“ညီလေး၅ နှစ်ဝက်လောက်နဲ့ အဂ္ဂိရတ်ပညာရှင်ဖြစ်တယ်လို့ မင်းပြောနေတာလား” သူမပြောသောစကားများကို သံသယဝင်ကာ ရှီမာယူလီ ရှီမာယူယူအားကြည့်လိုက်သည်။
ရှီမာယူရန်သည် ဆေးများအားကြည့်လိုက် သူမအားကြည့်လိုက်ဖြစ်နေသည်။ သူမ ရုတ်တရက်ဆေးပညာများအား သိနေသည်ကို စဉ်းစားကာ ထိုဆေးဖော်ခြင်းပညာသည် သူမမှတ်ဉာဏ်ထဲမှပေါ်လာသည် ဖြစ်နိုင်သည်။ သူတို့နှင့် ယှဉ်လျှင် သူသည် အံ့သြမှုလျော့လေသည်။
“ဟား ဟား ဟား” ကျယ်လောင်သောရယ်သံနှင့်အတူ ရှီမာလိုင်သည် ရှီမာယူယူဘေးသို့လာကာ သူမပခုံးအားပုတ်လိုက်ပြီး ဂုဏ်ယူစွာပြောလိုက်သည် “ငါတို့ရှီမာမျိုးနွယ်ကို ကောင်းကင်က ပစ်မထားဘူးဆိုတာ သိလိုက်ပြီ၊ အဲအချိန်တုန်းက ဒီကောင်စုတ်ကလေးက အဂ္ဂိရတ်ဆရာဖြစ်ချင်တယ်လို့ပြောခဲ့တယ်၊ ဒါပေမယ့် မင်းတကယ်လုပ်နိုင်မယ်လို့ အဘိုးထင်တောင်မထင်ထားဘူး၊ မဆိုးဘူး မဆိုးဘူး”
ရှီမာလိုင်၏အားကို ကြိတ်ခံလိုက်သဖြင့် ရှီမာယူယူမျက်နှာရှုံ့မဲ့သွားသည်။ သူသည် စိတ်လှုပ်ရှားချိန်တွင် အားပါသွားတတ်သည်၊ သူမပခုံးအား ပုတ်လိုက်ခြင်းသည် သူမအား လဲကျသွားမလိုပင်ဖြစ်စေခဲ့သည်။
“အခု ငါတို့မှာ ဆေးတွေအများကြီးရှိတယ်၊ ပြီးတော့ ညီလေး၅က ဖော်ထားတယ်၊ ငါတို့ကိုနိုင်ဖို့ နာလန်မျိုးနွယ်က ဆေးကိုသုံးတာက အသုံးမဝင်ဖြစ်သွားတာပဲ” ရှီမာယူရွှီပြောလိုက်သည်။
“ညီလေး၅ ဒီတစ်ခါတော့ မင်းကိုတကယ်ကျေးဇူးတင်တယ်” ရှီမာယူမင်ပြောလိုက်သည်။
“ကျွန်တော်ကူညီနိုင်တယ်ဆိုရင်ပဲ တော်ပါပြီ” ရှီမာယူယူပြုံးလိုက်သည် “လိုတဲ့ဟာတွေပဲအရင်ယူလိုက်၊ ကျွန်တော်တို့ဘာဆေးတွေလိုနေတယ်ဆိုတာပဲ ပြောလိုက်၊ ကျွန်တော်ထပ်ပြီးဖော်ပေးမယ်၊ ပြီးတော့ သာမာန်သုံးနေကျဆေးတွေကို ထပ်ပြီးဖော်လိုက်မယ်၊ ကျွန်တော်ဖော်ပြီးရင်တော့ ချွန်ဂျီအန်းနဲ့တခြားသူတွေကို ပို့ခိုင်းလိုက်မယ်”
“ကောင်းပြီ” ရှီမာယူရွှီသည် ဆေးများကိုယူလိုက်သည် “ဟုတ်သားပဲ ဒီဆေးတွေအတွက် ဘာပါဝင်ပစ္စည်းတွေလိုတာလဲ၊ ငါလူလွှတ်ပြီးပြင်ခိုင်းလိုက်မယ်”
“မလိုပါဘူး…ဆေးဖက်ဝင်ပစ္စည်းတွေကို ကျွန်တော်ကိုယ့်ဘာသာ ဖြေရှင်းလို့ရပါတယ်” ရှီမာယူယူ ပြောလိုက်သည်။
“မင်းဘယ်လိုလုပ်လိုက်တာလဲ” ရှီမာလိုင်ပြောလိုက်သည် “ငါတို့မှာဆေးတွေမရှိပေမယ့် ဆေးဖက်ဝင်ပစ္စည်းတွေတော့ရှိပါတယ်”
“ပြီးခဲ့တဲ့တစ်ခေါက်က ကျွန်တော်ပူလွောင်တောင်တန်းသွားတုန်းက မှော်ဝင်လက်စွပ်ထဲမှာ ဆေးဖက်ဝင်ပစ္စည်းတွေထည့်ပြီးယူလာခဲ့တယ်၊ ဆေးဖော်ဖို့အတွက်လုံလောက်ပါတယ်” ရှီမာယူယူပြောလိုက်သည် “ကျွန်တော်ဆေးဖော်နိုင်တာ ဘယ်သူ့ကိုမှမပြောပါနဲ့ ဒါမှဆေးဖက်ဝင်ပစ္စည်းတွေရဲ့ အရည်အသွေးက ပြောင်းမသွားမှာ၊ အစ်ကိုကြီး အစ်ကိုလေး ဈေးတွက်ရင် ပါဝင်ပစ္စည်းတွေကိုထည့်မတွက်နဲ့… အစ်ကိုတို့နှစ်ယောက်ဈေးဖြတ်ပြီး အဲလိုပဲရောင်းလိုက်၊ နာလန်မျိုးနွယ်က ဒီနည်းလမ်းကိုသုံးပြီး ကျွန်တော်တို့ကိုဆွဲချချင်နေတာ၊ ကျွန်တော်တို့လည်း အဲလိုပဲပြန်လုပ်မယ်”
“ကောင်းတယ်” ရှီမာယူမင်နှင့် ရှီမာယူရွှီတို့ အပြန်အလှန်ကြည့်လိုက်ကြသည်။
အရင်တုန်းက နာလန်မျိုးနွယ်ကသာ အရင်တိုက်ခိုက်ခဲ့သည်၊ အခုတော့ သူတို့အလှည့်ပင်။
“ငါတို့မှာဆေးတွေရှိပြီဆိုတော့ ယူမင်နဲ့ ယူရွှီမင်းတို့နှစ်ယောက်အရင်သွားပြီး ဖြေရှင်းနှင့်” ရှီမာလိုင် ပြောလိုက်သည်။
“ကောင်းပါပြီ၊ ကျွန်တော်တို့ဆိုင်ကို အရင်သွားလိုက်ပါမယ်” ရှီမာယူမင်နှင့် ရှီမာယူရွှီတို့သည် မတ်ထပ်ရပ်ကာ ရှီမာလိုင်အား အရိုအသေပေးပြီး လှည့်ထွက်သွားလေသည်။
“ယူရန် ယူလီ မင်းတို့နှစ်ယောက်က ကျောင်ကိုပြန်သွားချင်လား” ရှီမာလိုင်မေးလိုက်သည်။
“အခုတော့ ဘာအတန်းမှမရှိသေးလို့ အိမ်မှာနေပြီးတစ်ခုခုကူညီစရာများရှိမလားလို့ကြည့်လိုက်ဦးမယ်” ရှီမာယူရန်ပြောလိုက်သည်။
“အဲဒါလည်းကောင်းတာပဲ”
“အဘိုး တခြားဘာမှလုပ်စရာမရှိရင် ကျွန်တော်တို့အရင်သွားနှင့်ပါမယ်” ရှီမာယူလီပြောလိုက်သည်။
“သွားသွား” သူ့စိတ်တွင် ထင့်နေသော အကြီးမားဆုံးပြဿနာသည် ဖြေရှင်းပြီးသွားပြီဖြစ်သောကြောင့် ရှီမာလိုင် စိတ်သက်သာရာရသွားသည် “ယူယူ ခဏနေခဲ့ဦး”
သူတို့နှင့်အတူ ထွက်သွားရန် ရှီမာယူယူပြင်ဆင်နေဆဲမှာပင် ရှီမာလိုင်ပြောလိုက်သည်ကို ကြားသောအခါ ထိုင်ခုံတွင်ပြန်ထိုင်နေလိုက်သည်။
ရှီမာယူလီနှင့် ရှီမာယူရန်တို့သည် သူမအား တစ်ချက်ကြည့်ကာ ထွက်သွားကြလေသည်။
မြေးအဘိုးနှစ်ယောက်သာ အိမ်ထဲတွင် ကျန်ခဲ့သည်၊ ထို့ကြောင့် ရှီမာယူယူမေးလိုက်သည် “အဘိုး တစ်ခုခုပြောစရာရှိလို့လား”
“ပြီးခဲ့တဲ့တစ်ခေါက်က သမီးယူလာတဲ့ ဝိညာဉ်သားရဲတွေကိုအဘိုးဝေပြီးပြီ” ရှီမာလိုင်ပြောလေသည်။
“ဒါဆို သူတို့စာချုပ်ချုပ်တော့ အဆင့်တွေတက်လာလား” ရှီမာယူယူမေးလိုက်သည်။
“အဲဒါကြောင့်ပဲ သမီးကို ကျန်ခဲ့ဖို့အဖိုးပြောလိုက်တာ” ရှီမာလိုင်ပြောလိုက်သည် “သူတော်စင်အဆင့်သားရဲနဲ့ စာချုပ်ချုပ်မယ်ဆိုရင် အဲလူက အခြေခံအားဖြင့် အဆင့်နှစ်ဆင့် သုံးဆင့်တက်နိုင်တယ်၊ အဲစာချုပ်ချုပ်တဲ့ သားရဲကလည်း အဆင့်တစ်ဆင့်တက်နိုင်တယ်”
“ဒါဆို သူတို့အဆင့်တက်နိုင်တယ်ပေါ့” ရှီမာယူယူပျော်ရွှင်စွာပြောလိုက်သည်။ သူတို့သာ အမှန်တကယ်ပင်အဆင့်တက်နိုင်သည်ဆိုပါက ပိုင်ရှင်ကျင့်ကြံစဉ်အတွင်းတွင် ဝိညာဉ်သားရဲများအဆင့်တက်နိုင်သည်ဆိုသည့် စာအုပ်ထဲမှ ရေးထားသည်များသည် သူမထင်သည့် အတိုင်းမှန်နေသည်။
“အင်း..” ရှီမာလိုင်ခေါင်းညိတ်သည် “အခုတော့ အဘိုးတို့မျိုးနွယ်ရဲ့အင်အားတွေက တိတ်တဆိတ်တိုးလာတယ်၊ သမီးအဂ္ဂိရတ်ပညာကို သိတာနဲ့သာပေါင်းလိုက်ရင် ပိုပြီးယုံကြည်ချက်ရှိလာတယ်၊ နာလန်မျိုးနွယ်နဲ့တိုက်ဖို့ အားတွေလည်းတိုးလာတယ်”
“အဘိုး သမီးနားမလည်တာတစ်ခုရှိတယ်” ရှီမာယူယူပြောသည်။
“ဘာလဲ”
“အဘိုးက ဒုံချိန်းနိုင်ငံရဲ့ စစ်သူကြီးမဟုတ်ဘူးလား၊ အခုတော့ နာလန်မျိုးနွယ်က လူတွေက နှိမ်နေတယ်၊ တော်ဝင်မိသားစုက မလှုပ်ရှားဘူးလား” ရှီမာယူယူစိတ်ရှုပ်ထွေးစွာ ပြောလိုက်သည်။
“အရေးကြီးဆုံးအချက်က နာလန်မျိုးနွယ်က သာမာန်မျိုးနွယ်မဟုတ်တာပဲ၊ ပြီးတော့ အဘိုးတို့ကိုတိုက်ဖို့ အတင်းအကြပ်မလုပ်တာပဲ အဲဒါကြောင့်တော်ဝင်မိသားစုကလည်း ဝင်ပါပြီးရပ်ပြစ်ဖို့ကို ခက်နေတာ” ရှီမာလိုင်ပြောလိုက်သည် “ဒါပေမယ့် အဓိကအချက်က ဘုရင်ကြီးက အဘိုးတို့ကို သတိထားနေပြီး အဘိုးတို့ အင်အားကို နည်းအောင်လို့ နာလန်မျိုးနွယ်နဲ့လက်တွဲချင်နေတယ်လို့ထင်တယ်”
“ဘာလို့လဲ၊ အဘိုးကအရမ်းအားကောင်းနေလို့လား”
“အဘိုးတစ်ယောက်တည်းကြောင့်မဟုတ်ဘူး” ရှီမာလိုင်ပြောလိုက်သည် “သမီးရဲ့ အစ်ကိုလေးယောက်ကိုကြည့်တာနဲ့ သူတို့အားလုံးအရည်အချင်းရှိတာကို အားလုံးမြင်ကြတယ်၊ အဲဒါတွေပေါင်းလိုက်ရင် ဒုံချန်းနိုင်ငံမှာ အဘိုးရဲ့သြဇာကပို ကြီးလာတယ်၊ အဘိုးတို့ အားကောင်းနေတာကို ဘုရင်ကြီးက ကြောက်နေတာဖြစ်မယ်”
ရှီမာယူယူနှုတ်ခမ်းတွန့်လိုက်ကာ “အဘိုးပြောတာသာမှန်ရင် ဘုရင်ကြီးက အမြော်အမြင်မရှိတဲ့ ယောက်ျားကြီးပဲ”
ရှီမာမျိုးနွယ်သည် ပုလ္လင်အားစိတ်ဝင်စားခြင်းမရှိပေ။ သူတို့သတိထားနေရသည့်အကြောင်းမှာ ရှီမာလိုင်သည် အားကောင်းသည်၊ ရှီမာယူမင်နှင့် ကျန်သောသူများသည် အရည်အချင်းရှိကြသည်။ ထိုဘုရင်ကြီးသည် အမြော်အမြင်မရှိသော လူတော့မဟုတ်လောက်ပေ။
“ဟုတ်သားပဲ ဒီရက်ပိုင်းမှာ ဘုရင်ကြီးရဲ့ မွေးနေ့ဂုဏ်ပြု စားပွဲရှိတယ်၊ အဘိုးတို့တက်ရမယ်၊ အဲအချိန်ကျရင် သမီးဘုရင်ကြီးကို မြင်ရမှာပါ” ရှီမာလိုင်ပြောလိုက်သည်။
“ဟင်း.. အဲအချိန်ကျရင် အဆင်ပြေမလား မပြေဘူးလား ကြည့်ရတာပေါ့၊ တခြားမရှိတော့ရင်သမီးအရင်သွားလိုက်ပါဦးမယ်” ရှီမာယူယူပြောပြီးသည်နှင့် ထထွက်သွားလေသည်။
သူမ ‘ပိုင်ရှင်ခြံဝင်းအား’ ဖြတ်လျှောက်မှပင် ခန်းမထဲတွင် လက်ဖက်ရည်သောက်နေသေးသော ဖက်တီးကျူအားသတိရလိုက်သည်။ ထို့ကြောင့် သူမခြေလှမ်းသွက်ကာ ခန်းမသို့ဦးတည်သွားလိုက်သည်။
စစ်သူကြီးအိမ်တော်သို့ ဖက်တီးကျူလာရောက်ခြင်းမှာ ပထမအကြိမ်ဖြစ်၍ အိမ်တော်ထိန်းသည် ဝတ်တရားကျေပွန်စွာ လက်ဖက်ရည်ဖြင့် ဧည့်ခံလေသည်။ သူသည် လက်ဖက်ရည်သောက်ပြီး၍ ရှီမာယူယူပြန်မလာသေးသဖြင့် လမ်းပတ်လျှောက်နေလေသည်။ သူတံခါးသို့လျှောက်သွားချိန်တွင် သူ့ပစ်မှတ်လူ ဝင်လာသည်နှင့်တွေ့လေသည်။
“ယူယူ မင်းဝင်လာတာကို ဘာလို့အသံမပေးလဲ”
“မင်းတံခါးမှာ ရှိမယ်မှန်းငါဘယ်လိုသိမှာလဲ” ရှီမာယူယူပြောလိုက်သည် “မင်းဒီမှာ ဘာလုပ်နေတာလဲ”
“အိမ်ကို ပတ်ကြည့်မလို့ လုပ်နေတာ မင်းဝင်လာတာပဲ” ဖက်တီးကျူပြန်ဖြေလိုက်သည်။
“ဟုတ်သားပဲ မင်းအရင်က အိမ်တော်ကို မရောက်ဖူးဘူးပဲ သွားရအောင် ငါမင်းကို ပြပေးမယ်”
“မင်း အရင်မပြခင်၊ ငါရှုးပေါက်…အိမ်သာသွားရမယ်” ရှီမာယူယူ မိန်းကလေးဖြစ်ကြောင်းကို ဖက်တီးကျူသတိရသွားကာ သူပြောချင်သည့် စကားများကို ပြောင်းလိုက်သည်။
“ဟား..” သူအနေခက်သွားသည်ကို ရှီမာယူယူကြည့်ကာ ရယ်လိုက်လေသည်။ သူမလက်အားဆန့်ကာ သူ့လည်ပင်းအားချိတ်ပြီး ပြောလိုက်သည် “သွားရအောင်၊ မင်းရှုးပေါက်ရအောင်ခေါ်သွားမယ်”
ဘဝ၏ အခြေခံလိုအပ်ချက်များကိုဖြေရှင်းပြီးနောက်တွင် ရှီမာယူယူ ဖက်တီးကျူအား စစ်သူကြီးအိမ်တော်အား လှည့်ပတ်ပြသတော့သည်။ ရိုးရှင်းသော တည်ဆောက်ပုံများအား ကြည့်ပြီး ဖက်တီးကျူထူးဆန်းနေတော့သည်။ စစ်သူကြီးအိမ်သည် သာမာန်အိမ်များထက် ထူးခြားနေလိမ့်မည်ဟု သူအမြဲတမ်းထင်ခဲ့သည်။
ရှီမာယူယူ သူ့အား အဆောက်အဦးငယ်တစ်ခုသို့ခေါ်လာပြီး မုန့်တချို့ယူလာရန် လူများအားခိုင်းလိုက်သည်။ သူတို့နှစ်ယောက်သည် စားရင်းသောက်ရင်း အေးအေးဆေးဆေး စကားပြောနေကြသည်။
“ဟုတ်သားပဲ ယူယူ မကြာခင် ဘုရင်ကြီးရဲ့ မွေးနေ့ရောက်တော့မယ် မင်းသွားမှာလား”
“မင်းလည်းဒီအကြောင်းသိတာလား”
“အင်း.. ငါ့အစ်ကိုကြီးနဲ့ မင်းသား၃နဲ့က အရမ်းရင်းနှီးတာ၊ ငါ့မျိုးနွယ်ကလည်း တော်ဝင်မိသားစုကို အခစားဝင်နေကျဆိုတော့ သူတို့က ငါ့အဖေကိုဖိတ်တော့ အစ်ကိုနဲ့ ငါလည်း စားပွဲကိုအတူတူသွားရမယ်၊ မင်းအဘိုးက စစ်သူကြီးဆိုတော့ မင်းလည်းသေချာပေါက်သွားရမှာပေါ့ ဟုတ်တယ်မလား”
“စားပွဲလိုမျိုးက ပျင်းစရာအကောင်းဆုံးပဲ အဲအချိန်ကျမှ သွားမလားမသွားဘူးလား ဆုံးဖြတ်တော့မယ်” ရှီမာယူယူပြောလိုက်သည်။
“မင်းမသွားတာမှကောင်းဦးမယ်၊ အဲဒီနာလန်မျိုးနွယ်ကက သေချာပေါက်သွားမှာဆိုတော့ မင်းသူတို့နဲ့ ထိပ်တိုက်တွေ့မှာပဲ၊ မင်းမလိုတဲ့ပြဿနာတွေကို ရှောင်လို့ရတယ်”
“နာလန်မျိုးနွယ်က လူတွေလည်းသွားကြမှာလား”