အခန်း (၁၀၂)

မင်းကို ဘယ်တုန်းကမှ ငါ့မျက်စိထဲမထားခဲ့ဘူး

အခန်း (၁၀၂) မင်းကို ဘယ်တုန်းကမှ ငါ့မျက်စိထဲမထားခဲ့ဘူး

ဖန်ပေါ်ထိုင်၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရသည့်အခါ ရှီတိ ပင့်သက်တစ်ချက် ရှိုက်လိုက်သည်။

သူက လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီး ဘယ်ဘက်လက်သီးကို ခါးဆီသို့ ပြန်ဆုတ်ကာ ညဘက်လက်သီးကို ရှေ့သို့ ဖြည်းညင်းစွာ ထိုးစိုက်ချလိုက်သည်။

သူ့ ကို ၀န်းရံထားသည့် ယာဇ်ပလ္လင်က အမြင့်ဆုံးအဆင့်ထိ သိပ်သည်းကျုံ့၀င်သွားပြီး ယခုဆိုလျှင် ရှီတိ၏ ခန္ဓာကိုယ်နှင့် အရွယ်အစားတူညလုနီးပါး ဖြစ်နေလေပြီ။

ရှီတိကို၀န်းရံထားသည့် ယဇ်ပလ္လင်သည် ကောင်းကင်ယံထက်တောက်ပနေသည့် နေမင်း (၇)စင်းနှင့် နှိုင်းယှဉ်လျှင် ပြောစရာပင်မလိုအောင် သေးငယ်လွန်းသည်။

ရှီတိ လက်သီးချက်ကို ဖြည်းညင်းစွာ ထုတ်ဖော်လိုက်သည်နှင့် လက်ရှိ သူရင်ဆိုင်နေရသည့် တိုက်ပွဲအခြေအနေဖြင့် လက်လျောညီထွေ တစ်သားတည်းကျသွားသည်။

ထူးခြားသည့်တိုက်ပွဲက ကြည့်ရှုနေသူများကို သွေးအန်စေသည်အထိ ထူးဆန်းသောခံစားချက်ကို ပေးစွမ်းသည်။

ရှီတိ၏လက်သီးချက်က တန်ထောင်ပေါင်းများစွာလေးလံသည့် တောင်မြင့်ကြီးများကို နွားအိုကြီးတစ်ကောင်က မရမက ဆွဲနေသည့်အလား အဆုံးစွန်အထိ ‌နှေးကွေးလေးလံလွန်းသည်။

သို့သော် အခြားသူများ၏မျက်လုံးများထဲတွင်တော့ ရှီတိ၏လက်သီးချက်မှာ မတုန်လှုပ်မှုဖြင့် ထာ၀ရတည်ရှိသည့် ခံစားချက်များနှင့် ပြည့်နက်နေသည်။

အလွန်ခိုင်ခန့်ပြီး ထာ၀ရဆန်လွန်းကာ မတုန်လှုပ်သည့် ဂုဏ်သတ္တိနှင့် ပြည့်စုံလွန်းသည်။

တောက်ပနေသည့် နေ (၇)စင်းက တစ်ခုပြီးတစ်ခု ဆက်တိုက်ဆင်းသက်လာပြီး ရှီတိပေါ်သို့ တစ်ခုပြီးတစ်ခု ရိုက်ချလိုက်သည်။

နေမင်းကြီးများ၏ ပြင်းထန်သောအမူရှိန်မှ ဓား၀ိညာဥ်များထွက်ပေါ်လာပြီး ပတ်၀န်းကျင်တစ်ခုလုံးအား လှိုင်းလုံးကြီးများပမာ အရပ်ရပ်သို့ အဆက်မပြတ် ဖုံးလွှမ်းပျံ့နှံ့သွားသည်။

လေထုတစ်ခုလုံး ဖိနှိပ်ခံထားရပြီး တန်ခိုးစွမ်းအား ပေါက်ကွဲထွက်မည့် ဆုံမှတ်များအားလုံးကို ဖိနှိပ်ခံထားရကာ ဟာရီကိန်းမုန်တိုင်းမားပမာ လှည့်ပတ်လျှက် ရှိသည်။

ကြောက်မက်ဖွယ်ရာ သဏ္ဌန်မဲ့ဓားသွားများက လှိုင်းထန်နေသည့် မုန်တိုင်းများပမာ ပတ်ဝန်းကျင်မှ အရာအားလုံးကို ဖြတ်တောက်ပြီး လမ်းတစ်လျှောက် ရှိရှိသမျှအရာအားလုံးကို ပျက်စီးသွားစေသည်။

ဓားသွားပမာစူးရှသည့် လေပြင်းများက အလွန်ပြင်းထန်ပြီး ‌ဒေါင်လိုက်ရွေ့လျားနေသည့် ဓားသွားများက မြေပြင်ထက်တွင် မရေမတွက်နိုင်သည့် ချိုင့်နက်ကြီးများကို ဖြစ်ပေါ်စေသည်။ အလျားလိုက်ရွေ့လျားနေသည့် ဓားသွားများကတော့ များစွာသော တောင်ထိပ်များကို အ‌ဝေးမှပင် အပိုင်းပိုင်းဖြတ်တောက်ပစ်လိုက်သည်။

လောကတစ်ခုလုံးကို လွှမ်းခြုံထားသည့် ရွှေရောင်အလင်းတန်းများက ပေါက်ကွဲထွက်လာပြီး ကောင်းကင်တစ်ခုလုံးတွင် မီးတောက်အလင်းစီးကြောင်းများ ဖြစ်ပေါ်လာစေသည်။

ဆည်းဆာအရှင်နှင့် ပညာရှင်အနည်းငယ်မှလွဲပြီး အခြားသော သိုင်းကျင့်ကြံသူများမှာ တိုက်ပွဲ၏ရိုက်ခတ်မှုဒဏ်ကို ရှောင်တိမ်းရန်အတွက် အဆက်မပြတ် ဖိအားပေးခံနေရသည်။

ဤအဆင့်တိုက်ပွဲတစ်ခု၏ ရိုက်ခတ်မှုကို ရင်ဆိုင်ရလျှင် အနည်းငယ် သတိလက်လွတ်ဖြစ်သွားပြီး တိုင်ဖွန်းမုန်တိုင်းပမာ ပြင်းထန်သည့် ဓား၀ိညာဉ်များ၏ အဖျားခတ်ခံရလျှင်ပင် သေလမ်းသို့ အပို့ခံရမည် ဖြစ်သည်။

ထိုအချိန် မိုးနှင့်မြေကို နေရောင်ခြည်အလင်းတန်းများ လွှမ်းခြုံသွားပြီး အတွင်းမှပြင်းထန်သောတိုက်ပွဲအား မည်သူမှ အတိအကျ မတွေ့မြင်နိုင်တော့ပေ။ တိုက်ပွဲပြင်ပမှလူအများမှာ မိုး‌ကောင်းကင်ပင်တုန်လှုပ်စေသော ထိတ်လန့်တုန်လှုပ်ဖွယ်ရာ စွမ်းအားများကိုသာ အာရုံခံစားနိုင်သည်။

သူတို့အားလုံးရှေ့တွင် အလင်းကမ္ဘာကြီးတစ်ခု တည်ရှိနေပြီး မည်သည့်အရာကိုမှ မြင်နိုင်စွမ်းမရှိ ၊ လေတိုးသံများကိုသာ နားထဲတွင် ကြားနေရ၏။

သိုင်းကျင့်ကြံသူများသည် ဖျတ်လန်သောစိတ်နှင့် အာရုံခံစားမှုများ စူးရှထက်မြက်ကြသည့်တိုင် ယခုတော့ စိတ်အာရုံများလ်း ထုံကြဉ်လျှက်  အရာအားလုံးသည် ဖရိုဖရဲ မှုံ၀ါးလျှက် ရှိသည်။

ရုတ်တရက် ဖန်းပေါ်ထိုင်၏အသံက တိုက်ပွဲသံများအားလုံးကို လွှမ်းခြုံဖြတ်ကျော်ကာ လူတိုင်း၏ စိတ်အာရုံထဲသို့ ပဲ့တင်ထပ် ၀င်ရောက်လာသည်။

“မဆိုးဘူး ၊ ဒီသိုင်းပညာက ၀ါဒတောင်က ရွှေခန္ဓာသိုင်းပညာပဲ ၊ မင်းရဲ့ လက်ရှိ ကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် မကြုံစဖူး ထူးခြားတဲ့အဆင့်တစ်ခုကိုရောက်အောင် လေ့ကျင့်ထားနိုင်တာပဲ”

ရန်ကျောက်ကဲက တိုက်ပွဲအရှိန်ဖြင့် သူ့ထံသို့ အော်ြမည်တိုက်ခတ်လာသည့် အမြင့်ပေ (၃၂)ပေခန့်ရှိသော ကြီးမားသည့် ဓား၀ိညာဥ်တစ်ခုကို အသာပင် ရှောင်တိမ်းလိုက်သည်။

ထိုဓား၀ိညာဥ်က သူ့အနောက်ဘက်သို့ လွင့်စင်ထွက်သွားပြီး မြေပြင်ထက်သို့ ကျရောက်သွားကာ ကြီးမားသော အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်ပေါ်သွားစေသည်။

ရန်ကျောက်ကဲ၏ စွမ်းအင်ဗဟိုချက်တွင် ပရမ်းပတာချီစွမ်းအားများ လှည့်ပတ်နေပြီး ရေခဲနှင့်မီးတောက် အမြွှာချီစွမ်းအား (၂)ခုက သူ၏ သွေးကြောဆုံချက်များအားလုံးတွင် စုဆုံသွားသည်။

ထိုချီစွမ်းအား (၂)ခုက အထက်သို့ မြင့်တက်လာပြီး ရန်ကျောက်ကဲ၏ မျက်ဆံများတွင် စုစည်းသွားကာ အနီရောင်နှင့်အပြာရောင် အလင်းတန်းများ ထွက်ပေါ်လာသည်။

အဆုံးစွန်အထိ အေးစက်သော ချီစွမ်းအားနှင့် သည်းမခံနိုင်လောက်အောင် ပူလောင်သည့် ချီစွမ်းအားတို့သည် ခဏအတွင်း ပေါင်းစပ်သွားသည့်တိုင် ရန်ကျောက်ကဲ၏ မျက်လုံးအိမ်များ ပျက်စီးသွားစေခြင်းမရှိဘဲ ခန္ဓာကိုယ်၏ ရှုတ်ထွေးသည့် အစိတ်အပိုင်းတစ်ခုပမာ ဖြစ်တည်လာသည်။ ချီစွမ်းအား (၂)ခုက ရန်ကျောက်ကဲမျက်၀န်းများမှတစ်ဆင့် စွမ်းအားများကို ထုတ်လွှတ်ပေးနေသည်။

ဤနည်းအားဖြင့် အားဟူနှင့် အခြားသောသိုင်းကျင့်ကြံသူများနှင့် မတူညီစွာ ရန်ကျောက်ကဲသည် ရှီတိနှင့် ဖန်းပေါ်ထိုင်တို့၏ တိုက်ပွဲကို‌ ယောင်၀ါး၀ါး တွေ့မြင်ခွင့်ရလေ၏။

ရှီတိသည် သူ၏စိတ်စွမ်းအားများ ထည့်သွင်းထားသော ယာဇ်ပလ္လင်ပုံရိပ်နှင့် ထပ်တူကျလုနီးပါးဖြစ်နေပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း ရွှေသားပမာ ပြောင်းလဲသွားသည်။

ထို ရွှေသားခန္ဓာကိုယ်ထက်တွင် မှေးမှိန်သော်လည်း သိသာထင်ရှားသည့် ဓားဒဏ်ရာ (၇)ချက်ကို တွေ့မြင်ရပြီး ဓားချက်များက တုန်လှုပ်စရာကောင်းလှသည်။

သို့ပေသိ ဖန်းပေါ်ထိုင်၏ နေမင်း (၇)စင်းမှ ဓားချက်များက ရှီတိ၏ ရွှေခန္ဓာကို ထိုးဖောက်နိုင်ခြင်းမရှိသော‌ကြောာင့် ဒဏ်ရာရထားခြင်း မလျဉ်းမရှိပေ။

ဤသည်ကိုကြည့်ခြင်းအားဖြင့် ရှီတိ၏ ရွှေခန္ဓာကျင့်စဥ်က တုန်လှုပ်စရာကောင်းလောက်အောင် အဆင့်မြင့်မားနေသည်ကို သိရှိနိုင်သည်။

သေခြင်းတရားကို ကျော်လွန်ခြင်းအဆင့်သို့ မရောက်ရှိသေးသည့် အခြားသောသိုင်းဆရာသခင်ဆိုလျှင် ဖန်းပေါ်ထိုင်၏ ပြင်းထန်ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုကို ရင်ဆိုင်ရသည်နှင့် တောင့်ခံထားနိုင်မည် မဟုတ်ပေ။

ရှီတိ၏ အမူအရာက တည်ငြိမ်နေပြီး ဖန်းပေါ်ထိုင်ကို အေးဆေးစွာင် စူးစူးစိုက်စိုက် ကြည့်နေခဲ့သည်။

ကောင်းကင်ထက်တွင် နေမင်း (၇)စင်းသည် ထွန်းလင်းနေဆဲ ဖြစ်ပြီး မြေပြင်ထက်မှ သက်ရှိသတ္တ၀ါများအားလုံးထံသို့ အပျက်သဘောဆောင်သည့် ဖိအားတစ်ခု သက်ရောက်စေသည်။

နေမင်း (၇)စင်းကြားမှ ဖန်းပေါ်ထိုင်၏ အသံက ကျယ်လောင်စွာ ထွက်ပေါ်လာပြန်သည်။

“ဒါပေမဲ့ မင်း ဒီအဘိုးကြီးကို ထိန်းထားနိုင်မယ်လို့ ထင်သလား ၊ ဒီအဘိုးကြီးရဲ့ တိုက်ခိုက်မှုကို မင်း ဘယ်လောက်ခံနိုင်မှာတဲ့လဲ”

စကားသံအဆုံးသတ်သွားသည်နှင့် နေမင်း (၇)စင်းသည် ဗဟိုချက်ဆီသို့ တပြိုင်နက်တည်း စုရုံးလာသည်။

နေမင်း (၇)စင်းအလယ်မှ တစ်လောကလုံးကို ပြိုးပြိုးပြက်ပြက် လင်းလက်နေစေသည့် အလင်းတန်းကြီးတစ်ခု ထွက်ပေါ်လာပြီး ယခင်ကထက်ပင် ပိုမိုစွမ်းအားကြီးမားလာကြောင်း ပြသနေ၏။

ရှီတိသည် သူ၏ခါးဆီသို့ ဆုတ်ထားသည့် ဘယ်ဘက်လက်သီးကို ရှေ့သို့ ဖြည်းညင်းစွာ ဆန့်ထုတ်လိုက်ပြီး ညာဘက်လက်သီးဖြင့် တစ်တန်းတည်းထားလိုက်သည်။

သူ၏လက်သီးများက လေကို ဖြတ်သန်းသွားပြီး လေထုထဲတွင် ရွှေရောင်စက်၀န်းတစ်ခု လှည့်ပတ်နေသည့် မထင်မရှားပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

ထိုရွှေရောင်စက်၀န်းသည် ရွှေခန္ဓာတန်ခိုးစွမ်းအားဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး သန့်စင်ခြင်းနှင့်ပြည့်၀နေသလို အတွင်းပိုင်းတွင်လည်း မရေမတွက်နိုင်သည့် အရာဝတ္ထုများကို သိမ်းဆည်းထားနိုင်သည့် နတ္ထိနယ်မြေတစ်ခုပမာ ဖြစ်သည်။

နေမင်း (၇)စင်း ပေါင်းစည်းသွားသည်နှင့် ကြီးမားသည့် ပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာပြီး ထိုပုံရိပ်ကြီးက ရှီတိထံသို့ လက်၀ါးရိုက်ချက်ဖြင့် ရိုက်ချလိုက်သည်။ ထိုလက်၀ါးရိုက်ချက်မှ ထွက်ပေါ်လာသည့်စွမ်းအားကြောင့် ကောင်းကင်သည်ပင် အချိန်မရွေး ပြိုကျတော့မည့်အလား တုန်လှုပ်သွားသည်။

ရှီတိထုတ်လွှတ်လိုက်သည့် ရွှေရောင်စက်၀န်းက ရန်သူ၏ လက်၀ါးရိုက်ချက်ကို ရင်ဆိုင်လိုက်၏။

ရွှေရောင်စက်၀န်းက အလွန်သေးငယ်ပြီး လက်၀ါးရိုက်ချက်ထုတ်ဖော်လိုက်သည့် ဧရာမလက်ဖ၀ါးကြီးကတော့ မိုးမြေတစ်ခုလုံးကို ဖုံးအုပ်ထားသည့်အလား ထင်မှတ်ရသည်။

သို့ပေသိ သေးငယ်သော ရွှေရောင်စက်၀န်းသည် ဧရာမလက်ဖ၀ါးကြီး၏ အလယ်နေရာတွင် တားဆီးထားသဖြင့် လက်၀ါးရိုက်ချက်မှာ ရှေ့မဆက်နိုင်ဘဲ လေထုထဲတွင် ရပ်တန့်နေသည်။

ရွှေရောင်စက်၀န်းရော ဧရာမလက်ဖ၀ါးကြီးပါ လေထုထဲတွင် ပိုဆို့ရပ်တန့်နေကြသည်။

ရန်ကျောက်ကဲက တိုက်ပွဲကို မျက်တောင်မခတ် ကြည့်နေ၏။ တစ်လက်မပင် မရွေ့ဘဲ တစ်နေရာတည်းတွင် ခိုင်ခိုင်မာမာ ရပ်တည်နေသော ရှီတိ၏ ခန္ဓာကိုယ်သည် အနည်းငယ် နောက်သို့ဆုတ်သွားသည်ကို သူ တွေ့မြင်လိုက်ရသည်။

နောက်ဆုတ်သွားသည်ဆိုသော်လည်း ရှီတိသည် လွင့်ထွက်သွားခြင်းမျိုး မဟုတ်ဘဲ သူ့ခြေထောက်များက ကောင်းကင်ထောက်တိုင် (၂)ခုပမာ နေရာတွင် မြဲမြံစွာ ရပ်တည်နေဆဲပင်။ သို့သော် သူ၏ခန္ဓာကိုယ်ကတော့ ပြင်းထန်လှသည့် လက်၀ါးရိုက်ချက်ကြောင့် နောက်သို့ အနည်းငယ်လန်သွား၏။

ရွေ့လျားသွားသည့် ရှီတိ၏ ခြေဖ၀ါးအောက် လေထုထဲတွင် ပွတ်တိုက်မှုစွမ်းအားကြောင့် ဖြစ်ပေါ်လာသည့် ရွှေရောင်အလင်းလမ်းကြောင်း (၂)ခုသည် အချိန်ကြာမြင့်စွာ ပျောက်ကွယ်မသွားဘဲ တည်ရှိနေခဲ့သည်။

“ကျင့်ကြံခြင်းအဆင့်မြင့်မားလေ တိုက်ပွဲမှာ ရန်သူကို အသာစီးရဖို့ ခက်ခဲလေပဲ ၊ အဲဒီလိုအဆင့်ရောက်ပြီဆိုရင် ငါဆို ရန်သူဘယ်နှစ်ယောက်ကို လွယ်လွယ်နဲ့ ရင်ဆိုင်နိုင်မလဲ”

ရန်ကျောက်ကဲက တိုက်ပွဲမြင်ကွင်းကိုကြည့်နေရင်း…

“ဒါပေမဲ့ ပထမဆရာဦးလေးက အဆင့်တူတွေကို အနိုင်ယူနိုင်ရုံသာမကဘူး ၊ သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့်ရှိတဲ့ သိုင်းဆရာသခင်တစ်ယောက်ကိုတောင် တောင့်ခံထားနိုင်တယ် ၊ ဒီလိုရင်ဆိုင်နိုင်ဖို့က ခက်ခဲတာ အမှန်ပဲ”

ကြီးမားလှသည့် ပုံရိပ်ကြီးက မြေပြင်ထက်အမြစ်တွယ်ရပ်တည်နေသလို ကောင်းကင်ထက်သို့လည်း မျှော်စင်ကြီးတစ်ခုပမာ ထိုးဖောက်လျှက် ရှိသည်။

ထိုပုံရိပ်ကြီးမှ အသံထွက်ပေါ်လာ၏။

“မင်းက တကယ့်ကိုရှားပါးတဲ့လူတစ်ယောက်ပဲ ၊ ဒါပေမဲ့ စိတ်မကောင်းစရာပဲ ၊ မင်းကြိုးစားနေသမျှက အဓိပ္ပါယ်မရှိဘူး”

ထိုစကားသံကြောင့် ရှီတိ၏ မျက်နှာအမူအရာက ပြောင်းလဲသွားခြင်း မရှိပေ။ သူ့ခါးတွင်ပတ်ထားသည့် ခါးပတ်က ရုတ်တရက် လင်းလက်လာပြီး အလင်းရောင်က သူ့ခန္ဓာကိုယ်ထဲ စီးဆင်း၀င်ရောက်သွားကာ ချပ်၀တ်အင်္ကျီတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ချတ်၀တ်ထွက်ပေါ်လာသည်နှင့် ရှီတိ၏ လက်သီးစွမ်းအားက မြင့်တက်လာပြီး ချက်ချင်းပင် အရှိန်အဟုန်ကောင်းလာသည်။

သို့သော် ကြီးမားသည့် ပုံရိပ်ကြီး၏ တောက်ပနေသော ဦးခေါင်းထက်၀ယ် ဓားတစ်လက်ထွက်ပေါ်လာပြီး လေထဲတွင် ၀ဲပျံလျှက် ရှိသည်။

ကြီးမားသည့် ပုံရိပ်ကြီးက ဓားကို ဆုပ်ကိုင်ထားခြင်း မရှိပေ။ သို့သော် ဓား၀ိညာဉ်က တဖြည်းဖြည်း ကြီးမားကျယ်ပြန့်လာပြီး ရှီတိ၏ချတ်၀တ်မှ အလင်းစွမ်းအားများကို ၀င်ရောက်တိုက်ခိုက်လိုက်သည်။

တစ်ချိတ်တည်းပင် ဧရာမလက်ဖ၀ါးကြီးကလည်း ရှေ့ဆက်တိုးလာသည်။

ဖန်းပေါ်ထိုင်က…

“ကောင်စုတ်လေး ရှီတိ ၊ ဒီနေ့ ဒီအဘိုးကြီးက မင်းဆရာ ယွမ်ကျန်းဖုန်းကိုယ်စား မင်းကို ဆုံးမပေးမယ်”

ထို့နောက် သူက အနားမှ ဆည်းဆာအရှင်ကို စကားဆိုလိုက်သည်။

“ဆည်းဆာအရှင် ၊ ဒီအဘိုးကြီးက သံမဏိခြင်္သေ့ကို တာ၀န်ယူလိုက်မယ် ၊ မင်းက ဟို ခွေးကောင် ‘ရန်’ မျိုးနွယ်လေးကို ရှင်းပစ်လိုက် ၊ ရန်တိက ငါတို့ ထောင်ချောက်ထဲ ကျနေပြီ ၊ ဒီတော့ ငါးစာက အသက်သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ အရေးမကြီးတော့ဘူး ၊ ဒါပေမဲ့ ဒီအဘိုးကြီးကတော့ အဲဒီကောင်လေးကို အသက်ရှင်လျက် လိုချင်တယ်”

“သူ့ကို ကမ္ဘာအလင်းတောင်ထွတ်ကို ခေါ်သွားပြီး မဟာနေမီးတောက်ထဲမှာ သေတဲ့အထိ မီးရှို့သတ်မယ် ၊ ဒီလိုမှ မလုပ်ရဘူးဆိုရင် ဒီအဘိုးကြီးရဲ့ ‌ဒေါသတွေ အနည်ထိုင်နိုင်မှာ မဟုတ်ဘူး”

ရှီတိနှင့် တိုက်ခိုက်ခဲ့သော အစောပိုင်းတိုက်ပွဲတွင် ရှုံးနိမ့်သွားသည့်အတွက် ဆည်းဆာအရှင်၏ မျက်နှာက ဖြူဖျော့နေပြီး နှုတ်ခမ်းထောင့်မှ သွေးများ စီးကျနေသည်။

သို့သော် ခဏမျှ ထိုနေရာတွင် မတ်တတ်ရပ်နေပြီးနောက် ဒဏ်ရာက ပြဿနာမရှိတော့ပေ။

သူက စကားတစ်ခွန်းမဆိုဘဲ ခြေတစ်လှမ်းတည်းဖြင့် ရန်ကျောက်ကဲ ရှေ့သို့ ရောက်ရှိသွားသည်။

အားဟူနှင့် ပိန်ပိန်ပါးပါးအကြီးအကဲတို့၏ မျက်နှာအမူအရာများက အလွန်ပင် ပျက်ယွင်းနေကြပြီး ဆည်းဆာအရှင်ကို တားဆီးလိုသည့်တိုင် မတတ်နိုင်ခဲ့ကြပေ။

တစ်ဖက်လူ၏ ကျင့်ကြံခြင်းအဆင့်က သူတို့ထက် အလွန်ပင် ပိုမိုမြင့်မားလွန်းနေ၏။

သို့သော် ထိုခဏတွင် ပတ်၀န်းကျင်မိုးမြေတစ်ခွင်လုံး ရုတ်တရက် တုန်လှုပ်သွားပြီး ဓား၀ိညာဉ်တစ်ခု ထွက်ပေါ်လာသည်။

ဖန်းပေါ်ထိုင်က အော်ဟစ်လိုက်သည်။

“ဒီဓား၀ိညာဥ်က… ဘယ်သူများလဲ ၊ အဲဒါ ယွန်ကျန်းဖုန်းတော့ မဟုတ်ဘူး”

ထိုအချိန် မိုးမြေတစ်ခွင် ပဲ့တင်ထပ်နေသည့် အသံတစ်သံ ထွက်ပေါ်လာသည်။

“မင်းကို သေစေချင်နေတဲ့သူရဲ့ ဓား၀ိညာဉ်ပဲ”

စကားသံ အဆုံးသတ်သွားသည်နှင့် ဓားတစ်လက်က လေထုကို ထိုးခွင်း၀င်ရောက်လာသည်။

ရန်ကျောက်ကဲရှေ့သို့ရောက်လာသည့် ဆည်းဆာအရှင် အနည်းငယ်မျက်နှာပျက်သွားသည်။

သူက ချက်ချင်းပင် လက်၀ါးရိုက်ချက်တစ်ခု အလျင်အမြန်ထုတ်ဖော်လိုက်ပြီး မဟူရာဆည်းဆာနယ်မြေကို ဖန်ဆင်းကာ ရောက်ရှိလာသည့် သဏ္ဌန်မဲ့ဓားကို တားဆီးထားလိုက်သည်။

သို့ပေသိ သူဖန်ဆင်းလိုက်သည့် မဟူရာဆည်းဆာနယ်မြေက ချက်ချင်းပင် ပုံပျက်သွားကာ လေထုတစ်ခုလုံး ကွဲအက်သွားသည်။

ချည်သားအစပေါ်တွင် ပန်းချီကားတစ်ချပ်ဖြစ်တည်လာသည့်အလား ပြင်းထန်သည့် ပုံပျက်ခြင်းကြောင့် မိုးမြေတစ်ခုလုံး ပြိုကျပျက်စီးသွားသည်။

ထိုဖိအားနှင့် သဏ္ဌန်မဲ့ဓား၀ိညာဥ် ပေါင်းစပ်လိုက်သည့်အခါ ချက်ချင်းပင် သဏ္ဌန်မဲ့ရာမှ သဏ္ဌန်ရှိ ဓားတစ်လက် ထွက်ပေါ်လာသည်။

လွှမ်းမိုးနိုင်စွမ်းရှိသည့် ဓား၀ိညာဥ်က ကောင်းကင်ဘုံကို ဖောက်ထွင်းဝင်ရောက်ကာ မြေကြီးကို အပိုင်းပိုင်းခွဲပစ်လိုက်သည်။

မဟူရာဆည်းဆာနယ်မြေသည် ချက်ချင်းပင် ဟက်တက်ကွဲသွားတော့၏။

ခပ်တိုးတိုးညည်းတွားသံနှင့်အတူ ဆည်းဆာအရှင် အနောက်သို့ လွင့်ထွက်သွားကာ သူ့ခန္ဓာကိုယ်မှသွေးများက ကောင်းကင်ထက်ပက်ဖြန်းလိုက်သည့်အလား ၀ဲပျံသွားသည်။

“ရန်တိ… မင်း ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ”

ရန်တိရောက်လာ‌သည်ကို သိလိုက်သည်နှင့် ဖန်းပေါ်ထိုင်က ရှီတိကို လက်၀ါးရိုက်ချက်ဖြင့် အဝေးသို့  ရိုက်ထုတ်ရန် အတင်းအကျပ် ကြိုးစားသည်။

ရန်တိ၏စွမ်းအားက သူခန့်မှန်းထားသည်ထက် သာလွန်နေပြီး ဆည်းဆာအရှင်ကိုပင် တစ်ချက်တည်းဖြင့် လွင့်ထွက်သွားစေသည်။

ဒေါသအကြီးအကျယ်ထွက်နေသည့် ဖန်းပေါ်ထိုင်မှာ သူ့လက်ဖ၀ါးအတွင်းသို့ စွမ်းအားများ ပိုမိုထည့်သွင်းလိုက်သည်။

ထိုအချိန် ရန်တိ၏အသံက မိုးကုတ်စက်၀ိုင်းတစ်လျှောက် ပဲ့တင်ထပ် ထွက်ပေါ်လာသည်။

“ဂူအောင်းပြီးခြောက်သွေ့နေတဲ့အရိုးက ဘာတွေများ ကိုယ့်ကိုယ်ကိုယ် ပြည့်၀တယ်လို့ ထင်နေရတာလဲ”

ဆည်းဆာအရှင် လွင့်ထွက်သွားပြီးသည်နှင့် ရန်တိ၏ အနှိုင်းမဲ့ဓား၀ိညာဉ်က ထပ်မံလှုပ်ရှားသွားပြီး သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင် ဖန်းပေါ်ထိုင်ရှိရာသို့ ၀င်ရောက်သွားသည်။

ဖန်းပေါ်ထိုင်၏ လက်၀ါးရိုက်ချက်နှင့် ရန်တိ၏ ဓား၀ိညာဥ် ရိုက်ခတ်မိသည်နှင့် လောကတစ်ခုလုံးတုန်လှုပ်သွားသည်။

ဖန်းပေါ်ထိုင်က ဒေါသတကြီးဖြင့်…

“မင်းလို နောက်ပိုင်းမျိုးဆက်တစ်ယောက်က ဘယ်သူ့ကိုမှ မျက်လုံးထဲ မထားတော့ဘူးလား”

ပြောပြီးသည်နှင့် သူက ရန်တိကို လက်သီးဖြင့် ထိုးနှက်လိုက်သည်။

သို့သော် သူ့ထက်လျှင်သည့် ရန်တိက ဒုတိယဓားချက်ဖြင့် ဆက်လက်တိုက်ခိုက်နေပြီ ဖြစ်၏။

ရန်တိက…

သူ့ထက် လျှင်မြန်သည်။

သူ့ထက် တိကျသည်။

သူ့ထက်လည်းစွမ်းအားမြင့်မားသည်။

တစ်ဆက်တည်းပင် သြဇာဖြင့်ပြည့်၀သည့် အသံတစ်သံက လေကိုထိုးခွင်းထွက်ပေါ်လာသည်။

“ဖန်းပေါ်ထိုင်… မင်းကို ဘယ်တုန်းကမှ ငါ့မျက်စိထဲ မထားခဲ့ဘူး”


Comment

  1. kyawthiha1499 says:

    အခုမှပဲmc ရဲ့အဖေပေါ်လာတော့တယ်

Leave a Reply

Options

not work with dark mode
Reset