‘ ထူးဆန်းလိုက်တာ … ရုတ်တရက်ကြီး ပတ်ဝန်းကျင်မှာ နတ်အာရုံတွေ ဘာလို့များလာရတာလဲ ’
တောင်ကျွန်း၏အရှေ့အရပ်နှင့် ထိစပ်နေသော အရှေ့သမုဒ္ဒရာ ကမ်းရိုးတန်း …
သာမန် ကျောက်အိမ်များရှိသည့် တံငါရွာကလေး၌ အေးစက်စက်မျက်နှာထားရှိသည့် တာအိုရသေ့အိုကြီးပုံစံ ရုပ်ဖျက်ထားသော လီချန်ရှို့သည် အဘွားကြီးတချို့ ပေးလိုက်သော လက်ဖက်ရည်ခွက်ကလေးကို ကိုင်ကာ သောက်ရင်း သမုဒ္ဒရာရေမျက်နှာပြင်ကို လေ့လာနေလေသည်။
သူသည် ရွာထဲတွင် အဆောင်တချို့ကိုပေးခဲ့သဖြင့် ရွာသားများသည် သူ့ကို လွန်စွာကျေးဇူးတင်နေကြသည်။ သူ ထို့သို့ အဆောင်များကိုပေးခြင်းမှာ ရုပ်ဖျက်ခြင်းကို ပို၍ ပီပြင်စေရန်ဖြစ်သည်။ အဆောင်ပေးရန် အရှေ့သမုဒ္ဒရာကမ်းရိုးတန်းကို လာခြင်းဖြစ်သည်ဟု အကြောင်းပြနိုင်လေ၏။
လေလွင့် လူသားကျင့်ကြံသူများသည် ထိုနည်းကိုသုံး၍ ကံကောင်းခြင်းများ၊ ကုသိုလ်များကို ရအောင်လုပ်လေ့ရှိကြသည်။
သို့သော် လီချန်ရှို့သည် အကြောင်းအရာတစ်ခုကို အစောကတည်းက သဘောပေါက်ခဲ့ပြီး ဖြစ်သည်။ လူကောင်းများကို ကူညီခြင်းသည် ကောင်းသောကြမ္မာနှောင်ကြိုးကို ဖြစ်စေပြီး၊ လူဆိုးများကို ကူညီမိလျှင် ဆိုးသောကြမ္မာနှောင်ကြိုးကို ဖြစ်စေပေမည်။
သူ အဆောင်ပေးလိုက်သော လူများသည် မည်သူက လူကောင်း၊ မည်သူက လူဆိုးမှန်း သူမသိပေ။ ထို့ကြောင့် အစွမ်းမရှိသော အိပ်စက်ခြင်းတွင် အထောက်အကူပေးသည့် အဆောင်အနည်းငယ်ကိုသာ အလကားဝေပေးလိုက်ခြင်း ဖြစ်၏။ ထိုသို့ဆိုလျှင် မည်သည့် ကြမ္မာနှောင်ကြိုးမှ တွယ်မည် မဟုတ်ချေ။
သမုဒ္ဒရာရေမျက်နှာပြင်ပေါ်တွင် ကောင်းကင်နဂါးတစ်ကောင်၏ ပုံသဏ္ဍာန်တစ်ခု ထွက်ပေါ်လာပြီး ထိုနဂါးသည် တိမ်စိုင်အတွင်း ငုပ်လျှိုးသွားလေသည်။
‘ အင်း..နဂါးနန်းတော်က သူတွေပဲ။ သူတို့ တစ်ခုခုကို လိုက်ရှာနေတဲ့ပုံပဲ ’
နဂါးနန်းတော်မှ သူများနှင့်တွေ့မည်စိုးသဖြင့် သူသည် သမုဒ္ဒရာအတွင်းသို့ သွား၍မရသေးပေ။
ထို့ကြောင့် လီချန်ရှို့သည် ဒုက္ခခံကာ ကမ်းရိုးတန်းအနီးရှိ ရွားများတွင်ပင် လှည့်လည်၍နေ နေလိုက်သည်။ သူသည် ကမ်းရိုးတန်းတစ်လျှောက် မြောက်မှတောင်သို့သွား၍ အသိပညာအချို့ရရန် သေမျိုးလောကရှိ လူသားများ မည်သို့နေထိုင်ကြောင်းကို စူးစမ်းလေ့လာနေလိုက်သည်။
လဝက်ခန့်ကြာပြီးသောအခါ လီချန်ရှို့သည် တောင်ဘက်ယွန်းယွန်းသို့ လီ(၁၀၀၀)ကျော် ခရီးဆန့်ခဲ့ပြီး ဖြစ်သည်။ နဂါးနန်းတော်မှသူများသည်လည်း ရှာဖွေနေသည်ကိုရပ်တန့်၍ ပြန်သွားကြလေပြီ။
သေချာစဉ်းစားပြီးနောက် လီချန်ရှို့သည် သမုဒ္ဒရာအတွင်းရှိ ကျွန်းတစ်ကျွန်းတွင် ကောင်းကင်ပြစ်ဒဏ်ခံယူမည့် အစီအစဉ်အတိုင်း ဆက်၍လုပ်ရန် ဆုံးဖြတ်လိုက်၏။
နှစ်လခန့်ထပ်၍ ကြာပြီးနောက် လီချန်ရှို့သည် သမုဒ္ဒရာအတွင်းရှိ လီရာပေါင်းများစွာရှိသော အဝန်းအဝိုင်းတစ်ခုကို ရွေးခြယ်လိုက်သည်။
တစ်ညတွင် သူသည် ရုပ်ပြောင်းရုပ်လွဲအတတ်ကိုသုံး၍ အလယ်အလတ်အရွယ်အစားရှိသော ငါးတစ်ကောင်အဖြစ်သို့ ပြောင်းလိုက်ပြီး အတန်ငယ်နွေး၍နေသော သမုဒ္ဒရာရေပြင်ထဲသို့ ဆင်းသွားလိုက်လေသည်။
သူသည် ရေကိုယ်ယောင်ဖျောက်အတတ်ကို သုံးလိုက်ပြီး တံငါသည်တို့၏ ရေကြောင်းပြမြေပုံတွင် မြင်ဖူးခဲ့သော ကျွန်းစုလေးတစ်ခုဆီသို့ ကူးခတ်သွားလိုက်၏။
ကောင်းကင်ပြစ်ဒဏ်ခံယူမည့် နေရာသည် သေမျိုးလောကနှင့် အရမ်းအလှမ်းဝေး၍ မရပေ။
သေမျိုးလောကရှိ လူသားမျိုးနွယ်သည် သူ့အတွက် အရေးပေါ်ခိုလှုံရာ နေရာဖြစ်သည်။ အကယ်၍ ကောင်းကင်ပြစ်ဒဏ် မခံယူခင်ဖြစ်စေ၊ ခံယူပြီးဖြစ်စေ သူ့အားလုပ်ကြံတိုက်ခိုက်သူရှိလျှင် ထိုနေရာသို့သွား၍ လူအများနှင့်ရောကာ ကိုယ်ရောင်ဖျောက်နေရမည် ဖြစ်သည်။
ကောင်းကင်ပြစ်ဒဏ်ခံယူမည့်နေရာသည် သေမျိုးလောကနှင့် နီးလွန်း၍လည်း မဖြစ်ချေ။
သေမျိုးလောကသည် ညစ်ညမ်းချီများနှင့်ပြည့်နှက်နေကာ တည်ငြိမ်မှုမရှိပေ။ ထို့ကြောင့် ကျင့်ကြံသူများ၏ တာအိုခန္ဓာကိုယ်နှင့် မူလဝိညာဉ်သည် အလွယ်တကူပင် ညစ်ထေးသွားနိုင်၏။ သူ ကောင်းကင်ကင်ပြစ်ဒဏ်ကို အောင်မြင်စွာကျော်ဖြတ်နိုင်၍ နတ်ဝိဇ္ဇာအဖြစ်သို့ တက်လှမ်းစဉ်တွင် လောကအတွင်းရှိ စိတ်တန်ခိုးများကို စုပ်ယူရမည်ဖြစ်သည်။
သေမျိုးလောကတွင် ညစ်ညမ်းချီဓာတ်ကို ဆုပ်ယူမိသည်မှာ ကိစ္စကြီးမဟုတ်သော်လည်း အတန်ငယ် မနှစ်မြို့ဖွယ်ကောင်းပေသည်။
သူ့ဆရာ၏ နတ်ဝိဇ္ဇာအဖြစ်တက်လှမ်းမှုသည် တစ်ဝက်တစ်ပျက်ဖြစ်ခဲ့ရ၏။ ထို့ကြောင့် သူ့ဆရာသည် စိတ်တန်ခိုးများကို ခေတ္တသာ စုပ်ယူနိုင်ခဲ့သည်။
နဂါးနန်းတော်က လွန်ခဲ့တဲ့နှစ်လက ဘာကိုရှာနေတာပါလိမ့်…
လီချန်ရှို့တစ်ယောက် စိတ်ဝင်စားမိနေ၏။
မည်သူ ( ဝါ ) မည်သည့်ရတနာက နဂါးနန်းတော်ကို အရှေ့သမုဒ္ဒရာနယ်စပ်အထိ နဂါးအင်အားအများအပြား စေလွှတ်စေခဲ့သနည်း။
သူသည် နဂါးနန်းတော်မှ ပညာရှင်များကို မျက်လုံးဖြင့်တိုက်ရိုက်မတွေ့မိသော်လည်း စိတ်အာရုံတွင် အာရုံခံမိခဲ့လေသည်။
ရှိစေတော့။ ထိုအရာသည် သူ့ကိစ္စမဟုတ်ပေ။
လီချန်ရှို့သည် ကောင်းကင်ပြစ်ဒဏ်ကို သိုသိုသိပ်သိပ် ခံယူ၍ နေရာတစ်ခုကိုရှာကာ သုံးနှစ်ခန့် သူ၏ တာအိုအခြေခံကို တည်ငြိမ်အောင်ပြုလုပ်ပြီး ကိုယ်ရောင်ကိုယ်ဝါကို ပြန်ဖုံးကွယ်နိုင်ရန် ချီတည်ငြိမ်မန္တန်ကို အဆင့်မြှင့်ရပေမည်။ ထို့နောက် ဂိုဏ်းသို့ပြန်ကာ တုနတ်ဝိဇ္ဇာဂိုဏ်းမှ မျိုးဆက်သစ်တပည့်တစ်ယောက် အဖြစ် ချုံတောင်လေးတွင် ဘဝကို အေးအေးလူလူသာ ဖြတ်သန်းမည် ဖြစ်သည်။
သူသည် ယခုအခါတွင် သူ၏ကျင့်ကြံခြင်းအဆင့်ကို ဆက်၍ဖိနှိပ်မထားနိုင်တော့သည်ဖြစ်၍ တာအိုပေါင်းစည်းခြင်း နဝမအဆင့်သို့ ရောက်တော့မည် ဖြစ်သည်။
ငါးကလေးလီချန်ရှို့သည် သမုဒ္ဒရာရေထဲတွင် ကူးခတ်ရင်း ကျွန်းများကို လိုက်၍ လေ့လာနေသည်။ သူအကြိုက်တွေ့သည့် ကျွန်းကို မတွေ့သေးပေ။
ထိုကျွန်းလေးများသည် ကောင်းကင်ပြစ်ဒဏ်ခံယူရန် အဆင်ပြေနိုင်သော်လည်း ၎င်းတို့၏ မြေမျက်နှာအနေအထားသည် ရှုပ်ထွေးလွန်းလှကာ ပုန်းအောင်းစရာ နေရာများလည်း များစွာရှိလေသည်။ ထိုအချက်များကြောင့် အနားသို့ တစ်ယောက်ယောက်က ရောက်လာလျှင် တစ်ခုခုရှိမည်လောဟု ကျွန်းကိုသေချာရှာပေလိမ့်မည်။
ထိုနေရာတွင် သူ ကောင်းကင်ပြစ်ဒဏ်မခံယူလိုပေ။
နဂါးနန်းတော်မှ တပ်သားများသည် လွန်ခဲ့သည် နှစ်လခန့်က မြောက်ဘက်သို့သွား၍ ဆက်ရှာနေကြသဖြင့် လီချန်ရှို့သည် တောင်ဘက်သို့ သွားလိုက်သည်။
သူသည် လျင်မြန်စွာ ကူးကာ ရှာဖွေနိုင်သော်လည်း စိတ်အေးအေးထား၍ သူနှင့် ကံစပ်သောကျွန်းကို ဖြည်းဖြည်းသာရှာဖွေနေ၏။
ညသန်းခေါင်သို့ရောက်သောအခါ လီချန်ရှို့၏ မျက်လုံးများ အရောက်လက်သွားသည်။ သူ၏စိတ်အာရုံသည် ကောင်းမွန်သောကျွန်းလေးတစ်ကျွန်းကို အာရုံခံလိုက်မိ၏။
ကျွန်းလေးသည် စက်ဝိုင်းပုံသဏ္ဍာန်ရှိပြီး ကျွန်းပတ်လည်တွင် သမုဒ္ဒရာကြမ်းပြင်မှ ထိုးထွက်လာသော တောင်တချို့လည်း ရှိလေသည်။ လီချန်ရှို့သည် စိတ်အာရုံသုံး၍ အာရုံခံလိုက်ရာ ထိုကျွန်း၏ မြေမျက်နှာသွင်ပြင်သည် ရိုးရှင်းကြောင်းသိလိုက်လေသည်။ မည်သူ့ကိုမှ သေချာလာ၍ရှာရန် ဆွဲဆောင်မည် မဟုတ်ပေ။
ငါးကလေးလီချန်ရှို့သည် ထိုကျွန်းလေးနှင့် နီးကပ်လာသောအခါ ပို၍ စိတ်ကျေနပ်သွားသည်။ သူသည် ရေကိုယ်ယောင်ဖျောက်အတတ်ကို သုံးကာ ခပ်လှမ်းလှမ်းမှနေ၍ ထိုကျွန်းလေးကို ဆယ်ပတ်ကျော်ခန့် ဆက်၍လေ့လာနေလိုက်ပြီး နောက်ဆုံးတွင် ကျွန်းပေါ်သို့တက်၍ကြည့်ရန် ဆုံးဖြတ်လိုက်လေသည်။
ကျွန်းပေါ်သို့ရောက်ရန် ဆယ်လီသာ လိုတော့လေသည်။
အာ …
သမုဒ္ဒရာ ရေစီးကြောင်းသည် တစ်ခုခုမူမမှန်ချေ။
လီချန်ရှို့သည် ရှေ့တွင် ဝဲလေးတစ်ခုကိုမြင်လိုက်သဖြင့် စိတ်အာရုံကိုသုံးကာ သေသေချာချာ အာရုံခံလိုက်သည်။ မကြာမီ ရေအောက်၌ လျှို့ဝှက်ဂူတစ်ဂူ ရှိကြောင်း သူသိလိုက်ရသည်။
ကျောက်ဂူလေးသည် အလွန်ကျဉ်းမြောင်းကာ အပေါ်သို့တက်သွားပြီး ကျွန်းပေါ်ရှိ ရေအိုင်တစ်ခုနှင့် ဆက်စပ်နေပေသည်။
‘ မဆိုးဘူး။ ဒါက နေရာကောင်လေးပဲ။ သဘာဝ အရေးပေါ်ထွက်ပေါက်တောင် ရှိသေးတယ် ’
လီချန်ရှို့သည် ကြည့်လေလေ ကျေနပ်လေလေဖြစ်နေတော့သည်။
ဤကျွန်းကို ရွေးရန် သူဆုံးဖြတ်လိုက်ပေပြီ။
*****
‘ ငါ့ကို ပြန်ဖမ်းချင်တယ်ပေါ့။ ဆုတောင်းလေ ’
အောင်းရိသည် လူသားအသွင် ပြောင်းထား၏။ သူ့ခန္ဓာကိုယ်သည် ကျဉ်းမြောင်းသော ကျောက်ဂူလေးထဲတွင် ညပ်ညပ်သပ်သပ်ဖြစ်နေပေသည်။ သူသည် ကျွန်းလေး၏ (၃)လီပတ်လည်အတွင်းကို ဂရုတစိုက်အာရုံခံနေပြီး နဂါးမျိုးနွယ်၏ မှော်အတတ်တစ်ခုဖြစ်သော မြေလျှိုးနဂါးမန္တန်ကို ရွတ်နေလေသည်။
သူသည် စိတ်အာရုံကို အဝေးသို့ ဖြန့်ကျက်ကာ အာရုံခံ၍ မဖြစ်ကြောင်း သိလေသည်။ ထိုသို့ ဖြန့်ကျက်လိုက်လျှင် သူ့ကို အလွယ်တကူ သတိထားမိသွားပေမည်။
ထို့ကြောင့် သူ့ကို ရှာနေသူများ ထိုနေရာတွင် ဆက်၍ရှိနေသေးလော၊ ထွက်၍သွားပြီလောကို သူသေချာ မသိဖြစ်နေသည်။
ကိစ္စတော့မရှိချေ။ သူသည် ထိုနေရာတွင် သုံးလလုံးလုံး ပုန်းနေခဲ့ပြီးဖြစ်သော်လည်း စိတ်ရှည်ရှည်နှင့် ဆက်၍ပုန်းနေနိုင်သေးပေသည်။
နဂါးတစ်ကောင်အဖြစ်မွေးလာခဲ့ခြင်းကြောင့်…
သူကိုယ်ထဲတွင် လည်ပတ်နေသော တော်ဝင်သွေးများကြောင့်…
နဂါးနန်းတော်၏ မင်းသားတစ်ပါးအနေဖြင့် ထမ်းဆောင်ရမည့် တာဝန်များကြောင့်…
သူတောင့်ခံရပေမည်။
နဂါးနန်းတော်မှတပ်သားများ ထွက်သွားလျှင် သူကျွန်းပေါ်သို့တက်နိုင်ပေမည်။ ထိုအခါတွင် သူ့အတွက် အခြေအနေကောင်းပြီဖြစ်သည်။
အောင်းရိသည် သူ့အားလိုက်ရှာနေသူများမှာ နတ်လိပ်ကျွန်းမှ ကျင်ကြံသူများမဟုတ်ဘဲ နဂါးနန်းတော်မှ သူများဖြစ်နေ၍ အံ့သြခဲ့ရ၏။
တိမ်မည်းနတ်ဝိဇ္ဇာသည် အောင်းရိထွက်ပြေးသွားကြောင်း နဂါးနန်းတော်ကို တိုက်ရိုက် သတင်းပို့ခဲ့သည်။ နဂါးနန်းတော်သည် နဂါးပညာရှင် အများအပြားကို လွှတ်၍ မြောက်ပိုင်းမှ တောင်ပိုင်းအထိ သူ့ကို ပိုက်စိတ်တိုက်ရှာဖွေလေတော့သည်။
အောင်းရိသည် လျင်မြန်စွာတုန့်ပြန်၍ ရေထဲတွင် လှည့်ပတ်ကာ ရှောင်မနေခဲ့လျှင် သူ့မျိုးနွယ်မှ နဂါးများနှင့် ထိပ်တိုက်တိုးပေလိမ့်မည်။
သူသည် ကံကောင်းသည်ဟု ဆိုနိုင်၏။ သူသည် ရေထဲတွင် လှည့်ပတ်ကူးခတ်နေရင် ဤကျွန်းဝိုင်းကြီးကို ရှာတွေ့ခဲ့သည်။ ကျွန်းကိုလှည့်ပတ်ကူးရင်း ဤကျဉ်းမြောင်းသော ကျောက်ဂူလေးကို တွေ့၍ ဝင်ပုန်းနေခဲ့ခြင်းဖြစ်သည်။
မမျှော်လင့်ဘဲ သူသည် နဂါးမျိုးနွယ်ပညာရှင်များ၏ ရှာဖွေမှုမှ လွတ်မြောက်ခဲ့လေသည်။
‘ ဟင်း… ဒီနေရာက ငါပဲရှာနိုင်တဲ့ ပြီးပြည့်စုံတဲ့ ပုန်းစရာနေရာပဲ ’
ထိုသို့တွေးမိသောအခါ အောင်းရိသည် ကိုယ့်ကိုယ်ကို ဂုဏ်ယူမိသွား၏။
ရုတ်တရက် အန္တရာယ်တစ်ခု ချည်းကပ်လာကြောင်း အောင်းရိအာရုံရလိုက်သည်။
သူ ထောက်လှမ်းခဲ့မိသည် မဟုတ်ဘဲ တော်ဝင်နဂါးတစ်ကောင်ဖြစ်သဖြင့် အန္တရာယ်ကို ကြိုတင်သိနိုင်သော အစွမ်းရှိနေခြင်းသာ ဖြစ်သည်။
‘ ငါ့ကို ရှာတွေ့သွားကြတော့မှာလား ’
အောင်းရိ စိတ်လှုပ်ရှားသွားသည်။ သူသည် တုတ်တုတ်မျှမလှုပ်ရဲဘဲ မြေလျှိုးနဂါးမန္တန်ကို တတွတ်တွတ်ရွတ်ကာ ကျောက်နံရံနှင့် အတင်းကပ်၍နေလေသည်။
ထိုအခိုက်တွင် သူသည် နဂါးမျိုးနွယ်၏ ဘိုးဘေးများကို ကိုယ့်ကိုယ်ကိုအထင်ကြီးပြီး ကောင်းမွန်သည့် ရုပ်ပြောင်းရုပ်လွဲအတတ်တစ်ခုကို မလေ့လာခဲ့ရကောင်းလား ဟူ၍သာ အပြစ်တင်နေမိသည်။
ရုတ်တရက် ကျောက်ဂူအပြင်တွင် တာအိုရသေ့အိုကြီးတစ်ယောက် ပေါ်လာလေသည်။ ထိုရသေ့အိုကြီးသည် ကျောက်အက်ကွဲကြောင်းလေးအတွင်းသို့ တိုးဝင်ကာ သူရှိနေရာသို့ တဖြည်းဖြည်းဝင်ရောက်လာ၏။
အောင်းရိ စိတ်သက်သာရာ ရသွားသည်။ သူ မျက်မှောင်ကြုတ်၍ အာရုံစိုက်လိုက်၏။ ထို့နောက် စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခုချလိုက်ပြီး အပြင်းထန်ဆုံးတိုက်ကွက်တစ်ကွက်ကို တိတ်တဆိတ်ပြင်ဆင်ထားလိုက်သည်။
ထိုတာအိုရသေ့အိုကြီး၏ ကိုယ်ရောင်ကိုယ်ဝါသည် မသန်မာပေ။ ထို့ပြင် သူသည် မြေလျှိုးနဂါးမန္တန်ကို သုံးထားသဖြင့် ထိုရသေ့သည် သူ့ကို သတိမထားမိသေးချေ။ ထိုရသေ့ ရှေ့သို့ဆက်တိုးလာလျှင် သူရုတ်တရက် ချောင်းမြောင်းတိုက်နိုင်ပေသည်။
‘ နတ်ဝိဇ္ဇာတစ်ပါးရဲ့ ကြင်နာမှုကို ဖျက်ဆီးတာက နတ်ဝိဇ္ဇာပဲ။ နဂါးတစ်ကောင်ရဲ့ ကြင်နာမှုကို ဖျက်ဆီးတဲ့ သူကလည်း နတ်ဝိဇ္ဇာပဲ ’
ထိုအရာသည် သူ ဥအတွင်း၌ ရှိနေစဉ် ဆရာတစ်ယောက် သင်ကြားပေးခဲ့သောအရာဖြစ်သည်။
ထိုတာအိုရသေ့အိုကြီးသည် လျင်မြန်စွာ ချည်းကပ်လာသည်။
(၁၀)ကျန့်…
(၈)ကျန့်…
(၅)ကျန့်…
သူရောက်ပေပြီ။
အောင်းရိ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ထိုတာအိုရသေ့ (၃)ကျန့်အကွာသို့ ရောက်သောအခါ သူသည် ကျောက်နံရံကို ကပ်၍နေရင်းမှ ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။ သူ၏ခန္ဓာကိုယ်ပတ်လည်တွင် အပြာရောင်အလင်းတန်းများ ထွက်ပေါ်လာ၏။
ကျဉ်းမြောင်းသော ကျောက်ဂူကြားလေးမှနေ၍ ကောင်းကင်နဂါးဦးခေါင်းကြီးသည် ရေပြင်ကို ဖောက်ကာ ထွက်ပေါ်လာလေသည်။ ထိုနဂါးသည် မိချောင်းကဲ့သို့ ပါးစပ်ကြီးကို ဟကာ တာအိုရသေ့အိုကြီးအဖြစ် ရုပ်ဖျက်ထားသော လီချန်ရှို့ကို မျိုချရန် ကြိုးစားလိုက်သည်။
ထိုအရာသည် အရာအားလုံးကို ဝါးမျိုနိုင်သော သူ၏ မွေးရာပါ မှော်အတတ် ဖြစ်၏။
လီချန်ရှို့ ကြောင်သွားသည်။
သို့သော် သူ၏ တုန့်ပြန်မှုသည် အလွန်လျင်မြန်လေ၏။ သူသည် ဘေးသို့ အလိုလို ခုန်ရှောင်လိုက်ပြီး လက်ဝဲလက်ဖြင့် ကြွေပုလင်းနှစ်လုံးကို ထုတ်ယူလိုက်သည်။
လျှပ်တစ်ပြက်အတွင်းမှာပင် သမုဒ္ဒရာ ရေမျက်နှာပြင်ပေါ်ရှိ အပြာရောင်တောက်နေသော နဂါးခေါင်းကြီးသည် လှုပ်ရမ်းသွားပြီး ပါးစပ်ကြီးမှာလည်း လီချန်ရှို့၏ လက်ဝဲလက်ကို ကိုက်ဖြတ်ကာ တစ်လုတ်ထဲမျိုချလိုက်လေသည်။
လီချန်ရှို့သည် နှာတစ်ချက်မှုတ်လိုက်ပြီး လက်ယာလက်ဖြင့် မန္တန်တစ်ခု မန်းမှုတ်ကာ အလျင်အမြန်နောက်ဆုတ်လိုက်၏။
တာအိုရသေ့အိုကြီးသည် သူ၏ ပြင်းပြင်ထန်ထန်တိုက်ခိုက်မှုကို ရှောင်လိုက်နိုင်သဖြင့် ထိုရသေ့၏ တုန်ပြန်မှုလျင်မြန်ပုံကို အောင်းရိအံ့အား သင့်သွားသည်။
သူသည် ရေထဲသို့ပြန်ငုပ်၍ လိုက်လံတိုက်ခိုက် လိုက်သော်လည်း ထိုရသေ့အိုကြီးသည် ရေကိုယ်ယောင်ဖျောက်အတတ်ကို သုံးသွားချေပြီ။ အောင်းရိသည် ကျောက်ဂူထဲမှ သူ့နဂါးခန္ဓာကိုယ်ကို အပြင်သို့ထုတ်လိုက်သည်။
အောင်းရိသည် ထိုရသေ့အိုကြီးကို ထိုသို့အလွတ်မပေးနိုင်ပေ။
အောင်းရိသည် အလွန်စိတ်လှုပ်ရှားနေပြီး ထိုရသေ့အိုနောက်ကို လိုက်ရန်ဟန်ပြင်လိုက်သော်လည်း ရုတ်တရက် မူးဝေနောက်ကျိသွား၏။
သူ ဘာကြီးကို မျိုချမိလိုက်တာပါလိမ့် …
အောင်းရိ လျင်မြန်စွာ စစ်ဆေးလိုက်သည်။ သို့သော် သူ၏ အစာအိမ်အတွင်း လက်မောင်းပုံစက္ကူစလေးတစ်စ၊ သူ၏မှော်အစွမ်းကြောင့် အရည်ပျော်နေပြီဖြစ်သော ကြွေပုလင်းနှစ်လုံးနှင့် သူ့ကိုယ်အတွင်းသို့ အရည်ပျော်ကာ ဝင်ရောက်နေပြီဖြစ်သော ဆေးမှုန့်နှစ်ဖုံကိုသာ တွေ့လိုက်ရသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့ခေါင်းသည် လေးလံလာပြီး အမြီးသည်ပေါ့ပါးလာကာ မူးဝေသွားတော့သည်။
အားအင်မဲ့နတ်ဆေးပေလော။
မည်မျှအားပြင်းလှသော အားအင်မဲ့နတ်ဆေးပေနည်း။
တစ်ယောက်ယောက်က သူ့ကို လှည့်ဖြားသွားပြီဖြစ်ကြောင်း အောင်းရိ သိလိုက်လေတော့သည်။ သူ့နဂါးခန္ဓာကိုယ်မှနေ၍ တော်ဝင်နဂါးအစွမ်းများ ထွက်ပေါ်လာပြီး သူ၏နဖူးတွင် အပြာရောင်အလင်းတန်းများ တောက်ပလာလေသည်။
ထိုကဲ့သို့ အန္တရာယ်များသောအခြေအနေတွင် သတိလစ်သွားလျှင် သူ အသက်ဆုံးရှုံးရမည်မှာ အသေအချာပင်။ ထိုဆေးအစွမ်း အပြည့်အဝ မပြသေးခင် လက်တစ်ဖက်ပြတ်နေသော တာအိုရသေ့အိုကြီးကို သတ်နိုင်မှ ဖြစ်ပေမည်။
တိုက်…
ဗွမ်း…
သမုဒ္ဒရာရေပြင် ပေါက်ကွဲထွက်သွားပြီး ကောင်းကင်နဂါးသည် ကျောက်ဂူလေးကို ဖြိုခွဲထွက်လာလေသည်။
ဆေးအစွမ်းကို တွန်းလှန်ရန် အောင်းရိသည် သူ့ခန္ဓာကိုယ်ကို စူလိုက်သည်။ သို့သော် ထိုအခိုက်တွင် အေးစက်စက်မျက်နှာထားရှိသော တာအိုရသေ့အိုကြီးသည် အရှေ့ရှိ မည်းမှောင်နေသော ရေအောက်တစ်နေရာတွင် တိတ်တဆိတ်ရပ်နေကြောင်း သူ တွေ့လိုက်ရ၏။
သူသည် ပါးစပ်ကြီးကိုဟကာ ရှေ့သို့ တဟုန်တိုး ကူးသွားလိုက်သည်။
ဘေးပတ်လည်တွင် ဆန်းကြယ်သော သုံးမြှောင့်ပုံရေခဲချောင်းများ ပေါ်လာသည်။ ထိုရေခဲချောင်းများအတွင်း မီးတောက်များ ရှိလေသည်။ အောင်းရိသည် ၎င်းတို့ကို တာအိုရသေ့အိုကြီးထံသို့ တပြိုင်တည်း ပစ်လွှတ်လိုက်၏။
‘ သူ့လက်မောင်းက ပြန်ကောင်းနေပါလား။ မဟုတ်သေးဘူး… ဒါက အခြားတစ်ယောက်… ’
အောင်းရိ၏ ကြီးမားသောခေါင်းကြီးသည် ရေထဲတွင် တဖြည်းဖြည်းနိမ့်ကျလာ၏။ သူသည် ပို၍မူးဝေလာပြီး အတွေးများ ရှုပ်ထွေးလာသဖြင့် ရင်ထဲတွင် စိတ်ပူလေးလံလာတော့သည်။
ထိုအခိုက်တွင် အောင်းရိသည် အားအင်မဲ့နတ်ဆေးမှုန့်များသည် သူ့ပတ်ပတ်လည်ရှိ သမုဒ္ဒရာရေထဲတွင် ပျော်ဝင်နေ၍ သူ၏ခန္ဓာကိုယ်နေရာအနှံ့သို့ တိုးဝင်နေကာ သူ၏ နဂါးဝိညာဉ်ကို တိုက်ရိုက် ဖျက်ဆီးနေကြောင်း သိလိုက်ရသည်။
တာအိုရသေ့အိုကြီး၏နောက်မှ တစ်ပုံစံတည်းတူသော ရသေ့ငါးယောက်ထွက်လာပြီး ထိုရသေ့တို့၏လက်ထဲတွင် အဖုံးဖွင့်ထားသော ကြွေပုလင်းတစ်လုံးဆီ ကိုင်ထားကြ၏။
ထိုရသေ့တို့သည် တချိန်တည်းမှာပင် ရေကိုယ်ယောင်ဖျောက်အတတ်ကို သုံးလိုက်ကြရာ သမုဒ္ဒရာရေပြင်အတွင်း တကွဲတပြားစီ ဖြစ်သွားကြပြီး လှုပ်ယမ်းနေသော အောင်းရိ၏နဂါး ခန္ဓာကိုယ်ကြီးကို အလွယ်တကူရှောင်ကာ ပတ်၍ ကူးခတ်နေသည်။
အရှေ့နှင့်အနောက်မှနေ၍ အားအင်မဲ့နတ်ဆေးခြောက်ပုလင်း သုံးလိုက်၏။ ထိုခြောက်ပုလင်းထဲတွင် အဆင့်မြင့် အားအင်မဲ့နတ်ဆေး တစ်ပုလင်းလည်း ပါဝင်ပေသည်။
အောင်းရိသည် ရေထဲတွင် ကိုယ်ကိုထိန်းထားသော်လည်း သူ၏ နဂါးမျက်လုံးများသည် ညစ်နွမ်းနေလေသည်။ သူ၏ ကျန့်ဒါဇင်ကျော်ရှည်သော နဂါးခန္ဓာကိုယ်ကြီးသည် ဒယိမ်းဒယိုင်ဖြစ်နေပြီး ရေအောက်ကြမ်းပြင်သို့ မြန်ဆန်စွာ နစ်သွားလေတော့သည်။
ရသေ့ခြောက်ယောက်သည် အောင်းရိ၏ အတွေးများကို ဖတ်နိုင်သည့်နှယ် ချက်ချင်းသူ့အပေါ်သို့ ရောက်လာကြသည်။
ထိုရသေ့ခြောက်ယောက်၏ အင်္ကျီလက်ဆယ့်နှစ်ခုသည် လှုပ်ရမ်းသွားပြီး သိုလှောင်ဓမ္မအဆောင်များထွက်လာကြ၏။ ထိုဓမ္မအဆောင်များအတွင်းမှနေ၍ အဆောင်စက္ကူများထွက်လာပြီး ပေါင်းစည်းသွားကာ ရေထဲတွင် ပိုက်ကွန်ကြီးတစ်ခုအဖြစ်ပြောင်းလဲသွားလေတော့သည်။
ထိုအဆောင်စက္ကူ(၁၀၈)ခုသည် သေးငယ်သောမန္တန်အစီအရင်အောက်ခြေ (၁၀၈)ခုကဲ့သို့ပင် ဖြစ်သည်။ ထိုအဆောင်များထဲတွင် ဓမ္မတန်ခိုးများ စီးဆင်းနေလေ၏။ သမုဒ္ဒရာရေပြင်အတွင်းရှိ ရေဓာတ်များသည် တဖြည်းဖြည်းဆုပ်ယူခံလိုက်ရသည်။
ယင်းတို့ကား မြေမဟီရေဓာတ်မန္တန်အစီအရင်အဆောင် များပင်။
မျက်စိတစ်မှိတ်အတွင်းမှာပင် လေးဘက်လေးတန် ကျန့်(၁၀၀)ကျယ်ပြန့်သော ပိုက်ကွန်ကြီးသည် ရေအောက်ကြမ်းပြင်မှ ထိုးတက်ရန် ကြိုးစားနေသော ကောင်းကင်နဂါးခေါင်းကြီးကို ဖိနှိပ်ရန် ဆင်းသွားလေသည်။
ထိုပိုက်ကွန်ကြီးသည် ဝိညာဉ်အစွမ်းများဖြင့် ပြည့်နေသဖြင့် တလက်လက်ဝင်းလက်တောက်ပနေကာ အားလည်းပြင်းလှလေ၏။ ထိုပိုက်ကွန်ကြီးသည် သမုဒ္ဒရာရေပြင်၏ တွန်းကန်အားကိုပင် ဖြုံသည့်ပုံမပြပေ။
ကောင်းကင်နဂါး၏ ဦးခေါင်းကြီးသည် မော့ကာ အော်ဟစ်လိုက်၏။ သူ၏လည်ဆံမွေးများ ထောင်ထလာပြီး နဂါးလက်သည်းများလည်း ထွက်လာလေတော့သည်။ ထို့နောက် ပြင်းစွာသော အရှိန်ဖြင့် ပိုက်ကွန်ကြီးကို တိုက်ခိုက်လိုက်သည်။
ထိုအခိုက်တွင် အောင်းရိသည် အလွန်မူးဝေနေသဖြင့် စဉ်းစားရန် အင်အားပင်မရှိတော့ချေ။ သို့သော် သူ၏ နဂါးနှလုံးသားသည် အရှုံးမပေးလိုဘဲ ဆက်၍တိုက်ခိုက်လိုဆဲပင်။
‘ ငါက နဂါးနန်းတော်က ဒုတိယမင်းသား အောင်းရိကွ ’
“ ဂါး…. ”
ကောင်းကင်နဂါးသည် အော်ဟစ်လိုက်ပြီး ပိုက်ကွန်ကြီးသည်လည်း သူ့အပေါ်သို့ကျသွားလေပြီ။
သမုဒ္ဒရာထဲတွင် လှိုင်းလုံးကြီးများ ထသွားသည်။
သမုဒ္ဒရာရေမျက်နှာပြင်သည် ဆယ်လီမျှမြင့်တက်သွားပြီး အနီးရှိ ကျွန်းများသည်လည်း လှုပ်ယမ်းနေလေသည်။
ထို့နောက်…
ပိုက်ကွန်ကြီးသည် ပျောက်၍သွားပြီး နဂါးသည်လည်း မီးမွေးတိုင်းဖမွေးတိုင်းရှိသေး၏။
သို့သော် ကြီးမားသော နဂါးမျက်လုံးများသည် ဖြည်းဖြည်းချင်း မှိတ်၍သွားကာ ခန္ဓာကိုယ်ကြီးသည်လည်း ရေအောက်ကြမ်းပြင်ပေါ်သို့ အရုပ်ကြိုးပြတ် လဲကျသွားတော့သည်။
‘ နတ်အဆင့်မရောက်သေးတဲ့ နဂါးတွေတောင် ဒီလောက်ခံနိုင်ရည်ရှိကြတာလား။ ကြည့်ရတာ ငါ့ရဲ့ အားအင်မဲ့နတ်ဆေးကို အဆင့်မြှင့်ဖို့လိုပြီထင်တယ် ’
ကျန့်(၃၀၀)အကွာရှိ သမုဒ္ဒရာကြမ်းပြင်ရှိ ကျောက်အက်ကြားလေးတစ်ခုတွင် လီချန်ရှို့အစစ်သည် မျက်မှောင်ကြုတ်၍ နေလေသည်။ သူ၏ စိတ်အာရုံသည် လီ(၃၀) ပတ်လည်ကို လွှမ်းခြုံထား၏။
ရေထဲတွင် တိုက်ခိုက်ရခြင်းသည် မြေပေါ်တွင် တိုက်ခိုက်ရခြင်းနှင့် ကွဲပြားလေသည်။ ထို့ကြောင့် သူသည် ဓမ္မဗျူဟာအချို့ကို သုံးခဲ့ရသည်။
ထိုအချိန်သည် သမာဓိမီးတောက်၏ အစွမ်းကို စမ်းကြည့်ရမည့်အချိန်ဖြစ်ပေ၏။
မကြာသေးခင်က သုံးလိုက်သော မန္တန်အစီအရင်အဆောင်သည်လည်း စွမ်းအားကြီး၏။
လီချန်ရှို့၏ မျက်လုံးများကျဉ်းမြောင်းသွားပြီး သူ၏ အင်္ကျီလက်အတွင်းမှနေ၍ ငွေရောင် ဓားပျံ အသေးလေးခြောက်ချောင်းကို ယူကာ စက္ကူရုပ်များထံသို့ ပစ်လွှတ်လိုက်သည်။
ထိုဓားပျံ အသေးလေးများသည် အဖြူရောင်အလင်းတန်းများ လက်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သုံးပေရှည်သော ဓားရှည်များအဖြစ်ပြောင်းသွားကြသည်။ စက္ကူရုပ်များသည် ထိုဓားများကို ဖမ်းလိုက်ကြ၏။
လီချန်ရှို့သည် သူ၏လက်ဝဲလက်ကို ဝှေ့ယမ်းလိုက်ရာ စက္ကူရုပ်ခြောက်ရုပ်သည် ဓားရေးခင်းလိုက်ကြသည်။ သူတို့၏ ခန္ဓာကိုယ်များသည် အချင်းချင်း လှည့်ပတ်သွားကြပြီး ဆဋ္ဌဂံဓား မန္တန်အစီအရင်ကို ဆင်လိုက်ကြသည်။
လီချန်ရှို့ လက်ဝဲလက်ကို ဖိလိုက်ရာ စက္ကူရုပ်ခြောက်ရုပ်သည် ခြေထောက်အပေါ်ထောင်၍ ခေါင်းအောက်စိုက်ကာ ဇောက်ထိုးအနေအထားဖြစ်သွားသည်။ သူတို့သည် ဓားမန္တန်အစီအရင်ဖြင့် ရေအောက်ကြမ်းပြင်ပေါ်ရှိ ကောင်းကင်နဂါးကို ချိန်လိုက်ကြသည်။ ဓားထိပ်ဖျားများတွင် သမာဓိမီးတောက်များ ထွက်ပေါ်လာ၏။
ဘေးပတ်လည်တွင် သမုဒ္ဒရာရေပြင်ကြီးမရှိသကဲ့သို့ သမာဓိမီးတောက်များသည် အေးအေးလူလူပင် တောက်လောင်နေလေသည်။
ရုတ်တရက် လီချန်ရှို့ စိတ်ပျက်သွားပြီး ကောင်းကင်နဂါး၏ အရေပြားကို ထိုးဖောက်သွားတော့မည့် ဓားခြောက်ချောင်းသည်လည်း ရပ်တန့်သွားလေသည်။
ထိုသို့ရပ်သွားခြင်းမှာ လီချန်ရှို့၏ နှလုံးသားသည် သနားကရုဏာသက်သွား၍ မဟုတ်ပေ။
ထိုနဂါးသည် မကြာသေးခင်ကပင် ပြင်းပြင်းထန်ထန်တိုက်ခိုက်၍ သူ့အား သတ်လိုနေခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုနဂါးကို ပြန်၍သတ်ခြင်းသည် အကျိုးအကြောင်းဆီလျော်၏။
သူသည် ကြမ္မာနှောင်ကြိုးကို ဤနေရာမှာပင်ဖြတ်ကာ အရှေ့သမုဒ္ဒရာမှခွာ၍ တောင်သမုဒ္ဒရာသို့သွားပြီး ကောင်းကင်ပြစ်ဒဏ်ခံယူကာ ဂိုဏ်းသို့ အောင်အောင်မြင်မြင် ပြန်လိုသည်။ ထိုအစီအစဉ်သည် ယင်းနဂါး သူ့ကို စတင်တိုက်ခိုက်လိုက်စဉ်က ဆွဲထားသော အစီအစဉ်ဖြစ်သည်။
သို့သော် ထိုကောင်းကင်နဂါး၏ ကျောတွင် ခရမ်းရောင်တောက်နေသော တြိဂံပုံ အကြေးခွံလေးတစ်ခု ရှိနေလေသည်။ ထိုအကြေးခွံပေါ်တွင် ထိုးထားသော မှော်အဆောင်ပုံသဏ္ဍာန်များကို ရှေးဟောင်းစာအုပ်များတွင် လီချန်ရှို့ တွေ့ဖူး၏။
အကယ်၍ သူသာ ထိုနဂါးကို သတ်လိုက်လျှင် နဂါးမျိုးနွယ်၏ ဆန်းကြယ်သောအတတ်တစ်ခုသည် သူ၏ မူလဝိညာဉ်ကို မှတ်တမ်းတင်သွားပြီး သူသည် နဂါးမျိုးနွယ်၏ အဆုံးမရှိ လိုက်လံလက်စားချေခြင်းကို ခံရပေလိမ့်မည်။
နဂါးမျိုးနွယ်၏ စည်းမျဉ်းများအရ တစ်စုံတစ်ယောက်သည် ထိုခရမ်းရောင်အကြေးခွံကို မြင်သဖြင့် မသတ်ဘဲနေလိုက်လျှင် ထိုသူသည် လက်စားချေမခံရသည့်အပြင် နဂါးနန်းတော်မှ ကျေးဇူးတင်သည့်အနေဖြင့် ချီးမြှင့်သည့် ရတနာများကိုပင် ရမည်ဖြစ်၏။
ထိုစည်းမျဉ်းပါသော ရှေးဟောင်းစာအုပ်သည် နဂါးနန်းတော်မှ ဖြန့်ဝေထားခြင်းဖြစ်သည်။ ထိုသို့စည်းမျဉ်းသတ်မှတ်ထားခြင်းမှာ ၎င်းတို့မျိုးနွယ်ရှိ အရေးပါသော နဂါးလေးများကို အသက်ဘေးမှ လွတ်လမ်းတစ်ခု ပေးထားခြင်း ဖြစ်သည်။ ထိုစည်းမျဉ်းသည် အစစ်ဖြစ်ကြောင်း ရှေးကတည်းက အကြိမ်များစွာ သက်သေပြခဲ့ပြီး ဖြစ်သည်။
ထိုနဂါးလေးသည် မည်သူနည်း။ တော်ဝင်မျိုးနွယ်နဂါးတစ်ကောင် ဖြစ်မည်မှာမူသေချာ၏။
နဂါးမျိုးနွယ်ပညာရှင်များ လိုက်ရှာနေသည်မှာ ထိုနဂါးလေးဖြစ်ကြောင်း (၈၀)ရာခိုင်နှုန်းသေချာလေသည်။
လီချန်ရှို့ခေါင်းခါလိုက်ရာ စက္ကူရုပ်များသည် နောက်ပြန်ဆုတ်သွားပြီး ထိုနေရာတွင် ကျန်ခဲ့နိုင်သည့် သံလွန်စများကို ရှာဖွေနေလေသည်။
သို့သော် လီချန်ရှို့သည် တိုက်ပွဲနေရာကို ရှင်းလင်းပြီး၍ ပြန်ဆုတ်ရန်ပြင်လိုက်စဉ် လူပုံစံပြန်ပြောင်းနေပြီဖြစ်သော သတိလစ်နေသည့် နဂါးနန်းတော်မှ ဒုတိယမင်းသားလေးကို ကြည့်လိုက်မိ၏။
ထိုနဂါးသည် ဒုတိယမင်းသားလေးပင်။
သူသည် အဘယ်ကြောင့် ဤနေရာသို့ ရောက်နေရသနည်း။
နဂါးမျိုးနွယ်မှ ပညာရှင်များသည် အနှီနဂါးလေးကို တောင်နှင့်မြောက် လူးလာခေါက်တုန့် ရှာနေကြပေ၏။
ထိုနဂါးလေးသည် သူ့အား တမင်အရှုံးပေးရန် လုပ်ခဲ့ခြင်းကို လီချန်ရှို့ ပြန်အမှတ်ရသွားသည်။
ထိုနေ့က သူကောက်ချက်ချသကဲ့သို့ပင် ထိုဒုတိယမင်းသားလေးသည် မိစ္ဆာနှိမ်နင်းတွေ့ဆုံပွဲတွင် နဂါးမျိုးနွယ်ကို အရှက်ရအောင် လုပ်လိုခြင်းပေလော။ သို့သော် မင်းသားလေးအနိုင်ရသွားသဖြင့် ထိုအစီအစဉ်ပျက်ဆီးသွားခြင်းပေလော။
ထို့နောက် အနှီမင်းသားလေးသည် အခြားအကြောင်းတစ်ခုရှာကာ နတ်ဝိဇ္ဇာဂိုဏ်းတစ်ဂိုဏ်းတွင် တပည့်ခံ၍ နဂါးနန်းတော်ကို ထပ်၍ရန်စလိုခြင်းလော။
နောက်ဆုံးတွင် မင်းသားလေးသည် ကျဲကျောင်းတော်က တပည့်တစ်ယောက်ဖြစ်သွားပြီး ဤနေရာသို့ ထွက်ပြေးခဲ့ခြင်းပင်လော။
ထိုအကြောင်းအရာများကို ပြဇာတ်တစ်ပုဒ်ပင် ရေး၍ ရပေလိမ့်မည်။
အကယ်၍ အောင်းရိသည် တောင်ပိုင်းမှထွက်ပြေးလာ၍ ဤနေရေသို့ရောက်လာခဲ့ခြင်းဖြစ်လျှင် ထိုလမ်းကြောင်းအရ သူသည် အလယ်ကျွန်း ( ဝါ ) အရှေ့ကျွန်းသို့ သွားလိုခြင်းဖြစ်ရပေမည်။ သူ၏ ရည်ရွယ်ချက်သည် တုနတ်ဝိဇ္ဇာဂိုဏ်းသို့ လာလိုခြင်းပင် ဖြစ်နိုင်သေးသည်။
လီချန်ရှို့၏ မျက်လုံးများကျဉ်းမြောင်းသွားသည်။
အကယ်၍ ထိုနဂါးလေးသာ တုနတ်ဝိဇ္ဇာဂိုဏ်းသို့ရောက်သွားလျှင် ဂိုဏ်းသည် သူ့ကို ပထမဦးစွာ တည်ငြိမ်အောင် ထိန်းချုပ်ထား၍ နဂါးနန်းတော်ကို အကြောင်းကြားကာ မည်သည့်အကြောင်းဖြစ်ကြောင်း မေးမြန်းစုံစမ်းပေလိမ့်မည်။ ထိုသို့ဆိုလျှင် အခြေအနေများ ရှုပ်ထွေးသွားမည် ဖြစ်သည်။
ရှိစေတော့။
တုနတ်ဝိဇ္ဇာဂိုဏ်းသည် သူ၏ဂိုဏ်းဖြစ်၏။ ထို့ပြင် ထိုနဂါးလေးကို နဂါးမျိုးနွယ်၏ ဆန်းကြယ်သော သက်စောင့်အတတ်တစ်ခုက ကာကွယ်ပေးထားသဖြင့် သတ်လိုက်၍လည်း မဖြစ်နိုင်ချေ။
ထိုအရာသည် စိတ်ရှုပ်ဖွယ်ကောင်းလေစွ။
ဤအကြိမ်တွင် သူသည် အရှုံးဘက်ရောက်နေလေသည်။ အားအင်မဲ့နတ်ဆေးများစွာ သုံးခဲ့ရသော်လည်း နဂါးသွေးလောက်ပင် ပြန်မရခဲ့ချေ။
လီချန်ရှို့သည် စက္ကူရုပ်နည်းနည်း ထပ်၍ထုတ်လိုက်ပြီး ဆရာဒေါ်လေးအတွက် ကြိုတင်စိမ်ထားသော ပိုပြင်းသည့် ‘မိန်မလှညှို့ဓာတ်’ အရက်ကိုထုတ်လိုက်သည်။
ခေတ္တမျှကြာပြီးနောက် သမုဒ္ဒရာမျက်နှာပြင်ပေါ်တွင် ဝါးဖောင်ကလေးတစ်ခုသည် တငြိမ့်ငြိမ့် မျော၍နေလေ၏။
အရက်နံ့များ တထောင်ထောင်းထနေသော အောင်းရိသည် ထိုဝါးဖောင်လေးပေါ်တွင် လဲလျောင်းနေပေသည်။ သူ၏ ခန္ဓာကိုယ်မှလည်း ခရမ်းရောင် အလင်းမှိန်မှိန်တစ်ခု ထွက်ပေါ်နေချေ၏။
အောင်းရိသည် ပင်လယ်ကမာခွံဖြင့် ပြုလုပ်ထားသော အရက်အိုးကို လက်ထဲတွင် ကိုင်ထားပြီး အေးအေးချမ်းချမ်းပြုံးကာ သမုဒ္ဒရာရေစီးကြောင်းအတိုင်း မြောက်သမုဒ္ဒရာအတွင်းသို့ မျောပါနေလေသည်။
‘မိန်းမလှညှို့ဓာတ်’ အရက်ပြင်း ပုလင်း(၂၀)ခန့် ဗိုက်ထဲရောက်ထားသဖြင့် သူသည် ရက်ပေါင်းဆယ်ချီ အိပ်ပျော်နေပေလိမ့်မည်။
အောင်းရိ၏ ခန္ဓာကိုယ်သည်လည်း အကြိမ်ပေါင်းများစွာ ဆေးကြောခံထားရသဖြင့် သူ၏ပြင်ပ ကိုယ်ရောင်ကိုယ်ဝါသည် တစ်ဝက်မျှသာ ကျန်တော့၏။
အောင်းရိမျိုချလိုက်သော လက်မောင်းပုံစက္ကူစလေးကို နဂါးအစာအိမ်က မချေဖျက်နိုင်သဖြင့် လီချန်ရှို့ကိုယ်တိုင်ပင် အောင်းရိ၏ အစာအိမ်အတွင်းသို့ စက္ကူရုပ်များ ပို့လွှတ်ကာ ၎င်းကို ပြန်ထုတ်ယူခဲ့ရပေသည်။
နဂါးနန်းတော်မှ ကျေးဇူးဆပ်သည့်အနေဖြင့် ပေးမည့် ရတနာများကိုမူ လီချန်ရှို့ နည်းနည်းမှ စိတ်မဝင်စားချေ။ သူသည် တောင်ပိုင်းသို့ပင် ထွက်ခွာသွားပေပြီ။
***