အခန်း (၁၀၅) လူကောင်းတွေက အသက်မရှည်ကြဘူး ၊ ရှည်ရင်လည်း ကပ်ဘေးပေါင်းအသင်္ချေကို ရင်ဆိုင်ရတယ်
ထိုခဏတွင် နေသူတော်စင်ဂိုဏ်းမှ လူများအားလုံး ကြီးမားသည့် ဖိအားကြီးတစ်ခုကို ခံစားလိုက်ကြရသည်။
လက်ရှိထိပ်သီးသိုင်းဂိုဏ်းကြီး (၆)ခုတွင် လှိုင်းနက်ဂေဟာက ပြင်ပလောကကိစ္စများတွင် ပါဝင်ပတ်သက်လေ့မရှိသလို အခြားသော စွမ်းအားစုများကိုလည်း မှီခိုအားကိုးခြင်း မရှိပေ။
ကောင်းကင်မိုးကြိုးခန်းမနှင့် ကျောက်စိမ်းပင်လယ်မြို့တော်များတွင် သိုင်းသူတော်စင်များ ရှိကြသော်လည်း အထွတ်ထိပ်မှော်ဝင်ပစ္စည်းများ မရှိကြပေ။ ဝါဒတောင်နှင့် အဆုံးမဲ့တောင်တန်းတွင်တော့ သိုင်းသူတော်စင်မရှိသည့်တိုင် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများ ပိုင်ဆိုင်ထားကြသည်။
နေသူတော်စင်ဂိုဏ်းက ကောင်းကင်မိုးကြိုးခန်းမနှင့် အတော်လေးရင်းနှီးသည့် ဆက်ဆံရေးရှိသည်။ ကျောက်စိမ်းပင်လယ်မြို့တော်ကတော့ လက်ရှိပိုင်ဆိုင်ထားသော မြေကမ္ဘာနယ်မြေ၏ ထူးကဲယင်သရဖူကြောင့် အာရုံစိုက်ခံနေရသည်။
အဆုံးမဲ့တောင်တန်းကတော့ လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခများမှ ရှောင်တိမ်းလိုပြီး ကိစ္စရပ်များ မည်သို့ဖြစ်ပျက်နေသည်ကို စောင့်ကြည့်နေသည်။
ဟွမ်ကွမ်လီ တံခါးပိတ်ကျင့်ကြံရာမှ ထွက်မလာပါက နေသူတော်စင်ဂိုဏ်းအနေဖြင့် အဆင်မပြေသည့် အနေအထားတွင် ရှိနိုင်သည်။
ဆည်းဆာအရှင်က ဖြည်းညင်းသည့်လေသံဖြင့်…
“ယွမ်ကျန်းဖုန်း ရရှိထားတဲ့ ဒဏ်ရာဟောင်းကြောင့် သူ တံခါးပိတ်ကျင့်ကြံတဲ့အခါ ကြီးမားတဲ့ပြဿနာကို ရင်ဆိုင်ရမှာပဲ ၊ ဒါပေမဲ့ သူသာ သိုင်းသူတော်စင်အဆင့် တက်ရောက်နိုင်သွားရင်တော့ ဝါဒတောင်ရဲ့ အင်အားက အရှိန်အဟုန် မြင့်မားလာလိမ့်မယ်”
“အဲဒီအချိန်ကျ ဆရာဦးလေး’ဟွမ်’ သိုင်းသူတော်စင်ဖြစ်သွားတယ်ဆိုရင်တောင်မှ ယွမ်ကျန်းဖုန်းကလည်း သိုင်းသူတော်စင် ဖြစ်နေပြီလေ ၊ ဘာထူးတော့မှာလဲ ၊ အခုချိန်မှာ ကျွန်တော်တို့ နေသူတော်စင်ဂိုဏ်းက အသာစီးရနေတယ်ဆိုပေမယ့် ဝါဒတောင်ကိုတော့ အမြစ်ပြတ် ချိုးနှိမ်နိုင်မှာ မဟုတ်ဘူး”
ဝါဒတောင်၏ ဂိုဏ်းချုပ်နေရာဆက်ခံသူအား ဆုံးဖြတ်ရာတွင် အချက်များစွာကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။
သိုင်းစွမ်းအရကြည့်မည်ဆိုလျှင် ရန်ကျောက်ကဲ၏ဖခင် ရန်တိက ယွမ်ကျန်းဖုန်း၏ အတော်ဆုံးတပည့် ဖြစ်သည်။
ထိုသို့သော တပည့်တစ်ယောက် ရှိနေခြင်းက ဂိုဏ်းချုပ်နေရာဆက်ခံမည့်နေရာအအတွက် အကြီးမားဆုံး အာမခံချက်ဖြစ်ပြီး ယွမ်ကျန်းဖုန်း တံခါးပိတ်ကျင့်ကြံရာတွင် ဂိုဏ်းအတွက် စိတ်ချမှု ရရှိမည် ဖြစ်၏။
ထို့ကြောင့် ရန်တိသာ ကျဆုံးသွားခဲ့ပါက ဝါဒတောင်၏ အလားအလာအရှိဆုံးသောအကြီးတန်းမျိုးဆက် အားအင်ချိနဲ့သွားရုံသာမက ယွမ်ကျန်းဖုန်း၏ ဆုံးဖြတ်ချက်များလည်း ထိခိုက်သွားမည် ဖြစ်သည်။ သို့ဆိုလျှင် တံခါးပိတ်ကျင့်ကြံသည့်အချိန်တွင် သူ့စိတ်ထဲ အရိပ်မဲတစ်ခု လွှမ်းမိုးသွားပေမည်။
ထိုအရိပ်မဲကြောင့် စိုးရိမ်စိတ်များဖြစ်ပေါ်လာပြီး ယွမ်ကျန်းဖုန်းအနေဖြင့် သိုင်းသူတော်စင်အဆင့်သို့ တက်လှမ်းရန် အခွင့်အရေး လျော့နည်းသွားမည် ဖြစ်သည်။
ကမ္ဘာအလင်းအရှင်က…
“ဒီတစ်ခါ ကျွန်တော်တို့ ရှုံးနိမ့်သွားခဲ့ပြီ ၊ နောက်ပိုင်းမှာ ဆုံးရှုံးမှုတွေ မရှိအောင် ဘယ်လိုလုပ်မလဲဆိုတာကိုပဲ အာရုံစိုက်ကြရအောင်”
ဖန်းပေါ်ထိုင်က ကျောက်စိမ်းပင်လယ်မြို့တော်မှ အကြီးအကဲကို အေးစက်မှုံမှိုင်းသည့် အကြည့်ဖြင့် ကြည့်လိုက်ရင်း…
“ကျောက်စိမ်းပင်လယ်မြို့တော် အားကောင်းလာတယ်ဆိုတာ ယာယီလောက်ပါပဲ ၊ နောက်တစ်ကြိမ် ထူးကဲယင်ပြိုင်ပွဲ ကျင့်းပတော့မှာမလား ၊ သူတို့လက်ထဲမှာ ထူးကဲယင်သရဖူမရှိတော့ဘူးဆိုရင် ကြာကြာအားကောင်းနိုင်မှာ မဟုတ်ပါဘူး”
ယခုအချိန်တွင်တော့ အဝေးတစ်နေရာတွင် ထွန်းလင်းတောက်ပေနသည့် အလင်းရောင်များသည် ဖန်းပေါ်ထိုင် ၊ ကမ္ဘာအလင်းအရှင် ၊ ဆည်းဆာအရှင်နှင့် နေသူတော်စင်ဂိုဏ်းမှ အခြားသောပညာရှင်များ ပေါင်းစည်းထားသည့် စွမ်းအားထက်ပင် ပိုမိုအားကောင်းလှသည်။
သဏ္ဌန်မရှိသည့်အရံအတားတစ်ခုက မိုးနဲ့မြေကို ပိုင်းခြားထားသည့်အလား တစ်ဖက်ခြမ်းက ပုံမှန်ပင် ဖြစ်ပြီး အခြားဘက်ခြမ်းကတော့ အလင်းကမ္ဘာတစ်ခုအဖြစ်ပြောင်းလဲသွားသည်။
လူတိုင်းကို မျက်လုံးကျိန်းစပ်သွားစေနိုင်သော အလင်းရောင်များက ကောာင်းကင်ထက်တွင် တောက်ပလျှက် ခမ်းနားပြင်းထန်သည့် ဖိအားတစ်ခုလည်း ထွက်ပေါ်လာသည်။
ရန်တိ ၊ ရှီတိနှင့် ကျောက်စိမ်းပင်လယ်မြို့တော်မှ အကြီးအကဲတို့က တစ်လောကလုံးလွှမ်းခြုံနေသည့် အဖြူရောင်အလင်းတန်းများကို တိတ်တဆိတ်ကြည့်နေကြပြီး မျက်နှာအမူအရာများ ပြောင်းလဲသွားကြခြင်း မရှိပေ။
အဖြူရောင်အလင်းတန်းများ ဖြတ်ကျော်သွားသည်နှင့် ၎င်း၏နောက်ဘက် မိုးကုတ်စက်ဝိုင်းတွင် တောက်ပသောလရောင်တစ်ခုက ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။
လရောင်၏တောက်ပမှုက အစစ်အမှန်နေရောင်နှင့် အမှန်တကယ်ပင် နှိုင်းယှဉ်နိုင်သည်။
တောက်ပကြည်လင်သည့်လရောင် ဆင်းသက်လာသည်နှင့် ဖန်းပေါ်ထိုင်နှင့် အခြားသူများ၏ ဝိညာဉ်စွမ်းအားဖြင့် ဖန်ဆင်းထားသော နေမင်းများမှာ မှေးမှိန်သွားကြရသည်။
အေးစိမ့်သည့်လရောင်အောက်တွင် မိုးမြေတစ်ခုလုံး ရုတ်ချည်းပင် အအေးဓာတ်များ ဖုံးလွှမ်းလာ၏။
မိုးကုပ်စက်ဝိုင်းဆီမှ ထွက်ပေါ်လာသော လမင်းသည် လူတိုင်း၏ စိတ်အာရုံကို စွဲဆောင်သွားသည်။
အဘယ်ကြောင့်ဆိုသော် ထိုလမင်းသည် မြင့်မြတ်သော ထူးကဲယင်သရဖူ၏ သန့်စင်သော တန်ခိုးစွမ်းအား ထွက်ပေါ်လာခြင်း ဖြစ်သောကြောင့်ပင်။
ထို လမင်း၏ အရှေ့တွင် ရှိနေသည့် အလင်းကမ္ဘာကေတာ့ နေသူတော်စင်ဂိုဏ်းမှ အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော မဟာနေမင်းတိုင်းတာခြင်းပေတံ၏ တန်ခိုးစွမ်းအားပင် ဖြစ်သည်။
နေထွက်ခြင်း ၊ နေဝင်ခြင်းနှင့် ကောင်းကင်အမြင့်ကို တိုင်းတာနိုင်စွမ်း ရှိသည်။
လက်ရှိတွင်တော့ မဟာနေမင်းတိုင်းတာခြင်းပေတံက ထူကဲယင်သရဖူနှင့် ထိပ်တိုက်ရင်ဆိုင်မည် မဟုတ်သလို ရန်တိနှင့် အခြားသူများကိုလည်း တိုက်ခိုက်ခြင်း ပြုလုပ်မည် မဟုတ်ပေ။ ထိုအရာက ဖန်းပေါ်ထိုင်နှင့် နေသူတော်စင်ဂိုဏ်းမှ ပညာရှင်များကို လွတ်မြောက်အောင် ကယ်ထုတ်ပေးသွားမည် ဖြစ်သည်။
ကျောက်စိမ်းပင်လယ်မြို့တော်မှ အကြီးအကဲက နှုတ်ခမ်းကို ကွေးညွှတ်လိုက်ရင်း…
“သူတို့က အရမ်းမြန်လွန်းတယ် ၊ ဟွမ်ရှုသာ မဟာနေမင်းတိုင်းတာခြင်းပေတံကိုယူပြီး ရောက်လာတာ နည်းနည်းနောက်နောက်ကျမယ်ဆိုရင် ဒီကောင်တွေ ထူးကဲယင်သရဖူနဲ့ မင်းတို့ရဲ့ ကြယ်တာရာသန့်စင်ချီဝတ်ရုံကြားမှာ ပိတ်မိနေမှာ”
ထို့နောက် သူက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ရာ သူ၏ပုံရိပ်က တောက်ပကြည်လင်သည့်လရောင်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။
ရှီတိက ရန်တိကို ပြောလိုက်သည်။
“ဂိုဏ်းတူညီလေး ၊ မင်း အရှေ့ကောင်းကင်ဒေသမှာပဲနေခဲ့ပြီး ကျောက်ကဲနဲ့ စကားပြောလိုက်ပါဦး ၊ ဒီကောင်တွေနောက်လိုက်သွားတဲ့ ထူးကဲယင်သရဖူနောက်ကို ငါလိုက်သွားမယ်”
ရန်တိခေါင်းညိတ်လိုက်ရင်း…
“ဂိုဏ်းတူအစ်ကိုကြီးက တကယ်စေတနာထားတယ်”
ထို့နောက် ရှီတိသည်လည်း ပျံသန်းထွက်ခွာသွားပြီး ကြည်လင်တောက်ပသည့် လရောင်နှင့် ပေါင်းစပ်သွားသည်။ မဟာနေမင်းတိုင်းတာခြင်းပေတံကို အသုံးပြုကာ ထွက်ပြေးသွားကြသော ဖန်းပေါ်ထိုင်နှင့် အခြားသူများနောက်သို့ သူတို့က လိုက်သွားခြင်း ဖြစ်သည်။
လေထုထဲတွင် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများ လှုပ်ရှားနေသည်နှင့်အမျှ လောကတစ်ခုလုံး တုန်လှုပ်နေသည်ကို ရန်ကျောက်ကဲ ရှင်းလင်းစွာ ခံစားရသည်။
အထွတ်ထိပ်မှော်ဝင်ပစ္စည်းများကြားမှ ပဲ့တင်ထပ်သံက တိုးတိုးတိတ်တိတ်သာ ဖြစ်သော်လည်း ထူးကဲယင်သရဖူနှင့် မဟာနေမင်းတိုင်းတာခြင်းပေတံ ထွက်ခွာသွားရာ နေရာတွင် အလွန်ပြင်းထန်သော အရှိန်အဟုန်များ မြင့်တက်လျှက် မိုးမြေတစ်ခုလုံး တုန်ခါသွားသည်ကို ခံစားရနိုင်သည်။
ကျောက်စိမ်းပင်လယ်မြို့တော်မှ အကြီးအကဲက ထူးကဲယင်သရဖူနှင့်အတူ ရောက်ရှိလာသလို ဝါဒတောင်မှ ကြယ်တာရာသန့်စင်ချီဝတ်ရုံနှင့်အတူ ရောက်ရှိလာသူကတော့ ရန်ကျောက်ကဲ၏ ဆရာဘိုးဘိုး ယွမ်ကျန်းဖုန်းဖြစ်သည်မှာ မေးနေစရာပင် မလိုပေ။
အချိန်ခဏအတွင်းမှာပင် ပြေးသူရော လိုက်သူပါ မိုးကုတ်စက်ဝိုင်းဆီသို့ တိုးဝင်ပျောက်ကွယ်သွားကြသည်။ သို့တိုင်အောင် လေထုတစ်ခုလုံး တုန်လှုပ်နေသည့် ဖိအားကြီးတစ်ခုကို ရန်ကျောက်ကဲ ခံစားနေရဆဲ ဖြစ်သည်။
ရှီတိနှင့် အခြားသူများ ထွက်ခွာသွားပြီးနောက် ရန်တိက ဝါဒတောင်မှ သိုင်းသမားများကို စုစည်းကာ ကိုယ်စီထမ်းဆောင်ရမည့်တာဝန်မျာကို ပေးအပ်လိုက်သည်။
နေသူတော်စင်ဂိုဏ်းသည် အရှေ့ထန်နိုင်ငံမှ မလွဲမသွေ မောင်းထုတ်ခံရမည် ဖြစ်သည်။ ယခုတစ်ကြိမ် အရှေ့ကောင်းကင်ဒေသတစ်ခုလုံး ကျူးကျော်ခံရသည်ဖြစ်လေရာ နယ်မြေအသီးသီးတွင် တိုက်ခိုက်နေကြသော ဝါဒတောင်သိုင်းသမားတို့သည် ရန်သူများကို အပြင်းအထန် မောင်းထုတ်ကြမည် ဖြစ်သည်။
ယွမ်ကျန်းဖုန်းကိုယ်တိုင် ကြယ်တာရာသန့်စင်ချီဝတ်ရုံနှင့်အတူ ထူးကဲယင်သရဖူနှင့်ပါတွဲလျက် မဟာနေမင်းတိုင်းတာခြင်းပေတဲနောက်သို့ လိုက်သွားပြီး မီးနယ်မြေအထိ လိုက်လံတိုက်ခိုက်မည် ဖြစ်သည်။
မီးနယ်မြေအထိ နယ်မြေသိမ်းပိုက်နိုင်ရန်အတွက် ဝါဒတောင်နှင့် ကျောက်စိမ်းပင်လယ်မြို့တော်မှ ဂိုဏ်းသားများ တိုက်ပွဲဝင်ကြရမည် ဖြစ်ပြီး တိုက်ပွဲမှ ရရှိလာမည့် အကျိုးအမြတ်များနှင့် ရင်းမြစ်ပစ္စည်းများကိုလည်း သိမ်းပိုက်ကြမည် ဖြစ်သည်။
“တိုက်ပွဲတစ်ခုကနေ ရင်းမြစ်တွေနဲ့ အကျိုးအမြတ်တွေရရှိဖို့ဆိုတာ အပြောလွယ်ပေမယ့် တကယ့် နယ်မြေသိမ်းတိုက်ပွဲတွေ တိုက်ခိုက်ဖို့ဆိုတာကတော့ နည်းနည်းခက်ခဲလိမ့်မယ်”
ရန်ကျောက်ကဲက မီးနယ်မြေတည်ရှိရာ နေရာကို လှမ်းကြည့်ရင်း ဆိုသည်။
ရန်တိက မြေပြင်ထက်သို့ ပျံသန်းဆင်းသက်လာရင်း…
“မဟာနေမင်းတိုင်းတာခြင်းပေတံ မပျက်စီးသရွ့ ၊ ဟွမ်ကွမ်လီ တံခါးပိတ်ကျင့်ကြံရာက ထွက်လာတဲ့အခါ အခု အဖေတို့ သူတို့ဆီကနေ သိမ်းယူထားတဲ့အရာတွေကို သူတို့ဘက်က သေချာပေါက် ပြန်ယူမှာပဲ ၊ ဟွမ်ရှုက အဖေတို့ ခန့်မှန်းထားတဲ့အတိုင်း တစ်ချက်တောင် မတုံ့ဆိုင်းဘဲ ချက်ချင်း ပြန်ဆုတ်သွားတာသာ ကြည့်တော့လေ”
“အဖေတို့အနေနဲ့ကတော့ မဟာနေမင်းတိုင်းတာခြင်းပေတံကို အဖေတို့လက်ထဲ အရယူနိုင်ပြီး ဟွမ်ကွမ်လီတံခါးပိတ်ကျင့်ကြံရာက ချက်ချင်းထွက်လာဖို့ ဖိအားပေးနိုင်ရင် အကောင်းဆုံးပဲ ၊ ဒါပေမဲ့ နေသူတော်စင်ဂိုဏ်းကလည်း အဲဒီလိုဖြစ်လာတဲ့အထိ ထိုင်စောင့်နေမှာ မဟုတ်ဘူး ၊ ဒါပေမဲ့ ဒီတိုက်ပွဲမှာ သူတို့ အရှက်ကွဲခဲ့တာဆိုတော့ နောက်တစ်ခါဆိုရင် ပေါ့ပေါ့တန်တန် ပြဿနာရှာရဲမှာ မဟုတ်တော့ဘူး”
ရန်တိက လက်နှစ်ဖက်ကို နောက်သို့ပစ်လိုက်ရင်း အဝေးဆီသို့ စူးစိုက်ကြည့်လိုက်သည်။
“တခြားသူတွေ ကျူးကျော်လာမှာကို စိုးရိမ်စရာမရှိမှပဲ ဆရာလည်း အေးအေးဆေးဆေး တံခါးပိတ်ကျင့်ကြံနိုင်လိမ့်မယ် ၊ ပြီးတော့ အဖေတို့ရရှိမယ့် အကျိုးအမြတ်တွေက ဂိုဏ်းအတွက်လည်း အကျိုးရှိမှာပါ”
ရန်ကျောက်ကဲက သူ့နှုတ်ခမ်းကို အသာပွတ်သပ်လိုက်ရင်း…
“ဒါပေမဲ့ ထူးကဲယင်သရဖူက ကျောက်စိမ်းပင်လယ်မြို့တော်တစ်ခုတည်းက ပိုင်ဆိုင်တာမှ မဟုတ်တာ”
ရန်တိက…
“အင်း… ကျောက်စိမ်းပင်လယ်မြို့တော်က ထူးကဲယင်သရဖူကို ဆက်လက်ထိန်းသိမ်းထားခွင့်ရဖို့ အဖေတို့က ကူညီပေးမယ်ဆိုရင် အဆုံးမဲ့တောင်တန်းက နေသူတော်စင်ဂိုဏ်းတို့ ကောင်းကင်မမိုးကိုးခန်းမတို့နဲ့ ပူးပေါင်းသွားနိုင်တယ် ၊ လှိုင်းနက်ဂေဟာတောင်မှ ဒါကို သဘောတူမှာ မဟုတ်ဘူး”
ရန်ကျောက်ကဲက ခေါင်းညိတ်လိုက်ရင်း…
“ဒီလိုပဲ ဖြစ်လာမှာပေါ့”
ကျောက်စိမ်းပင်လယ်မြို့တော်က ထူးကဲယင်သရဖူ၏ပိုင်ဆိုင်မှုကို တစ်ယောက်တည်းဆုပ်ကိုင်ထားရန် ဝါဒတောင်က ကူညီပေးမည်ဆိုလျှင် ဝါဒတောင်နှင့် အခြားသောသိုင်းဂိုဏ်းများ၏ဆက်ဆံရေးသည်လည်း လက်ရှိကဲ့သို့ ကောင်းမွန်နိုင်တော့မည် မဟုတ်ပေ။
ရန်တိက ရန်ကျောက်ကဲကို လှည့်ကြည့်လိုက်ရင်း…
“တကယ်တော့ ဒီတစ်ကြိမ်တိုက်ပွဲက တော်တော်အန္တရယ်များတယ် ၊ အစီအစဉ်မှာ အသေးအဖွဲလေးတစ်ခု လွဲချော်သွားတာနဲ့ ရလဒ်ကလည်း လုံးဝကို ကွဲပြားသွားနိုင်တယ် ၊ အခု နေသူတော်စင်ဂိုဏ်း ဖြစ်သွားသလိုပေါ့ ၊ သူတို့အစီအစဉ်ရဲ့ သေးငယ်တဲ့အစိတ်အပိုင်းလေးတစ်ခုမှာ ဟာကွက်တစ်ခုကို မင်းကတွေ့ရှိသွားရုံနဲ့ အဖေတို့က သူတို့ကို တွန်းလှန်နိုင်ခဲ့တယ်လေ”
ရန်တိ၏စကားထဲတွင် အနည်းငယ် တောင်းပန်လိုသည့် အရိပ်အမြွက် ပါရှိနေကြောင်း ရန်ကျောက်ကဲ ခံစားမိသည်။
အမှန်တော့ ယခုတိုက်ပွဲတွင် ရန်ကျောက်ကဲကိုယ်တိုင်က စွန့်စားချင်လျှင်ပင် ယွမ်ကျန်းဖုန်းနှင့် ရန်တိတို့က သဘောမတူလျှင် သူ့အနေဖြင့် ရှေ့ဆက်လှုပ်ရှားနိုင်မည် မဟုတ်ပေ။ အရှေ့ထန်နိုင်ငံမှ ဝါဒတောင်သို့ ဒီအတိုင်း ပြန်လာရမည် ဖြစ်သည်။
သို့ဆိုလျှင် နေသူတော်စင်ဂိုဏ်း၏ အကြံအစည်ကို သိရှိပါလျှက် ဝါဒတောင်သည်လည်း နေသူတော်စင်ဂိုဏ်းကို ဆန့်ကျင်ရန် အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးရမည် ဖြစ်သည်။
ထို့ကြောင့် အန္တရယ်များသည့်တိုင် ရန်ကျောက်ကဲအနေဖြင့် ဇာတ်ကွက်တစ်ခုလုံးတွင် သူ၏အခန်းကဏ္ဍကို ဆက်လက်သရုပ်ဆောင်ရန် လိုအပ်သည်။
ရန်ကျောက်ကဲက ရယ်မောလိုက်ရင်း…
“အမှန်ပဲ အမှန်ပဲ ၊ အဖေမသိဘူးနော်… ကျွန်တော် လူနဲ့ဝိညာဉ် အိုးစားကွဲတော့မလားဆိုပြီး တုန်လှုပ်ခဲ့ရတာ ခဏခဏပဲ ၊ ဒီတော့ အဖေ့အနေနဲ့ ကျွန်တော့်ကို ပစ္စည်းကောင်းလေးတွေ နည်းနည်းပါးပါးတော့ ဆုချသင့်တယ် မဟုတ်လား”
ဤကမ္ဘာသို့ ဖြတ်ကျော်ရောက်ရှိလာကတည်းက ရန်ကျောက်ကဲသည် ဤလောကနှင့် ပေါင်းစပ်ရန် အမြဲတမ်း ဂရုတစိုက်ဝီရိယရှိရှိ ကြိုးစားခဲ့သည်။
သူ၏ ယခင်ခန္ဓကိုယ်ပိုင်ရှင်နှင့် သိကျွမ်းသူများကို တွေ့ဆုံရခြင်းက သူ့အတွက် စိတ်အနှောက်အယှက်အလွန်ဖြစ်ရသော်လည်း ဤလောကအတွင်း ကောင်းစွာပေါင်းစည်းနိုင်စေရန် အကူအညီအများဆုံး ပေးသည်။
ကုန်လွန်သွားသောအချိန်များအတွင်း ရန်ကျောက်ကဲနှင့် အဆက်အဆံအများဆုံးလူမှာ အားဟူပြီးလျှင် အလွန်ထူးချွန်ထက်မြက်သည့် သူ့ဖခင်သာ ဖြစ်၏။
ဖခင်ဖြစ်သူက သူနှင့် အရင်းနှီးဆုံးဖြစ်ပြီး အချို့သောကိစ္စများတွင် သူနှင့် အနက်ရှိုင်းဆုံးဆက်ဆံရေးကို ဝေမျှခဲ့သူ ဖြစ်သည်။
“လူကောင်းတွေက အသက်မရှည်ကြဘူး ၊ ရှည်ရင်လည်း ကပ်ဘေးပေါင်းအသင်္ချေကို ရင်ဆိုင်ရတယ်”
ရန်ကျောက်ကဲမျက်ဝန်းထဲမှ ရက်စက်ကြမ်းတမ်းသည့်အကြည့်ကို ရန်တိက မျက်လုံးစောင်းကာ ကြည့်လိုက်သည်။
“အဖေတို့ သားတို့ကတော့ အချိန်အတော်ကြာအောင် အသက်ရှင်နေဦးမှာပါ အဟက် ၊ မင်း စိတ်ချပါ ၊ ဒီတစ်ခါ မီးနယ်မြေထဲအထိ တန်ပြန်တိုက်ခိုက်မှု ပြုလုပ်နိုင်ခဲ့တဲ့အတွက် အဖေတို့ဂိုဏ်းဘက်က တော်တော်အမြတ်ထွက်မှာဆိုတော့ မင်းလည်း သေချာပေါက် အကျိုးအမြတ်တွေ ရမှာပါကွာ”