အပိုင်း (၁၃) ဖန်ဆင်းခြင်းနှင့် ဖျက်ဆီးခြင်းကြားမှပြောင်းလဲခြင်း
ဆန်လျန်မှာ အာရုံခံခြင်းကို တစ်ဖက်ကမ်းခပ်အောင် တတ်ကျွမ်း လေသည်။ သူ၏ဝိညာဉ်မှာ ကြံ့ခိုင်ပြီး ရုပ်ခန္ဓာမှ ထွက်ခွာ သွားလုနီးပါးအထိ ဖြစ်ခဲ့ဖူးလေသည်။
ဝိညာဉ်မှာ ရုပ်ခန္ဓာထဲမှ ထွက်ခွာ နိုင်သည်ဆိုလျှင် သဘာဝလွန် စွမ်းအားများ ရသည်အထိ ကျင့်ကြံမှု ပေါက်ရောက်ပြီ ဖြစ်လေသည်။ အစဦးပိုင်း အချိန်ကတည်းကပင် သမိုင်းတစ်လျှောက်တွင် ဂုဏ်သိက္ခာ ထွန်းလင်းခြင်း သို့မဟုတ် ငြိမ်းချမ်းမှုကို ဖျက်ဆီးခြင်း နှစ်ခုလုံးမှာ စွမ်းအားများကြောင့် ဖြစ်ကြလေသည်။
ဝိညာဉ်မှာ ရုပ်ခန္ဓာနှင့် ပေါင်းစပ်ထားသည့် “အသက်ရှင်သူ” ဟုမှတ်ယူနိုင်ပေသည်။
ရှင်သန်နေသည့် ဝိညာဉ်မှာ သက်ရှိခန္ဓာကိုယ်၏ ကာကွယ်မှုအောက်မှ ငြိမ်းချမ်းစွာ ထွက်ခွာသွားလျှင် အမျိုးမျိုးသော သဘာဝလွန် စွမ်းအားများ ကြားတွင် ပြောင်းလဲမှု ကင်းမဲ့သွားလေသည်။
ဆန်းလျန်မှာ သူ၏ဝိညာဉ် ရုပ်ခန္ဓာမှ ထွက်ခွာသွားအောင် ကြိုးစားကြည့်ခြင်း မရှိခဲ့ဖူးပေ။ သို့သော်လည်း သူ၏ဝိညာဉ် စွမ်းအားမှာ သာမန်လူထက်တော့ မြင့်မားနေသည်ကို သူသိလေသည်။
ဝိညာဉ်လွှင့်ခြင်းက အကျိုးရှိသော်လည်း တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်ကို အတွင်းဒဏ် မရအောင် ကာကွယ်ရန်မှာ မဖြစ်နိုင်သည့်ကိစ္စ ဖြစ်နေလေသည်။
သူက ရန်သူများကို ဓားပျံဖြင့်ချိန်ပြီး မလွဲအောင် ပစ်ခတ်နိုင်သော်လည်း ရန်သူဆယ်ယောက်သာ တစ်ပြိုင်တည်း ချဉ်းကပ် လာပါက သူ့အနေဖြင့် တစ်ယောက်ပြီး တစ်ယောက်ကို ထိအောင် ပစ်ခတ်နိုင်တော့မည် မဟုတ်ပေ။
သူက လူမသတ်ချင်သည့်အတွက် ဓားပျံဖြင့် လူတစ်ယောက်ကို သတ်ရန် လုံးဝဆန္ဒမရှိပေ။
အကယ်၍ သူသာ အစိမ်းရောင်ဝတ် လူကို တိုက်ခိုက်ရန် ဆန္ဒရှိပါက သူရရှိသည့် အခွင့်အရေးကို အမိအရ အသုံးချမည် ဖြစ်လေသည်။ သူ့တွင် သူ့ကိုယ်သူ ကာကွယ်ရန် အတွက် အခြား နည်းလမ်းများလည်း ရှိသေးသည်။
အစိမ်းရောင်ဝတ် လူက ယခုပဲ ဝိညာဉ်စွမ်းအားကို အသုံးပြုခဲ့သည်။ ဆန်းလျန် အနေဖြင့်တော့ ထိုအရာက ဘာမှမဟုတ်ပါ။ လက်တွေ့ ယှဉ်ပြိုင်ဖူးခြင်း မရှိသော်လည်း ဆန်းလျန်က သူ့ကိုယ်သူ လျှော့တွက်မထားပါ။ အစိမ်းရောင်ဝတ် လူ၏ဝိညာဉ် စွမ်းအားမှာ သူ၏ဝိညာဉ် စွမ်းအားလောက် ကြံ့ခိုင်ခြင်း မရှိကြောင်း သူခန့်မှန်းမိထားပြီး ဖြစ်လေသည်။
အစိမ်းရောင်ဝတ် လူမှာ ကြီးမားသော စွမ်းအားကို အခြေခံပြီး မိုးကောင်းကင် ချည်တိုင်နှင့် ဆက်စပ်နေသည့် စိတ်အာရုံ မြင်ကွင်းကို အသုံးပြု နိုင်သော်လည်း လျင်မြန်ခြင်း မရှိပေ။ တစ်ချိန်တည်းမှာပင် သူက လူသားများနှင့် သက်ဆိုင်ခြင်း မရှိသည့် မိုးကောင်းကင် ကျောင်းတော်များမှ ကျင့်စဉ်များနှင့် ဆင်တူသော ပြောင်းလဲမှုများစွာကို ပြုလုပ်နိုင်လေသည်။
အစိမ်းရောင်ဝတ် လူမှာ သူ၏အစွမ်းကို ပြနိုင်ခဲ့သော်လည်း ရွှေဓားဘုရင်မှာ လက်မလျှော့သေးပေ။
နတ်သက်ခြွေ ဓားဟုခေါ်သည့် ထိုလူကို လွှတ်ပေး လိုက်ရန်မှာ သူ့အတွက် လွယ်ကူသည် မဟုတ်ပေ။
ဆန်းလျန်၏ဝိညာဉ်မှာ ဖြည်းဖြည်းချင်း အားလျော့လာသလို ခံစားလိုက်ရလေသည်။
ရုတ်တရက်ပင် လေးဖက်လေးတန်မှ မြင်းခွာသံများ ကြားလိုက်ရလေသည်။
အစိမ်းရောင်ဝတ် လူက နှုတ်ခမ်းကို တင်းတင်းစေ့ လိုက်ပြီး သူ၏လက်ဝါးကို ဝါးရွက်စိမ်း ဂိုဏ်းချုပ်ဆီသို့ ရိုက်ထုတ် လိုက်ပြီး…
“ကျုပ် ခင်ဗျားကို လျှော့တွက် လိုက်မိတယ်”
ဟုပြောလိုက်လေတော့သည်။
ဝါးရွက်စိမ်းဂိုဏ်းမှာ ချင်ပြည်နယ် လက်ရွေးစင် တပ်မတော်ကို အမိန့်ပေး စေခိုင်းနိုင်လိမ့်မည်ဟု အစိမ်းရောင်ဝတ် လူ မျှော်လင့် မထားခဲ့မိပေ။
သာမန်လူ အုပ်စုတစ်စု ဖြစ်လျှင် သူထိတ်လန့်မိမည် မဟုတ်ပေ။ သို့သော် ရောက်လာသည့် စစ်သည်တော်များမှာ အမည်မသိသူများ ဖြစ်သော်လည်း နတ်သက်ခြွေ ဓားသိုင်းကို လေ့ကျင့်ခဲ့သည့် အတွက် စိတ်ဝိညာဉ် ထက်မြက်သူ တစ်ယောက်အနေဖြင့် အပြင်ဘက်မှ အတွင်းအားလှိုင်းများ စတင်ရိုက်ခတ် လာသည်ကို ခံစားလိုက် ရလေသည်။
လက်ရှိ အခြေအနေမှာ သူ၏ဝှက်ဖဲဖြစ်သည့် နတ်သက်ခြွေ ဓားသိုင်းကို အသုံးပြုရန် အလွန်ခက်ခဲသည့် အခြေအနေ ဖြစ်လေသည်။
အဘယ်ကြောင့်ဆိုသော် ဝိညာဉ်စွမ်းအားမှာ အတွင်းအား နှင့်အတူ မြင့်မားလာရခြင်း ဖြစ်ပြီး တစ်ချိန်တည်းမှာပင် အတွင်းအား လျော့သွားပါက ဝိညာဉ်စွမ်းအားလည်း လျော့သွား တတ်ပေသည်။ ဤသည်မှာ ယင်နှင့်ယန်၏ ထူးဆန်းသည့် ဘက်ညီမှုပင် ဖြစ်လေသည်။ ဖန်ဆင်းခြင်းနှင့် ဖျက်ဆီးခြင်း သဘောတရား နှစ်ခုကြား ဆက်စပ်နေသည့် သဘာ၀ တရားပင် ဖြစ်လေသည်။
စစ်သည်တော်များ ရာထောင်ချီပြီး ရှိနေလျှင် အတွင်းအားများမှာလည်း ပေါင်းစည်းပြီး တွန်းအားတစ်ရပ် ဖြစ်ပေါ်လာကာ ထိန်းချုပ်ရန် ခက်သည့် မီးတောက်ကြီးကဲ့သို့ ဖြစ်သွားမည် ဖြစ်လေသည်။
အစိမ်းရောင်ဝတ် လူ၏ဝိညာဉ်သာ ရုပ်ခန္ဓာမှ ထွက်ခွာသွားမည်ဆိုလျှင် မီးထဲသို့ ဆီလောင်း ထည့်လိုက်သလို ဖြစ်သွားပြီး သူ၏ဝိညာဉ် ပျက်စီးသွားနိုင်လေသည်။
ဝါးရွက်စိမ်း ဂိုဏ်းချုပ်က အစိမ်းရောင်ဝတ် လူ၏ ပြင်းထန်သော လက်ဝါးရိုက်ချက်ကို အသာလေး ရှောင်တိမ်းလိုက်သည်။
အစိမ်းရောင်ဝတ် လူကလည်း လွတ်မြောက်ရန် လမ်းရှာ လိုက်ခြင်းသာ ဖြစ်ပြီး တကယ် တိုက်ခိုက်လိုက်ခြင်း မဟုတ်ပေ။ စစ်သည်တော်များ သူ့ကိုဝန်းရံထားသည့် အခြေအနေသို့ရောက်လျှင် သူ့အနေဖြင့် လွတ်မြောက်ရန် လမ်းရှာနိုင်မည်မဟုတ်ပေ။
ရွှေဓားဘုရင်က ဟားတိုက် ရယ်မောလိုက်သည်။
“မင်းဒီနေ့ လွတ်မယ်များ ထင်နေလား”
ရွှေဓားဘုရင်မှာ သိုင်းပညာ တစ်ဖက်ကမ်းခပ်တော်သည့် လူတစ်ယောက်ဖြစ်ရကား အစိမ်းရောင်ဝတ် လူ၏စိတ်မှာ တိုက်ပွဲအတွင်းတွင် မရှိတော့ကြောင်း ရိပ်မိလိုက်လေသည်။ သို့သော် ရွှေဓားဘုရင် သူ့ကို အလွတ်မပေးနိုင်။ လွတ်သွားခဲ့လျှင်လည်း သူက ချင်းပြည်နယ်မှ ထွက်ခွာပြီး မိုးအဆုံး မြေအဆုံး လိုက်လံရှာဖွေမည်ပင် မဟုတ်ပါလား။
ရုတ်တရက် ဓားရောင်တစ်ချက် လက်သွာပြီး လေထဲတွင် မီးပန်းဖောက် သကဲ့သို့ ဓားရိပ်များ ဖြာကျသွားလေသည်။ ထို ဓားချက်များမှာ အစိမ်းရောင်ဝတ် လူနှင့်သူတောင်းစားလေး ပေါ်သို့ ကျရောက် သွားလေသည်။
အစိမ်းရောင် ဝတ်လူမှာ အများကြီး ဂရုစိုက်မိသည့် အတွက် သူ့ကိုယ်သူ မုန်းလိုက်မိလေသည်။ ထိုသူတောင်းစားလေး၏ စိတ်ကို စမ်းသပ်ရန်အတွက် မလိုအပ်ဘဲ အချိန်တွေဘာကြောင့် ဖြုန်းခဲ့မိပါလိမ့်။
အစိမ်းရောင်ဝတ် လူမှာ နုပျိုသည်ဟု ဆိုနိုင်သော်လည်း အသက် ငါးဆယ်ကျော်ပြီ ဖြစ်လေသည်။
ယခုမှတော့ နောက်ပြန်လှည့်၍ မရနိုင်တော့။
ဝါးရွက်စိမ်းဂိုဏ်းမှ ထိုပစ္စည်းကို သူယူခဲ့လျှင် တောင်မှ နတ်ဘုရားတစ်ပါး ဖြစ်လာနိုင်မည့် ကံတရားနှင့် အသက်ရှည်မည့် ကျင့်စဉ်လမ်းကို သူရရှိနိုင်မည် မဟုတ်ပေ။
သို့သော်လည်း အနည်းဆုံးတော့ နေရာတစ်နေရာတော့ ရခဲ့လေသည်။
သူတောင်းစားလေးမှာ အရည်အချင်းကောင်းများ ရှိပြီး အသက်ငယ်ငယ်နှင့်ပင် အလုပ်ကို မည်သို့ အဆုံးသတ်ရမည်ကို နားလည်သည့် အတွေ့အကြုံ ရှိလေသည်။
ထို့ကြောင့်ပင် အစိမ်းရောင်ဝတ် လူက သူတောင်းစားလေး၏ စိတ်ကို စမ်းသပ်သည့် အနေဖြင့် သူ၏အစေခံအဖြစ် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ဖခင်ဖြစ်သူ၏ ဇာပနပြီးပါက ပြန်လာရန် ပြောခဲ့ခြင်း ဖြစ်လေသည်။ သူပြန်လာမည်လား မလာမည်လားကို စောင့်ကြည့်ချင်သောကြောင့် ဖြစ်လေသည်။
အစိမ်းရောင်ဝတ် လူမှာ ဖြောင့်မတ်သည့် လူတစ်ယောက် မဟုတ်သော်လည်း
“စကားဆိုလျှင် အများက ယုံကြည် လက်ခံရမည် လုပ်ဆောင်မှုတိုင်းက ပကတိ သတ္တိရှိရမည် ကတိပေးထားလျှင် ကတိတည်ရမည်”
ဟု သွန်သင် ဆုံးမပေးသည့် နေရာတွင် သိုင်းပညာ လေ့ကျင့်ခဲ့သူ ဖြစ်လေသည်။
သူတောင်းစားလေးသာ ယနေ့ ပြန်လာခဲ့ခြင်း မရှိခဲ့လျှင် သူက ထိုကောင်လေးကို သတ်ပြီး တခြားနေရာသို့ ထွက်ခွာ သွားမည် ဖြစ်လေသည်။
ဆန်းလျန်နှင့် ကတော့ အမှတ်မထင် ဆုံတွေ့ခဲ့ရခြင်း ဖြစ်လေသည်။ ဆန်းလျန်၏ အေးဆေး တည်ငြိမ်မှုနှင့် မျက်နှာ အမူအရာမှာ သူ၏ဂိုဏ်းတူ အစ်ကိုလင်ချုန်းရှောင်ကို အမှတ်ရစေလေသည်။ ဆန်းလျန်သာ သိုင်းပညာ လေ့ကျင့်မည်ဆိုလျှင် သူ့တွင် တောက်ပသည့် အနာဂတ်ရှိမှာ အသေအချာပင် ဖြစ်လေသည်။
သူ့ထက် အမြဲတမ်း ခြေတစ်လှမ်း သာနေသည့် လင်ချုန်းရှောင်ကို ရွံရှာမုန်းတီး မိသော်လည်း တကယ်တမ်းတွင် လင်ချုန်းရှောင်မှာ သူ့ထက်ပိုပြီး တော်သည်ကိုတော့ သူဝန်ခံရမည် ဖြစ်လေသည်။ သူတောင်းစားလေးကိုသာ တပည့် အဖြစ် လက်ခံဖို့ မဆုံးဖြတ်ရသေးလျှင် သူက ဆန်းလျန်ကို တပည့်အဖြစ် လက်ခံမိမည် ဖြစ်လေသည်။
အစိမ်းရောင်ဝတ် လူ၏အတွေးများ ရပ်တန့်သွားပြီး မထင်မှတ်သည့် အလှည့်အပြောင်း တစ်ခုကြောင့် သူ့ခန္ဓာကိုယ်က ချက်ချင်းပင် တုံံ့ပြန်လိုက်သည်။ ရှေ့သို့ သွားနေသည့် ခန္ဓာကိုယ်မှာ အပေါ်သို့ တစ်ပတ်လည် တက်သွားပြီး သူ၏ခြေဖျားများမှာ ဓားသွားပေါ်သို့ ကျသွားလေသည်။
အရှန်အဟုတ် ပြင်းသောအား တစ်ခုသည် ဓားသွားဆီမှ ဖြတ်သန်း စီးဆင်းသွားပြီး ရွှေဓားဘုရင်၏ လက်ချောင်းများမှာ ထုံကျင် သွားရလေသည်။
ရွှေဓားဘုရင်မှာ သူ၏ဓားချက်တွင် အားအပြည့် သုံးထားခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် သူက အစိမ်းရောင် ဝတ်လူကို ထွက်မသွား စေလိုသောကြောင့်သာ တိုက်ခိုက်လိုက်ခြင်း ဖြစ်လေသည်။
အစိမ်းရောင်ဝတ် လူ၏သိုင်းပညာမှ ထိုမျှ အံ့သြစရာ ကောင်းလိမ့်မည်ဟု သူထင်မထားခဲ့ပေ။
အစိမ်းရောင်ဝတ် လူမှာ ရွှေဓားဘုရင်၏ ရည်ရွယ်ချက်ကို သိနေပြီး သူ၏ပုံရိပ်ရောင် များကိုလည်း ပျောက်ကွယ် သွားစေကာ မီးခိုးငွေ့များထဲမှ သူ၏ဓားချက်ကို ရှောင်လွှဲ နိုင်ခဲ့လေသည်။
အစိမ်းရောင်ဝတ် လူမှာ ဓားသွားပေါ်တွင် ခြေဖျားထောက်ပြီး ခေါင်မိုးပေါ်သို့ ရောက်ရှိသွားပြီ ဖြစ်လေသည်။ သူနှင့်အတူ သူတောင်းစားလေးကိုပါ ခေါ်သွားခဲ့ပြီး အဆုံးမ ဲ့ကောင်းကင်ကြီးဆီသို့ ခုန်ထွက်ကာ ပျောက်ကွယ် သွား လေတော့သည်။
ထင်မှတ် မထားစွာပင် ပတ်ဝန်းကျင် လေးဖက်လေးတန်မှ မြားစစ်သည်များ ထွက်ပေါ်လာပြီး မြားအစင်း ထောင်ပေါင်း များစွာကို တစ်ပြိုင်တည်း ပစ်လွှတ် လိုက်လေောတ့သည်။
အစိမ်းရောင်ဝတ် လူမှာ ရှောင်တိမ်း ခုန်ထွက်သွားပြီး အတွင်းအားဖြင့် သူ့ခန္ဓာကိုယ် တစ်ခုလုံးအား ကာကွယ် လိုက်သောကြောင့် မြားချက်များမှာ သူ့ဘေးမှ ဖြတ်ကျော် သွားကြလေသည်။
သူက ခေါင်မိုးပေါ်မှ ဆင်းလိုက်ပြီး မျက်နှာချင်းဆိုင် လမ်းတစ်ဖက်ရှိ အိမ်တစ်အိမ်၏ ခေါင်မိုးပေါ်သို့ တစ်ဟုန်ထိုး ခုန်တက် သွားလေသည်။ ထိုသို့ ပြုလုပ်လိုက်ခြင်းကြောင့် ပတ်ပတ်လည် ဝန်းရံနေသော စစ်သည်တော်များ ကြားသို့ သူရောက်ရှိ သွားရလေတော့သည်။
ရွှေဓားဘုရင်မှာ အရမ်းဝင် မတိုက်ခိုက်ရဲပေ။
ပထမအချက် အနေဖြင့် သူက စစ်သည်တော်များကို မသိပေ။ ဒုတိယအချက်မှာ သူက ဂုဏ်သရေရှိ အိမ်တော်မှ လူတစ်ယောက် ဖြစ်သည့်အတွက် စစ်သည်တော်များက သူ့ကိုရန်သူဟု ထင်သွားလျှင် ခက်ပေလိမ့်မည်။
သူလှုပ်ရှားမှုပြုသင့် မပြုသင့် စဉ်းစားနေမိလေသည်။
အမှုထမ်း အရာထမ်းများကို သတ်ဖြတ်သည်မှာ နိုင်ငံတော် ပုန်ကန်မှု ဖြစ်လေသည်။ ဝရမ်းထုတ်ခံ ထားရသည့် အစိမ်းရောင်ဝတ် လူကဲ့သို့ သူက နာမည်ပျက်ဖြင့် သူ့ဘဝကို အဆုံးမသတ်ချင်ပါ။
ထိုအချိန် မြင်းများ စီးလာသည့် လူတစ်စုသည် ယွဲ့ခယ်လိုင် စားသောက်ဆိုင်တွင်းသို့ ရေးကြီးသုတ်ပျာနှင့် ဝင်ရောက် လာကြလေသည်။ လူအုပ်ကို ဦးဆောင်သူမှ ဆန်းချင်းစန်း ဖြစ်လေသည်။
သူက ဆန်းလျန်ကို တွေ့သည်နှင့် အမြန်သွားလိုက်ပြီး…
“မင်းကဒီမှာဘာလုပ်နေတာလဲ ၊ ဘယ်လောက် အန္တရာယ်များလဲ မင်းသိရဲ့လား”
ဆန်းအိမ်တော်မှာ သတင်းပေးသူများ ရှိလေရာ ဆန်းလျန်မှာ အစိမ်းရောင်ဝတ် လူနှင့် စားသောက်ဆိုင် တစ်ခုတည်းတွင် အတူတူ ရှိနေသည်ကို သိသည်နှင့် ဆန်းချင်စန်းမှာ အံ့သြပြီး ဒေါသထွက် သွားရလေသည်။
သူက ဆန်းလျန်ကို ကာကွယ်ရန် သက်တော်စောင့်များ ထည့်ပေး လိုက်သော်လည်း ဆန်းလျန် ဤနေရာသို့ လာလိမ့်မည်ဟု သူထင်မထားခဲ့ပေ။
သူသိသွားသည့် အခါတွင်တော့ နောက်ကျသွားပြီ ဖြစ်လေသည်။
အစိမ်းရောင်ဝတ်လူ စားသောက်ဆိုင်ထဲမှာ မထွက်ခွာသွားခင် ယွဲ့ခယ်လိုင်ကို စစ်သည်တော်များ ဝိုင်းထားသည့် အချိန်မှာပင် သူက ဆန်းလျန်ကို ကာကွယ်ပေးရန် အတင်းဝင်ရောက် လာခဲ့ခြင်း ဖြစ်လေသည်။
“ငါ့ရဲ့ဒုတိယ ဦးလေးက ငါ့အပေါ် တကယ် ဂရုစိုက်တာပဲ”
ဟုတွေးလိုက်မိလေသည်။
တစ်ချိန်တည်းမှာပဲ ဆန်းလျန်က မေးလိုက်လေသည်။
“ဒီမှာ ဘာလာလုပ်တာလဲ ဒုတိယဦးလေး”
ဆန်းချင်းစန်းမှာ ဆန်းလျန်ကို လျှို့ဝှက် မထားတော့ဘဲ…
“အဲဒီ အစိမ်းရောင်ဝတ် လူက မင်းရဲ့အစ်ကို ဝမ်းကွဲနှစ်ယောက်ကို သတ်လိုက်တဲ့သူပဲ… ဆန်းအိမ်တော်က သူ့ကို အလွတ်ပေးမှာ မဟုတ်ဘူး”
ထိုအချိန်တွင် ဝါးရွက်စိမ်း ဂိုဏ်းချုပ် ရောက်လာပြီး ရယ်မောလိုက်ရင်း…
“ဆန်းဒုတိယသခင် သူကဘယ်သူလဲ”
ဆန်းချင်းစန်းက…
“ဒါ ကျုပ်တူလေး ဆန်းလျန်ပါ”
ဟုဖြေလိုက်လေသည်။
သူက ဆန်းလျန်ဘက်သို့ လှည့်လိုက်ပြီး…
“ဒီလူက ဝါးရွက်စိမ်း ဂိုဏ်းချုပ် အန်းဂိုဏ်းချုပ်ပဲ”
ဟုမိတ်ဆက် ပေးလိုက်လေသည်။
ဝါးရွက်စိမ်းဂိုဏ်းနှင့် ဆန်းအိမ်တော်မှာ အဖြူနှင့် အမည်းပမာ ဖြစ်လေသည်။ ပိုပြီး ကြွယ်ဝချမ်းသာပြီး စွမ်းအားကြီးသူမှာ ဆန်းအိမ်တော်ပင် ဖြစ်လေသည်။ အန်းဂိုဏ်းချုပ်က ဆန်းလျန်ကို စူးစမ်းသလို ကြည့်လိုက်ပြီး…
“ကောလာဟလတွေ ပြောနေကြတဲ့ အဖေဘယ်သူမှန်းမသိ မွေးခဲ့တဲ့သားလား”
ဟုမေးလိုက်လေသည်။
ဆန်းလျန်ပုံစံက နူးညံ့သိမ်မွေ့ပြီး ကျက်သရေ ရှိလေသည်။ ဆန်းလျန်မှာ ထိုကဲ့သို့ ကိစ္စမျိုးကို မေးခြင်းခံလိုက် ရသော်လည်း အခြားသော လူငယ်များကဲ့သို့ ထိတ်လန့် သွားခြင်းမျိုး မရှိသည်ကို ကြည့်ရင်း အန်းဂိုဏ်းချုပ်မှာ ဆန်းလျန်ကို အထင်ကြီး သွားမိလေသည်။