Switch Mode

အခန်း (၁၀၄)

လူမရှိတဲ့မြို့မှာပရိယာယ်ဆင်ရတာကို သဘောမကျဘူး

အခန်း (၁၀၄) လူမရှိတဲ့မြို့မှာပရိယာယ်ဆင်ရတာကို သဘောမကျဘူး

တိုက်ပွဲတွင် နှစ်ဖက်စလုံးက သူတို့၏ မှော်၀င်ပစ္စည်းများကို ကိုင်ဆောင်တိုက်ခိုက်ကြသည်။

အဆုံးသတ်တွင်တော့ ရန်တိက ဓားချက်တစ်ချက်တည်းဖြင့် နေအလင်းရောင်တစ်ခုလုံးကို ခုတ်ပိုင်းချလိုက်၏။

ဖန်းပေါ်ထိုင်မှ အသွင်ပြောင်းထားသည့် ကြီးမားသောခန္ဓာကိုယ်ကြီးသည် ဟန်ချက်ပျက်ကာ နောက်သို့အနည်းငယ်ဆုတ်သွားပြီး တုံ့ဆိုင်းသွားသည်။

ကြီးမားလှသည့်ဧရာမခန္ဓာကိုယ်ကြီးထက်တွင် ဒဏ်ရာများစွာ ထွက်ပေါ်လာပြီး ထိုခန္ဓာကိုယ်ကြီးထက်မှ ၀ိညာဉ်သင်္ကေတသဏ္ဌန်များ အပိုင်းပိုင်းကွဲကြေသွားကာ သွေးနီရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး လေထဲတွင် ပျောက်ကွယ်သွားသည်။

ထို့နောက် ဖန်းပေါ်ထိုင်၏ ခန္ဓာကိုယ်အစစ်အမှန်က တစ်ဖန်ပြန်လည် ထွက်ပေါ်လာ၏။

သူ့ပုံစံက အရင်ကထက် ပိုမိုအိုမင်းနေပြီး ယိုင်နဲ့လျှက်ရှိကာ မျက်နှာသည်လည်း ဖြူဖပ်ဖြူလျော် ဖြစ်လျှက်ရှိ၏။

ဖန်းပေါ်ထိုင်၏ လည်ချောင်းထဲတွင် အနည်းငယ်တုန်ခါသွားပြီး ပါးစပ်ထဲတွင် စိမ်းရွှေရွှေ အရသာတစ်မျိုး ခံစားလိုက်ရသည်။ သူသာ အတင်းအကျပ် ပြန်မျိုမချလိုက်ပါက သွေးများ ‌ဝေါ့ခနဲ အန်ထုတ်မိမည်ပင်။

ဖန်းပေါ်ထိုင်က ရန်တိကို စိုက်ကြည့်လိုက်ပြီး ညည်းတွားသံတစ်ချက်ပြုကာ နောက်သို့ ဆုတ်ခွာသွားသည်။ တစ်ချိန်တည်းပင် ဆည်းဆာအရှင်နှင့် အခြားသူများကိုလည်း ပြန်လည်ဆုတ်ခွာရန် အသံပို့လွှတ်စနစ်ဖြင့် အမိန့်ပေးလိုက်၏။

ဤနေရာသို့ ရန်တိရောက်လာသည်ကို ကြည့်ခြင်းအားဖြင့် မဟာနေမင်းတိုင်းတာခြင်းပေတံဖြင့် ရန်တိကို လုပ်ကြံသည့်အစီအစဉ် ပျက်ပြားသွားပြီဖြစ်ကြောင်း သိရှိနိုင်သည်။

မည်သို့ဖြစ်ခဲ့သည်ကို အတိအကျ မသိနိုင်သည့်တိုင် နေသူတော်စင်ဂိုဏ်း၏ အစီအစဉ်များ ပျက်စီးခဲ့ပြီးမှာ သေချာသည်။ ဝါဒတောင်ကလည်း ထိုအခွင့်အရေးကို ဆုပ်ကိုင်ကာ သူတို့ကို ဆက်လက်တိုက်ခိုက်လာနိုင်ခြေ ရှိသည်။

နေသူတော်စင်ဂိုဏ်းက သူ့ကို ပစ်မှတ်ထားကြောင်း ရန်တိကိုယ်တိုင် သိရှိသည့်တိုင် မဟာနေမင်းတိုင်းတာခြင်းပေတံကို ရအောင်ရှောင်တိမ်းပြီး အရှေ့ထန်နိုင်ငံသို့ အလျှင်အမြန် ရောက်လာခဲ့သည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် ရန်တိကို နောက်ကွယ်မှ တစ်စုံတစ်ခုက ထောက်ပံ့ပေးနေသည်မှာ အသေအချာပင် ဖြစ်သည်။

သို့ပေသိ မည်သို့သော အခြေအနေမျိုးဖြစ်ပါစေ ဖန်းပေါ်ထိုင်က ဝါဒတောင်ကို သင်ခန်းစာပေးရန်အတွက် ရန်တိကို သတ်ဖြတ်ပစ်ချင်သည်။

ရန်တိက လောကတစ်ခွင် အလွန်အမင်း ကျော်ကြားသူတစ်ယောက် ဖြစ်သည်။ သို့သော် သေခြင်းတရားကို ကျော်လွန်ခြင်းအဆင့်ရောက်ရှိသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီလည်းဖြစ်သော ၊ ဝါရင့်သိုင်းဆရာသခင်ကြီးများဖြစ်သည့် ဟွမ်ကွမ်လီ ၊ ယွမ်ကျန်းဖုန်းတို့နှင့် မျိုးဆက်တူသူတစ်ယောက်လည်းဖြစ်သော ၊ ဖန်းပေါ်ထိုင်သည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနှင့် မာနတရား အပြည့်ရှိသည်။

သို့ရာတွင် ယခု ရန်တိနှင့် ထိပ်တိုက်ရင်ဆိုင်ရသည့်အခါ သူ့ဘက်မှ ကျင့်ကြံခြင်းအဆင့် များစွာသာလွန်သည့်တိုင် ရန်တိကို မယှဉ်နိုင်ခဲ့ပေ။

တူညီသည့်ကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင်တော့ ပြေနေစရာပင် မလိုတော့ပေ။ သို့ဖြစ်ရာ ဖန်းပေါ်ထိုင်အနေဖြင့် အမှန်တကယ်ပင် ယုံကြည်ချက် ပျောက်ဆုံးသွားကြောင်း ရိုးရိုးသားသား ဝန်ခံရပေမည်။

ထို့ကြောင့်ပင် ဖန်းပေါ်ထိုင်မှာ အရှက်ကွဲကာ မျက်နှာပူလျှက် ရှိတော့၏။

သူ၏ တစ်ဦးတည်းသောမြေးဖြစ်သူကို ရန်ကျောက်ကဲက သတ်ဖြတ်ပစ်ခဲ့ပြီး သူကိုယ်တိုင်ကလည်း သူ့ထက်နှစ်‌ပေါင်းများစွာ ငယ်ရွယ်သလို ကျင့်ကြံခြင်းအဆင့်လည်း နိမ့်ပါးသော ရန်တိလက်ချက်ဖြင့် နောက်ပြန်ဆုတ်ခဲ့ရသည်။

ရင်ထဲတွင်ခံစားနေရသည့် ‌ဒေါသနှင့် အရှက်တရားများက ဖန်းပေါ်ထိုင်၏ ခန္ဓာကိုယ်တစ်ခုလုံး သို့ ဖုံးလွှမ်းသွားသည်။

ယခုကဲ့သို့ ရှုံးနိမ့်မှုမျိုး မခံစားရသည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်ရာ သူ့စိတ်အခြေအနေက အမှန်တကယ်ပင် မတည်မငြိမ် ဖြစ်ရသည်။

သို့ပေသိ အသက်ပြင်းပြင်းတစ်ချက်ရှူရင်း ဖန်းပေါ်ထိုင်က သူ့ကိုယ်သူ ပြန်လည်တည်ငြိမ်အောင် ကြိုးစားလိုက်သည်။

နေသူတော်စင်ဂိုဏ်း၏ အစီအစဉ်များကို ဝါဒတောင်မှ သိရှိသွားပြီးနောက် တိုက်ပွဲတွင် အသာစီးမရနိုင်တော့သည်ဖြစ်ရာ သူတို့အတွက် နောက်ဆုတ်ခြင်းသာလျှင် ဆင်ခြင်တုံတရားအရှိဆုံး လုပ်ရပ် ဖြစ်ပေမည်။ မဟုတ်ပါက ပိုမိုကြီးမားသည့် ဆုံးရှုံးမှုများက သူတို့ကို စောင့်ကြိုနေပေလိမ့်မည်။

ပြတ်သားသည့် ဖန်းပေါ်ထိုင်က မြေးဖြစ်သူ ရှောင်ရှန်း သေဆုံးရခြင်းအတွက် ဖြစ်ပေါ်နေသည့် အမုန်းတရားနှင့် ‌‌ဒေါသကို ခေတ္တဖယ်ထုတ်ထားလိုက်ပြီး တိုက်ပွဲမှဆုတ်ခွာရန် ပထမဦးစားပေး ရွေးချယ်ခဲ့သည်။

သို့သော် သူ့ခန္ဓာကိုယ်တစ်ခုလုံး ဖုံးလွှမ်းနေသည့် ‌ဒေါသတရားက နက်ရှိုင်းသော သတ်ဖြတ်လိုစိတ်အဖြစ် ပြောင်းလဲသွားသည်။

ပြန်လည်ဆုတ်ခွာသွားရသည့်တိုင် ဖန်းပေါ်ထိုင်၏ အကြည့်များက ရန်တိ ၊ ရှီတိနှင့် ရန်ကျောက်ကဲတို့ကြား အဆက်မပြတ် ရွေ့လျားနေသည်။

ဖန်းပေါ်ထိုင်၏ အကြည့်များကြောင့် ရန်ကျောက်ကဲ၏ ဘေးနားမှ အားဟူသည်ပင် ဆံပင်များပင် ထောင်သွားသလို ခံစားလိုက်ရသည်။

“သခင်လေး ၊ သူ့ကို ကြည့်ရတာ လက်လျှော့မယ့်ပုံ မရှိဘူး ၊ တခြားဘာကိုမှ အရေးမစိုက်ဘဲ သခင်လေးကို တိုက်ခိုက်ကြမယ့် ပုံစံမျိုးပဲ”

ရန်ကျောက်ကဲက…

“အဲဒီလို ဖြစ်နိုင်ခြေ မရှိပါဘူး ၊ အဲဒီလိုလုပ်ဖို့ စဉ်းစားရုံလောက်ပဲ သူ တတ်နိုင်လိမ့်မယ်”

သူက ဆက်ပြောသည်။

“ဆည်းဆာအရှင် ဒဏ်ရာရသွားကတည်းက ပထမဆရာဦးလေးအတွက် ပြဿနာမရှိတော့ဘူးလေ ၊ အဖေနဲ့ ပထမဆရာဦးလေးပေါင်းလိုက်ရင် ဖန်းပေါ်ထိုင် ဘယ်နည်းနဲ့မှ အနိုင်မရနိုင်ဘူး ၊ ဆည်းဆာအရှင်က ပထမဆရာဦးလေးကို မရရအောင် ထိန်းထားမယ်ဆိုရင်တောင်မှ အဖေတစ်ယောက်တည်းနဲ့ ငါ့ကို ကာကွယ်ပေးဖို့ လုံလောက်ပါတယ်ကွာ ၊ မတူတာကတော့ တိုက်စစ်မထိုးနိုင်ဘဲ ခံစစ်ကိုပဲ အာရုံစိုက်ရမှာပေါ့”

ရန်ကျောက်ကဲက သူ့လက်ဖ၀ါးများကို အသာဖြန့်လိုက်ရင်း…

“အဖေက လွှမ်းမိုးနိုင်စွမ်း မြင့်မားလွန်းတယ် ၊ သူ့ တိုက်ကွက်တွေက မိုးကောင်းကင်ကိုတောင် တုန်လှုပ်စေတယ် ၊ ဒါပေမဲ့ ခံစစ်တိုက်ခိုက်မယ်ဆိုရင်တော့ သူ အဲဒီလောက် လှုပ်ရှားမှာ မဟုတ်ဘူး ၊ ပြီးတော့ အခုချိန်မှာ ဖန်းပေါ်ထိုင်အနေနဲ့ သူ့ကိုယ်သူပဲ အရင်ဆုံး စိုးရိမ်သင့်တယ်”

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း…

“ပြီးတော့… အဖေက လူမရှိတဲ့မြို့မှာ ပရိယာယ်ဆင်ရတာကို သဘောမကျဘူးလေ”*

(*ဆိုလိုသည်မှာ ခံစစ်တိုက်ခိုက်သည့်အခါမျိုးတွင် ကိုယ့်ဘက်တွင် နောက်ခံအင်အားမရှိတော့သည်ကို ရှိနေသယောင် ဟန်ဆောင်ပရိယာယ်အသုံးပြုခြင်းမျိုး)

သူတို့ စကားပြောနေစဉ်မှာပင် မိုးကုတ်စက်၀ိုင်းတစ်လျှောက် ထူးဆန်းသည့် အသံတစ်သံ ထွက်ပေါ်လာသည်။

“မင်းတို့ နေသူတော်စင်ဂိုဏ်းက တစ်မိုးအောက်မှာ တကယ်ပဲ ပြိုင်ဘက်ကင်းတယ်လို့ ထင်နေတာလား ၊ မင်းတို့လုပ်ရပ်တွေက ဥပ‌ဒေမဲ့သလို အထိမ်းအကွပ် ကင်းလွန်းတယ်”

စကားသံနှင့်အတူ မိုးကုပ်စက်၀ိုင်းဆီမှ ပင်လယ်ဒီရေလှိုင်းမြင့်တက်လာသံများ ရောယှက်ထွက်ပေါ်လာလေရာ လူအများမှာ ပင်လယ်ကမ်းခြေသို့ ရောက်သွားသည့်အလား ထင်ယောင်ထင်မှား ခံစားလိုက်ကြရသည်။

အသံများက တဖြည်းဖြည်းနီးကပ်လာပြီး လူတစ်ယောက်၏ ရောင်ဝါအငွေ့အသက်များဖြစ်ကြောင်း အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ကြရသည်။

အစိမ်းရောင်၀တ်စုံ၀တ်ဆင်ထားသော အဘိုးအိုတစ်ယောက်သည် စူးရှသောအကြည့်များဖြင့် လေထဲတွင် လမ်းလျှောက်လာလေသည်။ သူနှင့်အတူ ပင်လယ်ရေးစီးကြောင်းနှင့်ဆင်တူသည့် တန်ခိုးစွမ်းအားလှိုင်းလုံးကြီးများက နေရာအနှံ့ ပျံ့လွင့်ထွက်ပေါ်လာ၏။

ထိုအဘိုးအိုကိုတွေ့သည်နှင့် ဖန်းပေါ်ထိုင်နှင့် ဆည်းဆာအရှင်တို့ ချက်ချင်း မျက်နှာများ ပျက်ယွင်းသွားကြသည်။

ရောက်လာသူမှာ နေသူတော်စင်ဂိုဏ်း၏ ကာလရှည်ကြာ ရန်သူတော်ဖြစ်သော ကျောက်စိမ်းပင်လယ်မြို့တော်မှ သိုင်းဆရာသခင်အဆင့် ဝါရင့်အကြီးအကဲတစ်ယောက် ဖြစ်သည်။ ကျောက်စိမ်းပင်လယ်မြို့တော်မှာ ရေနယ်မြေတွင် ထိပ်သီးဂိုဏ်းတစ်ခု ဖြစ်သည်။

သို့ပေသိ ဖန်းပေါ်ထိုင်နှင့် ဆည်းဆာအရှင်ကို ကြောက်ရွံ့သွားစေသည်မှာ အစိမ်းရောင်၀တ်ဆင်ထားသည့် အဘိုးအို မဟုတ်ပေ။

တစ်ချိန်တည်းမှာပင် ရန်တိသည် ဝါဒတောင်ဂိုဏ်မှ အထွတ်ထိပ်မှော်ဝင်ပစ္စည်းကို ယူတောင်မလာပါဘဲ မဟာနေမင်းတိုင်းတာခြင်းပေတံကို မည်သို့ ဖြတ်ကျော်နိုင်ခဲ့ကြောင်းကိုလည်း သူတို့ နားလည်သဘောပေါက်သွားရသည်။

ထူးကဲယင်သရဖူ။

ထူးကဲယင်သရဖူက လက်ရှိတွင် ကျောက်စိမ်းပင်လယ်မြို့တော်၏ လက်ထဲတွင် ရှိနေသည် မဟုတ်ပါလား။

ဆည်းဆာအရှင်က ခပ်တိုးတိုးလေသံဖြင့်…

“ထူးကဲယင်သရဖူက အရှေ့ပယ်လယ်မှာ ကျန်ရစ်ခဲ့နိုင်တာပဲလေ ၊ ဒီကိုပါလာမယ်ဆိုရင် ကျွန်တော်တို့ သတိထားမိမှာပဲ”

နေသူတော်စင်ဂိုဏ်းနှင့်‌ ကျောက်စိမ်းပင်လယ်မြို့တော်မှာ အခဲမကျေနိုင်သည့် ရန်သူတော်များ ဖြစ်ကြသည့်အလျောက် တစ်ယောက်လှုပ်ရှားမှုကို တစ်ယောက်က အချိန်တိုင်း အနီးကပ်စောင့်ကြည့်နေခဲ့ကြသည်ပင်။

ဖန်းပေါ်ထိုင်က သုန်သုန်မှုံမှုံ မျက်နှာထားဖြင့်…

“မဟာနေမင်းတိုင်းတာခြင်းပေတံကို ငါတို့ ယူလာတော့လည်း ဘယ်သူမှမရိပ်မိအောင် ဖုံးကွယ်လာခဲ့ကြတာပဲလေ ၊ သူတို့လည်း မြူခိုး၀ှက်သစ်ပင်က သစ်သီးကို အားကိုးပြီး ဖုံးကွယ်ထားမှာပေါ့ ၊ အဲဒီနှစ်တုန်းက မြူခိုး၀ှက်သစ်ပင်က သစ်သီး (၂)လုံးသီးတယ် ၊ အဲဒီထဲက တစ်လုံးက ငါတို့ဆီရောက်လာပြီး ကျန်တဲ့တစ်လုံးက မိစ္ဆာသူတော်စင်ရဲ့လက်ထဲ ရောက်သွားတယ် ၊ ကြည့်ရတာ မိစ္ဆာသူတော်စင်လက်ထဲက သစ်သီးက ငါတို့မသိလိုက်ခင် ကျောက်စိမ်းပင်လယ်မြို့တော်ကို ရောက်သွားတာ ဖြစ်ရမယ် ၊ ထားပါတော့… ၊ အဲဒါတွေ နောက်မှပြောကြမယ် ၊ အခု အရေးကြီးဆုံးကိစ္စကိုပဲ လုပ်ကြတာပေါ့”

ထူးကဲယင်သရဖူက မဟာနေမင်းတိုင်းတာခြင်းပေတံကို တားဆီးပေးထားသဖြင့် ရန်တိ အရှေ့ထန်နိုင်ငံသို့ အလျှင်အမြန် ရောက်လာနိုင်ခဲ့ခြင်း ဖြစ်၏။

သူတို့က ဝါဒတောင်၏ ရည်ရွယ်ချက်ကို သတိမထားမိဘဲ မဟာနေမင်းတိုင်းတာခြင်းပေတံဖြင့် ရန်တိကို တိုက်ခိုက်ခဲ့ပြီး ယခုတော့ အခြေအနေကို ထိန်းကျောင်းနိုင်ခြင်း မရှိတော့ပေ။

အကယ်၍ မဟာနေမင်းတိုင်းတာခြင်းပေတံသည် ထူးကဲယင်သရဖူ၏ တိုက်ခိုက်မှုကို နှစ်ရှည်လများ ခံရမည်ဆိုလျှင် လက်ရှိအခြေအနေသည် နေသူတော်စင်ဂိုဏ်းအတွက် အလွန်အဆင်မပြေသည့် အနေအထားဖြစ်သည်။

ထို့အတူ ဝါဒတောင်ထွင်လည်း အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု ပိုင်ဆိုင်ထားသေး၏။

နေသူတော်စင်ဂိုဏ်းက ရန်သူများကို တစ်လျှောက်လုံး အနိုင်ယူနေစဉ်တွင် ဝါဒတောင်က ငြိမ်သက်နေခဲ့သည်။ ယခုတော့ ဝါဒတောင်မှ အထွတ်ထိပ်မှော်ဝင်ပစ္စည်း စတင်လှုပ်ရှားလာပြီကို မေးခွန်းထုတ်နေစရာပင် မလိုတော့ပေ။

ရန်ကျောက်ကဲက သူ၏နှုတ်ခမ်းကို အသာပွတ်သပ်လိုက်ရင်း…

“ပထမထူးကဲယင်ပြိုင်ပွဲ ပြီးဆုံးသွားတဲ့နောက် နေသူတော်စင်ဂိုဏ်းက ထူးကဲယင်သရဖူကို ချုပ်ကိုင်ပြီး အများပိုင်ပစ္စည်းကို ကိုယ်ပိုင်ပစ္စည်းတစ်ခုလို အသုံးပြုခဲ့တယ် ၊ ကိုယ့်ဂိုဏ်းရဲ့အာဏာကျယ်ပြန့်ဖို့အတွက် အထွတ်ထိပ်မှော်ဝင်ပစ္စည်း (၂)ခုရဲ့ စွမ်းအားကို မှီခိုအားထားခဲ့တယ် ၊ အဲဒီအချိန်ကတည်းက ဒီလိုနေ့မျိုး ရောက်လာမယ်ဆိုတာ သိထားသင့်တယ် ၊ မင်းတို့ အဲဒီလို မတရားတဲ့အလုပ်တွေ စလုပ်ကတည်းက ကံကြမ္မာစက်၀န်းတစ်ပတ်လည်လာတဲ့အခါ ပြန်ခံကြရမှာပဲ ၊ မင်းလုပ်တဲ့ကံအတိုင်း အကျိုးပေးတော့မှ တခြားသူတွေကို အပြစ်တင်မနေနဲ့”

“ဟက်… ပွဲကြီးပွဲကောင်းတော့ ဟုတ်နေပြီ ၊ မင်းတို့က ငါ့အဖေကို လုပ်ကြံဖို့ ဇာတ်လမ်းဆင်ခဲ့တာ ၊ ငါတို့ ဝါဒတောင်က မင်းတို့ရဲ့ အထွတ်ထိပ်မှော်ဝင်ပစ္စည်းကို ပြန်ပြီးထောင်ချောက်ဆင်ပစ်လိုက်တယ်လေ ၊ ဘယ်သူက သောက်ပြောပိုကြီးလဲဆိုတာ စောင့်ကြည့်ရတာပေါ့”

ထိုအချိန် အ‌ဝေးဆီမှ ကောင်းကင်ပြင်တစ်ခုလုံး ရုတ်တရက် တုန်ခါသွားပြီး မိုးကုတ်စက်ဝိုင်းဆီမှ နေမင်းတစ်စင်း ထွက်ပေါ်လာသည်ကို တွေ့ရသည်။

ထိုနေမင်းက အလွန်လျှင်မြန်သောအရှိန်ဖြင့် ကောင်းကင်ကို ဖြတ်ကျော် ပျံသန်းလာ၏။

ထွက်ပေါ်လာသော နေမင်းက စောစောက ဖန်းပေါ်ထိုင် ဖန်ဆင်းခဲ့သော နေ (၇)စင်းထက် သေးငယ်ပြီး အလင်းရောင်လည်း မှေးမှိန်သည်။

သို့ပေသိ ထိုနေမင်း အဝန်းအဝိုင်းထဲတွင် လှည့်ပတ်နေသော ရွှေရောင်နေမင်း (၈)စင်း တည်ရှိနေသည်။

အားဟူက သူ့နှုတ်ခမ်းထောင့်ကို အသာပွတ်ဆွဲလိုက်ရင်း…

“…. ကမ္ဘာအလင်းအရှင်ပဲ”

ထိုသူ၏ ကျင့်ကြံခြင်းအဆင့်က ဖန်းပေါ်ထိုင်ထက် နိမ့်ပါးသည့်တိုင် ဆည်းဆာအရှင်ထက် စွမ်းအားမြင့်မားသည်။ ဆည်းဆာအရှင်၏စွမ်းအားက လျှို့ဝှက်နက်နဲသည်ဟုဆိုနိုင်သော်လည်း ကမ္ဘာအလင်းအရှင်၏စွမ်းအားက ဖိအားပိုမိုပြင်းထန်သည်။

ထိုသူသည်ကား လက်ရှိ နေဘုရင် (၇)ပါးတွင် ခေါင်းဆောင်ဖြစ်သော ကမ္ဘာအလင်းအရှင်ပင် ဖြစ်၏။

သူက နေသူတော်စင်ဂိုဏ်း၏ အကြီးတန်းမျိုးဆက်များတွင် ခေါင်းဆောင်မှုပုံရိပ်ကို ဖော်ဆောင်နိုင်သူဖြစ်ပြီး လက်ရှိဂိုဏ်းချုပ် ဟွမ်ရှုနှင့် ကောင်းကောင်းယှဉ်ပြိုင်နိုင်သူ ဖြစ်သည်။

ထိပ်သီးသိုင်းဂိုဏ်းကြီးများ လက်တွဲပြီး မြေကမ္ဘာနယ်မြေမှ မူမမှန်မှုများကို ဝင်ရောက်နှိမ်နင်းရာတွင် နေသူတော်စင်ဂိုဏ်းက ကမ္ဘာအလင်းအရှင်ကို စေလွှတ်ခဲ့သည်။

ရွှေရောင်နေမင်းက လေထုထဲတွင် ရပ်တန့်သွားပြီး အလယ်ဗဟိုသို့ တဖြည်းဖြည်း စုရုံးကာ ဒြပ်ထုတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ထို့နောက် အဆုံးမရှိသော နေရောင်ခြည်များအတွင်းမှ ရွှေရောင်ဝတ်ရုံဝတ်ဆင်ထားသော လူရွယ်တစ်ယောက် ထွက်ပေါ်လာသည်။

ထိုသူ၏နှာခေါင်းက အလွန်ချွန်မြပြီး လင်းယုန်ငှက်တစ်ကောင်၏ နှုတ်သီးပမာရှိကာ ရုပ်ရည်သွင်ပြင်က အလွန်ထင်ရှားခန့်ငြားသည်ဟု ယူဆနိုင်သည်။

သူ၏ပုံရိပ်က အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံးတွင် ထင်ရှားကျော်ကြားလေရာ လူတိုင်းက မှတ်မိသိရှိကြသည်မှာ မဆန်းပေ။ သူက အမှန်တကယ်ပင် နေဘုရင် (၇)ပါး၏ ခေါင်းဆောင် ကမ္ဘာအလင်းအရှင် ဖြစ်၏။

သူက ရောက်ရောက်ချင်းပင် နက်ရှိုင်းသောအသံဖြင့် စကားဆိုသည်။

“ဦးလေး’ဖန်း’ ၊ ဒီမှာပဲ တိုက်ပွဲကို အဆုံးသတ်လိုက်ကြရအောင် ၊ ဝါဒတောင်က ကြယ်တာရာသန့်စင်ချီဝတ်ရုံက စပြီးလှုပ်ရှားနေပြီ”

ကြယ်တာရာသန့်စင်ချီဝတ်ရုံက ဝါဒတောင်မှ အထွတ်ထိပ် မှော်ဝင်ပစ္စည်း ဖြစ်သည်။

ကမ္ဘာအလင်းအရှင်က…

“ဂိုဏ်းချုပ်က မဟာနေမင်းတိုင်းတာခြင်းပေတံနဲ့အတူ ပြန်လည်ဆုတ်ခွာလာပါပြီ ၊ ဒါပေမဲ့ ကျောက်စိမ်းပင်လယ်မြို့တော်က ကျွန်တော်တို့ကို လိုက်တိုက်ခိုက်နေတုန်းပဲ ၊ ကြယ်တာရာသန့်စင်ချီဝတ်ရုံမရောက်လာခင် သူတို့လက်ကလွတ်ဖို့ လိုအပ်တယ် ၊ မဟုတ်ရင် ရလဒ်တွေက မထင်မှတ်လောက်အောင် ဆိုးရွားသွားလိမ့်မယ်”

ထိုစကားများကို ကြားသည့်အခါ ဖန်းပေါ်ထိုင်ရင်ထဲ လေးလံသွားသည်။

“ဂိုဏ်းတူအစ်ကို’ဟွမ်’ ရော တံခါးပိတ်ကျင့်ကြံတာက ထွက်မလာသေးဘူးလား”

ကမ္ဘာအလင်းအရှင်က ခဏမျှတိတ်ဆိတ်နေပြီးမှ…

“သူတို့က မဟာနေမင်းတိုင်းတာခြင်းပေတံကို ယူထားချင်နေတာ ၊ ဆရာဦးလေး’ဟွမ်’ ကျင့်ကြံခြင်းအဆင့်မတက်ခင် တံခါးပိတ်ကျင့်ကြံရာက ထွက်လာခဲ့ရင် သူတို့အတွက် ပိုပြီးအမြတ်ထွက်သွားမှာပေါ့”

“အဆုံးမဲ့တောင်တန်းက လူတွေကလည်း အရှေ့ထန်နိုင်ငံကနေ ပြန်သွားကြပြီ ၊ သူတို့က အခုမှ ရုတ်တရက်ကြီး ငြိမ်သက်သွားပြီး ဝါဒတောင်နဲ့ တိုက်ခိုက်ဖို့ကို လက်ရှောင်လိုက်တာဆိုတော့… ဝါဒတောင်က ကျွန်တော်တို့ကို တိုက်ခိုက်ဖို့ ပိုပြီးအဆင်ပြေသွားတာပေါ့ ၊ ဒီတစ်ခါတော့ အားလုံးဝိုင်းပြီးဒုက္ခပေးတာ ခံလိုက်ရတာပဲ”

ထိုစကားများကိုကြားသည်နှင့် ဖန်းပေါ်ထိုင်၏မျက်နှာထက်မှ ‌အမျက်ဒေါသများ ချက်ချင်းပျောက်ကွယ်သွားပြီး တည်ကြည်လေးနက်သွားသလို နေသူတော်စင်ဂိုဏ်းမှ လူများအားလုံးသည်လည်း တိတ်ဆိတ်ငြိမ်သက်သွားကြလေ၏။


Comment

Leave a Reply

Options

not work with dark mode
Reset