အခန်း (၅၂) ပထမတောင်ထွတ်မှ ကမ်းလှမ်းခြင်း
ပထမတောင်ထွတ်မှ ဂိုဏ်းတူအစ်ကိုကြီး တစ်ကိုယ်လုံး ရေများစိုရွှဲနေသည်က ဘာအဓိပ္ပါယ်များလဲ…။
ဤသည်က… ရေကန်ထဲသို့ ပြုတ်ကျသွားသည်ဆိုသည့် အဓိပ္ပါယ်ပင် ဖြစ်သည်။
ပထမတောင်ထွတ်မှ ဂိုဏ်းတူအစ်ကိုကြီး ရေကန်ထဲသို့ ပြုတ်ကျသွားသည်ဆိုသည်က ဘာအဓိပ္ပါယ်များလဲ…။
ဤသည်က… ပြိုင်ပွဲတွင် အနိုင်ရသွားသူက ပထမတောင်ထွတ်မှ ဂိုဏ်းတူအစ်ကိုကြီး မဟုတ်ဘူးဆိုသည့် အဓိပ္ပါယ်ပင် ဖြစ်သည်။
ထိုသို့ဆိုလျှင်… ပြိုင်ပွဲတွင် အနိုင်ရသွားသူက နဝမတောင်ထွတ်မှ ဂိုဏ်းတူညီလေး ဖြစ်ပေလိမ့်မည်။
ပထမဆုံး ထွက်လာသူက အရှုံးသမားမဟုတ်ဘဲ အနိုင်ရသူ ဖြစ်နေခဲ့ပြီ မဟုတ်ပါလား။
ကုချီကိုကြည့်ပြီး မည်သူမှ စကားမပြောနိုင်ကြတော့ပေ။
မည်သို့ ပြုမူတုန့်ပြန်ရမည်ကိုလည်း သူတို့ မသိကြတော့ပေ။
သူတို့ မျှော်လင့်ထားသည်နှင့် တကယ်တမ်းဖြစ်လာသည်က လုံး၀ ကွာခြားနေခဲ့ပြီ မဟုတ်ပါလား။
အနည်းငယ်မျှသာ ကွာခြားခြင်းမဟုတ်… ၊ လုံးဝကို ရလဒ်က ကွဲပြားခြားနားနေခြင်း ဖြစ်သည်။
အရာအားလုံးက သူတို့တွေးထားသည်နှင့် ဆန့်ကျင်ဘက် ဖြစ်နေလေပြီ…။
သို့သော်…
အနိုင်အရှုံးရလဒ်ကို မည်သူမှ မငြင်းဆန်နိုင်ကြပေ။
ပထမတောင်ထွတ်မှ ဂိုဏ်းတူအစ်ကိုကြီးထွက်လာလျှင် အောင်ပွဲခံရန် ရည်ရွယ်ထားကြသည့် တပည့်များမှာ ရှက်ကိုးရှက်ကန်းဖြင့်သာ ငြိမ်သက်နေကြတော့သည်။
နဝမတောင်ထွတ်မှ ဂိုဏ်းတူညီလေးဘက်မှ ရပ်တည်ကြသည့် တပည့်များမှာလည်း ဂိုဏ်းတူညီလေးအတွက် ဝမ်းမြောက်ဝမ်းသာ ဂုဏ်မယူနိုင်ဘဲ ငြိမ်သက်နေမိကြသည်။
ပထမတောင်ထွတ်မှ ဂိုဏ်းတူအစ်ကိုကြီး ထပ်မံ အရှက်ရစရာ ဖြစ်သွားမည်ကို သူတို့အားလုံး စိုးရိမ်ကြသည်။
ကုချီက မည်သူ့ကိုမှ စကားပြောမနေဘဲ ကောင်းကင်ရိပ်ငြိမ်ရေကန်မှ ချက်ချင်း ထွက်ခွာသွားသည်။
သူ ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်လေသည်။ ထိုအချက်ကို သူကိုယ်တိုင်လည်း မငြင်းဆန်နိုင်ပေ။
ကုချီ ထွက်ခွာသွားသည်နှင့်…
တိတ်ဆိတ်နေသည့် လူအုပ်ထဲမှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
“ဒီတော့… နဝမတောင်ထွတ်က ဂိုဏ်းတူညီလေး အနိုင်ရသွားတာပေါ့… ၊ ရှုံးသွားတဲ့သူက ပထမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုကြီး ဖြစ်နေတာပေါ့…”
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… ၊ ဒီလိုဖြစ်လာစရာ အကြောင်းကို မရှိဘူး…”
“ဒါပေမဲ့ အမှန်တရားက သက်သေပြနေပြီပဲ… မင်း မယုံလည်း မတတ်နိုင်ဘူး…”
“ဒါဖြင့် ကျင့်ကြံခြင်းအဆင့်တက်သွားတဲ့သူက နဝမတောင်ထွတ်က ဂိုဏ်းတူညီလေးပေါ့…”
“ဒါပေမဲ့ သူ ဘယ်လောက်ပဲ တော်တော်ပါကွာ… ၊ ပါရမီရှင်မဟုတ်ရင်တော့ သူ့အရည်အချင်းက အကန့်အသတ် ရှိနေမှာပဲ…”
“ဒါပေမဲ့ လောလောဆယ် အနိုင်ရသွားတဲ့သူက နဝမတောင်ထွတ်က ဂိုဏ်းတူညီလေးဆိုတာ ငြင်းလို့မရဘူးလေကွာ…”
“…………………”
ရေကန်နံဘေး ခပ်ဝေးဝေးတစ်နေရာတွင် အင်မော်တယ်တစ်ပါး ရှိနေလေသည်။
ထို အင်မော်တယ်သည်ကား ပထမတောင်ထွတ်၏ တောင်သခင် ဖုန်းယီရှောက် ဖြစ်၏။
သူက အဖြစ်အပျက်များအားလုံးကို တိတ်တဆိတ် လေ့လာအကဲခတ်နေခြင်း ဖြစ်သည်။
တပည့်များ အငြင်းပွားနေကြသည်ကိုကြည့်ပြီး ဖုန်းယီရှောက် တစ်ချက်ပြုံးလိုက်လေသည်။
ထို့နောက် ကောင်းကင်ရိပ်ငြိမ်ရေကန်နံဘေးမှ ပျောက်ကွယ်သွားလေတော့၏။
…………………
ကျန်းလန် နဝမတောင်ထွတ်သို့ ပြန်လာခဲ့လေသည်။
သူက ဓားကိုစီးနှင်ပြီး ကောင်းကင်ထက်မှ ပျံသန်းလာခြင်း ဖြစ်၏။
ယခုကဲ့သို့ ဓားစီးပြီး ပျံသန်းရသည်မှာ ကျန်းလန်အတွက် ရတောင့်ရခဲ အခွင့်အရေး တစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်… သူက နဝမတောင်ထွတ်မှ အပြင်သို့ ထွက်ခွာလေ့ မရှိသောကြောင့် ဖြစ်၏။
သူ ဓားစီးပြီး ပျံသန်းရင်း နဝမတောင်ထွတ်သို့ ပြန်လာသည်ကို ဆရာဖြစ်သူ သိရှိသွားပါက ကလေးဆန်လွန်းသည်ဟု သေချာပေါက် အပြစ်တင်မည် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ… ကျန်းလန်က ဓားစီးပြီး ပျံသန်းရသည်ကို အတော်လေး သဘောကျသည်။ တိမ်စိုင်များအလယ် ဓားတစ်လက်နှင့် ပျံသန်းနေရသည့်ခံစားချက်က ရင်ခုန်စရာကောင်းသည့် ခပ်လန်းလန်း ခံစားချက်မျိုးဖြစ်သည်။
သူ့အသက်အရွယ်က ကလေးဆန်ဆန်ပြုမူနေထိုင်ရမည့်အရွယ် မဟုတ်တော့ပေ။
သို့သော်… ပြင်ပလောကသို့ သွားရောက်ရန် အခွင့်အရေးရမည်ဆိုလျှင် ကျန်းလန်က ဓားစီးပြီးပျံသန်းခရီးနှင်မည်ပဲ ဖြစ်သည်။
ပြင်ပလောကသို့ သွားမည်ဆိုသည်က စကားအဖြစ်သာပြောခြင်း ဖြစ်သည်။
စမ်းသပ်ခံရခြင်းများကို ကျော်လွန်ပြီး အင်မော်တယ်ဖြစ်လာမှသာ ပြင်ပလောကသို့ သွားရောက်ရန် ကျန်းလန် ဆုံးဖြတ်ထားသည်။
အင်မော်တယ်ဖြစ်ရန်က အနည်းငယ်တော့ အလှမ်းဝေးသေး၏။ သို့သော်… ကျန်းလန်က အလှမ်းဝေးခြင်းကို ဖြည်းဖြည်းချင်း ချုံ့ပစ်မည် ဖြစ်သည်။
ကျန်းလန်၏ ခြေထောက်များက ဓားသွားထက်တွင် မြဲမြံစွာ မတ်တတ်ရပ်နေ၏။
ကောင်းကင်လေပြင်းများကြောင့် ကျောလယ်ခန့်ထိ ရှည်လျားသည့် ကျန်းလန်၏ ဆံနွယ်များက လေးထဲတွင် လွင့်ပျံနေသည်။
သူမ၏ တည်ငြိမ်သည့်မျက်ဝန်းများကတော့ အရှေ့ဆီသို့ လှမ်းမျှော်ကြည့်လျှက် ရှိသည်။
လမ်းတွင် အတားအဆီး တစ်စုံတစ်ရာ မတွေ့ရလျှင် မကြာမီ နဝမတောင်ထွတ်သို့ ပြန်လည်ရောက်ရှိပေတော့မည်။
သို့သော်… ကျန်းလန် တတိယတောင်ထွတ်ကို ဖြတ်ကျော်ပျံသန်းလာချိန်တွင်တော့ ထူးဆန်းသည့် ဖြစ်ရပ်တစ်ခု နှင့် ရင်ဆိုင်လိုက်ရသည်။
ထို့ကြောင့်… ကျန်းလန်က စီးနှင်လာသည့်ဓားကို လေထဲတွင် ရပ်တန့်လိုက်သည်။
သူ့ရှေ့ရှိ လေထုထဲတွင် လူရွယ်တစ်ယောက် မတ်တတ်ရပ်နေလေသည်။ ထိုလူရွယ်က တန်ခိုးစွမ်းအား အလွန်မြင့်မားသည့် အင်မော်တယ်တစ်ပါး ဖြစ်ဟန် ရှိသည်။
ထိုသူကိုတွေ့သည်နှင့် မည်သူမည်ဝါဖြစ်ကြေင်း ကျန်းလန် ချက်ချင်း ရိပ်မိလိုက်သည်။
“ပထမတောင်ထွတ်က တောင်သခင်က ဘာလို့ ဒီကိုရောက်လာရတာလဲ…”
ကျန်းလန် တွေးလိုက်၏။
ကျန်းလန်က ခွန်လွန်တောင်မှ တောင်သခင်များနှင့် တစ်ခါမှ မျက်နှာချင်းဆိုင် တွေ့ဆုံဖူးခြင်း မရှိပေ။ သို့သော်… တောင်သခင်များ၏ ပုံတူပန်းချီကားများအားလုံးကိုတော့ တွေ့မြင်ဖူးသည်။
ခွန်လွန်တောင်မှ တပည့်တစ်ယောက်အနေဖြင့် တောင်သခင်များ၏ ပုံပန်းသဏ္ဍန်များကို သိရှိထားခြင်း မရှိပါက လူမှားပြီး စော်ကေားမော်ကားပြုမိလျှင် ပြဿနာအကြီးအကျယ်တက်နိုင်သည် မဟုတ်ပါလား။
ပထမတောင်ထွတ်မှ တောင်သခင်နှင့် တွေ့ဆုံရခြင်းက တိုက်ဆိုင်မှုတစ်ခု ဖြစ်ပေမည်ဟု ကျန်းလန်တွေးလိုက်သည်။
ထို့ကြောင့် … ကျန်းလန်က တိတ်ဆိတ်စွာပင် ပထမတောင်ထွတ်မှ တောင်သခင်ကို ဦးညွှတ်အရိုအသေပြုလိုက်သည်။ ထို့နောက်… ရှောင်လွှဲပျံသန်းသွားရန် ဟန်ပြင်လိုက်သည်။
သို့သော်… ကျန်းလန် ရှောင်လွှဲသွားရန် ဟန်ပြင်လိုက်သည်နှင့် ပထမတောင်ထွတ်မှ တောင်သခင်က သူ့ရှေ့တွင် ထပ်မံပေါ်လာပြန်၏။
ကျန်းလန် ရှောင်လွှဲသွားရန် မစဉ်းစားတော့ပေ။
ပထမတောင်ထွတ်မှ တောင်သခင်က သူ့ကိုလာရောက်တွေ့ဆုံသည်မှာ သိသာလွန်းနေလေပြီ…။
ကျန်းလန်က ပွင့်ပွင့်လင်းလင်းပင် မေးမြန်းလိုက်၏။
“ဆရာဦးလေး… ဘာကိစ္စများ ရှိလို့ပါလဲ…”
သို့သော်… ပထမတောင်ထွတ်မှတောင်သခင်၏ စကားကို ကြားလိုက်ရသည့်အခါ ကျန်းလန် များစွာ အံ့အားသင့်သွားမိသည်။
“မင်း … ကျုပ်ရဲ့ ပထမတောင်ထွတ်ကို လာချင်သလား…”
ထိုစကားက… ကျန်းလန် ကြားလိုက်ရသည့် စကားဖြစ်သည်။
သို့သော်… ကြားရသည့်စကား နားကြားများမှားသလားဟု မယုံကြည်နိုင်ဖြစ်သွားမိသည်။
ကျန်းလန်က…
“ဆရာဦးလေး ပြောတဲ့စကားက ဘာအဓိပ္ပါယ်များလဲ… ကျွန်တော် နားမလည်ဘူး…”
ပထမတောင်ထွတ်မှ တောင်သခင်က သူ့ကို ယခုကဲ့သို့ လာရောက်ကမ်းလှမ်းမည်ဟု လုံး၀ မျှော်လင့်မထားခဲ့မိပေ။
တောင်သခင် ဖုန်းယီရှောက်က ကျန်းလန်ကို တစ်ချက်အကဲခတ်လိုက်ရင်း အေးဆေးသည့် လေသံဖြင့်…
“မင်းရဲ့အရည်အချင်းက မဆိုးလှဘူး… ၊ ဒီတော့ ပထမတောင်ထွတ်မှာ ကျင့်ကြံတာက နဝမတောင်ထွတ်မှာထက်တော့ အများကြီးသာလိမ့်မယ်… ၊ နဝမတောင်ထွတ်က ရင်းမြစ်တွေအားလုံးကို မင်းအတွက် အသုံးပြုထားပေမယ့် မင်းကို အင်မော်တယ်တစ်ပါး ဖြစ်လာတဲ့အထိ အပြည့်အ၀ ကူညီပေးနိုင်မှာ မဟုတ်ဘူး… ”
ဖုန်းယီရှောက်က ခဏနားပြီးမှ ဆက်ပြောသည်။
“ဒါပေမဲ့… ကျုပ်တို့ ပထမတောင်ထွတ်ကတော့ မင်းကို အင်မော်တယ်တစ်ပါးဖြစ်လာအောင် ကူညီပေးနိုင်တယ်… ၊ ကျုပ်က မင်းရဲ့ဆရာအဖြစ် မင်းကို ကောင်းကောင်းပျိုးထောင်ပေးနိုင်ပါတယ်…”
ကျန်းလန်က ဖုန်းယွီရှောက်ကို ဦးညွှတ်ဂါရဝပြုလိုက်ရင်း…
“ဆရာဦးလေးဆီက ချီးကျူးစကားကြားရတာ ဝမ်းသာမိပါတယ်… ၊ ဒါပေမဲ့ ကျွန်တော်က နဝမတောင်ထွတ်က တောင်သခင်ကို ဆရာအဖြစ် အသိအမှတ်ပြုပြီးပါပြီ…”
ဖုန်းယီရှောက်၏ မျက်နှာက တည်ကြည်လေးနက်နေ၏။
သူ့ပုံစံက နောက်ပြောင်နေဟန် တစ်စက်လေးမှ မရှိပေ။
ဖုန်းယီရှောက်က…
“မင်းသာ ခေါင်းညိတ်မယ်ဆိုရင် ကျန်တဲ့ကိစ္စတွေအားလုံး ကျုပ်ဖြေရှင်းပေးမယ်ကွာ…”
ကျန်းလန်က ခေါင်းခါရမ်းလိုက်ရင်း…
“ဆရာဦးလေး ကမ်းလှမ်းတာ ကျေးဇူးတင်ပါတယ်… ၊ ဒါပေမဲ့ ကျွန်တော်က နဝမတောင်ထွတ်က ထွက်ခွာဖို့ ရည်ရွယ်ချက် မရှိပါဘူး…”
ဖုန်းယီရှောက်က…
“ဘာဖြစ်လို့လဲ…”
ပထမတောင်ထွတ်က အင်မော်တယ်တစ်ပါးဖြစ်လာမည့် အခွင့်အရေးပေးသည့်တိုင် ဒီလူငယ်က အဘယ့်ကြောင့် ငြင်းဆိုရပါသနည်း။
ပျက်သုဉ်းနေသည့် တစပြင်လောကကြီးတွင် အင်မော်တယ်တစ်ပါးဖြစ်အောင် မကျင့်ကြံနိုင်လျှင် သာမန်လူတစ်ယောက်အနေဖြင့် မည်သည့်နည်းနှင့်မှ ရပ်တည်နိုင်မည် မဟုတ်ပေ။
အင်မော်တယ်ဖြစ်လာရန်ဆိုသည်က လူတိုင်း လိုချင်ကြသည့် အခွင့်အရေး ဖြစ်၏။
ကျန်းလန်က အေးဆေးတည်ငြိမ်စွာဖြင့်…
“ဘာလို့လဲဆိုတော့… ကျွန်တော်က နဝမတောင်ထွတ်က ဆက်ခံသူတပည့် ဖြစ်နေလို့ပါ…”
အမှန်ပင် ဖြစ်၏။
သူက နဝမတောင်ထွတ်မှ ပထမဆုံးဆက်ခံသူတပည့် ဖြစ်လေသည်။ သူ့အခြေအနေက ယခင်အချိန်များကဲ့သို့ သာမန်တပည့်တစ်ယောက် မဟုတ်တော့ပေ။
ဖုန်းယီရှောက်က ကျန်းလန်ကို ကြည့်လိုက်ရင်း…
“သြော်… ဟုတ်လား…”
ကျန်းလန်က ဖုန်းယီရှောက်ကို ထပ်မံ ဦးညွှတ်ဂါရဝပြုလိုက်ရင်း…
“ဆရာဦးလေး… ဆရာဦးလေးမှာ တပည့်တွေ အများကြီး ရှိတာပါ… ၊ တပည့်တစ်ယောက် တိုးလာရင်ပဲဖြစ်ဖြစ် တပည့်တစ်ယောက် လျော့သွားရင်ပဲဖြစ်ဖြစ် ဆရာဦးလေးအတွက် ဘာမှမထူးခြားပါဘူး ၊ ဒါပေမဲ့ ကျွန်တော့်ဆရာမှာကျတော့ တပည့်ဆိုလို့ ကျွန်တော်တစ်ယောက်တည်း ရှိတာပါ… ၊ တစ်ရက် ပညာသင်ပေးဖူးရင် တစ်သက်လုံး ဆရာဖြစ်ထိုက်တယ်ဆိုတဲ့ ဆိုရိုးစကား ရှိတယ် မဟုတ်လား…”
ဖုန်းယီရှောက်က ကျန်းလန်ကို နက်ရှိုင်းသည့် အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်သည်။
ထို့နောက် မည်သည့်စကားမှ မဆိုတော့ဘဲ နေရာမှာပင် ချက်ချင်း ပျောက်ကွယ်သွားလေသည်။
ကျန်းလန်က ရိုသေလေးစားသည့်အသံဖြင့်…
“နှုတ်ဆက်ပါတယ်… ဆရာဦးလေး…”
ဟု ပြောလိုက်၏။
ထို့နောက်… ကျန်းလန် နဝမတောင်ထွတ်သို့ ဆက်လက်ထွက်ခွာလာခဲ့လေသည်။
“ဒီလိုကိစ္စမျိုး ဖြစ်လာတာ အတော်လေး အန္တရယ်များတာပဲ… ၊ ကောင်းကင်ရိပ်ငြိမ်ရေကန်မှာ ခဏလောက် နေမိတာ ပထမတောင်ထွတ်က တောင်သခင် ငါ့ဆီ ရောက်လာတော့တာပဲ… ၊ နောက်ဆိုရင် တစ်ခုခု မလုပ်ခင်မှာ သေသေချာချာ စဉ်းစားရတော့မယ်… ၊ ခွန်လွန်တောင်ကလူတွေ ငါ့ကို အာရုံစိုက်မိသွားလို့ မဖြစ်ဘူး…”
ကျန်းလန် ပိုပြီး သတိရှိရှိဖြင့် နေထိုင်ရန် ဆုံးဖြတ်လိုက်သည်။
ကောင်းကင်ရိပ်ငြိမ်ရေကန်တွင် အချိန်အနည်းငယ်မျှ နေထိုင်ခဲ့ခြင်းက ယခုကဲ့သို့ ကြီးမားသည့် ပြဿနာကြီးဖြစ်လာမည်ဟု ကျန်းလန် တွေးမထားခဲ့မိပေ။
သို့သော်… ပထမတောင်ထွတ်မှ တောင်သခင်၏ စိတ်နေသဘောထားကို ကျန်းလန် သေသေချာချာ နားမလည်နိုင်ပေ။
သူပြောနေသည့်စကားများကလည်း အစစ်အမှန်လား ၊ အတုအယောင်လား ခွဲခြားသိရှိနိုင်စွမ်း မရှိပေ။
သို့သော်… ကျန်းလန်ကတော့ သူ့စိတ်ထဲရှိသည့်အတိုင်း ပွင့်ပွင့်လင်းလင်းပင် ငြင်းဆိုလိုက်ခြင်း ဖြစ်၏။
သူ့အနေဖြင့်… နဝမတောင်ထွတ်မှ အခြားနေရာသို့ မသွားလိုပေ။
နဝမတောင်ထွတ်တွင် နေထိုင်ရသည့် အခြေအနေက ဆိုးဝါးခြင်းမရှိသလို ဆရာဖြစ်သူကလည်း သူ့ကို အကောင်းဆုံး ဂရုစိုက်သည် မဟုတ်ပါလား။
ထို့ပြင်… သူက နဝမတောင်ထွတ်၏ ပထမဆုံး ဆက်ခံသူတပည့် ဖြစ်လေရာ နောင်တစ်ချိန်တွင် နဝမတောင်ထွတ်၏ တောင်သခင်ဖြစ်လာမည့်သူ ဖြစ်သည်။ ငရဲတံခါးကို စောင့်ရှောက်ရသည့်တာဝန်ကို လွှဲပြောင်းယူရမည့်သူ ဖြစ်သည်။
ထိုအကြောင်းအရာများကို ကျန်းလန် အစကတည်းက သိရှိနားလည်ထား၏။
အင်မော်တယ်တစ်ပါး ဖြစ်လာရန်ကတော့… သူ့အတွက် မက်မောစရာ သိပ်မရှိပေ။ သူက သေချာပေါက် အင်မော်တယ်ဖြစ်လာမည့်သူ ဖြစ်သည်။
“ဘာပဲဖြစ်ဖြစ် အမြဲတမ်း စွမ်းအားအပြည့်ရှိနေအောင်တော့ တတ်နိုင်သမျှ ကြိုးစားထားရမယ်…”
ပထမတောင်ထွတ်မှ ဆရာဦးလေး၏ စိတ်နေသဘောထားကို ကျန်းလန် သေသေချာချာ မသိရှိပေ။
သူက ဆရာဦးလေး၏ ကမ်းလှမ်းချက်ကို ငြင်းဆန်လိုက်မိသည့်အတွက် ဆရာဦးလေးက ဒေါသထွက်ပြီး သူ့အပေါ် အငြိုးထားကောင်း ထားနိုင်သည်။
ထို့ကြောင့်… သူ့အနေဖြင့် လောလောဆယ်တွင် နဝမတောင်ထွတ်မှ တစ်ဖဝါးမှမခွာဘဲ ငြိမ်ငြိမ်သက်သက်နေရန် လိုအပ်လေသည်။