တာအိုနန်းတော် တစ်ခုလုံးမှာ အုတ်အော်သောင်းနင်း ဖြစ်သွားကြ၏။ ဝိညာဉ်ကြားခံနယ်အဆင့် အကြီးအကဲကြီးသုံးယောက် ထွက်ခွာသွားပြီဖြစ်ရာ ကျန်ရစ်ခဲ့သည့် လူများအားလုံးမှာ စိုးရိမ်တုန်လှုပ်နေကြတော့သည်။
လီဝူချန်းနှင့် ကျိုးမေ့တို့၏ လက်ထပ်မင်္ဂလာပွဲမှာလည်း တစ်ဝက်တစ်ပျက်နှင့် ပြီးဆုံးသွားရ၏။ တာအိုနန်းတော်တစ်ခုလုံး ထိတ်လန့်တုန်လှုပ်နေကြစဉ် ဝမ်ပေါင်လဲ့မှာ ကျောက်ယမုန့်၊ ဂိုဏ်းချုပ်ကြီးရှုနှင့် ဧရာမသစ်ပင်ကြီးတို့အား ဆင့်ခေါ်ကာ လက်ရှိကြုံတွေ့နေရသည့် ကိစ္စရပ်ကြီးအကြောင်း ဆွေးနွေးလိုက်တော့သည်။
ဂိုဏ်းချုပ်ကြီးရှုနှင့် ဧရာမသစ်ပင်ကြီးတို့နှစ်ယောက်မှာ အဆိုးဆုံးအတွက် ပြင်ဆင်ထားသင့်ကြောင်း သူတို့က ဆုံးဖြတ်ချက်ချလိုက်ကြ၏။ သူတို့မှာ လိုအပ်လာပါက ဂိုဏ်းချုပ်ကြီးရှု လူမသိအောင် ခိုး၍ တည်ဆောက်ထားသည့် တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးအား အသုံးပြုကာ ကျင့်ကြံသူများအားလုံးကို ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးရမည်ဖြစ်သည်။
သူတို့မှာ တိတ်တဆိတ် ပြင်ဆင်ရမည်ဖြစ်ပါသော်လည်း အချိန်မရွေး တည်နေရာပြောင်းရွှေ့နိုင်ရန် အဆင်သင့် ပြင်ထားရမည် ဖြစ်သည်။ ဂိုဏ်းချုပ်ကြီးရှု အပါအဝင် ထို ဒုတိယမြောက် တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးအကြောင်း ယခုမှ သိလိုက်ရသည့် ဧရာမသစ်ပင်ကြီးနှင့် ကျောက်ယမုန့်တို့မှာ ထိုကိစ္စအား သတိကြီးကြီးထား၍ ဆောင်ရွက်ကြရမည် ဖြစ်သည်။
သူတို့သုံးယောက်မှာ ထိုသို့ တွေ့ဆုံ ဆွေးနွေးလိုက်ကြပြီးနောက် စိုးရိမ်စိတ်များကိုယ်စီနှင့် ထွက်ခွာသွားကြ၏။ ဝမ်ပေါင်လဲ့မှာမူ သူ၏ နန်းတော်ထဲရှိ အမြင့်ဆုံးမျှော်စင်ပေါ်တွင် တစ်ယောက်တည်းရပ်ရင်း ခပ်လှမ်းလှမ်းရှိ ကောင်းကင်ယံကြီးနှင့် မီးပင်လယ်ကြီးတို့ကို လှမ်း၍ ငေးကြည့်နေမိတော့သည်။ သူ၏ နှလုံးသားမှာလည်း စိုးရိမ်စိတ်များဖြင့် လေးလံနေရပြီဖြစ်သည်။
၎င်းမှာ သာမန် အကူအညီတောင်းသံတစ်သံသာ ဖြစ်နိုင်ပါသော်လည်း မူမမှန်သည့်ပုံ ပေါက်နေခဲ့သည်မှာ သိသာထင်ရှား၏။ ဖုန့်ချိုးရန်ပင်လျှင် ထိုအချက်အား သတိထားမိခဲ့လောက်ပေသည်။ သို့သော် တစ်ခါတစ်ရံတွင် စိတ်ခံစားချက်များကြောင့် ဆင်ခြင်တုံတရားများ ကင်းမဲ့သွားတတ်ပေသည်။ ထို့ကြောင့်လည်း ဖုန့်ချိုးရန်မှာ ဤကိစ္စကြီးအား စုံစမ်းရန် တစ်ယောက်တည်း ထွက်ခွာသွားခြင်း ဖြစ်၏။
ဝမ်ပေါင်လဲ့မှာ သူမ ထိုသို့လုပ်လိုက်ရသည့် အကြောင်းအရင်းကို နားလည်သဖြင့် သူ၏ နှလုံးသားထဲရှိ ကြောက်စိတ်မှာ ပို၍ပင် ကြီးထွားလာ၏။ ထိုအချိန်တွင် လေပြင်းတစ်ချက်မှာ ဝမ်ပေါင်လဲ့၏ အဝတ်အစားများအား ဖြတ်တိုက်သွားသဖြင့် သူသည် မျက်လုံးများ မှိတ်လိုက်တော့သည်။
” မုန်တိုင်းတစ်ခုတော့ တိုက်တော့မယ်ဟေ့ ” သူသည် တစ်ကိုယ်တည်း ရေရွတ်လိုက်ပြီး တောင်ခြေအောက်ကို ငုံ့ကြည့်လိုက်သောအခါ ကျင့်ကြံသူများမှာ တာအိုနန်းတော်ထဲ၌ ပျားပန်းခတ် အလုပ်ရှုပ်နေကြသည်ကို မြင်လိုက်ရသည်။ အချိန်အတော်အတန် ကြာပြီးသွားသောအခါမှ ဝမ်ပေါင်လဲ့မှာ အောက်သို့ထိုင်ချလိုက်ပြီး ကျင့်ကြံခြင်းအား စတင်လိုက်တော့သည်။
အနာဂတ်တွင် မည်ကဲ့သို့ပင် ဖြစ်လာနိုင်စေကာမူ မိမိတို့မှာ လက်ရှိပစ္စုပ္ပန်ကိုသာ အမိအရဆုပ်ကိုင်နိုင်သည်ဖြစ်ကြောင်း အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်များထဲ၌ ရေးသားထား၏။ ထိုသို့ဖြင့် အချိန်များတရွေ့ရွေ့ ကုန်ဆုံးသွားပြီး ဝမ်ပေါင်လဲ့တစ်ယောက် ဆက်လက်လေ့ကျင့်နေစဉ် ဂိုဏ်းမှာ ထိုကိစ္စနှင့်ပတ်သတ်၍ ဆက်လက် ဆွေးနွေးနေကြဆဲပင်။ ထိုသို့ဖြင့် ငါးရက်တိတိ ကုန်ဆုံးသွား၏။
ပဉ္စမြောက်နေ့ နေဝင်ခါနီးအချိန်သို့ ရောက်လာသည်အထိ ဝမ်ပေါင်လဲ့ အစိုးရိမ်ဆုံး ဖြစ်နေခဲ့ရသော ကိစ္စရပ်ကြီးမှာ ပေါ်ပေါက်လာခဲ့ခြင်း အရှိပေ။ သို့သော် ဖုန့်ချိုးရန်နှင့် အခြားအကြီးအကဲနှစ်ယောက်ရောက်မှာမူ စိတ်ပျက်လက်ပျက်နှင့် ပြန်လည်ရောက်ရှိလာပြီး သူတို့၏ မျက်နှာများပေါ်တွင် ခံစားချက်မျိုးစုံ ပေါ်ပေါက်လာတော့သည်။
ထို အကြီးအကဲများ ဂိုဏ်းသို့ ပြန်ရောက်လာသည်နှင့် ဝမ်ပေါင်လဲ့မှာ ဆင့်ခေါ် ခံလိုက်ရသောကြောင့် သူသည် ဖုန့်ချိုးရန်၏ နန်းတော်ဆီသို့ သွားလိုက်တော့သည်။ ထိုနန်းတော်ထဲတွင် ဝိညာဉ်ကြားခံနယ်အဆင့် အကြီးအကဲကြီးသုံးယောက်မှာ ရောက်နှင့်နေပြီးသား ဖြစ်သည်။
တာအိုဘုန်းတော်ကြီး ယိုရန်မှာ ခေါင်းညိတ်ကာ ဝမ်ပေါင်လဲ့အား ပြုံးပြလိုက်၏။ ပုံမှန်ဆိုလျှင် သူ့အား အေးတိအေးစက်သာ နှုတ်ဆက်လေ့ရှိသော မြဲ့လျဲ့ကျိပင်လျှင် မျက်နှာအမူအရာ တည်ကြည်နေပြီး ယခင်တုန်းကအတိုင်း တင်းမာခက်ထန်နေခြင်း မရှိတော့ပေ။
ဖုန့်ချိုးရန်မှာမူ ဆွံ့အမှင်တင်နေသည့်ပုံစံ ပေါက်နေပြီး မည်သူကမှ သူမ၏အတွေးများကို မခန့်မှန်းနိုင်ဘဲ ဖြစ်နေရသည်။
ဝမ်ပေါင်လဲ့မှာ သူတို့၏ မျက်နှာအမူအရာများကို အကဲခတ်လိုက်ပြီးနောက် ခေါင်းမီးတောက်သွားအောင် စဉ်းစားတွေးတောနေလိုက်တော့သည်။ သူသည် စကားပြန်ပြောခဲ့ခြင်း မရှိဘဲ ခန်းမကြီးထဲရှိ စတုတ္ထမြောက် ကုလားထိုင်ပေါ်တွင်သာ ထိုင်ကာ ဖုန့်ချိုးရန်အား လှမ်းကြည့်နေလိုက်၏။
အချိန် အတော်အတန်ကြာပြီးနောက် ဖုန့်ချိုးရန်မှာ မျက်လုံးများမှိတ်သွားပြီး ခန်းမကြီးတစ်ခုလုံးမှာ ငြိမ်ကျသွား၏။ ထိုသို့ဖြင့် အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးနောက် ဖုန့်ချိုးရန်မှာ ရုတ်တရက်ဆိုသလို မျက်လုံးများပွင့်လာတော့သည်။ ၎င်းတို့မှာ စူးရှတောက်ပကာ ဆုံးဖြတ်ချက်ပြတ်သားသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေ၏။ ထိုအခါမှသာ မြဲ့လျဲ့ကျိမှာ ရုတ်တရက်ဆိုသလို ဆိုလိုက်တော့သည်။
” ကျုပ်တို့တွေ သူ့ကို ကယ်ဖို့လိုတယ် ”
” ထောင်ချောက်တစ်ခု ဟုတ်ဟုတ် မဟုတ်ဟုတ် ဦးလေးဆရာ အသက်ရှင်နိုင်ခြေ ရှိနေသရွေ့ ကျုပ်တို့ဘက်က လျစ်လျူရှုထားလို့ ဘယ်ဖြစ်ပါ့မလဲဗျ။ တစ်ခုခု လုပ်ကိုလုပ်မှဖြစ်မယ် ”
ဝမ်ပေါင်လဲ့မှာ မြဲ့လျဲ့ကျိ၏ စကားများကိုနားထောင်ရင်း နှုတ်ဆိတ်နေ၏။ ဖုန့်ချိုးရန်မှာမူ တစ်ကိုယ်လုံးတုန်ရီသွားပြီး နာကြည်းနေသည့် လေသံဖြင့် ဆိုလိုက်တော့သည်။
” ကျွန်မတို့တွေ အဲဒီအသံ ထွက်လာတဲ့နေရာကို ရှာတွေ့သွားပြီပဲ။ အဲတာ အဆုံးမဲ့မျိုးနွယ်စုရဲ့ စစ်သင်္ဘောကြီးလေ။ အဲတာမလို့ ခပ်ဝေးဝေးကနေပဲ လှမ်းပြီးတော့ ကြည့်ရှုစစ်ဆေးသင့်တယ်။ အနီးကပ် စစ်ဆေးဖို့ရာ သင့်တော်မှာ မဟုတ်ဘူး။ ဒါပေမဲ့ နောက်ဆုံးကြယ်စင်စုတိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ အချိန်တုန်းက ဒီလောက်အရွယ်စားရှိတဲ့ စစ်သင်္ဘောမျိုးဆိုလို့ ဆယ်စင်းတောင်မှ မပြည့်ပဲ။ အဲတာမလို့ အခု ဒီစစ်သင်္ဘောကြီးရဲ့ အတွင်းပိုင်းထဲမှာ ရှိနေမယ့်အရာတွေကို မသိနိုင်သလို ပြန်ပေါ်လာရတဲ့ အကြောင်းအရင်းကိုလည်း သိနိုင်မှာ မဟုတ်ဘူး။ အဆုံးမဲ့မျိုးနွယ်စုထဲက ကျန်ခဲ့တဲ့လူတွေတောင် ဘာတွေကြံစည်နေဦးမလဲဆိုတာ ကျွန်မတို့ သိသေးတာ မဟုတ်ဘူး။ အဲတာမလို့ စစ်သင်္ဘောကြီးထဲကို အရဲစွန့်ပြီး ဝင်တာက ကျယ်ပြန့်တာအိုနန်းတော်ရဲ့ ကံကြမ္မာကို လောင်ကြေးထပ်နေတာနဲ့ တူတူပဲ ” ဖုန့်ချိုးရန်မှာ ခေါင်းယမ်းကာ ပြန်ပြောလိုက်၏။ သူမသည် နှလုံးသားတစ်ခုလုံး တဆတ်ဆတ် နာကျင်နေရပြီး သူမ၏ဖခင်ဖြစ်သူကို ကယ်တင်ချင်ပါသော်လည်း တာအိုနန်းတော်အား အန္တရာယ်တောထဲသို့ မတွန်းပို့နိုင်ပေ။ ထို့ကြောင့် သူမသည် ထိုစစ်သင်္ဘောကြီးထဲသို့ သူမတစ်ယောက်တည်း ဝင်ရောက်နိုင်ရန် ကြံစည်ထား၏။
” ကျယ်ပြန့်တာအိုနန်းတော်က ဘာမှ ထပ်ပြီးတော့ ဆုံးရှုံးစရာမရှိတဲ့အဆင့်ကို ရောက်နေပြီလေ။ ဒါပေမဲ့ ကျုပ်တို့ရဲ့ အကြီးအကဲတွေကိုတောင်မှ မကယ်တင်နိုင်ဘူးဆိုရင် ကျုပ်တို့ အသက်ဆက်ရှင်နေရင်တောင် ဘာအဓိပ္ပါယ်ရှိဦးမှာလဲ ”
” ဒီလိုအခြေအနေထိ ရောက်လာမှာတော့ မြဲ့လျဲ့ကျိဆိုတဲ့ ကျုပ်က တိုက်ပွဲဝင်ရင်းနဲ့ အသက်ပေးဖို့ အဆင်သင့်ပဲ ” မြဲ့လျဲ့ကျိမှာ ဆုံးဖြတ်ချက်ပြတ်သားသော မျက်ဝန်းများဖြင့် ကြိမ်းဝါးလိုက်၏။ ထို့နောက် သူသည် ဖုန့်ချိုးရန်တစ်ယောက် ခွန်းတုံ့ပြန်ပြောရန် ပြင်နေသည်ကို မြင်လိုက်ရသဖြင့် တာအိုဘုန်းတော်ကြီးယိုရန်နှင့် ဝမ်ပေါင်လဲ့တို့အား လှမ်းကြည့်ကာ မေးလိုက်တော့သည်။
” ခဗျားတို့ရော ဘယ်လိုသဘောရလဲ ”
တာအိုဘုန်းတော်ကြီးယိုရန်မှာ တစ်ခဏမျှစဉ်းစားတွေးတောလိုက်ပြီးနောက် ခေါင်းညိတ်ကာ ဆိုလိုက်၏။
” မြဲ့လျဲ့ကျိရဲ့ အကြံပေးချက်ကို ငါ သဘောတူတယ်။ ဒီ စစ်သင်္ဘောကြီး ပေါ်ပေါက်လာတာ သံသယဝင်စရာကောင်းပေမဲ့ စစ်ပွဲကြီးပြီးတော့ ကျန်ခဲ့တဲ့ အဆုံးမဲ့မျိုးနွယ်စုဝင်တွေ ရှိနေမယ်ဆိုရင်တောင် သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်က အရမ်းကြီးမြင့်နေမှာ မဟုတ်ဘူး။ အဲလိုမှမဟုတ်ရင် သူတို့က အရင်ကတည်းက ပြန်ပေါ်လာကြမှာပေါ့။ အဲတာမလို့ ငါတို့ဘက်က တိုက်ခိုက်ဖို့လိုတယ်လို့ ငါထင်တယ် ”
တာအိုဘုန်းတော်ကြီးယိုရန်၏ စကားကိုကြားလိုက်ရသောအခါ မြဲ့လျဲ့ကျိမှာ ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေလိုက်၏။ ဖုန့်ချိုးရန်မှာလည်း ထိုနည်းတူပင်။ သူတို့မှာ ဝမ်ပေါင်လဲ့၏ အဖြေအား စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။
ဝမ်ပေါင်လဲ့မှာမူ စိတ်ထဲတွင်ကျိတ်၍ စဉ်းစားတွေးတောနေလိုက်၏။ မြဲ့လျဲ့ကျိနှင့် တာအိုဘုန်းတော်ကြီးယိုရန်တို့ နှစ်ယောက်စလုံးမှာ သဘောတူညီချက်တစ်ခု ရရှိသွားကြပြီ ဖြစ်သည်။ ဖုန့်ချိုးရန်မှာ သူတို့အား သဘောမတူပါသော်လည်း ဤကိစ္စကြီးမှာ သူမ၏ဖခင်နှင့် ပတ်သက်နေသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူမ၏ အတွေးအမြင်များကို ထုတ်ပြောနေစရာပင် မလိုပေ။
သူတို့မှာ သူ့အား ရွေးချယ်ခွင့်ပေးနေသည့်ပုံ ပေါ်ပါသော်လည်း အမှန်တကယ်တွင်မူ သူ့တွင် ရွေးချယ်စရာ တစ်ခုသာရှိကြောင်း ဝမ်ပေါင်လဲ့က နားလည်ထား၏။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ နှုတ်ဆိတ်နေလိုက်သဖြင့် စစ်ဆင်ရေးတစ်ခု ဆင်နွှဲရန် ဆုံးဖြတ်ချက် ချမှတ်လိုက်တော့သည်။ ကျယ်ပြန့်တာအိုနန်းတော်မှ ယွမ်ယင်အဆင့် ကျင့်ကြံသူအားလုံးနှင့် အမြုတေအဆင့် ကျင့်ကြံသူ အများစုမှာ ဤစစ်ဆင်ရေးထဲတွင် ပါဝင်ကြမည်ဖြစ်သည်။ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူသုံးယောက် ဉီးဆောင်မည့် အဖွဲ့သုံးဖွဲ့မှာ စစ်သင်္ဘောကြီးထဲသို့ ဝင်ရောက်ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ကြမည် ဖြစ်သည်။
ထို စစ်သင်္ဘောကြီးအရွယ်အစားမှာ ကြီးမားလွန်းလှသောကြောင့် ၎င်းအား ပိုက်စိပ်တိုက်ရှာဖွေနိုင်ရန် လူအမြောက်အမြား လိုအပ်ပေသည်။ သို့မှသာ ကယ်ဆယ်ရေးလုပ်ငန်းအား အလျင်အမြန် ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူသုံးယောက်မှာ ကျယ်ပြန့်တာအိုနန်းတော် တစ်ခုလုံးအား အော်ဟစ်သံများအကြောင်းနှင့် နယ်စပ်ဒေသတွင် ပေါ်လာသော စစ်သင်္ဘောကြီးအကြောင်းကို အသိပေးလိုက်၏။ ထို့ကြောင့် တစ်ဂိုဏ်းလုံးမှာ အုတ်အော်သောင်းနင်း ဖြစ်သွားကြတော့သည်။
တာအိုနန်းတော်မှာ ဤစစ်ဆင်ရေးအတွက် အလုံအလောက် ပြင်ဆင်ခဲ့၏။ သူတို့မှာ ရတနာများ သိမ်းဆည်းထားသော မန္တန်အစီအရင်ကြီးအား ဖွင့်လိုက်ပြီးနောက် တည်နေရာပြောင်းရွှေ့ခြင်း လက်ဖွဲ့အဆောင်များကို ထုတ်ယူလိုက်ကြသည်။ ဤ စစ်ဆင်ရေးထဲ၌ ပါဝင်မည့် လူတိုင်းမှာ တည်နေရာပြောင်းရွှေ့ခြင်း လက်ဖွဲ့အဆောင် တစ်ယောက်တစ်ခုစီ ရရှိကြမည်ဖြစ်သည်။ ထို လက်ဖွဲ့အဆောင်များမှာ အသုံးပြုလိုက်ရုံနှင့် အသုံးပြုသူအား အပြင်ဘက်သို့ ချက်ချင်းပြန်လည်ပို့ဆောင်ပေးနိုင်စွမ်း ရှိပေသည်။
ထို့အပြင် ဓမ္မရတနာများနှင့် ဆေးလုံးများ၏ ဈေးနှုန်းများကိုလည်း လျှော့ပေးခဲ့သဖြင့် လူတိုင်းမှာ လက်နက်အင်အား လိုသလောက် ဖြည့်တင်းနိုင်သွားကြ၏။
နောက်ဆုံးတွင် သူတို့မှာ ခုနစ်ရက်အကြာတွင် ထွက်ခွာမည်ဖြစ်ကြောင်း မြဲ့လျဲ့ကျိက ကြေညာလိုက်၏။ ထို့ကြောင့် ဤ စစ်ဆင်ရေးထဲ၌ ပါဝင်မည့်လူတိုင်းမှာ အကောင်းဆုံးအနေအထားတွင် ရှိနေစေရန် တံခါးပိတ်ကျင့်စဉ်ထဲသို့ ခေတ္တဝင်ရောက်သွားကြတော့သည်။
ထိုသို့ဖြင့် ခုနစ်ရက်တိတိ ကုန်ဆုံးသွား၏။ မန္တန်အစီအရင်ကြီးအား ဖွင့်လိုက်သည့်အချိန်တွင် တာအိုနန်းတော်တစ်ခုလုံးမှာ အုတ်အော်သောင်းနင်း ဖြစ်သွားကြတော့သည်။ ကျင့်ကြံသူ ရာပေါင်းများစွာမှာ ကောင်းကင်ပေါ်သို့ ပျံတက်သွားကြပြီး သက်တံ့များအဖြစ် ပြောင်းလဲကာ စစ်သင်္ဘောကြီးရှိရာသို့ အရှိန်အဟုန်ဖြင့် ဦးတည်ပျံသန်းသွားကြတော့သည်။
ထိုကျင့်ကြံသူများထဲတွင် ဖုန့်ချိုးရန်နှင့် တာအိုဘုန်းတော်ကြီးယိုရန်တို့၏ တပည့်ရင်းများ ပါရှိကြ၏။ သို့သော် ဒူဂူလင်း၊ ကျိုးရိဖန်း၊ ဧရာမသစ်ပင်ကြီးနှင့် ဂိုဏ်းချုပ်ကြီးရှုတို့ မပါကြပေ။ ဂိုဏ်းချုပ်ကြီးရှုမှာ ဤစစ်ဆင်ရေးထဲ၌ မပါသည့် တစ်ဦးတည်းသော ယွမ်ယင်အဆင့် ကျင့်ကြံသူ ဖြစ်ပေသည်။ ဝမ်ပေါင်လဲ့မှာ သူစစ်ဆင်ရေးထဲ၌ ဝင်ရောက်ဆင်နွှဲစရာမလိုရန် အစွမ်းကုန် ကြိုးစားခဲ့ရသည်။ ဝမ်ပေါင်လဲ့နှင့်အတူ ပါရှိကြသည့် အခြားပြည်ထောင်စုကျင့်ကြံသူများမှာ ကျောက်ယမုန့်နှင့် ခုန်းတောက်တို့နှစ်ယောက်သာ ဖြစ်ပေသည်။
သူတို့မှာ တာအိုနန်းတော်၏ တရားဝင်ဂိုဏ်းသား ရာထူးများကို ရရှိထားသောကြောင့် ဤစစ်ဆေးရေးထဲ၌ မဖြစ်မနေ ဝင်ရောက်ဆင်နွှဲရန် လိုအပ်ခြင်းဖြစ်သည်။ သူတို့၏ အမည်များမှာ တာအိုကျောက်ပြားပေါ်၌ မှတ်တမ်းတင်ထားပြီးသားဖြစ်ရာ သူတို့မှာ ရှေးဟောင်းအစိမ်းရောင်ကြေးဓားကြီး၏ မန္တန်အစီအရင်နှင့် ချိတ်ဆက်နိုင်စွမ်းရှိကြပေသည်။ သူတို့မှာ ထိုစစ်ဆင်ရေးတပ်ဖွဲ့များ သင်္ဘောကြီးပေါ်သို့ တက်ရောက်ပြီးသွားသည်နှင့် သင်္ဘောကြီး၏ အတွင်းနှင့်အပြင်တွင် ရှိနေသော ကျင့်ကြံသူများ၏ကြားရှိ အချိတ်အဆက်များ ဖြစ်သွားကြမည် ဖြစ်သည်။
အကယ်၍ ဝမ်ပေါင်လဲ့နှင့် အခြားသူများမှာ တခြားတာဝန်တစ်ခုခု ထမ်းဆောင်ရန်အတွက်သာဆိုပါက တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင် မြောက်မြားစွာကို အသုံးပြုရမည် ဖြစ်သည်။ သို့သော် ယခုတွင် တာအိုနန်းတော်တစ်ခုလုံး လှုပ်ရှားနေသည်ဖြစ်ပြီး မန္တန်အစီအရင်ပေါင်း မြောက်မြားစွာကို အသုံးပြုထားကြသည်ဖြစ်ရာ လူတိုင်း၏ အမြန်နှုန်းမှာ အံ့သြဖွယ်ရာကောင်းလောက်အောင် မြင့်တက်သွားကြတော့သည်။ ထို့ကြောင့် သူတို့မှာ နှစ်ရက်အတွင်းတွင် နယ်စပ်ဒေသ၌ တစ်နေသော စစ်သင်္ဘောကြီးအား မြင်လိုက်ရတော့သည်။
ဝမ်ပေါင်လဲ့မှာ ထို စစ်သင်္ဘောကြီးအား မြင်လိုက်ရသောအခါ ပင့်သက်ရှိုက်မိသွားတော့သည်။ ၎င်းမှာ အလွန်အင်မတန်မှ ကြီးမားလွန်းနေသည် မဟုတ်ပါလော။ ထို စစ်သင်္ဘောကြီး၏ ကိုယ်ထည်အား ဖွဲ့စည်းတည်ဆောက်ထားသော ချပ်ပြားဝိုင်းသုံးခုမှာ ဂြိုဟ်သုံးလုံးကဲ့သို့ ဖြစ်နေကြပြီး ၎င်းတို့ထဲတွင် ကမ္ဘာတစ်ခုစီ ရှိနေသည့်ပုံ ပေါက်နေသည်။
ထို စစ်သင်္ဘောကြီးဆီမှ စွမ်းအားများထွက်ပေါ်နေ၏။ ထို့ကြောင့် အမြုတေအဆင့် ကျင့်ကြံသူများမှာဆိုလျှင် တစ်ကိုယ်လုံး တုန်ရီနေကြပြီး နှလုံးသားထဲ၌ ကြောက်စိတ်များ အလိုလိုပေါ်ပေါက်လာကြတော့သည်။
ကျောက်ယမုန့်နှင့် ခုန်းတောက်တို့မှာလည်း ထိုစွမ်းအားများကို အာရုံခံမိနေ၏။ သို့သော် သူတို့မှာ တာအိုဂိုဏ်းသားရာထူးများ၏ အကာအကွယ်များကို ပိုင်ဆိုင်ထားကြသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူတို့မှာ အခြားသူများလောက် အခြေအနေ မဆိုးပေ။ မည်သို့ပင်ဆိုစေကာမူ သူတို့၏ မျက်နှာများမှာ အနည်းငယ်ခန့် ဖြူဖပ်ဖြူရော် ဖြစ်နေကြဆဲပင်။
ယွမ်ယင်အဆင့် ကျင့်ကြံသူများမှာလည်း အခြေအနေ သိပ်မကောင်းပေ။ ဝိညာဉ်ကြားခံနယ်အဆင့် အကြီးသုံးယောက်နှင့် ဝမ်ပေါင်လဲ့တို့သာလျှင် အမူအရာမပျက် ရှိနေကြ၏။ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူများမှာ အလွန်အင်မတန်မှ အစွမ်းထက်နေကြပြီဖြစ်ပြီး နောက်ထပ်တစ်ဆင့်သို့ ဖောက်ထွက်လုဆဲဆဲ အနေအထားသို့ ရောက်နေကြပြီဖြစ်သည်။ ဝမ်ပေါင်လဲ့မှာမူ မွေးစားဂိုဏ်းသားတစ်ယောက် ဖြစ်နေသည်မဟုတ်ပါလော။ သို့ဖြစ်ရာ ရှေးဟောင်းဓားကြီး၏ မန္တန်အစီအရင်ကြီးက သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို တိုးမြှင့်ပေးထားသောကြောင့် သူသည် ဖိနှိပ်များကို တွန်းလှန်နိုင်စွမ်းရှိနေသည်။
” စီစဉ်ထားတဲ့အတိုင်း သုံးဖွဲ့ခွဲပြီးတော့ စစ်သင်္ဘောကြီးထဲကို ဝင်ရောက်ကြမယ်။ ငါတို့ရဲ့ အဓိကတာဝန်က ကယ်ဆယ်ရေးလုပ်ငန်းပဲ။ ဒါပေမဲ့ အသက်အန္တရာယ်တစ်ခုခုနဲ့ ကြုံရင် တည်နေရာပြောင်းရွှေ့ခြင်း လက်ဖွဲ့အဆောင်ကို ချက်ချင်းအသုံးပြုပြီးတော့ အပြင်ကို ပြန်ထွက်ခဲ့ပါ ” ဖုန့်ချိုးရန်မှာ အသက်ပြင်းပြင်းရှူကာ လူအုပ်ကြီးအား စိုက်ကြည့်ရင်း ဤစစ်ဆင်ရေး၏ အဓိက အစီအစဉ်များကို အသေးစိတ် ရှင်းပြလိုက်၏။ ထိုအခါ ဝမ်ပေါင်လဲ့မှာ ခေါင်းညိတ်လိုက်ပြီး ထိုစစ်ဆင်ရေးအဖွဲ့ကြီးမှာ အဖွဲ့သုံးဖွဲ့ ခွဲသွားကြတော့သည်။
သူတို့မှာ သက်ဆိုင်ရာ အဖွဲ့အစည်းအလိုက် အဖွဲ့ခွဲထားကြခြင်းဖြစ်ပြီး ပြည်ထောင်စုကြီးဆီမှ ကျင့်ကြံသူသုံးယောက်မှာ ဖုန့်ချိုးရန်၏အဖွဲ့နှင့် ပူပေါင်းလိုက်ကြ၏။ ထိုသို့ အဖွဲ့ခွဲလိုက်ကြပြီးနောက် သူတို့မှာ စတင်လှုပ်ရှားရန် အဆင်သင့် ဖြစ်သွားကြပြီဖြစ်သည်။ သို့သော် သူတို့ မထွက်ခွာနိုင်ခင်မှာပင် တာအိုဘုန်းတော်ကြီးယိုရန်က တည်ကြည်မှုအပြည့်ရှိသော မျက်နှာအမူအရာဖြင့် လူတိုင်းအား သတိပေးလိုက်၏။
” မင်းတို့တွေအကုန်လုံး စိတ်ပိုင်းဖြတ်ထားပါ။ ပုံမှန်အတိုင်းဆိုရင် ဒီ လက်ဖွဲ့အဆောင်တွေကို စစ်သင်္ဘောကြီးထဲမှာ အသုံးပြုလို့ ရနိုင်တယ်ဆိုပေမဲ့ သေချာပေါက် အလုပ်ဖြစ်ဖို့ အာမခံပေးနိုင်မှာ မဟုတ်ဘူး။ ငါ ရှာတွေ့ထားတဲ့ အချက်အလက်တွေ အရဆိုရင် အဆုံးမဲ့မျိုးနွယ်စုရဲ့ စစ်သင်္ဘောကြီးတစ်စင်းထဲကို ဝင်ရောက်နိုင်ဖို့က လွယ်ကူတဲ့အလုပ်တစ်ခုတော့ မဟုတ်ဘူး။ အထဲကို ဝင်နိုင်ခဲ့ပေမဲ့ အပြင်ကို ချက်ချင်း ပြန်ပို့ခံလိုက်ရတဲ့ လူတွေ ရှိခဲ့ဖူးတယ် ”
” အဲတာ အဆုံးမဲ့မျိုးနွယ်စု စစ်သင်္ဘောကြီးရဲ့ ကာကွယ်ရေးစနစ်ပဲ။ အဲတာမလို့ မင်းတို့တွေ အပြင်ကို ပြန်ပို့ခံလိုက်ရမယ်ဆိုရင် ဒီနေရာမှာ အရင်ဆုံး လူစုလိုက်ကြ။ ပြီးမှ နောက်ထပ် ဘာဆက်လုပ်ရမယ်ဆိုတာကို ဆွေးနွေးကြမယ် “