အခန်း ( ၅၂ )

အလုပ်များကိုပစ်၍ ဤနေရာသို့ လာခဲ့ပေးသော ကောင်းကင်ပြစ်ဒဏ်ကြီးအား ကျေးဇူးအထူးတင်ပါသည်

အာဒိကပ္ပလောကသည် အမှန်ပင် ကြောက်စရာကောင်း၏။

ခေါင်းလောင်းသံ တဒေါင်ဒေါင်ကြား၌ အောင်းရိသည် (၁၀)ကျန့်ရှည်ကာ ကြီးကျယ်ခမ်းနားသောခုတင်ကြီး၏ ဘေးအစွန်တွင် ထိုင်နေလေသည်။ သူ၏ လက်နှစ်ဖက်လုံးသည် တုန်ခါနေသဖြင့် လက်အတွင်း ကိုင်ထားသော အားဖြည့်လက်ဖက်ရည်သည် ဘေးသို့ဖိတ်ကျနေကာ နည်းနည်းသာသောက်ဖြစ်၏။

သူသည် တုန်လှုပ်နေ၏။ သူ၏တစ်ကိုယ်လုံး တုန်ရီနေ၏။

သူ တုန်လှုပ်နေရသောအကြောင်းမှာ သူ့ရှေ့တွင် ထိုင်နေသော သူ၏မယ်တော်၊ လိပ်ဘိုးဘိုးနှင့် နဂါးမျိုးနွယ်မှ ဦးရီးတော်များကို ကြောက်၍မဟုတ်ပေ။ သူအပြစ်ပေးခံရမည်ကိုလည်း မမှုချေ။

သူသည် လွန်ခဲ့သော (၁၁)နှစ်၊ (၁၂)လောက်ကမှ ဥအတွင်းက ထွက်လာသော်လည်း သူ၏စိတ်သည် ခိုင်မာသည်ဟု သူ ယုံကြည်သည်။

သူ့အား ကျဲကျောင်းတော်မှ ဂိုဏ်းတစ်ဂိုဏ်းဖြစ်သော မြောက်သမုဒ္ဒရာရှိ ရွှေနတ်လိပ်ကျွန်းသို့ မပို့မီကပင် ရေခဲတိုက်တွင် သုံးလမျှ အနှိပ်စက်ခံခဲ့ရသည်။ ထိုအခါကပင် သူ အရှုံးမပေးခဲ့ပေ။

သို့သော် ယခုတွင် တုန်လှုပ်နေခြင်းကို သူ ထိန်းချုပ်၍ မရချေ။

အောင်းရိသည် သူ၏ခန္ဓာကိုယ်ထဲတွင် အားတစ်စက်မျှမရှိဘဲ သူ စိတ်ဒဏ်ရာတစ်ခုရခဲ့ကြောင်း အာရုံခံမိလိုက်သည်။ ထိုစိတ်ဒဏ်ရာသည် သူတုန်လှုပ်နေရခြင်း၏ အကြောင်းရင်းဖြစ်သည်။

ထိုစိတ်ဒဏ်ရာသည် အေးစက်စက်မျက်နှာထားနှင့် လူသား တာအိုရသေ့အိုကြီးကြောင့်ပင်။

‘ ဘာလို့ လူသားမျိုးနွယ်က ဒီလောက် ဉာဏ်များရတာလဲ ’
အောင်းရိသည် ထိုတိုက်ပွဲကို စဉ်းစားမိသွားသောအခါ ပို၍ပင် တုန်လှုပ်သွား၏။

သူ၏မယ်တော်သည် သူ့ကိုဆေးစစ်ပေးရန် နဂါးအိုကြီးတချို့ကို တိုက်တွန်းခဲ့၏။ သို့သော် အရက်အလွန်အကျွံသောက်မိသည်ဟူသော အချက်မှလွဲ၍ မည်သည့်ရောဂါမှ ရှာမရပေ။

အောင်းရိ၏လည်ဇလုတ်လေးသည် တုန်ခါနေပြီး အဖိုးတန် ဝိညာဉ်ဆေးမြစ်များဖြင့် ပြုလုပ်ထားသော အားဖြည့်လက်ဖက်ရည်ကို သူ နောက်တစ်ငုံထပ်သောက်လိုက်သည်။ သို့သော် ထိုလက်ဖက်ရည်များသည် ပြန်အန်ထွက်သွားပြီး သီးသွား၏။

အမျိုးသမီးအစေခံတချို့သည် ကူညီပေးရန် အပြေးရောက်လာသော်လည်း အောင်းရိသည် ထိတ်လန့်မှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် အလန့်တကြား အော်ဟစ်လိုက်သည်။
“ အနားကို ကပ်မလာနဲ့နော် … မင်းတို့ ငါ့ကို ဘာလုပ်မလို့လဲ ”

နုနယ်ပျိုမြစ်သော အမျိုးသမီးအစေခံလေးများသည် အလျင်အမြန် ဦးညွှတ်လိုက်ပြီး ခွင့်လွတ်ပေးရန် ပြောကာ နောက်သို့ အမြန် ပြန်ဆုတ်လိုက်ရသည်။

အောင်းရိသည် အသက်ပြင်းပြင်းရှူလိုက်ပြီး နဖူးပေါ်လက်တင်လိုက်၏။ တဆတ်ဆတ် တုန်ခါနေသော သူ၏ခန္ဓာကိုယ်သည် တဖြည်းဖြည်း ပြန်၍တည်ငြိမ်လာလေသည်။
“ ကျွန်တော့်ကို တစ်ယောက်ထဲပဲ ထားခဲ့ကြပါ။ အနားကို ကပ်မလာကြပါနဲ့ ”

“ သားတော်… ”
ကြော့ရှင်း၍ သိမ်မွေ့သော သူ၏မယ်တော်သည် စိုးရိမ်တကြီး ပြောလိုက်သည်။
“ သားတော် ဘာတွေများဖြစ်နေတာလဲ ”

အောင်းရိသည် အရောင်လက်နေသော ကျောက်စိမ်းဖြူခွက်လေးကို ဖြည်းဖြည်းချင်း သူ၏ဘေးတွင် ချလိုက်သည်။ သူ၏လက်သည် တုန်ရီနေသည်ဖြစ်ရာ ထိုတန်ဖိုးကြီးခွက်လေးသည် ကျောက်စိမ်းကြမ်းပြင်ပေါ်သို့ ကျကွဲသွားလေ၏။

သူသည် လက်နှစ်ဖက်လုံးဖြင့် နဖူးကိုဖိလိုက်ပြီး ကြောက်ရွံ့တုန်လှုပ်နေသည်ကို မေ့ပျောက်‌အောင် ကြိုးစားလိုက်သည်။

အကြောက်တရားကို အောင်နိုင်မည့် တစ်ခုတည်းသောနည်းလမ်းသည် ထိပ်တိုက်ရင်ဆိုင်ခြင်းပင်။

‘ အားအင်မဲ့နတ်ဆေး…. စွမ်းအားကြီးတဲ့ အားအင်မဲ့နတ်ဆေး…. ’
အောင်းရိသည် သူ့ခေါင်းပေါ်သို့ကျလာသော ကြီးမားသည့်ပိုက်ကွန်ကြီးကို ပြန်စဉ်းစားလိုက်သည်။ ထိုပိုက်ကွန်ကြီးကြောင့် သူ ပို၍မူးဝေသွားကာ နောက်ဆုံးတွင် သတိလစ်သွားခဲ့ခြင်းဖြစ်၏။

သို့သော် သူ၏ခန္ဓာကိုယ်နှင့် သွေးကြောများထဲတွင် မှတ်ဉာဏ်များ၊ ခံစားမှုများ ကျန်နေသေးသည်။

သတိလစ်နေစဉ် သူသည် အူအသည်းများ အထုတ်ခံထားရသော ငါးခြောက်တစ်ကောင်ကဲ့သို့ပင်။ သူ၏ ခန္ဓာကိုယ် အတွင်းအပြင်အနှံ့ကို ပင်လယ်ရေများဖြင့် ဆေးကြောခံခဲ့ရသည်။

ထို့နောက် သူ့ကို ဆပ်ပြာမှုန့်အလွှာတစ်လွှာဖြင့် အုပ်ကာ ထပ်၍ ဆေးကြောခံခဲ့ရ၏။

ထိုသို့ဆေးကြောနေခံနေရစဉ်အတွင်း လက်ဖဝါးရှစ်ဖက်သည် သူ့အား အဆက်မပြတ် ထုရိုက်နေပြီး အတတ်ပေါင်းစုံကို သုံးနေခဲ့၏။ ထိုသို့လုပ်ခြင်းသည် နဂါးနန်းတော်မှ စားတော်ကဲကြီးက နှင်းပွင့်ဦးချိုနတ်နွား၏ အသားများကို ပို၍ကောင်းမွန်လာအောင် ထုရိုက်နေပုံနှင့် ဆင်လေသည်။

အောင်းရိ သတိလစ်နေစဉ်တွင် မိစ္ဆာတစ်ကောင်နှင့်တူသော လူသားတစ်ယောက်၏ စားသောက်ခြင်းကို ခံရတော့မည့်ပမာ ခံစားခဲ့ရ၏။

ထို့ပြင် သူ၏ နဂါးအသားများကို တစ်လက်မ မကျန် ကြော်၍တစ်မျိုး၊ ပါးပါးလှီးကာ အကြွပ်ကြော်၍ တစ်ဖုံ၊ နှပ်၍တစ်မျိုးဖြင့် နည်းလမ်းပေါင်းစုံသုံးကာ ချက်ပြုတ်ကြော်လှော် ခံရတော့မည်ဟု ထင်ခဲ့မိသည်။

ထိုသို့ အသားကို ပြင်ဆင်ခြင်းအမှုအား အကြိမ်ဒါဇင်ပေါင်းများစွာ ထပ်ကာထပ်ကာ ပြုလုပ်ခဲ့၏။

အကြိမ်ဒါဇင်ပေါင်းများစွာ…

ထိုတာအိုရသေ့အိုကြီးသည် လူသားမဖြစ်နိုင်။ ရက်စက်ကြမ်းကြုတ်သော နဂါးစား သားရဲတစ်ကောင် ဖြစ်ရပေမည်။

မဟုတ်သေး။ ယင်းသည်ပင် လူသားမျိုးနွယ်၏ သရုပ်မှန်ဖြစ်နိုင်သည်။

မေ့မြောနေသော နှစ်ပတ်အတွင်း အောင်းရိသည် အိပ်မက်အတွင်း ထိုအဖြစ်အပျက်ကို ထပ်ကာထပ်ကာ ပြန်ခံစားခဲ့ရသည်။ နိုးလာ၍ သူ့မယ်တော်ကို တွေ့သောအခါ သူ အိပ်မက်မက်နေခြင်းသာဖြစ်ရမည် ဖြစ်ပြီး သူခံစားခဲ့ရသည်မှာ နဂါးဥအတွင်းမှမထွက်မီ မက်ခဲ့သလိုမျိုး အိပ်မက်ဆိုးတစ်ခုသာ ဖြစ်သည်ဟု ထင်လိုက်သည်။

သို့သော် ထိုအခြင်းအရာသည် အိပ်မက်ဆိုးမဟုတ်။
‘ လူသားမျိုးနွယ်က နဂါးမျိုးနွယ်ကို အဲဒီလိုမျိုးတိုက်ခိုက်တာလား ’

‘ အဲဒါကြောင့် နဂါးမျိုးနွယ်က လူသားမျိုးနွယ်နဲ့ ထိပ်တိုက်စစ်မဖြစ်ရဲတာလား ’

‘ နဂါးမျိုးနွယ် လုံးဝနိုင်မှာမဟုတ်ဘူး… လုံးဝပဲ ’
တာအိုရသေ့အိုကြီး၏ ကိုယ်ရောင်ကိုယ်ဝါသည် အောင်းရိထက်ပင် အားနည်းပေလိမ့်မည်။ သို့သော် ထိုရသေ့အိုသည် သူ့ကို ဤသို့ဖြစ်သွားအောင် လုပ်နိုင်၏။

သူကဲ့သို့ နဂါးမင်းသားလေးကိုပင် ဤသို့ဖြစ်သွားအောင် လုပ်နိုင်၏။

ထို့နောက် သူ၏ ဦးရီးတော်နှစ်ဦး ဘေးတွင် စကားပြောနေသည်ကို ကြားလိုက်ရသည်။
“ ကာကွယ်ရေးနဂါးအကြေးခွံက ပွင့်နေတယ်။ အဲဒါကြောင့် အဲဒီလူ့မိစ္ဆာက တူလေးအောင်းရိကို မသတ်ဘဲ အရက်တွေပဲ နင်းကန်တိုက်လိုက်တာ။ ဘာလို့ အဲဒီလူက ကျေးဇူးတင်တဲ့အနေနဲ့ပေးမယ့် ရတနာတွေကို လာမယူရသေးတာလဲ ”

“ ကြည့်ရတာ ငါတို့က ကတိမတည်မှာစိုးလို့နဲ့တူတယ်။ ဒါပေမဲ့ စည်းမျဉ်းအရဆို သူ့ကို ကျေးဇူးတင်ရမှာပဲ ”

‘ ဘ…ဘာ… နဂါးနန်းတော်က အဲဒီရက်စက်ကြမ်းကြုတ်တဲ့ နဂါးစားလူသားကို ကျေးဇူးတင်ရမယ် ဟုတ်လား ’
အောင်းရိ ဒယိမ်းဒယိုင်ဖြင့် ထရပ်လိုက်သည်။ သူ စကားပြောရန် ဟန်ပြင်လိုက်စဉ် သူ့မျက်လုံးများထဲတွင် ရေအောက်ကြမ်းပြင်တွင် သူ့ကို ဖိထားကာ သမုဒ္ဒရာရေဖြင့် အကြိမ်ကြိမ် ဆေးကြောနေသော တာအိုရသေ့အိုကြီး၏ ပုံရိပ်များ ထပ်၍ပေါ်လာ၏။

ထိုသို့ပင်လျှင် နဂါးနန်းတော်သည် အနှီလူ့မိစ္ဆာကို ကျေးဇူးတင်ချင်နေသေးသလော။

ထိုသည်ပင် ယင်းတာအိုရသေ့အိုကြီး၏ အကြံအစဉ်ပေလော။

လူသားကျင့်ကြံသူတိုင်းသည် နဂါးဘုရင်၏ သွေးသားဖြစ်သော သူကဲ့သို့ နဂါးမင်းသားကို အလွယ်တကူ အနိုင်ယူနိုင်လေသလော။

အောင်းရိ၏ ခြေထောက်များ ချိနဲ့သွားသည်။ သူသည် ခုတင်အစွန်း၌ ပြန်ထိုင်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်၏။

‘ အာဒိကပ္ပလောကက တကယ့်ကို ကြောက်စရာကောင်းတာပါလား ’

****

ထိုအခိုက်တွင် တောင်သမုဒ္ဒရာအတွင်းရှိ တောင်ကျွန်းနှင့်နီးသော သန္တာကျွန်းလေးတစ်ကျွန်းပေါ်ဝယ် …

အေးစက်စက်မျက်နှာထားရှိသော တာအိုရသေ့အိုကြီးအဖြစ် ရုပ်ဖျက်ထားသော လီချန်ရှို့သည် ကျောက်တန်းတစ်ခုပေါ်တွင် ထိုင်နေ၏။ သမုဒ္ဒရာရေပြင်မှ စိတ်တန်ခိုးများ မြင့်တက်လာ၍ သူ့အနားတွင် စုနေလေရာ သူ၏ ကိုယ်‌ရောင်ကိုယ်ဝါသည် အနည်းငယ် မတည်မငြိမ်ဖြစ်နေသည်။

သူ၏ အသက်ရှူသံသည် ပုံမှန်ပင်။ ကောင်းကင်နှင့် မြေကြီးသည်လည်း သာယာနေပြီး မိန်းမောဖွယ်ကောင်းနေ၏။

တစ်ချက်တစ်ချက် လီချန်ရှို့၏ နဖူးပေါ်တွင် အပြာရောင်အလင်းတန်းလေးတစ်ခု လက်ခနဲ လက်ခနဲ ဖြစ်သွားသည်။ ပွင့်ဖတ်ကိုးဖတ်ပါသော ကြာပွင့်များသည် သူ့ကို လှည့်ပတ်ကာ ပျံသန်းနေသည်။

အပြာရောင်အလင်းတန်းသည် ယခုမှ ပထမဆုံးပေါ်လာခြင်း ဖြစ်၏။ လီချန်ရှို့၏ ကိုယ်အတွင်းမှလည်း သဘာဝအသံများနှင့် ရေလှိုင်းသံများ ထွက်လာပြီး ကမ်းသို့ တက်လိုက်ကျလိုက်ဖြစ်နေသော သမုဒ္ဒရာရေလှိုင်းသံများဖြင့် ရောယှက်သွားလေသည်။

ရုတ်တရက် မိုးခြိမ်းသွားသည်။ သူ့ခန္ဓာကိုယ် နဖူးမှခြေဖျားအထိ အပြာရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ကြာပွင့်များသည်လည်း ပို၍ပွင့်အာလာကာ သူ၏ကိုယ်မှ အမွေးနံ့သင်းသင်းလေး တစ်ခုလည်း ထွက်ပေါ်လာ၏။

(၁၀)လီ ပတ်လည်ရှိ ပင်လယ်သတ္တဝါများသည် ထိုအမွေးရနံ့ကြောင့် ကျွန်းရှိရာသို့ ကူးခတ်လာကြသည်။ ကြာပွင့်များသည် အသိဉာဏ်ရှိသော သက်ရှိများထံသို့ ပျံသန်းသွား၏။

သို့သော် လီချန်ရှို့သည် ရုတ်ချည်း မျက်စိများကိုဖွင့်လိုက်သည်။ သူ့မျက်စိများသည် အပြာရောင်အလင်းများဖြင့် ပြည့်နေ၏။ ကြာပွင့်များလည်း ပျက်စီးသွားလေသည်။

ပင်လယ်နေသတ္တဝါများသည်လည်း အန္တရာယ်ကို အာရုံခံမိလိုက်သဖြင့် အမြီးကုပ်ကာ အဝေးသို့ ပြေးကြလေတော့သည်။

သက်ရှိများကို လူသားအသွင် ပေးအပ်ခြင်းမှာ ကောင်းသောအလုပ်တစ်ခု ဖြစ်သည်။ ကောင်းကင်တာအိုမှ ဆုပေးသည့် ကုသိုလ်များကိုပင် ရနိုင်သေးသည်။

တစ်ဖက်တွင်လည်း အကယ်၍ ထိုသက်ရှိများသည် မိစ္ဆာအဖြစ် ပြောင်းလဲသွားပြီး လူသားမျိုးနွယ်ကို တိုက်ခိုက်ခဲ့လျှင် အကုသိုလ်ရပေလိမ့်မည်။ ရသောကုသိုလ်သည် ထိုအကုသိုလ်ကို ပြန်ချေဖို့ပင် လုံလောက်မည်မဟုတ်ပေ။

အဆင့်တက်ခြင်း အောင်မြင်သွားပေပြီ။

လီချန်ရှို့သည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ကိုယ့်ကိုယ်ကို ပြန်စမ်းစစ်လိုက်သည်။ ပြစ်ချက်အနည်းငယ်ရှိနေသေးသော်လည်း သူ၏တာအိုအခြေခံသည် အလွန်ခိုင်မာလေ၏။

သူ ကောင်းကင်ပြစ်ဒဏ်ခံရမည့် အချိန်ပေလော။

လီချန်ရှို့က တိမ်ကင်းကာ ပြာလဲ့နေသော ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ သူ့တွင် လိုအပ်ချက်ရှိနေသေး၍ ဖြစ်ရမည်။ တာအိုပေါင်းစည်းနဝမအဆင့်သို့ ရောက်လျှင် ကောင်းကင်ပြစ်ဒဏ်တန်းခံရမည်ဟု သူ တွေးထားချက်နှင့် ကွာခြားလေသည်။

ထိုသို့တွေးထားခြင်းမှာ အဆိုးဆုံးများအတွက် ကြိုတင်ပြင်ဆင်ထားတတ်သော သူ့အကျင့်ကြောင့်ဖြစ်၏။

လီချန်ရှို့သည် မျက်စိမှိတ်၍ အာရုံစိုက်ကာ ဆက်ကျင့်ကြံလိုက်သည်။ ဝိညာဉ်ကျောက်တုံးများသုံး၍ ဆင်ထားသော ချီစုစည်းမန္တန်အစီအရင်သည် စိတ်တန်ခိုးများကို စုစည်းပေးေနရာ သူစုပ်ယူနေ၏။

(၁၀)လီ ပတ်လည်အတွင်းရှိ သမုဒ္ဒရာကြမ်းပြင်နေရာအနှံ့တွင် စက္ကူရုပ်များ ပုန်းအောင်းကာ ပတ်ဝန်းကျင်ကို စောင့်ကြည့်နေကြသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် လီချန်ရှို့ကို ချောင်းမြောင်းတိုက်ခိုက်ရန်လုပ်ခဲ့လျှင် ထိုစက္ကူရုပ်များသည် ထိုလူကို အဝေးသို့ မျှားခေါ်သွားမည် ဖြစ်သည်။

ကျောက်တန်းပေါ်တွင်မူ ကောင်းကင်ပြစ်ဒဏ်မိုးကြိုးပစ်ချလိုက်လျှင် ပျက်ဆီးသွားမည်ဖြစ်သောကြောင့် စက္ကူရုပ်များများ စားစား မထားထားချေ။

ထို့ကြောင့် သူသည် အဝေးတစ်နေရာတွင် မန္တန်အစီအရင်မျိုးစုံကို ဆင်ထား၏။ ၎င်းတို့သည် ကာကွယ်ရေးအတွက်မဟုတ်ဘဲ ထွက်ပြေးလွတ်မြောက်ရေးအတွက် ဖြစ်သည်။

သူ ကောင်းကင်ပြစ်ဒဏ်ခံယူပြီးသွားလျှင် ထိုမန္တန်အစီအရင်များကိုသုံး၍ အဝေးသို့ ချက်ချင်းရောက်သွားနိုင်၏။

ဤသန္တာကျွန်းလေးသည် သူရှာတွေ့ထားသော ကောင်းကင်ပြစ်ဒဏ်ခံယူရန် အကောင်းဆုံးနေရာဖြစ်သည်။ ထိုကျွန်းမှ လီ(၁၀၀၀) ပတ်လည်တွင် မည်သည့် ကျင့်ကြံသူမှမရှိချေ။ အကယ်၍ ကျင့်ကြံသည်တချို့ဖြတ်သန်းပျံသွားလျှင်လည်း ထိုသူတို့သည် လီရာပေါင်းများစွာအကွာမှသာ ပျံသန်းသွားမည်ဖြစ်သည်။

ထိုသို့ပျံသန်းသွားရခြင်းမှာ ကုန်းမြေပေါ်ရှိ အထင်ကရမြို့ကြီးများ၏ တည်နေရာနှင့် သက်ဆိုင်လေသည်။

နှစ်ပတ်ခန့် ထပ်မံ၍ ကျင့်ကြံပြီးသောအခါ လီချန်ရှို့သည် ရုတ်တရက် မအီမသာခံစားလိုက်ရ၏။ ထူးဆန်း၍ နားလည်ရခက်သော တာအိုအက္ခရာတစ်ခု သူ့ဘေးတွင် ပေါ်လာလေသည်။ ကောင်းကင်ပြစ်ဒဏ်ရောက်လာပေတော့မည်။

သူ တာအိုပေါင်းစည်ခြင်း နဝမဆင့်သို့ရောက်ပြီးနောက် သူ၏ ကျင့်ကြံခြင်းအဆင့်ကို တည်ငြိမ်အောင် ကျင့်ကြံရန်နှင့် တာအိုအခြေခံကို ခိုင်မာအောင်ပြုရန် နှစ်ပတ်ခန့်စောင့်ပေးပြီးမှ ရောက်လာသော ကောင်းကင်ပြစ်ဒဏ်သည် သဘောထားကြီးလှပေစွ။

လီချန်ရှို့သည် ငါးအဖြစ်ပြောင်းလိုက်ပြီး ရေကိုယ်ယောင်ဖျောက်အတတ်ကို သုံးကာ အချင်း(၁၀)လီ ပတ်ချာလည်ကို စစ်ဆေးလိုက်ပြီးနောက် ကျောက်တန်းရှိရာသို့ ပြန်လာလိုက်သည်။

‘ လာပေတော့…ငါပြင်ဆင်ပြီးပြီ ’
ဤခံစားချက်သည် အတန်ငယ် ဆန်းကြယ်လေသည်။

သူသည် (၁၂)နှစ်ကြာစာလေ့လာပြီးနောက် သူ့ဘဝ၏အကြီးမားဆုံးစစ်ဆေးမှုဖြစ်သော တက္ကသိုလ်ဝင်စာမေးပွဲကြီးကို ဖြေဆိုရတော့မည် ကျောင်းသားလေးကဲ့သို့ ခံစားနေရ၏။

“ စိတ်မလောနဲ့။ စိတ်တည်တည်ငြိမ်ငြိမ်ထားပြီး အာရုံစိုက် ”
လီချန်ရှို့သည် စိတ်သန့်ဂါထာကို စိတ်ထဲမှနေ၍ ရွတ်လိုက်သည်။ မကြာမကြာလည်း စိတ်ငြိမ်သုတ္တန်ကိုထုတ်၍ ဉာဏ်အလင်းပွင့်အောင် သေချာဖတ်ရှုနေ၏။

သူ ပို၍ ဉာဏ်အလင်းပွင့်လာလေလေ ပို၍ အသင့်ဖြစ်လာလေလေ ဖြစ်ပေမည်။ ကောင်းကင်ပြစ်ဒဏ်ကို အသက်နှင့်ခန္ဓာမြဲ၍ ကျော်ဖြတ်နိုင်ရန်လည်း ပို၍ အခွင့်အရေးများလာပေမည်။

သုံးရက်ကုန်ဆုံးသွား၏။ ကောင်းကင်ပြစ်ဒဏ်ရောက်ရှိလာတော့မည်ဟု ခံစားနေရခြင်းသည်လည်း ပို၍အားကောင်းလာသည်။

စိတ်သန့်ဂါထာသည်လည်း အသုံးမဝင်‌တော့ပေ။ နားလည်အောင်ပြုရန်လည်း သူ့စိတ်ကို တည်ငြိမ်အောင်ထား၍ မရတော့ချေ။ ထိုနေရာမှ (၃)လီအတွင်းရှိ လေထုသည်လည်း ဖိအားများလာရာ အနီးအနားမှ သက်ရှိများသည် ထိုနေရာမှ အလိုလို စွန့်ခွာသွားကြ၏။

သူ့ဆရာ၏ ကောင်းကင်ပြစ်ဒဏ်သည် ရှက်ရွံ့ရွံ့ဖြင့် လေးလေးကန်ကန်လာခဲ့၏။ ထို့ကြောင့် သူ၏ ကောင်းကင်ပြစ်ဒဏ်သည် သိမ်မွေ့လေမည်လော၊ ပြင်းထန်လေမည်လော၊ ကြမ်းကြုတ်လေမည်လောဆိုသည်ကို လီချန်ရှို့တစ်ယောက် တွေးနေမိ၏။

သူ၏ ကောင်းကင်ပြစ်ဒဏ်တွင် မိုးကြိုးခုနစ်ချက် ( ဝါ ) ရှစ်ချက်လာလိမ့်မည်ဟု လီချန်ရှို့ ခန့်မှန်းထားသည်။

ထို့ကြောင့် သူသည် စိတ်တည်ငြိမ်စေရန် အတင်းအဓမ္မမကြိုးစားတော့ဘဲ ရေလိုက်ငါးလိုက်သာ နေလိုက်၏။ ထို့ပြင် ယခုခံစားနေရသော စိတ်မသက်မသာဖြစ်ခြင်းနှင့် တုန်လှုပ်ခြင်းများကို သေချာခံစားနေလိုက်သည်။

ကောင်းကင်၏ တန်ခိုးစွမ်းအားကို ခံစားရသူတိုင်း ဤသို့သာတုန့်ပြန်မည် ဖြစ်သည်။ ကျင့်ကြံခြင်းအဆင့်နိမ့်ခြင်း၊ မြင့်ခြင်းနှင့် မဆိုင်ပေ။

နတ်ဝိဇ္ဇာအဖြစ်သို့ တက်လှမ်းနိုင်ရန် ခံရမည့်‌ ကောင်းကင်ပြစ်ဒဏ်ကို တာအိုကပ်ဘေးဟုလည်း ခေါ်ကြ၏။ အဘယ်ကြောင့် ‘ တာအိုကပ်ဘေး ’ ဟုခေါ်ကြောင်း လီချန်ရှို့စဉ်းစားနေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။

ယနေ့မှ အဖြေရတော့၏။

ချီသန့်စင်ခြင်းအဆင့်၊ ဝိညာဉ်အခြေတည်အဆင့်၊ ဗလာနတ္ထိအဆင့်၊ တာအိုပေါင်းစည်းခြင်းအဆင့်များသည် ကျင့်ကြံသူများ သဘာဝတရားကြီးကို နားလည်စေရန် ကျော်ဖြတ်ရသောအဆင့်များ ဖြစ်သည်။ ထိုသို့ကျော်ဖြတ်ပြီးနောက် သူတို့သည် တာအိုတရားကို နားလည်သွားပြီး နတ်ဝိဇ္ဇာတစ်ပါးဖြစ်လာရန်အတွက် အခြေခံခိုင်မာလာပေလိမ့်မည်။

ကောင်းကင်ပြစ်ဒဏ်ဆိုသည်မှာ ကောင်းကင်တာအိုတရားကြီးသည် ကျင့်ကြံသူတစ်ယောက်၏ တာအိုကို စစ်ဆေးခြင်းပင်။ ထိုကျင့်ကြံသူ၏တာအိုသည် နတ်ဝိဇ္ဇာဖြစ်လာရန် ထိုက်တန်လားဆိုသည်ကို စစ်ဆေးခြင်း ဖြစ်သည်။

တချိန်တည်းမှာပင် ကောင်းကင်ပြစ်ဒဏ်သည် ကျင့်ကြံသူများကို သူတို့၏သေမျိုးခန္ဓာကို စွန့်လွှတ်ကာ ကိုယ်ပိုင်တာအိုကို အသုံးချ၍ အဆင့်မြင့်ခန္ဓာတစ်ခုရစေရန် ကူညီပေးခြင်း ဖြစ်၏။

လူသားအဖြစ် မွေးဖွားခဲ့သော်လည်း နတ်ဝိဇ္ဇာအဖြစ်သို့ တက်လှမ်းနိုင်ပေသည်။

‘ တာအို ’ ဟူသောစကားလုံးနှင့် ‘ ကျင့်ကြံခြင်းအဆင့် ’ ဟူသောစကားလုံးသည် အတူတူပင်ဖြစ်သည်ဟု မယူဆသင့်ပေ။ မိမိ၏ တာအိုကို မိမိကိုယ်တိုင် အမည်ပေးသင့်သည်ဟု လီချန်ရှို့ ခံစားရသည်။

လူသားများ၏ စရိုက်သည် အမျိုးမျိုးရှိသကဲ့သို့ တာအိုသည်လည်း မျိုးစုံရှိ၏။

တာအိုသည် သဘာဝတရား ဖြစ်သည်။

“ ငါသည်လည်း သဘာဝတရားဖြစ်တယ် ”
လီချန်ရှို့ မျက်စိများမှိတ်ကာ ပြုံးလိုက်သည်။ ထို့နောက် လေညင်းလေးတစ်ခုသည် ဖျတ်ခနဲ တိုက်ခတ်သွားပြီး ကောင်းကင်သို့ တက်သွားလေသည်။

မိုးချုန်းသွားပြီး လေနှင့် တိမ်များသည်လည်း ရုတ်ခြည်း ပုံစံ ပြောင်းသွား၏။ မြေပြင်မှနေ၍ ကျန့်ရာပေါင်းများစွာကွာဝေးသော ကောင်းကင်တွင် မီးခိုးရောင် ကောင်းကင်ပြစ်ဒဏ်တိမ်တိုက်ကြီးသည် အချင်း(၁၀)လီခန့် လွှမ်းခြုံထားလေသည်။

မကြာမကြာ ထိုတိမ်တိုက်ကြီးပေါ်တွင် တောင်များ၏ ပုံရိပ်များပေါ်လာ၏။ ထို့ပြင် ဘုံပြဿဒ်ကြီးများ၊ စစ်တပ်ကြီးတစ်ခု နှင့် ဗုံများ၊မောင်းများတို့၏ ပုံရိပ်များလည်း တစ်ခုပြီးတစ်ခု ပေါ်လာ၏။

ကောင်းကင်ပြစ်ဒဏ်တိမ်တိုက်ကြီး၏ ဘေးတွင်လည်း ထူးဆန်းသော ပုံရိပ်များ‌ ပေါ်နေသည်။ သို့သော် တိမ်တိုက်၏အောက်ခြေဘက်တွင် လေများသည် စတင်၍ လည်ပတ်လာ၏။ အဝေးမှကြည့်လျှင် ရေဆင်နှာမှောင်းကြီး တစ်ခုကဲ့သို့ ထင်ရ၏။

ထိုရေဆင်နှာမောင်းကြီး တစ်ဝက်မျှ ပုံပေါ်လာသောအခါ အထဲတွင် လျှပ်စီးများလက်၍ မိုးချုန်းသံများ မြည်ဟည်းလာလေသည်။

လီချန်ရှို့သည် ထိုင်နေရာမှ ဖြည်းဖြည်းချင်း ထလိုက်ပြီး အဝတ်အစားများကို ဖုတ်ဖတ်ခါလိုက်သည်။ သူသည် မိုးပေါ်သို့ လက်ညှိုးညွှန်လိုက်ရာ ဖရာဒေးလှောင်ချိုင့်(၁၂)ခုသည် သူ့ပတ်လည်တွင် ပေါ်လာ၏။ သောက်သုံးရန် ဆေးလုံးမျိုးစုံသည်လည်း အင်္ကျီလက်ထဲတွင် အဆင်သင့်ဖြစ်နေပေပြီ။

သူ၏ တာအိုခန္ဓာကိုယ်တွင် အပြာရောင်အလင်းများ တောက်ပလာသည်။ သူ၏ မူလဝိညာဉ်သည်လည်း တန်ခိုးစွမ်းအားစု၍ ပြီးလေပြီ။

မသန့်သောလေများကို ပါးစပ်အတွင်းမှ မှုတ်ထုတ်လိုက်ပြီးနောက် လီချန်ရှို့သည် ခေါင်းမော့၍ အသင့်တော်ဆုံး ရှေးဟောင်းတာအိုအရိုအသေပေးသည့် ပုံစံအတိုင်း အရိုအသေပေးလိုက်သည်။

ထို့နောက် သူက အော်ပြောလိုက်၏။
“ တာအိုဂိုဏ်းမှ တပည့် ကျွန်တော် ယနေ့ ကောင်းကင်ကြီးကို အသိပေးချင်ပါတယ်။ ကောင်းကင်ကြီးက လက်ဆောင်ပေးလိုက်တဲ့ တာအိုကပ်ဘေးကို ကျွန်တော် လေးလေးနက်နက် လက်ခံပါတယ်။ ကျွန်တော့်ရဲ့ ကိုယ်ပိုင်တာအိုကိုအသုံးချပြီး အပူအပင်ကင်းတဲ့ နတ်ဝိဇ္ဇာတစ်ပါးဖြစ်လာချင်ပါတယ် ခင်ဗျာ… ”

“ တကယ်လို့ ကောင်းကင်ပြစ်ဒဏ်ကို ကျွန်တော်မခံနိုင်ဘဲ သေဆုံးသွားခဲ့ရင် ကျွန်တော့်ရဲ့တာအိုက ကောင်းကင်နဲ့မြေကြီးတို့ရဲ့ သက်တမ်းကို မျှဝေခံစားဖို့ မထိုက်တန်လို့သာ ဖြစ်ပါတယ်။ အဲဒီလိုဖြစ်ခဲ့ရင်လည်း ကျွန်တော် အပြစ်တင်မှာမဟုတ်ပါဘူး ”

“ ကောင်းကင်တာအိုက ဖြောင့်မတ်ပါတယ် ”

“ ကျွန်တော့်ကို နတ်ဝိဇ္ဇာအဖြစ်တက်လှမ်းနိုင်ဖို့ အခွင်အ‌ရေးပေးတဲ့ ကောင်းကင်တာအိုကို ကျေးဇူးတင်ပါတယ် ခင်ဗျာ ”

ဂျိမ်း…

ကောင်းကင်ပြစ်ဒဏ်သည် ထိုစကားများကို ပြန်လည်တုန့်ပြန်လိုက်သည်လည်း ဖြစ်နိုင်သလို သူပြောလိုက်သည်များကို ကြားပင်မကြားလိုက်သည်လည်း ဖြစ်နိုင်၏။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ပြစ်ဒဏ်၏ စွမ်းအားသည် နဂိုအတိုင်း ဆက်၍ရှိနေသောကြောင့်ပင်။

ကောင်းကင်ပြစ်ဒဏ်တိမ်တိုက်လေပွေကြီးထဲတွင် မိုးကြိုးစက်ကွင်းများ အနှံ့အပြား ပေါ်လာလေသည်။ လီချန်ရှို့၏ ဘေးပတ်လည်တွင်လည်း လျှပ်စီးတန်းလေးများ ပေါ်ပေါက်လာ၏။

သူသည် ဖြည်းဖြည်းချင်း လေထဲသို့ ပျံတက်လိုက်သည်။ မကြာခင် အသုံးလိုလျှင် သုံးနိုင်ရန် ဖရာဒေးလှောင်ချိုင့်(၁၂)ခုသည် သမုဒ္ဒရာမျက်နှာပြင်ပေါ်တွင် တံခါးပွင့်၍ အသင့်ဖြစ်နေပေပြီ။

သူသည် မြေပြင်မှနေ၍ (၉)ကျန့်အကွာထိ ပျံတက်လိုက်သည်။ ငွေဖြူရောင် မိုးကြိုးစက်ကွင်းများသည် စုစည်းသွားပြီး မြွေတစ်ကောင်ကဲ့သို့ လျှပ်စီးတန်းတစ်ခုလက်သွားသည်။

ထိုလျှပ်စီးမိုးကြိုးများသည် ပေါင်းစည်း၍ ပန်းကန်လုံးကြီးတစ်လုံးအရွယ် မိုးကြိုးချောင်းကြီးဖြစ်သွားကာ လီချန်ရှို့ကို ပစ်ချလိုက်လေတော့သည်။ လီချန်ရှို့သည် မည်သည့်အန္တရာယ်ကိုမှ အာရုံမခံလိုက်မိသော်လည်း ဓမ္မတန်ခိုးများကို ထုတ်ကာ သူ၏ခန္ဓာကိုယ်ကို ကာကွယ်လိုက်၏။

မိုးကြိုးသည် သူကိုမထိမှန်ခင်လေးတွင် သူ၏ တာအိုခန္ဓာကိုယ်မှ အလင်းမှိန်မှိန်များထွက်လာ၏။
‘ ဒီပထမဆုံး မိုးကြိုးရဲ့ပြင်းအားက ဆရာ့ရဲ့ တတိယမြောက်မိုးကြိုးပြင်းအားနဲ့ ညီတယ်လား ’

သူ၏ ကောင်းကင်ပြစ်ဒဏ်ကို အမှန်ပင် လျှော့တွက်၍မရပေ။

လီချန်ရှို့သည် သူ့အပေါ်ကျရောက်လာသော မိုးကြိုးကို အပြည့်အဝကာကွယ်လိုက်နိုင်၏။ သူသည် ကောင်းကင်သို့မော့ကြည့်ကာ တည်တည်ငြိမ်ငြိမ်ပင် စောင့်ဆိုင်းနေသည်။

မိုးကြိုးဖြင့် အပစ်ခံလိုက်ရခြင်းကြောင့် သူ အနည်းငယ်ယားယံသွား၏။ သူ၏ မူလဝိညာဉ်ကိုလည်း မိုးကြိုးပစ်ခံခဲ့ရသဖြင့် နတ်ဝိဇ္ဇာချီအနည်းငယ် သူ၏ခန္ဓာကိုယ်အတွင်း စတင်စုစည်းနေပေပြီ။ သို့သော် မိုးကြိုးပစ်ခံရခြင်းသည် မမျှော်လင့်ဘဲ အတော်အတန် သက်တောင့်သက်သာရှိနေလေ၏။


Comment

Leave a Reply

Options

not work with dark mode
Reset