Switch Mode

အခန်း ( ၉၉ )

တရားမဝင်နတ်မင်းတစ်ပါး၏ ကြောက်ရွံ့မှု

ကောင်းကင်ခွင်းတောင်ပေါ်ရှိ ကျိုးနတ်ဝိဇ္ဇာကိုးပါးတို့ နေထိုင်ရာနေရာသို့ လီချန်ရှို့သည် တုနတ်ဝိဇ္ဇာခန်းမမှ ပြန်ရောက်လာသည်။ သူသည် ကျိုးဝူနှင့် ကျိုးရှစ်တို့ကို မတွေ့သလို အခြား ကျိုးနတ်ဝိဇ္ဇာများကိုလည်း မတွေ့ပေ။ သူတို့သည် အလုပ်ကိစ္စများရှိ၍ ဂိုဏ်အတွင်းရှိ နေရာအနှံ့အပြားသို့ ရောက်နေကြ၏။

ဆရာဒေါ်လေးကျိုးကျိုးသည် အရက်မူးမပြေသေးဘဲ ခုတင်ဘေးတွင် အိပ်ပျော်နေဆဲပင်။ လီချန်ရှို့သည် သူမကို အနှောင့်အယှက်မပေးလိုက်တော့ပေ။
‘ ဆရာဒေါ်လေးကို ငါ ကုတင်ပေါ် တင်ပေးလိုက်ရမလား… ’

သူသည် ထိုကဲ့သို့ အထင်လွဲခံရနိုင်ခြေရှိသည့် ကိစ္စမျိုးကို လုပ်လေ့မရှိပေ။ ထို့ပြင် သူသည် ဆရာဒေါ်လေး၏ အဆောက်အအုံတစ်ဝိုက်ကို လှည့်ပတ်လိုက်၏။ မကြာခင် ထိုအဆောက်အအုံအပြင်ရှိ ကာကွယ်မန္တန်အစီအရင်များ၏ သဘောတရားများကို သူ နားလည်သွားလေသည်။ သူသည် အပြင်ရှိ မန္တန်အစီအရင်များ၏ အောက်ခြေကို ဆက်စပ်လိုက်ပြီးနောက် မန္တန်အစီအရင်များကို အသက်သွင်းကာ ဆရာဒေါ်လေး၏ လူမြင်ရန်မသင့်တော်သည့် အိပ်ပျော်နေသောမြင်ကွင်းကို ကာပေးလိုက်လေ၏။

ထိုနေရာရှိ မန္တန်အစီအရင်များသည် ဆရာဦးလေးကျိုးဝူ၏ လက်ရာများပင်ဖြစ်ရပေမည်။ မန္တန်အစီအရင်များသည် ဆရာဦးလေးကျိုးဝူ ဆင်လေ့ရှိသည့် ပုံစံများဖြစ်၏။

ထို့နောက် လီချန်ရှို့သည် လက်တိုလက်တောင်းလုပ်ရသည့် တပည့်တစ်ယောက်ကိုရှာ၍ ထိုတပည့်ထံမှ ဝိညာဉ်အခြေတည်ဆေးလုံးများကို တောင်းယူလိုက်လေသည်။ အတန်ကြာ စကားစမြည်ပြောပြီးသောအခါ သူနှင့်လင်းအယ်သည် ချုံတောင်လေးသို့ ပြန်သွားပြီဖြစ်ကြောင်း ဆရာဒေါ်လေးကျိုးကျိုးကို ပြောပေးရန် မှာကြားလိုက်ပြီး သူသည် လင်းအယ်ကိုသယ်၍ တိမ်ပေါ်တွင်လှဲစေကာ သူပျံသန်းသွားလာနေကျဖြစ်သော သင့်တင့်သော အမြင့်မှပျံသန်းကာ ချုံတောင်လေးဆီသို့ ပြန်သွားလိုက်လေတော့သည်။

ရိုးရိုးသားသားဆိုရလျှင် ချုံတောင်လေးသည် မထင်မရှားတောင်လေးတစ်လုံးသာ ဖြစ်၏။ လီချန်ရှို့သည် ထိုအခြင်းအရာအတွက် ကျေနပ်သော်လည်း မည်သူမှပင် သူတို့တောင်လေးကို သံသယမဝင်ကြသဖြင့် လီချန်ရှို့၏ အသေးစိတ် ကြိုတင်ပြင်ဆင်ထားမှုများသည် အလကားဖြစ်သွားရလေ၏။ သို့သော် ထိုပြင်ဆင်ထားသည်များကို မသုံးလိုက်ခြင်းမှာ ကောင်းသော ကိစ္စပင်။

လီချန်ရှို့သည် ကျဆုံးသူများအတွက် အထိမ်အမှတ်ကျောက်ပြားတွင် သူ့ဆရာ၏ အမည်ကို မမြင်လိုက်ရခြင်းမှာ တော်သေးပေသည်။ မဟုတ်လျှင် သူ့ဆရာကို သူ မည်သို့ ရှင်းပြရမည်ကိုပင် မသိဖြစ်သွားပေလိမ့်မည်။

စက္ကူကိုယ်ပွား သုံးရုပ်၏ ရုပ်တုများကို မည်မျှပင် အမွှေးတိုင်ထွန်း အရိုအသေပေးနေစေကာမူ မည်သည့်ပြဿနာမှ ဖြစ်ပေါ်လာမည်မဟုတ်ပေ။

ထိုအရာသည် အထိမ်းအမှတ် ရုပ်တုများသာဖြစ်သည်။ ထိုအမွှေးတိုင် ပူဇော်မှုမှနေ၍ မည်သည့်ကုသိုလ်မှ ရမည်မဟုတ်ချေ။

လီချန်ရှို့သည် ချုံတောင်လေးပေါ်ရှိ တဲအိမ်သို့ ပြန်ရောက်သောအခါ လင်းအယ်ကို အရင်ဆုံး နှိုးလိုက်သည်။ ခေတ္တမျှဆွေးနွေးပြီးသွားသောအခါ သူတို့နှစ်ဦးသည် သူတို့၏ဆရာကို ဒေါသပြေသွားစေရန် သူတို့ ကြိုတင်ပြင်ဆင်ထားသည် ပထမအစီအစဉ်အတိုင်းသာ လုပ်ရန် ဆုံးဖြတ်လိုက်ကြ၏။

လီချန်ရှို့သည် ခုတင်ပေါ်တွင် လှဲနေလိုက်၏။ သူ၏ နှုတ်ခမ်းများသည် ခြောက်ကပ်လာပြီး သူ၏မျက်လုံးများသည်လည်း ကြောင်တောင်တောင်ဖြစ်လာ၏။ သူ၏ မျက်လုံးများထဲတွင် ဆွေးမြေ့မြေ့ အရိပ်အယောင်များ ရှိနေလေသည်။

လင်းအယ်သည် သူမဆရာ၏ တဲလေးသို့ ပြေးသွားလိုက်ပြီး တရားထိုင်ခုံပေါ်တွင် ဒူးထောက်ကာ သူမ၏ဆရာကို အိတ်ထဲမှ ထုတ်ပေးလိုက်၏။
“ ဘယ်သူက ငါ့ကို ချုပ်ထားရဲတာလဲကွ… ”

“ ငါ့ ဓမ္မရတနာတွေရဲ့ အစွမ်းကို ကြည့်ကြစမ်း… ”
ချီယွမ်သည် အိတ်အတွင်းမှ ခုန်ထွက်လာပြီး သူ၏ မြင်းမြီးနှင်တံကို မြှောက်လိုက်ပြီး ဒေါသတကြီး လှည့်ပတ်ကြည့်ရှုလိုက်၏။ သူ ခေါင်းငုံ့ကြည့်လိုက်ရာ တရားထိုင်ခုံလေးပေါ်တွင် ဒူးထောက်နေသော သူ၏ တပည့်မလေးကို တွေ့လိုက်ရလေသည်။

လင်းအယ်၏ မျက်လုံးများသည် ရဲတွတ်နေပြီး နှုတ်ခမ်းလေးကိုလည်း ခပ်ဖွဖွကိုက်ထားလေသည်။ သူမသည် သူမ၏ပေါင်ကို မသိမသာ ဆွဲစိတ်လိုက်၏။ သူမ၏ ကျင့်ကြံခြင်းအဆင့် အစစ်အမှန်ကိုလည်း ဖော်ပြထား၏။
“ ဆရာ… ”

ချီယွမ် ကြောင်သွားသည်။ ထို့နောက် သူသည် တပည့်နှစ်ဦး၏ အဆိပ်ခတ်ခြင်း ခံခဲ့ရသည်ကို ပြန်အမှတ်ရသွား၏။

ချီယွမ်သည် သူ၏ နတ်အာရုံကိုသုံးပြီး ပတ်ဝန်းကျင်ကို အာရုံခံလိုက်ရာ ဘေးရှိ တဲအိမ်ထဲတွင် သူ၏ တပည့်ကြီးသည် ခုတင်ပေါ်တွင် လှဲနေကြောင်း သိလိုက်ရ၏။

သူက မေးလိုက်သည်။
“ လင်းအယ်… မင်းဘာတွေ ဖြစ်နေတာလဲ… မင်းရဲ့ အစ်ကိုကြီးကရော ဘာဖြစ်နေတာလဲ ”

“ ဆရာ… လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ဂိုဏ်းကို မိစ္ဆာတွေ အလစ်ဝင်တိုက်ကြပါတယ်။ အစ်ကိုကြီးက ဆရာ မိစ္ဆာတွေကို ထွက်တိုက်မှာစိုးလို့ လင်းအယ်နဲ့ ဆရာ့ကိုခေါ်ပြီး တိုက်ပွဲကနေ ဝေးရာကို ပို့ပေးပါတယ်… အစ်ကိုကြီးက… ”
လင်းအယ် စကားမဆုံးခင် ချီယွမ်သည် လီချန်ရှို့၏ ခုတင်လေးသို့ လျင်မြန်စွာ သွားလိုက်လေသည်။

ချီယွမ်သည် ဒဏ်ရာအပြင်းအထန်ရနေသော တပည့်ကို ကြည့်ကာ ရင်ထဲတွင် နောင်တများဖြင့် ပြည့်နေလေတော့သည်။ သူသည် ဆေးပုလင်းအမြောက်အမြားကို အသည်းအသန်ထုတ်လိုက်၏။ သို့သော် သူသည် မည်သည့်ဆေးအမျိုးအစား သုံးရမည်ကို မသိပေ။ လီချန်ရှို့သည် မျက်လုံးဖွင့်လိုက်ပြီး နူးနူးညံ့ညံ့ပြောလိုက်၏။
“ ဆရာ… ”

“ အေး…ငါဒီမှာရှိပါတယ်… ”
ချီယွမ်သည် အသံတုန်တုန်ယင်ယင်ဖြင့် ပြန်ဖြေလိုက်သည်။
“ ဆရာရှိတယ် ဟုတ်ပြီလား… မင်းပြောစရာတစ်ခုခုရှိရင် ပြော… ”

“ ကျွန်တော် အဆင်ပြေပါတယ်… ”
လီချန်ရှို့သည် အသံဩဩဖြင့် ပြောလိုက်ပြီး သက်ပြင်းသဲ့သဲ့ချလိုက်၏။
“ ကျွန်တော် ဆရာ့ကို အဆိပ်ခတ်လိုက်မိပါတယ်… ”

“ ကိစ္စမရှိပါဘူး… ကိစ္စမရှိပါဘူး… မင်းက ငါ့အတွက် စဉ်းစားပြီး လုပ်လိုက်တာပဲ… ငါဘယ်လိုလုပ် နားမလည်ဘဲနေမလဲ ”
ချီယွမ်သည် ခုတင်ဘေးတွင် ဝင်ထိုင်လိုက်ပြီး လီချန်ရှို့၏ လက်ကောက်ဝတ်ကို ကိုင်ကာ ဂရုတစိုက် စစ်ဆေးလိုက်သည်။

တာအိုရသေ့အိုကြီး၏ မျက်နှာထားသည် ရုတ်ခြည်းပြောင်းလဲသွား၏။ သူ့တပည့်၏ ကိုယ်အတွင်းရှိ နတ်တန်ခိုးများသည် သူ့ထက်ပင် စင်ကြယ်သန့်ရှင်းနေ၏။ ထိုနတ်တန်ခိုးသည် မူလနတ်ဝိဇ္ဇာအဆင့်ရှိသူ တစ်ဦးတွင် ရှိသည့် နတ်တန်ခိုးများပင်။ သို့သော် ထိုနတ်တန်ခိုးများသည် အနည်းငယ် အားနည်းနေကြောင်း ချီယွမ်အာရုံခံမိလိုက်၏။

ထိုအခိုက်တွင် လီချန်ရှို့၏ ကိုယ်ရောင်ကိုယ်ဝါသည် အလွန်အမင်း ပရမ်းပတာ ဖြစ်နေလေသည်။ သူ၏ နှလုံးသည် ဗုံတစ်လုံးကဲ့သို့ တဒုတ်ဒုတ်ခုန်နေ၏။ သေချာအာရုံစိုက်လေ့လာကြည့်သောအခါ ထိုနှလုံးခုန်သံသည် ဂီတစည်းချက်တစ်ခုကဲ့သို့ပင် ထင်ရလေသည်။

လီချန်ရှို့တစ်ယောက် မချိပြုံး ပြုံး၍ ပြောလိုက်သည်။
“ ဆရာ… ကျွန်တော် အဆင်ပြေပါတယ်… ဆရာစိတ်ပူဖို့ မလိုပါဘူး ”

ချီယွမ်၏ မျက်ဝန်းများထဲတွင် အပြစ်ရှိသလိုခံစားနေရသည့် အရိပ်အယောင်များဖြင့် ပြည့်နေ၏။ သူ သက်ပြင်းချ၍ ပြောလိုက်သည်။
“ အာ… ငါအသုံးမကျတာပါ… ငါ မင်းနဲ့ လင်းအယ်ကို မကာကွယ်ပေးနိုင်ခဲ့ဘူး။ မင်းနဲ့ လင်းအယ်ကိုတောင် ငါ့ကို ပြန်ကာကွယ်စေလိုက်သေးတယ်… ”

“ ဆရာ… ကျွန်တော်က ဆရာ့ကို အဆိပ်ခတ်ပြီး သတိမေ့သွားအောင် လုပ်လိုက်လို့ပါ… မဟုတ်ရင် ဆရာသေချာပေါက် ကျွန်တော်တို့ကို ကာကွယ်…အဟွတ်..အဟွတ်… ”

ချီယွမ်သည် လျင်မြန်စွာ ပြန်ပြောလိုက်သည်။
“ အဲ့ကိစ္စက အသေးအဖွဲလေးပါ… ငါမင်းကို အပြစ်မတင်ပါဘူး..မပြစ်မတင်ပါဘူး ”

လီချန်ရှို့သည် နွမ်းနယ်စွာ ချောင်းဆိုးလိုက်ပြီး ခါးသက်သက်ပြုံးလိုက်၏။
“ ဆရာ… ဒါက ဘာသက်သေမှမပါတဲ့ နှုတ်ဖျားက စကားသပ်သပ်ပဲ။ ကျွန်တော် ဝမ်းနည်းမှာဆိုးလို့ ဆရာလိမ်ပြောနေတာမလား၊ ကျွန်တော် ဆရာ့ကို အဆိပ်ခတ်ခဲ့မိတာကို တကယ်အပြစ်ရှိသလို ခံစားနေရတာပါ… ”

“ ငါ… အင်း… ငါဒီတစ်ခေါက် မင်းကို အပြစ်မတင်ဘူးဆိုတာ ကျိန်တယ်ကွာ… ”

“ ဆရာက ဘာကို တိုင်တည်ပြီး ကျိန်မှာလဲ… ”

“ ကြီးမြတ်တဲ့ တာအိုတရားကြီးကို တိုင်တည်ပြီး ကျိန်မှာပေါ့… ”

“ ဆရာ… ဆရာက ကျေးဇူးတော်ဂါထာကို မရွတ်ရင် ကြီးမြတ်တဲ့ တာအိုတရားက ဘယ်လိုလုပ် ဆရာကျိန်တာကို သိမှာလဲ ”

“ အေးပါ… ငါရွတ်ပါ့မယ်..အမ်… ”
ချီယွမ် ကြောင်သွား၏။ သူသည် ခုတင်ပေါ်တွင် လှဲနေသော လီချန်ရှို့ကို ကြည့်လိုက်သည်။

လီချန်ရှို့သည် မျက်စိမပွင့်တပွင့်ဖြစ်နေပြီး အသက်မျှင်းမျှင်းသာ ရှူနေလေသည်။ သူ ထပ်မံ၍ နွမ်းနယ်စွာ ချောင်းဆိုးလိုက်၏။ တာအိုရသေ့အိုကြီးသည်တဲအပြင်ဘက်တွင် ခိုးကြောင်ခိုးဝှက် ချောင်းကြည့်နေသော လင်းအယ်ကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူသည် နတ်အာရုံကိုသုံးကာ ချုံတောင်လေးကို လှည့်ပတ်၍ အာရုံခံလိုက်သည်။ သူသည် အခြေအနေကို သဘောပေါက်သွား၏။

ချီယွမ်က အေးစက်စက် ပြောလိုက်၏။
“ ချန်ရှို့… ချီငြိမ်မန္တန်က မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ပေးရုံပဲ မဟုတ်ဘူးထင်တယ်… ”

“ ဆရာ.. ကျွန်တော်… ”

“ အဟိ… ”
ရုတ်တရက် တဲအပြင်မှနေ၍ အသံတစ်သံ ထွက်ပေါ်လာ၏။ လင်းအယ်သည် မရယ်မိစေရန် အောင့်ထားသော်လည်း အသံအနည်းငယ် ထွက်သွားခြင်းပင်။

ချီယွမ် ဆွံ့အသွား၏။

လီချန်ရှို့သည် ချောင်းဟန့်လိုက်ပြီး တိတ်တဆိတ်ထထိုင်လိုက်သည်။ သူသည် သူ၏ဆရာကို နှစ်လိုဖွယ်ပြုံးပြလိုက်၏။
“ ဆရာ… ကျွန်တော် တကယ်အဆင်ပြေပါတယ်..ဟီးဟီး ”

“ ဟင် မျိုးမစစ်လေး… ”
ချီယွမ်သည် သူ၏ မြင်းမြီးနှင်တံကို မ၍ လီချန်ရှို့ကို ရိုက်လိုက်လေသည်။ လီချန်ရှို့သည် ရှောင်၍ တံခါးဆီသို့ ပြေးသွားလိုက်၏။ သို့သော် တံခါးဝသို့ ရောက်သောအခါ လင်းအယ်၏ တားဆီးခြင်းကို ခံလိုက်ရလေတော့သည်။

“ အစ်ကိုကြီး… ညီမလေးကို အကြင်နာတရားမရှိဘူးလို့ အပြစ်မတင်ပါနဲ့… ”
လင်းအယ်သည် ပြုံး၍ တဲအတွင်းရှိ ချီယွမ်ကို အော်ပြောလိုက်သည်။
“ ဆရာ… လင်းအယ် အစ်ကိုကြီးကို မိထားပြီး… အဲ့အဆိပ်ခတ်တာကလည်း အစ်ကိုကြီးက လင်းအယ်ကို အတင်းလုပ်ခိုင်းလို့ လုပ်လိုက်ရတာပါ။ ဆရာက တုနတ်ဝိဇ္ဇာဂိုဏ်းက ကျင့်ကြံသူတစ်ဦးအနေနဲ့ ရန်သူတွေကို ထွက်သတ်သင့်တယ်လို့ လင်းအယ် အမြဲပြောဖူးတယ်မလား… ဒါပေမဲ့ အစ်ကိုကြီးပြောတာက ဆရာက ဘာဗျူဟာမှုမသုံးဘဲ သူ့ထက် အဆင့်မြင့်တဲ့ ရန်သူတွေကို ထိပ်တိုက် တိုက်မယ့်သူတဲ့… ”

လီချန်ရှို့သည် လင်းအယ်ကို စူးစူးရှရှ ကြည့်လိုက်၏။ ချီယွမ်သည် အနောက်မှနေ၍ သူ့အနားသို့ ရောက်လာ၏။ သူသည် မြင်းမြီးနှင်တံကို မြှောက်၍ ကျယ်လောင်စွာ အော်လိုက်သည်။ ထို့နောက် သူသည် ထိုနှင်တံဖြင့် လီချန်ရှို့၏ တင်ပါးကို ရိုက်လိုက်လေသည်။

အကယ်၍ လီချန်ရှို့သာ အမှန်တကယ် ထွက်ပြေးလိုလျှင် အလွယ်လေး ထွက်ပြေးနိုင်၏။ ထိုအခိုက်တွင် လီချန်ရှို့သည် သူ့ဆရာ ဒေါသဖြေနိုင်ရန် တမင် အရိုက်ခံလိုက်ခြင်းပင်။

သူသည် တဖြန်းဖြန်းအသံ အချို့ကြားလိုက်ရပြီး အရိုက်ခံရနေကျ သူ၏ ခန္ဓာကိုယ်အရေပြားသည်လည်း နီရဲယောင်ကိုင်းသွားလေတော့သည်။

လီချန်ရှို့အတွက်လည်း မသက်သာပေ။ သူ့ဆရာ ရိုက်နေချိန်တွင် သူ၏ ကိုယ်တွင်းမှ နတ်တန်ခိုးများထွက်လာပြီး သူ့ဆရာကို ထိခိုက်သွားမည်စိုး၍ သူ၏ နတ်တန်ခိုးများကို ဖိနှိပ်ထားရ၏။

ခေတ္တမျှကြာပြီးနောက်…
လီချန်ရှို့နှင့် လင်းအယ်သည် သူတို့ဆရာ၏ ရှေ့တွင် ရိုရိုကျိုးကျိုး ဒူးထောက်နေကြ၏။

ချီယွမ်သည် တရားထိုင်ခုံပေါ်တွင် ထိုင်၍ မျက်မှောင်ကြုတ်က လီချန်ရှို့ ပြောသည်ကို နားထောင်နေပေသည်။

သူ၏ ဒေါသများသည် နားမလည်နိုင်ခြင်းသို့ ပြောင်းသွားပြီး ထိုမှတဆင့် နာလည်ခြင်းသို့ ထပ်မံပြောင်းသွားလေသည်။ ချီယွမ်သည် လီချန်ရှို့ ပြောသည်များကို နားထောင်နေစဉ်အတွင်း မျက်နှာထား အမျိုးမျိုး ပြောင်းလဲနေ၏။

လီချန်ရှို့ စကားဆုံးသွားသောအခါ ချီယွမ်က ပြောလိုက်သည်။
“ အကြောင်းပြချက်က အဲဒါလား ”

သူသည် တစ်စုံတစ်ခု လွဲနေကြောင်းသိသော်လည်း မည်သည့်အရာက လွဲနေကြောင်း ထောက်မပြနိုင်ဖြစ်နေ၏။

“ ဆရာ… ကျွန်တော် ပြောတာ အမှန်တွေပါပဲ ”
လီချန်ရှို့နှင့် လင်းအယ်သည် ပြိုင်တူခေါင်းညိတ်ပြလိုက်သည်။ ချီယွမ်တစ်ယောက် အတွေးနက်နေ၏။

ဘေးတွင် ဒူးထောက်နေသော လင်းအယ်သည် သူမ၏ နှုတ်ခမ်းကို မသိမသာစေ့လိုက်၏။ သို့သော် ဤကဲ့သို့သော အခြေအနေတွင် သူမ၏ အစ်ကိုကြီးကို စကားပြောခွင့်ပေး၍ မရကြောင်း သူမသိလေသည်။ မဟုတ်လျှင် အစ်ကိုကြီးသည် ကြမ်းပိုးကို လိပ်ဖြစ်အောင် လှည့်ပတ်ပြောပေလိမ့်မည်။

သူမ၏ဆရာသည် သူ့ကို မည်သူ အဆိပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိ၏။ သို့သော် သူသည် အဆိပ်ခတ်ခံရရန် ထိုက်တန်သည်ဟု ခံစားနေရပုံပေါ်၏။ အကယ်၍ သူ သတိမမေ့နေသဖြင့် တိုက်ပွဲအတွင်း ဝင်ရောက်တိုက်ခဲ့လျှင် ဂိုဏ်းမှ နတ်ဝိဇ္ဇာများ၏ တိုက်ကွက်ကို ဝင်နှောင့်ယှက်သလိုသာဖြစ်ပြီး ဟာကွက်များ ဖော်ပေးသလိုသာ ဖြစ်မည်ဟု တွေးနေခြင်း ဖြစ်နိုင်၏။ သူ့အတွက်နှင့် အခြားသူများ၏ ကြိုးစားမှုများပါ ရေစုန်မြောရပေလိမ့်မည်။ ချီယွမ် သက်ပြင်းချလိုက်သည်။ ထို့နောက် သူသည် လီချန်ရှို့၏ အကြံပေးချက်ကို လက်ခံလိုက်ပြီး ပိုင်ဖန်ခန်းမဆီသို့ ပျံသန်းသွားလိုက်လေတော့သည်။

သူသည် ချုံတောင်လေး၏ တောင်ထိပ်သခင်တစ်ပါးအနေဖြင့် သူ ကူညီလုပ်ကိုင်ပေးနိုင်သည်များ ရှိလေသလောဟု မေးမြန်းရပေမည်။

သူမ၏ ဆရာထွက်သွားပြီးနောက် လင်းအယ်သည် ကျောရိုးတစ်လျှောက်တွင် အေးစက်စက်ခံစားလိုက်ရပြီး ထိတ်လန့်နေပေသည်။
“ အစ်…အစ်ကိုကြီး… ”

“ ညီမလေး… ”
လီချန်ရှို့၏ အပြုံးသည် လွန်စွာဖော်ရွေကာ နူးညံ့ပေသည်။
“ ညီမလေးက အတောင်အလက်စုံလာတော့ အစ်ကိုကြီးရဲ့ စကားကို မနာခံတော့ဘူးပေါ့လေ… ဟမ်… ”

လင်းအယ်သည် မျက်မှောင်ကြုတ်၍ တခစ်ခစ်ရယ်လိုက်ပြီး တီးတိုးပြောလိုက်၏။
“ အဲဒါက အစ်ကိုကြီး သင်ပေးထားတာတွေကြောင့်ပဲလေ..အစ်ကိုကြီးရဲ့… အစ်ကိုကြီးပဲ နှစ်ယောက် ဒုက္ခရောက်တာထက် တစ်ယောက်ပဲ ဒုက္ခရောက်တာ ပိုကောင်းတယ်လို့ သင်ပေးထားတာမဟုတ်လား… ညီမလေး ဘာမှားလို့လဲ ”

“ ဟမ်… ”
လီချန်ရှို့သည် ဖြည်းဖြည်းချင်းထရပ်လိုက်ပြီး တင်ပါးကို လက်ဖြင့် ပွတ်လိုက်သည်။ ထို့နောက် နတ်တန်ခိုးများကို ကိုယ်အတွင်း စီးဆင်းစေလိုက်ပြီး သူဆရာရိုက်ထားသော ပြင်ပအရှိုးရာများကို ပျောက်သွားအောင်လုပ်လိုက်၏။
“ အစ်ကိုကြီး… ညီမလေး ဆေးလိမ်းပေးရမလား ”

“ တော်ပါ..အခုမှ… ”
လီချန်ရှို့သည် သူ၏ ညီမလေးကို စနောက်၍ လက်စားချေရန် ပြင်လိုက်စဉ် တစ်စုံတစ်ခုကို ခံစားလိုက်ရသဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

လီချန်ရှို့သည် လက်ယာလက်ကို အင်္ကျီလက်အတွင်းသို့ ရုတ်၍ လက်ချောင်းများကိုထိကာ တွက်ချက်မှုအချို့ ပြုလုပ်လိုက်သည်။ သူပို၍ မျက်မှောင်ကြုတ်သွား၏။

ဤအကြိမ်တွင် ဆရာဦးလေးကျိုးဝူ တစ်ခုခုဖြစ်ခြင်း မဟုတ်ပေ။ သူသည် ဆရာဦးလေးကျိုးဝူကို အာရုံခံ ကြွေပုလင်းကဲ့သို့ ပစ္စည်းမျိုး ထပ်မပေးထားရသေးချေ။

လီချန်ရှို့သည် ရုတ်တရက်ကြီး အန္တရာယ်အငွေ့အသက်ကို ခံစားနေရ၏။

သူသည် လင်းအယ်ကို ကြည့်၍ ပြောလိုက်သည်။
“ လင်းအယ်… တဲအပြင်ကို သွားပြီး ဆော့နေလိုက်… အစ်ကို တရားထိုင်ပြီး တွေးစရာ ကိစ္စလေးပေါ်လာလို့… ”

“ ဟုတ် … ”
လင်းအယ်သည် သူမ၏ အစ်ကိုကြီးတွင် အရေးကြီးကိစ္စတစ်ခု ရှိနေကြောင်း သိလိုက်သည်။ သူမသည် ‘ဆော့နေလိုက်’ ဟုအပြောခံရခြင်းကို သိပ်မကျေနပ်သော်လည်း ရိုရိုကျိုးကျိုးပင် နာခံလိုက်ပြီး လီချန်ရှို့၏ တဲအိမ်အတွင်းမှ ထွက်သွားလိုက်လေသည်။

လီချန်ရှို့သည် တဲအပြင်ရှိ မန္တန်အစီအရင်များကို အသက်သွင်းလိုက်ပြီး တရားထိုင်ခုံလေးပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်၏။ သူသည် နတ်အာရုံကိုသုံး၍ အာရုံခံလိုက်ပြီး အန္တရာယ်အငွေ့အသက် ဖြစ်ပေါ်လာသည့် အရင်းအမြစ်ကို လေ့လာလိုက်သည်။

တစ်စုံတစ်ခု ဖြစ်သွား၏…

ပင်လယ်စောင့်နတ်မင်းဘုံကျောင်းတွင် တစ်စုံတစ်ခု ဖြစ်သွားခဲ့၏။

သူ့ရုပ်တုတစ်ခု၏ လက်တစ်ဖက် ဖျက်ဆီးခံလိုက်ရ၏။

လီချန်ရှို့သည် ထိုအခြင်းအရာကို အာရုံခံမိလိုက်ရာ အစပိုင်းတွင် ဝမ်းသာသွား၏။ ထိုသို့သာဆိုလျှင် သူ၏ ရုပ်တု(၁၆၀၀) ကျော်ထဲမှ တစ်ရုပ် ပျောက်ကွယ်သွားပေလိမ့်မည်။ သို့သော် ဆက်၍ အာရုံခံကြည့်သောအခါ သူမပြုံးနိုင်တော့ပေ။

သူ့ကို ကိုးကွယ်သော လူများနေသည့်ရွာတစ်ရွာအတွင်းရှိ ဘုံကျောင်းအသေးလေးတစ်ခုတွင် သေမျိုး အုပ်စုနှစ်စုသည် ဓားများကို ကိုင်ကာ တစ်ဖက်နှင့်တစ်ဖက် ခုတ်နေကြ၏။ ဘုံကျောင်းတစ်ခုလုံးတွင်လည်း သွေးချင်းချင်းနီနေပေပြီ။

ထိုရန်ပွဲသည် ဘုံကျောင်းများအကြားက ရန်ပွဲပင်။ လီချန်ရှို့သည် ထိုသို့ဖြစ်လာနိုင်ကြောင်း ရှေးကတည်းကပင် တွေးမိခဲ့၏။ သို့သော် ဘုံကျောင်းများ အကြားမှ ပြဿနာသည် ဓားဖြင့်ခုတ်ရ လောက်သည်အထိ ကြီးထွားလာလိမ့်မည်ဟု သူ မမျှော်မှန်းထားခဲ့ပေ။ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းအတွက် သူတို့၏ အသက်၊ သွေးများကိုပင် ရင်း၍ ကာကွယ်နေသော သေမျိုးများပင် ရှိလာခဲ့ပြီ ဖြစ်၏။

ခေတ္တမျှကြာသောအခါ သူ၏ မူလဝိညာဉ် ပတ်ပတ်လည်တွင် အနက်ရောင်အလင်းတန်းများ ရစ်သိုင်းနေပြီး သူ၏ လက်ကောက်ဝတ်တွင် ရစ်ပတ်နေကြောင်း လီချန်ရှို့ တွေ့လိုက်ရ၏။ ထိုအရာသည် အကုသိုလ်များပင်။

လီချန်ရှို့သည် သူ ဖုံးကွယ်ထားသော အမွှေးတိုင်ပူဇော်မှုမှ ရသည့် ကုသိုလ်များကို ထုတ်လိုက်ပြီး အနက်ရောင်အလင်းတန်းများကို တိုက်ထုတ်လိုက်၏။ ကုသိုလ်နှင့် အကုသိုလ်တို့သည် ရောယှက်သွားပြီး ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေတော့သည်။

ကုသိုလ်နှင့် အကုသိုလ်…

“ ဘာတွေလဲကွာ… ”
လီချန်ရှို့သည် ထိုင်နေရင်းပင် ရယ်ရအခက် ငိုရအခက် ဖြစ်သွားသည်။ မကြာခင် သူစတင်၍ သေသေချာချာ ဆင်ခြင်သုံးသပ်လိုက်လေသည်။

အမွှေးတိုင်ပူဇော်မှုမှ ကုသိုလ်ရခြင်းဆိုသည်မှာ သေမျိုးများကို “ တရားပြခြင်း ” နှင့် “ကာကွယ်ပေးခြင်း” တို့မှ ရသည့် ကုသိုလ်ကို အလွယ်ခေါ်ခြင်းဖြစ်၏။ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းကြောင့် တောင်သမုဒ္ဒရာ ကမ်းရိုးတန်းရှိ ရွာများသည် စည်းလုံးလာကြပြီး တစ်ရွာနှင့်တစ်ရွာ အကူအညီပေးလာကြ၏။ ထို့ကြောင့် လောကကြီး၏ တည်ငြိမ်မှုအတွက် အကျိုးရှိစေလေသည်။

ထို့ပြင် နေရာတော်တော်များများမှ လူများသည် သူ့ကို ကိုးကွယ်လာကြပြီး အမွှေးတိုင်များ ပူဇော်လာကြ၏။ ထို့ကြောင့် ကောင်းကင်တာအိုသည် သူ့ကို “တရားမဝင်” နတ်မင်းတစ်ပါးအဖြစ် အသိအမှတ်ပြုခဲ့၏။ သူ့အား လူအများက ကိုးကွယ်နေသဖြင့် အသိအမှတ်မပြုချင်၊ ပြုချင်နှင့် အသိအမှတ်ပြုလိုက်ရခြင်းသာ ဖြစ်သည်။

သို့သော် ယခုတွင် ဘုံကျောင်းများအကြားမှ ပဋိပက္ခများကြောင့် သေမျိုးလောကတွင် သေဆုံးမှုကို ဖြစ်စေသည့် ရန်ပွဲများ ဖြစ်ပေါ်လာသဖြင့် သူသည် အကုသိုလ်များကို ရနေပေပြီ။ သေဆုံးမှုများ၊ ဒဏ်ရာအနာတရ ဖြစ်ပွားခြင်းများတို့မှ ဖြစ်ပေါ်လာသော ကမ္မနှောင်ကြိုးများသည် အကုသိုလ်များအဖြစ် ပြောင်းလဲသွားပြီး ထိုရန်ပွဲများ၏ အကြောင်းခံဖြစ်သော “တရားမဝင်” နတ်မင်းလေး လီချန်ရှို့ထံသို့ လာရောက် ရစ်နွယ်ခြင်းပင်။

“ ဒီကိစ္စကို ဖြေရှင်းမှ ရတော့မယ် ”
လီချန်ရှို့သည် ဆက်ထိုင်နေပြီး အတွေးနက်နေလေသည်။ လက်ရှိ သူ့တွင် ပြီးပြည့်စုံမှုမရှိသေးသော သူ၏ စက္ကူကိုယ်ပွားများ ရှိနေပေပြီ။ အကယ်၍ မိုးပျံမြေရှိုးနိုင်သော ဓမ္မရတနာများကို သူ ငှားရမ်း၍ ရခဲ့လျှင် တောင်သမုဒ္ဒရာသို့ သွားရမည့် ခရီးအတွက် စက္ကူကိုယ်ပွားများအတွင်း၌ သိုလှောင်ထားသော နတ်တန်ခိုးများကို သုံးရန်မလိုတော့သဖြင့် တောင်သမုဒ္ဒရာတွင် သူအလိုရှိသည့် ကိစ္စများကိုလုပ်ရန် စက္ကူကိုယ်ပွားများအတွင်း၌ နတ်တန်ခိုး လုံလုံလောက်လောက် ကျန်လိမ့်ပေမည်။

‘ ငါ့ရဲ့ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းတွေကို ဖျက်ဆီးပစ်ဖို့ ဘယ်လိုလုပ်ရင်ကောင်းမလဲ။ အဲ့ အမွှေးတိုင်ပူဇော်မှုကနေ ကုသိုလ်ရတာကို ယူမယ့်အစား ကောင်းကင်ဘုံခုံရုံးမှာ တာဝန်ထမ်းဆောင်လို့ ကုသိုလ်ရတာကို ပိုယူချင်တာပေါ့။ အဲဒီကုသိုလ်ကမှ သန့်စင်ပြီး သက်တောင့်သက်သာရှိတာ ”

‘ အခုက အနောက်ကျောင်းတော်က ရန်လာရှာမှာကိုလည်း ကြောက်နေရသေးတယ်။ ဒီလို ဆက်နေလို့တော့ မရတော့ဘူး… ’

‘ အခု သေချာတွေးကြည့်မှ ငါက ကိုးကွယ်ခံနေရတဲ့ ‘တရားမဝင်’ နတ်မင်းတစ်ပါး ဖြစ်မှန်းမသိ ဖြစ်နေပါပေါ့လား။ ဒါကိုတောင် ငါက ငါ့ဘုံကျောင်းကို ငါ ဖျက်ဆီးပစ်ချင်နေသေးတယ်။ ငါက တော်တော် ထူးဆန်းတဲ့ကောင်ပဲ… ’

“ အင်း… ငါသေသေချာချာ ပြင်ဆင်မှရမယ် ”
လီချန်ရှို့သည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး စတင်၍ သေသေချာချာ တွေးတောလိုက်လေသည်။
‘ ပင်လယ်စောင့်နတ်မင်းကို အသုံးချပြီး လုပ်စားနေတဲ့ အဲ့ရှုံးရွာကို ရွာသူ၊ ရွာသားတွေကို အဲဒီလို ဆက်မလုပ်နိုင်အောင် ငါတော်တော်လေး ခြောက်လှန့်ပစ်မှရမယ် ’

ရက်အနည်းငယ်ကြာပြီးနောက် ကောင်ကင်ခွင်းတောင်တွင် အိပ်ပျော်နေရာမှ နိုးလာသော ကျိုးကျိုးသည် အခန်း၏ သစ်သားတံခါးလေးကို တွန်းဖွင့်လိုက်ပြီး တံခါးအပြင်တွင် မတ်တတ်ရပ်နေလေသည်။ သူမသည် မန္တန်အနည်းငယ်ကို ဆက်တိုက်ရွတ်လိုက်သော်လည်း အပြင်ရှိ မန္တန်အစီအရင် နံရံကြီးသည် တုတ်တုတ်ပင် မလှုပ်ချေ။

‘ ဟမ်… ’
ကျိုးကျိုးသည် နောက်လှည့်၍ အခန်းအတွင်းကို ကြည့်လိုက်သည်။ အခန်းသည် ရှင်းလင်းနေသဖြင့် သူမ မယုံနိုင်ဖြစ်သွားသည်။

‘ ဒါ…ဒါ ငါ့အခန်းရော ဟုတ်ရဲ့လား ’
ကျိုးကျိုးသည် မျက်မှောင်ကြုတ်လိုက်ပြီး ကိစ္စများသည် ထိုမျှ မရိုးရှင်းနိုင်ကြောင်း သိသွား၏။

******

ရွှေနတ်လိပ်ကျွန်း၊

“ ဟန်ကျစ်… ညီမ ဒီလိုပဲ ဆက်နေလို့ မရဘူးလေ… ”
အောင်းရိသည် ပူဆွေးသောက ရောက်နေ၍ ချုံးချုံးကျနေသော မိန်းကလေးကို ကြည့်၍ နူးညံစွာပြောလိုက်သည်။
“ အစ်ကိုနဲ့အတူ ဟိုဟိုဒီဒီ လျှောက်သွားကြမလား… ညီမ အရှေ့သမုဒ္ဒရာရဲ့ ရှုခင်းတွေကို ရိုးနေပြီဆိုရင် အစ်ကိုတို့ အနောက်သမုဒ္ဒရာတို့၊ တောင်သမုဒ္ဒရာတို့ကို သွားလို့လည်း ရတာပဲ။ သမုဒ္ဒရာလေးစင်းလုံးမှာ ရှုခင်းလှတဲ့နေရာတွေ အများကြီးရှိတယ်။ ညီမဒီလို စိတ်ဓာတ်ကျပြီး ဆက်နေ,နေလို့တော့ မဖြစ်ဘူး ”

ဟန်ကျစ်သည် သက်ပြင်းချ၍ ခါးသက်သက်ပြုံးလိုက်၏။
“ ညီမရဲ့ ဆရာက တကယ်ကို… ”

“ တကယ်တော့ အခြေအနေက ဒီလောက်လည်း မဆိုးပါဘူး…”
အောင်းရိ ဖြတ်ပြောလိုက်၏။

“ ဆရာဦးလေးယွမ်ကျဲက ပြန်ဝင်စားပြီးပြီဆိုရင် ပြန်ပြီး ကျင့်ကြံနိုင်မှာပဲလေ… သူက သားရဲတစ်ကောင်ဖြစ်နေတော့ရော ဘာဖြစ်သေးလဲ… ”

“ သူ့မှာ ကံကောင်းမှုနဲ့ ကံကြမ္မာကောင်း များများစားစား မရှိမှာ တစ်ခုပါပဲ။ သူ ကျင့်ကြံခြင်း အဆင့်မြင့်လာရင် လူ့အသွင်ပြောင်းပြီး ကြီးမြတ်တဲ့တာအိုတရားကို ဆက်ကျင့်ကြံလို့ရတာပဲ… ပြီးတော့ ဒီလို တွေးကြည့်… ”
အောင်းရိသည် မျက်လုံးပင့်ကာ ခေတ္တမျှတွေးတောပြီးနောက် ဆက်ပြောလိုက်သည်။
“ ဆရာဦးလေးယွမ်ကျဲတစ်ယောက် အခုမှ ပြန်ဝင်စားတာဆိုတော့ သူအချိန်တော်တော်ကြာအောင် စကားပြောနိုင်ဦးမှာ မဟုတ်ဘူး။ အဲဒီလိုဆို သူ ပြဿနာလည်း မကြုံနိုင်တော့ဘူးပေါ့ ”

ဟန်ကျစ်သည် မျက်တောင်ခတ်၍ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ အဲဒါတော့ အမှန်ပဲ ”

အောင်းရိသည် သူမကို ဆက်၍ ဖြောင်းဖြလိုက်ရာ ဟန်ကျစ် နည်းနည်း စိတ်သက်သာရာရလာလေသည်။

သူမသည် သက်ပြင်းချ၍ ညင်ညင်သာသာပြောလိုက်သည်။
“ ဒီလိုဆိုတော့လည်း အပြင်ကို ခဏလောက်သွားကြတာပေါ့။ ညီမလည်း စိတ်အပန်းဖြေချင်တယ်… ညီမကို အခုလို အဖော်ပြုပေးတာ ကျေးဇူးတင်ပါတယ် အစ်ကိုအောင်းရိ ”

“ ဒါက အစ်ကိုလုပ်ပေးရမယ့် တာဝန်ပါ… ကျေးဇူးတင်စရာမလိုပါဘူး… ”
အောင်းရိက ပြုံး၍ ပြောလိုက်သည်။
‘ ငါမင်းကို မင်းရဲ့ဆရာကိုယ်စား သေချာပေါက် ကောင်းကောင်း စောင့်ရှောက်မှာပါ ’

ခေတ္တမျှကြာပြီးနောက် လူရိပ်နှစ်ခုသည် ရွှေနတ်လိပ်ကျွန်းမှနေ၍ ပျံသန်းထွက်ခွာသွားလေသည်။ သူတို့သည် ခြေဦးတည့်ရာအတိုင်း ဖြည်းညင်းစွာ ပျံသန်းသွားလေတော့သည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset