“တိုင်းပြည်နတ်ဆရာ?”
လုရှန်း ခေါင်းယမ်း၏။ “မဟုတ်ဘူး၊ ကျွန်မ သူ့ကို မတွေ့ဖူးဘူး။”
သူမ ဒီကမ္ဘာကို ရောက်နေသည်မှာ တစ်လခွဲကျော်သာ ရှိသေးပြီး ဟောင်ရန်မြို့ကလွဲလို့ တခြားဘယ်ကိုမှ မသွားဖြစ်ပါ။ တိုင်းပြည်နတ်ဆရာကို ဘယ်လိုလုပ် မြင်ဖူးမှာလဲ?
သူမရဲ့အမူအရာက သံသယဖြစ်စရာကောင်းပေမဲ့ အတုအယောင်မဟုတ်။ သူမ အမှန်တကယ်ပဲ တိုင်းပြည်နတ်ဆရာရဲ့ တပည့် မဟုတ်ဘူးပဲ။
ချုစစ်ဟန် ခေါင်းယမ်းကာ ပြုံး၏။ သူ သံသယလွန်ကဲနေပြီ။ တိုင်းပြည်နတ်ဆရာသည် အကြောင်းပြချက်မရှိပဲ သူ့ဆီ အမျိုးသမီးတစ်ယောက် ပေးမှာမဟုတ်ဘူးလို့ သူခံစားရတယ်။
ရုပ်ရည်ကို ကြည့်မယ်ဆိုရင် ဒါဖြစ်နိုင်ပါ့မလား?
လုရှန်းက သူ့ကို သရဲတစ္ဆေမဟုတ်ပဲ ထင်ယောင်ထင်မှားသပ်သပ် ပြခဲ့သည်ဟု သူ သံသယရှိသည်။
ဒီကမ္ဘာမှာ သရဲတစ္ဆေ ဘယ်လိုလုပ်ရှိနိုင်မှာလဲ?
သို့သော် သူ့ရဲ့ ပင်ကိုယ်အသိစိတ်က သူမြင်လိုက်တာတွေက သရဲတစ္ဆေတွေဆိုတာ ပြောပြနေသည်။
“သခင်လေးနဲ့ အဲဒီဝိညာဉ်တွေ ရင်းနှီးမနေဘူးလား?” လုရှန်း သူ့ကို စိုက်ကြည့်ပြီး မေး၏။
“ရင်းနှီးတယ်?” ချုစစ်ဟန် မျက်ခုံးပင့်ပြီး “ငါ ဒီဟာတွေနဲ့ ရင်းနှီးတယ်?”
အဲ့ဒီ ဝိညာဉ်တွေကို သူသိနေတာလား?
“သူတို့က လျိုယွဲ့ရွာမှာ သခင်လေး နောက်ကိုလိုက်နေတဲ့ အနက်ရောင်လူတွေပဲ။ ကမ္ဘာကြီးက သူတို့လို ဝိညာဉ်တွေကို စုဆောင်းမှာ မဟုတ်ဘူး။”
ဆိုတော့ကား သူတို့က ချုစစ်လင်းရဲ့ ငှားရမ်းထားတဲ့ လူသတ်သမားတွေပေါ့။ သို့သော် သူမရဲ့ နောက်ဆုံးစကားက သူ့စူးစမ်းချင်စိတ်ကို နှိုးဆွပေး၏။
“ဘာလို့ မရတာလဲ? ”
“သူတို့ဟာ အသက်ရှင်စဉ်တုန်းက လုပ်ကြံသတ်ဖြတ်ကြတယ်။ သူတို့ မရေမတွက်နိုင်အောင် သတ်ခဲ့ကြပြီး အပြစ်များစွာ ကျူးလွန်ခဲ့တယ်။ သူတို့ရဲ့ မကောင်းသောအကုသိုလ် ပြင်းလွန်းလို့ မြေအောက်ကမ္ဘာ ထဲ ဝင်ရောက်ပြီး ပြန်လည်မွေးဖွားခြင်း မပြုနိုင်ဘူး။ မြေအောက်ကမ္ဘာက သူတို့ကိုလက်ခံရင်တောင် သူတို့က အောက်မဆင်းချင်ဘူး။ ဆင်းသွားရင် သွေးကန်ထဲပစ်ချခံရမှာ ဘယ်တော့မှ ပြန်ပေါ်လာမှာ မဟုတ်တော့ဘူး။”
စောစောက ဝိညာဉ်များ မတွေ့ခဲ့ဘူးဆိုရင် ချုစစ်ဟန် သူမ လိမ်နေတယ်လို့ ထင်မိလိမ့်မည်။
“ဒါဆို သူတို့ လူ့လောကထဲမှာ ရှိနေရင် ဘာဖြစ်မလဲ?”
“ဘာဖြစ်မလဲ?”
လုရှန်းက ပြုံးပြီး သူ့ကို ဆက်ရှင်းပြ၏။ “သူတို့အတွက် ရလဒ်နှစ်ခုရှိမယ်။ ပထမအချက် သူတို့လေလွင့်နေတဲ့ တစ္ဆေ ဖြစ်မယ်။ သူတို့ သေဆုံးသွားတဲ့ နေရာများမှာပဲ လှည့်ပတ်သွားလာနိုင်မယ်။ အားနည်းတဲ့ ဝိညာဉ် စွမ်းအားရှိသူများနဲ့ ကြုံတွေ့ရင် အားနည်းတဲ့ ဝိညာဉ်စွမ်းအား အနောက်လိုက်ပြီး ယန်စွမ်းအင်ကိုစုပ်ယူနိုင်တယ်။ တခြားဖြစ်နိုင်ချေကတော့…”
သူမ နှာခေါင်းကို ကုတ်ရင်း “ကျွန်မလို ဖြောင့်မတ်တဲ့ သူတွေနဲ့ တွေ့ခဲ့ရင် သူတို့ကို ဖမ်းပြီး ကုသိုလ်ကောင်းမှုဖြစ်စေတာတွေ လုပ်ပေးလိမ့်မယ်။“
“ဟုတ်တယ်၊ နောက်တစ်မျိုးကတော့ နတ်ဆိုးဆန်တဲ့ လူတွေနဲ့ တွေ့ဆုံခဲ့ရင် ရွေ့လျားနေတဲ့ စိတ်ဝိညာဉ်များကို မကောင်းသောဝိညာဉ်များ ဖြစ်လာစေဖို့ လေ့ကျင့်ပေးပြီး အခြားသူတွေကို အန္တရာယ်ပြုဖို့ ဒီဝိညာဉ်တွေကို အသုံးပြုလို့ရတယ်?”
ချုစစ်ဟန် လုံးဝနားမလည်ပေမဲ့ ခေါင်းညိတ်၏။
“ဒီကမ္ဘာမှာ လူဝင်စားတာ တကယ်ရှိလား?” ဟု ထပ်မမေးခင် သူ တခဏ တိတ်ဆိတ်နေ၏။
“ရှိတယ်!” လုရှန်း သူ့ကို ပြုံးပြပြီး “သခင်လေး၊ အရင်က ကူရာမဲ့တံတားကို ကြားဖူးလား?”
ချုစစ်ဟန် ခေါင်းညိတ်တယ်။
အကြီးအကဲတွေ ပြောတာကို သူ မကြာခဏ ကြားဖူးသည်။
“ကျွန်မ ဆရာက ကူကယ်ရာမဲ့တံတားဆီ တစ်ခါခေါ်သွားဖူးတယ်။ မုန့်ပိုလို့ခေါ်တဲ့ နတ်ဘုရားတစ်ပါး ရှိတယ်။ သေခြင်းတရားနဲ့ သံသရာထဲကို ဝင်ချင်တဲ့ သရဲတစ္ဆေတွေအားလုံး မုန့်ပို စွတ်ပြုတ် တစ်ပန်းကန် သောက်ရတယ်။”
“မင်း အရင်က သူတို့ကို မြင်ဖူးလား?” ချုစစ်ဟန် သံသယဖြစ်မိတယ်။
“အင်း။” လုရှန်း ပြုံးပြီး ခေါင်းညိတ်တယ်။ “အရင်က အဖြူအမဲ တမန်တော်တွေကိုတောင် မြင်ဖူးတယ်။”
သိပ်မကြာခင်ကပဲ ဟောင်ရန်မြို့တွင် သူတို့ကို ပြန်တွေ့ခဲ့သည်။
သို့ပေမဲ့ သူတို့ သူမနဲ့ မရင်းနှီးဘူး။ သူတို့ သူမရဲ့ဆရာနဲ့တော့ ရင်းနှီးတယ်။
ချုစစ်ဟန် စကားမပြောနိုင်အောင် ဖြစ်သွား၏။ သူ့အမြင် ပြိုလဲသွားသလို ခံစားရတယ်။
သူအရင်က သိထားတဲ့ နတ်တွေ၊ နတ်ဆိုးတွေ အားလုံးက အတုတွေချည်း။
သို့သော် သူ့အရှေ့က ဒီမိန်းကလေးက ဒီကမ္ဘာပေါ်မှာ သရဲတစ္ဆေများနဲ့ နတ်ဘုရားများသာမက လူဝင်စားခြင်းလည်းရှိကြောင်း သူ့ကို ပြောပြနေသည်။ လူဝင်စားခြင်း တံတားပေါ်မှ မုန့်ပိုဆိုတာလည်း အမှန်ပဲ။
အင်း…
သူ သူမကို ယုံလို့ရလား? သူမကို ယုံကြည်သင့်လား?
ချုစစ်ဟန် နှုတ်ဆိတ်နေစဉ် လုရှန်းပြောတာကြားလိုက်တယ်။ “ကျွန်မက သေမျိုးဖြစ်ပြီး ဆရာ့လို စွမ်းအားမျိုး မရှိတာ နှမြောစရာပဲ မဟုတ်ရင် သခင်လေးကို ကူရာမဲ့တံတားဆီ ခေါ်သွားပေးမှာ။”
ချုစစ်ဟန် မျက်ခုံးပင့်လိုက်တယ်။ “မင်းရဲ့ဆရာက သေမျိုးမဟုတ်ဘူးလား?”