ဝမ်ပေါင်လဲ့မှာ သူငယ်အိမ်များ ကျဉ်းမြောင်းသွားရ၏။ သူ၏ မျက်ဝန်းများထဲတွင် ထိုလက်ကြီးကိုသာ မြင်နေမိတော့သည်။
ထိုလက်ကြီးထဲမှ ထွက်ပေါ်နေသည့် အားကောင်းသော နတ်ဘုရားလက်နက် အငွေ့အသက်များမှာ မိုးကောင်းကင်ပေါ်သို့ ထိုးတက်သွားတော့မည့် အလားပင်။ ဧရာမသစ်ပင်ကြီးမှာ ထိုလက်ကြီးအား ကတုန်ကယင်နှင့် သယ်ဆောင်လာ၏။ သူ၏ နောက်တွင်မူ အမျက်ချောင်းချောင်းထွက်နေသော သားရဲကြီးတစ်ကောင်၏ အော်ဟစ်မြည်တမ်းသံများ ထွက်ပေါ်လာသည်။ ထိုအော်ဟစ်သံများနှင့်အတူ အစိမ်းရောင်မီးခိုးငွေ့ အမြောက်အမြားလည်း လေထဲသို့ ပျံ့လွင့်လာ၏။
ထိုအစိမ်းရောင်မီးခိုးငွေ့များမှာ ဧရာမ လက်ကြီးတစ်ဖက်အသွင် ပြောင်းလဲသွားပြီး ဧရာမသစ်ပင်ကြီး၏နောက်သို့ လိုက်လာ၏။ ၎င်းမှာ သူ့အား သင်္ချိုင်းဂူထဲသို့ ပြန်ဆွဲခေါ်သွားပြီး အတွင်းထဲ၌ ထာဝရ ပိတ်လှောင်ထားချင်နေသည့်ပုံပင်။
ဧရာမသစ်ပင်ကြီးမှာ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရပြီ ဖြစ်သောကြောင့် စိုးရိမ်တုန်လှုပ်သွား၏။ သူသည် အလွန်အင်မတန်မှ အားကောင်းသော စုပ်ယူအားတစ်မျိုးက သူ့အား ဆွဲငင်နေသည်ကို အာရုံခံမိနေသည်။ သူ၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ ဝမ်ပေါင်လဲ့သာ ဖြစ်ပေသည်။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့ သူ့အား ထားခဲ့ပြီး နတ်ဘုရားလက်နက် လက်ကြီးအား သူ့ဆီသို့ လှမ်းပစ်ပေးရန် တောင်းဆိုလိုက်မည်ကို ကြောက်ရွံ့နေတော့သည်။
ဧရာမသစ်ပင်ကြီး ထိုကဲ့သို့ မျှော်လင့်ချက်များပျက်သုဉ်းကာ ကြောက်ရွံ့တုန်လှုပ်နေစဉ်မှာပင် သူ မျှော်လင့်မထားသည့် အရာတစ်ခု ဖြစ်ပျက်သွားခဲ့၏။ ဝမ်ပေါင်လဲ့မှာ ထိုလက်ကြီးအား သူ့ဆီသို့ လှမ်းပစ်ပေးရန် တောင်းဆိုခဲ့ခြင်းမရှိပေ။ သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သူ၏ ခန္ဓာကိုယ်ထဲမှ ဝါးမျိုခြင်းသစ်စေ့အား လည်ပတ်သွားစေလိုက်ပြီး ၎င်း၏ စုပ်ယူအားများကို ဧရာမသစ်ပင်ကြီးဆီသို့ စေလွှတ်လိုက်၏။ ထိုစုပ်ယူအားမှာ အစိမ်းရောင်မီးခိုးငွေ့ ဧရာမလက်ကြီး၏ ဆွဲငင်အားကို ခုခံတွန်းလှန်လိုက်သောကြောင့် ဧရာမသစ်ပင်ကြီးမှာ ပို၍ မြန်ဆန်သွားတော့သည်။
ဝမ်ပေါင်လဲ့မှာ ထိုမျှလောက်နှင့် ရပ်တန့်သွားခြင်းမရှိပေ။ သူသည် သူ၏ ဝါးမျိုခြင်းသစ်စေ့အား အသုံးပြုလိုက်ပြီးနောက် သူ၏ လျှပ်စီးကိုယ်ပွားကို ထုတ်လွှတ်လိုက်၏။ ထို့နောက် သူ၏ ကိုယ်ပွားနှင့် ခန္ဓာကိုယ်အစစ် နှစ်ခုစလုံးမှာ ဧရာမသစ်ပင်ကြီးဆီသို့ အရှိန်အဟုန်ဖြင့် ပြေးသွားလိုက်ကြတော့သည်။
သူတို့မှာ ဧရာမသစ်ပင်ကြီး၏ ဘေး၌ ချက်ချင်းပေါ်ပေါက်လာ၏။ အစိမ်းရောင် ဧရာမလက်ကြီး သူ့တို့အား ဖျက်ဆီးချေမှုန်းပစ်တော့မည့် ပုံဖြင့် သူတို့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာနေစဉ် ဝမ်ပေါင်လဲ့မှာ ဧရာမသစ်ပင်ကြီးအား အားပါပါ တွန်းလိုက်၏။ ထိုတွန်းအားကြောင့် ဧရာမသစ်ပင်ကြီး၏ အတွင်းကလီစာများမှာ အပြင်းအထန် တုန်ရီသွားရပါသော်လည်း သူသည် ပို၍ပင် မြန်ဆန်သွားတော့သည်။ ထို့ကြောင့် သူသည် အစိမ်းရောင် ဧရာမလက်ကြီး၏ အဝေးသို့ ရောက်သွား၏။
ထို့နောက် ဝမ်ပေါင်လဲ့၏ ကိုယ်ပွားမှာ ဧရာမသစ်ပင်ကြီး၏ လက်ကိုဆွဲကာ သူ့အား ရှေ့သို့ပစ်လွှတ်လိုက်၏။ ထိုသို့ဖြင့် သူသည် သေမင်းခံတွင်းဝမှ လွတ်မြောက်လာတော့သည်။
အရာအားလုံးမှာ ရုတ်ခြည်းဆိုသလို ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ သို့သော် ဧရာမသစ်ပင်ကြီး အဝေးသို့ရောက်သွားသည်နှင့် တစ်ပြိုင်နက် အစိမ်းရောင် ဧရာမလက်ကြီးမှာ ရှေ့သို့ အရှိန်အဟုန်ဖြင့် ထိုးထွက်လာပြန်သည်။ သင်္ချိုင်းဂူကြီးထဲမှလည်း လေးလံသော အသက်ရှူသံများ အဆက်မပြတ် ထွက်ပေါ်လာနေ၏။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ အရောင်လက်သွားပြီး သူ၏ကိုယ်ပွားနှင့် ချက်ချင်း နေရာချင်းလဲလိုက်တော့သည်။
ထို့နောက် သူ၏ကိုယ်ပွားမှာ ဧရာမလက်ကြီးဆီသို့ ပြေးသွားကာ ၎င်းအား ဝင်တိုက်လိုက်ပြီးနောက် ပေါက်ကွဲသွားတော့သည်။ ထို့ကြောင့် မိုးခြိမ်းသံကဲ့သို့သော ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာ၏။ ဝမ်ပေါင်လဲ့မှာမူ မန္တန်လက်ကွက်များ ဖော်လိုက်ပြီး သင်္ချိုင်းဂူကြီး၏ အချုပ်အနှောင်အား လက်ညှိုးထိုးလိုက်တော့သည်။
ထိုအခါ တလက်လက်တောက်ပနေသည့် အလင်းရောင် တံခါးပေါက်လေးမှာ ချက်ချင်းပြန်ပိတ်သွား၏။ လျှပ်စီးကိုယ်ပွား၏ ပေါက်ကွဲမှုကြောင့် အရှိန်လျော့ကျသွားခဲ့ရသည့် ဧရာမလက်ကြီးမှာ အချုပ်အနှောင်ထဲတွင် ပြန်လည်ပိတ်မိသွားပြီ ဖြစ်သည်။ ထို့ကြောင့် ၎င်းမှာ အသံကုန် အော်ဟစ်မြည်တမ်းနေတော့သည်။
” ငါ့နောက်ကို လိုက်ခဲ့ ” ထိုလက်ကြီးအား ဂရုစိုက်နေရန် အချိန်မရှိသောကြောင့် ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ အမိန့်ပေးလိုက်ပြီး တင်းမာခက်ထန်သော မျက်နှာအမူအရာဖြင့် အဝေးသို့ ပြေးထွက်သွား၏။ ဧရာမသစ်ပင်ကြီးမှာမူ အံ့သြတုန်လှုပ်နေရပြီ ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ သူယူလာသည့် လက်ကြီးအကြောင်း တစ်ခွန်းမှ မဟခဲ့သဖြင့် သူသည် မယုံကြည်နိုင်လောက်အောင် ဖြစ်နေရ၏။ သူသည် ဧရာမသစ်ပင်ကြီးအား ကယ်တင်နိုင်ရန် အစွမ်းကုန် ကြိုးစားခဲ့သည် မဟုတ်ပါလော။ ထို့အပြင် ဧရာမသစ်ပင်ကြီးမှာ သူ ကြုံတွေ့ခဲ့ရသည့် အန္တရာယ်များကြောင့် တုန်လှုပ်ချောက်ချားသွားရ၏။ ထို့ကြောင့် သူသည် ပင့်သက်များရှိုက်ရင်း ဝမ်ပေါင်လဲ့၏နောက်မှ လိုက်သွားလိုက်တော့သည်။ ဝမ်ပေါင်လဲ့၏ အကူအညီနှင့်အတူ သူတို့မှာ ရှိခိုးနန်းတော်အဆောင်ဆီသို့ ပြန်ရောက်လာကြ၏။
သူတို့မှာ အမြန်ဆုံးနည်းဖြင့် ပြေးလွှားပျံသန်းနေခဲ့ကြပြီး လျှပ်စီးတန်းများကဲ့သို့ ကောင်းကင်ကြီးအား ထိုးခွင်းနေ၏။ အမျက်ချောင်းချောင်းထွက်နေပြီး အသိစိတ်မရှိတော့သည့်ပုံ ပေါက်နေသော အသက်ရှူသံများမှာမူ သူတို့၏နောက်မှ အဆက်မပြတ် လိုက်လာနေဆဲပင်။ သူတို့နှစ်ယောက် ရှိခိုးနန်းတော်အဆောင်ထဲသို့ ရောက်သွားသောအခါမှသာ သူတို့၏နားထဲ၌ ကြားနေရသည့် အသက်ရှူသံများမှာ ရပ်တန့်သွားတော့သည်။ ၎င်းမှာ ရှိခိုးနန်းတော်အဆောင်ထဲသို့ ဝင်ရောက်နိုင်စွမ်း မရှိသည့်ပုံပင်။
ထိုအခါမှသာ သူတို့နှစ်ယောက်မှာ စိတ်အေးသွားရပြီး သက်ပြင်းများ ချလိုက်ကြတော့သည်။ ဧရာမသစ်ပင်ကြီးမှာ စကားပြောရန် ပြင်လိုက်စဉ်မှာပင် ဝမ်ပေါင်လဲ့မှာ သူ့အား တားလိုက်၏။ ထို့နောက် သူတို့နှစ်ယောက်မှာ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးထဲသို့ ချက်ချင်းဝင်သွားလိုက်ကြသည်။ ထိုအခါ တည်နေရာပြောင်းရွှေ့ခြင်း အလင်းရောင်များမှာ သူတို့၏ ပတ်ပတ်လည်၌ တောက်ပလာတော့သည်။ နောက်ဆုံးတွင် သူတို့မှာ ပျောက်ကွယ်သွားပြီး သင်္ချိုင်းဂူကြီး၏ ဝေးရာ ဓားကိုယ်ထည်ပိုင်းနှင့် ဓားရိုးပိုင်းတို့၏ ကြားရှိ နယ်စပ်ဒေသတွင် ပြန်လည်ပေါ်ပေါက်လာတော့သည်။ ထိုအခါမှသာ သူတို့မှာ စိတ်လွတ်ကိုယ်လွတ် နေနိုင်သွား၏။
ဧရာမသစ်ပင်ကြီးမှာ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်နေပြီး ကြောက်စိတ်များကြောင့် ရင်ခုန်သံများ မြန်ဆန်နေရဆဲပင်။ သူသည် မကြာသေးမီကမှ အသက်အန္တရာယ်ကြီးတစ်ခုနှင့် ရင်ဆိုင်ခဲ့ရသည် မဟုတ်ပါလော။ သူ့ဘက်မှ အမှားတစ်ခု လုပ်မိခဲ့ရုံနှင့် သူသည် သေဆုံးသွားခဲ့နိုင်ပေသည်။
” ဒါ ဘယ်နေရာလဲ ” ဧရာမသစ်ပင်ကြီးမှာ ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်ပြီးနောက် ရေရွတ်လိုက်၏။
ဝမ်ပေါင်လဲ့မှာမူ ထေ့ငေါ့သည့် လေသံဖြင့် ” ကျုပ်လည်း ဘယ်လိုလုပ် သိမှာတုံး ” ဟူ၍ ပြန်ဖြေရန် ပြင်လိုက်စဉ်မှာပင် သူ၏ ခေါင်းထဲ၌ အတွေးတစ်ခု ပေါ်ပေါက်လာ၏။ ထို့ကြောင့် သူသည် ပညာရှိတစ်ယောက်ပုံစံ ဟန်ဆောင်လိုက်ပြီး တည်ကြည်စွာ ပြန်ပြောလိုက်တော့သည်။
” တချို့အရာတွေကို မသိထားတာ အကောင်းဆုံးပဲ ” ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် ဧရာမသစ်ပင်ကြီးအား အဓိပ္ပါယ်ပါပါ ကြည့်လိုက်၏။ ထို့နောက် သူသည် ဧရာမသစ်ပင်ကြီး၏ လက်ထဲရှိ လက်ကြီးအပေါ် အာရုံရောက်သွားတော့သည်။ သူသည် ၎င်းအား တောင်းခံနေခြင်းမရှိဘဲ ဧရာမသစ်ပင်ကြီးကိုသာ ပြန်၍ စိုက်ကြည့်လိုက်၏။
ထိုအခါ ဧရာမသစ်ပင်ကြီးမှာ နှုတ်ဆိတ်သွားရ၏။ ဝမ်ပေါင်လဲ့မှာ သူ့အား ကယ်တင်ပေးခဲ့သောကြောင့် သူသည် ကျေးဇူးတင်နေဆဲပင်။ ထို့ကြောင့် ယခင်တုန်းက သူ၏ အတွေးထဲ၌ မကောင်းကြံလိုသည့် အစီအစဉ်များ ရှိနေခဲ့လျှင်တောင် ယခုတွင် ၎င်းတို့မှာ ပျောက်ကွယ်သွားပြီဖြစ်သည်။ နောက်ဆုံးတွင် သူသည် ခေါင်းငုံ့ကာ ထိုလက်ကြီးအား ဝမ်ပေါင်လဲ့ဆီသို့ လှမ်းပေးလိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာမူ ထိုလက်ကြီးအား စိုက်ကြည့်ရင်း သူ၏ခံစားချက်များကို မချုပ်တည်းနိုင်တော့ပေ။ သူသည် ၎င်းအား ဧရာမသစ်ပင်ကြီးဆီမှ ယူလိုက်ပြီးနောက် သေသေချာချာ ကြည့်ရှုစစ်ဆေးလိုက်၏။ ထိုအခါ သူသည် ရင်ခုန်နှုန်းများ မြန်ဆန်လာရတော့သည်။ ဤ လက်ကြီးထဲမှ ထွက်ပေါ်နေသည့် နတ်ဘုရားလက်နက် အငွေ့အသက်များမှာ အလွန်အင်မတန်မှ အားကောင်းပေသည်။ ၎င်းမှာ ကျိုးပဲ့နေသည့် ညာဘက်လက်တစ်ဖက်သာ ဖြစ်၏။ ၎င်း၏ အရေပြားမှာ ရှုံ့တွခြောက်ကပ်နေပြီ ဖြစ်ပြီး အဆစ်နေရာများတွင် အရိုးများ ငေါထွက်နေသည်ကိုပင် သူက မြင်နေရ၏။ ထို့ကြောင့် ၎င်းမှာ အသွေးအသား မရှိတော့ဘဲ ဆေးရည်စိမ်ထားသော လက်ကြီးတစ်ဖက်ကဲ့သို့ ဖြစ်နေတော့သည်။
” ဒါ ဘယ်သူ့လက်လဲဟ။ ဒီလို လက်တစ်ဖက်တည်းနဲ့တောင် နတ်ဘုရားလက်နက် အငွေ့အသက်တွေကို ထုတ်လွှတ်နိုင်စွမ်း ရှိနေရတယ်လို့…. သင်္ချိုင်းဂူထဲမှာ တခြား ခန္ဓာကိုယ်အစိတ်အပိုင်းတွေများ ရှိနေဦးမလားမသိဘူး ” ဝမ်ပေါင်လဲ့မှာ အတွေးနယ်ချဲ့မိသွား၏။ သို့သော် သူသည် ထိုသင်္ချိုင်းဂူထဲသို့ မဝင်ဖူးသောကြောင့် ဧရာမသစ်ပင်ကြီး တစ်ယောက်သာလျှင် ထိုအဖြေအား သိထားလိမ့်မည်ဟု ယုံကြည်နေ၏။
ဧရာမသစ်ပင်ကြီးမှာမူ အရေးကြီး အချက်အလက်များကို မသိထားသောကြောင့် သူ့အား ပြန်၍ ရှင်းပြနိုင်မည် မဟုတ်ပေ…. ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အတွေးများထဲ၌ နစ်မျောသွားပြီး လောလောဆယ်တွင် ဧရာမသစ်ပင်ကြီးအား မေးခွန်းမမေးရန် ဆုံးဖြတ်လိုက်တော့သည်။ သူသည် အခါအခွင့်သင့်မှ ပထမဆုံးမေးခွန်းကို မေးသင့်ကြောင်း နားလည်ထား၏။ သို့မှသာ သူသည် ဧရာမသစ်ပင်ကြီးမှာ အမှန်ပြောနေခြင်း ဟုတ်မဟုတ် ဆုံးဖြတ်နိုင်မည်ဖြစ်သည်။
ထို့ကြောင့် သူသည် အလောတကြီး မေးခွန်းမထုတ်ခဲ့ဘဲ စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်၏။ ထို့နောက် သူသည် သူ့အပေါ် သစ္စာရှိမရှိ မသေချာသေးသော ဧရာမသစ်ပင်ကြီး၏အကြောင်းကို မေ့ထားလိုက်ပြီး လက်ကြီးအား အသေးစိတ် လေ့လာနေလိုက်တော့သည်။ သူသည် သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်လွှတ်ကာ ထိုလက်ကြီးထဲသို့ စီးဆင်းသွားစေလိုက်၏။ ထိုအခါ ထိုလက်ကြီးထဲ၌ စွမ်းအားတစ်မျိုး နိုးထလာသဖြင့် ၎င်းဆီမှ ထွက်ပေါ်နေသည့် အငွေ့အသက်များမှာ ပို၍ အားကောင်းလာတော့သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အံ့ဩတုန်လှုပ်သွားရ၏။ သူသည် ၎င်းအား မထိန်းချုပ်နိုင်ဘဲ ဖြစ်နေရသည်။ သူသည် သူ၏ ကျင့်ကြံခြင်းစွမ်းအားကိုအသုံးပြုကာ ထိုလက်ကြီးအား ခွင့်ပြုချက်မရှိဘဲ ထိန်းချုပ်ရန် ကြိုးစားခဲ့သည် မဟုတ်ပါလော။ သို့ဖြစ်ရာ ၎င်း၏ စွမ်းအားမှာ အလွန်အင်မတန်မှ ကြီးမားလွန်းနေသောကြောင့် ဝမ်ပေါင်လဲ့မှာ ဧရာမ ဓားရှည်ကြီးတစ်လက်အား ကိုင်မြှောက်နိုင်ရန် ကြိုးပမ်းနေသည့် ကလေးငယ်လေးတစ်ယောက်ကဲ့သို့ ဖြစ်နေတော့သည်။
ဝမ်ပေါင်လဲ့မှာ မောပန်းနွမ်းနယ်လာပြီး ထိုလက်ကြီးမှာ သူ့အား ခုခံတွန်းလှန်ရန် ကြိုးပမ်းနေသည်ဟု ခံစားနေရ၏။ ၎င်းမှာ သူ၏လက်ထဲတွင် အပြင်းအထန် တုန်ရီနေပြီဖြစ်သည်။ သူသည် ဓမ္မလက်နက်များ၏ အကြောင်းကို နှံ့စပ်စွာ နားလည်ထားသည်ဖြစ်ရာ ကောက်ချက်တစ်ခု ချမိသွား၏။ အကယ်၍ သူသည် ထိုလက်ကြီးအား အတင်းအဓမ္မ ထိန်းချုပ်နိုင်ရန် ကြိုးစားလိုက်မည်ဆိုပါက ၎င်းဆီမှ ထွက်ပေါ်လာသည့် စွမ်းအားများမှာ ရန်သူနှင့်မိတ်ဆွေ ခွဲခြားနေမည် မဟုတ်ပေ။ ထိုလက်ကြီးမှာ သူ၏ ရန်သူများကို ချေမှုန်းပစ်မည်ဖြစ်သလို သူ့ကို ဝါးမျိုရန်လည်း ကြိုးစားလိုက်မည်သာ ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ဝမ်ပေါင်လဲ့မှာ ၎င်းအား ပိုင်ဆိုင်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာနေဆဲပင်။ သူသည် တစ်ခဏမျှသာ စစ်ဆေးကြည့်ရသေးပါသော်လည်း ၎င်းဆီမှ ထွက်ပေါ်နေသည့်စွမ်းအားမှာ သူပိုင်ဆိုင်ဖူးသမျှ ဓမ္မလက်နက်အားလုံးထက် ပို၍သာလွန်နေသည်ကို သိခဲ့ရသည်။ သူ၏ အနက်ရောင်လှံကြီးနှင့် သုံးရောင်ခြယ် ဓားပျံလေးတို့ပင်လျှင် ၎င်းအား မယှဉ်နိုင်ပေ။
ပြည်ထောင်စုကြီးထဲရှိ နတ်ဘုရားလက်နက်ကြီးသာလျှင် ၎င်းအား ယှဉ်နိုင်ပေသည်။ သို့သော်လည်း ထိုနတ်ဘုရားလက်နက်ကြီးပင်လျှင် ဝမ်ပေါင်လဲ့၏ အမှောင်အဆောင်ပစ္စည်းအား ယှဉ်နိုင်စွမ်း မရှိပေ။
မည်သို့ပင်ဆိုစေကာမူ ၎င်းမှာ နတ်ဘုရားလက်နက်တစ်ခု ဖြစ်နေဆဲပင်။
” ငါ ဒီလက်နက်ကို မပျက်စီးအောင် ဘယ်လိုအသုံးပြုရပါ့ ” ဝမ်ပေါင်လဲ့မှာ စဉ်းစားတွေးတောနေတော့သည်။ တစ်ခဏမျှ အကြာတွင် သူ၏ အတွေးထဲ၌ အကြံတစ်ခု ပေါ်ပေါက်လာ၏။ ၎င်းမှာ အလွန်အင်မတန်မှ ရူးသွပ်ဖွယ်ရာကောင်းသော အကြံတစ်ခု ဖြစ်ပေသည်။
ဧရာမသစ်ပင်ကြီးမှာ ဝမ်ပေါင်လဲ့၏ မျက်နှာအမူအရာ အမျိုးမျိုးပြောင်းလဲသွားသည်ကို မြင်လိုက်ရ၏။ ထို့ကြောင့် သူသည် ရင်တထိတ်ထိတ် ဖြစ်လာရတော့သည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ အရောင်လက်သွားပြီး ရုတ်တရက် ဆိုလိုက်၏ ” တာအိုရောင်းရင်း အမြဲစိမ်းသစ်ပင်ကြီး။ နောက်ဆုတ် ”
ထိုအခါ ဧရာမသစ်ပင်ကြီးမှာ ရင်တထိတ်ထိတ်နှင့် နောက်သို့ ချက်ချင်းဆုတ်ခွာသွား၏။ ဝမ်ပေါင်လဲ့မှာမူ အသက်ပြင်းပြင်းရှူကာ ကျူးသိုပညာရပ် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကို ထုတ်လွှတ်လိုက်တော့သည်။ ထို့ကြောင့် သူ၏ခန္ဓာကိုယ်ထဲမှ ရဲရဲနီနေသည့် စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများ ထိုးထွက်လာပြီး လေထဲတွင် လူးလွန့်ကာ ကြောက်မက်ဖွယ်ရာ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးအဖြစ် ပြောင်းလဲသွားတော့သည်။
ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ် အပြင်ဘက်၌ ချပ်ဝတ်တန်ဆာတစ်ခုကဲ့သို့ ဖြစ်နေသော ထို အနီရောင် စွမ်းအင်စီးဆင်းမှု လမ်းကြောင်းများမှာ စွမ်းအားတစ်မျိုးကို ထုတ်လွှတ်နေသောကြောင့် ဧရာမသစ်ပင်ကြီးမှာ အသက်ပင် ကောင်းကောင်းမရှုနိုင်တော့ပေ။ သူတို့၏ ပတ်ပတ်လည်တွင်လည်း လေမုန်တိုင်းများ ပေါ်ပေါက်လာ၏။ ထိုအခါမှသာ ဝမ်ပေါင်လဲ့မှာ မည်မျှအထိအစွမ်းထက်ကြောင်း ဧရာမသစ်ပင်ကြီးက နားလည်သွားတော့သည်။ ထို့ကြောင့် သူသည် အသက်ရှူသံများ ရပ်တန့်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ဆုတ်မိသွား၏။
ဝမ်ပေါင်လဲ့မှာမူ ဧရာမသစ်ပင်ကြီးအား ဂရုစိုက်နေခြင်းမရှိဘဲ ထိုချပ်ဝတ်တန်ဆာကြီး ပေါ်ပေါက်လာသည်နှင့် ၎င်း၏ ဘယ်ဘက်လက်ဖြင့် နတ်ဘုရားလက်နက် လက်ကြီးအား လှမ်း၍ ဆုပ်ကိုင်လိုက်၏။ ထို့နောက် သူသည် မျက်ဝန်းများ အရောင်လက်သွားပြီး ထိုလက်ကြီးအား ချပ်ဝတ်တန်ဆာကြီး၏ ညာဘက်လက်ပေါ်သို့ တင်ကာ အားပါပါ ဖိချလိုက်တော့သည်။ ထိုအခါ ၎င်းမှာ သူ၏ ချပ်ဝတ်တန်ဆာကြီးနှင့် ပေါင်းစည်းသွားပြီး ၎င်း၏ ညာဘက်လက်နှင့် တစ်သားတည်းဖြစ်သွား၏။ ထို နတ်ဘုရားလက်နက် လက်ကြီးမှာ သူ၏ ညာဘက်လက်အဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။
၎င်းမှာ ဝမ်ပေါင်လဲ့ တွေးမိခဲ့သော ရူးသွပ်ဖွယ်ရာ အကြံအစည်ကြီး ဖြစ်ပေသည်။