တာအိုဘုန်းတော်ကြီးယိုရန် ထိုသို့ဆိုလိုက်ပြီးနောက် လူတိုင်းမှာ ခေါင်းညိတ်သဘောတူလိုက်ကြပြီး ချက်ချင်းလူစုခွဲသွားကြ၏။ ဝမ်ပေါင်လဲ့၊ ကျောက်ယမုန့်နှင့် ခုန်းတောက်တို့မှာ ဖုန့်ချိုးရန်၏နောက်သို့ လိုက်သွားပြီး ချပ်ပြားဝိုင်းသုံးခုထဲမှ တစ်ခုဆီသို့ ဦးတည်သွားလိုက်ကြတော့သည်။
ဝမ်ပေါင်လဲ့မှာ ကျောက်ယမုန့်နှင့် ခုန်းတောက်တို့ သူအားလိုက်မီစေရန် အနည်းငယ်ခန့် အရှိန်လျှော့လိုက်၏။ သူသည် ဂိုဏ်းနှင့် ဖုန့်ချိုးရန်တို့အား ကူညီပေးလိုသောကြောင့်သာ ဤစစ်ဆင်ရေးထဲ၌ ပါဝင်နေခြင်းဖြစ်သည်ဟု သူက မှတ်ယူထား၏။ ဤကိစ္စကြီးမှာ သူ၏ တာဝန်မဟုတ်ပေ။ ထို့ကြောင့် သူသည် ကျောက်ယမုန့်နှင့် ခုန်းတောက်တို့အတွက်သာ စိုးရိမ်နေ၏။
” ယမုန့်၊ ခုန်းတောက်။ ငါ့နားမှာပဲ နေကြ။ တစ်ခုခု ဖြစ်တာနဲ့ အပြင်ကို ချက်ချင်းပြန်ထွက်ကြမယ် ” ဝမ်ပေါင်လဲ့မှာ ပြည်ထောင်စုကြီးထဲမှ လူများအတွက် သီးသန့်ဖန်တီးထားသည့် ဒေသတွင်းသုံး စကားဝိုင်းထဲမှတစ်ဆင့် ထိုသို့ လှမ်းပြောလိုက်ခြင်းဖြစ်သည်။ သို့ဖြစ်ရာ မည်သူကမှ သူတို့အား ခိုး၍ နားထောင်နိုင်မည်မဟုတ်ပေ။
ကျောက်ယမုန့်နှင့် ခုန်းတောက်တို့မှာလည်း ဝမ်ပေါင်လဲ့နှင့် အတွေးတူပေသည်။ ထို့ကြောင့် သူတို့သုံးယောက်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့မှာ စကားတစ်ခွန်းမှ မပြောပါသော်လည်း အတူတကွ လှုပ်ရှားရန် ဆုံးဖြတ်ထားကြပြီးဖြစ်ကြောင်း သိသာထင်ရှားပေသည်။
သူတို့အဖွဲ့မှာ ရင်တထိတ်ထိတ်နှင့် သူတို့၏ ပစ်မှတ်ချပ်ပြားဝိုင်းကြီးဆီသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်။ ထို ချပ်ပြားဝိုင်းကြီးမှာ အဝေးမှ လှမ်းကြည့်လျှင်တောင် အလွန်အင်မတန်မှ ကြီးမားနေသည် မဟုတ်ပါလော။ ထို့ကြောင့် အနီးတို့ရောက်သွားချိန်တွင် ၎င်းမှာ အဆုံးမရှိလောက်အောင် ကြီးမားကျယ်ပြောနေသည့်ပုံ ပေါက်နေတော့သည်။
ထို ချပ်ပြားဝိုင်းကြီး၏ အနီးသို့ ရောက်လာသောအခါ ၎င်း၏ ပုံပန်းသွင်ပြင်မှာ ပို၍ သိသာထင်ရှားလာ၏။ ၎င်း၏ မျက်နှာပြင်မှာ အရည်တစ်မျိုးကဲ့သို့ ဖြစ်နေပြီး လှိုင်းတွန့်များထနေသောကြောင့် သူတို့မှာ သမုဒ္ဒရာကြီး တစ်စင်းဆီသို့ ချဉ်းကပ်သွားနေသည့်အလား ခံစားနေရ၏။
ထို ချပ်ပြားဝိုင်းကြီးဆီမှ ထွက်ပေါ်နေသည့် ဖိနှိပ်စွမ်းအားများမှာလည်း ၎င်း၏အနီးသို့ ရောက်လာသည်နှင့် တဖြည်းဖြည်း ပို၍ အားကောင်းလာ၏။ ရှေးဟောင်းဓားကြီးထဲမှ မန္တန်အစီအရင်ကြီး၏ အကာအကွယ်များရှိနေပြီး ဖုန့်ချိုးရန်မှာလည်း သူမ၏ ကျင့်ကြံခြင်းစွမ်းအားကိုအသုံးပြုကာ လူတိုင်းအား ကာကွယ်ပေးထားသည့်တိုင်အောင် အမြုတေအဆင့် ကျင့်ကြံသူများမှာ ခေါင်းများ ထူပူလာကြတော့သည်။ သူတို့၏ အသိစိတ်များမှာလည်း ရီဝေဝေဖြစ်လာကြ၏။ ယွမ်ယင်အဆင့် ကျင့်ကြံသူများသာလျှင် သူတို့၏စိတ်ကို တည်တည်ငြိမ်ငြိမ် ထားနိုင်စွမ်းရှိပေသည်။ ဝမ်ပေါင်လဲ့မှာလည်း အံ့သြဖွယ်ရာ ကျင့်ကြံခြင်းစွမ်းအားများနှင့် တမူထူးခြားသော ရာထူးအဆင့်အတန်းတို့ကို ပိုင်ဆိုင်သောကြောင့် သူ၏စိတ်ကို တည်တည်ငြိမ်ငြိမ် ထားနိုင်နေဆဲပင်။ သို့သော် သူ၏ အသက်ရှူသံများနှင့် ရင်ခုန်နှုန်းများမှာမူ မြန်ဆန်လာရပြီ ဖြစ်သည်။
ကံကောင်းစွာဖြင့် သူတို့မှာ ထိုကဲ့သို့ အကြာကြီးမခံစားလိုက်ရပေ။ ဖုန့်ချိုးရန်၏ ကာကွယ်စောင့်ရှောက်မှုအောက်တွင် သူတို့၏အဖွဲ့မှာ အရှိန်မြှင့်တင်လိုက်ကြပြီးနောက် ချပ်ပြားဝိုင်းကြီး၏ ပင်လယ်ရေပြင်ကြီးကဲ့သို့ ဖြစ်သော မျက်နှာပြင်ကြီးနဲ့ ပေတစ်ထောင်ကျော်အကွာသို့ ရောက်ရှိသွား၏။ ထိုအချိန်တွင် ဖုန့်ချိုးရန်မှာ မျက်ဝန်းများ ဖျတ်ခနဲလက်သွားပြီး ယွမ်ယင်အဆင့်ကျင့်ကြံသူများမှာ သူတို့၏ ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်လွှတ်လိုက်တော့သည်။ လူတိုင်းမှာ အတူတကွ စုဝေးလိုက်ကြပြီးနောက် ကြယ်ပျံတစ်လုံးအဖြစ် ပြောင်းလဲကာ ထိုချပ်ပြားဝိုင်းကြီးဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားတော့သည်။
သူတို့မှာ ၎င်းဆီသို့ ချက်ချင်းရောက်ရှိသွား၏။ သူတို့အဖွဲ့ ထို ချပ်ပြားဝိုင်းကြီး၏ မျက်နှာပြင်နှင့် ဝင်တိုက်ခါနီး ဆဲဆဲမှာပင် ဖုန့်ချိုးရန်မှာ တွေဝေတုံ့ဆိုင်းနေချင်မရှိဘဲ ရှေးဟောင်းလက်ဖွဲ့အဆောင်တစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းမှာ ကျယ်ပြန့်တာအိုနန်းတော်အစစ်က ဖန်တီးထားသည့် လက်ဖွဲ့အဆောင် ဖြစ်ပေသည်။ ၎င်းအား အသုံးပြု၍ စစ်သင်္ဘောကြီး၏ အပြင်ဘက်မျက်နှာပြင်ကို ထပ်ခြမ်းခွဲကာ အထဲသို့ ဝင်ရောက်ရမည်ဖြစ်သည်။
ထို လက်ဖွဲ့အဆောင် ပေါက်ကွဲသွားချိန်တွင် လေထဲ၌ မိုးခြိမ်းသံကဲ့သို့သော ပေါက်ကွဲသံကြီးတစ်သံ ပဲ့တင်ထပ်သွား၏။ ထို့နောက် ချပ်ပြားဝိုင်းကြီး၏ မျက်နှာပြင်မှာ ကွဲအက်သွားပြီး အပေါက်တစ်ပေါက် ပေါ်ပေါက်လာတော့သည်။ ထိုအခါ ဖုန့်ချိုးရန်နှင့် အခြားသူများမှာ သူတို့၏ ကျင့်ကြံခြင်းစွမ်းအားများကို အသုံးပြုကာ ရုတ်တရက်ဆိုသလို အရှိန်မြှင့်တင်လိုက်ပြီးနောက် ထိုအပေါက်ထဲသို့ ပြေးဝင်သွားကြတော့သည်။
မျက်စိတစ်မှိတ်အတွင်းတွင် သူတို့အားလုံးမှာ ထိုအပေါက်ဝဆီသို့ ရောက်ရှိလာကြ၏။ သူတို့မှာ ထိုအပေါက်ကြီးထဲမှတစ်ဆင့် ထိုကမ္ဘာကြီးထဲသို့ ဝင်ရောက်ရန် ပြင်လိုက်စဉ်မှာပင် သူတို့၏ရှေ့တွင် တည်နေရာပြောင်းရွှေ့ခြင်းစွမ်းအင်များ ပေါ်ပေါက်လာတော့သည်။ ထို့နောက် ထိုစွမ်းအားများမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသဖြင့် လူတိုင်းမှာ ခေါင်းများထူပူသွားကြတော့သည်။
ဝမ်ပေါင်လဲ့မှာလည်း ထိုကဲ့သို့ခံစားလိုက်ရ၏။ သူသည် ထိုချပ်ပြားဝိုင်းကြီးထဲရှိ ကမ္ဘာကြီးထဲသို့ ဝင်ရောက်နိုင်ရန် ခြေတစ်လှမ်းမျှသာ လိုတော့သည်ဖြစ်ပြီး ၎င်းထဲရှိ ပန်းပွင့်များ၏ မွှေးရနံ့များကိုပင် ရှုရှိုက်မိနေပြီဖြစ်သည်။ သို့သော်ငြားလည်း သူတို့အားလုံးမှာ မအောင်မြင်ခဲ့ပေ။ လူတိုင်းမှာ ထို တည်နေရာပြောင်းရွှေ့ခြင်း မုန်တိုင်းကြီးထဲတွင် ပျောက်ကွယ်သွားကြပြီးနောက် စစ်သင်္ဘောကြီး၏ ပေတစ်သိန်းအကွာတွင်ရှိသော ကောင်းကင်ယံထဲ၌ ပြန်လည်ပေါ်ပေါက်လာကြ၏။
” ဘာတွေဖြစ်နေတာလဲ ”
” ငါတို့တွေ အထဲရောက်သွားပြီလို့ ထင်နေတာ ”
” အဲဒီ စစ်သင်္ဘောကြီးထဲမှာ ကျူးကျော်ဝင်ရောက်လာတဲ့ လူတွေကို အပြင်ပြန်ပို့နိုင်တဲ့ ကာကွယ်ရေးစနစ်တစ်ခု ရှိနေတယ်ဆိုတာ တကယ်ပဲလား ”
ကျောက်ယမုန့်နှင့် ခုန်းတောက်တို့မှာ မျက်နှာပျက်နေရပြီ ဖြစ်သည်။ သူတို့၏ ဘေးနားတစ်ဝိုက်ရှိ ကျင့်ကြံသူများမှာလည်း အမျက်ချောင်းချောင်း ထွက်နေကြပြီး အချင်းချင်း တီးတိုးစကားများ ပြောနေကြ၏။ ဖုန့်ချိုးရန်မှာမူ မျက်နှာရှုံ့မဲ့မဲ့ ဖြစ်သွားပြီး စစ်သင်္ဘောကြီးအား လှမ်းကြည့်ရင်း သူမ၏ မျက်ဝန်းများထဲ၌ ခံစားချက်မျိုးစုံ ပေါ်ပေါက်လာတော့သည်။ သို့သော် ဝမ်ပေါင်လဲ့မှာမူ စိတ်အေးသွားရသဖြင့် စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချလိုက်တော့သည်။
သူသည် ယခုလို လူအများကြီးစုဝေးကာ စစ်သင်္ဘောကြီးထဲအား ဝင်ရောက်နိုင်ရန် ကြိုးပမ်းသည့် စစ်ဆင်ရေးကို သဘောမကျပေ။ သို့သော် မြဲ့လျဲ့ကျိနှင့် တာအိုဘုန်းတော်ကြီးယိုရန်တို့ နှစ်ယောက်စလုံးမှာ ထိုအကြံအစည်အား သဘောတူခဲ့သည် မဟုတ်ပါလော။ ဖုန့်ချိုးရန်မှာလည်း ထိုအကြံအစည်အတိုင်း လိုက်လုပ်ရန် ဆန္ဒရှိနေခဲ့သောကြောင့် ဝမ်ပေါင်လဲ့မှာ သူ့ဘက်မှ သဘောမတူကြောင်း ထုတ်မပြောနိုင်ခဲ့ပေ။
” ဒီလိုဆိုရင်လည်း မဆိုးပါဘူး။ သူ့ရဲ့အဖေက အသက်မရှိလောက်တော့ဘူးဆိုတာကို အကြီးအကဲဖုန်းလည်း သိထားလောက်ပြီးသား ဖြစ်မှာပါ။ သူလည်း မျှော်လင့်ရုံကလွဲပြီးတော့ ဘာတတ်နိုင်မှာလဲ ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ သက်ပြင်းချလိုက်ပြီးနောက် စစ်သင်္ဘောကြီးအား အကဲခတ်လိုက်၏။ ထိုအခါ သူသည် သူ၏ဘေးနားတစ်ဝိုက်တွင် တည်နေရာပြောင်းရွှေ့ခြင်း အလင်းရောင်များ ပေါ်ပေါက်လာသည်ကို မြင်လိုက်ရတော့သည်။ မြဲ့လျဲ့ကျိနှင့် တာအိုဘုန်းတော်ကြီးယိုရန်တို့၏ အဖွဲ့အစည်းများမှာလည်း အပြင်ဘက်သို့ ပြန်ပို့ခံလိုက်ရခြင်း ဖြစ်ပေသည်။
သူတို့အားလုံးမှာလည်း မျက်စိမျက်နှာပျက်နေကြ၏။ အကြီးအကဲကြီးလေးယောက်မှာ ဆွေးနွေးညှိနှိုင်းလိုက်ကြပြီးနောက် နောက်ထပ်တစ်ကြိမ်ထပ်၍ ကြိုးစားရန် ဆုံးဖြတ်လိုက်တော့သည်။ သို့သော်လည်း သူတို့မှာ နောက်ထပ်တစ်ကြိမ်ထပ်၍ အပြင်သို့ ပြန်ပို့ခံလိုက်ရပြီး စစ်သင်္ဘောကြီးထဲသို့ မဝင်နိုင်ခဲ့ပေ။ ထိုအချိန်တွင် မြဲ့လျဲ့ကျိမှာ အကြံတစ်ခုရသွား၏။
” ငါတို့တွေ အပြင်ကို ပြန်ပို့မခံရအောင် ရှေးဟောင်းဓားကြီးရဲ့ မန္တန်အစီအရင် စွမ်းအားတွေကို အဟန့်အတားတစ်ခုအနေနဲ့ အသုံးပြုမှ ရမယ်။ အဲတာမှ စစ်သင်္ဘောကြီးထဲကို ဝင်ရောက်နိုင်မှာ။ ငါတို့တွေ တာအိုနန်းတော်ဆီကို အရင်ဆုံးပြန်ပြီးတော့ အဖွဲ့အစည်း သုံးခုရဲ့ အင်အားကို ပေါင်းစည်းဖို့ ငါ အကြံပေးချင်တယ်။ နောက်တစ်ခါ ဘာပြဿနာမှ မရှိနိုင်အောင်လို့ ပြင်ဆင်မှုတွေ လုံလုံလောက်လောက် လုပ်ထားဖို့ လိုလိမ့်မယ် ”
ဝမ်ပေါင်လဲ့မှာ မြဲ့လျဲ့ကျိ၏ အကြံပေးချက်အား ချက်ချင်းပင် သဘောတူလိုက်၏။ တာအိုဘုန်းတော်ကြီးယိုရန်မှာလည်း တစ်ခဏမျှ နှုတ်ဆိတ်နေလိုက်ပြီးနောက် ခေါင်းညိတ်ကာ သဘောတူလိုက်သည်။ ဖုန့်ချိုးရန်မှာမူ စိတ်အေးသွားသည့် အမူအရာဖြင့် သက်ပြင်းချလိုက်၏။ သူမသည် စိတ်ဓာတ်များ ညှိုးငယ်နေပါသော်လည်း သူတို့၏ ဆုံးဖြတ်ချက်ကို သဘောတူလိုက်သည်။ ထိုသို့ဖြင့် ကျင့်ကြံသူရာပေါင်းများစွာ ပါဝင်သော အဖွဲ့ကြီးမှာ လက်ဗလာနှင့် ပြန်သွားရတော့သည်။
တာအိုနန်းတော်၌ အစောင့်များအဖြစ် ကျန်ရစ်ခဲ့ကြသည် ကျင့်ကြံသူများမှာ သူတို့ပြန်လည်ရောက်ရှိလာကြသည်ကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားကြ၏။
သို့သော် ဘဝကြီးမှာ ဆက်လက်လည်ပတ်နေရဦးမည် မဟုတ်ပါလော။ စစ်သင်္ဘောကြီးတစ်စင်း၏ ပေါ်ပေါက်လာမှုမှာ တာအိုနန်းတော်ထဲမှ လူများ၏ နေ့စဉ်ဘဝများကို နေ့ချင်းညချင်း ပြောင်းလဲပစ်နိုင်မည် မဟုတ်ပေ။ ရက်အနည်းငယ်ကြာပြီးနောက် ထို စစ်သင်္ဘောကြီးမှာ ဓားကိုယ်ထည်ပိုင်းထဲသို့ ပြန်ရောက်သွားပြီဖြစ်ကြောင်း တာအိုနန်းတော်က ကြားသိလိုက်ရ၏။ ဝမ်ပေါင်လဲ့နှင့် ဖုန့်ချိုးရန်တို့မှာမူ ထိုကိစ္စကြီးအား သံသယဝင်နေကြပါသော်လည်း တာအိုနန်းတော်ထဲမှ ကျင့်ကြံသူအများစုမှာမူ ထိုသတင်းအား ကြားလိုက်ရသောအခါ စိတ်အေးသွားကြ၏။
ပြည်ထောင်စုကြီးနှင့် တာအိုနန်းတော်တို့မှာလည်း ယခင်တုန်းကအတိုင်း ဆက်လက်ပေါင်းစည်းနေကြဆဲပင်။ ရက်အနည်းငယ်ခန့် ကြာပြီးသည့်တိုင်အောင် မည်သည့် ကိစ္စရပ်ကြီးမှ ထပ်၍ပေါ်ပေါက်လာခြင်း မရှိသဖြင့် ဝမ်ပေါင်လဲ့မှာ သူ၏လေ့ကျင့်ခန်းအား ပြန်လည်စတင်လိုက်တော့သည်။ သို့သော် သူသည် ကြာကြာ မလေ့ကျင့်လိုက်ရပေ။ အကြောင်းမှာ တစ်ညတွင် သူ့ဆီသို့ ကျင့်သိုမင် အလည်ရောက်လာသောကြောင့် ဖြစ်ပေသည်။
ကျင့်သိုမင်မှာ ရှုံ့မဲ့မဲ့ပြုံးကာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ ဝမ်ပေါင်လဲ့အား ဂါရဝပြုလိုက်၏။
” ပေါင်လဲ့။ သိပ်မကြာသေးခင်တုန်းက ဖြစ်ခဲ့တဲ့ ကိစ္စကြီးတစ်ခုကြောင့် ငါတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် ပိုပြီးတော့စိမ်းကလာတာကို ငါ သတိထားမိပါတယ်။ အခု ငါက မင်းနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးချင်လို့ ရောက်လာတာပါ ”
” ကျင့်သိုမင်ဆိုတဲ့ ငါက ပြည်ထောင်စုဥက္ကဋ္ဌကြီးဆိုတဲ့ ရာထူးကို မင်းနဲ့ပြိုင်လုဖို့ အစီအစဉ်လုံးဝမရှိပါဘူး။ အဘိုးကြီး သွမ့်မုချွယ်က ငါ့ကို အဲဒီတာဝန်ပေးခဲ့တာ မှန်ပေမယ့် အခုတော့ ငါ သူ့ကိုလည်း ဂရုမစိုက်တော့ဘူးကွာ။ ငါ ဘာလိုချင်သလဲဆိုတာကို ငါသိတယ်။ ငါက ပြည်ထောင်စုကြီးနဲ့ တာအိုနန်းတော်ရဲ့ ပေါင်းစည်းခြင်း လုပ်ငန်းစဉ်ထဲမှာ တစ်နေရာရာကနေ ပါဝင်ခွင့်ရချင်တာ။ ပြီးတော့ ငါက ငါ့ရဲ့ မိသားစုမျိုးနွယ်စုအပေါ် မှီခိုနေစရာမလိုမယ့် လသုံးစင်းမဟာမိတ်အဖွဲ့အစည်းတစ်ခုကို တည်ထောင်ခြင်တာပါ ”
” ပေါင်လဲ့။ မင်း ငါ့ကို ကူညီပေးနိုင်မလား ” ကျင့်သိုမင်မှာ စိတ်ရင်းအမှန်နှင့် ပြောနေသည့်ပုံပင်။ သူသည် အပြစ်ကင်းကာ ရိုးသားဖြူစင်သောမျက်လုံးများဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေ၏။
ထိုအခါ ဝမ်ပေါင်လဲ့မှာ နဖူးပွတ်မိသွား၏။ သူသည် စစ်သင်္ဘောကြီး ပေါ်ပေါက်လာခဲ့ပြီးနောက် အတွေးများထဲတွင် နစ်မျောနေခဲ့ခြင်းဖြစ်သည်။ သူသည် ကျင့်သိုမင်နှင့် စိမ်းကားသွားသလို မခံစားရပေ။ သူတို့နှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် အဆက်အသွယ် မပြတ်ဘဲ ရှိနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီမဟုတ်ပါလော။ ထို့ကြောင့် သူသည် ကျင့်သိုမင်အား စိတ်အေးသွားအောင် လုပ်လိုက်ပြီးနောက် မေးလိုက်၏။
” ငါ ကူညီနိုင်ရင် ကူညီပေးပါ့မယ်။ မင်း ဘာပြဿနာတွေနဲ့ ကြုံနေရလို့လဲ ”
” ဘာမှ ကြီးကြီးမားမားတော့ မဟုတ်ပါဘူး ပေါင်လဲ့ရာ။ ငါအခု ပြောမဲ့စကားကြောင့် မင်း အထင်လွဲသွားနိုင်တယ်ဆိုတာ ငါ နားလည်ပါတယ်။ ဒါပေမဲ့… ငါ ပြောမှ ရမှာမလို့ပါ။ ငါ ငါ့ရဲ့ ဝိညာဉ်ကွန်ရက်ဝေစုတွေထဲက တချို့တစ်ဝက်ကို မင်းရဲ့ကစားပွဲဝေစုတချို့နဲ့ လဲချင်လို့ကွာ ” ကျင့်သိုမင်မှာ ထိုသို့ဆိုလိုက်ပြီးနောက် ရှက်ကိုးရှက်ကန်းနှင့် ခေါင်းငုံ့သွား၏။
ဝမ်ပေါင်လဲ့မှာမူ နောက်ထပ်တစ်ကြိမ်ထပ်၍ နဖူးပွတ်မိသွားပြန်သည်။ ၎င်းမှာ သူ့အတွက် ပြဿနာတစ်ခု မဟုတ်ပေ။ သို့သော် သူသည် ထိုကိစ္စအား သူတစ်ယောက်တည်း ဆုံးဖြတ်ချက်ချနိုင်စွမ်းမရှိပေ။ ထို့ကြောင့် သူသည် တစ်ခဏမျှ တွေးတောလိုက်ပြီးနောက် ပညာသားပါပါဖြင့် ပြန်ပြောလိုက်၏ ” သိုမင်။ မင်း ဒီကိစ္စကို ရှဲ့ဟေးရန်နဲ့ ဆွေးနွေးသင့်တယ် ”
” ပေါင်လဲ့။ ငါ သူ့ရဲ့ ဂူဗိမာန်အထိသွားပြီးတော့ ရှဲ့ဟေးရန်ကို သွားရှာပြီးသွားပြီ။ ဘယ်သူမှမရှိဘူးကွ။ သူ့ရဲ့ ဂူဗိမာန်ကလည်း ပြောင်သလင်းခါလို့။ စစ်သင်္ဘောကြီး ပေါ်လာတဲ့နေ့တုန်းက သူပျောက်သွားတာလို့ တခြားသူတွေ ပြောနေတာ ငါကြားတာပဲ။ သူ အခုထိကို ပြန်ရောက်မလာသေးတာ… ” ကျင့်သိုမင်မှာ ကြံရာမရဖြစ်နေသည့် အမူအရာဖြင့် သက်ပြင်းချကာ ပြန်ပြောလိုက်၏။
” သူ့ရဲ့ ဂူဗိမာန်က ပြောင်သလင်းခါနေတာ ဟုတ်လား။ သူက ထပ်ပျောက်သွားပြန်တာလားဟ ” ဝမ်ပေါင်လဲ့မှာ ကြက်သေသေသွားရ၏။ သူသည် သူ၏ အသံလွှင့်လက်စွပ်ကို ချက်ချင်းထုတ်ယူကာ ရှဲ့ဟေးရန်ဆီသို့ အကြောင်းကြားစာတစ်စောင် ပေးပို့လိုက်သည်။ သို့သော် မည်သည့်အကြောင်းပြန်စာမှ ပြန်မရခဲ့ပေ။
ကျင့်သိုမင်မှာ ထိုမြင်ကွင်းအား မြင်လိုက်ရသဖြင့် မျက်လုံးများ အရောင်လက်သွား၏။ ထို့နောက် သူသည်ခေါင်းငုံ့၍သက်ပြင်းချကာ ဆိုလိုက်ပြန်သည်။
” ဟုတ်တယ်။ ဒီကောင်က ခဏခဏ ပျောက်ပျောက်သွားတာ။ ဒါနဲ့ဆိုရင် နှစ်ခေါက်ရှိပြီ ”
ဝမ်ပေါင်လဲ့မှာမူ အနည်းငယ်ခန့် ခေါင်းခဲလာရတော့သည်။ ရှဲ့ဟေးရန် ပျောက်သွားခဲ့သည့်အချိန်မှာ ထူးဆန်းလွန်းနေသည်ဟု သူက ခံစားနေရ၏။ ထို့ကြောင့် သူသည် ထိုကိစ္စအား စုံစမ်းရန် ဆုံးဖြတ်လိုက်ပြီးနောက် ကျင့်သိုမင်အား ထပ်၍ နှစ်သိမ့်လိုက်ပြန်သည်။
” သိုမင်။ မင်း ဘာမှ စိတ်ပူမနေနဲ့။ ရှဲ့ဟေးရန်ဆိုတဲ့ကောင်က တော်တော်လေးကို လျှို့ဝှက်ဆန်းကြယ်တာ။ သူ့မှာ လုပ်စရာကိစ္စလေးတွေ ပေါ်လာလို့ဖြစ်မှာပါ။ ငါ သူ့ကိုသွားရှာလိုက်မယ်။ မင်း သိပ်မကြာခင်မှာ အဖြေတစ်ခု ပြန်ရစေရမယ်ကွာ။ ဘယ်လိုလဲ ”
ထိုအခါ ကျင့်သိုမင်မှာ ရှုံ့မဲ့မဲ့ပြုံးကာ ခေါင်းညိတ်လိုက်၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့နှင့် စကားအနည်းငယ် ဆက်ပြောလိုက်ပြီးနောက် ထွက်ခွာသွားတော့သည်။
ကျင့်သိုမင် ထွက်ခွာသွားသောအခါမှ ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်သွားရ၏။ သူသည် ရှဲ့ဟေးရန် ပျောက်ကွယ်သွားသည့်အကြောင်းကို တွေတောနေရင်း ကျင့်သိုမင် ထွက်ခွာသွားသည်ဘက်သို့ လှမ်း၍ကြည့်မိလိုက်သည်။ ထို့နောက် သူ၏ မျက်လုံးများထဲတွင် သံသယစိတ်များ တဖြည်းဖြည်း ပေါ်ပေါက်လာရတော့သည်။ သူသည် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် သူ ထိုကဲ့သို့ သံသယဝင်လာရသည့် အကြောင်းအရင်းမှာ ရှဲ့ဟေးရန်အကြောင်းနှင့် ပတ်သတ်၍ ကျင့်သိုမင်ပြောခဲ့သည့် စကားများကြောင့်ဖြစ်ကြောင်း သိလိုက်ရတော့သည်။
” သူ့ရဲ့ ဂူဗိမာန်က ပြောင်သလင်းခါနေတာ ဟုတ်လား။ သူက ထပ်ပျောက်သွားပြန်တာလားဟ ”
” ဟုတ်တယ်။ ဒီကောင်က ခဏခဏ ပျောက်ပျောက်သွားတာ။ ဒါနဲ့ဆိုရင် နှစ်ခေါက်ရှိပြီ ”
ဝမ်ပေါင်လဲ့မှာ ထို အပြန်အလှန် ပြောစကားများကို ပြန်သတိရသွားသောအခါ ပို၍ပင် မျက်မှောင်ကြုတ်သွားရတော့သည်။ အကယ်၍ ကျင့်သိုမင်မှာ ရှဲ့ဟေးရန် ပထမဆုံးအကြိမ် ပျောက်ကွယ်သွားခဲ့သည်ကို မသိထားပါက ဝမ်ပေါင်လဲ့၏ စကားကို ကြားလိုက်ရသည့် အချိန်တွင် အံ့အားသင့်သွားခဲ့ရမည် မဟုတ်ပါလော။ သူသည် ဝမ်ပေါင်လဲ့အား ရှဲ့ဟေးရန် ခဏခဏ ပျောက်သွားတတ်သည့် အကျင့်အကြောင်း မေးခွန်းထုတ်ခဲ့ရမည် ဖြစ်သည်။
သို့သော် ကျင့်သိုမင် ပြန်ပြောခဲ့သည့် စကားအရဆိုလျှင် သူသည် ရှဲ့ဟေးရန် ပထမဆုံးအကြိမ် ပျောက်ကွယ်သွားခဲ့သည်ကို သိထားသည်ဖြစ်ကြောင်း ဝမ်ပေါင်လဲ့က ကောက်ချက်ချမိသွားတော့သည်။
” တစ်ခုခုတော့ လွဲနေပြီ။ ရှဲ့ဟေးရန် ကောင်းကင်တာအိုကျောင်းထဲမှာ ရှိနေခဲ့တာကို ကျင့်သိုမင်က ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ ” ဝမ်ပေါင်လဲ့မှာ ထိုသို့ ရေရွတ်မိလိုက်၏။ ကျင့်သိုမင်မှာ ရှဲ့ဟေးရန်အကြောင်း ဝမ်ပေါင်လဲ့အား မေးမြန်းခဲ့ဖူးပါသော်လည်း ဝမ်ပေါင်လဲ့မှာ ထိုအကြောင်းအား ထုတ်မပြောခဲ့ပေ။ အကယ်၍ ကျင့်သိုမင်မှာ ရှဲ့ဟေးရန်၏ နောက်ကြောင်းရာဇဝင်အား စုံစမ်းခဲ့လျှင်တောင် အမှန်အတိုင်း သိရှိနိုင်လောက်မည် မဟုတ်ပေ။ သူတို့မှာ ပြည်ထောင်စုကြီးထဲတွင် မဟုတ်ဘဲ ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပေါ်တွင် ရောက်နေသည်မဟုတ်ပါလော။
ထို့အပြင် သူသည် ရှဲ့ဟေးရန်အား အပြစ်မလုပ်မိစေရန် ကျင့်သိုမင်ကို သတိပေးခဲ့သေးသည်။ ထိုစဉ်တုန်းက ကျင့်သိုမင်၏ မျက်နှာအမူအရာကို သူက မှတ်မိနေဆဲပင်။ သို့ဖြစ်ရာ သူ ကျင့်သိုမင်အား နားလည်ထားသလောက်ဆိုလျှင် ကျင့်သိုမင်မှာ သူ၏ အကြံပေးချက်အား သေသေချာချာ လိုက်နာမှတ်သားခဲ့မည်သာ ဖြစ်သည်။ သူသည် လိမ္မာပါးနပ်သည့် လူတစ်ယောက်ဖြစ်ရာ ရှဲ့ဟေးရန်အကြောင်းအား တိတ်တဆိတ် စုံစမ်းခဲ့မည်မဟုတ်ပေ။ ထို့ကြောင့် ကျင့်သိုမင်မှာ ရှဲ့ဟေးရန်သည် ကျယ်ပြန့်တာအိုနန်းတော်၏ ဒေသခံတစ်ယောက်ဖြစ်သည်ဟုသာ တွေးထားလောက်ပေသည်။
ဝမ်ပေါင်လဲ့မှာ သံသယစိတ်များ ဝင်လာရပြီဖြစ်သည်။ သို့သော် ကျင့်သိုမင်မှာ အခြားသူများကို လိုက်လံမေးမြန်းထားခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။ တာအိုနန်းတော်ထဲတွင် ကောင်းကင်တာအိုကျောင်းထွက်ဟူ၍ သူတစ်ယောက်တည်းသာ ရှိနေသည် မဟုတ်ပေ။
” ငါ အစိုးရိမ်လွန်နေတာများလား ” ဝမ်ပေါင်လဲ့မှာ သူ၏နဖူးအားပွတ်ကာ ထိုကိစ္စကြီးအား မေ့ထားရန် ဆုံးဖြတ်လိုက်၏။ ထို့နောက် သူသည် ရှဲ့ဟေးရန် ပျောက်ကွယ်သွားသည့်အကြောင်းကို ထပ်၍ တွေးမိလိုက်သောအခါ သူ၏စိတ်ထဲ၌ နေမထိထိုင်မသာ ဖြစ်လာရတော့သည်။ ထို့ကြောင့် သူသည် မမလေးအား ချက်ချင်းပင် လှမ်းခေါ်လိုက်ပါသော်လည်း သူမဘက်မှ အကြောင်းမပြန်ခဲ့ပေ။
” သူ အိပ်နေပြန်ပြီလားဟ ” ဝမ်ပေါင်လဲ့မှာ မတ်တတ်ထလာပြီး အပြင်ဘက်ရှိ မှောင်မိုက်နေသော ကောင်းကင်ယံကြီးအား လှမ်းကြည့်လိုက်၏။ နောက်ဆုံးတွင် သူသည် မခံမရပ်နိုင်လောက်အောင် ဖြစ်လာရသောကြောင့် ဆင်းသက်ခြင်းကစားပွဲ ပါရှိသည့် ကျောက်စိမ်းပေလွှာအား ထုတ်ယူလိုက်တော့သည်။ သူသည် သူ၏နှလုံးသားထဲရှိ နေမထိထိုင်မသာ ဖြစ်နေသော ခံစားချက်ကြီးအား ဖြေဖျောက်နိုင်ရန် အလို့ငှာ ထိုကစားပွဲထဲသို့ ခေတ္တဝင်ရောက်ရန် ကြံရွယ်လိုက်၏။
သို့သော် သူ မည်မျှပင်ကြိုးစားစေကာမူ ထိုကစားပွဲကြီးအား လည်ပတ်နိုင်အောင် လုပ်ပေးထားသည့် နည်းစနစ်မှာ လုံးဝပျက်စီးသွားသည့်ပုံပင်။ သူသည် ထိုကစားပွဲထဲသို့ လုံးဝ ဝင်ရောက်၍မရတော့ပေ…