ကမ္ဘာကြီးသုံးခုကဲ့သို့ ဖြစ်နေသော ချပ်ပြားဝိုင်းသုံးခုဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် စစ်သင်္ဘောကြီးမှာ မီးပင်လယ်ထဲမှ ထိုးထွက်လာပြီး ဓားရိုးပိုင်းဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားပြီဖြစ်သည်။ ကျယ်ပြန့်တာအိုနန်းတော်၏ ပင်မကျွန်းပေါ်တွင်မူ လီဝူချန်းနှင့် ကျိုးမေ့တို့၏ မင်္ဂလာပွဲကို ဆက်လက်ကျင်းပနေဆဲပင်။
ဝမ်ပေါင်လဲ့နှင့် ဖုန့်ချိုးရန်တို့နှစ်ယောက် ဆုတောင်းစကားများ ဆိုလိုက်ကြပြီးနောက် တာအိုနန်းတော်နှင့် ပြည်ထောင်စုဂိုဏ်းသားများမှာ အသံကုန် အော်ဟစ်အားပေးနေကြတော့သည်။ ထို့ကြောင့် တာအိုနန်းတော်ကြီး တစ်ခုလုံးမှာ ဆူညံပွက်လောရိုက်နေ၏။ ထိုထိမ်းမြားလက်ထပ်ပွဲသို့ တက်ရောက်ခြင်းမရှိသော လူများပင်လျှင် ပင်မကျွန်းပေါ်ရှိ ပြည်သူ့ရင်ပြင်ထဲမှ အော်ဟစ်ရယ်မောသံများကို ကြားနေရသည်။
ထိုအခိုက်အတန့်တွင် အရာအားလုံးမှာ ပြီးပြည့်စုံနေသည့်ပုံ ပေါက်နေ၏။ ဗေဒါပင်ကြီးမှာလည်း လေထဲတွင် ယိမ်းနွဲ့လှုပ်ရှားနေပြီး ကျယ်ပြန့်တာအိုနန်းတော်တစ်ခုလုံးမှာလည်း ပျော်ပွဲရွှင်ပွဲကြီးတစ်ခုကို ကျင်းပနေကြသည်။
ပြည်ထောင်စုကျင့်ကြံသူများမှာ တာအိုနန်းတော်ထဲ၌ အသားကျလာကြပြီဖြစ်သည်။ တာအိုနန်းတော်ဂိုဏ်းသားများ၏ ပြည်ထောင်စုကျင့်ကြံသူများအပေါ် ထားရှိသော သဘောထားများမှာလည်း သိသိသာသာ ပြောင်းလဲလာပြီဖြစ်သည်။
ဝမ်ပေါင်လဲ့၏ ရာထူးအဆင့်အတန်းမှာလည်း အရေးပါသော အခန်းကဏ္ဍတခုမှ ပါဝင်နေ၏။ စည်းမျဉ်းစည်းကမ်း တင်းကျပ်လွန်းလှသည့် တာအိုနန်းတော်ထဲတွင် သူ၏သြဇာအာဏာမှာ ယိမ်းယိုင်သွားခြင်းမရှိပေ။
အကယ်၍ လက်ရှိအနေအထားတိုင်းသာ ဆိုပါက ဆယ်စုနှစ်တစ်ခုအတွင်းတွင် ထိုအဖွဲ့အစည်း နှစ်ခုကြား၌ လက်ထပ်မင်္ဂလာပွဲပေါင်း မြောက်မြားစွာ ထပ်၍ပေါ်ပေါက်လာမည်ဖြစ်ပြီး မျိုးဆက်သစ်တစ်ခု ထွန်းကားလာမည် ဖြစ်သည်။ ထိုအချိန်တွင် ပြည်ထောင်စုကြီးနှင့် တာအိုနန်းတော်တို့မှာ တသီးတခြားစီ ခွဲခြား၍ မရနိုင်လောက်အောင် ပေါင်းစည်းသွားမည်သာဖြစ်သည်။ ထိုသို့သာဆိုပါက ဖုန့်ချိုးရန်နှင့် လီရှင်းဝမ်တို့၏ သဘောတူညီချက်မှာ အထမြောက်သွားမည်လည်း ဖြစ်သည်။
ပြည်ထောင်စုကြီးမှာ ထိုသို့ဖြစ်လာရန် မျှော်လင့်နေသလို ဝမ်ပေါင်လဲ့မှာလည်း ထိုနည်းတူပင်။ ထိုကြောင့်လည်း ဝမ်ပေါင်လဲ့မှာ လီဝူချန်းနှင့် ကျိုးမေ့တို့၏ မင်္ဂလာပွဲအား စိတ်ရင်းအမှန်ဖြင့် သဘောတူပေးခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူသည် နောင်တအနည်းငယ်တော့ ရနေဆဲပင်။
သူသည်လည်း လက်တွဲဖော်မရှိသေးသည့် လူငယ်တစ်ယောက် ဖြစ်နေသည်မဟုတ်ပါလော။ ထို့ကြောင့် သူသည် လူအုပ်ထဲ၌ ဝေ့ဝိုက်ကြည့်ရှုလိုက်ပြီးနောက် ကျောက်ယမုန့်အား မြင်လိုက်ရ၏။
ကျောက်ယမုန့်မှာ ပြုံးနေပြီး သူမ၏မျက်ဝန်းများထဲတွင် ပျော်ရွှင်မှု အရိပ်အယောင်များဖြင့် တောက်ပနေ၏။ ထို့အပြင် သူမ၏ မျက်နှာအမူအရာမှာ အနည်းငယ်ခန့် အားကျနေသည့်ပုံ ပေါက်နေသေးသည်။ ထိုအချိန်တွင် ကျောက်ယမုန့်မှာ ဝမ်ပေါင်လဲ့ သူမအား လှမ်းကြည့်နေသည်ကို သတိထားမိလိုက်သဖြင့် လေထဲတွင် တလူလူလွင့်နေသည့် သူမ၏ ဆံနွယ်လေးများအား နားရွက်နောက်သို့ သပ်ရင်း သူ့အား ပြန်၍လှမ်းကြည့်လိုက်တော့သည်။
သူတို့နှစ်ယောက် အကြည့်ချင်းဆုံသွားသည့်အချိန်တွင် ကျောက်ယမုန့်မှာ ပြုံးပြလိုက်၏။ ဝမ်ပေါင်လဲ့မှာမူ မည်သည့်အကြောင်းကြောင့်မှန်းမသိ ရင်ခုန်နှုန်းများ ထိန်းမနိုင်သိမ်းမရ မြန်ဆန်လာပြီးနောက် မသိစိတ်မှနေ၍ သူ၏ဗိုက်အား ပွတ်မိလိုက်တော့သည်…
သူ၏ အပြုအမူကြောင့် ကျောက်ယမုန့်မှာ ဆွံ့အသွားရတော့သည်။ ဝမ်ပေါင်လဲ့မှာလည်း ရှက်ကိုးရှက်ကန်းဖြစ်သွား၏။ သူသည် ကျောက်ယမုန့်နားသို့ သွားကာ စကားပြောရင် ပြင်လိုက်စဉ်မှာပင် လူအုပ်ကြီးနှင့်အတူ အရက်ခွက်မြှောက်ကာ ဆုတောင်းမင်္ဂလာပြုနေသည့် ကျိုးမေ့နှင့် လီဝူချန်းတို့မှာ သူ၏ရှေ့၌ ပေါ်ပေါက်လာတော့သည်။
” ကျောင်းအုပ်ကြီး ” ကျိုးမေ့မှာ ဝိုင်အရက်အချို့ သောက်ထားပြီးသားဖြစ်သောကြောင့် ပါးပြင်များနီရဲနေ၏။ သူမသည် ဝမ်ပေါင်လဲ့အား ရိုသေလေးစားမှုအပြည့်ဖြင့် စိုက်ကြည့်နေသည်။ သူမ၏မျက်ဝန်းများထဲတွင် ကျေးဇူးတင်နေသည့် အရိပ်အယောင်များကိုပါ မြင်နိုင်ပေသည်။ ထို့နောက် သူမသည် ဦးညွှတ်ကာ သူ့အား ဝိုင်အရက်တစ်ခွက် ဆက်သလိုက်၏။
လီဝူချန်းမှာ သူမ၏ဘေးတွင် ရပ်နေသည်။ ဝမ်ပေါင်လဲ့အပေါ်ထားရှိသော သူ၏ သဘောထားများမှာ ရောယှက်နေဆဲ ဖြစ်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ သူတို့နှစ်ယောက်၏ ချစ်ခြင်းမေတ္တာကို အသိအမှတ် ပြုပေးခဲ့သည်ဖြစ်ရာ သူသည် ဝမ်ပေါင်လဲ့အား ကျေးဇူးတင်နေဆဲပင်။ ထို့ကြောင့် သူသည်လည်း တရိုတသေဦးညွှတ်ကာ ထိုဝိုင်အရက်ခွက်အား အပြည့်အထိ ဖြည့်ပေးလိုက်၏။
ထိုအခါ ဝမ်ပေါင်လဲ့မှာ ခြေလှမ်းများရပ်တန့်သွားပြီး သူ၏ရှေ့တွင်ရှိနေသော စုံတွဲနှစ်ယောက်အား ကြည့်လိုက်၏။ သူသည် ကျိုးမေ့အား စိုက်ကြည့်နေရင် မြူခိုးတာအိုကျောင်းမှ ကလေးမလေး ကျိုးမေ့၏ ပုံရိပ်များမှာ သူ၏ အတွေးထဲ၌ ပြန်လည်ပေါ်ပေါက်လာတော့သည်။ ထို့နောက် သူသည် ဂုဏ်ပြုလိုသောအကြည့်ဖြင့် လီဝူချန်းဘက်သို့ လှည့်ကြည့်လိုက်၏။ နောက်ဆုံးတွင် သူသည် ဝိုင်အရက်ခွက်အား လှမ်းယူလိုက်ပြီးနောက် စနောက်ကျီစယ်သည့်လေသံဖြင့် ဆိုလိုက်၏ ” မေ့အာ။ သမီး ဆရာ့ကို ဆရာလို့ ခေါ်လို့ရပါတယ် ”
ထိုအခါ ကျိုးမေ့မှာ ခေါင်းမော့လာပြီး စိတ်လှုပ်ရှားမှု အရိပ်အယောင်များ တောက်ပနေသည့် မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်လိုက်၏။ သူမသည် ယခင်ကတည်းက ဝမ်ပေါင်လဲ့အား သူမ၏ဆရာအဖြစ် သတ်မှတ်ထားပြီးသား ဖြစ်သည်။ အမှန်အတိုင်းဆိုရလျှင် သူမ တစ်ယောက်တည်းသာ မဟုတ်ပေ။ ဝမ်ပေါင်လဲ့ကိုယ်တိုင် ပညာသင်ကြားပေးခဲ့သည့် ပထမဆုံးအသုတ်ထဲမှ ကျောင်းသားများအားလုံးမှာလည်း ထိုနည်းတူပင်ဖြစ်သည်။ ဝမ်ပေါင်လဲ့၏ ကိုယ်တိုင်ကိုယ်ကျ သင်ကြားပြသပေးခြင်းကို မခံခဲ့ရသော ကျောင်းသားများပင်လျှင် သူ့အား အထင်ကြီးကာ ရိုသေလေးစားနေကြဆဲပင်။ ဝမ်ပေါင်လဲ့ မြူခိုးတာအိုကျောင်း၏ ကျောင်းအုပ်ကြီးတာဝန်ကို ထမ်းဆောင်ခဲ့ပြီးနောက်ပိုင်း ထိုကျောင်းအား တက်ရောက်အောင်မြင်ခဲ့သည့် ကျောင်းသားတိုင်းမှာ ထိုကဲ့သို့သာ ဖြစ်ပေသည်။
ထို့ကြောင့် သူမသည် အသက်ပြင်းပြင်းရှူလိုက်ပြီး ဝမ်ပေါင်လဲ့အား နောက်ထပ်တစ်ကြိမ်ထပ်၍ ဂါရဝပြုလိုက်ပြန်သည်။
” ဆရာ့ကို ဂါရဝပြုပါတယ် ”
ပြည်ထောင်စုကြီးနှင့် တာအိုနန်းတော် ဂိုဏ်းသားများမှာ ကျိုးမေ့တစ်ယောက် ဝမ်ပေါင်လဲ့အား ‘ ဆရာ ‘ ဟု ခေါ်ဆိုသုံးနှုန်း၍ ဂါရဝပြုလိုက်သည်ကို မြင်လိုက်ရသောအခါ သူမအပေါ်ထားရှိသည့် သူတို့၏သဘောထားများမှာ ပြောင်းလဲသွားရတော့သည်။ တာအိုနန်းတော်မှာ ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာများကို အလွန်အင်မတန်မှ အရေးပေးသည့် နေရာတစ်ခုဖြစ်ပေသည်။ ကျိုးမေ့မှာ ဝမ်ပေါင်လဲ့အား သူမ၏ဆရာအဖြစ် ခေါ်ဆိုလိုက်သည်ဖြစ်ရာ ကျယ်ပြန့်တာအိုနန်းတော်ထဲရှိ သူမ၏ ရာထူးအဆင့်အတန်းမှာ ပြောင်းလဲသွားပြီ ဖြစ်သည်။
သူမအား ကျယ်ပြန့်တာအိုနန်းတော်ထဲ၌ တပည့်ရင်းတစ်ယောက်အဖြစ် သတ်မှတ်၍ရပြီဖြစ်သည်။ ထို့အပြင် သူမသည် ဝမ်ပေါင်လဲ့၏ ပပထမဆုံး တပည့်ရင်းလည်း ဖြစ်နေသေးသည်။
ထိုအချက်မှာ အလွန်အင်မတန်မှ အရေးကြီးပေသည်။
လူအုပ်ကြီးတစ်ခုလုံး အံ့ဩတုန်လှုပ်ကာ အားကျနေကြစဉ် ဝမ်ပေါင်လဲ့မှာ လီဝူချန်းအား ပြုံးပြလိုက်၏။ လီဝူချန်းမှာလည်း ထို အသုံးအနှုန်း၏ အရေးပါမှုကို နားလည်ထားသောကြောင့် ဝမ်ပေါင်လဲ့နှင့်ပတ်သတ်၍ သူ၏ ရင်ထဲ၌ ရှိနေခဲ့သည့် ရှုပ်ထွေးနေသော ခံစားချက်များအားလုံးမှာ ပျောက်ကွယ်သွားရတော့သည်။ ထို့နောက် သူသည်လည်း အသက်ပြင်းပြင်းရှူလိုက်ပြီး ကျိုးမေ့အတိုင်း လိုက်၍ တရိုတသေ ဦးညွှတ်လိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာမူ ပြုံးကာ ဝိုင်အရက်ခွက်အား မော့သောက်လိုက်ပြီး အောက်သို့ ပြန်ချလိုက်၏။ ထို့နောက် သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် အထူးအဆန်း ဖြစ်ရပ်ကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။
တာအိုနန်းတော်၏အထက်ရှိ ကောင်းကင်ယံထဲတွင် မိုးခြိမ်းသံ အကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီးနောက် မန္တန်အစီအရင်များဖြင့် ဖွဲ့စည်းထားပြီး ကြည်လင်ရှင်းလင်းနေခဲ့သော မိုးကောင်းကင်ကြီးမှာ အသွင်ပြောင်းလဲသွားခြင်းဖြစ်သည်။
အုန်း။
ထို မိုးခြိမ်းသံကြီးကြောင့် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာ တုန်ရီသွားရ၏။ ဝမ်ပေါင်လဲ့မှာလည်း တစ်ကိုယ်လုံး တုန်ရီသွားပြီး ဖုန့်ချိုးရန်မှာလည်း မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ သူတို့၏ ပတ်ပတ်လည်တွင် ရှိနေကြသော ဂိုဏ်းသားများမှာ မျက်လုံးများ ပြူးသွားကြပြီး ကြက်သေသေသွားကြ၏။ သူတို့၏ နှလုံးသားထဲတွင်မူ အန္တရာယ်ကြီးတစ်ခုနှင့် ရင်ဆိုင်ရတော့မည်အလား ခံစားနေရပြီ ဖြစ်သည်။
” ဘာသံကြီးလဲဟ ”
” ဘာဖြစ်သွားတာလဲ ”
လူတိုင်းမှာ အလန့်တကြားဖြစ်ကာ ဆူညံပွက်လော ရိုက်သွားကြသည်။ ထိုအချိန်တွင် မိုးကောင်းကင်ကြီးမှာ တွန့်လိမ်ပုံပျက်စ ပြုလာပြီး တဖြည်းဖြည်းနှင့် ပို၍ကျယ်လောင်လာသည့် မိုးခြိမ်းသံများမှာလည်း အဆက်မပြတ် ထွက်ပေါ်လာတော့သည်။ မြေပြင်ကြီးမှာ သိမ့်သိမ့်တုန်နေသလို တာအိုနန်းတော်မှာလည်း တုန်ရီနေပြီး မီးပင်လယ်ကြီးထဲတွင်လည်း လှိုင်းလုံးများ ရိုက်ခတ်လာတော့သည်။
ထိုမြင်ကွင်းများကြောင့် တာအိုနန်းတော် တစ်ခုလုံးမှာ တုန်လှုပ်ချောက်ချားသွားရတော့သည်။ လက်ထပ်မင်္ဂလာပွဲအား တက်ရောက်ခဲ့ခြင်းမရှိသော ကျင့်ကြံသူများမှာ ဂူဗိမာန်များထဲမှ ပျံထွက်လာကြပြီး သူတို့၏ ဘေးပတ်ပတ်လည်ရှိ မြင်ကွင်းများကို မြင်လိုက်ရသောအခါ တုန်လှုပ်ချောက်ချားသွားရတော့သည်။ မြဲ့လျဲ့ကျိလည်း ပေါ်ပေါက်လာပြီး သူသည် မယုံကြည်နိုင်လောက်အောင် ဖြစ်နေသော မျက်ဝန်းများဖြင့် ဓားကိုယ်ထည်ပိုင်း ရှိရာဘက်သို့ ချက်ချင်းလှမ်းကြည့်လိုက်၏။
ဝမ်ပေါင်လဲ့မှာမူ အသက်ရှူသံများ မြန်ဆန်လာရပြီး တစ်ခုခုမှာ လွဲနေပြီဖြစ်ကြောင်း ရိပ်မိလိုက်သည်။ ထိုအချိန်တွင် ကောင်းကင်ယံထဲ၌ လေမုန်တိုင်းကြီးတစ်ခုမှာ ရုတ်ခြည်းဆိုသလို ပေါ်ပေါက်လာတော့သည်။ ၎င်းမှာ ဓားကိုယ်ထည်ပိုင်းထဲမှ ရောက်ရှိလာသည့်ပုံပင်။ ထိုလေမုန်တိုင်းကြီးမှာ မီးပင်လယ်ကြီးအား ဖြတ်၍ တိုက်ခတ်လာသောကြောင့် ၎င်း၏နောက်တွင် လှိုင်းလုံးများထကာ ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာ၏။ ထိုလေမုန်တိုင်းကြီးနှင့်အတူ မိုးခြိမ်းသံကဲ့သို့သော ပေါက်ကွဲသံများမှာ တဖြည်းဖြည်းနှင့် အနီးသို့ရောက်ရှိလာတော့သည်။
ထို့ကြောင့် လူတိုင်းမှာ ထိတ်လန့်ကြောက်ရွံ့သွားကြ၏။ သူတို့ဘက်မှ မတုံ့ပြန်နိုင်ခင်မှာပင် အလွန်အင်မတန်မှ အသက်အရွယ်အိုမင်းနေပြီဖြစ်သော လူတစ်ယောက်၏ စကားသံမှာ ခပ်လှမ်းလှမ်းမှနေ၍ ထွက်ပေါ်လာ၏ ၎င်းမှာ လေပြင်းများနှင့် အတူရောက်ရှိလာပြီး တာအိုနန်းတော်ဘေးမှ ဖြတ်သွား၏။
” ကယ်ကြပါ… ကယ်ကြပါဦး ”
ထိုစကားသံကြီးမှာ တာအိုနန်းတော်တစ်ခုလုံးထဲ၌ ပဲ့တင်ထပ်နေတော့သည်။ ဖုန့်ချိုးရန်မှာ ထိုစကားသံကြီးကို ကြားလိုက်ရသောအခါ တစ်ကိုယ်လုံးတုန်ရီသွားရ၏။ ထို့နောက် သူမ၏ မျက်နှာအမူအရာမှာ မည်သူမှ သတိမထားမိနိုင်လောက်အောင် ပြောင်းလဲသွားတော့သည်။ သူမသည် သွက်သွက်ခါအောင် ရူးသွားတော့မည့်ပုံစံဖြင့် အလန့်တကြား အော်ဟစ်လိုက်၏။
” အဖေ ”
ဖုန့်ချိုးရန်မှာ ထိုစကားသံကြီးအား ကောင်းကောင်းကြီး မှတ်မိနေ၏။ ၎င်းမှာ ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီး အာကာသထဲ၌ လှည့်လည်သွားလာနေခဲ့စဉ်တုန်းက တိုက်ပွဲထဲ၌ ကျဆုံးသွားခဲ့သည့် ကျယ်ပြန့်တာအိုနန်းတော်၏ အကြီးအကဲတစ်ယောက်ဖြစ်သော သူမ၏ ဖခင်၏ စကားသံ ဖြစ်ပေသည်။
” ဆရာဦးလေး ” မြဲ့လျဲ့ကျိမှာလည်း ထိုစကားသံအား မှတ်မိပေသည်။ ထို့ကြောင့် သူသည်လည်း အံ့ဩတုန်လှုပ်သွားရပြီး ဖုန့်ချိုးရန်အား လှမ်းကြည့်မိလိုက်၏။
ဖုန့်ချိုးရန်မှာ အသက်ရှူသံများ မြန်ဆန်လာပြီဖြစ်သည်။ ထို့နောက် သူမသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ထိုစကားသံကြီး ထွက်ပေါ်လာသည့် အရပ်မျက်နှာဘက်သို့ ပြေးထွက်သွားတော့သည်။
” အကြီးအကဲဖုန်း။ ခဏနေပါအုံး ” မြဲ့လျဲ့ကျိနှင့် ဖုန့်ချိုးရန်တို့မှာ သဘောထားကွဲလွဲမှုများ ရှိကြသည့်တိုင်အောင် တာအိုနန်းတော်ပေါ်၌ ထားရှိသည့် သူ၏သစ္စာစောင့်သိမှုမှာ ဘယ်သောအခါမှ ပျောက်ပျက်သွားမည် မဟုတ်ပေ။ ယခုတွင် ဖုန့်ချိုးရန်မှာ အဆင်အခြင်မဲ့စွာ ပြုမူလိုက်သည် မဟုတ်ပါလော။ သို့သော် သူသည် သူမအား အချိန်မီ မတားလိုက်နိုင်သောကြောင့် အံကြိတ်ကာ သူမ၏နောက်မှ ပြေးလိုက်သွားတော့သည်။
တာအိုဘုန်းတော်ကြီး ယိုရန်မှာလည်း တည်ကြည်မှုအပြည့်ရှိသော မျက်နှာအမူအရာဖြင့် ပေါ်ပေါက်လာ၏။ သူသည်လည်း ထို အကြီးအကဲကြီး နှစ်ယောက်၏ နောက်သို့ ပြေးလိုက်သွားလိုက်သည်။
အဖြစ်အပျက်အားလုံးမှာ မြန်ဆန်လွန်းနေ၏။ လူအုပ်ကြီးတစ်ခုလုံး သတိပြန်မကပ်နိုင်ခင်မှာပင် ဝိညာဉ်ကြားခံနယ်အဆင့် အကြီးအကဲကြီးသုံးယောက်မှာ မိုးကုပ်စက်ဝိုင်းထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားကြပြီဖြစ်သည်။
ဝမ်ပေါင်လဲ့မှာမူ မျက်နှာအမူအရာ အမျိုးမျိုးပြောင်းလဲသွား၏။ ဂိုဏ်းချုပ်ကြီးရှု၊ ဧရာမသစ်ပင်ကြီးနှင့် တာအိုနန်းတော်နှင့် ပြည်ထောင်စုကြီးတို့မှ အခြားကျင့်ကြံသူများ အားလုံးမှာလည်း ထိုနည်းတူပင်။ ကိစ္စကြီးတစ်ခု ပေါ်ပေါက်လာတော့မည်ဖြစ်ကြောင်း လူတိုင်းက ခံစားမိနေကြပြီဖြစ်သည်။
ဓားကိုယ်ထည်ပိုင်းနှင့် ဓားရိုးပိုင်းတို့အား ပိုင်းခြားထားသည့် နယ်စပ်ဒေသတွင်မူ မိုးခြိမ်းသံကဲ့သို့သော ပေါက်ကွဲသံများမှာ အဆက်မပြတ် ထွက်ပေါ်နေဆဲပင်။ နောက်ဆုံးတွင် ဧရာမစစ်သင်္ဘောကြီးမှာ အကာအရံကြီးအား ဖောက်ထွက်သွားနိုင်ခဲ့ပြီ ဖြစ်သည်။ အကာအရံကြီးပေါ်၌ အက်ကွဲကြောင်းတစ်ခု ပေါ်ပေါက်လာပြီးနောက် စစ်သင်္ဘောကြီး၏ အရှေ့ဘက်ခြမ်းမှာ ဓားရိုးပိုင်းသို့ ဝင်ရောက်လာ၏။ ထို အကာအရံကြီးမှာ တစ်စစီ ကြေမွပျက်စီးသွားခြင်း မရှိသေးပါသော်လည်း အက်ကွဲသံများ အဆက်အပြတ် ထွက်ပေါ်လာနေသည်ဖြစ်ရာ ခဏအကြာတွင် ပျက်စီးသွားတော့မည်ဖြစ်ကြောင်း သိနိုင်ပေသည်။
ထိုအချိန်တွင် စစ်သင်္ဘောကြီးမှာ ရှေ့သို့ဆက်မတိုးတော့ဘဲ ရပ်တန့်သွား၏။ ၎င်းမှာ အကာအရံကြီးထဲတွင် ရစ်ဝဲနေရင်း ဓားကိုယ်ထည်ပိုင်းနှင့် ဓားရိုးပိုင်းတို့၏ကြားတွင် တစ်နေတော့သည်။ အိုမင်းပြီး အားအင်ချိနဲ့နေသည့် လူတစ်ယောက်၏ အသံကွဲကြီးတစ်သံမှာမူ ထိုစစ်သင်္ဘောကြီးထဲမှ အဆက်အပြတ် ထွက်ပေါ်လာနေ၏။
” ကယ်ကြပါ… ကယ်ကြပါဦး ”
ထိုအသံကြီးမှာ လေထဲ၌ ပဲ့တင်ထပ်နေတော့သည်။ အကာအရံကြီးမှာ ကွဲအက်နေပြီဖြစ်ရာ စစ်သင်္ဘောကြီး၏ ပတ်ပတ်လည်ရှိ ကောင်းကင်ယံထဲတွင် လေမုန်တိုင်းများ ပေါ်ပေါက်လာ၏။ ထို လေမုန်တိုင်းများမှာ ဓားရိုးပိုင်းထဲသို့ ဦးတည်တိုက်ခတ်သွားကြတော့သည်…