အခန်း (၄၉) သူတော်စင်ဖြစ်မှ ပြိုင်ဘက်ကင်းမည်ဆိုလျှင်
အချိန် (၁) လ ကြာပြီးနောက်…
ကုချီသည်လည်း ရေကန်အောက် နစ်မြုပ်သွားခြင်း မရှိသေးပေ။
ထို့ပြင်… သူ၏ တိုက်ခိုက်ရေးဝိညာဉ်က တစ်နေ့တခြား ပိုမိုမြင့်မားလာခဲ့သည်။
သို့သော်… သူ… ကန်ရေပြင်ထက် ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ရေပွက်များ ရိုက်ခတ်လာလေ့ ရှိသည်။
ခြေလှမ်းရသည်မှာ အစပိုင်းကလို အေးအေးသက်သာမရှိတော့ဘဲ ခြေလှမ်းများက တဖြည်းဖြည်း လေးလံလာသည်။
သို့သော်… ရေကန်အောက်သို့ နစ်မြုပ်သွားခြင်းတော့ မရှိသေးပေ။
သူ အနားယူရန် ရပ်တန့်လိုက်လေတိုင်းလည်း သူ့နောက်တွင် ဂိုဏ်းတူညီလေးက ပေါ်လာစမြဲ ဖြစ်သည်။
အစပိုင်းတွင် ဂိုဏ်းတူညီလေးက သူ့အနား ချက်ချင်း ရောက်မလာတတ်ပေ။ သို့သော်… တဖြည်းဖြည်း သူနှင့် ပိုမိုနီးကပ်လာလေသည်။
တစ်ဖက်လူက ပိုမို လျှင်မြန်လာသည်ဟု ကုချီ ခံစားလိုက်ရသည်။
တစ်ခါတရံ… ကျန်းလန်က သူ့နောက်တွင် ကပ်ပြီး လမ်းလျှောက်နေသည့်အလား ခံစားနေရသည်။
ဖိအား…
ယှဉ်ပြိုင်မှုမှတစ်ဆင့် မကြုံဖူးသော ဖိအားတစ်ခုကို ကုချီခံစားနေရသည်။
ထိုဖိအားက သူ့ရင်ထဲမှ တိုက်ခိုက်ရေးဝိညာဉ်ကို နိုးကြွလာစေသည်။
လက်ရှိအချိန်တွင်… သူ့ရင်ထဲတွင် ဆန္ဒတစ်ခုသာ ရှိသည်။ ထိုဆန္ဒက သူ၏ ဂိုဏ်းတူညီလေးကို အနိုင်ယူလိုခြင်း ဖြစ်၏။
တစ်ဖက်လူက သူနှင့် ကောင်းကောင်းယှဉ်ပြိုင်နိုင်သည့် ပြိုင်ဘက်တစ်ယောက် ဖြစ်သည်။ သူ အစွမ်းကုန် ရင်ဆိုင်ယှဉ်ပြိုင်ရမည့် ပြိုင်ဘက်တစ်ယောက် ဖြစ်သည်။
ထိုဂိုဏ်းတူညီလေးကို သူ လုံး၀ လျှော့မတွက်ရဲတော့ပေ။
တစ်ဖက်လူက ကန်ရေပြင်ထက်တွင် သူနှင့်အပြိုင် လျှောက်လှမ်းနိုင်စွမ်းရှိသည့် စွမ်းအားမြင့်မားသည့် ပြိုင်ဘက်တစ်ယောက် ဖြစ်သည်။
ထို့အတူ… သူ၏ လေးစားခြင်းကို ခံယူထိုက်သော ပြိုင်ဘက်လည်း ဖြစ်၏။
ယခု သူလှမ်းနေသည့် ခြေလှမ်းတိုင်းက သူ့ အတိုင်းအတာကို ကျော်လွန်နေပြီ ဖြစ်သည်။
အချိန် (၁) လ ကြာမြင့်ခဲ့ပြီ မဟုတ်ပါလား။
သူ့အနေဖြင့်… ဂိုဏ်းတူညီလေးကို သေချာပေါက် နောက်တွင်ချန်ထားခဲ့နိုင်မည်ဟု ထင်မှတ်ခဲ့သည်။
သို့သော်… သူ မှားယွင်းသွားခဲ့၏။
သူ့ခြေလှမ်းများ ရပ်တန့်လိုက်သည်နှင့်… ဂိုဏ်းတူညီလေးက သူ့နောက်ဘက်တွင် အမြဲတမ်း ထွက်ပေါ်လာလေ့ရှိသည်။
ပြိုင်ဘက်က သူ့ကို အမီလိုက်နိုင်နေဆဲ ဖြစ်သည်။
ကျန်းလန်က ကုချီကို လေးစားသမှုဖြင့် ခေါင်းညိတ်နှုတ်ဆက်လိုက်သည်။
ကုချီကလည်း ကျန်းလန်ကို ပြန်လည် ခေါင်းညိတ်နှုတ်ဆက်လိုက်၏။
သို့သော်… ကျန်းလန် ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်သည့်အချိန်တွင် ကုချီမှာ ရှေ့ဆက်ရန်အတွက် အားအင်များ ပြန်လည်ပြည့်ဝခြင်း မရှိသေးပေ။
တစ်ဖက်လူက… ဦးဆောင်မှုကို ရယူသွားတော့မည် ဖြစ်သည်။
သို့သော်… သူ၏ ဂိုဏ်းတူညီလေးက ခပ်ဖြည်းဖြည်းပင် လမ်းလျှောက်နေခြင်း ဖြစ်၏။
တစ်ဖက်လူ၏ ခြေလှမ်းများက နဂိုအတိုင်းပင် ခပ်ဖြည်းဖြည်း လမ်းလျှောက်နေခြင်းဖြစ်ကြောင်း ကုချီ ရှင်းရှင်းလင်းလင်း ခံစားလိုက်မိသည်။
ထိုခဏမှာပင်… သူ… တစ်စုံတစ်ခုကို နားလည်သွားသည်။
တစ်ဖက်လူက လျှင်မြန်လာခြင်း မဟုတ်ပေ။ သူကသာ တဖြည်းဖြည်း နှေးကွေးလာခြင်း ဖြစ်၏။
ကုချီ မယုံကြည်နိုင်ဖြစ်သွားရသည်။
ထွက်ခွာသွားသည့် ကျန်းလန်၏ ကျောပြင်ကို ငေးစိုက်ကြည့်းရင် ကုချီ၏ မျက်ဝန်းများထဲတွင် ကြောက်ရွံ့တုန်လှုပ်သည့် အမူအရာများ ထင်ဟပ်လာသည်။
သူ… ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သည်။ သို့သော်… သူ အနိုင်ရချင်နေဆဲ ဖြစ်သည်။
ကုချီ အားတင်းပြီး ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
ကျန်းလန်က ကုချီရှေ့တွင် ဆက်လက်လမ်းလျှောက်နေ၏။ သို့သော်… သူက ဂိုဏ်းတူအစ်ကိုကို တစ်ချက်ပင် လှည့်မကြည့်ပေ။
ဂိုဏ်းတူအစ်ကို၏ တိုက်ခိုက်ရေးဝိညာဉ်က အလွန်သန်မာပြင်းထန်ကြောင်း ကျန်းလန် ရိပ်မိသည်။ သို့သော်… ဤနေရာတွင်တော့ သူ့ကို တိုက်ခိုက်နိုင်မည် မဟုတ်ပေ။
ပြင်းထန်လွန်းသည့် တိုက်ခိုက်ရေးဝိညာဉ်နှင့် တိုက်ခိုက်လိုသည့် အငွေ့အသက်များက ထိုဂိုဏ်းတူအစ်ကို၏ စိတ်အခြေအနေတစ်ခု ဖြစ်နိုင်သည်။
ထို့ကြောင့်… မဆင်မခြင်တိုက်ခိုက်မည်ဆိုလျှင် သူတို့ (၂)ယောက်လုံး ရေကန်ထဲ မြုပ်သွားဖို့သာ ရှိသည်။
အချိန် (၁) လ အတွင်း…
ကျန်းလန်က လမ်းလျှောက်လိုက် နားလိုက်ဖြင့် ရှေ့ဆက်နေခဲ့သည်။ သို့သော်… သူက အရှိန်မြှင့်တင်ခြင်းမရှိဘဲ ဖြည်းဖြည်းမှန်မှန်သာ လျှောက်လှမ်းနေခြင်း ဖြစ်၏။
ကျန်းလန်က အလျှင်လိုခြင်းလည်းမရှိသလို အရှိန်လျှော့ခြင်းလည်း မရှိခဲ့ပေ။
ယခုဆိုလျှင်… ကန်ရေပြင်ထက်တွင် သူ့ပုံရိပ်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်နေရပြီ ဖြစ်သည်။ သို့သော်… မျက်နှာသွင်ပြင်ကိုတော့ သေသေချာချာ မြင်တွေ့ရခြင်း မရှိသေးပေ။
သူမ၏ မူလဝိညာဉ်မှ ထွက်ပေါ်နေသည့် အလင်းရောင်ကတော့ တစ်နေ့တခြား ပိုမိုတောက်ပလာသည်။
မူလဝိညာဉ် ပိုမိုတောက်ပလာသည်နှင့်အမျှ ကျင့်ကြံခြင်းနှင့်ပတ်သက်သည့် အားနည်းချက်များနှင့် လိုအပ်ချက်များကိုလည်း တွေ့မြင်လာရသည်။
ကောင်းကင်ရိပ်ငြိမ်ရေကန်ထက်တွင် လမ်းလျှောက်ရန်မှာ အလွန်ခက်ခဲသည့် အလုပ်တစ်ခု ဖြစ်သည်။ သို့သော်… ရရှိသည့် အကျိုးအမြတ်ကလည်း အမှန်တကယ်ပင် ကြီးမားလွန်းလှသည်။
ကောင်းကင်ရိပ်ငြိမ်ရေကန်က ကျန်းလန်၏ မူလဝိညာဉ်ကို အပြည့်အ၀ အကူအညီပေးနိုင်လေသည်။
အချိန် (၁)လ ကြာအောင် လမ်းလျှောက်ပြီးသည့်တိုင်… ရေကန်က မည်မျှ ကျယ်ပြန့်ကြောင်း ကျန်းလန် မခန့်မှန်းနိုင်ပေ။
သို့မဟုတ်… သူက ရေကန်ထဲတွင် တစ်ပတ်လည်ပြီး လမ်းလျှောက်နေခြင်းလား မပြောတတ်ပေ။
ကျန်းလန်က သိပ်မတွေးဘဲ ရှေ့သို့သာ ဆက်လျှောက်နေသည်။
သူက နောက်သို့ လှည့်ကြည့်ခြင်းမရှိသလို မလိုအပ်သည့် လှုပ်ရှားမှုများကိုလည်း ပြုလုပ်ခြင်း မရှိပေ။
ကျန်းလန်၏ နောက်တွင်တော့ ကုချီ လိုက်ပါလာသည်။
ယခု… သူ၏ ရည်ရွယ်ချက်က ကျန်းလန်ကို အမီလိုက်ရန် ဖြစ်လေ၏။
………………
ကောင်းကင်ရိပ်ငြိမ်ရေကန် အပြင်ဘက်တွင်တော့…
တပည့်အချို့ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် တရားထိုင်လျှက် ရှိကြသည်။
ထိုအချိန်… တစ်စုံတစ်ယောက်က တိတ်ဆိတ်မှုကို စတင်ဖြိုခွင်းလိုက်၏။
“အချိန် (၁) လ တောင် ရှိသွားပြီနော်…”
နောက်ထပ်တပည့်တစ်ယောက်က စိတ်ရှုတ်ထွေးသွားဟန်ဖြင့်…
” အချိန် (၁)လ ရှိတော့ ဘာလုပ်ရမလဲကွ…”
ထိုသို့ ပြန်မေးလိုက်သူက ကောင်းကင်ရိပ်ငြိမ်ရေကန်သို့ မကြာသေးမီကမှ ရောက်ရှိလာသည့် တပည့်ဖြစ်သည်။
သူက ပထမတောင်ထွတ်မှ ဂိုဏ်းတူအစ်ကိုနှင့် နဝမတောင်ထွတ်မှ ဂိုဏ်းတူညီလေးအကြောင်း သိရှိခြင်း မရှိသေးပေ။
နောက်ထပ်တပည့်တစ်ယောက်က…
“ပထမတောင်ထွတ်က ဂိုဏ်းတူအစ်ကို ရေကန်ထဲဝင်သွားတာ အချိန် (၁)လ ရှိပြီလို့ ပြောချင်တာ မဟုတ်လား… ၊ ကျုပ် သတင်း ကြားထားတယ်…”
“မဟုတ်ဘူး… နဝမတောင်ထွတ်ကတပည့်လည်း ရေကန်ထဲဝင်သွားတာ အချိန် (၁)လ ကြာပြီ… ၊ ကျုပ် ဒီရေကန်နားမှာ သူတို့ကို စောင့်နေတာ အချိန် (၁)လတောင် ရှိပြီ…”
“သူလည်း အခုချိန်ထိ ထွက်မလာသေးဘူးလား…”
“အမှန်ပဲ… ၊ ပြီးတော့ သူ ကောင်းကင်ရိပ်ငြိမ်ရေကန်ထဲဝင်သွားတာ ပထမဆုံး အကြိမ်ပဲ…”
“နဝမတောင်ထွတ်က တပည့်… ဟုတ်လား… ဘယ်သူများလဲ…”
“သူ ထွက်မလာသေးဘူးလား… ၊ ကျုပ်က သူထွက်သွားတာ ကြာလှပြီတောင် ထင်နေတာ…”
“ဘယ်က ထွက်လာရဦးမှာလဲ… ၊ ကျုပ် ဒီနေရာမှာထိုင်ပြီး (၁)လလုံးလုံး စောင့်ကြည့်နေတာ…”
တပည့်များ၏ စကားများကို နားထောင်ပြီး သေရည်နတ်ဘုရားမှာလည်း အလွန်အမင်း အံ့သြလျှက် ရှိသည်။
ဟုတ်ပေ၏…။
အချိန် (၁) လပင် ကြာခဲ့ပြီ ဖြစ်သည်။
နဝမတောင်ထွတ်မှတပည့် ရေကန်ထဲဝင်သွားသည်မှာ အချိန် (၁)လပင် ကြာခဲ့ပြီ ဖြစ်သည်။
ထိုမျှသာမက… ထိုတပည့်က ကုချီကိုပင် အနိုင်ယူနိုင်ခဲ့သည်။
သို့သော်… ထိုတပည့်၏ အခြေအနေကတော့ ထူးထူးခြားခြား ပြောင်းလဲသွားခြင်း မရှိပေ။
“သူ့စိတ်သဏ္ဍန်က တစ်ချက်လေးတောင် လှိုင်းမထဘူး… ၊ ပြီးတော့ သူက ရေလိုပဲ လိုက်လျောညီထွေ နေတတ်တယ်… ၊ မယုံကြည်နိုင်စရာပဲဟေ့… မယုံကြည်နိုင်စရာပဲ… ၊ မော့ကျန်းသုန့်ရဲ့ တပည့်ကတော့ တကယ့်ကို အထင်ကြီးစရာ ကောင်းပါပေတယ်…”
တအံ့တသြတွေးရင်းဖြင့် သေရည်နတ်ဘုရားက သေရည်တစ်ငုံ မော့သောက်လိုက်သည်။
မော့ကျန်းသုန့်၏တပည့် မည်မျှ ရှေ့ဆက်သွားနိုင်မည်ကို သူ စောင့်ကြည့်ချင်နေမိသည်။
………………
ကျန်းလန် ကန်ရေပြင်ကို ငုံ့ကြည့်ရင်း ရှေ့ဆက်လမ်းလျှောက်နေ၏။
ယခုဆိုလျှင်… သူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း အသူရာတမျှနက်သည့် ချောက်နက်ကြီးအတွင်းသို့ ဆွဲခေါ်နေသည့်အလား ခံစားနေရသည်။
သူ၏ နှလုံးသားနှင့် ရည်ရွယ်ချက်ကိုသာ သူကိုယ်တိုင် နားလည်ခြင်း မရှိလျှင် ဤနေရာတွင် ဆက်လက် လမ်းလျှောက်နေရန် သူ့အတွက် မဖြစ်နိုင်တော့ပေ။
ကျန်းလန်က သူ့နှလုံးသားကို နားလည်သလို သူ၏ ရည်ရွယ်ချက်ကိုလည်း ရှင်းရှင်းလင်းလင်း သိရှိသူ ဖြစ်သည်။
လောကတွင် သူ လုပ်ချင်သည့်အရာ သိပ်မရှိပေ။
“နဝမတောင်ထွတ်တွင်နေထိုင်ပြီး နေ့စဉ် စနစ်တွင် မှတ်ပုံတင်မည်…”
သူ့တွင် ထိုရည်ရွယ်ချက် တစ်ခုသာ ရှိသည်။
ပြိုင်ဘက်ကင်းတစ်ယောက် ဖြစ်လာသည့်အချိန်ထိ သူ ထိုသို့သာ နေထိုင်သွားချင်သည်။
အင်မော်တယ်တစ်ယောက်ဖြစ်မှ ပြိုင်ဘက်ကင်းမည်ဆိုလျှင် သူ အင်မော်တယ်တစ်ယောက် ဖြစ်လာအောင် ကြိုးစားမည်။
သို့သော်… အင်မော်တယ် ဖြစ်တိုင်းလည်း ပြိုင်ဘက်ကင်းတစ်ယောက် မဖြစ်နိုင်ပေ။
ထိုသို့ဆိုလျှင်… သူတော်စင်တစ်ပါးဖြစ်လာမှ ပြိုင်ဘက်ကင်းမည်ဆိုလျှင် ကျန်းလန် သူတော်စင်တစ်ပါး ဖြစ်အောင် ကြိုးစားမည်ဖြစ်သည်။
ကျန်းလန် ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ကန်ရေပြင်ထက်မှ သူ့ပုံရိပ်က ပိုမိုကြည်လင်လာသည်။
သူ၏ မူလဝိညာဉ်မှ အလင်းရောင်ကလည်း တဖြည်းဖြည်း ပိုမို တောက်ပလာသည်။
သူ ရှေ့ဆက်သွားနိုင်လေလေ သူ၏ ကျင့်ကြံခြင်းအတွက် အကျိုးရှိလေလေဟု ကျန်းလန် ခံစားနေရသည်။
ကျန်းလန် ကောင်းကင်ရိပ်ငြိမ်ရေကန်ထက်တွင် လမ်းလျှောက်နေခဲ့သည်မှာ အချိန် (၁) လ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သူ့အနေဖြင့်… မည်မျှ အချိန်ကြာအောင် ဆက်လက်လမ်းလျှောက်နိုင်ဦးမည်လဲ မသိရှိပေ။
သို့သော်… သူ ဆက်လက်လျှောက်လှမ်းနေဆဲ ဖြစ်သည်။
ထိုသို့ဖြင့်… အချိန် (၂) လ ထပ်မံ ကုန်ဆုံး သွားခဲ့လေသည်။
ကျန်းလန်၏ ပုံရိပ်တစ်ခုလုံး ကန်ရေပြင်ထက်တွင် ရှင်းရှင်းလင်းလင်း တွေ့မြင်နေရပြီ ဖြစ်သည်။ သို့သော်… သူ၏ မျက်လုံးများက ဝိညာဉ်ကင်းမဲ့နေဆဲ ဖြစ်၏။
ကျန်းလန် ကန်ရေပြင်ထက် မတ်တတ်ရပ်ရင်း ရှေ့သို့ ခြေတစ်လှမ်း ဆက်လှမ်းရန် ချီတုံချတုံ ဖြစ်နေသည်။
“ဒီ ခြေတစ်လှမ်း လှမ်းပြီးတာနဲ့ ပုံရိပ်ထဲက မျက်ဝန်းတွေ အသက်ဝင်လာမယ်ထင်တယ်… ၊ ဒါဆိုရင် ငါ့ရဲ့ လုံး၀ ပြီးပြည့်စုံတဲ့ ပုံရိပ်ကို မြင်နိုင်ပြီပဲ… ဒါပေမဲ့…”
တွေးရင်းဖြင့်… ကျန်းလန် ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။
ပတ်ဝန်းကျင်တွင် မည်သူတစ်ဦးတစ်ယောက်မှ ရှိမနေတော့ပေ။
သူ့အနေဖြင့် ကောင်းကင်ရိပ်ငြိမ်ရေကန်တွင် လမ်းလျှောက်နိုင်သည့် အတိုင်းအတာ ပြည့်သွားပြီဖြစ်ကြောင်း ကျန်းလန် ရိပ်မိလိုက်သည်။
ထို့ကြောင့်… နောက်ဆုံးခြေလှမ်း တစ်လှမ်းပြီးသည်နှင့် သူ… ရေကန်အောက်သို့ နစ်မြုပ်သွားမည်မှာ အသေအချာပင်…။
ကျန်းလန်၏ စိတ်စွမ်းအား မည်မျှ ကောင်းမွန်ပါစေ ယခု သူ၏ အဆုံးမှတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သာမန်အခြေအနေဆိုလျှင် ကျန်းလန်အနေဖြင့် နောက်ဆုံးခြေလှမ်းကို လှမ်းတော့မည် မဟုတ်ပေ။
သို့သော်… ယခုတော့ ပြီးပြည့်စုံသည့် သူ၏ပုံရိပ်ကို တွေ့မြင်လိုသောကြောင့် နောက်ဆုံးခြေလှမ်းကို လှမ်းချင်နေမိသည်။
နောက်ဆုံးခြေလှမ်းကိုသာ မလှမ်းခဲ့ရဘူးဆိုလျှင် သူ့အတွက် နောင်တရစရာများ ဖြစ်လာပေလိမ့်မည်။
သူက ငယ်ရွယ်နုပျိုပြီး အားအင်ပြည့်ဝသည့် လူငယ်တစ်ယောက် ဖြစ်သည်။
ရေကန်အောက် ပြုတ်ကျသွားလျှင်လည်း သူ့အတွက် ဘာအရေးလဲ…။ သူ့ကိုယ်သူ ထိန်းချုပ်နေစရာ အကြောင်း မရှိပေ။
ထို့နောက်တွင်တော့… ကျန်းလန် ဆုံးဖြတ်ချက်ခိုင်မာစွာဖြင့် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်လေတော့၏။
ထိုခဏမှာပင်…
အသူရာတမျှ နက်ရှိုင်းသည့် ချောက်နက်ကြီးတစ်ခုအတွင်းသို့ ကျရောက်သွားသည့်အလား ကျန်းလန် ခံစားလိုက်ရလေတော့သည်။