Switch Mode

အခန်း (၁၀၁)

သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့်သိုင်းဆရာသခင်

နေ (၇)စင်းက ကောင်းကင်ထက်တွင် တွဲလဲခိုလျှက် မိုးမြေတစ်ခွင်လုံးကို ထွန်းလင်းနေစေသည်။

ပတ်ဝန်းကျင် မိုင် (၃၀၀) ပတ်လည်တွင် အပူချိန် မြင့်တက်လာပြီး ခံနိုင်ရည်စွမ်း မရှိတော့သည်အထိ ပူပြင်းလာသည်။

မြက်ပင်သစ်ပင်များ ညှိုးနွမ်းခြောက်သွေ့သွားပြီး မြေကြီးများလည်း ပတ်ကြားအက်ကုန်သည်။ ပတ်ဝန်းကျင်လေထုကို ရှူရှိုက်မိလျှင်ပင် အပူရှိန်က လည်ချောင်းမှ အဆုတ်ထိ တောက်လျှောက်ဝင်ရောက်သွားသလို ခံစားရသည်။

ထိုနေရာသို့ လှမ်းကြည့်လိုက်သည့်အခါ ရန်ကျောက်ကဲနှင့် အားဟူတို့မှာ တောက်ပလွန်းသည့် နေမင်း (၇)စင်းကြောင့် မျက်လုံးများပင်မဖွင့်နိုင်တော့အောင် ကျိန်းစပ်သွားရသည်။

ရန်သူ၏ တိုက်ခိုက်လိုသည့်ဝိညာဉ်က ပတ်ဝန်းကျင်တစ်ခုလုံးရှိ အရပ်မျက်နှာအသီးသီးသို့ လွှမ်းခြုံထားသည်။ ရန်ကျောက်ကဲနှင့်အားဟူနံဘေးတွင် ရှိနေသည့် ဝါဒတောင်အကြီးအကဲက သက်ပြင်းချလိုက်သည်။

ဝါဒတောင်မှလူများ ဤနေရာမှ ထွက်ခွာသွားလိုသည်ဆိုလျှင် ရှီတိက ဖန်းပေါ်ထိုင်ကို အနိုင်ရမှသာ ဖြစ်ပေလိမ့်မည်။

ရှီတိက သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိသည့်တိုင် ယခုအချိန်တွင် အကောင်းမြင်စိတ်ထားရန် အလွန်ခက်ခဲသည်။

“သိုင်းသူတော်စင်တွေ ထွက်ပေါ်မလာကြတော့ သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့်ရှိတဲ့ သိုင်းဆရာသခင်တွေက အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ ကြီးဆိုးနေကြတာပဲ”

အလင်းရောင်စူးရှခြင်းသက်သာရန် ရန်ကျောက်ကဲက နဖူးရှေ့သို့ လက်နှစ်ဖက်ဖြင့်ကာပြီး ရန်ကျောက်ကဲက ဖန်းပေါ်ထိုင်ထွက်ပေါ်လာသည့်နေရာသို့ စူးစိုက်ကြည့်လိုက်သည်။

ဖန်းပေါ်ထိုင်ထွက်ပေါ်မလာသေးသော်လည်း နေမင်း (၇)စင်းက အဝန်းအဝိုင်းတစ်ခုပမာ မြင့်တက်လာပြီး မိုးနှင့်မြေကို ကျော်ဖြတ်ကာ သူတို့အနားသို့ လျှင်မြန်စွာ ဖြတ်သန်းရောက်ရှိလာသည်။

အမှောင်ထု အနက်ရောင်စက်ဝန်းသည် ယခုအချိန်တွင် လုံးလုံးလျားလျား ကွဲအက်နေပြီး မိုးရွှေရောင်အလင်းတန်းများက အမှောင်ထုကို ထိုးခွင်းကာ လင်းထိန်တောက်ပစွာ ထွက်ပေါ်လာသည်။

ကြီးမားသောရွှေရောင်အလင်းတန်းကြီးအလယ်တွင် ရှီတိရှိနေပြီး သူက တည်ငြိမ်သည့်အမူအရာဖြင့် မတ်တတ်ရပ်နေကာ  သူ့ရှေ့သို့ရောက်လာသော ပြင်းထန်လှသည့်စွ်းအားကြီးကို သိမ်မွေ့စွာပင် စူးစိုက်ကြည့်နေသည်။

ထို့နောက် ရှီတိ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် ရွှေရောင်အလင်းတန်းများကြားတွင် ရွှေရောင်သဏ္ဌန်တစ်ခု ရုပ်လုံးပေါ်လာပြီး အဆက်မပြတ် ပုံပျက်သွားလိုက် ၊ ရုပ်လုံးပေါ်လာလိုက် ဖြစ်နေကာ ထိုသဏ္ဌန်တစ်ခုလုံးက ဖန်သားပမာ ကြည်လင်နေသည်။

ထိုအရာက ယဇ်ပလ္လင်တစ်ခုနှင့် အလားသဏ္ဌန်တူသည်။ ထိုအရာထဲတွင် ကပ်ဘေးပေါင်းအသင်္ချေကို ချေမှုန်းပစ်နိုင်စွမ်းရှိသည့် ရွှေခန္ဓာကဲ့သို့ မပျက်စီးနိုင်သော တိုက်ခိုက်ရေးဝိညာဉ်တစ်ခု ပါဝင်သည်။

များပြားလှစွာသော နက်နဲသည့်အင်းသင်္ကေတများက များစွာသော ဝိညာဉ်စွမ်းအားအစီအရင်များအသွင် စုဆုံပေါင်းစည်းသွားသည်။ ဝိညာဉ်စွမ်းအားအစီအရင်များက ကွန်ယက်တစ်ခုသဖွယ် အလွှာတစ်ခုချင်းပေါင်းစည်းကာ နောက်ဆုံးတွင် ပလ္လင်တစ်ခုအသွင် ပြောင်းလဲသွားပြီး ရှီတိကို မြူခိုးများထဲတွင် အလုံပိတ်ဝန်းရံထားသည်။

မီးရောင်တောက်နေသည့် နေ (၇)စင်းအလင်းရောင်က မိုးနှင့်မြေတစ်ခွင် လင်းထိန်တောက်ပလျှက် ထိုအရာကိုး ထိုးဖောက်ဖြတ်ကျော်ရန် ဟာကွက်တစ်ချက်ပင် မရှိပေ။

လေထု၏ ထောင့်နေရာတိုင်းတွင် အလင်းရောင်က တည်ရှိနေသည်။

ထို့ပြင် နေရောင်ထဲတွင် ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခုနှင့် အရာအားလုံးကို လောင်ကျွမ်းအငွေ့ပျံသွားစေနိုင်သည့် အစွမ်းသတ္တိများလည်း ပါရှိသည်။

ထိုမျှကြီးမားလှသောတန်ခိုးစွမ်းအားက နေသူတော်စင်ဂိုဏ်းမှ ဆည်းဆာအရှင်၏ မဟူရာဆည်းဆာနယ်မြေကိုပင် ဖျက်စီးပစ်ခဲ့သည်။

တောက်ပသည့်အလင်းတန်းများအောက်တွင် ရှီတိကို အလုံပိတ်ထားသည့် ယဇ်ပလ္လင်က အနည်းငယ် တုန်ခါနေသည်။ ထို့နောက် မီးတောက်လောင်သည့်အလား အစိမ်းရောင်မီးခိုးငွေ့များက ယဇ်ပလ္လင်အပြင်ဘက်မှ ထွက်ပေါ်လာသည်။

မကြာမီ…

နေ (၇)စင်း အဝန်းအဝိုင်း၏ အလယ်ဗဟိုမှ ရှေးကျပြီး ခမ်းနားသည့်အသံတစ်သံက မိုးမြေတစ်ခွင် ပဲ့တင်ထပ်ထွက်ပေါ်လာသည်။

“ရှီတိ… မင်းတို့ဝါဒတောင်က တပည့်က မလေးမစားနဲ့ သိပ်သတ္တိကောင်းတယ် ၊ ဒီအဘိုးကြီးရဲ့ မြေးကို သတ်ရဲတယ် ၊ ဒီနေ့ သွေးကြွေးပြန်ဆပ်ရမယ်”

ထိုအသံထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး ဟုန်းဟုန်းတောက်လောင်မတတ် အပူရှိန်များထွက်ပေါ်လာပြီး အနီးပတ်ဝန်းကျင်တစ်ခုလုံးမှလူများမှာ ကိုယ်တွင်းအင်္ဂါများပင် လောင်ကျွမ်းလုမတတ် ခံစားကြရသည်။

ရှီတိ၏အမူအရာကတော့ မပြောင်းမလဲပင် ရှိနေပြီး သူ့ပတ်ပတ်လည်ကို ဝန်းရံထားသည့် ယဇ်ပလ္လင်ကတော့ အနည်းငယ် ကျုံ့ဝင်သွားသည်။ သို့ပေသိ အရင်ကထက်ပိုပြီး သန့်စင်သည့် တန်ခိုးစွမ်းအားများ တဖြည်းဖြည်း စိမ့်ထွက်လာသည်။

အစိမ်းရောင်မီးခိုးငွေ့များကတော့ နေ (၇)စင်းဖြင့် လောင်ကျွမ်းခံလိုက်ရသည့်အလား ပျောက်ကွယ်သွားသည်။

“ကျုပ်တို့ပိုင်နက်ဖြစ်တဲ့ လေဝိညာဉ်တောင်ကြားကို ကျူးကျော်ကတည်းက မင်းတို့ နေသူတော်စင်ဂိုဏ်းအတွက် ဒီလိုဖြစ်လာမယ်ဆိုတာ မျှော်လင့်ထားသင့်တယ်”

ရှီတိ၏စကားအသုံးအနှုန်းက နှစ်တစ်သောင်းသက်တမ်းရှိသည့် ကျောက်တုံးကြီးတစ်ခုပမာ ကြမ်းတမ်းခက်ထန်လှသည်။

“သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ခုမှာ ဓားတွေက မျက်လုံးပါကြတာ မဟုတ်ဘူး ၊ အားနည်းတဲ့သူက လွယ်လွယ်နဲ့ အသတ်ခံရမှာပဲ ၊ မင်းရဲ့မြေးရှောင်ရှန်းက ကိုယ်ကျင့်သိက္ခာယိုယွင်းပြီး စိတ်ထားသိမ်ဖျင်းတယ် ၊ သူ့ရဲ့အဘိုးတစ်ယောက်အနေနဲ့ မင်း ကောင်းကောင်းမသင်ပြခဲ့လို့ သူ ဒီလိုဖြစ်ရတာပဲ”

“ကျုပ် ရှီတိသာ အပြင်ပိုင်းကြယ်တာရာချီသိုင်းပညာရှင်အဆင့်ဆိုရင် ဘယ်သူမှ လှုပ်ရှားစရာတောင်မလိုဘူး ၊ မင်းမြေးကို ကျုပ်ကိုယ်တိုင်စိန်ခေါ်မှာ”

ရှီတိက လေထဲတွင် မတ်တတ်ရပ်နေပြီး သူ့ ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည့် ယဇ်ပလ္လင်သည် ပို၍ပို၍ကျုံ့သွားကာ ဖန်သားပြင်တစ်ခုပမာ အရောင်ပြောင်းသွားသည်။

ထို့ပြင် ရှီတိ၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်နေသည့်အတွက် သူ့ ပုံရိပ်က တဖြည်းဖြည်း ‌‌ဝေဝါးသွားပြီး ရှင်းရှင်းလင်းလင်း တွေ့မြင်ရခြင်း မရှိတော့ပေ။

 ရွှေရောင်နေမင်း (၇)စင်းမှ ရှေးကျသည့် အသံတစ်သံက ဆက်လက်ထွက်ပေါ်လာသည်။

“သောက်ကြီးသောက်ကျယ်တွေပြောပြီး စည်းဘောင်ကျော်တဲ့ အငယ်ပိုင်းမျိုးဆက် ၊ ဒီအဘိုးကြီးက ဒီနေ့ မင်းကို ကောင်းကောင်းပညာပေးဖို့ လာနေပြီကွ ၊ ရန်တိကတော့ သူ့သား ခွေးကောင်အတွက်သာမကဘူး ဒီအဘိုးကြီးရဲ့ မြေးအတွက်ပါ သူ့အသက်ကို ပေးဆပ်ရမယ် ၊ ဒီအဘိုးကြီး သတင်းကြားတာတော့ သူက အခုပဲ မြေကမ္ဘာနယ်မြေက အမြန်ဆုံးထွက်လာပြီတဲ့”

ဖန်းပေါ်ထိုင်၏အသံက အဆုံးမရှိသော ကောင်းကင်တစ်ခွင် ပဲ့တင်ထပ် ထွက်ပေါ်လာသည်။

“မဟာနေမင်းတိုင်းတာခြင်းပေတံအောက်မှာ သေရတဲ့အတွက် သူ့ကိုယ်သူ ကံကောင်းတယ်လို့ ယူဆရမယ်”

ထိုစကားကို ကြားပြီးနောက် အလင်းရောင်များကြားမှာပင် ရန်ကျောက်ကဲရော ရှီတိ၏ မျက်ဝန်းများပါ လင်းလက်သွားကြသည်။

အခြားသော ဝါဒတောင်ကျင့်ကြံသူများကတော့ အံ့သြမှင်တက်သွားကြပြီး အကြီးအကျယ် မျက်နှာပျက်သွားကြ၏။

“မဟာနေမင်းတိုင်းတာခြင်းပေတံ” ဆိုသည်မှာ နေသူတော်စင်ဂိုဏ်းမှပိုင်ဆိုင်သည့် အထွတ်ထိပ်မှော်ဝင်ပစ္စည်း ဖြစ်သည်။ သူတို့၏ အင်အားကို ဤအတိုင်းအတာထိ သုံးစွဲလှုပ်ရှားလိုက်သည်ကို ကြည့်ခြင်းအားဖြင့် နေသူတော်စင်ဂိုဏ်း၏ ရည်ရွယ်ချက်အစစ်အမှန်မှာ ရန်ကျောက်ကဲလည်း မဟုတ်သလို အရှေ့ထန်နိုင်ငံလည်း မဟုတ်ပေ။

တကယ်တော့ နေသူတော်စင်ဂိုဏ်းက ပစ်မှတ်ထားသူမှာ ဝါဒတောင်၏အကြီးအကဲ ၊ နံပါတ် (၁) ပညာရှင် ရန်တိသာလျှင် ဖြစ်သည်။

အလားအလာကို ကြည့်မည်ဆိုလျှင် နေသူတော်စင်ဂိုဏ်းအတွက် ရန်တိသည် လက်ရှိ ဝါဒတောင်ဂိုဏ်းချုပ် ယွမ်ကျန်းဖုန်းထက်ပင် ပိုမိုကြီးမားသည့် ခြိမ်းခြောက်မှု ရှိနေသည်။

ရန်ကျောက်ကဲက ရှောင်ရှန်းကို သတ်ဖြတ်လိုက်သည်ဖြစ်စေ ၊ နေသူတော်စင်ဂိုဏ်းမှ ပညာရှင်များက ရန်ကျောက်ကဲကို အန္တရယ်ပေးခြိမ်းခြောက်လျှင်ပဲ ဖြစ်စေ ရန်တိအနေဖြင့် သေချာပေါက် အမြန်ဆုံးလှုပ်ရှားမည် ဖြစ်သည်။

ရန်တိရောက်လာပါက သူထင်မထားသည့် အရိုင်းစိုင်းအပြင်းထန်ဆုံးစိတ်ကူးများဖြင့် လျှို့ဝှက်တိုက်ခိုက်ခံရမည် ဖြစ်သည်။

ရန်တိကို တိုက်ခိုက်မည့်သူမှာ သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင်တစ်ယောက်လည်း မဟုတ်သလို သိုင်းဆရာသခင်အုပ်စုကြီးတစ်ခုက ဝိုင်းဝန်းတိုက်ခိုက်ကြခြင်းလည်း မဟုတ်ပေ။

ရန်တိုကို တိုက်ခိုက်မည့်အရာမှာ အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု ဖြစ်သော “မဟာနေမင်းတိုင်းတာခြင်းပေတံ” သာ ဖြစ်သည်။

ဖန်းပေါ်ထိုင်၏ စကားသံ အဆုံးသတ်သွားသည်နှင့် နေမင်း (၇)စင်းထဲမှ နေတစ်စင်းက ရုတ်တရက် ဆင်းသက်လာသည်။

၎င်းနေမင်းသည် ကျက်သရေရှိလှသည့် လမ်းကြောင်းတစ်ခုဖြင့် ကွေ့ကောက်လျှက် ကောင်းကင်ထက်မှဆင်းသက်လာသည်ကို ရန်ကျောက်ကဲ တွေ့မြင်နေရသည်။

ဆင်းသက်လာသည့် အကောက်အကွေ့ လမ်းကြောင်းများတွင် မိုးမြေနိယာမတရားများ ပေါင်းစည်းထားဟန်ရှိပြီး နေ့စဉ်နေ့တိုင်း အရှေ့ဘက်မှထွက်လာပြီး အနောက်ဘက်သို့ ဝင်ရောက်သွားသည့် တကယ့်အစစ်အမှန်နေမင်းကြီးပမာ မိုးကုပ်စက်ဝိုင်းဆီသို့ ဦးတည်ဖြတ်ကျော်သွားသည်။

ထိုနေမင်း ဆင်းသက်လာရာနေရာက ရှီတိမတ်တတ်ရပ်နေသည့်နေရာ ဖြစ်သည်။

နေမင်းကြီးသည် ရှီတိ၏မျက်လုံးရှေ့သို့ တဖြည်းဖြည်းနီးကပ်လာပြီး ပို၍လည်း ကြီးမားလာကာ သူ၏ မြင်ကွင်းတစ်ခုလုံးကို ဖုံးအုပ်နေရာယူထားတော့သည်။

အပူရှိန်ကြောင့် မြေပြင်တစ်ခုလုံးပတ်ကြားအက်လာပြီး အချိန်မရွေးပြိုကျတော့မည့်အလား ထင်မှတ်ရသည်။

စူးရှတောက်ပသည့်နေရောင်ခြည်ကို သည်းခံရင်း အရှေ့ဆီသို့ သေသေချာချာ စူးစိုက်ကြည့်မည်ဆိုလျှင် ဤနေမင်းကြီးမှာ အလင်းရောင်ဖြာထွက်နေသည့် ယဇ်လ္လင်တစ်ခုဖြစ်ကြောင်း သိမြင်နိုင်မည် ဖြစ်သည်။

ဤယဇ်ပလ္လင်၏ပုံသဏ္ဌန်က ရှီတိကို လွှမ်းခြုံထားသည့် ယဇ်ပလ္လင်နှင့် မတူခြားနားသည်။ သို့သော် ထိုယဇ်ပလ္လင်က လေးနက်သောတန်ခိုးအာဏာများဖြင့် ပြည့်ဝနေသည့် ကိုးဆင့်ဘုံကျောင်းစေတီတစ်ခုပမာ ဖြစ်ပြီး ယဇ်ပလ္လင်တစ်ခုနှင့် ဆင်တူသည့် တည်ရှိမှုတစ်ခုလည်းဖြစ်သည်။

ထိုယဇ်ပလ္လင်ကို များစွာသော ဝိညာဉ်သင်္ကေတများ ၊ များစွာသော အင်းသင်္ကေတများနှင့် နာမ်ပိုင်းဆိုင်ရာ အစီအရင်များစွာဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသည်။

ယဇ်ပလ္လင်တစ်ခုလုံးသည် ထူထဲလေးလံသောခံစားချက်ကို ပေးစွမ်းသလို ဓားသွားပမာထက်ရှပြီး မီးတောက်ပမာ လွှမ်းမိုးနိုင်စွမ်း ရှိသည်။

အနောက်နေဝန်းကောင်းကင်ဓားသိုင်းတွင် ဖန်းပေါ်ထိုင်က  အရှေ့တက်နေဝန်းအရှင်ထက်များစွာသာလွန်သည်။

အနောက်နေဝန်းကောင်းကင်ဓားသိုင်းက မဟာနေမင်းသိုင်းပညာ (၇)ရပ်အနက်တစ်ခုဖြစ်သည်။

ယခုပင် ပြင်းထန်ကြောက်မက်ဖွယ်ရာ ဓားဝိညာဉ်ထွက်ပေါ်လာပြီး ကောင်းကင်တစ်ခုလုံး မီးလောင်တိုက်သွင်းပစ်တော့မည့်အလား စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။

ရှီတိ၏အကြည့်က သံမဏိအလားဖြစ်ပြီး သူက လေထဲတွင် မတုန်မလှုပ်မတ်တတ်ရပ်ကာ ရှေ့သို့ လက်သီးဖြင့် ထိုးစိုက်ချလိုက်သည်။

သူ၏ပုံစံက မိုးမြေတစ်ခုလုံးတွင် မည်သူမှ မဖျက်စီးနိုင်သော တည်ရှိမှုတစ်ခုအလားဖြစ်ပြီး ကောင်းကင်ပြိုကျပြီး မြေပြင်ကွဲအက်သွားသည့်တိုင် မတုန်မလှုပ် အလျှာ့မပေးမည့် အနေအထားဖြစ်သည်။

ရှီတိသည် သမုဒ္ဒရာကို ထိုးဖောက်မည့်အပ်ငယ်တစ်ခုပမာ ၊ စမ်းချောင်းတစ်ခု၏စီးဆင်းမှုကို တားဆီးမည့် ကျောက်ဆောင်ပမာ  လက်တစ်ဖက်တည်းဖြင့်ပင် စွမ်းအားလှိုင်းလုံးများကို ထန်းညှိထားသည်။

အနောက်နေဝန်းကောင်းကင်ဓားက မည်မျှ ကြောက်မက်ဖွယ်ကောင်းပါစေ သူ့ကို ဖျက်စီးနိုင်မ် မဟုတ်ပေ။

ထိုခဏတွင် ‌‌ဒေါသတကြီး ထိုးဆင်းလာသည့် နေမင်းကြီး၏ ရွှေရောင်အလင်းတန်းများသည် အရပ်ရပ်သို့ ပျံ့လွင့်သွားပြီး မြေကြီးများပြိုကျကာ တောင်တန်းများတုန်ခါသွားပြီး နေရာတိုင်းတွင် မီးတောက်များ တောက်လောင်လာသည်။

မုန်တိုင်းတစ်ခုအလား ပြင်းထန်သည့် တိုက်ခိုက်မှုဖြစ်ပွားပြီးသွားသည့်နောက် ရှီတိသည် မျှော်စင်ကြီးပမာ မားမားမတ်မတ် ရပ်တည်ကျန်ရစ်သည်။

ထိုမြင်ကွင်းကိုမြင်တော့မှ အနားပတ်ဝန်းကျင်တွင်ရှိသော ဝါဒတောင်မှ သိုင်းသမားများအားလုံးသက်ပြင်းချလိုက်ကြပြီး အကြီးအကဲ’ရှီ’ အတွက် ဂုဏ်ယူမှုတစ်ခု ခံစားလိုက်ရကာ မျက်နှာအမူအရာများလည်း လေးနက်သွားကြသည်။

ရှီတိ၏မျက်နှာက အကြောက်တရားကင်းမဲ့နေသော်လည်း သူရရှိသည့်အောင်မြင်မှုအတွက် ဂုဏ်ယူခြင်း ၊ သို့မဟုတ် စိတ်လှုပ်ရှားသည့် အရိပ်အယောင် ထုတ်ဖော်ပြသခြင်း မရှိပေ။

အစကတည်းက သူ့ရှေ့မှရန်သူကို တည်ငြိမ်စွာရင်ဆိုင်ရန် စိတ်ပိုင်းဖြတ်ထားခဲ့သည်။

ယခု ကောင်းကင်ထက်တွင် နေမင်း (၆)စင်းသာလျှင် ရှိတော့သော်လည်း မကြာမီ သတ္တမမြောက်နေမင်းက ပြန်လည်ထွက်ပေါ်လာပြီး နဂိုမူလအတိုင်းပင် ပြန်လည်လင်းထိန်တောက်ပလာသည်။

ဖန်းပေါ်ထိုင်၏အသံက ကောင်းကင်တစ်ခွင် အကန့်အသတ်မရှိ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

“ရှီတိ ၊ မင်း အရှေ့ထန်နိုင်ငံကို စောစောစီးစီးရောက်လာတာ ကျုပ်တို့ နေသူတော်စင်ဂိုဏ်းက ခန့်မှန်းထားသမျှ ပျက်စီးသွားတာပဲ ၊ ဒါပေမဲ့ မင်းတို့ ဝါဒတောင်မှာ အထွတ်ထိပ်မှော်ဝင်လက်နက်တွေ သိပ်မကျန်တော့ဘူးဆိုတာ ဒီအဘိုးကြီး သိထားတယ်”

“ဆိုတော့ ရန်တိကတော့ သေချာပေါက် အသက်ပျောက်ရမှာပဲ ၊ ဒါပေမဲ့ မင်းရောက်လာပြီဆိုမှတော့ ရန်တိအစား သေဖို့သာ ပြင်ပေတော့ ၊ ‘ရန်’ သားအဖကို အဖော်ပြုပြီး သူတို့အစား ကျုပ်မြေးအတွက် မင်းအသက်ကို ပေးဆပ်လိုက်တော့”

“ဟွန်း… ဝါဒတောင်က သူရဲကောင်း (၃)ယောက်တဲ့လား ၊ ဒီအဘိုးကြီး ပင်လယ် (၄)စင်းမှာ သောင်းကြမ်းနေတဲ့အချိန်မှာ မင်းတို့တွေက မွေးတောင်မွေးသေးတာ မဟုတ်ဘူး”

ဖန်းပေါ်ထိုင်စကားအဆုံးသတ်သွားသည်နှင့် ကောင်းကင်ယံတွင်တောက်ပနေသည့် နေ (၇)စင်းက တစ်ပြိုင်တည်း ရွေ့လျားလာသည်။

သို့သော် ယခုတစ်ကြိမ်ဆင်းသက်လာသည်က နေတစ်စင်းတည်းမဟုတ်ဘဲ နေ (၇)စင်းလုံးက အနောက်ဘက်သို့ တိမ်းစောင်းသွားပြီး ရှီတိဆီသို့ တည့်မတ်စွာ ဝင်ရောက်လာကြခြင်းပင် ဖြစ်တော့၏။

Comment

  1. ATar says:

    စာလုံးဖောင့်တွေကတလွဲတွေဖြစ်နေတာပြန်စစ်ပေးပါဦး

Leave a Reply

Options

not work with dark mode
Reset