Switch Mode

အခန်း (၆၂၈)

ကျိုးမေ့

” ထာဝရလျှပ်စီးဝိညာဉ်၊ ဓာတ်ငါးပါးဝိညာဉ်၊ ကောင်းကင်အိပ်မက်ဝိညာဉ်၊ ‌မြေကိုးထပ်ဝိညာဉ်… ” ဝမ်ပေါင်လဲ့မှာ မမလေးပြောသည့် ယွမ်ယင်ဝိညာဉ် အမျိုးအစားများကို နားထောင်ရင်း ခေါင်းခဲလာရတော့သည်။ ထို့အပြင် သူသည် ကျယ်ပြန့်တာအိုနန်းတော်၏ မှတ်တမ်းများထဲတွင်လည်း ဖောက်ထွက်နိုင်မည့် နည်းလမ်းများကို ရှာတွေ့ထားပြီးသား ဖြစ်၏။ ထို့ကြောင့် သူသည် အနည်းငယ်ခန့် မျက်မှောင်ကြုတ်သွားရသည်။

ယွမ်ယင်ဝိညာဉ် အမျိုးအစားပေါင်း မြောက်မြားစွာ ရှိနေသည်မဟုတ်ပါလော။ ယွမ်ယင်အဆင့်မှာ ကျင့်ကြံခြင်းအဆင့်များကို ပိုင်းခြားပေးထားသည့် ဧရာမ မျဉ်းကြီးတစ်ကြောင်းကဲ့သို့ပင်။ မိမိ၏ အမြုတေအား ဝိညာဉ်တစ်ခုအဖြစ်သို့ ပြောင်းလဲခြင်းမှာ ဒုတိယမြောက် ဘဝတစ်ခုကို ဖန်တီးရခြင်းကဲ့သို့ ဖြစ်သောကြောင့် ကျင့်ကြံသူ တစ်ယောက်၏ဘဝကို သိသိသာသာ ပြောင်းလဲပေးနိုင်စွမ်း ရှိပေသည်။

ထိုပြောင်းလဲမှုများထဲတွင် တည်နေရာပြောင်းရွှေ့ခြင်း စွမ်းအားတစ်ခုလည်း ပါဝင်၏။ ယွမ်ယင်ဝိညာဉ်တစ်ခုအား ဖန်တီးပြီးသွားပါက မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့၏ ရင်သွေးအဖြစ်သို့ ရောက်ရှိသွားမည်ဖြစ်ရာ ထိုကျင့်ကြံသူမှာ စကြဝဠာကြီး၏ ဥပဒေသများနှင့် ပေါင်းစည်းကာ ၎င်းတို့အား ထိန်းချုပ်နိုင်စွမ်း ရှိသွားမည်ဖြစ်သည်။

ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက်မှာ ကုန်းမြေကြီးကို ထိန်းချုပ်နိုင်စွမ်းလည်း ရှိပေသည်။ ရှေးခေတ်တုန်းက လူမှုအဖွဲ့အစည်း အချို့မှာ ယွမ်ယင်အဆင့် ကျင့်ကြံသူများကို နတ်ဆိုးများအဖြစ် သတ်မှတ်ခဲ့ကြ၏။ ထိုအချက်ကို ကြည့်လျှင် ယွမ်ယင်အဆင့်ကျင့်ကြံသူများမှာ မည်မျှအထိ အစွမ်းထက်ကြောင်း သိနိုင်ပေသည်။

ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားမှာ ဝိညာဉ်အမျိုးအစားပေါ် ‌မူတည်၏။ စကြဝဠာကြီးထဲတွင် ကျင့်ကြံခြင်းလူမှုအဖွဲ့အစည်းပေါင်း မြောက်မြားစွာ ရှိကြသည်ဖြစ်ရာ ယွမ်ယင်ဝိညာဉ် အမျိုးအစားလည်း အမျိုးမျိုးရှိကြပေသည်။ လီရှင်းဝမ်၏ ယွမ်ယင်ဝိညာဉ်မှာ တာအိုဝိညာဉ်တစ်ခု ဖြစ်ပြီး သူ၏ ဉာဏ်အလင်းပွင့်ခြင်း နတ်ဘုရားစွမ်းရည်များမှာ ထိုဝိညာဉ်ကြောင့် ထွက်ပေါ်လာခြင်းဖြစ်သည်ဟု အတိုင်းအတာတစ်ခုအထိ သတ်မှတ်နိုင်ပေသည်။ သွမ့်မုချွယ်မှာ ဓာတ်ငါးပါးဝိညာဉ်အား ကျင့်ကြံရန်ဆုံးဖြတ်ခဲ့၏။

ဝမ်ပေါင်လဲ့မှာ ဂိုဏ်းချုပ်ကြီးရှုအား သူ၏ ယွမ်ယင်ဝိညာဉ်အကြောင်း မေးမြန်းခဲ့သောအခါ သူသည် ရက်စက်ကြမ်းကြုတ်မှုများနှင့် သေဆုံးမှုများကို အခြေပြုသော နတ်ဆိုးဝိညာဉ်အား ကျင့်ကြံခဲ့ကြောင်း သိခဲ့ရသည်။ ပြည်ထောင်စုကြီးနှင့် ကျယ်ပြန့်တာအိုနန်းတော်ထဲရှိ လူများအားလုံး ပိုင်ဆိုင်ထားကြသော ယွမ်ယင်ဝိညာဉ် အများစုမှာ တစ်ခုနှင့်တစ်ခု မတူဘဲ ကွဲပြားနေကြသည်သာ ဖြစ်သည်။

သူတို့၏ ယွမ်ယင်ဝိညာဉ်များမှာ ဆင်တူသည့် အချက်များ ရှိနေပါသော်လည်း အနည်းငယ်ခန့် ကွဲပြားခြားနားနေကြဆဲပင်။ မည်သည့် ယွမ်ယင်ဝိညာဉ်က ပို၍အစွမ်းထက်သည်ဟု အတိအကျသတ်မှတ်ရန်မှာ မဖြစ်နိုင်ပေ။ ယွမ်ယင်ဝိညာဉ်တစ်ခု၏ အစွမ်းအား အဆုံးအဖြတ်ပေးနိုင်သည့် အချက်တစ်ချက်သာ ရှိပေသည်။ ၎င်းမှာ ထိုဝိညာဉ်၏ အရည်အသွေး ဖြစ်ပေသည်။

ထိုအချက်မှာ ယွမ်ယင်ဝိညာဉ်တစ်ခု၏ စည်းမျဉ်းဥပဒေသများနှင့် ပေါင်းစည်းနိုင်စွမ်းကိုသာမက မိမိ၏ တိုက်ရည်ခိုက်ရည် စွမ်းအားများနှင့် အနာဂတ်ကိုပါ ဆုံးဖြတ်ပေးနိုင်စွမ်း ရှိပေသည်။ တာအိုနန်းတော်၏ မှတ်တမ်းများထဲတွင်လည်း ကျင့်ကြံခြင်းလူမှုအဖွဲ့အစည်း အမျိုးမျိုး၌ တွေ့ရတတ်သော ရှားပါး ယွမ်ယင်ဝိညာဉ်အမျိုးအစား ငါးခုကို ဖော်ပြထားသည်။ ၎င်းတို့မှာ ဒဏ္ဍာရီလာ ယွမ်ယင်ဝိညာဉ်များ ဖြစ်ကြပြီး ယခင်တုန်းက ကျယ်ပြန့်တာအိုနန်းတော်ဟောင်းမှာ ထိုဝိညာဉ်ငါးခုထဲမှ တစ်ခုအား လေ့ကျင့်နိုင်ခဲ့ပါသော်လည်း ယခုတွင်မူ ထိုကျင့်ကြံနည်းပညာရပ်မှာ ပျောက်ဆုံးသွားပြီဖြစ်သည်။ လက်ရှိ ကျယ်ပြန့်တာအိုနန်းတော်မှာ ထိုယွမ်ယင်ဝိညာဉ်နှင့် ပတ်သတ်သည့် မည်သည့်လျှို့ဝှက်ချက်ကိုမှ သိရှိထားခြင်းမရှိပေ။

ဝမ်ပေါင်လဲ့မှာ မမလေးအား ထိုအကြောင်းနှင့်ပတ်သက်၍ မေးမြန်းခဲ့ပါသော်လည်း မမလေးမှာ သူ့အား သူ့ကိုယ်သူ အထင်မကြီးရန်နှင့် အရမ်းကြီး မျှော်လင့်မထားရန်သာ ပြန်ပြောခဲ့သည်။ သို့သော် ဝမ်ပေါင်လဲ့မှာမူ မမလေး၏ စကားများအား သူဆန္ဒရှိသလိုသာ အဓိပ္ပါယ်ကောက်လိုက်၏။

” သူက ဘာမှမသိလို့ ငါ့ကို အဲလို ပြန်ပြောတာပဲဖြစ်မှာ။ ဒါမှမဟုတ် ငါ့ကို ပြောပြဖို့ စိုးရိမ်နေတာများလား ” ဝမ်ပေါင်လဲ့မှာ မျက်စိပေကလပ်ပေကလပ် ဖြစ်သွား၏။ မမလေးဘက်မှ သူ့အား လုံးဝမဖြစ်နိုင်သည့် ဝာာဝန်တစ်ခု ပေးအပ်ခဲ့သည့် အချိန်တိုင်း သူသည် ထိုတာဝန်အား အခက်အခဲမရှိ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့သည်သာ ဖြစ်ကြောင်း သူက ရိပ်မိလာပြီဖြစ်သည်…

” မမလေး။ အဲဒီ လေ့ကျင့်လို့ မရတဲ့ ဒဏ္ဍာရီလာ ယွမ်ယင်ဝိညာဉ်က ဘာလဲဗျ ” ဝမ်ပေါင်လဲ့မှာ သိချင်စိတ်များကို မမျိုသိပ်နိုင်သောကြောင့် ထပ်၍ မေးလိုက်ပြန်သည်။

” … ” မမလေးမှာမူ တစ်စုံတစ်ခုအား စဉ်းစားနေသည့်ပုံပေါ်ပြီး ဝမ်ပေါင်လဲ့၏ မေးခွန်းအား ချက်ချင်းပြန်မဖြေခဲ့ပေ။ သူမသည် ထိုယွမ်ယင်ဝိညာဉ် အမျိုးအစားအား အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့သည့် လူများအကြောင်းကို သိပ်မကြားဖူးခဲ့ပေ။ သို့ဖြစ်ရာ ၎င်းမှာ ဒဏ္ဍာရီတစ်ခုသာ မဟုတ်ဘဲ လုံးဝမဖြစ်နိုင်သည့် အဆင့်တွင် ရှိနေ၏။

” တကယ်လို့ သူကမှ မဖြစ်နိုင်တဲ့အရာကို ထပ်ပြီးတော့ လုပ်ပြနိုင်မယ်ဆိုရင် ငါ သူ့ကို ဘိုးဘိုးကြီးလို့သာ ခေါ်လိုက်တော့မယ် ” မမလေးမှာ စိတ်ထဲတွင်ကျိတ်၍ ရေရွတ်လိုက်၏။ ထို့နောက် သူမသည် သူမကိုယ်သူမ ပါးရိုက်ပစ်ချင်စိတ်များ ပေါက်လာရတော့သည်။ သူမသည် ထိုကဲ့သို့ မတွေးမိခဲ့ပါက ကိစ္စမရှိပါသော်လည်း ယခုတွင် စိတ်ထဲ၌ ရေရွတ်မိလိုက်ပြီ မဟုတ်ပါလော….

ထို့ကြောင့် မမလေးမှာ ချက်ချင်းဆိုသလိုပင် မောပန်းနွမ်းနယ်လာသလို ခံစားလိုက်ရပြီး ထိုအကြောင်းအား ဆက်မတွေးတော့ရန်် ဆုံးဖြတ်လိုက်တော့သည်။

ထိုသို့ဖြင့် အချိန်များ တရွေ့ရွေ့ကုန်လွန်သွားပြီး နောက်ထပ် တစ်လတိတိ ကုန်ဆုံးသွားသည်။ ဝမ်ပေါင်လဲ့တစ်‌ယောက် ကျင့်ကြံခြင်းလေ့ကျင့်ရင်း ယွမ်ယင်ဝိညာဉ်များကို လေ့လာနေစဉ် ဧရာမသစ်ပင်ကြီးမှာ ဝမ်ပေါင်လဲ့‌ ပေးထားသည့် တာဝန်အား ပြီးမြောက်အောင်ဆောင်ရွက်နိုင်ရန် အစွမ်းကုန်ကြိုးစားနေခဲ့၏။ ထိုအတောအတွင်းတွင် သူသည် လိမ်မာပါးနပ်စွာ လှုပ်ရှားနိုင်ခဲ့ပေသည်။ သူသည် အမျိုးသမီး ကျင့်ကြံသူများကို တတ်နိုင်သလောက်ရှာဖွေခဲ့ပြီး သူတို့အား လီဝူချန်းနှင့် ချစ်ကြိုက်သွားစေရန် အခွင့်အရေးများ ဖန်တီးနိုင်ခဲ့၏။

ဧရာမသစ်ပင်ကြီးမှာ သူသည် ထိုလုပ်ငန်း၌ အလွန်အင်မတန်မှ ကျွမ်းကျင်မှုရှိနေသည်ကို သူ့ကိုယ်သူပင် သတိမထားမိခဲ့ပေ။ မိုးကောင်းကင်ကြီးမှာ ဇွဲကြီးသူများကို ဆုချတတ်စမြဲ မဟုတ်ပါလော။ သို့ဖြစ်ရာ အစီအစဉ်တကျ ပြုမှုလှုပ်ရှားကာ မျက်ခြည်မပြတ် စောင့်ကြည့်နေခဲ့သည့် ဧရာမသစ်ပင်ကြီးမှာ နောက်ဆုံးတွင် အချက်တစ်ချက်အား သတိထားမိသွားတော့သည်။

သူသည် ထိုအချက်အား သေချာအောင် ထပ်ခါတလဲလဲ လေ့လာဆန်းစစ်ပြီးနောက် ဝမ်ပေါင်လဲ့ဆီသို့ သတင်းပို့ရန် အပြေးရောက်လာ၏။

” ကြီးမြတ်လှပါသော အကြီးအကဲကြီးခဗျား။ ကျွန်တော်မျိုး တစ်လတိတိ အချိန်ပေးခဲ့ပြီးနောက်မှာ အကြီးအကဲကြီးပေးခဲ့တဲ့ တာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့ပါပြီ။ ကျွန်တော် လီဝူချန်း မေတ္တာသက်ဝင်နေတဲ့ အမျိုးသမီး ကျင့်ကြံသူတစ်ယောက်ကို ရှာတွေ့သွားပါပြီ ” ဧရာမသစ်ပင်ကြီးမှာ ဝမ်ပေါင်လဲ့အား မြင်လိုက်ရသည်နှင့် ချက်ချင်းပင် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်‌၍ တရိုတသေ ဦးညွှတ်ကာ လျှောက်တင်လိုက်၏။

ထိုအခါ ဝမ်ပေါင်လဲ့မှာ ခေါင်းမော့လာပြီးနောက် အမူအရာ ပြောင်းလဲသွားခြင်းမရှိဘဲ ခေါင်းသာညိတ်ပြလိုက်သည်။

ဧရာမသစ်ပင်ကြီးမှာ ဝမ်ပေါင်လဲ့၏ တုံ့ပြန်မှုအား မြင်လိုက်ရသောအခါ ချက်ချင်းပင် ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ယူလိုက်ပြီး ဝမ်ပေါင်လဲ့ဆီသို့ လှမ်းပေးကာ တိုးတိုးလေးရေရွတ်လိုက်၏။

” ကျွန်တော် လီဝူချန်းနဲ့ အာနာပန ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်တဲ့ ကျိုးမေ့ရဲ့ ကြားမှာ ပုံမှန်မဟုတ်တဲ့ ဆက်ဆံရေးတစ်ခု ရှိနေတာကို သတိထားမိခဲ့လို့ အထူးတဆန်း ဖြစ်သွားပြီးတော့ ကျိုးမေ့ရဲ့ နောက်ကြောင်းရာဇဝင်ကို စုံစမ်းခဲ့တာပါ။ သူက တတိယအသုတ်ထဲက ကျင့်ကြံသူတစ်ယောက်ပါ။ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က အရမ်းကြီးမမြင့်ပေမဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ သူက ကောင်းကင်တာအိုကျောင်းရဲ့ အစွမ်းထက်ကျင့်ကြံသူတွေထဲမှာ ပါပါတယ်။ အဲတာမလို့ ကောင်းကင်တာအိုကျောင်းက သူ့ကို တာအိုနန်းတော်ဆီ ပို့ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ ”

” ဒီ ကျောက်စိမ်းပေလွှာထဲမှာ ကျိုးမေ့ရဲ့ ကိုယ်ရေးရာဇဝင်တွေ ပါပါတယ်။ အကြီးအကဲကြီး စစ်ဆေးကြည့်ပါ ” ဧရာမသစ်ပင်ကြီးမှာ ထိုသို့ တင်ပြလိုက်ပြီးနောက် ခေါင်းငုံ့သွားပြီး နှုတ်ဆိတ်နေလိုက်၏။ သူသည် ကျိုးမေ့နှင့် ဝမ်ပေါင်လဲ့၏ ကြားမှ ဆက်ဆံရေးကိုလည်း သိထာပြီးသားဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့ဘက်မှ ထိုအကြောင်းကို ထုတ်မပြောပါက သူသည်လည်း ထုတ်ပြောနေမည်မဟုတ်ပေ။ သူ၏တာဝန်မှာ ဝမ်ပေါင်လဲ့ ညွှန်ကြားသည့်အတိုင်း ဆောင်ရွက်ရုံပင်။

ဧရာမသစ်ပင်ကြီးမှာ ဝမ်ပေါင်လဲ့ ညွှန်ကြားထားသည့်အတိုင်း ဆောင်ရွက်နိုင်ရန် အစွမ်းကုန်ကြိုးစားခဲ့၏။

သူ ထိုသို့ လျှောက်တင်လိုက်ပြီးနောက် ခေါင်းငုံ့နေစဉ်တွင် ဝမ်ပေါင်လဲ့မှာမူ မှင်တက်နေရပြီဖြစ်သည်။ သူသည် ကျိုးမေ့ဆိုသည် နာမည်အား ကြားဖူးနေပါသော်လည်း မမှတ်နိုင်ဘဲ ဖြစ်နေရသောကြောင့် ကျောက်စိမ်းပေလွှာကိုယူကာ ဖတ်ရှုလိုက်တော့သည်။

” သူက အင်္ဂါဂြိုဟ်ပေါ်မှာရှိတဲ့… မြူခိုးတာအိုကျောင်းထွက်တစ်ယောက် ဆိုပါလား ” ဝမ်ပေါင်လဲ့မှာ ထိုစာကြောင်းကို ဖတ်မိလိုက်သောအခါ မျက်လုံးပြူးသွားရတော့သည်။ ထိုအခါမှသာ သူသည် ထိုနာမည်အား ကြားဖူးနေသလို ခံစားနေရသည့် အကြောင်းအရင်းကို နားလည်သွားတော့သည်။ ထို့နောက် ဝဝကစ်ကစ် မိန်းမငယ်လေးတစ်ယောက်၏ ပုံရိပ်မှာ သူ၏အတွေးထဲ၌ ပေါ်ပေါက်လာ၏။

ဝမ်ပေါင်လဲ့မှာ မျက်စိ ပေကလပ်ပေကလပ်နှင့် ဆက်၍ ဖတ်ရှုနေလိုက်၏။ ထိုကျောက်စိမ်းပေလွှာထဲတွင် ကျိုးမေ့၏ မိသားစုအကြောင်းမှစ၍ သူမ ကျောင်းမှဘွဲ့ရခဲ့ပြီးနောက် လုပ်ခဲ့သည့် လုပ်ရပ်များအထိ အသေးစိတ်ဖော်ပြထားသည်။ သူမသည် ကောင်းကင်တာအိုကျောင်း၌ တက်ရောက်ခဲ့ပြီးနောက် အဆင့်မြင့်ကျွန်းပေါ်တွင် ပညာအစုံအလင် လေ့လာပြီးသွားပြီ ဖြစ်သည်။ ထိုစဉ်တုန်းက သူမသည် ဓမ္မလက်နက်အဆောင်အား ရွေးချယ်ခဲ့၏။

ထိုအခြင်းအရာများ အားလုံးကြောင့် ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် မိန်းမောတွေဝေသွားရတော့သည်။ ထို့နောက် သူ မြူခိုးတာအိုကျောင်း၌ ရှိနေခဲ့စဉ်တုန်းက အမှတ်တရများနှင့် သူ၏တပည့်များ၏ မျက်နှာများမှာ သူ၏အတွေးထဲ၌ ပြန်လည်ပေါ်ပေါက်လာတော့သည်။ ထို့ကြောင့် ခဏအကြာတွင် ဝမ်ပေါင်လဲ့၏ မျက်နှာအမူအရာမှာ နူးညံ့သိမ်မွေ့သွားပြီး သူ၏မျက်နှာပေါ်၌ အပြုံးတစ်ပွင့်ပေါ်ပေါက်လာ၏။

ဧရာမသစ်ပင်ကြီးမှာ ဝမ်ပေါင်လဲ့၏ အပြုံးအား သတိထားမိလိုက်သောကြောင့် ဝမ်ပေါင်လဲ့မှာ ကျိုးမေ့သည် သူ၏တပည့်တစ်ယောက် ဖြစ်ခဲ့ဖူးသည်ကို ပြန်၍မှတ်မိသွားခြင်း ဖြစ်ရမည်ဖြစ်ကြောင်း မှတ်ယူလိုက်၏။ ထို့ကြောင့် သူသည် လေသံတိုးတိုးနှင့် ဆက်ပြောလိုက်သည် ” အကြီးအကဲကြီး။ ကျွန်တော် စုံစမ်းထားသလောက်ဆိုရင် ကျိုးမေ့နဲ့ လီဝူချန်းတို့က တစ်ယောက်ကိုတစ်ယောက် မေတ္တာသက်ဝင်နေကြပြီဗျ။ ကျွန်တော် ကောင်းကင်တာအိုကျောင်းက တခြားကျင့်ကြံသူတွေကိုပါ လိုက်မေးထားတာမလို့ အဲဒီအချက်က သေချာတယ်။ အခု သူတို့က ကျယ်ပြန့်တာအိုနန်းတော်ဆီကို အတူတူ ရောက်လာကြပြီဆိုတော့ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက ပိုပြီးတော့ကို တိုးတက်လာတော့မှာ ” ဧရာမသစ်ပင်ကြီးမှာ ထိုသို့ဆိုကာ သူ၏စကားကို အဆုံးသတ်လိုက်၏။ ထို့နောက် သူသည် ခေါင်းပြန်ငုံ့သွားပြီး ဝမ်ပေါင်လဲ့၏ ညွှန်ကြားချက်များကို စောင့်ဆိုင်းနေလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာမူ ငြိမ်ကျသွား၏။ အကယ်၍ လီဝူချန်းနှင့် မေတ္တာမျှနေသည့်လူမှာ သူ၏တပည့်မဟုတ်ဘဲ သူမသိသော အခြားတစ်ယောက်ယောက်သာ ဆိုပါက သူက လီဝူချန်းအား ကူညီပေးလိုက်မည်သာ ဖြစ်သည်။

သို့သော် ယခုတွင်မူ သူ၏တပည့်ဖြစ်သူ ကျိုးမေ့မှာ ဤကိစ္စကြီးထဲ၌ ပါဝင်လာပြီဖြစ်ရာ ဝမ်ပေါင်လဲ့မှာ လက်လွတ်စပယ် ပြုမူ၍မရတော့ပေ။ သူသည် ကျိုးမေ့အား သူကိုယ်တိုင် သွားရောက်တွေ့ဆုံ၍ ဆွေးနွေးကာ ဖြစ်ကြောင်းကုန်စင်ကို နားလည်အောင် အရင်လုပ်ပြီးမှ ဆုံးဖြတ်ချက်ချရန် လိုအပ်ပေသည်။

အကယ်၍ ကျိုးမေ့ကသာ ဆန္ဒမရှိပါက ဝမ်ပေါင်လဲ့မှာ သူတွေးထားသည့် အကြံအစည်များကို ရပ်တန့်လိုက်မည်ဖြစ်ပြီး လီဝူချန်းအား ထိန်းချုပ်နိုင်မည့် အခြားနည်းလမ်းတစ်ခုခုကိုသာ ရှာဖွေလိုက်မည်ဖြစ်သည်။ ထို့အပြင် သူသည် ပြဿနာများကို ပုံကြီးချဲ့တွေးနေခဲ့သည် မဟုတ်ပါလော။ လီဝူချန်းတစ်ယောက် သူ၏ အတိတ်ဘဝအား ပြန်လည်မှတ်မိသွားမည့်အချိန်တွင် ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းအဆင့်မှာ ဂြိုဟ်အဆင့်လောက်အထိ ရောက်နေလောက်ပြီဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောလိုက်ပြီးနောက် အမူအရာပြောင်းလဲသွားပြီး ပြုံးကာ ဆိုလိုက်၏ ” အမြဲစိမ်းသစ်ပင်လေး။ ငါ့တပည့် ကျိုးမေ့ကို သွားခေါ်လိုက်။ ငါလည်း မှတ်ဉာဏ်တွေ မကောင်းတော့ပါဘူးကွာ။ ငါက သူ့ကို မမှတ်မိခဲ့တာမလို့ သူက ရှက်သွားပြီးတော့ ငါ့ဆီ လာမတွေ့ရဲတာပဲဖြစ်မှာ ” ဝမ်ပေါင်လဲ့မှာ ထိုသို့ ဆိုလိုက်ပြီးနောက် ရုတ်တရက်ဆိုသလို အချက်တစ်ချက်အား သတိထားမိသွား၏။ ကျိုးမေ့မှာ လီဝူချန်းအပေါ် အမှန်တကယ် မေတ္တာရှိနေသောကြောင့် သူ့အား လာမတွေ့ရဲခြင်း ဖြစ်ရပေမည်။ သူမသည် သူနှင့် လီဝူချန်း၏ကြားမှ တင်းမာမှုများကို သိရှိထားသည် မဟုတ်ပါလော။

ထိုစဉ်တုန်းက မီးဝိညာဉ်ကျောင်းနှင့် မြူခိုးတာအိုကျောင်းတို့မှာ ရန်ဘက်များဖြစ်ခဲ့ကြပြီး ကျိုးမေ့ကိုယ်တိုင် ထိုကျောင်းနှစ်ကျောင်း၏ ပြိုင်ပွဲထဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူတို့နှစ်ယောက် ယခုအခြေအနေအထိ မည်ကဲ့သို့ ရောက်လာခဲ့သနည်းဟု တွေးနေမိတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset