တစ်ခါတရံတွင် လောကသားများသည် ရိုးရှင်းလှလေစွ။ အောင်းရိသည် နဂါးနန်းတော်၏ အတတ်များကိုမသုံးဘဲ ကျဲကျောင်းတော်မှ သင်ပေးထားသည့်အတိုင်းသာ တိုက်ခိုက်၍ တောင်သမုဒ္ဒရာ နဂါးနန်းတော်၏ ဒုတိယမင်းသား အောင်းမုန်ကို လည်ပင်းမှ ကိုင်၍ မြှောက်လိုက်လေသည်။ ထို့နောက် အောင်းရိသည် အောင်းမုန်ကို ဘေးသို့ လွှင့်ပစ်လိုက်ပြီး ဟန်ကျစ်ကို တောင်းပန်ခိုင်းလိုက်၏။
သို့မှသာ ဟန်ကျစ်သည် ကျဲကျောင်းတော်၏ ဂုဏ်သိက္ခာကို ကာကွယ်နိုင်ပေမည်။ သူမသည်လည်း အောင်းမုန်ကို ဆက်အပြစ်တင်၍ မရတော့ပေ။ နောင်တွင် နဂါးနန်းတော်နှင့် ရွှေနတ်လိပ်ကျွန်းအကြား မည်သည့် ပဋိပက္ခမှ ရှိတော့မည် မဟုတ်ပေ။
ဟန်ကျစ်သည် အောင်းရိ၏ တိုက်ခိုက်မှုကို သိပ်၍ စိတ်ဝင်တစားမရှိလှချေ။ သူမသည် ပြုံးသည်ဆိုရုံသာ ပြုံး၍ ကြည့်နေခဲ့၏။
သို့သော် အောင်းမုန်၏ မျက်လုံးများ အရောင်လက်လာလေသည်။ မျက်ဝန်းအတွင်း၌ ကြယ်ကလေးများ ရှိနေသည်ဟုပင် ထင်ရ၏။
အောင်းမုန်၏ နောက်လိုက်နှစ်ဦးသည် အောင်းရိကို လေးစားသွားသည့်ဟန်ဖြင့် ကြည့်လိုက်ကြ၏။ သူတို့သည် သူတို့ကိုယ်သူတို့ ရှေးခေတ်မှ အရှင်သခင်များအဖြစ်သာ မြင်နေသေးသဖြင့် အပြင်လောကတွင် အစွမ်းထက်သော နဂါးမျိုးနွယ်မှ နဂါးတစ်ကောင်ရှိလာသည်ကို ဝမ်းသာနေကြလေသည်။
နဂါးမျိုးနွယ်အတွင်း၌ နဂါးငယ်များသည် အင်အားကြီးသူသာ ဆရာဖြစ်ရမည်ဟူသော စည်းမျည်းကို လိုက်နာကြ၏။
အောင်းမုန်သည် သမုဒ္ဒရာမျက်နှာပြင် ပေါ်သို့ ပြုတ်ကျသွားသည်။ သို့သော် သူသည် နတ်တန်ခိုးများ သုံးထားဖြင့် ရေအောက်ထဲသို့ နစ်မသွားပေ။ သူ၏ မျက်လုံးများထဲတွင် တွန့်ဆုတ်သော အရိပ်အယောင်များ ရှိနေပေသည်။ သူသည် ပြုံးနေသော ဟန်ကျစ်ကို ကြည့်လိုက်ပြီးနောက် အောင်းရိကို ဆက်ကြည့်လိုက်သည်။
ထို့နောက် အောင်းမုန်သည် ထရပ်လိုက်ပြီး လေးလေးနက်နက် ပြောလိုက်သည်။
“ ငါ … အခုတစ်ခေါက် ခဏလေးနဲ့ ရှုံးသွားတယ်။ ငါ နောက်တစ်ခါထပ်ရှုံးရင် တကယ် အရှုံးကို လက်ခံလိုက်မယ်။ မင်းရဲ့ အမိန့်ကိုလည်း နာခံမယ် ”
အောင်းရိသည် တည်တည်ငြိမ်ငြိမ် ခေါင်းညိတ်လိုက်ပြီး အင်္ကျီလက်ကို ဝှေ့ယမ်းကာ အောင်းမုန်ကို တိုက်ရန် အချက်ပြလိုက်သည်။
အောင်းမုန် ရှေ့သို့ ထပ်၍ တိုးလာ၏။ ဤအကြိမ်တွင် သူ၏ အကြည့်များထဲ၌ အတည်တိုက်တော့မည့် အရိပ်အယောင်များနှင့် ပြည့်နှက်နေလေသည်။
ထို့နောက် တောင်သမုဒ္ဒရာ နဂါးနန်းတော်မှ နဂါးမင်းသားသည် ခပ်တိုးတိုး မာန်သွင်းလိုက်သည်။ ထူးခြားသော တန်ခိုးအမျိုးမျိုး တစ်ပြိုင်တည်း ထွက်ပေါ်လာ၏။
နဂါးဟိန်းသံတစ်သံကို ကြားလိုက်ရပြီး လှိုင်းလုံးကြီးများ တလိပ်လိပ်ထသွားလေ၏။
ခေတ္တမျှကြာပြီးသောအခါ အောင်းရိသည် အောင်းမုန်၏ လည်ပင်းကို နောက်တစ်ကြိမ် ဆုပ်ကိုင် မိသွားလေသည်။
လုလင်ပျိုတစ်ဦးအသွင်ရှိသော အောင်းရိသည် ဒဏ်ရာတစ်ချက်ပင် မရခဲ့ချေ။ သူ့နဖူးရှေ့တွင် ကျနေသော ဆံခြည်မျှင်နှစ်မျှင်သာ ရေစိုသွားပေသည်။
အောင်းရိက လက်ကို ဝှေ့ယမ်းလိုက်ရာ အောင်းမုန်သည် ရေမျက်နှာပြင်ပေါ်သို့ ထပ်မံ ပြုတ်ကျသွားပြန်လေသည်။ ဤတစ်ကြိမ်တွင် သူသည် အတွေ့အကြုံရှိပြီးဖြစ်၍ ညင်ညင်သာသာ,သာ ကျသွား၏။
အောင်းမုန်သည် အောင်းရိကို ရုတ်ခြည်းမော့ကြည့်လိုက်၏။ သူ၏ မျက်လုံးများသည် ပို၍ပင် အရောင်တောက်လာလေသည်။
“ ငါ့မှာ မသုံးရသေးတဲ့ မှော်တန်ခိုးတွေရှိသေးတယ် ”
အောင်းမုန်သည် ရှက်ရွံ့နေဟန် ရှိသော်လည်း အံကြိတ်၍ ထရပ်လိုက်သည်။
“ ငါမင်းကို နောက်တစ်ခါ ထပ်ရှုံးရင် မင်းပြောသမျှကို ငါ တကယ်နာခံမယ် ”
အောင်းရိသည် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ ဝမ်းကွဲအစ်ကို,ကို ကြည့်လိုက်သည်။
‘ သူ့အတွက် အနိုင်ရတာ၊ မရတာက ဒီလောက်တောင် အရေးပါနေတာလား ’
အောင်းရိသည် တောင်သမုဒ္ဒရာ နဂါးနန်းတော်၏ မျက်နှာကို ထောက်၍ ခေါင်းမညိတ်ချင် ညိတ်ချင်ဖြင့် ညိတ်ကာ သဘောတူလိုက်ရလေသည်။ ဤအကြိမ်တွင် အောင်းမုန်နှင့် တိုက်ကွက်များများ ပိုတိုက်ရန် အောင်းရိ ဆုံးဖြတ်လိုက်၏။
ထိုသို့ဖြင့် တစ်နာရီကြာပြီးနောက်…
တိုက်ပွဲခုနှစ်ပွဲ ပြီးသွားပြီးပေပြီ။ အောင်းမုန်သည် သူ၏ မှော်တန်ခိုး အကုန်လုံးကို ထုတ်သုံးခဲ့သော်လည်း ခုနှစ်ပွဲလုံး ရှုံးခဲ့၏။
“ အစ်ကိုနှစ် အောင်းရိ ကျွန်တော်တို့ ဦးညွှတ်တာကို လက်ခံပေးပါ ”
မကြာသေးခင်က စိတ်ကြီးဝင်နေပြီး မြောက်ကြွကြွဖြစ်နေခဲ့သော နဂါးသုံးကောင်သည် အောင်းရိကို တစ်ပြိုင်တည်း ဦးညွှတ်လိုက်ကြလေသည်။ အောင်းရိသည် မည်သည့်ခံစားချက်မှ မရှိသည့်ဟန်ဖြင့် တည်တည်ငြိမ်ငြိမ် ခေါင်းညိတ်ပြလိုက်သည်။
အောင်းရိတစ်ယောက် မည်သည့်စကားမှ ပြောရန်မလိုလိုက်ပေ။ ထိုသူသုံးဦးသည် ဟန်ကျစ်ဘက်သို့ လှည့်ကာ ဦးညွှတ်လိုက်ကြ၏။ ဟန်ကျစ်သည် တောင်းပန်ရန်မလိုကြောင်း ချက်ချင်း ပြန်ပြောလိုက်သည်။ အောင်းမုန်သည် အောင်းရိထက် (၂)နှစ်ပိုကြီးသော်လည်း အောင်းရိကို အစ်ကိုနှစ်ဟုသာ ခေါ်လိုက်လေသည်။ သူ၏ အစ်ကိုအရင်းကို ခေါ်သည်ထက်ပင် ပို၍ စိတ်ပါလက်ပါရှိပေ၏။
တောင်သမုဒ္ဒရာ နဂါးနန်းတော်၏ ဒုတိယမင်းသားသည် အောင်းရိ၏ အစွမ်းကို သိပြီးသွားပြီဖြစ်၍ ရိုကျိုးသည့် အဆင့်သို့ပင် ရောက်သွားပေပြီ။
အောင်းမုန်သည် ဟန်ကျစ်နှင့် အောင်းရိကို တောင်သမုဒ္ဒရာအတွင်း လှည့်၍ လည်ပတ်ရန် ဖိတ်ခေါ်လိုက်၏။ သူသည် သူ၏ နောက်လိုက်နှစ်ယောက်ကို နဂါးနန်းတော်သို့ ပြန်လွှတ်လိုက်၏။ သူ့တွင် ရတနာသင်္ဘောတစ်စီးပါလာသော်လည်း အောင်းရိကို တောင်းပန်သည့်အနေဖြင့် လက်ဆောင်ပေးရန် သူ့နောက်လိုက်များကို နောက်ထပ် သင်္ဘောတစ်စီးသွားယူခိုင်းလိုက်ခြင်းပင်။
အောင်းမုန်သည် ဆက်တိုက်လျှင်လည်း သူမနိုင်,နိုင်ကြောင်းသိ၍ အရှုံးပေးရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
အောင်းရိသည် အခြားနေရာသို့ သွား၍ စိတ်အပန်းဖြေလိုသလောဟု ဟန်ကျစ်ကိုမေးလိုက်၏။ သို့သော် ဟန်ကျစ်သည် တောင်သမုဒ္ဒရာအတွင်း၌သာ လျှောက်ကြည့်လိုကြောင်း ပြန်ဖြေလိုက်သည်။
ထို့ကြောင့် သူတို့နှစ်ဦးသည် အောင်းမုန်၏ လမ်းပြမှုဖြင့် တောင်သမုဒ္ဒရာအတွင်း ဆက်လက် လည်ပတ်လိုက်လေတော့သည်။
“ အစ်ကိုနှစ်… အစ်ကိုရဲ့ မှော်အစွမ်းတွေက တော်တော် အထင်ကြီးဖို့ ကောင်းတာပဲ။ အစ်ကို အဲဒါတွေကို ကျဲကျောင်းတော်ကနေ သင်ထားတာလား ”
အောင်းမုန်၏ မေးခွန်းကို ကြားသောအခါ အောင်းရိသည် ပြုံးလိုက်ပြီး လေးလေးနက်နက်ပြန်ဖြေလိုက်သည်။
“ တန်ခိုးရှင် ချီးမြှင့်ထားတဲ့ တာအိုတရားက နက်ရှိုင်းကျယ်ပြန့်တယ်… မင်းရော ကျဲကျောင်းတော်ကို ဝင်ချင်လား ”
“ ဟင့်အင်း မဝင်ချင်ပါဘူး… ကျွန်တော်က ဒုက္ခခံပြီး မကျင့်ကြံနိုင်ဘူး။ နဂါးနန်းတော်မှာနေရတာပဲ ပိုပြီး သက်တောင့်သက်သာရှိပါတယ် ”
အောင်းရိ မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
“ ဝမ်းကွဲအစ်ကို… ”
“ ကျွန်တော့်ကို ဝမ်းကွဲညီလို့ပဲ ခေါ်ပါ။ အခုကျွန်တော်က အစ်ကို့ရဲ့ ဝမ်းကွဲညီဖြစ်သွားပါပြီ ”
“ ဒါပေမဲ့ အမြဲစည်းစိမ်တွေပဲ ခံနေလို့မရဘူးလေ ”
အောင်းရိက အလေးအနက်ပြောလိုက်သည်။
“ ငါမင်းနဲ့ တိုက်တုန်းက မင်းရဲ့ မှော်အစွမ်းတွေအားနည်းနေတာကို ငါခံစားလိုက်ရတယ်။ နဂါးမျိုးနွယ်က အခြေခိုင်တယ်ဆိုပေမယ့် မဆင်မခြင်လျှောက်လုပ်လို့ မရဘူး။ ပင်လယ်မျိုးနွယ်က မိန်းကလေးအစေခံတွေနဲ့ပဲ ပျော်ပါးပြီး တစ်ရက်တစ်ရက် အချိန်ကုန်နေလို့မရဘူး… တကယ်လို့ အဲ့စိတ်ကို မထိန်းနိုင်ဘူးဆိုရင်လည်း နဂါးမျိုးနွယ်က မိန်းကလေးတစ်ယောက်ကို ရှာပြီး စောစောလက်ထပ်လိုက်ပေါ့။ အဲဒါမှ တစ်ယောက်ကို တစ်ယောက် အထိန်းအကွပ်ရမှာ ”
အောင်းမုန်သည် ရယ်မောလိုက်ပြီး သူ အနောက်သမုဒ္ဒက နဂါးမင်းသမီးလေးကို မျက်စိကျနေပြီ ဖြစ်ကြောင်း ပြန်ပြောလိုက်သည်။
ဘေးတွင်ရပ်နေသော ဟန်ကျစ်သည် အစပိုင်းတွင် သူတို့ မည်သည့်အကြောင်းများ ပြောနေသည်ကို မသိပေ။ ထို့နောက် သူမ တစ်စုံတစ်ခုကို သဘောပေါက်သွား၏။ သူမ၏ ပါးပြင်လေး ရဲတွတ်သွားပြီး သူမသည် အောင်းရိ၏ ခံ့ညားသော မျက်နှာကိုပင် မကြည့်ဝံ့တော့ချေ။
အောင်းရိသည် ထိုကိစ္စကို များစွာတွေးတောမနေတော့ပေ။ ထိုအရာသည် နဂါးမျိုးနွယ်၏ အလေ့အထသာဖြစ်သည်။ သူ၏ အစ်ကိုကြီး အောင်းကျားသည်လည်း ထိုကဲ့သို့ သောက်စားပျော်ပါးနေခဲ့သည်မှာ ကြာပေပြီ။
သူကဲ့သို့ ကိုယ့်စိတ်ကို ထိန်းနိုင်သော နဂါးငယ်လေးများသည် ရှားပါးစားရင်းဝင်ဖြစ်သည်။
*****
ထိုအချိန်၌ ကျိုးနတ်ဝိဇ္ဇများ နေထိုင်ရာ ကောင်းကင်ခွင်းတောင် အနောက်ဘက်တွင် လီချန်ရှို့သည် ဆရာဒေါ်လေးကျိုးကျိုး၏ အဆောက်အအုံရှေ့တွင် ရပ်ကာ ထိုအဆောက်အအုံအပြင်တွင် ဆင်ထားသော မန္တန်အစီအရင်များကို ကြည့်နေလေသည်။ သူသည် ရုတ်တရက် ထူးဆန်းသည့်ခံစားချက်ကို ခံစားလိုက်ရ၍ အတန်ငယ် မျက်မှောင်ကြုတ်လိုက်သည်။
‘ ငါနဲ့ ပတ်သတ်တဲ့ အရာတစ်ခု ဖြစ်လာတော့မယ်လို့ ဘာလို့ခံစားနေရတာလဲ ’
သူသည် တောင်သမုဒ္ဒရာအစွန်းရှိ အခြေအနေများကို လျှို့ဝှက်အာရုံခံလိုက်သည်။ လောလောလတ်လတ်တွင် သေမျိုးများ အကြား၌လည်း ရန်ပွဲများမဖြစ်နေသေးပေ။
“ ချန်ရှို့လေး… ”
ကျိုးကျိုးသည် လီချန်ရှို့ မျက်မှောင်ကြုတ်လိုက်သည်ကို မြင်လိုက်သဖြင့် လေသံတိုးတိုးဖြင့် မေးလိုက်လေ၏။
“ ပြန်ပြင်လို့ မရတော့ဘူးလားဟင် ”
လီချန်ရှို့သည် ခါးသက်သက်ပြုံး၍ သက်ပြင်းချလိုက်သည်။
“ ဆရာဒေါ်လေး… ကျွန်တော် အားတော့နာပါတယ် ဒါပေမဲ့ ဆရာဒေါ်လေးကို မေးရဦးမယ် ”
“ အင်း မေးလေ ”
လီချန်ရှို့ က ခေါင်းမော့၍ သက်ပြင်းချလိုက်သည်။
“ ဆရာဒေါ်လေး ဘယ်လိုများလုပ်လိုက်တာလဲ။ ဆရာဒေါ်လေးက အကာအကွယ်မန္တန်အစီအရင်ကိုပဲ ဖောက်ထွက်လိုက်တာမလား။ အဲဒါကို မြေအောက်မှာရှိတဲ့ မန္တန်အစီအရင်အောက်ခြေတွေရဲ့ ခြောက်ဆယ်ရာခိုင်နှုန်းလောက်ပါ ပျက်ဆီးသွားရတာလဲ ”
“ ဟီးဟီး… တူလေးချန်ရှို့… ငါ့ကို အဲ့လောက်လည်း မချီးကျူးပါနဲ့။ မင်းရဲ့ ဆရာဒေါ်လေးက အရင်ကတည်းက အဲဒီလို အစွမ်းကြီးတာပဲကွ ”
ကျိုးကျိုးသည် မျက်ခုံးပင့်၍ လီချန်ရှို့၏ ပခုံးကို ပုတ်လိုက်သည်။
“ မင်းကိုပဲ အားကိုးရတော့မှာပဲ။ မန္တန်အစီအရင်တစ်ခုသာ ပြန်ဆင်ပေးစမ်းပါ။ ငါက အမြဲအရက်မူးအောင် သောက်လေ့ရှိတော့ ငါအိပ်ပျော်သွားရင် ကြည့်ရရှုရ မတင့်တယ်ဘူး… အိပ်ပျော်နေရင် ငါ့ရဲ့ အတွင်းအဝတ်တွေကို ချွတ်ပစ်တတ်တဲ့ အကျင့်လည်းရှိတယ်… မဟုတ်ရင် မန္တန်အစီအရင်တွေ ဘာတွေ ဆင်နေဖို့မလိုပါဘူး ”
လီချန်ရှို့က တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။
“ ဆရာဒေါ်လေး.. ကျွန်တော့်ကို အဲ့ကိစ္စတွေ ပြောပြနေဖို့ မလိုပါဘူး ”
“ ဟမ်… ”
ကျိုးကျိုး ခပ်ရွဲ့ရွဲ့ပြုံး၍ ရှေ့သို့ ကိုင်းလာ၏။
“ ဘာလဲ မင်းက တွေ့ဖူးပြီးသားမလို့လား ”
“ မတွေ့ဖူးပါဘူး… ”
လီချန်ရှို့က တည်တည်ငြိမ်ငြိမ်ပင် ပြန်ဖြေလိုက်သည်။
“ ဆရာဒေါ်လေး မြေအောက်က မန္တန်အစီအရင် အောက်ခြေတွေကို ထုတ်လိုက်ပါ။ ကျွန်တော် အခန်းထဲမှာ စောင့်နေမယ်။ ပြီးတော့ မန္တန်အစီအရင် အောက်ခြေတွေကို ပြင်ဖို့ အဖိုးတန်ပစ္စည်းတွေလည်း လိုသေးတယ်နော်။ ဆရာဒေါ်လေး လိုချင်တဲ့ပုံစံ ရအောင် ကျွန်တော် သိတဲ့ မန္တန်အစီအရင်တွေကို ပြောပြပေးမယ်…အဲဒီအထဲက ကြိုက်တာကို ရွေးပေါ့ ”
ကျိုးကျိုးသည် မျက်တောင်ခတ်လိုက်ပြီး လက်စွပ်လေးတစ်ကွင်းကို ပစ်ပေးလိုက်သည်။ သူမသည် ရက်ရောသည့်ဟန်ဖြင့် လက်ဝှေ့ယမ်းပြလိုက်၏။
“ မင်းကြိုက်တာသာ လုပ်လိုက်… ငါဂိုဏ်းက အလုပ်တွေ လုပ်ပေးနေတာ နှစ်တစ်ထောင်ကျော်ပြီ။ ငါ့မှာလည်း စုထားဆောင်းထားတာတွေ ရှိပါတယ် ”
လီချန်ရှို့ ပြုံးလိုက်သည်။ သူသည် လက်စွပ်ကို ဖမ်းလိုက်ပြီး အဆောင်အအုံထဲသို့ လျှောက်သွားလိုက်လေသည်။
နေထိုင်ရာ အဆောက်အအုံတစ်လုံးကို ကာကွယ်ပေးသော မန္တန်အစီအရင်သည် အရေးပါ၏။ သို့သော် လီချန်ရှို့သည် သူတတ်ကျွမ်းသော အဆင့်မြင့်မန္တန်အစီအရင်များကို ဆင်ပေး၍ မရချေ။ ဆရာဦးလေးကျိုးဝူ သူ့ကိုသင်ပေးထားသော မန္တန်အစီအရင် သဘောတရားများကိုသာ သုံး၍ ဆရာဒေါ်လေးကျိုးကျိုး၏ အဆောက်အအုံကို အလုံးစုံ လုံခြုံသွားစေမည့် မန္တန်အစီအရင်တစ်ခုကို ဆင်ပေးရပေမည်။
ထိုအရာသည် စိမ်ခေါ်မှုအသေးစားတစ်ခုပင်။
လီချန်ရှို့သည် စားပွဲဝိုင်းတွင် ထိုင်နေရင်း ဘေးရှိ ကျောက်ပြားအချို့ကို တွေ့၍ ထွင်းဓားလေးကို ထုတ်ကာ ထိုကျောက်ပြားများပေါ်တွင် မန္တန်အစီအရင်အတွက်လိုအပ်သည့် ပုံကြမ်းများကို ဆွဲလိုက်လေသည်။ သူသည် ထိုအရာအေပါ်တွင်သာ အာရုံရောက်သွားလေတော့သည်။
ကျိုးကျိုးသည် မြေအောက်ထဲသို့ လျင်မြန်စွာဝင်လိုက်ပြီး သူမဘာသာ အချိန်အတော်ကြာ လျှောက်၍ပြင်ထားသော မန္တန်အစီအရင်အောက်ခြေများကို မြေပြင်ပေါ်သို့ ထုတ်လိုက်၏။
ထိုမန္တန်အစီအရင်သည် အသေးစားလေးသာဖြစ်၍ လီချန်ရှို့တစ်ယောက် လျင်မြန်စွာပင် ပုံကြမ်းဆွဲ၍ ပြီးသွား၏။ ကျိုးကျိုးတစ်ယောက် မန္တန်အစီအရင် အောက်ခြေများနှင့် မြေပေါ်သို့ ပြန်ပေါ်လာသောအခါ လီချန်ရှို့သည် မန္တန်အစီအရင်များအတွက်လိုအပ်သော ပုံကြမ်းများကို ပြင်ဆင်ပြီးနေပေပြီ။
“ အို…ချန်ရှို့ မင်းက တော်တော်မြန်တာပဲ ”
“ ကျွန်တော်အရင်ကလည်း ဒီလို မန္တန်အစီအရင်လေးတွေရဲ့ ပုံကြမ်းကို စဉ်းစားထားဖူးလို့ပါ ”
လီချန်ရှို့သည် ကျောက်ပြားများကို သူမထံသို့ တွန်းပို့လိုက်၏။
“ အဲဒီအထဲက ဘယ်မန္တန်အစီအရင် ပုံစံကို ကျွန်တော်ဆင်ပေးရမလဲ ”
“ အောက်ခြေတွေကို မြုပ်ရမယ့် နေရာကိုတော့ ကျွန်တော် ခဏနေမှ ရွေးလိုက်မယ်။ အောက်ခြေ မြှုပ်တာကိုတော့ ဆရာဒေါ်လေးပဲ တစ်ခုချင်း လိုက်မြှုပ်ပေးပေါ့… အဲဒီလိုဆိုရင် ဒီကိစ္စပြီးပါပြီ ”
ကျိုးကျိုးသည် ကျောက်ပြားများကို ယူလိုက်ပြီး ကြည့်လိုက်ရာ ချက်ချင်း ခေါင်းမူးသွား၏။
“ မင်းပဲ ရွေးလိုက်ပါတော့… ငါဒီဟာတွေကို နားမလည်ဘူး ”
“ ဆရာဒေါ်လေး…”
လီချန်ရှို့ မျက်နှာထားတည်တည်ဖြင့် ပြောလိုက်သည်။
“ ဆရာဒေါ်လေးရဲ့ အသက်အန္တရာယ်နဲ့ သက်ဆိုင်တဲ့ ဒီလိုကိစ္စတွေမှာ နောက်ပြောင်မနေသင့်ဘူး ”
“ အင်း… ”
ကျိုးကျိုးက လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။
“ အဲဒီလိုဆိုရင် ဒီမန္တန်အစီအရင်တွေက ဘယ်လိုကွဲပြားတယ်ဆိုတာ မင်းက ငါ့ကို ရှင်းပြပေး… ဒါပေမဲ့ ဒါတွေက အကုန်အတူတူပဲ မဟုတ်ဘူးလား ”
လီချန်ရှို့က ပြုံး၍ ပြန်ပြောလိုက်၏။
“ အဲဒါတွေက တူတယ်လို့ ထင်ရပေမယ့် တော်တော်လေး ကွဲပြားတယ် ”
“ ဆရာဒေါ်လေး… ပထမ မန္တန်အစီအရင် ပုံကြမ်းကို ကြည့်လိုက်ပါ။ အဲဒါရဲ့ အဓိက အသုံးဝင်မှုက နိမိတ်ဖတ်တာတွေက ကာကွယ်ပေးတာပဲ။ အဲဒါကိုသာ သေသေချာချာဆင်ထားမယ်ဆိုရင် ဆရာဒေါ်လေးရဲ့ဆရာတောင် အဲ့မန္တန်အစီအရင်ကိုဖောက်ပြီး နိမိတ်ဖတ်နိုင်မှာ မဟုတ်ဘူး ”
“ အမ်… ”
ကျိုးကျိုး၏ မျက်လုံးမျး အရောင်တောက်သွားသည်။
“ အဲဒါဆို အဲ့မန္တန်အစီအရင် ဆင်မယ် ”
လီချန်ရှို့က လည်ချောင်းရှင်း၍ ဆက်ပြောလိုက်သည်။
“ မလောပါနဲ့ ဆရာဒေါ်လေးရဲ့… အကုန်လုံးကို ကြည့်ပြီးသွားမှ ရွေးပေါ့ ”
“ ဒီမန္တန်အစီအရင်ကတော့ နိမိတ်ဖတ်ခံရတာကနေ ကာကွယ်ပေးနိုင်တဲ့အစွမ်းက သာမန်ပဲ။ ဒါပေမဲ့ အထဲကို လူကိုယ်တိုင် ဝင်ဖို့က ပိုပြီး ခက်သွားလိမ့်မယ်။ တကယ်လို့ တန်ခိုးအစွမ်းကြီးမားတဲ့ ရန်သူတစ်ယောက်ယောက်နဲ့သာ ရင်ဆိုင်ရရင် ဒီမန္တန်အစီအရင်က ဆရာဒေါ်လေးရဲ့ အသက်ရှင်နိုင်မယ့် အခွင့်အရေးကို တိုးမြှင့်ပေးနိုင်တယ်။ ဆရာဒေါ်လေးသာ မန္တန်အစီအရင်ထဲမှာ အချိန်ကြာကြာ တောင့်ခံနိုင်မယ်ဆိုရင် အကူအညီရောက်လာမယ့်အချိန်ကို စောင့်နေနိုင်တာပေါ့ ”
“ ကျွန်တော့်အနေနဲ့တော့ ဒါကိုပို သဘောကျတယ် ”
ကျိုးကျိုးသည် အခြားကျောက်ပြားနှစ်ပြားကို လက်ညှိုးထိုး၍ မေးလိုက်သည်။
“ အဲဒီနှစ်ခုကရော ဘာအစွမ်းရှိလဲ ”
“ တတိယ မန္တန်အစီအရင်က စိတ်တန်ခိုးစုစည်းတာမှာ ပိုပြီး အလေးပေးထားတာ။ အဲဒါက ဆရာဒေါ်လေး ကျင့်ကြံနေတဲ့အချိန်မှာ အဆက်မပြတ် စိတ်တန်ခိုးတွေ ထောက်ပံ့ပေးလိမ့်မယ်။ ပြီးတော့ နိမိတ်ဖတ်ခံရတာကနေလည်း အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်တယ်… ”
ကျိုးကျိုးတစ်ယောက် ခေတ္တမျှတွေးတောပြီးနောက် ခေါင်းမူးလာ၏။
“ မန္တန်အစီအရင် တစ်ခုထဲမှာပဲ အဲ့အစွမ်းတွေအကုန်လုံးရအောင် လုပ်လို့မရဘူးလား ”
“ အဲဒါက… ”
လီချန်ရှို့သည် သူ၏ လက်အတွင်းရှိ လက်စွပ်ကို ကြည့်၍ ပြုံးလိုက်သည်။
“ တကယ်တော့ အဲ့မန္တန်အစီအရင်တွေက ဆရာဒေါ်လေး ကျွန်တော့်ကို ပေးတဲ့ ပစ္စည်းတွေအပေါ်မူတည်ပြီး ပုံကြမ်း ဆွဲထားတာပါ။ ကျွန်တော့်မှာရှိတဲ့ အဖိုးတန်ပစ္စည်းတွေကိုလည်း ချုံတောင်လေးရဲ့ မန္တန်အစီအရင်တွေကို အဆင့်မြှင့်တဲ့ နေရာမှာ သုံးလိုက်ပြီ ”
“ အင်း… အကြောင်းတစ်ခုခု ရှိရမယ်လို့တော့ ငါထင်သားပဲ။ ဒီတော့ အဖိုးတန် ပစ္စည်းလိုနေတာပေါ့ ဟုတ်လား ”
ကျိုးကျိုးသည် နှာခေါင်းရှုံ့လိုက်ပြီး လက်ပတ်တစ်ခုနှင့် ရတနာအိတ်တစ်ခုကို ထုတ်လိုက်၏။ ထို့နောက် ၎င်းတို့ကို လီချန်ရှို့၏ အရှေ့တွင် ချလိုက်လေသည်။
“ အကောင်းဆုံး မန္တန်အစီအရင်ကိုသာ လုပ်လိုက် ”
လီချန်ရှို့တစ်ယောက် မယုံနိုင်ဟန်ဖြင့် ရေရွတ်၍ အတည်ပြုချက်တောင်းလိုက်ရ၏။
“ တကယ်လား… တကယ်လုပ်ရမှာလား ”
ကျိုးကျိုးသည် ခါးထောက်၍ ပြန်ပြောလိုက်၏။
“ လုပ်မှာသာ လုပ်လိုက်စမ်းပါ ”
‘ အင်း… အဆောက်အအုံအပြင်ကို ကာပေးမယ့် မန္တန်အစီအရင်လေးတစ်ခုလောက်နဲ့ ငါ နှစ်တစ်ထောင်လောက် စုဆောင်းထားတဲ့ အဖိုးတန်ပစ္စည်းတွေ မကုန်လောက်ပါဘူး ’
သို့သော် ကျိုးကျိုး၏ အတွေးများသည် အလွန်လျင်မြန်စွာပင် ပြောင်းလဲသွားလေတော့သည်။
လီချန်ရှို့သည် သူမ နှစ်တစ်ထောင်ကျော် စုဆောင်းထားသော အဖိုးတန်ပစ္စည်းအကုန်လုံးကို ထုတ်လိုက်ပြီး ဆေးဖော်ရန် ဆေးမြစ်များကို အမျိုးအစားခွဲသကဲ့သို့ ၎င်းတို့ကိုလည်း အမျိုးအစားခွဲလိုက်လေသည်။
လီချန်ရှို့သည် အဖိုးတန်ပစ္စည်းတစ်ခုချင်းစီ၏ အသုံးဝင်မှုကို တွေးတောလိုက်သည်။
လီချန်ရှို့သည် သူ၏ ဆရာဒေါ်လေးကျိုးကျိုးကို အကောက်ကြံခြင်းမဟုတ်သလို သူမထံမှ အဖိုးတန်ပစ္စည်းများကို အချောင်ယူလို၍လည်း မဟုတ်ပေ။ သူသည် ကျိုးကျိုး၏ လုံခြုံရေးကို အမှန်တကယ် စိုးရိမ်နေခြင်းပင်။
သူမသည် သူ ဆေးဖော်ရာတွင် ကူညီပေးသောသူ ဖြစ်သည့်အပြင်၊ မန္တန်အစီအရင်ဆင်ရာတွင်လည်း ကူညီပေးသူပင် မဟုတ်ပေလော။ နေထိုင်ရာ၊ အခန်းအောင်းကျင့်ကြံရာ အဆောက်အအုံအပြင်ဘက်ရှိ အကာအကွယ်မန္တန်အစီအရင်များသည်လည်း အရေးကြီးသော အရာများဖြစ်ကြောင်း လီချန်ရှို့ အမြဲပင် တွေးမိခဲ့၏။
လီချန်ရှို့သည် ဆရာဒေါ်လေးအတွက် အဆင့်မြင့် မန္တန်အစီအရင် ဆင်ပေးရန် မန္တန်အစီအရင် အောက်ခြေအဟောင်းများထဲမှ ပြန်သုံး၍ ရမည့် အောက်ခြေများကို စတင်ပြင်လိုက်သည်။ သူသည် သုံးမရတော့လောက်အောင် ပျက်ဆီးနေသော အောက်ခြေများကိုလည်း ဖယ်ရှားလိုက်၏။ ထို့နောက် သူသုံး၍ ရသမျှ အဖိုးတန်ပစ္စည်း အားလုံးကို သုံး၍ မန္တန်အစီအရင်ကို ဆင်လိုက်သည်။
လီချန်ရှို့သည် သူ၏ ကိုယ်ပိုင် ပစ္စည်းများကိုပင် ထုတ်၍ သုံးလိုက်သေးသည်။ ဘေးမှရပ်ကြည့်နေသော ကျိုးကျိုးသည် တစ်ခုခုဝင်ပြောရန် ဟန်ပြင်လိုက်သော်လည်း မပြောဘဲသာ နေလိုက်လေသည်။ သူမသည် လီချန်ရှို့တစ်ယောက် သူ၏ ကိုယ်ပိုင်ပစ္စည်းများကိုပင် သုံး၍ ဆင်ပေးနေသည်ကို တွေ့သဖြင့် ကိုယ့်ကိုယ်ကို ရှက်မိသွားပြီး မည်သည့်စကားမှပင် မဆိုနိုင်တော့ပေ။
နှစ်ရက်ကြာပြီးနောက် လီချန်ရှို့သည် တိမ်စီးကာ ချုံတောင်လေးဆီသို့ ပျံသန်းသွား၏။ သူသည် အားရသည့်မျက်နှာထားဖြင့် ပြုံးလိုက်လေသည်။
ပြီးပြည့်စုံလုနီးပါး ဆက်စပ်မန္တန်အစီအရင်တစ်ခုကို ဆင်ပြီးသွားခြင်းသည် အနုပညာတစ်ခုကို ဖန်တီးပြီးသွားသကဲ့သို့ပင်။
သူသည် ဆရာဒေါ်လေးကျိုးကျိုး၏ လုံခြုံရေးအတွက် ထပ်၍ စိတ်ပူရန် မလိုတော့ပေ။
ကျိုးကျိုးသည် သူမ၏အဆောက်အအုံရှေ့တွင်ရပ်ရင်း တဖြည်းဖြည်းဝေး၍ ပျောက်ကွယ်သွားသော လီချန်ရှို့ကို ငေးကြည့်နေလေသည်။ သူမသည် နောက်လှည့်၍ အသစ်ဆင်ထားသော မန္တန်အစီအရင်ကို ကြည့်လိုက်၏။ တစ်ချက်မျှကြည့်ရုံဖြင့်ပင် ထိုမန္တန်အစီအရင်ကို ဖျက်ဆီးရန် လွန်စွာ ခက်ခဲမည်ဖြစ်ကြောင်း သူမ သိလိုက်သည်။ ထို့နောက် သူမသည် လက်ထဲရှိ ကျောက်စိမ်းအဆောင်ကို ကြည့်လိုက်၏။
ယခုမှစ၍ ထိုကျောက်စိမ်းအဆောင်အတွင်းသို့ သူမ၏ နတ်တန်ခိုးများ ထည့်လိုက်ရုံဖြင့် မန္တန်အစီအရင်ကို အသက်သွင်းနိုင်ပြီဖြစ်သည်။
ထိုမန္တန်အစီအရင်အသစ်သည် လုံခြုံပြီး လျှို့ဝှက်၍ အနုစိတ်ကာ သက်တောင့်သက်သာ ရှိလေသည်။ ထိုမန္တန်အစီအရင်အသစ်သည် ညအခါတွင် အိပ်၍မရအောင် လင်းမနေဘဲ နေ့အခါတွင်လည်း စိတ်တန်ခိုး အနှောင့်အယှက်များ မဖြစ်စေနိုင်ပေ။
သို့သော်…
ကျိုးကျိုးသည် လက်အတွင်းရှိ အခွံဖြစ်နေသော သူမ၏ သိုလှောင်ဓမ္မအဆောင်များကိုကြည့်လိုက်၏။ သူမ၏ ခြေထောက်များ အားပြတ်သွားပြီး တံခါးအရှေ့ရှိ လှေကားထစ်လေးတွင် ထိုင်လိုက်ရလေသည်။
သူမ နှစ်တစ်ထောင်ကျော် စုဆောင်းထားရသော အဖိုးတန်ပစ္စည်း အားလုံးကို သုံးလိုက်ရပေပြီ။ လီချန်ရှို့သည် တစ်ခုမျှပင် အလေအလွင့်အဖြစ်မခံခဲ့ပေ။
‘ ဒါပေမဲ့ ငါ့ရဲ့ နှလုံးသားထဲမှာ ပျော်ရွှင်မှုတွေမရှိဘဲ ဟာတာတာကြီး ဖြစ်နေရတာလဲ ’
‘ နောက်ကျ ငါ့မှာ အရက်သောက်စရာမရှိရင်တောင် အရက်နဲ့လဲဖို့ ပစ္စည်းတွေ မရှိတော့ဘူး ’
ကျိုးကျိုး ဝမ်းနည်းနေရင်းမှာပင် လီချန်ရှို့ မပြန်ခင် သူမ၏ နားအနားသို့ ကပ်၍ တီးတိုးပြောသွားသော နှစ်သိမ့်စကားများကို ပြန်ကြားယောင်လာ၏။
“ ဆရာဒေါ်လေး… ဆရာဒေါ်လေးရဲ့ အဖိုးတန်ပစ္စည်းတွေနဲ့ ဝိညာဉ်ကျောက်တုံးတွေက ပျောက်ကွယ်သွားတာ မဟုတ်ပါဘူး… သူတို့က ပုံစံတစ်မျိုးပြောင်းပြီး ဆရာဒေါ်လေးကို အဖော်ပြုပေးနေပါတယ် ”
“ အာ… ”
ကျိုးကျိုးသည် ဖြည်းဖြည်းချင်း လှဲချလိုက်ပြီး သူမ၏ မျက်လုံးများထဲတွင်လည်း တဖြည်းဖြည်း အရောင်အဆင်း ကင်းမဲ့လာလေတော့သည်။
“ ငါက ဆင်းရဲလိုက်တာ… ငါအရက်မူးလာရင် လုပ်စရာ ဘာမှမရှိတော့ဘူး… နောက်နှစ်တစ်ထောင်ကြာသွားရင်လည်း ငါဆက် ဆင်းရဲနေဦးမှာပဲ ”
“ နောက်ကျရင် ချုံတောင်လေးဆီပဲ ပြောင်းပြီးနေလိုက်တော့မယ် ”
***