Switch Mode

အခန်း (၁၀၃)

လွှမ်းမိုးခြယ်လှယ်နိုင်စွမ်း

အခန်း (၁၀၃) လွှမ်းမိုးခြယ်လှယ်နိုင်စွမ်း

တလက်လက်တောက်ပနေသည့် ဧရာမခန္ဓာကိုယ်ကြီးက ကောင်းကင်ရိုက်လက်၀ါးသိုင်းကို အသုံးပြုတိုက်ခိုက်လိုက်သည်။

ထိုခန္ဓာကိုယ်ကြီး၏ ဖြစ်တည်မှုတစ်ခုလုံးမှာ နေ (၇)စင်းကို လူသားအသွင်ယူထားခြင်းဖြစ်ရာ မိုးမြေတစ်ခွင်လုံး လင်းလက်တောက်ပလျှက် ရှိသည်။

သို့သော် ရန်တိ၏ဓားချက်က ပိုမြန်မြန်ဆန်သလို ပိုပြီးစွမ်းအားမြင့်မားကာ လွှမ်းမိုးနိုင်စွမ်းလည်း ရှိသည်။

ဓားချက်ခုတ်ပိုင်းချလိုက်သည်နှင့် တိမ်နှင့်လေများ ငြိမ်သက်သွားပြီး နေသည်လည်း အလင်းရောင်ကင်းမဲ့သွား၏။

နှစ်ဖက် အပြင်းအထန် ထိပ်တိုက်ရင်ဆိုင်နေကြချိန် ကောင်းကင်တစ်ခုလုံး အလင်းတန်းများဖြင့် ပြည့်နက်နေပြီး အခြားသူများအနေဖြင့် မျက်စိဖြင့် တိုက်ရိုက်မကြည့်မြင်နိုင်တော့ပေ။

ရေခဲနှင့်မီး ချီစွမ်းအား (၂)ခုဖြင့် အမြင်အာရုံအားကောင်းအောင် ပြုလုပ်ထားသည့် ရန်ကျောက်ကဲသည်ပင် မျက်လုံးများ စူးရှစွာနာကျင်လာပြီး တိုက်ပွဲအခြေအနေကို ကောင်းစွာ မကြည့်ရှုနိုင်တော့ပေ။

ပတ်၀န်းကျင်တစ်ခုလုံး ကြီးမားပြင်းထန်သည့် ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာပြီး ပုံရိပ်တစ်ခုက နောက်သို့ ဆုတ်သွားပြီး နောက်ထပ်ပုံရိပ်တစ်ခုက မြေပြင်ထက်သို့ လေးလံစွာ ခြေတစ်လှမ်းခန့် ဆုတ်လိုက်သည်။

ပတ်၀န်းကျင်လေထုက ယခင်ကကဲ့သို့ ပူပြင်းခြင်း မရှိတော့ကြောင်း ရှင်းရှင်းလင်းလင်း ခံစားလိုက်ကြရသည်။

နေအလင်းရောင်များက မှေးမှိန်သွားပြီး ကြီးမားသော ခန္ဓာကိုယ်ကြီးက ဖန်းပေါ်ထိုင်အဖြစ် ပြောင်းလဲသွားကာ နောက်သို့ ဆုတ်ခွာသွားသည်။

ဖန်းပေါ်ထိုင်က အေးစက်သည့်လေသံဖြင့်…

“ကောင်းကင်ဘယ်လောက်ကျယ်တယ် မြေကြီးဘယ်လောက်နက်တယ်ဆိုတာ မသိနားမလည်တဲ့ နောက်ပိုင်းမျိုးဆက် ၊ ဟွန်း.. တောင်ပေါ်မှာ ကျားမရှိရင် မျောက်ကလည်း မာနကြီးတတ်သတဲ့”

စကားသံ အဆုံးသတ်သွားသည်နှင့် ကြီးမားသည့် ခန္ဓာကိုယ်ကြီး ပြန်လည်ဖြစ်တည်လာပြီး ညာဘက်လက်ကို ရုတ်တရက်မြှောက်ကာ ကောင်းကင်ဆီသို့ ဦးတည်လိုက်သည်။

ထို့နောက် လက်ဖ၀ါးကို စောင့်ချလိုက်သည်နှင့် ထိုလက်ဖ၀ါးမှ အဆုံးမရှိသောအလင်းရောင်များ စတင်ထွက်ပေါ်လာသည်။

ရန်ကျောက်ကဲဘေးနားတွင် ရှိနေသည့် ပိန်ပါးသော အကြီးအကဲအဘိုးအိုက…

“အလုံးစုံတောက်ပသိုင်းပညာ”

ထိုစကားကို ကြားသည့်အခါ ရန်ကျောက်ကဲစိတ်ထဲ အနည်းငယ် တုန်လှုပ်သွားသည်။

အလုံးစုံတောက်ပသိုင်းပညာဆိုသည်မှာ နေသူတော်စင်ဂိုဏ်း၏ မဟာနေမင်းသိုင်းပညာခုနစ်ရပ်အနက် ပထမအဆင့် သိုင်းပညာတစ်ခု ဖြစ်ပြီး တစ်လောကလုံးကို လင်းထိန်တောက်ပသွားစေနိုင်စွမ်း ရှိသည်။

ထိုသိုင်းပညာတွင် အမှီအခိုကင်းသော လက်၀ါးသိုင်းတစ်ခုသာ ပါ၀င်သော်လည်း အထွတ်ထိပ်သိုင်းပညာတစ်ရပ်အဖြစ် မှတ်ယူကြသည်။

၎င်းသိုင်းပညာတွင် သိုင်းကွက်များစွာ မပါ၀င်ဘဲ လက်၀ါးရိုက်ချက်တစ်ခုတည်းဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ဤလက်၀ါးသိုင်းသည် နေသူတော်စင်ဂိုဏ်းနှင့် တိုက်ရိုက်ဆက်စပ်နေသည့် မဟာနေမင်းသိုင်းပညာခုနစ်ရပ်တွင် အထွတ်ထိပ်အဆင့်တွင် ရပ်တည်နေသည်။ ကောင်းကင်ရိုက်လက်၀ါးသိုင်း ၊ မဟူရာဆည်းဆာနယ်မြေ ၊ တက်နေ၀န်းနတ်ဓားနှင့် အခြားအထွတ်ထိပ်သိုင်းပညာများကဲ့သို့ပင် အစွမ်းထက်လွန်း၏။

ဖန်းပေါ်ထိုင်က လက်ဝါးဖြင့် ဖိချလိုက်ရာ လေထုတစ်ခုလုံး ပြားပြားဝပ်သွားပြီး အဖြူရောင်တိမ်တိုက်များ ထွက်ပေါ်လာသည်ကို တွေ့မြင်ကြရသည်။

ပတ်ဝန်းကျင်တစ်ခုလုံးတွင် အလင်းရောင်များမှလွဲပြီး အခြားမည်သည့်အရာမှ မရှိတော့ပေ။

တစ်လောကလုံးကို အလင်းကမ္ဘာကြီးတစ်ခုက လွှမ်းခြုံထားသည်။ သို့တိုင်  အပူရှိန်တစ်စုံတရာကို ခံစားရခြင်း မရှိပေ။ ယခင်ကလို မိုးမြေတစ်ခွင်လုံး ပူလောင်မနေသော်လည်း လူတိုင်း၏ စိတ်နှလုံးများကို ပိုမိုတုန်လှုပ်လာစေသည်။

အလင်းရောင်က အဆုံးမရှိ ၊ အကန့်အသတ်မရှိ ကျယ်ပြန့်နေပြီး ကြီးကျယ်ခမ်းနားလွန်းသည်။

ရန်တိ၏ ဓား၀ိညာဉ်က အနောက်နေဝန်းကောင်းကင်ဓားသိုင်းကဲ့သို့ သတ်ဖြတ်လိုသည့် အငွေ့အသက်များ ပြင်းထန်စွာ ထွက်ပေါ်နေခြင်း မရှိပေ။ သို့သော် ကြီးမားသော စွမ်းအားများဖြင့် ပြည့်နက်နေပြီး ရန်သူအားလုံးကို သုတ်သင်ပစ်နိုင်စွမ်း ရှိနေ၏။

ထိုဓား၀ိညာဉ်တွင် ထိုက်စန်းတောင်ကိုပင် ကြက်ဥတစ်လုံးပမာ ကြိတ်ချေနိုင်စွမ်းရှိသည့် ဖိအားများကို ပါ၀င်နေသည်။

အဆုံးမရှိသောအလင်းရောင်သည် မိုးမြေတစ်ခွင်တောက်ပလျှက် ရန်တိ၏ ဓားဝိညာဉ်ကို ခုခံတိုက်ခိုက်သည့် စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။

ထိုစွမ်းအားနှင့် ဓားဝိညာဉ် ထိတွေ့သွားသည်နှင့် ကျယ်ပြန့်သည့် အဖြူရောင်အလင်းကမ္ဘာကြီးတွင် အနက်ရောင်မျဉ်းတစ်ခု ထွက်ပေါ်လာသည်။

အဖြူရောင်အလင်းကမ္ဘာ၏အလယ်တွင် ထွက်ပေါ်လာသည့် အဆိုပါ အနက်ရောင်မျဉ်းကြောင်းသည် အဆုံးမရှိ အကွာအဝေးသို့ ရှည်လျားစွာ ဆန့်ထွက်သွားပြီး တွေ့မြင်ရသူတိုင်းကို အလွန်ပင် တုန်လှုပ်ထိတ်လန့်သွားစေသည်။

သူ့ရှေ့မှ အဖြူရောင်အလင်းကမ္ဘာသည်  စက္ကူဖြူတစ်ရွက်နှင့်တူသည်ဟု ရန်ကျောက်ကဲ ခံစားရ၏။

သို့သော် ထိုအနက်ရောင်မျဉ်းကြောင်းသည် စာရွက်အဖြူထက်တွင် ရေးဆွဲထားသည့် မျဉ်းတစ်ကြောင်း မဟုတ်ခဲ့ပေ။ စာရွက်အဖြူကို အလယ်မှ ထက်ပိုင်းပြတ်ထွက်သွားစေသော မျဉ်းတစ်ကြောင်းသာလျှင် ဖြစ်သည်။

နှစ်ပိုင်ပြတ်သွားသည့် အဖြူရောင်အလင်းကမ္ဘာကြီးကို ပြန်လည်တွဲဆက်ရန် အလွန်ခက်ခဲလှသည်က နောက်ပိုင်းကိစ္စဖြစ်သော်လည်း လက်ရှိတွင် တွေ့မြင်ရသည့် မြင်ကွင်းက အလွန်ပင် ဆန်းကျယ်လှသည်။

ကြောက်မက်ဖွယ်ရာကောင်းစွာပင် လောကတစ်ခုလုံးကို ဖိနှိပ်ထားနိုင်ပြီး တောက်ပလင်းထိန်နေသော အဆုံးမရှိအလင်းကမ္ဘာကြီးသည် နောက်ဆုံးမှာတော့ မှေးမှိန်ပျောက်ကွယ်သွားတော့သည်။

အနက်ရောင်မျဉ်းကြောင်းက နဂိုအတိုင်းတည်ရှိနေပြီး ကောင်းကင်ထက် လေထုတစ်ခုလုံး ကမောက်ကမ ဖြစ်လျှက် ကျန်ရစ်ခဲ့သည်။

လေထုသည် စုတ်ဖြဲခံလိုက်ရသည့် စာရွက်တစ်ရွက်ပမာ နှစ်ခြမ်းကွဲသွားပြီး တစ်၀က်က အထက်သို့ ရွေ့လျားသွားကာ ကျန်တစ်၀က်က အောက်သို့ လျှောကျသွားသည်။

အလင်းရောင်များ ပျောက်ကွယ်သွားသည်နှင့် လူတိုင်း၏ မျက်လုံးရှေ့တွင် မြင်ကွင်းများကို ထင်ထင်ရှားရှားတွေ့မြင်လာရသည်။

သို့သော် မိုးနှင့်မြေကြား လေထုထဲတွင် ဖြစ်တည်နေသည့် အနက်ရောင်မျဉ်းကြောင်းသည် အားလုံးကို လွှမ်းမိုးနိုင်စွမ်းရှိသော ခံစားချက်ကို ပေးစွမ်းနေဆဲပင်။

ကြောက်မက်ဖွယ်ရာဓားချက်။

ဖန်းပေါ်ထိုင်မှ အသွင်ပြောင်းဖန်ဆင်းထားသည့် ဧရာမခန္ဓာကိုယ်ကြီးက တစ်ချက်အော်ညည်းရင်း လက်ဝါးရိုက်ချက်ကို ပြန်လည် ရုတ်သိမ်းလိုက်သည်။

သူ၏လက်ဖဝါးထက်တွင် ဒေါင်လိုက်အက်ကွဲနေသော ရှည်လျားသည့် ဓားဒဏ်ရာတစ်ချက်ကို တွေ့မြင်ရပြီး လက်ဝါးတစ်ခုလုံး နှစ်ခြမ်းကွဲလုမတတ် ဖြစ်နေလေရာ တွေ့မြင်သူများအားလုံး ထိတ်လန့်အံ့သြသွားကြသည်။

ပတ်၀န်းကျင်တစ်ခုလုံးမှ ပုံရိပ်ယောင်များဖြစ်သော လေထုနှင့် တိမ်တိုက်များ လွင့်စင်သွားပြီး ကောင်းကင်ထက်မှ တကယ့်အစစ်အမှန် နေရောင်ခြည် ဖြာလင်းကျလာသည်။

ထိုနေရောင်ခြည်ထဲတွင် လူတစ်ယောက်ရှိနေပြီး ထိုသူက မနှေးမမြန်ပင် ခြေတစ်လှမ်းလှမ်းလိုက်၏။

ခြေတစ်လှမ်းလှမ်းလိုက်ရုံဖြင့် ထိုသူက ရှီတိနံဘေးသို့ ရောက်ရှိလာပြီး ဖန်းပေါ်ထိုင်နှင့် မျက်နှာချင်းဆိုင်တွင် မတ်တတ်ရပ်လိုက်သည်။

သူက ခေါင်းတစ်ချက်ခါယမ်းရင်း ရှီတိကို ကြည့်လိုက်ပြီး…

“ဂိုဏ်းတူအစ်ကိုကြီးကို အခက်တွေ့စေခဲ့ပြီ”

ခပ်‌ဝေးဝေးတစ်နေရာတွင် နှုတ်ခမ်းထောင့်မှ သွေးများစီးကျနေသော ဆည်းဆာအရှင်သည် ရောက်ရှိလာသူကို စူးစိုက် ကြည့်လိုက်သည်။

“…… ရန်တိ”

ရောက်လာသူ၏ ပုံပန်းသဏ္ဌန်က ရန်ကျောက်ကဲနှင့် (၆၀) ရာနှုန်း ၊ (၇၀) ရာနှုန်းခန့် ဆင်တူသည်။

အပြင်ပန်းကြည့်မည်ဆိုလျှင် အသက် (၃၀)၀န်းကျင်ဟုသာ ထင်မှတ်ရပြီး သူ့ ခန္ဓာကိုယ်ထက်တွင် ခပ်မှိန်မှိန် မီးခိုးရောင်၀တ်စုံတစ်စုံကိုသာ ၀တ်ဆင်ထားသည်။

ထိုသူက သိသိသာသာပင် ရုပ်ရည်ချောမောခန့်ညားသူတစ်ယောက်ဖြစ်ပြီး သူ့ ခန္ဓာကိုယ်တစ်ခုလုံးက ကောင်းကင်ထက်မှ ဓားသွားပမာ ထက်ရှသည့်ရောင်၀ါနှင့် ပြည့်၀နေပြီး အလွန်တရာ လွှမ်းမိုးနိုင်စွမ်း မြင့်မားသည်။

သူက ၀ါဒတောင် ၊ သိုင်းပညာဆက်ခံသူခန်းမ၏ ပထမအကြီးအကဲဖြစ်ပြီး ကျင့်ကြံခြင်းအဆင့်တူသူများထဲတွင် ပြိုင်ဘက်ကင်းတစ်ယောက်အဖြစ် ချီးကျူးခံရသူလည်း ဖြစ်သည်။

ဖန်းပေါ်ထိုင်၏ လက်၀ါးရိုက်ချက်ကို တွန်းလှန်ပြီး မိုးမြေတစ်ခုလုံးကို ပိုင်းခြားနိုင်သည့် ဓားဝိညာဉ်ကို ထုတ်လွှတ်နိုင်စွမ်းရှိသည်ကို ကြည့်ခြင်းအားဖြင့် ထိုအချက်များ မှန်ကန်ကြောင်း အပြည့်အဝ ညွှန်ပြနေသည်။

ရန်တိသည် နေသူတော်စင်ဂိုဏ်း၏ ၀ါရင့်အကြီးအကဲတစ်ယောက်ဖြစ်သလို သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင် ဖန်းပေါ်ထိုင်ကို ထိပ်တိုက်ရင်ဆိုင်နိုင်ခဲ့သည် မဟုတ်ပါလား။

ရန်တိ၏ စကားကိုကြားတော့ ရှီတိ မျက်နှာထက် အပြုံးရိပ်တစ်ခု ထင်ဟပ်သွားသည်။

မြေပြင်ထက်တွင် မတ်တတ်ရပ်နေသော ရန်ကျောက်ကဲက ရယ်မောလိုက်ရင်း…

“အဖေ့ကိုရော ပထမဆရာဦးလေးကိုပါ ဒုက္ခတွေပေးခဲ့တာ ကျွန်တော်ကိုယ်တိုင်ပါပဲ”

အားဟူက ချက်ချင်းပင် မြေပြင်ထက် ဒူးထောက်လိုက်ပြီး…

“အိမ်တော်အကြီးအကဲ”

ဟုဆိုကာ ရန်တိကို ဂါရ၀ပြု နှုတ်ဆက်လိုက်သည်။

အခြားသော ၀ါဒတောင်မှ ဂိုဏ်းသားများကလည်း ဦးညွှတ်လိုက်ကြပြီး…

“အကြီးအကဲ’ရန်’ ကို ဂါရ၀ပြုပါတယ်”

ရန်တိက အသိအမှတ်ပြုသည့်အနေဖြင့် လက်တစ်ဖက်ကာပြလိုက်ပြီး ရန်ကျောက်ကဲကို လှမ်းကြည့်လိုက်သည်။

“သားအဖကြားမှာ ဘာလို့ ဒုက္ခဆိုတဲ့ စကားလုံးကို သုံးရတာလဲ”

“ဒီတစ်ခေါက် ပြဿနာတွေကြားထဲ ဘယ်လိုရပ်တည်မလဲဆိုတာ မင်းကိုယ်တိုင် ကြိုးစားခဲ့တာပဲ ၊ အန္တရယ်ကိုလည်း ကျေကျေနပ်နပ်လက်ခံခဲ့တယ် ၊ မင်းကြောင့် အဖေလည်း မျက်နှာရခဲ့ပါတယ် ၊ ဆိုတော့… မင်းက ရှောင်ရှန်းကို သတ်လိုက်လို့ ဖန်းပေါ်ထိုင်က မင်းကို လက်စားချေဖို့ ရောက်လာတာဆိုရင် မင်းရဲ့ကိစ္စကို ၀င်ရှင်းပေးဖို့ အဖေ့မှာ တာဝန်ရှိတာပေါ့”

ရန်တိက ခဏနားပြီး ဆက်ပြောသည်။

“အဖေက သားကို ဂရုစိုက်တယ်ဆိုတာ လုပ်သင့်လုပ်ထိုက်တာဆိုပေမယ့် ဂိုဏ်းတူအစ်ကိုကြီးကတော့ အဖေတို့ နှစ်ယောက်လုံးအတွက် ၀န်ထုပ်၀န်ပိုးကို ဝင်ပြီးကူညီပေးရတာ မဖြစ်သင့်ဘူး”

ရန်ကျောက်ကဲက ခေါင်းညိတ်လိုက်ရင်း…

“ဟုတ်ကဲ့… ကျွန်တော်တို့ ပထမဆရာဦးလေးကို ကျေးဇူးတင်ရမှာပါပဲ”

ထိုအချိန်…

“ရန်တိ”

ကြီးမားသောခန္ဓာကိုယ်ကြီး၏ မျက်ခုံး (၂)ခုထက်တွင် ရွှေရောင်အလင်းတန်းတစ်ခု ထွန်းလင်းတောက်ပလာပြီး အမျက်ဒေါသထွက်နေသည့် အဘိုးအိုတစ်ဦး၏ ပုံသဏ္ဌန်ထွက်ပေါ်လာသည်။

သူက မျက်ခုံးများကို တင်းတင်းကျပ်ကျပ် တွန့်ချိုးထားပြီး မျက်လုံးများက ရန်ကျောက်ကဲကိုပင် မကြည့်တော့ဘဲ ရန်တိဆီသို့သာ လုံးလုံးလျားလျား စူးစိုက်ကြည့်နေ၏။

ရန်တိရောက်လာမည်ကို သိရှိသည့်အတွက် မဟာနေမင်းတိုင်းတာခြင်းပေတံဖြင့် တားဆီးထားသည့်တိုင် အနှီပုဂ္ဂိုလ်သည် အဘယ်သို့နှယ် ဤနေရာသို့ ရောက်ရှိလာရပါသနည်း။

ရန်တိရောက်ရှိလာရခြင်း၏ အဓိပ္ပါယ်က…

“ဝါဒတောင်က အထွတ်ထိပ်မှော်ဝင်ပစ္စည်းကို ယူမလာဘဲ သူ မဟာနေမင်းတိုင်းတာခြင်းပေတံကို ဘယ်လို ဖြတ်ကျော်လာတာလဲ ၊ ယွမ်ကျန်းဖုန်းကိုယ်တိုင် လာကယ်ရင်တောင်မှ ဒီကောင်အန္တရယ်ကင်းနိုင်ဖို့ မသေချာဘူး ၊ လွတ်အောင်ပြေးဖို့ဆိုတာ ‌ဝေလာဝေးပဲ”

ဖန်းပေါ်ထိုင် စိတ်ထဲမှ တွေးလိုက်သည်။

ထို့နောက် သူက လက်တစ်ဖက်ကို မြှောက်လိုက်ပြီး ကြီးမားသော ခန္ဓာကိုယ်ကြီး၏ ဦးခေါင်းထက်တွင် ပျံဝဲနေသောဓားကို ဖမ်းယူဆုပ်ကိုင်လိုက်သည်။

မူလက (၄) ပေမျှသာရှည်သောဓားသည် ရုတ်တရက် အရွယ်အစားကြီးမားလာပြီး မိုးကောင်းကင်ကိုပင် ကွဲအက်သွားအောင် ခုတ်ပိုင်းပစ်နိုင်သည့် ဧရာမဓားကြီးတစ်လက်အဖြစ် ပြောင်းလဲသွားသည်။

ထိုဓားပေါ်တွင် နေမင်းပုံသဏ္ဌန်သင်္ကေတများ ရေးဆွဲထား၏။

ထိုဓားကို ဆွဲကိုင်လိုက်သည်နှင့် ဖန်းပေါ်ထိုင်၏ စွမ်းအားရောင်၀ါက ချက်ချင်းပင် တဟုန်ထိုး မြင့်တက်လာပြီး ပတ်၀န်းကျင်တစ်ခုလုံး ပူလောင်ပြင်းပြလာပြန်သည်။

ကြီးမားလှသောခန္ဓာကိုယ်ကြီး တစ်ဖန်ပြန်လည်လှုပ်ရှားလာကာ ရွှေရောင်နေမင်း (၇)စင်းသည်လည်း ကောင်းကင်အမြင့်ထက်တွင် ပြန်လည်ထွက်ပေါ်လာပြီး ဖန်းပေါ်ထိုင်ကို ကာကွယ်ပေးထားသည်။

ဧရာမဓားကြီး ခုတ်ပိုင်းချလိုက်သည်နှင့် ‌ကြောက်မက်ဖွယ်ရာ အနောက်နေ၀န်းကောင်းကင်ဓားကွက် ထွက်ပေါ်လာသည်။ ရန်ကျောက်ကဲတွေ့မြင်ဖူးသမျှထဲတွင် ထိုဓားချက်က အပြင်းထန်ဆုံး ဖြစ်သည်။

ဓားချက်ကို ထိပ်တိုက်ရင်ဆိုင်လိုက်ရသည့်တိုင် ရန်တိကတော့ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“ဆည်းဆာချိန်ရောက်တော့မယ် ၊ မကြာခင် နေ၀င်တော့မှာပဲလေ”

ရယ်မောရင်း ရန်တိက သူ့လက်ကို ‌ဝှေ့ယမ်းလိုက်ပြီး လက်ချောင်းများကို လေထဲသို့ ဆန့်ထုတ်လိုက်သည်။

သူ့လက်ချောင်းများ လှုပ်ရှားလိုက်သည်နှင့် လေထုအတွင်း စွမ်းအားတစ်ခု စီးဆင်းလာပြီး ခရမ်းဖျော့ရောင် လင်းလက်နေသည့် ဓားတစ်လက်က လူတိုင်း၏ မျက်စိရှေ့တွင် ထွက်‌ပေါ်လာသည်။

ရန်တိက သူ၏ ခရမ်းရောင်ဓားကို ဆွဲထုတ်လိုက်ချိန် ထွက်ပေါ်လာသည့် မြည်ဟည်းသံကြီးက လူတိုင်းကို နားကွဲလုမတတ် ခံစားရစေသည်။

ဓားဟိန်းသံကြီးက ဒေါသတကြီး အော်ဟစ်လိုက်သည့်ပမာ ကောင်းကင်ယံတစ်ခုလုံး ဖုံးလွှမ်းသွားသည်။

ဖန်းပေါ်ထိုင်၏ အနောက်နေ၀န်းကောင်းကင်ဓားကို ရန်တိက သူ၏ ခရမ်းရောင်ဓားဖြင့် ရင်ဆိုင်လိုက်ခြင်းပင်။

ထောင်ပေါင်းများစွာသော ဝိညာဉ်သင်္ကေတများ ထွက်ပေါ်လာပြီး များစွာသော အစီအရင်သင်္ကေတများ လေထဲတွင် ပေါင်းစပ်ဖြစ်တည်လာသည်။

‌မြောက်မြားစွာသော အစီအရင်သင်္ကေတများသည် တစ်ခုနှင့်တစ်ခု အလွှာလိုက် စီရီလျှက် ကောင်းကင်ထက်တွင် ယဇ်ပလ္လင်တစ်ခု သဏ္ဌန်ပေါ်လာ၏။

ယဇ်ပလ္လင်သည် ခရမ်းရောင်အလင်းတန်းများဖြင့် ထွန်းလင်းနေပြီး ပလ္လင်ထက်တွင် ဓားဝိညာဉ်တစ်ခု ထင်ရှားထွက်ပေါ်လာသည်။

ရန်တိ၏လက်ထဲမှ ဓားသွားနှင့် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ဓားဝိညာဉ် ပေါင်းစပ်လိုက်သောအခါ မိုးမြေတစ်ခုလုံး တုန်လှုပ်သွားသည်။

ဓားကွက်ထုတ်ဖော်လိုက်သည်နှင့် မိုးမြေတစ်ခွင် ကွဲအက်သွားတော့မည့် အရိပ်အယောင်များ ရုတ်ချည်း ထွက်ပေါ်လာသည်။

လေထုက ပန်းချီကားတစ်ချပ်ပမာ အလယ်ဗဟိုမှ ရှင်းရှင်းလင်းလင်းပင် ပြတ်ထွက်သွားသည်။

နေမင်းတစ်စင်း၏ အရှိန်အဟုန်ဖြင့် ကျဆင်းလာသော အနောက်နေ၀န်းကောင်းကင်ဓားချက်က အလွန်တရာ လွှမ်းမိုးနိုင်စွမ်း မြင့်မားလှ၏။

သို့ပေသိ ရန်တိ၏ ခရမ်းရောင်ဓားချက်အောက်တွင်တော့ စက္ကူတစ်ရွက်ပမာ ကွဲ‌ကြေလွယ်လွန်းသည်။

ခရမ်းရောင်ဓား၀ိညာဉ်အောက်တွင် ရွှေရောင်အလင်းတန်းများ ပျောက်ကွယ်သွားသည်နှင့် ဖန်းပေါ်ထိုင်မှ အသွင်‌ပြောင်းထားသည့် ကြီးမားသော ခန္ဓာကိုယ်ကြီးက ဒေါသတကြီးအော်ဟစ်ရင်း နောက်သို့ဆုတ်သွားသည်။

ထို့နောက် နေမင်းခုနစ်စင်းသည်လည်း ဆည်းဆာချိန်သို့ ရောက်ရှိသည့်အလား အောက်ဘက်သို့ တဟုန်ထိုး နိမ့်ဆင်းသွားလေတော့၏။


Comment

  1. Ni Win Tun says:

    ဖောင့်တွေမမှန်တော့ဖတ်ရတာအဆင်မပြေပါဘူး

  2. Min says:

    ဇော်ဂျီကုတ်တွေက ဇာတ်ရှိန်တက်နေချိန် ခဏခဏပါလာတော့ စာကဖတ်လို့မရဘူး

Leave a Reply

Options

not work with dark mode
Reset