ဝမ်ပေါင်လဲ့၏ စကားများကြောင့် လီဝူချန်းမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။ သူသည် မျက်လုံးများ ပြူးသွားရပြီး ဝမ်ပေါင်လဲ့အား ဇဝေဇဝါနှင့် စိုက်ကြည့်နေလိုက်ပြီးနောက် ကျိုးမေ့အား လှမ်းကြည့်လိုက်သည်။ သူမသည် မန္တန်တစ်ခုဖြင့် ချုပ်နှောင်ခံထားရဆဲဖြစ်သောကြောင့် သူ့အား စကားပြန်မပြောနိုင်ပေ။
လီဝူချန်းမှာ အချိန်အတော်အတန် ကြာပြီးသွားသည့်တိုင်အောင် သတိ ပြန်မကပ်သေးပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ့အား စိုက်ကြည့်ကာ တည်ကြည်စွာဆိုလိုက်၏ ” ငါ့မှာ မိတ်ဆွေတစ်ယောက် ရှိခဲ့ဖူးတယ်။ သူက သူ့ရဲ့ တာအိုလက်တွဲဖော်အပေါ်မှာ သစ္စာမရှိတဲ့လုပ်ရပ်ကို လုပ်မိခဲ့တာမလို့ မနက်ဖြန်လည်းရောက်ရော သေသွားတာပဲ ”
ဝမ်ပေါင်လဲ့ ထိုသို့ဆိုလိုက်သောအခါ လီဝူချန်းမှာ တံတွေးများ မျိုချမိသွား၏။ သူသည် ထိုအစီအစဉ်အား လက်မခံချင်သည်တော့ မဟုတ်ပေ။ သို့သော် အရာအားလုံးမှာ မြန်ဆန်လွန်းနေသည်ဖြစ်ရာ သူသည် မိန်းမောတွေဝေနေရဆဲပင်။ မည်သို့ပင် ဆိုစေကာမူ ယခုအခြေအနေအထိ ရောက်လာပြီဖြစ်ရာ လီဝူချန်းမှာ တုံ့ဆိုင်းနေတော့မည် မဟုတ်ပေ။ ထို့ကြောင့် သူသည် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ဝမ်ပေါင်လဲ့အား တရိုတသေ ဦးညွှတ်အရိုအသေပေးလိုက်တော့သည်။
” တပည့် သဘောတူပါတယ် ”
လီဝူချန်းမှာ သူ့ကိုယ်သူ တပည့်ဟု ခေါ်ဆိုသုံးနှုန်းလိုက်သောကြောင့် ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ စိတ်ကျေနပ်သွားရတော့သည်။ ထို့ကြောင့် သူသည် ညာဘက်လက်ကိုမြှောက်ကာ ကျိုးမေ့အား လက်ညိိုးထိုးလိုက်ပြီး အချုပ်အနှောင်မန္တန်အား ဖယ်ရှားပေးလိုက်၏။ ထို့နောက် သူသည် နူးညံ့သိမ်မွေ့သော လေသံဖြင့် မေးလိုက်သည် ” မေ့အာ။ သမီးရော သဘောတူလား ”
ထိုအခါ ကျိုးမေ့မှာ မျက်နှာတစ်ခုလုံးနီမြန်းသွားပြီး ခေါင်းငုံ့ကာ ပြန်ဖြေလိုက်တော့သည်။ သူမ စကားသံမှာ တိုးနေပါသော်လည်း ကြည်လင်ပြတ်သားမှုအပြည့် ရှိနေ၏။
” ကျောင်းအုပ်ကြီးရဲ့ သဘောအတိုင်းပါ ”
ထိုအခါမှသာ ဝမ်ပေါင်လဲ့မှာ ခေါင်းယမ်းကာ ပြုံးသွားတော့သည်။ သူသည် ဤ အောင်သွယ်မှုကြီးကြောင့် အကျိုးအမြတ်တစ်ခု ရရှိနိုင်ခြေ ရှိပါသော်လည်း သူ၏တပည့်၏ လက်ထပ်မင်္ဂလာပွဲအား သူကိုယ်တိုင် ကျင်းပပေးနိုင်တော့မည်ဆိုသော အသိကြောင့် ပို၍ပင် ပျော်ရွှင်ကျေနပ်နေရ၏။
” ကောင်းပြီလေ။ ပြန်လို့ရပြီ။ ငါ့ဘက်က အကြောင်းပြန်တာကိုစောင့်နေ။ မင်းတို့ရဲ့ ထိမ်းမြားလက်ထပ်ပွဲအခမ်းအနားကို ငါကိုယ်တိုင် အစအဆုံး စီစဉ်ပေးမယ် ” ဝမ်ပေါင်လဲ့မှာ ထိုသို့ ဆိုလိုက်ပြီးနောက် ပြုံးကာ သူ၏လက်ကိုဝှေ့ာမ်း၍ သူတို့နှစ်ယောက်အား ထွက်သွားခွင့်ပေးလိုက်၏။
ထိုအချိန်တွင် လီဝူချန်းမှာ သတိပြန်ကပ်သွားသဖြင့် အလွန်အင်မတန်မှ စိတ်လှုပ်ရှားသွားရတော့သည်။ သူသည် ကျိုးမေ့အား လှမ်းကြည့်လိုက်သောအခါ သူမသည်လည်း ရှက်ပြုံးလေးဖြင့် သူ့အား ပြန်ကြည့်လိုက်၏။
” ကျေးဇူးတင်ပါတယ်၊ မဟာထိပ်သီးအကြီးအကဲကြီးခဗျား ” လီဝူချန်းမှာ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် တရိုတသေဦးညွှတ်ကာ ဆိုလိုက်၏။ သူသည် အလွန်အင်မတန်မှ ပျော်ရွှင်ကျေနပ်နေပြီး ဝမ်ပေါင်လဲ့အား အတိုင်းမသိလောက်အောင် ကျေးဇူးတင်နေမိတော့သည်။
ထို့နောက် ကျိုးမေ့မှာ သူနှင့်အတူ ထွက်ခွာသွားတော့သည်။ ဝမ်ပေါင်လဲ့မှာမူ အဝေးသို့ထွက်ခွာသွားသော သူတို့နှစ်ယောက်အား လှမ်းကြည့်ရင်း သက်ပြင်းချလိုက်၏။
” လီဝူချန်းဆိုတဲ့ကောင်က မျက်စိစပါးမွေးစူးစရာ ကောင်းပေမဲ့ စိတ်ထားလေးကတော့ကောင်းသားပဲ။ သူတို့တွေ လက်တွဲဖော်တွေအဖြစ် သေတူရှင်မကွာ ရှိနေနိုင်ဖို့ ငါမျှော်လင့်ပါတယ် ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ ပြုံး၍ ဧရာမသစ်ပင်ကြီးကိုလည်း ထွက်သွားခွင့်ပေးလိုက်တော့သည်။
သို့ဖြစ်ရာ ခန်းမကြီးထဲတွင် သူမှလွဲ၌ အခြားမည်သူမှမရှိတော့ပေ။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ အောက်သို့ထိုင်ချကာ လီဝူချန်းနှင့် ကျိုးမေ့တို့၏ကြားရှိ ထိမ်းမြားလက်ထပ်ပွဲအကြောင်းကို စတင် တွေးတောနေလိုက်တော့သည်။ သူ၏ ခေါင်းထဲ၌ ပထမဦးဆုံး ပေါ်ပေါက်လာသည့် မေးခွန်းမှာ ဤကိစ္စကြီးအား ဖုန့်ချိုးရန် မည်ကဲ့သို့ တုံ့ပြန်မည်နည်းဟူသည့် မေးခွန်းပင်ဖြစ်သည်။
” ဖုန့်ချိုးရန်က လီဝူချန်းရဲ့ နောက်ကြောင်းရာဇဝင် အစစ်အမှန်ကို ထုတ်မပြောသရွေ့ ဝင်ရောက်စွက်ဖက်ခွင့် ရှိမှာမဟုတ်ပါဘူး ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ ဤ ထိမ်းမြားလက်ထပ်ပွဲမှာ သေချာသွားပြီဖြစ်ကြောင်း ကောက်ချက်ချလိုက်တော့သည်။ ထို့ကြောင့် သူသည် သူ၏ အသံလွှင့်လက်စွပ်အား ထုတ်ယူကာ လိုအပ်သည့်ပြင်ဆင်မှုများ စတင်ဆောင်ရွက်နေလိုက်တော့သည်။ ထို့အပြင် သူသည် တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးကို အသုံးပြုကာ လီရှင်းဝမ်ဆီမှ အကြံဉာဏ်များ တောင်းခံခဲ့၏။
ပြည်ထောင်စုကြီးတစ်ခုလုံးမှာ ဝမ်ပေါင်လဲ့၏ အကြောင်းကြားစာကို လက်ခံရရှိလိုက်ပြီးနောက် ထိုအကြောင်းအား အထူးအလေးပေးကာ ဆွေးနွေးနေကြတော့သည်။ လီရှင်းဝမ်မှာဆိုလျှင် ကျိုးမေ့၏ မိဘများကိုပင် လှမ်း၍ဆက်သွယ်လိုက်သေးသည်။
ပြည်ထောင်စုကြီးမှာ ယဉ်ကျေးမှုများ ဖလှယ်နိုင်ရန် တာအိုနန်းတော်အား သူတို့ဆီသို့ လူအယောက်သုံးဆယ်တိတိ စေလွှတ်ခွင့်ပေးမည် ဖြစ်သည်။ ထို အယောက်သုံးဆယ်၏ ကျင့်ကြံခြင်းအဆင့်မှာ ယွမ်ယင်အဆင့်အောက်တွင် ရှိနေရမည်ဖြစ်ပြီး လီဝူချန်းမှာ ထိုအဖွဲ့အား ဦးဆောင်ရမည် ဖြစ်သည်။ ထို့အပြင် ပြည်ထောင်စုကြီးမှာ ထို တာအိုနန်းတော်ဂိုဏ်းသားများ သူတို့နှင့်အတူ ဗေဒါပင်ကြီး၏ အစေ့တစ်စေ့အား ယူလာနိုင်ရန် မျှော်လင့်နေသည်။ သူတို့၏ အဖွဲ့အစည်းနှစ်ခုကြားရှိ မဟာမိတ်ဆက်ဆံရေးအား သက်သေထူလိုသောအနေဖြင့် ထိုသစ်စေ့အား ပြည်ထောင်စုကြီးထဲ၌ စိုက်ပျိုးမည်ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ပြည်ထောင်စုကြီးဆီမှ ထိုသတင်းများကို လက်ခံရရှိလိုက်ပြီးနောက် ဂိုဏ်းချုပ်ကြီးရှု၊ ဧရာမသစ်ပင်ကြီးနှင့် ကျောက်ယမုန့်တို့ဆီသို့ သွားရောက်ကာ ထိုကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးလိုက်၏။ ကျောက်ယမုန့်မှာ ဝမ်ပေါင်လဲ့၏ အောင်သွယ်လုပ်ငန်းအကြောင်း ကြားသိလိုက်ရသောအခါ ရယ်ရမလို ငိုရမလို ဖြစ်သွားပါသော်လည်း နောက်ဆုံးတွင် မည်သည့်မှတ်ချက်မှ မပေးခဲ့ပေ။
သူတို့လေးယောက်မှာ ပြည်ထောင်စုကြီး၏ အစီအစဉ်အား ဆွေနွေးလိုက်ကြပြီးနောက် ကိုယ်ပိုင်အတွေးအမြင်များ တင်ပြလိုက်ကြ၏။ နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာလည်း သူ၏ အကြံအစဉ်အား ထုတ်ပြောလိုက်၏။
” ပထမဆုံးအဆင့်မှာ တာအိုဓနသဟာယအဖွဲ့လို့ အမည်ရတဲ့ မဟာမိတ်အဖွဲ့တစ်ခုကို တည်ထောင်ကြတာပေါ့။ အဲဒီ အဖွဲ့ထဲမှာ အထွတ်အမြတ်နယ်မြေကြီး နှစ်ခုရှိမယ်။ ပထမတစ်ခုက ကမ္ဘာ။ ဒုတိယတစ်ခုက ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီး။ ဒုတိယနယ်မြေကို ကျယ်ပြန့်အထွတ်အမြတ်နယ်မြေလို့ ခေါ်တာပေါ့။ တခြားဂြိုဟ်တွေကိုတော့ ဒေသအဆင့်နယ်မြေတွေအဖြစ် သတ်မှတ်လိုက်မယ်။ တာအိုဓနသဟာယအဖွဲ့က အဲဒီနယ်မြေတွေကို တရားစီရင်ပိုင်ခွင့်ရှိတယ် ”
၎င်းမှာ ဝမ်ပေါင်လဲ့ မဟာထိပ်သီးအကြီးအကဲတစ်ယောက်၏ အတွေ့အကြုံဖြင့် ရေးဆွဲဖန်တီးထားသော အစီအစဉ်တစ်ခုသာ ဖြစ်ပေသည်။ သူတို့မှာ အခြားသူများနှင့် ဆွေးနွေးလိုက်ကြပြီးနောက် ထိုအဆိုပြုချက်အား ပြည်ထောင်စုကြီးဆီသို့ ပြန်လည်ပေးပို့ရန် ဆုံးဖြတ်လိုက်ကြ၏။ ပြည်ထောင်စုကြီးထဲမှ နိုင်ငံရေး အကြံပေးအဖွဲ့အစည်းမှာ ထိုအစီအစဉ်အား အလုပ်ဖြစ်နိုင်ခြေ ရှိမရှိ ဆုံးဖြတ်ပေးမည်ဖြစ်သည်။
ပြည်ထောင်စုကြီးနှင့် တာအိုနန်းတော်တို့၏ကြားတွင် အသံလွှင့်အကြောင်းကြားစာများ အပြန်အလှန် ပေးပို့၍မရသောကြောင့် တည်နေရာရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးမှတစ်ဆင့် ကျောက်စိမ်းပေလွှာများ ပေးပို့ခြင်းဖြင့်သာ အပြန်အလှန် ဆက်သွယ်နိုင်ပေသည်။ ထို့ကဲ့သို့ ဆက်သွယ်နိုင်ရန် ခုနစ်ရက်တိတိ အချိန်ပေးရ၏။
ပြည်ထောင်စုကြီးမှာ တာအိုဓနသဟာယအဖွဲ့ တည်ထောင်မည့် အစီအစဉ်အား စိတ်ဝင်စားသွား၏။ သူတို့မှာလည်း အစကတည်းက ထိုကဲ့သို့ အလားတူ စိတ်ကူးများ ရှိနေကြပြီးသားဖြစ်သည်။ သို့သော် သူတို့မှာ တာအိုဓနသဟာယအဖွဲ့တစ်ခု တည်ထောင်နိုင်လောက်သည့်အထိ အဆင်သင့် မဖြစ်သေးပေ။ ထို့ကြောင့် ထိုကိစ္စအား နောက်ပိုင်းမှ ဆက်၍ဆွေးနွေးရန် ဆုံးဖြတ်လိုက်ကြ၏။ လီဝူချန်းနှင့် ကျိုးမေ့တို့၏ ထိမ်းမြားလက်ထပ်ပွဲ ကိစ္စကိုမူ လီရှင်းဝမ်နှင့် သွမ့်မုချွယ်တို့ နှစ်ယောက်စလုံးမှာ သဘောတူလိုက်ကြပြီ ဖြစ်သည်။
ထိုလက်ထပ်ပွဲသတင်းမှာ တာအိုနန်းတော်ထဲ၌ တဖြည်းဖြည်း ပျံ့နှံ့သွား၏။ ဖုန့်ချိုးရန်မှာ ထိုအကြောင်းကို ကြားသိလိုက်ရသောအခါ အံ့သြမှင်တက်သွားရပါသော်လည်း တစ်ခဏမျှ တွေဝေတုံ့ဆိုင်းနေလိုက်ပြီးနောက် ထိုလက်ထပ်ပွဲအား သဘောတူရန် ဆုံးဖြတ်လိုက်တော့သည်။
သို့ဖြစ်ရာ မည်သည့်အတားအဆီးမှ မရှိတော့ပေ။ ဤ ထိမ်းမြားလက်ထပ်ပွဲမှာ ပြည်ထောင်စုကြီးနှင့် တာအိုနန်းတော်တို့၏ မဟာမိတ်ဆက်ဆံရေးအား ပို၍ခိုင်မြဲလာအောင် ကူညီပေးနိုင်လိမ့်မည်ဟု ဂိုဏ်းချုပ်ကြီးရှုက ယုံကြည်ထား၏။ ထို့အပြင် ကျိုးမေ့မှာ ဝမ်ပေါင်လဲ့၏ တပည့်ဖြစ်နေသည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် ထိုလက်ထပ်ပွဲအား ပြင်ဆင်သည့်နေရာတွင် ဝင်ရောက်ကူညီပေးရန် ဆုံးဖြတ်လိုက်တော့သည်။
ထိုသို့ဖြင့် ရက်သတ္တပတ်တစ်ပတ်တိတိ ကုန်ဆုံးသွားပြီးနောက် ထိုထိမ်းမြားလက်ထပ်ပွဲမှာ စတင်သွား၏။
ယနေ့မှာ လီဝူချန်းနှင့် ကျိုးမေ့တို့ နှစ်ယောက်စလုံးအတွက် အလွန်အင်မတန်မှ အရေးပါသည့် နေ့ရက်တစ်ရက် ဖြစ်သလို ပြည်ထောင်စုကြီးနှင့် တာအိုနန်းတော်တို့ နှစ်ခုစလုံး အမြဲတမ်း အမှတ်ရနေမည့် နေ့ရက်တစ်ရက်လည်း ဖြစ်ပေသည်။ ဖုန့်ချိုးရန်မှာ နှလုံးသားထဲ၌ ခံစားချက်မျိုးစုံဖြင့် ဗြောင်းဆန်နေရပြီဖြစ်သည်။ သူမသည် လီဝူချန်းအား သူ၏ ဘေးကင်းလုံခြုံမှုအတွက် ပြည်ထောင်စုကြီးဆီသို့ ပို့ခဲ့သည်လူ မဟုတ်ပါလော။ သို့ဖြစ်ရာ သူမသည် သူ၏ နောက်ကြောင်းရာဇဝင်များကို ကောင်းကောင်းကြီးသိထား၏။ ယခုတွင် သူမသည် သူ၏ ထိမ်းမြားလက်ထပ်ပွဲကို တက်ရောက်နေရပြီ ဖြစ်သည်။ သူမသည် ဝမ်ပေါင်လဲ့မှာ သူတို့နှစ်ယောက်အား အောင်သွယ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိထားပါသော်လည်း နားလည်ပေးခဲ့၏။ ထိုကြောင့်လည်း ယခုတွင် သူမသည် ဝမ်ပေါင်လဲ့နှင့်အတူ ထိုလူငယ်စုံတွဲလေး၏ ထိမ်းမြားလက်ထပ်ပွဲအား အသိအမှတ်ပြုပေးရန် ဤနေရာသို့ ရောက်နေခြင်း ဖြစ်ပေသည်။
” တာအိုဂိုဏ်းသားဝူချန်း။ သင် သင့်ရဲ့ အတိတ်ဘဝတုန်းကထက် ပိုပြီးတော့ ပျော်ရွှင်စရာကောင်းတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ ငါ ဆုတောင်းပေးပါတယ် ” ဖုန့်ချိုးရန်မှာ ထိမ်းမြားလက်ထက်ပွဲသို့ ရောက်ရှိလာကြသည့် လူအုပ်ကြီးထဲရှိ အနီရောင်ဝတ်စုံတစ်ခုအား ဆင်မြန်းထားပြီး ကျိုးမေ့၏ လက်အား ဆုပ်ကိုင်ထားသည့် လီဝူချန်းအား လှမ်းကြည့်ကာ စိတ်ထဲတွင် ရေရွတ်လိုက်၏။ သူ၏ မျက်ဝန်းများထဲတွင် စိတ်လှုပ်ရှားမှုများနှင့် ပျော်ရွှင်မှု အရိပ်အယောင်များကို အထင်းသားမြင်နိုင်ပေသည်။ သူမသည် ထိုစုံတွဲနှစ်ယောက် ဝမ်ပေါင်လဲ့နှင့် သူမရှိရာဆီသို့ လျှောက်လှမ်းလာကာ ရပ်တန့်သွားပြီးနောက် သူတို့နှစ်ယောက်အား ဂါရဝပြုလိုက်ကြသည့် မြင်ကွင်းကိုကြည့်ရင်း အနည်းငယ်ခန့် မိန်းမောတွေဝေသွားရတော့သည်။
ထိုအချိန်တွင် သူမ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် နောက်ဆုံးတိုက်ပွဲကြီး၏ ပုံရိပ်များမှာ သူမ၏ အတွေးထဲ၌ ပြန်လည်ပေါ်ပေါက်လာ၏။ ထိုတိုက်ပွဲကြီးထဲတွင် ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးမှာ ပျက်သုဉ်းသွားပြီဖြစ်သော ကျယ်ပြန့်ကြယ်နယ်မြေတစ်ခုထဲမှ ထွက်ပြေးလာနေရင်း အဆုံးမဲ့မျိုးနွယ်စု၏ လိုက်လံဖမ်းဆီးခြင်းကို ခံခဲ့ရသဖြင့် လမ်းကြောင်းပြောင်းလဲသွားခဲ့ရခြင်း ဖြစ်ပေသည်။
တာအိုနန်းတော်မှာ ထိုတိုက်ပွဲအား အနိုင်ရရှိခဲ့ပါသော်လည်း အများကြီး ပေးဆပ်ခဲ့ရ၏။ ဓားကိုယ်ထည်ပိုင်းတွင် ရှိသော တာအိုနန်းတော်မှာ လုံးဝပျက်စီးသွားခဲ့ပြီး အကြီးအကဲများအားလုံးမှာလည်း အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့သဖြင့် အိပ်မောကျသွားခဲ့ကြ၏။ တာအိုဂိုဏ်းသားဝူချန်းမှာ ကြောက်ရွံ့ထိတ်လန့်နေခြင်းမရှိဘဲ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့ပြီးနောက် ဒဏ်ရာအပြင်းအထန်ရကာ သေလုမျောပါးအနေအထားသို့ ရောက်ရှိသွားခဲ့ရ၏။ သူသည် အခြားရွေးချယ်စရာ မရှိတော့သဖြင့် ပြန်လည်မွေးဖွားခြင်း စွမ်းအားများကို အသုံးပြုကာ သူ၏ ဒဏ်ရာများအားလုံးကို ပျောက်ကင်းအောင် ကုသပြီး သူ၏ သက်စောင့်စွမ်းအားများကို ပြန်လည်ဖြည့်တင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ထိုပုံရိပ်များမှာ လက်ရှိ သူမ၏ရှေ့တွင် ဝမ်းသာအားရ အော်ဟစ်အားပေးနေကြသည့် လူအုပ်ကြီးနှင့် ရောယှက်သွား၏။ ထို့ကြောင့် ဖုန့်ချိုးရန်မှာ လီဝူချန်းနှင့် ကျိုးမေ့တို့နှစ်ယောက် သူမအား ဂါရဝပြုရန် သူမ၏အနီးသို့ ရောက်လာသည်အချိန်အထိ မိန်းမောတွေဝေနေရတော့သည်။
လီဝူချန်းမှာ အနည်းငယ်ခန့် ရင်တထိတ်ထိတ် ဖြစ်နေသည့်ပုံ ပေါက်နေသလို ကျိုးမေ့မှာလည်း အနည်းငယ်ခန့် စိုးရိမ်နေသည့်ပုံ ပေါက်နေ၏။ လူအုပ်ကြီးမှာ ဖုန့်ချိုးရန်၏ အမူအရာများ ထူးဆန်းနေသည်ကို သတိထားမိလိုက်ကြသဖြင့် သူတို့အားလုံးမှာ သူမအား စိုက်ကြည့်နေကြတော့သည်။
သူတို့မှာ သူမ၏ မျက်နှာမူအရာအား သတိထားမိကြပါသော်လည်း သူမ၏ အတွေးများကို မှန်းဆနိုင်မည်မဟုတ်ပေ။ ဝမ်ပေါင်လဲ့ တစ်ယောက်သာလျှင် မိန်းမောတွေဝေနေသည့် သူမ၏ မျက်နှာအမူအရာကိုကြည့်ရင်း သူမ၏ နှလုံးသားထဲရှိ ခံစားချက်များကို ခန့်မှန်းမိလိုက်၏။ ထို့ကြောင့် သူသည် ချောင်းဟန့်ကာ ဖုန့်ချိုးရန်အား တံတောင်ဖြင့် တွတ်လိုက်သည်။ ထို့နောက် သူသည် သူ၏လက်နှစ်ဖက်အား ဆန့်ထုတ်ကာ ဒူးထောက်နေကြသည့် လီဝူချန်းနှင့် ကျိုးမေ့တို့အား ဆွဲထူလိုက်တော့သည်။
” မင်းတို့နှစ်ယောက်စလုံး ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ဖို့ ငါ ဆုတောင်းပေးပါတယ် ”
ဝမ်ပေါင်လဲ့၏ သတိပေးမှုကြောင့် ဖုန့်ချိုးရန်မှာလည်း သတိပြန်ကပ်သွား၏။ ထို့နောက် သူမသည်လည်း ပြုံးကာ သူမ၏ရှေ့ရှိ ဇနီးမောင်နှံအသစ်အား စိုက်ကြည့်ရင်း လေသံတိုးတိုးဖြင့် ဆိုလိုက်တော့သည်။
” မင်းတို့နှစ်ယောက် အိုအောင်မင်းအောင် ပေါင်းဖက်နိုင်ပါစေလို့ ငါ ဆုတောင်းပေးပါတယ် ”
ဝမ်ပေါင်လဲ့နှင့် ဖုန့်ချိုးရန်တို့နှစ်ယောက် ဆုတောင်းစကားများ ဆိုလိုက်ကြပြီးနောက် သူတို့၏ ပတ်ပတ်လည်ရှိ တာအိုနန်းတော် ဂိုဏ်းသားများနှင့် ပြည်ထောင်စု ကျင့်ကြံသူများမှာ အသံကုန် အော်ဟစ်အားပေးလိုက်ကြတော့သည်။ ထိုအခါမှသာ လီဝူချန်းမှာ စိတ်အေးသွားရပြီး သက်ပြင်းချနိုင်သွား၏။ သူသည် သူနှင့် ဖုန့်ချိုးရန်၏ကြားမှ ဆက်ဆံရေးအကြောင်းကို မသိထားပါသော်လည်း သူ့အား သူ၏ဆရာလက်ထဲသို့ အပ်ခဲ့သည့်သူမှာ ဖုန့်ချိုးရန်ဖြစ်ကြောင်းကို သိထားသည်။
သို့ဖြစ်ရာ သူသည် ဖုန့်ချိုးရန်အား လီရှင်းဝမ်နည်းတူ ရိုသေလေးစားပေသည်။ ထို့ကြောင့် ယခုတွင် သူသည် ဖုန့်ချိုးရန်၏ ဆုတောင်းစကားကို ကြားလိုက်ရသဖြင့် သူ၏အနာဂတ်အား မျှော်လင့်တကြီး ဖြစ်သွားတော့သည်။ သူသည် ကျိုးမေ့၏လက်အား တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်၏။
သို့သော် ထိုထိမ်းမြားလက်ထပ်ပွဲ ကျင်းပနေစဉ် ထိုပွဲသို့ တက်ရောက်ခြင်းမရှိသော တာအိုဘုန်းတော်ကြီးယိုရန်တစ်ယောက် သူ၏ ခန်းမကြီးထဲ၌ ထိုင်နေရင်း ရုတ်တရက်ဆိုသလို မျက်လုံးများ ပွင့်လာသည်ကို ထိုလူအုပ်ကြီးထဲရှိ မည်သူကမှ မသိကြပေ။ သူ၏ မျက်ဝန်းများထဲတွင် အပြာရောင်မီးတောက်တစ်ခု တောက်လောက်နေ၏။
” နောက်ဆုံးတော့… ပြင်ဆင်မှုတွေ ပြီးသွားပြီကွ ”
သူသည် ထိုသို့ ရေရွတ်လိုက်ပြီးနောက် အော်ဟစ်ရယ်မောကာ မတ်တတ်ထလာ၏။ ထို့နောက် သူသည် ခေါင်းမော့ကာ ဓားကိုယ်ထည်ပိုင်း ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။ ထိုအချိန်တွင် ဓားကိုယ်ထည်ပိုင်းထဲမှ ကျယ်လောင်သံ ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာတော့သည်။ ထိုပေါက်ကွဲသံကြီးမှာ ကောင်းကင်ယံပေါ်သို့ မြင့်တက်သွားပြီး မိုးကောင်းကင်နှင့် ကမ္ဘာနှင့်ကြီးတို့ကို တုန်ရီသွားစေတော့သည်။
ထို့နောက် မီးပင်လယ်ကြီးထဲတွင် လှိုင်းလုံးများ ထလာပြီး အချုပ်အနှောင်နယ်မြေပေါင်းမြောက်မြားစွာ ကျိုးပဲ့ပျက်စီးသွားသဖြင့် သားရဲအုပ်ကြီးများ ထွက်ပြေးလွတ်မြောက်လာကြ၏။ ထိုကဲ့သို့ မီးလှိုင်းလုံးများ အရှိန်အဟုန်ပြင်းစွာ ရိုက်ခတ်နေကြစဉ် မီးပင်လယ်ကြီးထဲမှ ထူးဆန်းသော စစ်သင်္ဘောကြီးတစ်စင်း ထိုးထွက်လာတော့သည်။ ၎င်းအား အစွန်းနေရာ၌ တစ်ခုနှင့်တစ်ခု ထိစပ်နေကြသည့် ချပ်ပြားဝိုင်းသုံးခုဖြင့် ဖန်တီးတည်ဆောက်ထားသည်။
ထို စစ်သင်္ဘောကြီးမှာ ဧရာမ ပင်လယ်သတ္တဝါကြီးတစ်ကောင်နှင့် တူပြီး အဆုံးကို မမြင်နိုင်လောက်အောင် ရှည်လျားနေသည်။ ၎င်းပေါ်တွင် ရပ်နေလျှင်ပင် ၎င်း၏ အဆုံးကို မြင်ရမည် မဟုတ်ပေ။ ထို စစ်သင်္ဘောကြီးမှာ လေထဲသို့ မြောက်တက်လာပြီးနောက် ၎င်း၏ ပတ်ပတ်လည်ရှိ လှိုင်းများထန်နေသော မီးပင်လယ်ကြီးကြောင့် အရာအားလုံးမှာ ပြာပုံဘဝသို့ ရောက်သွားကြတော့သည်။
ထို စစ်သင်္ဘောကြီးအား ဖန်တီးတည်ဆောက်ထားသည့် ချပ်ပြားဝိုင်သုံးခုထဲမှ တစ်ခုချင်းစီမှာ လမင်းကြီး၏ အရွယ်အစားနှင့် အတူတူပင် ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့မှာ တသီးတခြားစီဖြစ်နေသော ကမ္ဘာသုံးခုနှင့်တူပြီး အဆက်မပြတ် လည်ပတ်ကာ ဝင်းလက်စွာ တောက်ပနေ၏။ ၎င်းတို့၏ ပတ်ပတ်လည်တွင်မူ လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်တစ်ခု ရှိနေသည်။ ထို စစ်သင်္ဘောကြီး၏ အပြင်ဘက်ခြမ်းမှာ အနက်ရောင်ဖြစ်ပြီး ကမ္ဗည်းစာလုံးများဖြင့် ပြည့်နှက်နေ၏။ ထို စစ်သင်္ဘောကြီး ကောင်းကင်ပေါ်သို့ ပျံတက်သွားချိန်တွင် အလွန်အင်မတန်မှ အားကောင်းသော စွမ်းအားတစ်မျိုးမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။
၎င်းမှာ မီးပင်လယ်ကြီးထဲမှ ထိုးထွက်လာခြင်းဖြစ်ပြီး ဓားကိုယ်ထည်ပိုင်းနှင့် ဓားရိုးပိုင်းတို့အား ပိုင်းခြားထားသည့် နယ်စပ်ဒေသဆီသို့ ချက်ချင်းပျံ့နှံ့သွား၏။
ထို စစ်သင်္ဘောကြီးနှင့် ရိုက်ခတ်မိသွားကြသည့် အချုပ်အနှောင်များအားလုံးမှာ ပျက်စီးပေါက်ကွဲသွားရသည်သာ ဖြစ်သည်။ တောင်တန်းများမှာလည်း ကြေမွပျက်စီးသွားကြ၏။ ထို စစ်သင်္ဘောကြီး၏ ပတ်ပတ်လည်တွင် လွှမ်းခြုံထားသော စွမ်းအားတစ်မျိုးမှာ ၎င်း၏ လမ်းတစ်လျှောက်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်နေခြင်း ဖြစ်ပေသည်။