မနက်စောစောတွင် နှစ်ခြိုက်စွာ အိပ်ပျော်နေသော လန်လင်းအယ်သည် အော်သံတစ်သံကြောင့် နိုးလာ၏။
သူမသည် ကျိုးကျိုးအော်လိုက်သောအသံကို အိပ်ချင်မူးတူးဖြင့် ကြားလိုက်ရသည်။
“ ဟာ..ဟီးဟီးဟီး… ငါ ဉာဏ်အလင်းပွင့်သွားပြီ။ လင်းအယ် အဲဒါကို မင်း အစ်ကိုကြီးကို ပြောပြလိုက်ဦး။ ငါ အခန်းအောင်းကျင့်ကြံဖို့ ပြန်တော့မယ် ”
“ အိုး…ဟမ်… အိပ်ရာနိုးနိုးချင်း ဉာဏ်အလင်းပွင့်သွားတာလား ”
လင်းအယ်က အိပ်မှုံစုံမွှားဖြင့် ပြန်ပြောလိုက်သည်။ သူမမျက်စိကောင်းကောင်း ပွင့်သွားချိန်တွင် ကျိုးကျိုးသည် ဖိနပ်ရှာနေပြီဖြစ်သည်။
ထိုအခိုက်တွင် ဆရာဒေါ်လေးကျိုးကျိုးသည် အတန်ငယ် စိတ်လှုပ်ရှားနေ၏။ သူမ၏ကျင့်ကြံခြင်းအဆင့်သည် ကောင်းကင်နတ်မင်းအဆင့်သို့ ခိုင်ခိုင်မာမာခြေတစ်လှမ်း တက်လှမ်းနိုင်ခဲ့ပေပြီ။ သူမသည် တဲအိမ်လေးထဲမှ အပြေးထွက်သွားပြီး အရက်အိုးကြီးအပေါ်တက်ကာ ကောင်းကင်ခွင်းတောင်သို့ ကတိုက်ကရိုက် ပြန်သွားလေတော့သည်။
“ ငါ အခန်းအောင်းကျင့်ကြံတာက ထွက်လာရင် ဆေးဖော်တာမှာ ဆက်ကူညီပေးမယ်လို့ မင်းရဲ့ အစ်ကိုကြီးကို ပြောလိုက်ဦးနော်… ”
လန်လင်းအယ်သည် ကုတင်ပေါ်တွင် အတန်ကြာ အိပ်ချင်မူးတူးဖြစ်နေဆဲပင်။ နှစ်ကြိမ်သမ်းပြီးနောက် သူမသည် မှန်တင်ခုံသို့သွားလိုက်၏။
သူမသည် ဆရာဒေါ်လေး၏ ယမန်နေ့က အပြုအမူများကို ပြန်တွေးမိသောအခါ ပြုံး၍ သက်ပြင်းချလိုက်ရသည်။
‘ နတ်ဝိဇ္ဇာဖြစ်သွားရင် တော်တော်အပူအပင်ကင်းသွားတာပဲ ’
“ ညီမလေး ”
သူမ၏ နားအတွင်းသို့ အသံပို့လွှတ်မှုတစ်ခု ဝင်လာရာ သူမသည် အလိုလို တုန့်ပြန်လိုက်သည်။
“ ဟုတ်ကဲ့ ”
လီချန်ရှို့ က ဆက်၍ အသံပို့လွှတ်လိုက်သည်။
“ ဆရာဒေါ်လေးပြောသွားတာတွေ အစ်ကိုကြားပြီးပါပြီ။ အစ်ကိုလည်း သုံးလလောက် အခန်းအောင်းကျင့်ရမယ်။ အဲဒါပြီးရင်တော့ ဂိုဏ်အပြင်ကို သွားရမယ်။ ညီမလေး ဆေးလုံးတွေ လိုသေးလား။ အစ်ကိုက သုံးနှစ် ကနေ ငါးနှစ်လောက်အတွင်းမှ ဂိုဏ်းကိုပြန်လာမှာ ”
‘ အစ်ကိုကြီးက ကောင်းကင်ပြစ်ဒဏ်ခံဖို့ ဂိုဏ်းပြင်ပကို သွားမှာထင်တယ် ’
လန်လင်းအယ်သည် ခေတ္တမျှဝမ်းသာသွားပြီးနောက် ပြန်၍ ဝမ်းနည်းသွားကာ နှုတ်ခမ်းစူလိုက်၏။ သူမသည် အစ်ကိုကြီးအတွက် ဝမ်းသာသွားခြင်းဖြစ်ပြီး သုံးနှစ်ကျော် ငါးနှစ်အတွင်းမှ ပြန်လာမည်ဆို၍ ဝမ်းနည်းသွားခြင်းဖြစ်သည်။ ဂိုဏ်းသို့ ရောက်ကတည်းက အစ်ကိုကြီးသည် သူမကို ထိုမျှအကြာကြီး ခွဲမသွားဖူးချေ။
“ ညီမ ဘာမှမလိုပါဘူး။ အစ်ကိုကြီးသာ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ ”
လန်လင်းအယ်က ခပ်တိုးတိုး ပြောလိုက်သည်။
အသံပို့လွှတ်မှုထဲတွင် ရယ်သံသဲ့သဲ့ ပါလာ၏။ လီချန်ရှို့က သူမကို သတိပေးလိုက်သည်။
“ အစ်ကို မသွားခင် ဆရာ့ကိုနှိုးပြီးတော့ နောက်နှစ်နည်းနည်းအတွင်း အခန်းအောင်းမကျင့်ဖို့ ပြောခဲ့မယ်။ ဟိုဟိုဒီဒီတွေ လျှောက်သွားမနေနဲ့နော်။ အရင်က အစ်ကိုအမြဲသင်ပေးခဲ့တာတွေကို မမေ့စေနဲ့။ သူများအနိုင်ကျင့်တာလည်း မခံရစေနဲ့ ”
“ ဟုတ်ကဲ့ပါ အစ်ကိုကြီး။ အဲဒါတွေကို အစ်ကိုကြီး အခန်းအောင်းကျင့်တာက ထွက်လာမှ ပြောလည်းရပါတယ် ”
လန်လင်းအယ်က မျက်စောင်းထိုးလိုက်၏။
“ အစ်ကိုကြီးက ခိုးကြောင်ခိုးဝှက် သွားမလို့လား ”
လီချန်ရှို့သည် ဆေးဖော်ဆောင်ထဲတွင် ရယ်မောလိုက်ပြီး အသံဆက်၍ မပို့လွှတ်တော့ချေ။
သူ၏လက်ဖဝါးမှ ထွက်နေသော အပြာရောင်အလင်းတန်းကလေးကို သူ ငုံ့ကြည့်လိုက်သည်။
တာအိုပေါင်းစည်းခြင်း နဝမအဆင့်နားသို့ ဤမျှမြန်မြန် နီးကပ်လာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ယခုအခါတွင် သူ၏တာအိုလမ်းစဉ်သည် အလျင်အမြန်တိုးတက်နေပြီး အချိန်မရွေး တဟုန်တိုး ဖောက်ထွက်သွားရန် ဟန်ရေးပြင်နေ၏။ သို့သော် သူ ဆက်၍ ဖုံးကွယ်ထားနိုင်သည်ဖြစ်ရာ တော်သေးသည်။
တာအိုပေါင်းစည်းခြင်း နဝမအဆင့်သို့ ရောက်ရှိတော့မည်ဖြစ်သဖြင့် မကြာခင် သူ ကောင်းကင်ပြစ်ဒဏ်ခံရတော့ပေမည်။
ကောင်းကင်ပြစ်ဒဏ်ခံယူရန်အတွက်လည်း သူ ပြင်ဆင်ထားပြီး ဖြစ်၏။
လီချန်ရှို့သည် ကောင်းကင်ပြစ်ဒဏ်ကို ဂိုဏ်းပြင်ပသွား၍ ခံယူရန် ဆုံးဖြတ်ခဲ့သည်မှာ ကြာပေပြီ။ ပထမအကြောင်းမှာ သူ၏ ကျင့်ကြံခြင်းအဆင့်အစစ်အမှန်ကို မဖော်ပြလို၍ဖြစ်သည်။ ဒုတိယအကြောင်းကား သူ ကောင်းကင်ပြစ်ဒဏ်ခံယူနေသည်ကို အခြားသူများ လာကြည့်မည်ကို မလိုလားသောကြောင့်ဖြစ်သည်။
ကောင်းကင်ပြစ်ဒဏ်ခံယူခြင်းသည် သူ့ကိစ္စသာဖြစ်ပြီး တောင်ကာမန္တန်အစီအရင်ကို မထိခိုက်နိုင်ပေ။
သူ ကောင်းကင်ပြစ်ဒဏ်ခံယူသည်ကို ကြည့်မည့်သူမရှိသော ဂိုဏ်းကဲ့သို့လုံခြုံမှုရှိသည့် လျှို့ဝှက်နေရာတစ်ခုကိုရှာရပေမည်။
သို့သော် သူ ဂိုဏ်းမှ အပြင်သို့ ထွက်လိုလျှင် အကြောင်းပြချက်ကောင်းတစ်ခု ပေးရမည်ဖြစ်၏။
လီချန်ရှို့ သက်ပြင်းဖွဖွ ချလိုက်သည်။
“ တော်သေးတယ်… ငါးတွေရှိသေးလို့ ”
******
တုနတ်ဝိဇ္ဇာဂိုဏ်းသည် နတ်ဝိဇ္ဇာမဖြစ်သေးသော တပည့်များအပေါ်တွင် စည်းကမ်းတင်းကြပ်၏။ ထိုတပည့်များ၏ အပြုအမူအပြောအဆို၊ ကျင့်ကြံခြင်းများနှင့် လုံခြုံရေးတို့ကို အမြဲတစေ ဂရုတစိုက် စောင့်ကြည့်နေကြသည်။
တုနတ်ဝိဇ္ဇာဂိုဏ်း၏ တပည့်များအကြားတွင် လီချန်ရှို့သည် ဗလာနတ္ထိ ဒုတိယအဆင့်ရောက်နေသော ထူးချွန်သည့် တပည့်တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူအနေနှင့် ဂိုဏ်းပြင်ပသို့ ထွက်ရန် မလွယ်လှချေ။
ထို့ကြောင့် သူ မြောက်ကျွန်းသို့ ဆေးပင်သွားရှာရန် ကြိုတင်ပြင်ဆင်တွေ့ဆုံပွဲကို အသုံးချခဲ့ရခြင်း ဖြစ်သည်။
ကောင်းကင်ပြစ်ဒဏ်ခံယူရန်အလို့ငှာ ဂိုဏ်အပြင်သို့ ထွက်ရန်အတွက် လီချန်ရှို့သည် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်၏။ တပည့်များသည် မိဘများသေဆုံးသွားသောအခါ အုတ်ဂူကိုအရိုအသေပေး ကန်တော့ရန် မိမိတို့ဇာတိသို့ ပြန်ခွင့်ရှိသည်။
သူသည် ဂိုဏ်းသို့ရောက်ကတည်းမှ ပြင်ပလောကနှင့် အဆက်အဆံ ဖြတ်ထားခဲ့၏။ ထို့ကြောင့် သူ၏မိသားစုနှင့်လည်း အဆက်အသွယ်မရှိခဲ့ချေ။ သို့သော် လူ၏နှလုံးသားသည် အသွေးအသားများနှင့် ဖွဲ့စည်းထားခြင်းပင်။ တာအိုနှလုံးသားသည်ပင် လောကီကိစ္စများကို ခံစားရပေသည်။
လူသားမျိုးနွယ်မှ ဘိုးဘေးများသည် သစ္စာစောင့်သိမှုနှင့် မိဘဆွေမျိုးများအပေါ် သိတတ်မှုကို အထင်ကြီးလေးစားခဲ့သည်။ ကျင့်ကြံသူများသည် သေမျိုးလောကနှင့် အဆက်ဖြတ်ထားသော်လည်း သူတို့အားမွေးထုတ်ပေးခဲ့သော မိဘများအတွက်မူ ပူဆွေးနိုင်ပေသည်။ သူတို့၏ အုတ်ဂူသို့သွား၍ အရိုအသေပေး ကန်တော့သင့်ပေသည်။
တုနတ်ဝိဇ္ဇာဂိုဏ်းသည်လည်း အလယ်ကျွန်းရှိ ဂိုဏ်းကြီးများကို အတုယူ၍ ထိုကိစ္စကို ခွင့်ပြုပေးထားခဲ့၏။
သေမျိုးလောကမှ ဂိုဏ်းသားအသစ်တစ်ယောက် ဂိုဏ်းသို့ရောက်လာလျှင် ဂိုဏ်းပြင်ပကိစ္စများကို ကိုင်တွယ်ရသော စစ်ဆေးရေးမှူးသည် ထိုဂိုဏ်းသားအသစ်၏ မိသားစုကို စောင့်ရှောက်ပေးရ၏။ ဂိုဏ်းသားအသစ်၏ မိဘများထံသို့ ဆယ်နှစ်တစ်ခါသွား၍ သူတို့စားဝတ်နေရေးအတွက် ရွှေငွေများပေးရ၏။ ထိုမိဘများကို သူတို့သားသမီး ဂိုဏ်းတွင်မည်သို့ နေထိုင်နေကြောင်းများကိုလည်း ပြန်ပြောပြရသည်။ ထို့ပြင် နေမကောင်းလျှင်သောက်ရန် ဆေးလုံးများကိုပေး၍ ကံဆိုးခြင်းများကိုကာကွယ်ရန် အဆောင်များကိုလည်း ပေးရ၏။ သို့သော် သူတို့၏ သက်တမ်းကိုတော့ မဆွဲ့ဆန့်ပေးချေ။
ရှင်ခြင်း၊ သေခြင်းသည် ကံတရားသာဖြစ်ပြီး ရေစက်သည်လည်း အကန့်အသတ်ရှိ၏။ တုနတ်ဝိဇ္ဇာဂိုဏ်းသည် မလိုလားအပ်သော ကြမ္မာနှောင်ကြိုးများကို တွယ်ညိမခံနိုင်ပေ။
ဂိုဏ်းမှတပည့်တစ်ဦး၏ မိဘများသေဆုံးသွားသည်ဆိုလျှင် ဂိုဏ်းသည် ထိုတပည့်ကိုအကြောင်းကြားပေး၍ မိဘများ၏ အုတ်ဂူသို့အရိုအသေပေးကန်တော့၍ သေမျိုးလောကနှင့် လုံးဝအဆက်အဆံဖြတ်ရန် မိမိဇာတိသို့ သုံးနှစ်ပြန်ခွင့်ပြုလေသည်။
လွန်ခဲ့သော(၁၈)နှစ်က ဂိုဏ်းသည် သူ၏ မိဘများသေဆုံးသွားပြီဖြစ်ကြောင်း လီချန်ရှို့ကို အကြောင်းကြားခဲ့သည်။
တောင်ကျွန်းရှိ ရေကြည်ရာြမက်နုရာ သွားတတ်သောမျိုးနွယ်မှ နွားကျောင်းသမားများသာ ဖြစ်သော သူ၏သာမန်မိဘများသည် တုနတ်ဝိဇ္ဇာဂိုဏ်း၏စောင့်ရှောက်မှုကြောင့် အသက်တစ်ရာကျော်အထိ သက်တောင့်သက်သာ မဖျားမနာနှင့် နေခဲ့ရသည်။
လီချန်ရှို့က ဤဘဝရှိ သူ၏မိဘများနှင့် သိပ်၍မရင်းနှီးပေ။ သူ၏ဆရာသည် သူ ငယ်ငယ်ကတည်းက ဂိုဏ်းသို့ခေါ်လာခြင်းဖြစ်သည်။ သူ၏မိဘများသည် ဂိုဏ်းမှ ထောက်ပံ့မှုများကို ရသဖြင့် တစ်သက်တာလုံး ဖျားနာမှု၊ ကံဆိုးမှုများနှင့် မကြုံရဘဲ အေးအေးချမ်းချမ်း နေသွားရသည်။ သူ၏မိဘများ သေဆုံးသွားပြီဖြစ်ကြောင်း ဂိုဏ်းမှ သူ့ကို အကြောင်းကြားသောအခါ လီချန်ရှို့သည် မိဘများ၏ အုတ်ဂူရှိရာသို့ ချက်ချင်းသွားလိုခဲ့၏။ သို့သော် သူသည် ကောင်းကင်ပြစ်ဒဏ်ခံယူရန် ဂိုဏ်းပြင်ပသို့ သွားစရာအကြောင်း ရှိသေးသဖြင့် အုတ်ဂူသို့သွားမည့် အရေးကို ခေတ္တဆိုင်းငံ့ထားခဲ့ရသည်။
ယင်းအစီအစဥ်သည် သိပ်တော့ စိတ်မချရသေးပေ။
အကယ်၍ ဂိုဏ်းပြင်ပတာဝန်များကို လုပ်ဆောင်ရသော စစ်ဆေးရေးမှူးသည် အလုပ်ကိစ္စတစ်ခုခုကြောင့် သူ၏ ဇာတိကို ဖြတ်သွားစရာလိုခဲ့လျှင် မိဘများ၏ အုတ်ဂူကို ကန်တော့ရန် ဇာတိသို့ သုံးနှစ်ပြန်လာသော သူ့အား လာရောက်တွေ့ဆုံပေလိမ့်မည်။
လီချန်ရှို့သည် ထိုအတွက်လည်း ပြင်ဆင်ထားပြီးဖြစ်၏။ သူသည် တပည့်များအရေးကို တာဝန်ယူရသော ပိုင်ဖန်ခန်းမမှ အကြီးအကဲများနှင့် ရင်းနှီးလေသည်။
သူသည် ထိုအကြီးအကဲများနှင့် အမှန်ပင် ဆက်ဆံရေးကောင်းမွန်၏။
ထိုအကြီးအကဲများသည် တခြားအကြီးအကဲများနှင့် မတူချေ။
ပိုင်ဖန်ခန်းမရှိ အကြီးအကဲများသည် အတုမဲ့နတ်ဝိဇ္ဇာအိုကြီးများ ဖြစ်သည်။ ဥပမာအနေဖြင့် ဂိုဏ်းပြင်ပ ကိစ္စများကို တာဝန်ယူရသော အကြီးအကဲကောကို ကြည့်နိုင်ပေသည်။
တုနတ်ဝိဇ္ဇာဂိုဏ်း၏ ရာထူးကြီးသော အကြီးအကဲများသည် တောင်ထိပ်ပေါင်းစုံတွင် ကျင့်ကြံနေကြ၏။ သူတို့သည် ထိုကိစ္စသေးလေးများအတွက် အာရုံနောက်မခံပေ။ သူတို့သည် ကောင်းကင်နတ်မင်းအဆင့်ရှိသူများဖြစ်၍ ဂိုဏ်းတွင် ပို၍ အာဏာရှိကြ၏။
သုံးလကြာပြီးနောက် …
လီချန်ရှို့သည် အခန်းအောင်းကျင့်ကြံနေသော သူ၏ဆရာကို အော်၍ခေါ်ကာ သူ့မိဘများ၏ အုတ်ဂူကို အရိုအသေပေး ကန်တော့ရန် ဇာတိသို့ပြန်မည်ဖြစ်ကြောင်းပြော၍ ထိုအချိန်အတွင်း ညီမလေးကိုလည်း ဂရုစိုက်ပေးရန် ပြောလိုက်၏။
တာအိုရသေ့အိုကြီး ချီယွမ်သည် သူ့ကို အလွယ်တကူပဲ ခွင့်ပြုလိုက်သည်။ သူသည် ထိုအကြောင်းကို သေချာပင်မတွေးဘဲ လီချန်ရှို့ကိုပင် သေမျိုးလောကနှင့် ကြမ္မာနှောင်ကြိုးများကို စောစီးစွာ အပြီးဖြတ်ခဲ့၍ တာအိုတရား ကျင့်ကြံရာတွင် ပိုပြီး အာရုံစိုက်ရန်ပင် မှာလိုက်သေးသည်။
လန်လင်းအယ်မူကား သူမ၏ အစ်ကိုကြီးနှင့် မခွဲနိုင်ဖြစ်နေကာ ခပ်တိုးတိုး မေးလိုက်သည်။
“ အဲ့…အဲ့ကို အစ်ကိုကြီးနဲ့ အတူလိုက်ခဲ့လို့ ရလားဟင် … ”
“ ညီမက ဘာလို့လိုက်ချင်ရတာလဲ ”
လီချန်ရှို့က ပြုံး၍ ပြောလိုက်ရာ လန်လင်းအယ်သည် အဖြေကို ချက်ချင်းသိသွားလေတော့သည်။ သူမသည် ခေါင်းငုံ့လိုက်၏။ အစ်ကိုကြီးနှင့် ခွဲရန် သူမ အဆင်သင့် မဖြစ်သေးပေ။
လီချန်ရှို့က ရေကန်အတွင်းမှ ဝိညာဉ်ငါးနည်းနည်းကို ဖမ်းလိုက်ပြီး အင်္ကျီလက်အတွင်းသို့ ထည့်ကာ တိမ်ဖြူတစ်အုပ်ကို စီး၍ ကောင်းကင်ခွင်းတောင်သို့ ထွက်သွားလေတော့သည်။
လန်လင်းအယ်သည် ရေကန်ဘေးတွင် တိတ်တဆိတ်ရပ်ကာ အစ်ကိုကြီး၏ ကျောပြင်ကို ငေးကြည့်ကာ ရင်ထဲမှ ဆုတောင်းလိုက်သည်။
‘ အစ်ကိုကြီး ကောင်းကင်ပြစ်ဒဏ်ကိုအန္တရာယ်မရှိဘဲ အောင်အောင်မြင်မြင် ကျော်လွှားနိုင်ပါစေ ’
ထို့နောက် တဲအိမ်သို့ ပြန်ကာ နေ့ဝက်ခန့် တရားကျင့်နေလိုက်သည်။
လီချန်ရှို့သည် ပိုင်ဖန်ခန်းမသို့ရောက်သောအခါ သူနှင့်ရင်းနှီးသော အကြီးအကဲကိုရှာ၍ မိဘများ၏ အုတ်ဂူကို ကန်တော့ရန် ဇာတိသို့ ပြန်လိုကြောင်းပြောလိုက်၏။ ထိုနေ့တွင်တာဝန်ကျသူ ဖြစ်သည့် အကြီးအကဲဝေသည် သူ့အား ဝမ်းမြောက်ဝမ်းသာပင် ခွင့်ပြုလိုက်သည်။
“ ချန်ရှို့… မင်းရဲ့ မိသားစုက တောင်ကျွန်းက အရှေ့မြောက်အရပ်မှာ နေတယ်ဆိုတာ ငါမှတ်မိတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အကြီးအကဲတစ်ယောက်လည်း ကိစ္စတစ်ခုရှိလို့ မနက်ဖြန် တောင်ကျွန်းကို သွားလိမ့်မယ်။ သူ့ကို မင်းကိုပါ ခေါ်သွားဖို့ ငါပြောပေးမယ် ”
“ အာ… အဲဒါက… ”
လီချန်ရှို့သည် အင်္ကျီလက်အတွင်းမှ ဝိညာဉ်ငါးအနည်းငယ်ကို ထုတ်၍ ဆက်ပြောလိုက်သည်။
“ တကယ်တော့ ကျွန်တော် အကြီးအကဲကို တောင်းဆိုစရာလေးရှိသေးတယ် ”
“ ကောင်စုတ်လေး… ”
အကြီးအကဲဝေသည် ရုတ်ခြည်းပင် မျက်နှာဝင်းလက်သွားပြီး ရေလုံးတစ်ခုထဲထည့်ထားသော ဝိညာဉ်ငါးများကို လှမ်းယူလိုက်သည်။ ထို့နောက်သူသည် ကြွေအိုးတစ်လုံးကိုယူ၍ ငါးများကို ထိုထဲတွင် ခေတ္တထည့်ထားလိုက်၏။
“ တချို့လူတွေကတော့ သဘောကောင်းတယ်။ တချို့တွေက အရက်သောက်ရတာကြိုက်တယ်၊ တချို့ကတော့ အစားကောင်းအသောက်ကောင်းကို ကြိုက်တယ်။ ဒီငါးတွေကို ဒီအရည်အသွေးရအောင် မွေးရတာ မလွယ်ဘူး။ ဒီငါးတွေက မြွေခေါင်းဟင်းလိုပဲ အရမ်းအရသာရှိတယ် ”
ဝေအကြီးအကဲသည် ပြုံး၍ ဆက်ပြောလိုက်သည်။
“ ပြောလေ… ဘာအကူအညီတောင်းမလို့လဲ ”
“ ကျွန်တော် ဒီအခွင့်အရေးကို အသုံးချပြီး နှစ်နည်းနည်းလောက် တောင်ကျွန်းမှာ လျှောက်သွားရင်း အတွေ့အကြုံရှာချင်လို့ ”
လီချန်ရှို့က လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ ဂိုဏ်းက တာဝန်ရှိသူတွေကို ကျွန်တော့်ဇာတိကို ဝင်မကြည့်ဖို့ အကြီးအကဲပြောပေးပါလား။ ပြီးတော့ ကျွန်တော့်ဘာသာပဲ တစ်ယောက်တည်းသွားချင်လို့… ”
“ ကောင်းပြီလေ… ကိစ္စမရှိပါဘူး… ”
ဝေအကြီးအကဲသည် သူ၏ရှေ့ရှိ ဝါးပေလိပ်ကလေးကို ကောက်ယူလိုက်သည်။
“ ဝါးလိပ်တစ်ခု အကုန်သက်သာသွားတာပေါ့။ မင်းမှာက ကျင့်ကြံခြင်း အရည်အချင်းေကာင်းတွေရှိတော့ အနာဂတ်မှာ လျှောက်ရမယ့်လမ်းက အရှည်ကြီး ကျန်သေးတယ်။ ဒီတော့ ဂိုဏ်းကစည်းကမ်းတွေကို မဖောက်ဖို့၊ ပြဿနာမရှာဖို့၊ သေမျိုးလောကမှာပဲ ပျော်သွားပြီး တာအိုနှလုံးသားကို မေ့လျှော့မသွားဖို့ပဲ မှာချင်တယ် ”
လီချန်ရှို့သည် ခေါင်းတဆတ်ဆတ် ညိတ်ပြလိုက်ပြီး လက်နှစ်ဘက်ဆုပ်ကာ ပြန်ဖြေလိုက်သည်။
“ ကျေးဇူးတင်ပါတယ် အကြီးအကဲခင်ဗျာ ”
“ ဒါက ဘာမှ အပန်းမကြီးတဲ့ ကိစ္စပါ။ မင်းသွားလိုရာသာ သွားပေတော့။ စောစောသွားပြီး စောစောသာပြန်ခဲ့ ”
ဝေအကြီးအကဲသည် လက်ဟန်တစ်ခုလုပ်၍ ကျောက်စိမ်းပြားတစ်ပြားကို ထုတ်ယူလိုက်သည်။ ထိုကျောက်စိမ်းပြားသည် ဂိုဏ်ပြင်ပထွက်ခွင့် ကျောက်စိမ်းပြားဖြစ်သည်။ သူသည် ထိုကျောက်စိမ်းပြားကို လီချန်ရှို့ထံမပေးမီ သေမျိုးလောကမှ ညစ်ညမ်းချီများသည် သူ၏ တာအိုအခြေခံကို ညစ်နွမ်းစေမည်ဆိုးသဖြင့် လူရှုပ်သောနေရာများသို့ မသွားရန် မှာလိုက်သေးသည်။
ထိုအကြီးအကဲသည် လီချန်ရှို့အတွက် ဟန်ဆောင်၍ စိတ်ပူနေခြင်းမဟုတ်ဘဲ အမှန်တကယ် စိတ်ပူ၍ မှာခြင်းဖြစ်သည်။ လီချန်ရှို့သည် သူ့ကို ဤနှစ်များတွင် ဝိညာဉ်ငါး အကောင်တစ်ရာကျော်လောက် ပေးထားသည့် ကျေးဇူးရှင်လေးမဟုတ်ပါလား။
တပည့်များသည် အုတ်ဂူကန်တော့ရန် ဇာတိသို့ပြန်မည်ဟု အကြောင်းပြ၍ သေမျိုးလောကတွင် ပျော်ပါးနေသည်ကို ဂိုဏ်းမှ တာဝန်ရှိသူများက မကြာခဏ ဖမ်းမိခဲ့သည်။ ထိုတပည့်များကို ဂိုဏ်းက လစဉ်အသုံးစရိတ်လျှော့ခြင်းလောက်သာ အပြစ်ပေးခဲ့၏။ အကြီးအကဲဝေသည် ထိုကိစ္စများကို ရိုး၍နေပြီဖြစ်သည်။
လီချန်ရှို့သည် ဇာတိသို့ ပြန်၍ အုတ်ဂူကန်တော့မည့်ကိစ္စကို မှတ်တမ်းမတင်ရန် ဝိညာဉ်ငါးနည်းနည်းဖြင့် လာဘ်ထိုးခဲ့ခြင်းပင်။ စစ်ဆေးရေးမှူးများသည်လည်း ထိုအရာကို စစ်ဆေးမည် မဟုတ်ချေ။
အကြီးအကဲဝေ၏ အမြင်တွင် တပည့်ငယ်များ သေမျိုးလောကသို့ အလည်အပတ်သွားလိုခြင်းသည် ကိစ္စကြီးတစ်ခု မဟုတ်ဟု မြင်မိသည်။
သို့သော် ထိုအရာသည် လီချန်ရှို့၏ ကောင်းကင်ပြစ်ဒဏ်ခံယူမည့် အရေးတွင် အရေးကြီးသောအရာဖြစ်ပြီး အောင်မြင်မှုအတွက် ခြေလှမ်းအစလည်း ဖြစ်သည်။
******
လီချန်ရှို့သည် ကောင်းကင်ခွင်းတောင်မှ နေ၍ တိမ်ဖြူစီးကာ တောင်အရပ်သို့ပျံသွားကာ ဂိုဏ်းပြင်ပသို့ သွားရန်ပြင်လိုက်သည်။
သူသည် ကျောက်စိမ်းပြားကို ထုတ်ပြ၍ မိဘများ၏ အုတ်ဂူကိုကန်တော့ရန် ဇာတိသို့ပြန်မည် ဖြစ်ကြောင်းပြောလိုက်ရာ ဂိတ်တံခါးကို စောင့်ကြပ်နေသော နတ်ဝိဇ္ဇာသည် အပြင်တွင် ဂရုစိုက်ရန်သာ ပြော၍ သူ့ကို ဂိုဏ်းပြင်ပသို့ ထွက်ခွင့်ပြုလိုက်လေသည်။ လီချန်ရှို့သည် ထိုသူကို ကျေးဇူးတင်စကားပြောလိုက်ပြီး တိမ်ဖြူကိုစီးကာ တောင်ကာမန္တန်အစီအရင်အပြင်သို့ ပျံသန်းသွားလိုက်လေသည်။
တောင်ကာမန္တန်အစီအရင်၏ ပြင်ပ လီ(၁၀၀၀) ပတ်လည်သည် တုနတ်ဝိဇ္ဇာဂိုဏ်းနယ်မြေအတွင်းပင် ရှိသေးသည်။
ဂိုဏ်းအတွက် အသုံးဝင်သော ဝိညာဉ်ကြောများသည် ဂိုဏ်း၏ တောင်ဘက်တွင်ရှိ၏။
လီချန်ရှို့သည် တိမ်ဖြူစီး၍ လီ(၂၀၀၀)ကျော် ပျံသန်းပြီးသောအခါ တောအုပ်တစ်ခုအတွင်း၌ ဆင်းသက်လိုက်သည်။ တောအုပ်အတွင်း နှစ်ရက်မျှ လျှို့ဝှက်၍ စောင့်ကြည့်ပြီးသောအခါ ဂိုဏ်းမှ မည်သူမှ သူ့နောက်သို့ နောက်ယောင်ခံလိုက်မလာကြောင်း သေချာသွားလေ၏။ သူသည် ထို့နောက်တွင်မှ မြေကိုယ်ယောင်ဖျောက်အတတ်ကိုသုံးကာ တောင်အရပ်သို့ ဆက်သွားလိုက်သည်။
သူသည် လမ်းခရီးတစ်လျှောက် ကုန်းလမ်းခရီး၌ မြေကိုယ်ယောင်ဖျောက်အတတ်ကိုသုံး၍ ရေလမ်းခရီးတွင် ရေကိုယ်ယောင်ဖျောက်အတတ်ကိုသုံးကာ သွားခဲ့လေသည်။
သူသည် တိုက်ခိုက်နေသော ကျင့်ကြံသူများ၊ မိစ္ဆာများအချင်းချင်း တိုက်ခိုက်နေကြသော တောင်များ၊ အပျော်ရှာနေကြသောလူများကို ဖြတ်ကျော်ခဲ့ရသည်။ လူ(၁၀၀၀)ခန့် အချင်းချင်း လက်ဗလာဖြင့် တိုက်ခိုက်နေကြသည်ကိုလည်း တွေ့ခဲ့ရသေးသည်။ ထိုသူများကို ခေတ္တမျှ ရပ်၍ ကြည့်ခဲ့သေးသည်။
လီချန်ရှို့သည် မမြင်နိုင်သော သရဲတစ်ကောင်အလား လီထောင်ပေါင်းများစွာကို ဖြတ်ကျော်၍ ခရီးဆက်နေလေသည်။
လဝက်မျှကြာပြီးသောအခါ သူသည် တောင်ကျွန်း၏ မြောက်ပိုင်းရှိ မြက်ခင်းပြင်ဒေသသို့ ရောက်သွားတော့၏။ ဂိုဏ်းမှသတင်းအချက်အလက်အရ သူ့မိဘများ၏ အုတ်ဂူကို တောင်ကုန်းတစ်ခုအနားတွင် အလွယ်တကူပင် ရှာတွေ့လေသည်။
ထိုအုတ်ဂူသည် အလွန်ခမ်းနား၏။ တစ်ချက်မျှကြည့်လိုက်ရုံဖြင့်ပင် ထိုအုတ်ဂူအတွက် ငွေကုန်ကြေးကျများစွာ ခံထားကြောင်း သိနိုင်ပေသည်။ အုတ်ဂူ၏ ထောင့်တစ်နေရာတွင်လည်း တုနတ်ဝိဇ္ဇာဂိုဏ်း၏ အမှတ်တံဆိပ်ကို ထွင်းထားပြီး ထိုတံဆိပ်အောက်တွင် ‘ အကြီးဆုံးသား လီချန်ရှို့ ’ ဟု ရေးထားလေ၏။
အုတ်ဂူဘေးပတ်လည်တွင် မြက်ရိုင်းအများအပြား ပေါက်နေ၏။ လီချန်ရှို့သည် ဓားတိုလေးကိုထုတ်၍ အုတ်ဂူ ပတ်ပတ်လည်ကို သန့်ရှင်းလိုက်သည်။
ထို့နောက် သူသည် အုတ်ဂူရှေ့တွင် ဒူးထောက်လိုက်ပြီး လမ်းတွင်ပြင်ဆင်လာခဲ့သော သစ်သီးများ၊ အသားငါးများကို အုတ်ဂူရှေ့တွင် ချလိုက်သည်။ ထို့နောက် စက္ကူပိုက်ဆံနှစ်ထပ်ကို မီးရှို့ကာ အမွေးတိုင်သုံးတိုင်ထွန်းညှိလိုက်ပြီး လေးကြိမ် ကန်တော့လိုက်လေသည်။ ထိုအခါ သူ၏ ကြမ္မာနှောင်ကြိုးများ ပို၍နည်းသွားသကဲ့သို့ ခံစားလိုက်ရ၏။
ထို့နောက် သူသည် မိဘများ၏အုတ်ဂူဘေးတွင် နေရာတစ်ခုရှာ၍ တရားထိုင်ကာ ကျင့်ကြံနေလိုက်သည်။ ယင်းသည်လည်း အုတ်ဂူကို အရိုအသေပြုသည်ဟု ဆိုနိုင်ပေသည်။
(၇)ရက်ကြာပြီးနောက် လီချန်ရှို့သည် ခရီးဆက်ရန်ပြင်ဆင်လိုက်ပြီး ကောင်းကင်ပြစ်ဒဏ်ခံရန် သူ ကြိုတင်စိတ်ကူးထားသော အရပ်သို့ အလျင်အမြန် သွားလိုက်လေသည်။
ထိုနေရာသည် ဘယ်မှာနည်း။
ထိုနေရာသည် အရှေ့သမုဒ္ဒရာအတွင်း တည်ရှိ၏။ သို့သော် တောင်ကျွန်းနှင့်ထိစပ်နေသော အရှေ့သမုဒ္ဒရာ ဖြစ်သည်။
ထိုနေရာသည် သေမျိုးလောကတွင် ဖြစ်၍ ကျင့်ကြံသူအနည်းငယ်သာ ထိုနေရာသို့ ရောက်လာလေ့ရှိသည်။ သေမျိုးလောကသည် ညစ်ညမ်းချီများနှင့်ပြည့်နှက်နေကာ တည်ငြိမ်မှု မရှိပေ။ ပြဿနာရှာနေသည့် မိစ္ဆာများသည်လည်း အနည်းငယ်သာ ရှိသည်။
လူသားအများစုသည် တောင်ကျွန်းရှိ သေမျိုးလောကတွင် နေထိုင်ကြ၏။ နဂါးနန်းတော်သည် လူသားများနှင့် ထိပ်တိုက်တွေ့မိမည် စိုးသဖြင့် ထိုနေရာတွင် နဂါးတပ်များကို မထားချေ။
လီချန်ရှို့သည် ထိုသေမျိုးလောက၏ အစွန်အဖျားရှိ ကျယ်ပြန့်သော သမုဒ္ဒရာအတွင်းမှ ကျွန်းတစ်ကျွန်းတွင် ကောင်းကင်ပြစ်ဒဏ်ခံယူမည်ဖြစ်သည်။ ထိုအရပ်တွင် ကောင်းကင်ပြစ်ဒဏ်ခံယူရန် အသင့်တော်ဆုံး ဖြစ်သည်။
လီချန်ရှို့သည် အင်္ကျီလက်အတွင်းမှ သိုလှောင်ဓမ္မအဆောင်အိတ်တစ်လုံးကို ယူလိုက်ပြီး အိတ်တွင်းမှ ပစ္စည်းများကို ထုတ်လိုက်သည်။ ထိုပစ္စည်းများသည် သူပြုလုပ်ထားသော မျက်ခုံးမွေးဆွဲတံများ၊ မျက်နှာချေမှုန့်များနှင့် အခြားရုပ်ဖျက်ပစ္စည်းများဖြစ်သည်။
ထို့နောက် သူသည် ပထမဆုံးအကြိမ် ကိုယ့်ကိုယ်ကို ရုပ်ဖျက်လိုက်သည်။
သူ့မှာ ရုပ်ဖျက်ရာတွင် လိုက်နာရမည့် အခြေခံစည်းမျဉ်းများ ရှိလေသည်။ ရုပ်ဖျက်ရာတွင် ပုံရိပ်ယောင်အတတ်၊ ပုံရိပ်ယောင်မန္တန်များ သုံးရုံဖြင့် မလုံလောက်ပေ။
ပထမဦးစွာ မျက်နှာချေများဖြင့် မူလရုပ်သွင်ပျောက်အောင် ရုပ်ဖျက်ရပေမည်။ ထို့နောက် ပါးလျသော ပိုးသားမျက်နှာဖုံးတစ်ခုကို ကပ်ပြီးမှ ပုံရိပ်ယောင်အတတ်ကိုသုံး၍ ရုပ်ပြောင်းရုပ်လွှဲလုပ်ရမည် ဖြစ်သည်။ ထို့နောက် ပို၍ သေချာအောင် ပုံရိပ်ယောင်မန္တန်ကိုလည်း ရွတ်ရပေမည်။
ထိုနည်းအားဖြင့် ပညာရှင်တစ်ယောက်ပင် သူ၏ လေးထပ်ကွမ်းရုပ်ဖျက်မှုကို ဖောက်မြင်နိုင်ဘဲ သူ၏ ရုပ်ရည်အစစ်အမှန်ကို သိနိုင်မည်မဟုတ်ချေ။
ပြင်ပလောကကို လာကြသော ကျင့်ကြံသူအများစုသည် ပုံရိပ်ယောင်အတတ်ကို သုံးကြသဖြင့် သူ သုံးလျှင်လည်း မည်သူမှ အရေးထားမည် မဟုတ်ပေ။
နေ့ဝက်ခန့်ပြင်ဆင်ပြီးနောက် လီချန်ရှို့သည် အိုမင်း၍ အေးစက်စက် မျက်နှာထားရှိသည့် တာအိုရသေ့အိုကြီးအသွင် ပြောင်းလိုက်သည်။ ထို့နောက် သူသည် ကောင်းကင်ပြစ်ဒဏ်ခံယူမည့်ကျွန်းကိုရှာရန် မြေကိုယ်ယောင်ဖျောက်အတတ်ကို သုံး၍ အရှေ့သမုဒ္ဒရာဆီသို့ သွားလိုက်၏။
ထိုစဥျ …
တောင်သမုဒ္ဒရာနှင့် အရှေ့သမုဒ္ဒရာတို့ ထိစပ်ရာနေရာရှိ နတ်လိပ်ကြီးတစ်ကောင်နှင့် တူသောကျွန်းတစ်ကျွန်းမှ နတ်အလင်းတန်းများ တောက်ပနေသည်။
ထိုနတ်ကျွန်း၏ ချောင်တစ်ချောင်ရှိ ရတနာရေကန်အတွင်း၌ ရောက်လာသည်မှာ မကြာသေးသော ကျန့်ဒါဇင်ကျော်ရှည်သည့် ကောင်းကင်နဂါးလေးတစ်ကောင်သည် ရေပြင်ပေါ်သို့ မျက်လုံးလေးအနည်းငယ်ဖော်၍ ဘေးပတ်ဝန်းကျင်ကို ချောင်းမြောင်းလေ့လာနေလေသည်။
နဂါးလေးသည် ပါးစပ်အတွင်းမှ ရေပူဖောင်းများ မှုတ်ထုတ်လိုက်ပြီး သူ့မျက်လုံးများသည်လည်း ပြုံးယောင်သမ်းနေလေ၏။
‘ အရမ်းကောင်းတယ် ’
ထိုအချိန်သည် တာ့လော်နတ်မင်းမှ တာအိုတရားအကြောင်းကို သင်ကြားပေးမည့်အချိန် ဖြစ်သည်။ အနီးအနားရှိ ကျင့်ကြံသူများသည် တာအိုတရားနာရန် သွားကြပြီ ဖြစ်သည်။
‘ ခင်ဗျားတို့ကတော့ ဒီနဂါးလေးက ခြောက်နှစ်အရွယ်ကတည်းက သမုဒ္ဒရာလေးစင်းလုံးရဲ့ ရေလမ်းကြောင်းတွေကို အလွတ်ရနေလိမ့််မယ်လို့ ဘယ်ထင်မှာလဲ ’
‘ အခု ခိုးထွက်ပြီး တောင်ကျွန်းရှိတဲ့ဆီကို ဦးတည်သွားမယ်။ ပြီးရင် ညစ်ညမ်းချီတွေကို သုံးပြီး ငါရဲ့လမ်းကြောင်းကို ဖျောက်ဖို့ တောင်ကျွန်းရဲ့ ကမ်းရိုးတန်းတွေအနားကနေ အရှေ့ကျွန်းကို ဦးတည်သွားရမယ်။ ပြီးရင် ငါ တောင်ကျွန်းနဲ့ အရှေ့ကျွန်းရဲ့ နယ်စပ်ကို ရောက်သွားမှာပဲ။ အဲဒါဆို အရှေ့ကျွန်းကိုရောက်ပြီ ’
‘ ငါ့ကို တုနတ်ဝိဇ္ဇာဂိုဏ်းက တပည့်အဖြစ်လက်မခံလည်း အလယ်ကျွန်းမှာရှိတဲ့ ကျောင်းတော်သုံးကျောင်း လက်အောက်က နတ်ဝိဇ္ဇာဂိုဏ်းတစ်ဂိုဏ်းမှာ သွားတပည့်ခံလို့ ရသေးတာပဲ ’
ကောင်းကင်နဂါးလေးသည် အေးစက်စက်ရယ်မောလိုက်ပြီး ခန္ဓာကိုယ်ကို ကျုံ့လိုက်သည်။ မကြာခင် သူသည် (၁)ကျန့်ခန့်အရွယ် ဖြစ်သွားပြီး ကန်အောက်ခြေရှိ သမုဒ္ဒရာနှင့်ဆက်စပ်နေသော ရေကြောင်းရှိရာသို့ ငုပ်သွားလိုက်၏။
သူသည် ထိုနတ်ကျွန်းနှင့် ဝေးရာသို့ ရောက်သွားသောအခါ ကျွန်းအစပ်ရှိ နတ်လိပ်ကြီး၏ ဦးခေါင်းနှင့်တူသော ကျောက်ဆောင်တစ်ခုမှ ကြောက်မက်ဖွယ်ကောင်းသော မျက်လုံးကြီးနှစ်လုံး ပွင့်သွားလေသည်။
***