ထိုပေါင်းစည်းခြင်း လုပ်ငန်းစဉ်မှာ ချောမွေ့နေခြင်းတော့ မရှိပေ။ ၎င်းမှာ ခွင့်ပြုချက်မရဘဲ အတင်းအဓမ္မ ပြီးမြောက်စေခဲ့သည့် ပေါင်းစည်းမှုကြီးတစ်ခုသာ ဖြစ်သည်။ သို့ဖြစ်ရာ ထိုလက်ကြီးအား အလွယ်တကူ လှုပ်ရှားနိုင်မည် မဟုတ်ပေ။ သို့သော် ဝမ်ပေါင်လဲ့မှာ ဓမ္မလက်နက်များ၏ အကြောင်းကို ကောင်းကောင်းကြီးနားလည်ထားသည်ဖြစ်ရာ ဓမ္မလက်နက်တစ်ခုအား မိမိအပိုင်ပစ္စည်းတစ်ခု အဖြစ်သို့ ပြောင်းလဲနိုင်ရန်မှာ အလွန်အင်မတန်မှ ခက်ခဲကြောင်း သိထား၏။ ဤ လက်ကြီးမှာလည်း ထိုနည်းတူပင်။
၎င်း၏ မူရင်းပိုင်ရှင်အစစ်မှလွဲ၍ အခြားမည်သူကမှ ၎င်းအား အမိန့်နာခံလာအောင် အလွယ်တကူ စွမ်းဆောင်နိုင်မည့်ပုံ မပေါ်ပေ။ သို့သော် ဝမ်ပေါင်လဲ့မှာ ၎င်းအား သူ၏အမိန့်ကို နာခံသည့်အဆင့်အထိရောက်အောင် လုပ်စရာမလိုပေ။ ၎င်းအား ထိန်းချုပ်နိုင်ရုံနှင့် လုံလောက်ပေသည်။
သူ ကြုံတွေ့နေခဲ့ရသည့် ပြဿနာမှာ ထိုလက်ကြီးအား ထိန်းချုပ်နိုင်ရန် ကြိုးစားပါက စွမ်းအင်များ ကုန်ခန်းကာ တွန်းကန်အားများကို ခံစားနေရခြင်းပင် ဖြစ်သည်။ ထို့ကြောင့် သူသည် ၎င်းအား သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာနှင့် ပေါင်းစည်းရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ပေသည်။ သို့ဖြစ်ရာ ထိုလက်ကြီးကို အသုံးပြုပါက ချပ်ဝတ်တန်ဆာ၏ စွမ်းအားများသာ ကုန်ခန်းသွားမည်ဖြစ်သလို တန်ပြန်အားများမှာလည်း ထိုချပ်ဝတ်တန်ဆာပေါ်သို့သာ ကျရောက်လာမည် ဖြစ်သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ထိုလက်ကြီးကို ထိန်းချုပ်နိုင်စွမ်း ရှိသွားရုံသာမက ထိခိုက်ဒဏ်ရာလည်း ရတော့မည် မဟုတ်ပေ။ သူ၏ အကြံအစည်မှာ အောင်မြင်သွားပြီဟု ဆိုနိုင်ပေသည်။
ထိုပေါင်းစည်းမှု လုပ်ငန်းစဉ်မှာ ခြောက်ပြစ်သဲလဲ ကင်းစင်နေခြင်း မရှိပါသော်လည်း ဝမ်ပေါင်လဲ့မှာ နောက်ဆုံးရလဒ်များကြောင့် ကျေနပ်နေဆဲပင်။ သူသည် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီး၏ အနီရောင် စွမ်းအင်စီးဆင်းမှု လမ်းကြောင်းများနှင့် အဖြူရောင် အမျှင်အတန်းများ ထိုလက်ကြီးထဲသို့ အလျင်အမြန် လူးလွန့်ဝင်ရောက်သွားကြသည်ကို မြင်လိုက်ရ၏။ ထိုအခါ သူသည် ထိုလက်ကြီးထဲတွင် အိပ်မောကျနေသည့် အသိစိတ်တစ်ခုကို အာရုံခံမိသွားတော့သည်။
၎င်းမှာ အဆောင်ဝိညာဉ် ဖြစ်ရပေမည်။ မည်သည့်အကြောင်းကြောင့်မှန်းမသိ ၎င်းမှာ အိပ်မောကျနေဆဲဖြစ်ပြီး နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီး၏ ကျူးကျော်ဝင်ရောက်လာမှုကို သတိထားမိခြင်း မရှိသေးပေ။
” ဒီ အသိစိတ်ကြီး ရှိနေသရွေ့ ငါက ဒီလက်ကြီးကို အပြည့်အဝ ပိုင်ဆိုင်နိုင်မှာမဟုတ်ဘူး… လောနေစရာတော့ မလိုပါဘူး။ ငါ အမြုတေအဆင့်ကနေ ယွမ်ယင်အဆင့်ကို ဖောက်ထွက်သွားတဲ့ အချိန်အထိ စောင့်လိုက်တာပေါ့။ အဲဒီအချိန်ရောက်မှ ဒီ အသိစိတ်ကြီးကို ရှင်းထုတ်ပစ်နိုင်မလားဆိုတာ ကြည့်ရမယ် ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးလိုက်ပြီးနောက် ခေါင်းငုံ့ကာ သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာ၏ ညာဘက်လက်အား ကြည့်ရင်း ပြုံးလိုက်၏။
သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီး၏ ညာဘက်လက်မှလွဲ၍ အခြားနေရာများအားလုံးမှာ သွေးရောင် စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများဖြင့် ဖွဲ့စည်းထား၏။ ညာဘက်လက်မှာမူ ခြောက်သွေ့ရှုံ့တွနေပါသော်လည်း အကောင်းအတိုင်း ရှိနေသေးသဖြင့် အလွန်အင်မတန်မှ ကျောချမ်းဖွယ်ရာကောင်းသည့်ပုံ ပေါက်နေ၏။ ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် သူ၏ ပေါင်းစည်းမှု လုပ်ငန်းစဉ်ကြောင့် အံ့ဩတုန်လှုပ်နေသည့်ပုံ ပေါ်သော ဧရာမသစ်ပင်ကြီးအား လျစ်လျူရှုကာ သူ၏ ကျင့်ကြံခြင်းစွမ်းအားများနှင့် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးအား အပြည့်အဝ ထုတ်လွှတ်လိုက်တော့သည်။ ထိုအခါ ထိုချပ်ဝတ်တန်ဆာကြီးမှာ ချက်ချင်းဆိုသလိုပင် သွေးနီရောင်သန်းသွား၏။
ထိုအချိန်တွင် လေထဲတွင် ရက်စက်ကြမ်းကြုတ်မှု အငွေ့အသက်တစ်ခု ပေါက်ကွဲထွက်ပေါ်လာ၏။ ထို့နောက် ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းစွမ်းအားထက် ပို၍အားကောင်းသော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။ ဝမ်ပေါင်လဲ့မှာမူ မျက်လုံးများ အရောင်လက်သွားပြီး နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီး၏ ဝိညာဉ်ချီများအားလုံးကို ၎င်း၏ ညာဘက်လက်ထဲသို့ ထည့်သွင်းလိုက်တော့သည်။ သို့သော် သူသည် ၎င်း၏အတွင်းပိုင်းထဲ၌ အိပ်မောကျနေသော အသိစိတ်ကြီး သတိမထားမိနိုင်စေရန် အထူးဂရုပြုနေ၏။ နောက်ဆုံးတွင် ချပ်ဝတ်တန်ဆာကြီး၏ စွမ်းအင်စီးဆင်းမှု လမ်းကြောင်းများနှင့် အဖြူရောင် အရိုးအမျှင်အတန်းများကြောင့် ထို ညာဘက်လက်ကြီးမှာ စတင်တုန်ရီလာတော့သည်။ ခဏအကြာတွင် သူသည် ချပ်ဝတ်တန်ဆာကြီး၏ ညာဘက်လက်အား ပိုင်ဆိုင်သွားတော့မည်ဟု ဝမ်ပေါင်လဲ့မှာ ခံစားလာရတော့သည်။
ထိုအချိန်တွင် သူ၏ခေါင်းထဲ၌ အတွေးတစ်ခု ပေါ်ပေါက်လာ၏။ ဧရာမသစ်ပင်ကြီး မယုံကြည်နိုင်လောက်အောင် ဖြစ်နေသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေစဉ်မှာပင် သူသည် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီး၏ ညာဘက်လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။
ထိုအခါ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ အလွန်အင်မတန်မှ အားကောင်းသော စွမ်းအားတစ်မျိုး ထွက်ပေါ်လာသဖြင့် မိုးကောင်းကင်ကြီးမှာ ပြောင်းလဲသွားရတော့သည်။ လေပြင်းများစတင်တိုက်ခတ်ကာ၊ တိမ်တိုက်များ တလိပ်လိပ်ထလာပြီး သူတို့၏ ပတ်ပတ်လည်ရှိ မီးပင်လယ်ကြီးမှာလည်း ထိုစွမ်းအားကြီးနှင့်အတူ စည်းချက်ညီစွာ လိုက်၍ လှုပ်ရှားနေတော့သည်။
ထို စွမ်းအားကြီးကြောင့် ဝမ်ပေါင်လဲ့၏ အသက်ရှူသံများမှာ မငြိမ်မသက် ဖြစ်လာရတော့သည်။ ၎င်းမှာ ဝမ်ပေါင်လဲ့ဆီမှ မဟုတ်ဘဲ သူ၏ ချပ်ဝတ်တန်ဆာကြီး၏ ညာဘက်လက်ထဲမှ ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။ ဝမ်ပေါင်လဲ့မှာမူ ချက်ချင်းပင် စိတ်ကို တည်ငြိမ်အောင်ထားလိုက်၏။ သူ၏မျက်ဝန်းများထဲတွင် ပျော်ရွှင်မှုအရိပ်အယောင်များ တောက်ပနေပြီဖြစ်သည်။ သူသည် ထိုလက်ကြီးအား အပြည့်အဝ မပိုင်ဆိုင်သေးပါသော်လည်း စိတ်ပျက်နေခြင်းမရှိပေ။
” ငါ ဒီလက်ကြီးကို ထိန်းချုပ်လို့ရနေသရွေ့ ဘာအရေးလဲကွာ။ ပြီးတော့ အခု ဒီလက်ကြီးက ငါ့ရဲ့လက်ထဲ ရောက်နေပြီပဲ။ ခြေထောက်ပေါက်ပြီးတော့ ထွက်ပြေးသွားမှာမဟုတ်ပါဘူး ” ဝမ်ပေါင်လဲ့မှာ ထိုလက်ကြီး၏ စွမ်းအားကြောင့် သူ၏ ဘေးပတ်ဝန်းကျင်တစ်ခုလုံး ပြောင်းလဲသွားရသည်ကို မြင်လိုက်ရသဖြင့် စိတ်လှုပ်တရှား ဖြစ်သွား၏။ ၎င်းမှာ လမ်းတစ်လျှောက်ရှိ မည်သည့်အရာကိုမဆို ဖျက်ဆီးချေမှုန်းပစ်နိုင်သော စွမ်းအားမျိုး ဖြစ်ပေသည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေရပြီဖြစ်သည်။ အကယ်၍ သူသာ စွန်းဟေ့နှင့် ထပ်၍ရင်ဆိုင်လိုက်ရမည်ဆိုပါက သူ့ဘက်မှ အင်အားအများကြီး စိုက်ထုတ်နေစရာပင် လိုတော့မည် မဟုတ်ပေ။ သူသည် တစ်ချက်မျှ ထိုးနှက်လိုက်ရုံဖြင့် သူ့အား ချေမှုန်းကာ တိုက်ပွဲကြီးအား အဆုံးသတ်နိုင်စွမ်း ရှိနေပြီဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ထိုလက်သီးချက်၏ စွမ်းအားကို စမ်းသပ်ခဲ့ခြင်းမရှိပေ။ သို့သော် သူ လက်သီးဆုပ်လိုက်ရုံနှင့် ထွက်ပေါ်လာသည့် စွမ်းအားများကြောင့် သူ၏ ပတ်ပတ်လည်ရှိ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာ ပြောင်းလဲသွားရသည် မဟုတ်ပါလော။ ထို့ကြောင့် အဝေးတစ်နေရာတွင် ရပ်နေသည့် ဧရာမသစ်ပင်ကြီးပင်လျှင် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီနေရတော့သည်။ သူသည် သူ၏ ကျင့်ကြံခြင်းစွမ်းအားများ ချုပ်တည်းခံထားရသကဲ့သို့ ခံစားနေရသဖြင့် တစ်ခေါင်းလုံး ထူပူသွားရ၏။ ဝမ်ပေါင်လဲ့မှာ သူ၏ ညာဘက်လက်သီးဖြင့် တစ်ချက်သာ ထိုးနှက်လိုက်ရုံနှင့် သူအား ဇီဝိန်ခြွေပစ်နိုင်စွမ်း ရှိနေသည့်ပုံပင်။
ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့အား ပို၍ပင် လေးစားကြောက်ရွံ့သွားရ၏။ သူ ကတုန်ကယင်နှင့် ရပ်နေစဉ်မှာပင် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ အရောင်လက်သွားပြီး ဧရာမသစ်ပင်ကြီးဘက်သို့ လှည့်ကာ အေးစက်စက်လေသံဖြင့် မေးလိုက်၏ ” ခဗျား သင်္ချိုင်းဂူထဲက တခြားဘာတွေ ယူခဲ့သေးလဲ ”
ဧရာမသစ်ပင်ကြီးမှာ ဝမ်ပေါင်လဲ့၏ မေးခွန်းကို ကြားလိုက်ရသောအခါ တစ်ခေါင်းလုံး ပေါက်ကွဲသွားတော့မည့်အလား ဖြစ်သွား၏။ သူ၏ စိုးရိမ်စိတ်များမှာ ပိုမိုကြီးထွားလာပြီး သူသည် စောစောတုန်းကထက်ပင် ပို၍ကြီးမားသော အန္တရာယ်ကြီးတစ်ခုနှင့် ရင်ဆိုင်နေရပြီဟု ခံစားနေရတော့သည်။ ထို့ကြောင့် သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သူ၏ သိုလှောင်အိတ်များအားလုံးကို ဆွဲထုတ်လိုက်၏။ ထို့အပြင် သူသည် သူ၏ခန္ဓာကိုယ်ပေါ်၌ မည်သည့်အရာကိုမှ ကွယ်ဝှက်ထားခြင်း မရှိကြောင်း ပြသလိုသောကြောင့် သူ၏ အဝတ်အစားများကိုပင် ကြယ်သီးဖြုတ်ကာ ထိတ်ထိတ်ပျာပျာနှင့် ဆိုလိုက်တော့သည်။
” အကြီးအကဲကြီးခဗျား။ ကျွန်တော် အကြီးအကဲကြီးဆီက ဘာကိုမှ လျှို့ဝှက်မထားပါဘူး။ ဒါ ကျွန်တော့်မှာ ရှိသမျှ သိုလှောင်အိတ်တွေ အကုန်လုံးပါပဲ။ အကြီးအကဲကြီး စိတ်ကြိုက်စစ်ဆေးနိုင်ပါတယ်။ တကယ်လို့ အဲဒီ သိုလှောင်အိတ်တွေထဲမှာ ဖွက်ထားတဲ့ ပစ္စည်းတစ်ခုခုတွေ့ရင် ကျွန်တော့်ကို ကြိုက်သလိုအပြစ်ပေးနိုင်ပါတယ် ”
ဝမ်ပေါင်လဲ့မှာ အသက်မပါသည့် မျက်နှာအမူအရာဖြင့် သူ၏ ဘယ်ဘက်လက်ကိုမြှောက်ကာ လေထဲသို့ လှမ်း၍ ဖမ်းဆုပ်လိုက်သောအခါ ထို သိုလှောင်အိတ်များမှာ သူ့ဆီသို့ ပျံဝဲလာကြ၏။ သူသည် ၎င်းတို့အား တစ်အိတ်ပြီးတစ်အိတ် ကြည့်ရှုစစ်ဆေးလိုက်ပြီးနောက် ဧရာမသစ်ပင်ကြီးမှာ သင်္ချိုင်းဂူထဲမှ အခြားမည်သည့်ပစ္စည်းကိုမှ တိတ်တိတ်ကလေး ယူခဲ့ခြင်းမရှိကြောင်း သိလိုက်ရသည်။ သို့သော် သူသည် မျက်နှာအမူအရာ ပြောင်းလဲသွားခြင်းမရှိဘဲ ဧရာမသစ်ပင်ကြီးအား အကြာကြီး စိုက်ကြည့်နေလိုက်ပြီးနောက် သူ၏ညာဘက်လက်ထဲမှ စွမ်းအားများကို ထပ်၍ ထုတ်လွှတ်လိုက်ပြန်သည်။ ထို့ကြောင့် ဧရာမသစ်ပင်ကြီးမှာ တစ်ကိုယ်လုံးတုန်ရီသွားရ၏။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ ဖြည်းဖြည်းချင်း ဆိုလိုက်သည် ” ခဗျား သင်္ချိုင်းဂူထဲမှာ မြင်ခဲ့ရသမျှ အရာတွေအားလုံးကို ကျုပ်ကို ပြန်ပြောပြ ”
ဧရာမသစ်ပင်ကြီးမှာမူ နှလုံးသားတစ်ခုလုံး တဆတ်ဆတ် တုန်ရီနေရပြီဖြစ်သည်။ သူသည် ဝမ်ပေါင်လဲ့ သူ၏ပြောစကားများကို မယုံမည်စိုးသောကြောင့် သူသိထားသမျှ အရာအားလုံးကို ချက်ချင်း ပြောပြလိုက်တော့သည်။
” အကြီးအကဲကြီးခဗျား။ သင်္ချိုင်းဂူကြီးရဲ့ အောက်မှာ မြေအောက်နန်းတော်တစ်ခု ရှိပါတယ်။ ဒါပေမဲ့ အစိမ်းရောင်မီးခိုးငွေ့တွေနဲ့ ပိတ်နေတာမလို့ ကျွန်တော် အဲဒီနားကို မသွားနိုင်ခဲ့ပါဘူး။ ကျွန်တော်က အဲဒီလက်ကြီး ရှိတဲ့နေရာအထိပဲ အဝေးဆုံးသွားနိုင်ခဲ့တာမလို့ အဲဒီ တစ်ခုတည်းကိုပဲ ပြန်ယူလာနိုင်ခဲ့တာပါ။ အဲတာမလို့ အဲဒီ နန်းတော်ထဲမှာ တခြားဘာပစ္စည်းတွေ ရှိနေမလဲဆိုတာ ကျွန်တော် တကယ်မသိတာပါ ”
” ကျွန်တော် အဲဒီထဲကို ထိုးဖောက်ဝင်ရောက်ပြီးတော့ အသံလက်လွှင့်လက်စွပ်နဲ့ ကျွန်တော် မြင်ခဲ့ရသမျှ အရာအားလုံးကို မှတ်တမ်းတင်ခဲ့ဖို့ စိတ်ကူးရှိခဲ့ပေမယ့် အဲဒီလက်စွပ်ကို ဖွင့်လို့မရခဲ့ပါဘူး ” ဧရာမသစ်ပင်ကြီးမှာ ဝမ်ပေါင်လဲ့ သူ၏စကားများအား မယုံမည်ကို စိုးရိမ်နေသောကြောင့် ထိတ်ထိတ်ပျာပျာနှင့် သူကြုံတွေ့ခဲ့သမျှ အရာအားလုံးကို အသေးစိတ်ပြန်၍ စဉ်းစားနေတော့သည်။ တစ်ခဏမျှ ကြာပြီးနောက် သူသည် တစ်ခုခုအား သတိရသွားသည်ပုံဖြင့် အလောတကြီး ဆက်ပြောလိုက်၏။
” နောက်ထပ်တစ်ခု ရှိပါသေးတယ်။ ကျွန်တော် အဲဒီထဲမှာ ကျောက်တိုင်တစ်တိုင်ကိုလည်း မြင်ခဲ့ရသေးတယ်။ မီးခိုးငွေ့တွေနဲ့ ပိတ်နေတာမလို့ အဲဒီကျောက်တိုင်ပေါ်မှာ ရေးထားတဲ့ စာတွေကိုတော့ သေသေချာချာ မဖတ်နိုင်ခဲ့ဘူး။ ‘ တာအိုဂိုဏ်းသားချန်း ‘ ဆိုတဲ့ စာလုံးတွေကိုပဲ မြင်ခဲ့ရတာ… ပြည်ထောင်စုပျိုးပင် တတိယအသုတ်က ဒီကိုရောက်မလာခင် ကျယ်ပြန့်တာအိုနန်းတော်ထဲမှာ သုံးတဲ့ ဘာသာစကားကို လေ့လာခဲ့ရလို့သာ ကျွန်တော်က အဲဒီစာလုံးတွေကို ဖတ်တတ်နေတာပါ ” ဧရာမသစ်ပင်ကြီးမှာ အလောတကြီးနှင့် ရှင်းပြလိုက်၏။ သူသည် အမှန်အတိုင်း ပြောပြခဲ့ခြင်းဖြစ်ပြီး ဝမ်ပေါင်လဲ့ဆီမှ မည်သည့်အချက်အလက်ကိုမှ ထိမ်ချန်ထားခဲ့ခြင်းမရှိပေ။ သူသည် စကားဆုံးအောင်ပြောလိုက်ပြီးနောက် ရင်တထိတ်ထိတ်နှင့် ဝမ်ပေါင်လဲ့အား အကဲခတ်နေတော့သည်။
ဝမ်ပေါင်လဲ့မှာ ‘ ဝာာအိုဂိုဏ်းသားချန်း ‘ ဆိုသည့် အမည်ကို ကြားလိုက်ရသောအခါ မှင်တက်သွားပြီး သူငယ်အိမ်များ ကျဉ်းမြောင်းသွားကာ တစ်ခေါင်းလုံး ထူပူသွားရတော့သည်။ သူသည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။ ကံကောင်းစွာဖြင့် သူသည် သူ၏ ချပ်ဝတ်တန်ဆာထဲ၌ ရှိနေသည်ဖြစ်ရာ ဧရာမသစ်ပင်ကြီးမှာ သူ့အား မမြင်ရပေ။ ထိုသို့သာမဟုတ်ပါက ဧရာမသစ်ပင်ကြီး၏ ဉာဏ်ရည်နှင့်သာဆိုလျှင် သူသည် တစ်စုံတစ်ခုအား ရိပ်မိသွားပြီးသာ ဖြစ်သည်။
ဧရာမသစ်ပင်ကြီးမှာ သတိမထားမိပါသော်လည်း ဝမ်ပေါင်လဲ့မှာ သူပြောခဲ့သည့်စကားများကြောင့် အံ့သြတုန်လှုပ်သွားရ၏။ ဧရာမသစ်ပင်ကြီးမှာ သူမြင်ခဲ့ရသည့် စကားလုံးများ၏ အဓိပ္ပါယ်ကို မသိပါသော်လည်း ဝမ်ပေါင်လဲ့၏ ခေါင်းထဲ၌ အတွေးတစ်ခု ချက်ချင်းပင် ပေါ်ပေါက်လာ၏။
” တာအိုဂိုဏ်းသား ဝူချန်း ” ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင် ရေရွတ်မိလိုက်၏။ ထို့နောက် သူသည် သူ၏ချပ်ဝတ်တန်ဆာကြီး၏ ညာဘက်လက်အား မယုံကြည်နိုင်လောက်အောင် ဖြစ်နေသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေမိတော့သည်။
” တောက်ကွာ။ ငါ လီဝူချန်းရဲ့ အရင်ဘဝက သင်္ချိုင်းဂူကိုများ ဖောက်ခဲ့မိတာလားဟ ”
ထိုမေးခွန်းကြောင့် ဝမ်ပေါင်လဲ့မှာ ကြောက်ရွံ့တုန်လှုပ်သွားရ၏။ ထို့နောက် သူသည် ဧရာမသစ်ပင်ကြီးအား ကျယ်ပြန့်တာအိုနန်းတော်သို့ ပြန်ခေါ်သွားသည့် လမ်းတစ်လျှောက်လုံးတွင် ထိုမေးခွန်းကြီးမှာ သူ၏အသိစိတ်အား စိုးမိုးထားတော့သည်။
” ဒီ လက်ကြီးကရော လီဝူချန်းရဲ့ အရင်ဘဝတုန်းက လက်လား။ တကယ်သာ အမှန်ပဲဆိုရင် သူက အရင်ဘဝတုန်းက ဘယ်လောက်အထိများ အစွမ်းထက်ခဲ့တာပါလိမ့် ” ဝမ်ပေါင်လဲ့မှာ စိုးရိမ်တုန်လှုပ်လာရပြီ ဖြစ်သည်။ သူသည် ကိုယ့်သေတွင်း ကိုယ်တူးမိလိုက်သည့်အလား ခံစားလိုက်ရ၏။ သူနှင့် လီဝူချန်း၏ကြားတွင် နဂိုကတည်းက တင်းမာမှုများ ရှိနေပြီးသားဖြစ်ရာ ယခု သူ၏လုပ်ရပ်ကြီးကြောင့် သူတို့နှစ်ယောက်ကြားရှိ ပဋိပက္ခကြီးမှာ ပို၍ပင် ကြီးမားသွားပြီ ဖြစ်သည်။
သို့သော် သူသည် ထိုလက်ကြီးအား မစွန့်လွှတ်လိုပေ။ ထို့အပြင် သူသည် လီဝူချန်းကိုလည်း သတ်ပစ်၍မရသောကြောင့် ဇဝေဇဝါ ဖြစ်နေရတော့သည်။ ပထမဆုံးအနေနှင့် ဖုန့်ချိုးရန်မှာ လီဝူချန်း၏ နောက်ကြောင်းရာဇဝင် အစစ်အမှန်ကို သိထားသည်မဟုတ်ပါလော။ ဒုတိယအနေနှင့် သူနှင့် လီဝူချန်းတို့၏ကြားမှ ပဋိပက္ခကြီးမှာ တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်ပစ်မှသာ အဆုံးသတ်မည့် အနေအထားသို့ မရောက်သေးပေ။ ထို့အပြင် သူတို့မှာ အမှန်တကယ် တိုက်ခိုက်လိုက်မည် ဆိုလျှင်တောင် လီဝူချန်းမှာ ယခင်ဘဝတုန်းက တာအိုဂိုဏ်းသားတစ်ယောက် ဖြစ်နေခဲ့သည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် သူ၏အသက်ကို ကယ်တင်နိုင်မည့် ဝှက်ဖဲများ ပိုင်ဆိုင်ထားမည်သာဖြစ်ကြောင်း ဝမ်ပေါင်လဲ့က ယုံကြည်ထား၏။
လီဝူချန်းကိုယ်တိုင်ပင်လျှင် သူ၏အတိတ်ဘဝအား ပြန်မမှတ်မိသရွေ့ ထိုဝှက်ဖဲများကို မသိနိုင်ပါသော်လည်း ထိုအချက်ကြောင့်ပင် သူသည် ကြောက်စရာကောင်းသော ပြိုင်ဘက်တစ်ယောက် ဖြစ်နေရသည်။
” ဒုက္ခတွေတော့ ရောက်တော့မှာပဲ။ လီဝူချန်း သူ့ရဲ့ အတိတ်ဘဝကို ပြန်မှတ်မိသွားတဲ့အချိန် ငါ့ကို ပြဿနာလာမရှာနိုင်အောင် တစ်ခုခု လုပ်ထားမှဖြစ်မယ် ”
ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းများချနေမိတော့သည်။ သူသည် ဧရာမသစ်ပင်ကြီးကိုပင် အာရုံမစိုက်နိုင်တော့ဘဲ ကျယ်ပြန့်တာအိုနန်းတော်သို့ ပြန်သွားသည့် လမ်းတစ်လျှောက်လုံးတွင် အတွေးများထဲ၌ နစ်မျောကာ နှုတ်ဆိတ်နေတော့သည်။ ဧရာမသစ်ပင်ကြီးမှာလည်း သူ၏နောက်မှလိုက်လာပြီး စိတ်ထဲ၌ သက်ပြင်းများချနေ၏။ သူသည်လည်း ဝမ်ပေါင်လဲ့ကဲ့သို့ပင် စိတ်သောကရောက်နေရသည်။ တာအိုနန်းတော်မှာ သူ့အတွက် အလွန်အင်မတန်မှ အန္တရာယ်များသော နေရာတစ်ခုဖြစ်ရာ သူသည် သူ၏ ဘေးကင်းလုံခြုံမှုအတွက် အာမခံချက်တစ်ခုခုရရှိအောင် လုပ်ထားရန် လိုအပ်ပေသည်။ သို့မှသာ ဝမ်ပေါင်လဲ့မှာ သူ့အား အသုံးမလိုတော့သည့်အချိန်တွင် သူ့ကို အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း မရှိမည် ဖြစ်သည်။
သူသည် တစ်ခဏမျှ စဉ်းစားတွေးတောနေလိုက်ပြီးနောက် အင်္ဂါဂြိုဟ်ပေါ်တွင် ရှိနေခဲ့စဉ်တုန်းကကြားသိခဲ့ရသည့် ဝမ်ပေါင်လဲ့နှင့် လွှတ်တော်အမတ်ခေါင်းဆောင်ကြီး၏ သမီးဖြစ်သူ လီဝမ်အာတို့ကြားရှိ ကောလာဟလများအကြောင်းကို ပြန်၍ သတိရသွားတော့သည်။ ထိုအခါ သူ၏ ခေါင်းထဲ၌ အကြံအစည်တစ်ခုပေါ်ပေါက်လာပြီ သူသည် စကားလုံးများကို သေချာရွေးချယ်၍ ဆိုလိုက်တော့သည်။
” အကြီးအကဲကြီး။ အကြီးအကဲကြီး ကျယ်ပြန့်တာအိုနန်းတော်ထဲ ရောက်နေတဲ့ နှစ်နှစ်အတွင်းမှာ ကျွန်တော် မွေးစားသမီးတစ်ယောက် ရထားတယ်။ သူက အကြီးအကဲကြီးကို တော်တော်လေး မြတ်နိုးတွယ်တာတာဗျ။ ပြည်ထောင်စုကြီးဘက်က နောက်တစ်ခါ လူတွေပို့မယ့်အချိန်ကျရင် အကြီးအကဲကြီး သူ့ကိုပါ ခေါ်လိုက်ပါလား။ သူက အကြီးအကဲကြီးကို လိုလေသေးမရှိအောင် ပြုစုပေးနိုင်မှာပါ “