လုလျို၏အသံ ထွက်ပေါ်လာသည်နှင့် ဇူယွမ်၏ နှုတ်ခမ်းများက အနည်းငယ် တုန်ယင်သွားသည်။ ထိုအပြာရောင်ဝတ်ရုံနှင့် လူကတကယ် ဓားအင်ပါယာကလား။ ထို့အပြင် ဇူယွမ်က သူ၏ အတိတ်က အောင်မြင်မှုများကို ကြားဖူးပြီးဖြစ်၏။ သူက ကန်မင်ကုန်းမြေ၏ လူငယ်မျိုးဆက်များထဲ၌ ထိပ်ဆုံးက ရပ်တည်နိုင်သည်ကို လွယ်ကူစွာ ပြောနိုင်ပေသည်။
တကယ်တော့ သူက ဝူယောင်နှင့်ယှဉ်လျင် နည်းနည်းလေးတောင် အားနည်းခြင်း မရှိပေ။ ဇူယွမ်က ထိုကဲ့သို့သော အကျော်ဇေယျ နှင့် အမှန်တကယ် ဆုံတွေ့ရလိမ့်မည်ဟု စိတ်ပင်မကူးမိပေ။
အပြာရောင်ဝတ်ရုံနှင့် လူငယ်က ခဏတာ တုန့်ဆိုင်းသွားပြီး သူ၏မျက်လုံးကို ဖုံးထားသည့် အမည်းရောင် အဝတ်စကို ဖယ်လိုက်ကာ လုလျို့ကိုဦးတည် ကြည့်လိုက်၍ အေးဆက်သည့် အသံဖြင့် ပြန်ပြောလိုက်သည်။
“ငါလည်း သားရဲတစ်ထောင် တိုင်းပြည်ရဲ့ အရှင်သခင်မလေးနဲ့ တွေ့ဆုံရလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်မိဘူး …”
ဇူယွမ်က နားလည် သွားပါသည်။ လုလျိုက သူ့ကို သားရဲတစ်ထောင် အင်ပါယာ၏ မြို့စားအဖြစ် ပေးသည်က အံ့သြစရာ မရှိတော့ပါဘူး။ တကယ်တော့ သူမက အရှင်သခင်မလေး တစ်ယောက်ပင်။ ထိုနှစ်ယောက်သည် ကန်မင်ကုန်းမြေကြီး၏ လူငယ် မျိုးဆက်တွေထဲ၌ ထိပ်ဆုံး အလွှာမှာ ရှိနေသူများ ဖြစ်သည်။
ရုတ်တရက် အပြာရောင်ဝတ်ရုံနှင့်လူက ယောင်ယောင်ကို လှည့်ကြည့် လိုက်၏။ သူ၏ မထုံတက်သေး မျက်နှာပေါ်၌ လေးစားမှု အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“မင်းခန္ဓာကိုယ်က မူလချီ လုံးဝမရှိတာတောင်မှ မင်းက အရမ်းအန္တရာယ် ရှိတယ်လို့ ငါခံစားမိနေတယ် …”
ဇူယွမ်က မျက်ခုံး လှုပ်မိသွားသည်။ သည်လူက မျက်လုံးကန်းနေပေမဲ့ အခြား လူတွေထက် ရှင်းလင်းစွာ မြင်နိုင်ပေသည်။ သာမန်လူ တစ်ယောက်သည် ယောင်ယောင်က အမှန်တကယ် မည်မျှ အန္တရာယ်ရှိသည်ကို မသိရှိနိုင်ကြချေ။ ယောင်ယောင်ကတော့ သူ့လက်ထဲက အသားကင်ကိုသာ တစ်ကိုက်ပြီး တစ်ကိုက် အေးဆေးစွာ စားနေပြီး အပြာရောင်ဝတ်ရုံနှင့် လူငယ်၏ စကားကို အာရုံမစိုက်ပေ။
အန်…ဒီမူလသားရဲ…။ လူငယ်က ထန်ထန်ကို ကြည့်လိုက်ပြန်သည်။ ထန်ထန်က ခုနက အနားမှာ မရှိသော်လည်း သူ၏ အသားကင်ကို ထပ်မံ လိုက်ရှာဖွေရင်း လူငယ်နှင့် မျက်နှာချင်း ဆိုင်မိသည်။ နောက်ဆုံးတွင် လူငယ်၏ အကြည့်က ဇူယွမ်ထံ ရောက်လာပြီး အလေးအနက် ပြောလိုက်သည်။
“မင်း တစ်ယောက်တည်း အားနည်တဲ့ပုံပဲ…”
ဇူယွမ်က မျက်နှာရှုံမဲ့သွားကာ ပြောလိုက်သည်။
“မင်းက အသားကင်ကို ငြိမ်းငြိမ်းချမ်းချမ်း မစားချင်ဘူးလား…။ ဘာလို့ စကားတွေ အများကြီး ပြောနေတာလဲ …”
ထိုအခါ အပြာရောင်ဝတ်ရုံနှင့် လူငယ်က တိတ်ဆိတ်သွား၏။ နောက်တော့ သူက သူ၏ ပေကျံနေသော လက်များဖြင့်ပင် အသားကင်ကိုကိုင်ကာ အငမ်းမရ စားလိုက်သည်။ နောက်ဆုံး လက်ကျန် အသားအနည်းငယ်ကို စားလိုက်ပြီး နောက်မှာတော့ သူက ကျေနပ်သွား၏။ သူက ခေါင်းမော့လိုက်ကာ ဇူယွမ်ကို ကြည့်လိုက်သည်။
“ကျေးဇူးတင်ပါတယ်…။ ငါမင်းရဲ့ ဒီကြင်နာမှုအတွက် ပြန်ပေးဆပ်မှာပါ”
ဇူယွမ်က တည်တည်ငြိမ်ငြိမ်ပဲ လက်ပြလိုက်သည်။
ခွဲခွာကြစို့…။
လူငယ်က မည်သည့်စကားမျှ ထပ်မပြောတော့ပေ။ သူက ဇူယွမ်ကို ကျေးဇူးတင်ကြောင်း ပြောပြီးသည်နှင့် ဟိုဘက်လှည့်ကာ ထွက်ခွာသွားတော့သည်။ သူက ဘေးပတ်ဝန်းကျင်မှာ ရှိသော ချုံပုတ်များကိုပင် ထိမိခြင်း မရှိဘဲ တန်းတန်းမတ်မတ် ထွက်သွားသည်။
ဇူယွမ်က ထိုအတွက် ချီးကျူးမိသည်။ ရုတ်တရက် သူက လှမ်းအော်လိုက်သည်။
“မင်းကော သူတော်စင် အကြွင်းအကျန်မြို့ကို သွားမှာမလား…”
အပြာရောင် ဝတ်ရုံနှင့်လူငယ်က ခေါင်းအနည်းငယ် ညိတ်လိုက်သော်လည်း သူက ရပ်တန့်ခြင်း မရှိပေ။ ဇူယွမ်က မေးလိုက်သည်။
“ငါတို့အတူ သွားကြမလား…”
လူငယ်က ခေါင်းရမ်းလိုက်ကာ ပြောလိုက်သည်။
“ငါက တစ်ယောက်တည်း နေသားကျနေပြီ …”
“အို … ဟုတ်ပါပြီ”
ဇူယွမ်က ခေါင်းညိတ်လိုက်သည်။
“ငါက မင်းဦးတည် နေတဲ့နေရာ မှားနေပြီလို့ ပြောချင်လို့ပါ။ သူတော်စင် အကြွင်းအကျန်မြို့က ဒီဘက်မှာ …”
ဇူယွမ်က တစ်နေရာကို လက်ညှိုး ထိုးပြလိုက်သည်။
အပြာရောင် ဝတ်ရုံနှင့်လူငယ်က သူ့ခြေလှမ်းများကို ရပ်လိုက်၏။ ထိုအခါ လေထုက ကသိကအောက်ကြီး ထပ်ဖြစ် ပြန်သည်။ သူက အချိန်တစ်ခုကြာ တိတ်ဆိတ်သွားပြီး နောက်ဆုံးတော့ ဇူယွမ်ညွှန်ပြသည့် ဦးတည်ရာကို လျင်မြန်စွာပင် ထွက်ခွာသွားသည်။ ခဏ အကြာမှာပင် သူက မြင်ကွင်းမှ ပျောက်ကွယ်သွား၏။ သူ၏ ကျောဘက်၌ ဝမ်းနည်းမှု၊ အထီးကျန်မှု ပုံရိပ်တို့က ပေါ်လွင်နေသည်။
ဇူယွမ်က ထိုပျောက်ကွယ်သွားသော မြင်ကွင်းအား ကြည့်ကာ ငိုရမလား၊ ရယ်ရမလား မသိတော့ပေ။
“ဒီလူငယ်က မမြင်ရဘဲနဲ့ ဓားအင်ပါယာကနေ ဘယ်လိုများ ဒီနေရာထိ လမ်းလျှောက် လာခဲ့တာလဲ…”
လုလျိုက ထိုလူငယ် ထွက်ခွာသွားသည်ကို ကြည့်လိုက်ပြီး မှတ်ချက်ပြုသည်။
“မျက်မမြင်ဓားက အစကထက် ပိုသန်မာလာပုံပဲ …၊ သူက မူလစဦးအဆင့်ကို ရောက်လုနီးနီး ဖြစ်နေပြီ …”
“သူက ကောင်းကင် တံခါးအဆင့် ထိပ်ဆုံးမှာတည်းက မူလစဦး အဆင့် ကျွမ်းကျင်သူ တစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့တယ်။ သူက အခုဆို မူလ စဦးအဆင့်ကို ရောက်လုနီး ဖြစ်နေတဲ့ အတွက် ဘယ်လောက် သန်မာလာလဲ ဆိုတာ ငါတကယ် သိချင်မိတယ်…”
လုလျိုက ပြောလိုက်သည်။
“ငါက ငါ့ရဲ့ နှင်းခဲလေး အကူအညီနဲ့ နှစ်ယောက်ပေါင်း တိုက်တာတောင်မှ သူကို မနိုင်မှာ စိုးမိတယ်…”
ဇူယွမ်က အသိအမှတ် ပြုလိုက်မိသည်။ သည်အပြာရောင်ဝတ်ရုံနှင့် လူငယ်က အမှန်ပင် အထင်ကြီးလေးစားဖွယ် ကောင်းသည်။ ဇူယွမ်က သူ၏ ကြောက်မက်ဖွယ် ကောင်းသည့် ကိုယ်ယောင်ကိုယ်ဝါကို ခံစားမိကာ အခုလက်ရှိမှာတော့ သူက ထိုလူငယ်၏ ပြိုင်ဘက် မဖြစ်နိုင်သည်ကို နားလည်ပေသည်။
အဆုံးမှာတော့ လွန်ခဲ့သော နှစ်နှစ်ကမှ သူ၏ စွမ်းအားကျင့်ကြံသည့် သွေးကြောများ ပြန်လည်ပွင့်လာခြင်းက ဇူယွမ်နှင့် အခြား အထက်တန်း ပါရမီရှင်များကြား ကွာဟမှုကို ဖြစ်စေ၏။ သို့ရာတွင် သူက ထိုကွာခြားမှုကို လျော့နည်းအောင် လုပ်လာနိုင်မည်ကို ယုံကြည်မှုရှိ၏။
ယောင်ယောင်က သူမ၏ နီရဲရဲ နှုတ်ခမ်းလေးကို သပ်လိုက်ကာ ဇူယွမ်ကို ကြည့်လိုက်သည်။
“ဝူယောင်ကလည်း သူနဲ့ အဆင့်တူတူပဲ မလား။ ဒါက မင်းအတွက် အတော်လေး အန္တရာယ်ရှိတယ် …”
လုလျိုက အံ့သြစွာ ကြားဖြတ် ပြောလိုက်သည်။
“အား … အစ်ကိုငယ်လေး ဝူယောင်က နင့်ရဲ့ရန်သူလား …”
ထို့နောက် သူမ၏ မျက်လုံးရွှဲကြီးများဖြင့် ဇူယွမ်ကို ကြည့်၍ စိုးရိမ်စွာ ပြောသည်။ ဒါက မင်းအတွက် လွန်လွန်းတယ်။ မင်းကို ဘယ်လိုမှ မနိုင်ဘူး။ ဒီမွန်းစတားကောင်က တကယ်သန်မာတယ်။ ဓားအင်ပါယာနဲ့ ကြီးကျယ်သော ဝူအင်ပါယာ စစ်ဖြစ်တော့ ဝူယောင်နဲ့ မျက်မမြင်ဓားတို့က ရင်ဆိုင်ဖူးကြတယ်။ ဇယွမ်က သိချင်စွာ မေးလိုက်မိသည်။
“ဘယ်သူနိုင်သွားလဲ”
လုလျိုက ပြုံးဖြီးဖြီး ပြောလိုက်သည်။
“ဘယ်သူမှမနိုင်ဘူး…။ သူတို့က တစ်ဖက်စီရဲ့ မူလ စဦးအဆင့် တစ်ယောက်စီကို သတ်ဖြတ်ကာ သူတို့ရဲ့ မကျေနပ်မှုတွေကို ဖော်ပြခဲ့ကြတယ် …”
ဇူယွမ်က မူလစဦး အဆင့်နှစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့သည့် အတွက် သူတို့ကို ချီးကျူးမိလေသည်။
လုလျိုက ထပ်မံမှတ်ချက်ပြုသည်။
“ဒါ့ကြောင့် အစ်ကိုငယ်လေးက ဝူယောင်နဲ့ တွေ့ဆုံခဲ့ရင် မြန်မြန်ပြေးတာ အကောင်းဆုံး ဖြစ်လိမ့်မယ် …”
ဇူယွမ်က ပါးစပ်ရွဲ့လိုက်၏။ ဝူယောင်က အမှန်ပင် သန်မာလှသော်လည်း သူက ကောင်းကင်တံခါး ထိပ်ဆုံးအဆင့်နှင့် စိတ်ဝိညာဉ် ဖွဲ့စည်းခြင်း ထိပ်ဆုံးအဆင့်ကို ရောက်ရှိနိုင်မယ် ဆိုရင် သူ့တိုက်ပွဲဝင် စွမ်းအားက နောက်ပိုင်းတွင် အားနည်းမှာ မဟုတ်တော့ပေ။
သို့သော်လုလျို၏ စကားများကို ကြားပြီးနောက်မှာ ဇူယွမ်က စိုးရိမ်ပူပန်မှုတော့ ဖြစ်မိသည်။ သူက သည်အခြေအနေ နှစ်ခုလုံးထဲက တစ်ခုကိုပင် မဖြည့်စွမ်း နိုင်သေးချေ။
ဇူယွမ်က ပြောလိုက်သည်။
“ငါတို့မြန်မြန် သွားကြစို့”
ယောင်ယောင်နှင့် လုလျိုတို့ကလည်း ဘာကြောင့်မှ ငြင်းစရာ မရှိပေ။ ထို့ကြောင့် သူတို့က အနည်းငယ် အနားယူပြီး ချက်ချင်း ထွက်ခွာသည်။
နောက်ရက်တွေမှာလည်း သူတို့က ခရီးတစ်ထောက်ပင် ကြာကြာ မနားတော့ဘဲ ခပ်မြန်မြန် သွားကြ၏။ ထို့ကြောင့် သူတို့က ပန်းတိုင်နှင့် တဖြည်းဖြည်း နီးလို့လာသည်။ သို့သော် သူတို့က တောင်တန်းကနေ ထွက်ခွာလောတော့ ရုတ်တရက် ယောင်ယောင်က အခြားနှစ်ယောက်ကို စောင့်ခိုင်းကာ သူမက တောထဲသို့ ပြန်ဝင်သွားသည်။
ဇူယွမ်နှင့်လုလျိုတို့က ပဟေဠိဖြစ်ဟန် အကြည့်ချင်း ဖလှယ်လိုက်မိသည်။ ခဏ အကြာမှာ တောထဲကနေ အဖြူရောင် အင်္ကျီနှင့် အလွန် ချောမောသော လူငယ်တစ်ယောက် ထွက်ပေါ်လာသည်ကို တွေ့လိုက်ရ၏။ ထိုမြင်ကွင်းက သူတို့၏ မျက်လုံးသူငယ်အိမ်ကို ပြူးကျယ်ကာ ရှေ့သို့ ကျွတ်ကြတော့မလို ဖြစ်စေသည်။
အဘယ်ကြောင့်ဆိုသော် သူတို့ရှေ့ရှိ တစ်ယောက်သည် အရပ်ရှည်ကာ ပိန်သွယ်ပြီး အလွန် ချောမောလှပသော ပုံရိပ်တစ်ခု ဖြစ်နေခြင်းကြောင့်ပင် ဖြစ်သည်။ ယောင်ယောင်က မိန်းမပျိုလေး အဖြစ်မှ နှိုင်းလို့မရအောင် ချောမောသော လူငယ် တစ်ယောက် အဖြစ်သို့ ပြောင်းလဲသွား၏။
“ဘာလို့ အဲဒီလို လုပ်တာလဲ…”
ဇူယွမ်က သူ့ခေါင်းဟာ မြူတွေထဲမှာ ပျောက်ကွယ် သွားသလိုခံစားမိ၏။ ယောင်ယောင်က အေးအေးဆေးဆေး ရှင်းပြသည်။
“မိန်းကလေး တစ်ယောက်ပုံစံနဲ့ ဆိုရင် လူအများရဲ့ အာရုံစိုက်မှုကို ခံရပြီး မလိုဘဲ ပြဿနာတွေ ဖြစ်မှာစိုးလို့လေ…”
ဂူမြို့မှာတုန်းက သူမ၏ အလှကြောင့် ဂူလန်လို စိတ်အနှောင့်အယှက် ဖြစ်စရာကောင်ကို ကြုံခဲ့ရပေပြီ။ သူတို့က အဆုံးမှာ အနိုင်ရခဲ့သော်လည်း ယောင်ယောင်၏ မျက်လုံးထဲ၌ မကျေနပ်မှုကို တွေ့ရ၏။ ထို့ကြောင့် သူမက ယောက်ျားလေးအဖြစ် ရုပ်ဖျက်ထားခြင်း ဖြစ်သည်။
အရမ်းချောတာပဲ …။ လုလျို၏ မျက်လုံးများထဲ၌ အလင်းတချို့ ဖြတ်ပြေးသွားသည်။ ယောင်ယောင်က အလွန်ချောမောနေသည့် အတွက် သူမ၏ လျှို့ဝှက်ချက်ကိုသာ မသိဘူးဆိုလျှင် လုလျိုက ရင်ခုန်မိပေမည်။
ဇူယွမ်က ခေါင်းကိုက်သလို ခံစားလိုက်ရ၏။ သူက သူ့ကိုယ်သူ တော်တော်လေး ချောမောသည့်ကောင်လို့ ထင်ထားသော်လည်း ယောင်ယောင်၏ အခုလက်ရှိနှင့် ယှဉ်လျှင် သူမ၏ ချောမောမှုက သူ့ကို ဖိနှိပ်ထားလေသည်။
ယောင်ယောင်က ယပ်တောင်တစ်ခုကို ထုတ်လိုက်ပြီး ပြီးပြည့်စုံသော လူငယ် တစ်ယောက်ကဲ့သို့ ပြုမူသည်။
“ငါက နင့်အတွက် ထန်ထန်ကို ငှားလိုက်မယ် …။ ယောက်ျားတစ်ယောက် အနေနဲ့ ဒီကောင်လေးကို သယ်ထားရတာ ကြည့်ရဆိုးတယ် …”
ယောင်ယောင်က ထန်ထန်ကို အပြစ်ကင်းစွာ ကြည့်လိုက်ပြီး ဇူယွမ်ထံ ပစ်ပေးလိုက်လေသည်။ ဇူယွမ်က ထန်ထန်ကို ကိုင်ထားရင်း မျက်နှာ မည်းမှောင်လို့ သွားသည်။
“တကယ်တော့ ငါက ယောက်ျား စစ်စစ်လေ…။ ထန်ထန်ကို ငါသယ်လာရင်တော့ ကြည့်ကောင်းတယ်လို့ တွေးနေတာလား”
သို့သော် ယောင်ယောင်က သူပြောသည်ကို ဂရုမစိုက်ဘဲ လက်ရမ်း ပြလိုက်သည်။ သွားကြစို့ …။ ဇူယွမ်က ယောင်ယောင်၏ ကျောကို ကြည့်လိုက်ရင်း သက်ပြင်း အရှည်ကြီး ချလိုက်မိသည်။ သူက ထန်ထန်ကို ပခုံးပေါ် တင်လိုက်ပြီး နောက်ကနေ အမြန်လိုက်ရတော့သည်။ ထူထပ်သော တောထဲမှ ထွက်လာပြီးနောက် သူတို့ ရှေ့ရှိ မြင်ကွင်းသည် ပိုမို၍ ကျယ်ပြန့် လာသည်။
သူတို့ရှေ့ရှိ အကွာအဝေး တစ်ခုတွင် ကြီးမားလှသည့် မြို့ကြီးတစ်မြို့ တည်ရှိနေပြီး အလွန် ကြီးမားလွန်းသည့် မူလည မှော်စာလုံး အစီအရင်ကြီးက မြို့ကို အမိုးသဖွယ် ဖုံးအုပ်ထား၏။ ဇူယွမ်က ဤကဲ့သို့သော မြင်ကွင်းအား အံ့သြမိပြီး အသက်ပြင်းပြင်း ရှုမိသည်။ သူ့မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှုကြောင့် အရောင် တောက်လာလေ၏။ ဒါကတော့ သူတော်စင် အကြွင်းအကျန် နယ်မြေ၏ အနီးဆုံးမြို့ကြီး ဖြစ်သည်။
ဤနေရာက ကန်မင် ကုန်းမြေကြီး၏ မရေမတွက်နိုင်သော ဂုဏ်ယူရသည့် ပါရမီရှင်များ ကို တစ်နေရာထဲ၌ လာရောက် တွေ့ဆုံစေသည့် နေရာ ဖြစ်လေ၏။