားပြီးသားဖြစ်သည်။ သူ၏ပတ်ဝန်းကျင်ကြီး တစ်ခုလုံးမှာ လက်တွေ့လောကကြီးနှင့် တထေရာတည်း တူနေသောကြောင့် သူသည် နောက်ထပ်တစ်ကြိမ်ထပ်၍ နှုတ်ဆိတ်သွားရပြန်သည်။ သို့သော် ယခုတွင် မျက်နှာဖုံးအား လုံးဝမမြင်နိုင်တော့သည်ဖြစ်ရာ ဖြစ်ရာ အရာအားလုံးမှာ ပုံရိပ်ယောင်တစ်ခုသာ ဖြစ်ကြောင်း ပို၍ပင်သေချာသွားတော့သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ကျင့်သိုမင် သူ့ဆီသို့ လာရောက်လည်ပတ်ကာ ရှဲ့ဟေးရန် ပျောက်ကွယ်သွားရသည့် အကြောင်းအရင်းများကို ခန့်မှန်းမိသွားတော့သည်။
” ဒါ တကယ် အတုအယောင် ကမ္ဘာကြီးတစ်ခုဆိုရင် ရှဲ့ဟေးရန်အတုကို ဖန်တီးနိုင်စွမ်းမရှိတာပဲ ဖြစ်ရမယ်။ အဲတာမလို့ ကျင့်သိုမင်က ငါ့ရဲ့ ကစားပွဲဝေစုတွေကို ဝယ်ချင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရောက်လာတာ။ ဒါပေမဲ့ သူရောက်လာရတဲ့ အကြောင်းအရင်းက ရှဲ့ဟေးရန် ပျောက်သွားတဲ့အချက်ကို ငါ့ကို အသိပေးချင်လို့ပဲ။ ငါ သူ့ရဲ့စကားကို ယုံလိုက်ပြီဆိုတာနဲ့ နောက်ဆုံးဟာကွက်ပါ ပျောက်ကွယ်သွားတော့မှာ ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ သက်ပြင်းချမိသွား၏။ အကယ်၍ အဖြစ်အပျက် တစ်ခုတည်းသာဆိုပါက သူသည် တိုက်ဆိုင်သည်ဟုသာ မှတ်ယူလိုက်မည် ဖြစ်ပါသော်လည်း ကျင့်သိုမင်၏ ထူးဆန်းသော အပြုအမူကြီးပြီးနောက် ရှဲ့ဟေးရန် ပျောက်ကွယ်သွားခဲ့ပြီး သူ ကစားပွဲထဲသို့ ဝင်ရောက်၍ မရတော့သည့်အပြင် မျက်နှာဖုံးကိုလည်း မမြင်ရတော့သည် မဟုတ်ပါလော။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ထိုအဖြစ်အပျက်များအားလုံးကို သေသေချာချာ စဉ်းစားတွေးတောလိုက်ပြီးနောက် မျက်ဝန်းများထဲ၌ ဆုံးဖြတ်ချက် ပြတ်သားသည့် အရိပ်အယောင်တစ်ခု ပေါ်ပေါက်လာတော့သည်။
” အိပ်မက်တစ်ခုဖြစ်ဖြစ်၊ အတုအယောင် ကမ္ဘာကြီးတစ်ခုဖြစ်ဖြစ် ဘာဂရုစိုက်စရာ လိုလို့လဲ။ ငါ့ဘက်က ဖျက်ဆီးလိုက်ရုံပဲကို ” ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်လိုက်ပြီးနောက် ခေါင်းမော့ကာ သူ၏ရှေ့တွင်ရှိနေသော ဂူဗိမာန်အား စိုက်ကြည့်လိုက်၏။ ထို့နောက် ဂူဗိမာန်ထဲမှ ဖုန့်ချိုးရန်၏ ဇဝေဇဝါဖြစ်နေသော စကားသံ ထွက်ပေါ်လာသည်နှင့် ဝမ်ပေါင်လဲ့မှာ သူ၏ညာဘက်လက်ကို ချက်ချင်းမြှောက်လိုက်ပြီး သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်လွှတ်လိုက်တော့သည်။ ထိုအခါ သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာမှာ ချက်ချင်းဆိုသလိုပင် ပေါ်ပေါက်လာပြီး သူ၏ အငွေ့အသက်များမှာလည်း ကောင်းကင်ပေါ်သို့ ထိုးတက်သွားတော့သည်။ နောက်ဆုံးတွင် သူသည် သူ၏လက်သီးဖြင့် ရှေ့သို့ လှမ်းထိုးလိုက်၏။
ထိုလက်သီးချက်ထဲတွင် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာနှင့် ဝမ်ပေါင်လဲ့၏ စွမ်းအားအကုန်လုံး ပါဝင်နေသည်။ ထို့ကြောင့် ဖုန့်ချိုးရန်၏ ဂူဗိမာန်မှာ စတင်တုန်ရီလာပြီး ပြိုလဲပျက်စီးသွားတော့မည့် အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။ ထိုအချိန်တွင် ဖုန့်ချိုးရန်မှာ ဒဏ်ရာအပြင်းအထန်ရထားရာမှ အပြည့်အဝ ပြန်လည်သက်သာလာခြင်း မရှိသေးသည့်ပုံဖြင့် ဂူထဲမှ ဒယိမ်းဒယိုင်နှင့် ပြေးထွက်လာ၏။ သူမသည် အံ့ဩတုန်လှုပ်ကာ အမျက်ချောင်းချောင်းထွက်နေသည့်ပုံ ပေါက်နေပြီး ဝမ်ပေါင်လဲ့အား အော်မေးလိုက်၏။
” ဝမ်ပေါင်လဲ့။ နင် ဘာလုပ်တာလဲ။ နင်ရော မြဲ့လျဲ့ကျိလိုမျိုး အဆုံးမဲ့မျိုးနွယ်စုရဲ့ ပြုစားခြင်းအတတ်ပညာအောက်ကို ရောက်သွားတာလား ”
” ပြုစားခြင်းအတတ်ပညာရပ် ဟုတ်လား ” ဝမ်ပေါင်လဲ့မှာ မျက်နှာပျက်သွားပြီး ညာဘက်လက်သီးအား ကျစ်ကျစ်ပါအောင်ဆုပ်ကာ ဖုန့်ချိုးရန်ဆီသို့ ပြေးသွားလိုက်၏။ ထိုအခါ သူ၏ ညာဘက်လက်နှင့် ပေါင်းစည်းနေသော တာအိုဂိုဏ်းသားတစ်ယောက်၏ လက်ကြီးထဲမှ နတ်ဘုရားလက်နက် စွမ်းအားများ ထွက်ပေါ်လာတော့သည်။ ထို့နောက် ဝမ်ပေါင်လဲ့ကိုပင် ကြောက်ရွံ့တုန်လှုပ်သွားစေသည့် စွမ်းအားတစ်မျိုးမှာ သူ၏လက်ထဲမှ အရှိန်အဟုန်ပြင်းစွာ ပေါက်ကွဲထွက်ပေါ်လာသည်။ ၎င်းမှာ ဧရာမ ပုံရိပ်ယောင် အရိုးစုလက်ကြီးတစ်ခုအသွင် ပြောင်းလဲသွားပြီး ဖျက်ဆီးအားကောင်းသော အငွေ့အသက်များကို ထုတ်လွှတ်နေ၏။ နောက်ဆုံးတွင် ထိုလက်ကြီးမှာ ဖုန့်ချိုးရန်အား လှမ်း၍ ဖမ်းဆုပ်လိုက်တော့သည်။
ထိုအခါ ဖုန့်ချိုးရန်မှာ အထိတ်တလန့်ဖြစ်သွားပြီး အမျက်ထွက်ကာ နားမလည်နိုင်လောက်အောင် ဖြစ်နေသည့် အမူအရာဖြင့် သူမ၏ ညာဘက်လက်အား မြှောက်လိုက်၏။ ထိုအခါ သူမ၏ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံခြင်းစွမ်းအားများမှာ ကောင်းကင်ပေါ်သို့ ထိုးတက်သွားပြီး ကမ္ဘာကြီးတစ်ခုလုံးကို လွှမ်းခြုံသွားသကဲ့သို့ပင်။ ထို့နောက် ၎င်းမှာ ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာ၏။ သူမ၏ စွမ်းအားများမှာ ဝမ်ပေါင်လဲ့၏ စွမ်းအားများထက် အဆပေါင်းများစွာပို၍ သာလွန်ပေသည်။ သို့သော် သူမသည် အပြင်းအထန် ဒဏ်ရာရထားသောကြောင့် ထိုစွမ်းအားများကို အမြဲတမ်း ထုတ်လွှတ်ထားနိုင်စွမ်း မရှိပေ။ ထို့အပြင် သူမသည် ဝမ်ပေါင်လဲ့အား သတ်ဖြတ်ချင်သည့်ပုံ မပေါ်ပေ။ ထို့ကြောင့် သူမသည် သူမ၏စွမ်းအားများဖြင့် ဝမ်ပေါင်လဲ့အား ချုပ်တည်းထားလိုက်ပြီးနောက် ထပ်၍ အော်ဟစ်လိုက်ပြန်သည်။
” ဝမ်ပေါင်လဲ့။ အဆုံးမဲ့မျိုးနွယ်စုရဲ့ ပြုစားခြင်းအတတ်ပညာရပ်ကို ရအောင်တွန်းလှန်ဖို့ ကြိုးစားစမ်း ”
ဝမ်ပေါင်လဲ့မှာမူ ဖုန့်ချိုးရန်၏ စွမ်းအားများနှင့် သူမ၏ စကားများကြောင့် တစ်ကိုယ်လုံး တုန်ရီသွားရ၏။ သူ၏ဆံပင်များမှာ ဖွာလန်ကြဲနေပြီး သူ၏ အဝတ်အစားများမှာလည်း လေထဲတွင် တလူလူလွင့်နေ၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း တဆစ်ဆစ် နာကျင်ကိုက်ခဲနေရပြီ ဖြစ်သည်။ အရာအားလုံးမှာ အစစ်အမှန်ဟု ထင်ရပါသော်လည်း သူ၏ နှလုံးသားထဲတွင် သံသယစိတ်များ ကိန်းအောင်နေဆဲပင်။ သို့သော် ဝမ်ပေါင်လဲ့မှာ မျက်နှာဖုံးအား မမြင်ရသည့်အချက်နှင့် ကျင့်သိုမင်နှင့် ရှဲ့ဟေးရန်တို့၏ ထူးဆန်းသောအပြုမူများကို ပြန်၍တွေးမိလိုက်သောအခါ မျက်ဝန်းများ အေးစက်သွား၏။ ထို့နောက် သူ အသံကုန်အော်ဟစ်လိုက်ချိန်တွင် သူ၏ ပုံရိပ်ယောင် အရိုးစုလက်ဝါးကြီးမှာ ဖုန့်ချိုးရန်ပေါ်သို့ အရှိန်အဟုန်ဖြင့် ကျရောက်လာတော့သည်။
ထိုအခါ လေထဲတွင် မိုးခြိမ်းသံကဲ့သို့သော ပေါက်ကွဲသံကြီးတစ်သံ ပဲ့တင်ထပ်သွားသည်။ ဖုန့်ချိုးရန်မှာမူ နာကြည်းစွာ ပြုံးနေ၏။ သူမသည် အပြင်းအထန် ဒဏ်ရာရရှိထားသည်ဖြစ်ပြီး စောစောတုန်းက ကျင့်ကြံခြင်းစွမ်းအားများ ထုတ်လွှတ်ကာ တိုက်ကွက်တစ်ခု ထုတ်သုံးခဲ့သည်ဖြစ်ရာ သူမ၏ ဒဏ်ရာများမှာ ပို၍ပင် အခြေအနေဆိုးသွား၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့၏ နတ်ဘုရားလက်နက် လက်ကြီး ကျရောက်လာသောအခါ သူမသည် ဘေးသို့ အရှိန်အဟုန်ဖြင့် လွင့်ထွက်သွားတော့သည်။ ထို့နောက် သူမသည် တစ်ကိုယ်လုံးတုန်ရီသွားပြီး သွေးတစ်ပွက် အန်ထွက်လာ၏။ နောက်ဆုံးတွင် သူမသည် မြေကြီးပေါ်သို့ လဲကျသွားပြီးနောက် ဝမ်ပေါင်လဲ့အား နာကြည်းနေသော မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ အားအင်ချိနဲ့နေသော အသံဖြင့် တိုးတိုးလေး ရေရွတ်လိုက်၏။
” မြဲ့လျဲ့ကျိ ပြုစားခံလိုက်ရသလို နင်လည်း ပြုစားခံလိုက်ရတာပဲ။ ဝမ်ပေါင်လဲ့။ အသိစိတ်ပြန်ဝင်လာစမ်းပါ။ ဒါတွေအားလုံးက အတုအယောင်တွေ မဟုတ်ဘူး။ အကုန်လုံး အစစ်အမှန်တွေချည်းပဲ ”
” ပြုစားမှုတစ်ခု ဟုတ်လား ” ဝမ်ပေါင်လဲ့မှာ နှုတ်ဆိတ်သွား၏။ ဖုန့်ချိုးရန်တစ်ယောက် အပြင်းအထန် ဒဏ်ရာရရှိထားသောကြောင့်သာ သူသည် သူမအား အလွယ်တကူ အနိုင်ရရှိသွားခဲ့ခြင်း ဖြစ်ပေသည်။ သူမသည် ယခုအထိ သူ့အား သတိပြန်ရလာရန် ပြောနေဆဲပင်။ သူမ၏ လုပ်ရပ်အားလုံးမှာ ကျိုးကြောင်းဆီလျော်မှုအပြည့် ရှိနေ၏။
သူမ ယခုလို ဒဏ်ရာရထားရသည့် အကြောင်းအရင်းကိုလည်း သူမ၏နှုတ်မှ ထုတ်ပြောထားပြီးသားဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်…. မြဲ့လျဲ့ကျိမှာ သူ့နည်းတူ ပြုစားခံခဲ့ရသောကြောင့်ပင်။ သူသည်လည်း အရာအားလုံးမှာ အတုအယောင်ဖြစ်နေသည်ဟု သံသယဝင်ခဲ့ခြင်း ဖြစ်ပေသည်။
” ဒါက အဆုံးမဲ့မျိုးနွယ်စုရဲ့ ပြုစားခြင်းအတတ်ပဲ။ နင် ထူးဆန်းတဲ့ ပန်းရနံ့တစ်ခုကို ရတယ်မလား။ အဲတာ ပြုစားခံလိုက်ရတဲ့ လက္ခဏာတစ်ခုပဲ။ နင်က စစ်သင်္ဘောကြီးအပြင်ဘက်ကို ပြန်အပို့မခံခဲ့ရခင်တုန်းက ပြုစားခံလိုက်ရတာပဲဖြစ်မှာ ” ဖုန့်ချိုးရန်မှာ အသက်ရှူသံများ မတည်မငြိမ် ဖြစ်လာ၏။ သူမ၏ မျက်ဝန်းများထဲတွင် စိုးရိမ်စိတ်များ ပြည့်နှက်နေပြီး သူမသည် ဝမ်ပေါင်လဲ့အား သူတို့မှာ အတုအယောင်ကမ္ဘာကြီးတစ်ခုထဲသို့ ရောက်နေခြင်းမဟုတ်ကြောင်း မရမက နားချချင်နေသည့်ပုံ ပေါက်နေတော့သည်။