အခန်း (၅၀) အရှုံးကိုဝန်ခံ
ပထမတောင်ထွတ်…
ပထမတောင်ထွတ်၏ ခန်းမဆောင်တစ်ခုထဲတွင် သက်လတ်ပိုင်းလူရွယ်တစ်ယောက် မတ်တတ်ရပ်လျှက် ရှိသည်။
လူရွယ်၏ ဘေးတွင် လူငယ်တစ်ယောက်လည်း မတ်တတ်ရပ်လျှက် ရှိ၏။
လူရွယ်၏ ကျင့်ကြံခြင်းအဆင့်က နက်ရှိုင်းလှပြီး အင်မော်တယ်တစ်ပါးဖြစ်သည်မှာ ထင်ရှားလှသည်။
ထိုလူရွယ်က ပထမတောင်ထွတ်၏ တောင်သခင် ဖုန်းယီရှောက် ဖြစ်၏။
ဖုန်းယီရှောက်က…
“ခုတလော ကုချီတစ်ယောက် မတွေ့မိပါလား…”
သူ၏ အသံက သြဇာအရှိန်အဝါနှင့် ပြည့်စုံလွန်းလှသည်။
လွန်ခဲ့သည့် နှစ်ပေါင်း (၂၀၀) အတွင်း ကုချီက ပြိုင်ဘက်ကင်းသည့် ပါရမီရှင် တပည့်တစ်ယောက် ဖြစ်သည်။
ထို့ကြောင့် ပထမတောင်ထွတ်၏ တောင်သခင်က သူ့ကို အတော်လေး ဂရုစိုက်လေသည်။
ယခင်ကဆိုလျှင်… ကုချီက တောင်ပေါ်တွင် သူ၏ ဂိုဏ်းတူအစ်ကို ၊ ဂိုဏ်းတူအစ်မများကို လိုက်လံ စိန်ခေါ်နေလေ့ရှိသည်။
သို့သော်… လွန်ခဲ့သည့် လ အနည်းငယ်အတွင်း ကုချီ အသံတိတ်သွားလေသည်။
ထို့ကြောင့်… ဖုန်းယီရှောက်က သတိတရဖြင့် မေးခွန်းထုတ်လိုက်မိခြင်း ဖြစ်၏။
တောင်သခင် ဖုန်းယီရှောက်၏ ဘေးတွင်ရပ်နေသည့် လူငယ်က အလွန်ရိုသေသည့် အမူအရာဖြင့်…
“ဆရာ မသိသေးဘူးလား… ၊ ဂိုဏ်းတူညီလေးက ကောင်းကင်ရိပ်ငြိမ်ရေကန်ကိုသွားတာ အချိန် (၃)လတောင်ရှိနေပြီ… ၊ အခုချိန်ထိ ပြန်ထွက်မလာသေးဘူး…”
ထိုလူငယ်က ပထမတောင်ထွတ်မှ တပည့်တစ်ယောက်ဖြစ်ပြီး သူ၏ နာမည်က လင်အန်း ဖြစ်၏။
လင်အန်း၏ စကားကြောင့် ဖန်းယီရှောက် အံ့အားသင့်သွားပြီး…
“(၃)လတောင် ရှိပြီ… ဟုတ်လား…”
ကောင်းကင်ရိပ်ငြိမ်ရေကန်ထဲတွင် အချိန် (၃)လ နေထိုင်သည်ဆိုခြင်းမှာ သာမန်ကိစ္စတစ်ခု မဟုတ်ပေ။
မျိုးဆက်သစ်တပည့်များကြားတွင် မည်သူမှ ထိုသို့ နေထိုင်နိုင်ခြင်း မရှိပေ။
“ကျုပ် တောင်အောက်ကို ဆင်းကြည့်ဦးမယ်…”
ပြောပြီးသည်နှင့် ဖုန်းယီရှောက် နေရာမှာပင် ပျောက်ကွယ်သွားလေသည်။
ထို့နောက် ကောင်းကင်ရိပ်ငြိမ်ရေကန်နံဘေးတွင် ဖုန်းယီရှောက် ပြန်ပေါ်လာ၏။
……………
ကောင်းကင်ရိပ်ငြိမ်ရေကန် အနီးအနားတွင် တပည့်များစွာ ရှိနေကြလေသည်။
“အချိန် (၃)လတောင် ရှိပြီဟေ့… ၊ ကျုပ်ဆိုရင် ဒီနေရာမှာစောင့်နေတာ (၃)လတောင် ရှိပြီ… ၊ ဒါပေမဲ့ နဝမတောင်ထွတ်က တပည့်က ပြန်ထွက်မလာသေးဘူးကွ…”
“ကောင်းကင်ရိပ်ငြိမ်ရေကန်ထဲမှာ ရေနစ်သေတာမျိုးတော့ တစ်ခါမှ မကြားဖူးပါဘူးကွာ… ၊ ဒါပေမဲ့ အဲဒီတပည့် ရေကန်ထဲများ ရေနစ်သေနေပြီလား မသိဘူး…”
“ဒါပေမဲ့… ပထမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုကြီးလည်း အခုထိ ပြန်ထွက်မလာသေးဘူးနော်… ၊ သူ ရေကန်ထဲဝင်သွားတာ နဝမတောင်ထွတ်က ဂိုဏ်းတူညီလေးထက် တစ်ရက်လောက်ပဲ စောတာ မဟုတ်ဘူးလား…”
“သူတို့ (၂)ယောက် ပြိုင်နေကြတာများလား မသိဘူး…”
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… နဝမတောင်ထွတ်က ဂိုဏ်းတူညီလေးက ဒီလို အစွမ်းမျိုး ဘယ်လိုလုပ် ရှိနိုင်မှာလဲ…”
“အစွမ်းမရှိဘူးလို့ မင်းက ဘယ်လိုလုပ် ပြောနိုင်ရတာလဲ… ၊ သူ ရေကန်ထဲဝင်သွားတာ (၃)လတောင် ရှိပြီဆိုတာ မင်း မသိဘူးလား…”
“အေးလေ… သူ့ကို အစွမ်းမရှိဘူးပြောရအောင်… မင်းတောင် ရေကန်ထဲမှာ အဲဒီလောက်ကြာကြာ နေနိုင်လို့လား…”
“အမှန်ပဲ… အဲဒီ ဂိုဏ်းတူညီလေးက နဝမတောင်ထွတ်မှာ နေနိုင်တယ်ဆိုကတည်းက တော်ရုံမဟုတ်ဘူးဆိုတာတော့ ကျုပ်တို့ ဝန်ခံရမှာပဲ…”
“ဟုတ်တယ်ဟေ့… သူက ပါရမီရှင်တစ်ယောက် မဟုတ်ပေမယ့် သူ့ စိတ်စွမ်းအားက သာမန်မဟုတ်ဘူး…”
“အေးကွာ… (၃)လတောင် ရှိနေပြီ… အထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ သိချင်လိုက်တာ…”
တပည့်များ တစ်ယောက်တစ်ပေါက် ပြောနေကြသည်များကို နားထောင်ရင်း သေရည်နတ်ဘုရားက သေရည်တစ်ငုံသောက်လိုက်သည်။
သူက မည်သည့်စကားမှ ဝင်ရောက်ပြောဆိုခြင်း မရှိပေ။
သို့သော်… သူ သေရည် နောက်ထပ်တစ်ငုံ သောက်ရန် ဟန်ပြင်လိုက်စဉ်မှာပင်… သေရည်အိုး နှုတ်ခမ်းတွင် တေ့လျှက်သားဖြင့် ဆက်မသောက်ဖြစ်တော့ဘဲ ရပ်တန့်သွားသည်။
အဘယ်ကြောင့်ဆိုသော်…
ကောင်းကင်ရိပ်ငြိမ်ရေကန်ရှေ့ရှိ တဲကုတ်လေးအပြင်ဘက်တွင် လေပြင်းတစ်ချက်တိုက်ခတ်လာပြီး ရေလှိုင်းသံများ ထွက်ပေါ်လာသောကြောင့် ဖြစ်သည်။
“ရေကန်ထဲမှာ လှိုင်းတွေထလာတာပဲ…”
သေရည်နတ်ဘုရား အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်၏။
ရေကန်ထဲသို့ ဝင်ရောက်သွားသည့် ကျင့်ကြံသူတစ်ယောက် ကျင့်ကြံခြင်းအဆင့်တက်သွားမှသာ ကောင်းကင်ရိပ်ငြိမ်ရေကန်တွင် ဤသို့ လှိုင်းများ ထလာမည် ဖြစ်သည်။
ကျင့်ကြံခြင်းအဆင့်တက်သွားသည့် ကျင့်ကြံသူ၏ စိတ်စွမ်းအား အသစ်တဖန် ပြန်လည်သန့်စင်သွားသောကြောင့် တည်ငြိမ်နေသည့် ကန်ရေပြင်တွင် လှိုင်းများ ဖြစ်ပေါ်လာခြင် းဖြစ်သည်။
သေရည်နတ်ဘုရား သက်ပြင်းတစ်ချက်ချလိုက်ရင်း…
“ဒီကောင်လေး ပါရမီရှင်တစ်ယောက်မဟုတ်တာ နှမျောစရာကွာ… ပါရမီရှင်သာဖြစ်လိုက်ရင်တော့…”
ထို့နောက်… သေရည်နတ်ဘုရား ခေါင်းတစ်ချက်ခါရမ်းလိုက်သည်။
“ကိုယ့်တပည့်မှ မဟုတ်ဘဲလေ… ၊ ဘာမှ စိတ်ပူနေစရာအကြောင်း မရှိပါဘူး…”
ဟု ရေရွတ်လိုက်၏။
ထိုအချိန်… တပည့်တစ်ယောက်က…
“နားထောင်စမ်း… အသံတစ်သံ ကြားလိုက်လား…”
ထိုခဏမှာပင်… တပည့်များအားလုံး တဲကုပ်လေးရှိရာသို့ လှမ်းကြည့်လိုက်ကြသည်။
ရေလှိုင်းရိုက်ခတ်သံများက ထိုနေရာမှ ထွက်ပေါ်နေခြင်း မဟုတ်ပါလား။
“ရေလှိုင်းသံပဲ… ရေကန်ထဲမှာ လှိုင်းတွေ ထလာတာလား…”
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… ဟုတ်တယ်မလား… ၊ ဒီလို ရေလှိုင်းတွေထလာဖို့က ရေကန်ထဲဝင်သွားတဲ့သူတစ်ယောက်ယောက် ကျင့်ကြံခြင်းအဆင့်တက်သွားမှ ဖြစ်နိုင်တာမျိုးလေ… နေဦး … နေဦး… ပထမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုကြီး ကျင့်ကြံခြင်းအဆင့်တက်သွားတာများလား မသိဘူး…”
“ဖြစ်နိုင်တယ်… ပထမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုကြီး ပြန်ထွက်မလာတာ ကြာလှပြီ… ၊ သူ ကျင့်ကြံခြင်းအဆင့် တက်သွားတာ ဖြစ်နိုင်တယ်…”
“ဒါပေမဲ့…နဝမတောင်ထွတ်က ဂိုဏ်းတူညီလေး ကျင့်ကြံခြင်းအဆင့်တက်သွားတာလည်း ဖြစ်နိုင်တာပဲလေ…”
“သူက ကောင်းကင်ရိပ်ငြိမ်ရေကန်ထဲကို အခုမှ ပထမဆုံး ဝင်ဖူးတာလေ… ၊ ဘယ်လိုလုပ် အဆင့်တက်နိုင်မလဲ… ၊ ရေကန်ထဲ အကြိမ်ရေ အတော်များများ ဝင်ရောက်ဖူးတဲ့သူမှ အဆင့်တက်ဖို့ဆိုတာ ဖြစ်နိုင်တာ…”
“ဟုတ်တယ်… ခဏခဏ ရေကန်ထဲဝင်ဖူးမှ ကိုယ့်အတိုင်းအတာကိုယ် သိမှာလေ…”
“ပြီးတော့… ပထမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုကြီးက အရင်တုန်းကလည်း ကောင်းကင်ရိပ်ငြိမ်ရေကန်ထဲမှာ အချိန် (၁)လလောက် နေခဲ့ဖူးတယ်လေ… ၊ အခုဆိုရင် (၃)လတောင် ရှိပြီ… ၊ ပထမတောင်ထွတ်မှ ဂိုဏ်းတူအစ်ကိုကြီး ကျင့်ကြံခြင်းအဆင့် တက်သွားတာပဲ ဖြစ်မယ်…”
………………
ကောင်းကင်ရိပ်ငြိမ်ရေကန်ထဲတွင်တော့…
ကုချီ အရှေ့ဆီသို့ လှမ်းကြည့်လိုက်သည်။
သူ… အတော်လေး အားအင်ကုန်ခမ်းပြီး ခေါင်းများ မူးဝေနေပြီ ဖြစ်သည်။
သို့သော်… အရှေ့ဆီမှ အလင်းရောင်များလင်းလက်သွားခြင်းမှာ သူ အမြင်မှားခြင်း မဖြစ်နိုင်ပေ။
အလင်းရောင်…
အလင်းရောင်က တောက်ပလွန်းပြီး မျက်လုံးများကိုပင် ပြာဝေသွားစေသည်။
အရှေ့ဆီမှ ဂိုဏ်းတူညီလေးကို သေသေချာချာ မတွေ့မြင်ရသော်လည်း မည်သည့်အဖြစ်အပျက်များ ဖြစ်ပျက်သွားသည်ကို သေသေချာချာ ရိပ်မိလိုက်သည်။
အရှေ့ဆီမှ ဂိုဏ်းတူညီလေး၏ ခန္ဓာကိုယ်တစ်ခုလုံး တောက်ပသည့်အလင်းရောင်များ ဖုံးလွှမ်းလျှက် ရှိသည်။
အလွန်ပင် အံ့မခန်း အခြေအနေဖြစ်သည်။
ကျန်းလန်က သူ၏ အတိုင်းအတာပြည့်သွားချန်မှာပင် ကျင့်ကြံခြင်းအဆင့်လည်း မြင့်တက်သွားခဲ့ခြင်း ဖြစ်သည်။
“ဒါ… ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…”
ကုချီ စိတ်ပျက်လက်ပျက်ဖြင့် ရေပြင်ထက်သို့ ဒူးထောက်လျက်သား ကျသွားသည်။
စွမ်းအားမဲ့သွားသလို သူ ခံစားလိုက်ရသည်။
သူက ရှိသမျှ အားကုန်သုံးကာ ဂိုဏ်းတူညီလေးနောက်သို့ အမီလိုက်နေခဲ့ခြင်း ဖြစ်သည်။
အစပိုင်းတွင်… တစ်ဖက်လူ၏ ပုံရိပ်ကို တွေ့မြင်နေရသေးသော်လည်း နောက်ပိုင်းတွင်တော့ ဝိုးတဝါးမျှသာ တွေ့မြင်ရတော့သည်။
နောက်ဆုံးတော့… ဂိုဏ်းတူညီလေး မည်သည့်နေရာရောက်သွားသည်လဲ ဆိုသည်ကိုပင် မတွေ့မြင်ရတော့ပေ။
ပြိုင်ဘက်ကို သူ လုံး၀ အမီ မလိုက်နိုင်တော့ပေ။ ပြိုင်ဘက်၏ နောက်တွင် အများကြီး ပြတ်ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။
ယခုတော့ တစ်ဖက်လူက ကျင့်ကြံခြင်းအဆင့်ပါ မြင့်တက်သွားပြီဖြစ်ရာ သူ့ကို လုံးလုံးလျားလျား အနိုင်ယူပစ်လိုက်ပြီ ဖြစ်သည်။
သူ တစ်ဖက်လူကို မည်သည့်နည်းနှင့်မှ မယှဉ်နိုင်တော့ပေ။
“ငါ.. ရှုံးသွားပြီ… ငါ… လုံး၀ ရှုံးသွားပြီပဲ…”
သူက ရှိသမျှ စွမ်းအားများနှင့် ဂုဏ်သိက္ခာများကို အသုံးပြုကာ ပြိုင်ဘက်ကို ယှဉ်ပြိုင်ခဲ့သည်။
သို့သော်…
ယခုတော့ သူ ပြိုင်ဘက်ကို အနိုင်မရတော့ဘဲ အရှုံးပေးလိုက်ရပြီ ဖြစ်သည်။
“သူ… ဘယ်သူလဲ…”
ကုချီ အရှေ့ဆီသို့ လှမ်းမျှော်ကြည့်ရင်း တွေးလိုက်သည်။
ဖြစ်နိုင်မည်ဆိုလျှင်…
အနာဂတ်တစ်ချိန်ချိန်တွင် ထိုဂိုဏ်းတူညီလေးကို သူ စိန်ခေါ်တိုက်ခိုက်ချင်ပါသေးသည်။
ထိုခဏမှာပင်… ကောင်းကင်ရိပ်ငြိမ် ရေကန်တစ်ခုလုံး လှိုင်းများထန်လာသည်။
“ဝုန်း…”
ကုချီ ရှေ့ဆက်သွားနိုင်စွမ်း မရှိတော့ပေ။
အရှေ့ဆီမှ အလင်းရောင်ကို ငေးကြည့်ရင်း ရေလှိုင်းများကြား တဖြည်းဖြည်း နစ်မြုပ်သွားလေတော့သည်။
……………
ကျန်းလန် ပင့်သက်တစ်ချက် ရှိုက်လိုက်သည်။
သူ… ရေပြင်ထက်တွင် တည်ငြိမ်စွာဖြင့် မတ်တတ်ရပ်နေဆဲ ဖြစ်၏။
ကျန်းလန် နောက်ဆုံးခြေလှမ်းကို ရှေ့သို့ လှမ်းလိုက်ချိန်တွင်…
အသူရာတမျှနက်ရှိုင်းသည့် ချောက်နက်ကြီးတစ်ခုအတွင်းသို့ ဆွဲခေါ်ခံလိုက်ရလေသည်။
ထိုခဏမှာပင်… သူ့စိတ်ကို အနှောက်အယှက်ပေးနေသည့် စိတ်ဆန္ဒများက သူ့စိတ်အာရုံတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
သူ့နှလုံးခုန်သံများ မြန်ဆန်လာပြီး ခဏအတွင်းမှာပင် အဆုံးမရှိသည့် ချောက်နက်ကြီးအတွင်းသို့ ကျရောက်သွားလေတော့သည်။
ကျန်းလန် ချောက်နက်ကြီးထဲ ကျမသွားအောင် ရုန်းထွက်ရန် ကြိုးစားကြည့်သည်။ သို့သော်… မတတ်နိုင်ခဲ့ပေ။
သူ… သေချာပေါက် ရေအောက်သို့ နစ်မြုပ်သွားတော့မည်ကို သိရှိနေသည်။
နောက်ဆုံးတော့ အတင်းရုန်းကန်မနေတော့ဘဲ အခြေအနေများအတိုင်း အလိုက်သင့်စီးမျောသွားရန် ဆုံးဖြတ်လိုက်သည်။
အသူရာတမျှ နက်ရှိုင်းသည့် ချောက်နက်ကြီးအောက်တွင် မည်သည့်အရာများ ရှိနေသည်ကို သူ သိချင်မိသည်။
သူ့ကို မည်သည့်အရာက ဆွဲခေါ်သွားသည်ကို သူ သိချင်မိသည်။
သို့သော်… အံ့အားသင့်စရာကောင်းသည်မှာ … သူ ရေအောက်သို့ ရောက်သွားသည်နှင့် ကြည်လင်သည့် ကန်ရေပြင်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်လိုက်ရလေသည်။
ထို့နောက်… ရေတွင်အရိပ်ထင်နေသည့် သူ၏ပုံရိပ်ကို အကြည်လင်ဆုံး ၊ အပြတ်သားဆုံး တွေ့မြင်လိုက်ရသည်။
သူ၏ မျက်ဝန်းများသည်လည်း ဝိညာဉ်ကင်းမဲ့နေခြင်း မရှိတော့ဘဲ ဝိညာဉ်စွမ်းအားနှင့် ပြည့်ဝလျှက် ရှိသည်။
ထို့နောက်… သူ သတိပြန်ဝင်လာခဲ့လေသည်။
ကျန်းလန် ရေကန်အောက်သို့ နစ်မြုပ်သွားခြင်းမရှိ ခဲ့ပေ။ သူ ကန်ရေပြင်ထက်တွင် မတ်တတ်ရပ်နေဆဲ ဖြစ်လေသည်။
သို့သော်… ကန်ရေပြင်ထက်မှ ပြီးပြည့်စုံလွန်းသည့် သူ၏ ပုံရိပ်ကတော့ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ကျန်းလန် ရှေ့ဆက်မသွားတော့ပေ။
အရာအားလုံး ပြီးပြည့်စုံသွားပြီ ဖြစ်လေရာ ရှေ့ဆက်သွားရန်လည်း မလိုအပ်တော့ပေ။
ထို့ပြင်… သူ့အကန့်အသတ်လည်း ပြည့်သွားပြီ ဖြစ်လေရာ ရှေ့ဆက်သွားလျှင်လည်း ရေကန်အောက် နစ်မြုပ်သွားရန်သာ ရှိတော့သည်။
ထို့ကြောင့် ကျန်းလန် နောက်ပြန်ဆုတ်ရန် ဆုံးဖြတ်လိုက်သည်။
ထိုအချိန်မှာပင်… သူ့ ခြေဖဝါးများအောက်တွင် အလင်းရောင်များတောက်ပနေသည့် လမ်းကြောင်းတစ်ခု ထွက်ပေါ်လာပြီး သူ့ကို ဆွဲခေါ်သွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကျန်းလန် ရေကန်စပ်သို့ ပြန်လည် ရောက်ရှိလာ၏။
ကောင်းကင်ရိပ်ငြိမ်ရေကန်က သူ့ကို ကမ်းစပ်သို့ ပြန်ပို့ပေးလိုက်ခြင်း ဖြစ်လေသည်။
ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်ကြည့်လိုက်ရာ ကမ်းစပ်တွင် ရပ်နေသည့် လူငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။
ထိုသူက ပထမတောင်ထွတ်မှ ဂိုဏ်းတူအစ်ကို ဖြစ်၏။
ကျန်းလန်က ဦးညွှတ်ဂါရဝပြုရင်း လူငယ်ကို နှုတ်ဆက်လိုက်သည်။
“ဂိုဏ်းတူအစ်ကိုကြီးကို နှုတ်ဆက်ပါတယ်…”
ကုချီမှာ တစ်ကိုယ်လုံးရေများ စိုရွှဲနေပြီး အတော်လေး စိတ်မသက်မသာ ခံစားနေရဟန် ရှိသည်။
သို့သော်… သူက ယဉ်ကျေးစွာဖြင့်ပင် ကျန်းလန်ကို ပြန်လည်ဦးညွှတ်နှုတ်ဆက်လေသည်။
“ဂိုဏ်းတူညီလေးက တကယ့်ကို လေးစားထိုက်ပါပေတယ်…”
လောကတွင် ပြိုင်ရဲလျှင် ရှုံးရဲရမည် ဖြစ်သည်။
သူ့အနေဖြင့် အရှုံးကို ဝန်ခံရမည် ဖြစ်ပေတော့သည်။