အခန်း (၅၄)

အဆင့်တက်ခြင်း

အခန်း (၅၄) အဆင့်တက်ခြင်း

မရဏဂူအပြင်ဘက်…

မုရှိုးနှင့် ကျင်းထင်တို့ မရဏဂူအဝင်ဝသို့ လှမ်းကြည့်နေကြလေသည်။

ကျင်းထင်က…

“အချိန် (၃)လတောင်ကြာသွားပြီနော်… ဂိုဏ်းတူညီလေး ဘယ်တော့မှ အပြင်ထွက်လာမှာလဲ မသိဘူး…”

ဟုတ်ပေ၏…။

ကျန်းလန် မရဏဂူထဲသို့ ဝင်သွားသည်မှာ အချိန် (၃)လ ပြည့်ခဲ့ပြီ ဖြစ်သည်။

ယနေ့… ကျင်းထင်နှင့် မုရှိုးတို့၏ ကျင့်ကြံခြင်း ပြီးဆုံးသွားပြီ ဖြစ်သည်။ ထို့ကြောင့်… သူတို့ ပြန်ကြရပေတော့မည်။

ဤနေရာတွင် ဆက်နေလျှင်လည်း သူတို့အတွက် အကျိုးရှိတော့မည် မဟုတ်ပေ။ အကျိုးမရှိသည့်အပြင် အန္တရယ်ပင် ဖြစ်လာနိုင်သည်။

မုရှိုးက…

“ဂိုဏ်းတူအစ်ကိုကြီးက စောင့်ချင်သေးလို့လား…”

ကျင်းထင်က နတ်ဘုရားရောင်ဝါအစီအရင်အကြောင်းကို ကျန်းလန်ထံမှ မေးမြန်းလိုသေးသည်။

ထို့ပြင်… ကျန်းလန်က သက်တံ့တိမ်တိုက်ကျင့်စဉ်ကို သင်ယူထားခြင်း ရှိမရှိကိုလည်း သူ သိချင်မိသည်။

ထို့ကြောင့် သူက ကျန်းလန်ကို ထွက်လာသည်အထိ စောင့်ဆိုင်းချင်နေမိသည်။

ဖြစ်နိုင်လျှင်… သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားကို သူ့အပေါ်တွင် တစ်ကြိမ်လောက် အသုံးပြုစေချင်မိသည်။ ထိုသို့ဆိုလျှင် နောက်ထပ်ကျင့်ကြံမှုများတွင် အနည်းနှင့်အများ ကံကောင်းလာနိုင်မည် ဖြစ်သည်။

ဤသည်က လက်မလွှတ်သင့်သည့် အခွင့်အရေး ဖြစ်၏။

သို့သော်… ကျန်းလန်က ယခုအချိန်ထိ ထွက်မလာသေးရာ စောင့်ဆိုင်းရင်း အချိန်ဖြုန်းနေရန်မှာလည်း မသင့်တော်ပေ။

သူတို့ နောက်တစ်ဆင့် ဆက်လက်ကျင့်ကြံရန်အတွက် အချိန်နောက်ကျသွား၍ မဖြစ်ပေ။

ယခုဆိုလျှင် လုန်ယွိက သူတို့ထက် အများကြီးရှေ့ရောက်သွားပြီ ဖြစ်သည်။ နောက်ထပ်နှစ်အနည်းငယ်အတွင်း သူမ မူလဝိညာဉ်အဆင့်သို့ တက်ရောက်နိုင်တော့မည် ဖြစ်သည်။

မူလဝိညာဉ်အဆင့်သို့ တက်ရောက်နိုင်ပြီဆိုလျှင် အင်မော်တယ်လမ်းစဉ်သို့ ဝင်ရောက်ရန် အလွန်နီးကပ်သွားပြီ ဖြစ်၏။

ကျင်းထင်က…

“နောက်ထပ် (၃)ရက်လောက်တော့ စောင့်ကြည့်လိုက်ဦးမယ်…”

ပြောပြီးသည်နှင့် မရဏအငွေ့အသက်များနှင့် ပြည့်နက်နေသည့် မရဏဂူဝင်ပေါက်ကို ကျင်းထင် လှမ်းကြည့်လိုက်သည်။

“နောက် (၃)ရက်အထိ ကျုပ်ခံနိုင်ရည် ရှိသေးတယ်လေ…”

မုရှိုးက…

“ဒါဖြင့်… ကျွန်မကတော့ ဂိုဏ်းတူအစ်ကိုကြီးကို အဖော်လုပ်ပေးနိုင်မှာ မဟုတ်တော့ဘူးနော်… ၊ ဂိုဏ်းတူညီမလေး’လုန်’ ကို မီအောင် ကျွန်မ ကျင့်ကြံရဦးမယ်လေ…”

ကျင်းထင်က ခေါင်းညိတ်လိုက်ရင်း…

“ကောင်းပြီ…”

ထို့နောက်… မုရှိုးထွက်ခွာသွားလေတော့သည်။

သူတို့အတွက် အချိန် (၁)ရက်ကလည်း (၁)ရက်ဆိုသလောက် အရေးပါလှသည်။

အခြားသူတစ်ယောက်က ခြေတစ်လှမ်းသာသွားပြီဆိုလျှင် အမီလိုက်ရန် ခက်ခဲသွားပေလိမ့်မည်။ မနားတမ်း ကြိုးစားနိုင်မှသာလျှင် တန်ရုံကျမည် ဖြစ်၏။

ကျန်းလန် ထွက်လာသည်အထိ စောင့်ဆိုင်းခြင်းမှာ အတော်လေး စွန့်စားရာရောက်သည်။

ကျန်းလန် မရဏဂူထဲမှ ထွက်မလာသည်မှာ အချိန် (၃)လခန့် ရှိပြီ ဖြစ်သည်။ နောက် (၃)ရက်အတွင်း အပြင်ထွက်လာဖို့ဆိုသည်က ဖြစ်နိုင်ချေ နည်းပါးလွန်းလှသည်။

ထို့ပြင်… ကျန်းလန်က သက်တံ့တိမ်တိုက်ကျင့်စဉ်ကို အမှန်တကယ် တတ်မြောက်သည်လား ၊ မတတ်မြောက်ဖူးလား ဆိုသည့်အချက်ကလည်း မသေချာသည့် ကိစ္စ ဖြစ်သည်။

ကျန်းလန်က သက်တံ့တိမ်တိုက်ကျင့်စဉ်ကို တတ်ကျွမ်းသည်ဆိုဦးတော့ သူတို့ကို ထိုတန်ခိုးစွမ်းအားဖြင့် ကူညီပေးရန် ဆန္ဒမရှိလျှင် မည်သို့မှ တတ်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ဖြစ်နိုင်ချေ နည်းပါးလွန်းသည့် စွန့်စားရမှုတစ်ခုအတွက် မုရှိုးကတော့ အချိန်ကုန် မခံနိုင်ပေ။

ကျင်းထင်ကတော့ အဝေးသို့ ထွက်ခွာသွားသည့် မုရှိုး၏ ကျောပြင်ကို ငေးကြည့်ရင်း ကျန်ရစ်ခဲ့လေသည်။

သူကတော့ ကျန်းလန်ကို ဆက်လက်စောင့်ဆိုင်းဦးမည် ဖြစ်သည်။

(၃)ရက်…

အချိန် (၃)ရက်တော့ ဆက်လက်စောင့်ဆိုင်းရန် သူ ဆုံးဖြတ်ထားလေသည်။

……………

မရဏဂူထဲတွင်…

ကျန်းလန် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည်။

မူလဝိညာဉ်အဆင့် ၊ အလယ်ဆင့်နှင့်ပတ်သက်ပြီး အရာအားလုံးကို ကြေကြေညက်ညက် နားလည်သွားပြီဖြစ်လေသည်။

မယုံကြည်နိုင်စရာ အောင်မြင်မှုတစ်ခု ရရှိလိုက်သည့်အတွက် ကျန်းလန် သူ့ကိုယ်သူ အံ့အားသင့်နေမိသည်။

ကောင်းကင်ရိပ်ငြိမ်ရေကန်ထဲတွင် မူလဝိညာဉ်အဆင့် ၊ အလယ်ဆင့်သို့ အဆင့်တက်ရောက်နိုင်ခဲ့သည်။ ယခု… မူလဝိညာဉ်အဆင့် ၊ အလယ်ဆင့် ပြီးပြည့်စုံစေရန် ခြေတစ်လှမ်းသာ လိုတော့သည်။

ကျန်းလန် စနစ်မှ ရရှိထားသည့် နတ်ဘုရားငှက်မွှေးဆေးလုံးကို ထုတ်ယူလိုက်သည်။

ဤဆေးလုံးကိုသာ သောက်လိုက်မည်ဆိုလျှင် ချက်ချင်းပင် မူလဝိညာဉ်အဆင့် ၊ အလယ်ဆင့်က ပြီးပြည့်စုံသွားမည် ဖြစ်သည်။

ကျန်းလန်ဆေးလုံးကို တုံ့ဆိုင်းမနေဘဲ မြိုချလိုက်၏။

ထို့နောက်… ခန္ဓာကိုယ်ထဲမှ တန်ခိုးစွမ်းအားများကို လှည့်ပတ်လိုက်သည်။ ချက်ချင်းပင် သူ၏ မူလဝိညာဉ်က ပိုမိုသန့်စင်ပြီး သိပ်သည်းလာသည်။

သူ၏ စိတ်အစဉ်သည်လည်း ဆေးဆေးတည်ငြိမ်လျှက်ရှိလေသည်။

ထိုသို့ကျင့်ကြံနေရင်း (၃)ရက်ဆိုသော အချိန် ကုန်ဆုံးသွားခဲ့လေသည်။

ကျန်းလန် မျက်လုံးများကို မှိတ်ထားဆဲ ဖြစ်သည်။

သို့သော်… မျက်လုံးများ မှိတ်ထားလျှက်ပင် စိတ်အာရုံထဲတွင် ပတ်ဝန်းကျင်တစ်ခုလုံးကို ကြည်လင်ရှင်းလင်းစွာ မြင်တွေ့နေရသည်။

သူ၏ ဆဌမအာရုံက မှောင်မိုက်နေရာမှ အလင်းရောင်ကို တွေ့မြင်ရသည့်အလား ဖြစ်သည်။

သူ၏ခန္ဓာကိုယ် အတွင်းပိုင်းတစ်ခုလုံးကိုလည်း စိတ်အာရုံဖြင့် ထိုးဖောက်တွေ့မြင်နေရသည်။ သူ့ခန္ဓာကိုယ်တွင် ဖြစ်ပေါ်နေသည့် အားနည်းချက်နှင့် လိုအပ်ချက်များကိုလည်း ရှင်းရှင်းလင်းလင်း တွေ့မြင်နေရ၏။

သူ၏စိတ်အစဉ်က ကြည်လင်ရှင်းလင်းနေပြီး စိတ်စွမ်းအားကလည်း ပိုမိုကောင်းမွန်လာလေသည်။

ယခုအချိန် ကိုယ်တွင်းမိစ္ဆာ ဝင်ရောက်လာလျှင်လည်း လွယ်လွယ်ကူကူနှင့် နှိမ်နင်းပစ်နိုင်မည် ဖြစ်သည်။

နောက်ဆုံးတော့… ကျန်းလန် မူလဝိညာဉ်အဆင့် ၊ အလယ်ဆင့်သို့ အပြည့်အ၀ အဆင့်တက်ရောက်သွားနိုင်ပြီ ဖြစ်လေ၏။

“ဟူး…”

ကျန်းလန် စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။

သူ မျက်လုံးများကို ဖွင့်ကြည့်လိုက်ပြီး သူ့လက်များကို အသာဖြန့်လိုက်သည်။

“အချိန်ခဏလေးနဲ့… မူလဝိညာဉ်အဆင့် ၊ အလယ်ဆင့်အောင်မြင်သွားတာ ယုံတောင် မယုံနိုင်ဘူး… ၊ ဒါပေမဲ့… ကောင်းကင်ရိပ်ငြိမ်ရေကန်က ရှားပါးအခွင့်အရေးကိုသာ မရခဲ့ဘူးဆိုရင် အခုလို လျှင်လျှင်မြန်မြန်နဲ့ အဆင့်တက်နိုင်မှာ မဟုတ်ဘူး ၊ ရေကန်ထဲမှာ ရေအောက်ကိုမြုပ်သွားမယ့် နောက်ဆုံးခြေလှမ်းကို ရုန်းထွက်နိုင်ခဲ့တာဟာ ငါ့အတွက် အရမ်းအကျိုးရှိသွားတယ်…”

ထိုအခြေအနေက အငွေ့ပျံပြီးမှ ပုံဆောင်ခဲအဖြစ် ပြန်လည်ဖြစ်တည်လာသည့် အခြေအနေမျိုး ဖြစ်လေသည်။

သူ မူလဝိညာဉ်အဆင့် ၊ အလယ်ဆင့်သို့ အဆင့်တက်ရောက်သွားရန် ထိုအခြေအနေက အဓိကအကျဆုံး ဖြစ်သည်။

သူသာ မူလဝိညာဉ်အဆင့် ကျင့်ကြံသူမဟုတ်ဘဲ ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူဆိုပါက ထိုသို့သော အကျိုးအမြတ်ကို ရရှိမည် မဟုတ်ပေ။

အမှန်တော့… အငွေ့ပျံပြီးမှ ပုံဆောင်ခဲအဖြစ် ပြန်လည်ဖြစ်တည်လာသည့် အခြေအနေက ကျင့်ကြံခြင်းအဆင့်တက်သည်ထက်ပင် ရှားပါးပြီး ကြုံရခဲ့သည့် အခြေအနေတစ်မျိုး ဖြစ်သည်။

ယခုတော့… ကျန်းလန် မူလဝိညဉ်အဆင့် ၊ အလယ်ဆင့် ပြီးပြည့်စုံစွာ အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။

အများအမြင်တွင် ရွှေပြဒါးအမြုတေအဆင့် တက်ရောက်နိုင်ပြီဖြစ်ကြောင်း ကျင့်ကြံခြင်းအဆင့်ကို ချိန်ညှိပေးရန် လိုအပ်နေသေးသည်။

လောလောဆယ်တွင် ကျန်းလန် ထိုအလုပ်ကို မလုပ်နိုင်သေးပေ။

နဝမတောင်ထွတ် ခန်းမဆောင်ကို အရင်ဆုံး သန့်ရှင်းရေး သွားလုပ်ရဦးမည် ဖြစ်သည်။

ကျန်းလန် နေရာမှထလိုက်ပြီး မရဏဂူအပြင်ဘက်သို့ ထွက်ခွာသွားရန် ဟန်ပြင်လိုက်သည်။ သို့သော်… မထွက်ခွာမီ ဝိညာဉ်သားရဲဥလေး၏ အခြေအနေကို ကြည့်ရန် သတိရသွားသည်။

ထို့ကြောင့်… သူက သားရဲဥလေးကို တစ်ချက်စစ်ဆေးကြည့်လိုက်လေသည်။

သားရဲဥလေးက ပုံမှန်အတိုင်းပင် ရှိနေလေသည်။

ကျန်းလန်က ဝိညာဉ်သားရဲဥလေးပေါ်သို့ သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားများ ထုတ်ဖော်အသုံးပြုလိုက်သည်။

ထိုခဏတွင် အခြေအနေတစ်ခု ပြောင်းလဲသွားသည်ကို ကျန်းလန် ရိပ်မိလိုက်သည်။

သားရဲဥလေးအပေါ်တွင် သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားကို အသုံးပြုလိုက်သည့်အခါ ခါတိုင်းကဲ့သို့ စိတ်မသက်မသာ မဖြစ်တော့ဘဲ ရုတ်တရက် စိတ်ပျော်ရွှင်ခြင်းများကို ခံစားလိုက်ရလေသည်။

ထိုသို့ ခံစားလိုက်ရသည်နှင့် သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားနှင့် ကံကောင်းခြင်းတရား၏ ဆန်းကျယ်မှုကို ကျန်းလန် ပိုမိုနားလည်သွားရသည်။

ကံကောင်းခြင်းဆိုသည်ကလည်း ကံတရားအပေါ်တွင် မူတည်သည့်အရာတစ်ခု ဖြစ်၏။ ထိုအချက်က အံ့သြစရာကောင်းလွန်းပြီး စကားလုံးများဖြင့် ဖော်ပြရန်ပင် ခက်ခဲသည်။

ထို့ပြင်… ကံကောင်းခြင်းတရားကို အမြဲတမ်း မထိတွေ့နိုင်ကြောင်း ကျန်းလန် နားလည်လိုက်သည်။

မည်သို့ပင်ဖြစ်စေ … သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားကတော့ သူ့အတွက် သိပ်ပြီး အကျိုးမရှိလှပေ။

“ငါ နည်းနည်းတော့ နားလည်လာပြီ… ၊ ‘တစ်ခါတလေမှာ နတ်တန်ခိုးစွမ်းအားကလည်း နတ်တန်ခိုးစွမ်းအား မဟုတ်ဘူး ဖြစ်နေတတ်တယ်…’ လို့ ဆရာပြောခဲ့တာ မအံ့သြတော့ပါဘူး ၊ တကယ်တော့ ကံကောင်းခြင်းဆိုတာ မိုးနဲ့မြေကလာတဲ့ ဆုလာဘ်ပဲ ၊ အမြဲတမ်းတော့လည်း ဘယ်လိုလုပ် ကံကောင်းနိုင်မလဲလေ…”

ကျန်းလန် တွေးလိုက်မိသည်။

ထို့နောက်… မရဏဂူအပြင်ဘက်သို့ ထွက်လာခဲ့လေတော့၏။

သူ၏ သားရဲဥလေး အကောင်ပေါက်လာရန်တော့ ကျန်းလန် မမျှော်လင့်ရဲသေးပေ။

အချိန်ရသည့်အခါမှ ဝိညာဉ်ဆေးရည်များလောင်းချပေးပြီး ပူနွေးသည့်မြေဆွေးလေးများကိုလည်း ဆွပေးဦးမည်ဟု ကျန်းလန် တွေးလိုက်သည်။

ထိုသားရဲဥလေးကို နေဆာလှုံပေးရန် မလိုအပ်သောကြောင့် တော်သေးသည်ဟု ဆိုရမည်။

မဟုတ်ပါက သူ့မှာ သားရဲဥလေးကို ဂရုစိုက်ရသည်နှင့် ကျင်ကြံရန်ပင် အချိန်ရတော့မည် မဟုတ်ပေ။

……………

မရဏဂူအပြင်ဘက်တွင် ကျင်းထင်တစ်ယောက် စောင့်ဆိုင်းနေဆဲ ဖြစ်သည်။

သူ ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။ ထို့နောက်… မရဏဂူအဝင်ဝသို့ လှမ်းကြည့်လိုက်ပြန်သည်။

“ဟင်း…”

ထို့နောက် သက်ပြင်းတစ်ချက် ခပ်တိုးတိုး ချလိုက်မိ၏။

အချိန် (၃)ရက် ကုန်ဆုံးသွားခဲ့ပေပြီ…။

သူ ကျန်းလန်နှင့် တွေ့ခွင့်ရတော့မည် မဟုတ်ပေ။

သူ့ အကန့်အသတ်ကျော်လွန်သွားပြီ ဖြစ်သောကြောင့် ဆက်ပြီး မစောင့်နိုင်တော့ပေ။ ပြန်ရတော့မည် ဖြစ်သည်။

လူတိုင်းက မတူညီသည့် ရွေးခြယ်မှုများကို ပြုလုပ်လေ့ရှိကြသည်။

မုရှိုးက ထွက်ခွာသွားရန် ရွေးခြယ်ခဲ့ပြီး သူကတော့ ကျန်းလန်ကို စောင့်ဆိုင်းနေရန် ရွေးခြယ်ခဲ့သည်။

သို့သော်… ကံဆိုးစွာပင် သူ မှားယွင်းသည့်ဘက်မှ လောင်းကြေးထပ်ခဲ့မိဟန် ရှိသည်။ သို့သော်… ဆုံးရှုံးမှုက လက်ခံနိုင်သည့် ဆုံးရှုံးမှုတစ်ခုဖြစ်နေသာကြောင့် ဖြေသာနိုင်သည်ဟု ဆိုရမည်။

ကျင်းထန် နေရာမှ လှည့်ထွက်သွားရန် ဟန်ပြင်လိုက်လေသည်။

ထိုစဉ်မှာပင်…

မရဏဂူထဲမှ ခြေသံများထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

ထို့နောက်… မရဏဂူထဲမှ ကျန်းလန် ထွက်လာသည်ကို တွေ့လိုက်ရသည်။

ကျန်းလန်က နဝမတောင်ထွတ် ခန်းမဆောင်သန့်ရှင်းရေးလုပ်ပြီးလျှင် စာကြည့်တိုက်တွင် စာဖတ်ရန် စဉ်းစားထားသည်။

ထို့ပြင်… ကျင့်ကြံခြင်းအဆင့် ပိုမိုခိုင်မာရန်အတွက် စနစ်မှ ရရှိထားသည့် ဆေးအချို့ကိုလည်း ထပ်မံသောက်သုံးရန် စီစဉ်ထားသေးသည်။

သူ၏ စွမ်းအားက အကန့်အသတ်ရှိလေသည်။ ထို့ကြောင့် အရာအားလုံးကို သင်ယူနိုင်ရန်မဖြစ်နိုင်သလို အရာအားလုံးကို နားလည်နိုင်စွမ်းလည်း မရှိပေ။

လက်ရှိတွင် သူသင်ယူထားသည့် အရာအတော်များများမှ စနစ်မှရရှိသည့် ကျင့်စဉ်များနှင့် ဂါထာမန္တန်များက အများစု ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ အရေးအကြီးဆုံးအချက်မှာ ကျင့်ကြံခြင်းအဆင့် မြင့်တက်လာရန်သာ ဖြစ်သည်။

အင်မော်တယ်တစ်ပါးဖြစ်မှသာလျှင် ပျက်သုဉ်းနေသည့် တစပြင်လောကကြီးတွင် အသက်ရှင်သန်နိုင်မည် ဖြစ်သည်။

ပျက်သုဉ်းနေသည့် တစပြင်လောကကြီးတွင် အင်မော်တယ်များ ၊ နတ်ဆိုးများ ၊ နတ်ဘုရားများ ၊ တန်ခိုးရှင်များ နေရာတိုင်းတွင် ရှိ၏။

ထို့ကြောင့်… အင်မော်တယ်မဖြစ်သေးပါက… ခွန်လွန်တောင်မှ ခြေတစ်လှမ်းခွာသည်နှင့် အန္တရယ်များ ဝိုင်းဝိုင်းလည်နေပေလိမ့်မည်။

“ဟာ… ဂိုဏ်းတူအစ်ကို…”

ကျန်းလန် မရဏဂူထဲမှ ထွက်လာလာချင်း မလှမ်းမကမ်းတွင် ရပ်နေသည့် ကျင်းထင်ကို တွေ့လိုက်ရသောကြောင့် နှုတ်ဆက်လိုက်၏။

နဝမတောင်ထွတ်သို့ ရောက်လာကြသည့် ကျင့်ကြံသူ (၃)ယောက်တွင် ကျင်းထင်တစ်ယောက်သာလျှင် ကျန်ရစ်တော့သည်။

ကြည့်ရသည်မှာ ကျင်းထင်က သူ့ကိုစေင့်နေဟန် ရှိသည်။

ကျင်းထင်က…

“ဂိုဏ်းတူညီလေး… မင်း နည်းနည်းလောက် အချိန်ရမလား မသိဘူး…”

ကျင်းထင်ကို ကြည့်ရသည်မှာ သူ့ကိုတစ်စုံတစ်ခု မေးမြန်းချင်နေဟန် ရှိသည်။

သူ့အနေဖြင့် ဂိုဏ်းတူအစ်ကိုကို မသိကျိုးကျွံပြုနေ၍ မဖြစ်ပေ။

“ရပါတယ် ဂိုဏ်းတူအစ်ကို… ပြောပါဗျာ…”

သို့သော်… ကျင်းထင် မည်သည့်စကားပြောမည်လဲ ကျန်းလန် မခန့်မှန်းနိုင်ပေ။

ကျင်းထင်က…

“လွန်ခဲ့တဲ့ (၆)လလောက်က မင်း တောင်ခြေမှာ ကျုပ်တို့ကို လာကြိုတုန်းကလေ မင်းရဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာ သက်တံ့ရောင်စဉ်တွေ လွှမ်းခြုံနေတာ ကျုပ်တို့ တွေ့ခဲ့ကြရတယ်… ၊ ဒီတော့ သက်တံ့တိမ်တိုက် ကျင့်စဉ်ကိုများ ဂိုဏ်းတူညီလေး တတ်မြောက်သလားဆိုတာ သိချင်မိတယ်… ၊ တကယ်လို့ အဲဒီပညာကို တတ်မြောက်ထားတယ်ဆိုရင် ကျုပ်အပေါ်မှာ တစ်ခေါက်လောက်အသုံးပြုပြီး ကံကောင်းအောင် ကူညီပေးပါလားဗျာ…”

ကျင်းထင်က စကားကို ခဏမျှ ရပ်နားလိုက်ပြီးမှ…

“မင်း ကူညီမယ်ဆိုရင် ကျုပ် ကျေးဇူးဆပ်ပါ့မယ်… ၊ အလကား မဖြစ်စေရပါဘူး…”

ဟု ပြောလိုက်လေတော့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset