အပိုင်း(၁၀၉)-မိသားစုဝင်များအံ့သြသွားခြင်း

လတစ်ဝက်အကြာတွင် ရှီမာယူယူသည် အဆင့်နှစ်ဆေးဖော်ခြင်းတွင် ရင်းနှီးနေပြီးသားဖြစ်သည်။ ထိုအချိန်အကြာကြီး ဆေးဖော်ပြီးနောက်တွင် သူမအနည်းငယ်ပင်ပန်း၍ အနားယူရန်နှင့် တခြားသူများ ဘာလုပ်နေသလဲကို ကြည့်ရန်အပြင်ထွက်လာခဲ့သည်။

“ယူယူ မင်းထွက်လာပြီးလား” ရှီမာယူယူအားမြင်သည်နှင့် ဖက်တီးကျူသည် လျင်မြန်စွာလျှောက်လာသည်။

“ဘယ်လိုလဲ ဖက်တီး၊ မင်းကြည့်ရတာ စိုးရိမ်နေပုံထောက်ရင် အလှလေးတွေက မင်းကိုလိုက်နေတယ်ထင်တယ်” ရှီမာယူယူရယ်မောကာ စလိုက်သည်။

ဖက်တီးကျူလာကာ ရှီမာယူယူအားကြည့်ကာပြောလိုက်သည် “ဒီအစ်ကိုကြီးရဲ့ ဆွဲဆောင်မှုကို ခံစားနိုင်တဲ့ အလှလေးမရှိသေးလို့ ဘယ်အလှလေးကမှ မလိုက်ဘူး၊ မင်းအထဲမှာ ထပ်ပြီးကြာနေသေးရင် မင်းကိုခေါ်တော့မလို့”

“ဘာဖြစ်လို့လဲ” ရှီမာယူယူမေးလိုက်သည်။

“စစ်သူကြီးအိမ်တော်မှာလေ… ပြဿနာအကြီးကြီးတက်နေတယ်၊ ဟိတ်… ရှီမာယူယူ ဘာလို့ငါ့ကိုဆွဲနေတာလဲ”

ဖက်တီးသည် စကားမဆုံးခင်မှာပင် ရှီမာယူယူ သူ့အားဆွဲကာပြေးတော့သည်။

“ငါ့နောက်လိုက်ခဲ့ သွားရင်းနဲ့ပြောမယ်၊ ဒီအတောအတွင်းဘာတွေဖြစ်ခဲ့လဲ ငါ့ကိုပြောပြ”

ရှီမာယူယူ အိမ်တော်သို့ ပြန်ရောက်ချိန်တွင် ရှီမာယူမင်နှင့် ရှီမာယူရွှီတို့ တစ်စုံတစ်ခုအား ဆွေးနွေးနေသည့်အပြင် ရှီမာယူရန်နှင့် ရှီမာယူလီတို့ပါပြန်ရောက်နေသည်။

ပြီးခဲ့သည့်တစ်ခေါက်ရှီမာယူယူအရိုက်ခံရပြီးနောက်တွင် မိသားစုတစ်ခုလုံးပြန်ဆုံကြသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

ရှီမာယူယူပြန်လာသည်ကိုတွေ့သည်နှင့် ရှီမာယူလီနှင့် တခြားသူများသည် အံ့သြသွားကြသည်။ အစောပိုင်းတွင် သူမကျောင်းသို့ လူအခေါ်လွှတ်လိုက်သော်လည်း သူမတံခါးပိတ်ကျင့်ကြံနေကြောင်းကို ဖက်တီးကျူနှင့် တခြားသူများက စာပြန်ပို့ခဲ့ကြသည်။ သူတို့သည် သူမအား အနှောင့်အယှက်မပေးချင်ပါ။ သို့သော် သူမ တိုက်ရိုက်ပြန်လာမည်ကိုတော့ ထင်မထားခဲ့ကြပါ။

သူမနှင့်အတူ ဖက်တီးကျူပါပြန်လာသည်ကို တွေ့သည်နှင့် ရှီမာလိုင်ပြောလိုက်သည် “အိမ်တော်ထိန်း၊ သခင်လေးကျူကို ပင်မဆောင်ကိုခေါ်သွားပြီး လက်ဖက်ရည်တိုက်လိုက်ပါဦး”

“ဟုတ်ကဲ့ပါ စစ်သူကြီး” အိမ်တော်ထိန်းသည် ရှေ့တစ်လှမ်းတိုးကာ ပြောလိုက်သည် “သခင်လေး ကျူ ဒီလမ်းကို ကြွပါ”

ဖက်တီးကျူ ရှီမာယူယူအားကြည့်ကာပြောလိုက်သည် “ဒါဆို ငါအဲဒီကိုအရင်သွားနှင့်မယ်၊ တစ်ခုခုအရေးကြီးတာပြောစရာရှိရင် ငါ့ကိုခေါ်ဖို့လူလွှတ်လိုက်၊ ကျူမျိုးနွယ်မှာဆိုရင် ငါလည်း ပြောရေးဆိုခွင့်ရှိသူပဲ”

ရှီမာယူယူအနည်းငယ်ပြုံးကာ သူ့အားခေါင်းညိတ်ပြလိုက်သည်။ ထိုအချိန်တွင် သူတို့အား စိတ်အားထက်သန်စွာ ကူညီပေးသည့် လက်တစ်စုံအားသူမ မှတ်သားထားလိုက်သည်။

ဖက်တီးကျူသည် တခြားသူများအား လက်အုပ်ချီနှုတ်ဆက်ကာ အိမ်တော်ထိန်းနောက်သို့လိုက်သွားလေသည်။

ရှီမာယူယူ၏မျက်နှာမှ အပြုံးသည် တဖြည်းဖြည်းမှေးမှိန်သွားကာ ရှီမာလိုင်ဘက်သို့လှည့်ကာ ပြောလိုက်သည် “အဘိုး၊ အစ်ကိုတို့ သမီးတို့ စစ်သူကြီးအိမ်တော်က အဂ္ဂိရတ်ဆရာရှာဖို့ လတစ်ဝက်လောက် အလဟသတ်ဖြစ်သွားတယ်လို့ ကြားတယ်”

“ငါတို့ရှာမတွေ့တာတော့မဟုတ်ဘူး” ရှီမာယူမင်ပြောလိုက်သည် “စစ်သူကြီးအိမ်တော်ရဲ့ အခြေအနေကို သူတို့ကြားတာနဲ့ အဲဒီအဂ္ဂိရတ်ဆရာတွေက ရေငတ်တဲ့သူရေတွင်းတွေ့သလိုပဲ တောင်းဆိုတာတွေ အရမ်းများတယ်၊ အဘိုးလည်း ဒေါသထွက်ပြီးအားလုံးကိုနှင်ထုတ်လိုက်တယ်”

သူပြောပြီးသည်နှင့် ရှီမာလိုင်အား တွန့်တိုစွာကြည့်လိုက်သည်။

“အဟွတ် အဟွတ် အဘိုးတို့အခြေနေမဟန်တာကို အခွင့်ကောင်းယူပြီး အဲဒီအဂ္ဂိရတ်ဆရာတွေက သူတို့ကို ခယစေချင်သေးတယ် ဟာသပဲ” ရှီမာလိုင်သည် သူမမှားသည်ဟု အခုထိခံယူထားပြီး ထိုအဂ္ဂိရတ်ဆရာအနည်းငယ်ကို ဒေါသထွက်နေသေးသည်။

ရှီမာလိုင်၏ အဂ္ဂိရတ်ဆရာများအပေါ်တွင်ရှိသော အမုန်းတရားသည် ကြီးမားသည်ကို ရှီမာယူယူသဘောပေါက်လိုက်သည်။ ထိုကဲ့သို့ အဂ္ဂိရတ်ဆရာကိုသာတွေ့ခဲ့ပါက ထိန်းမနိုင်သိမ်းမရ ဒေါသပုန်ထနေမည်မှာ အမှန်ပင်။

“အဘိုး ကျွန်တော်တို့ဒီအခြေအနေတောင်ဖြစ်နေပြီ အဘိုးရဲ့ စိတ်ကိုမလျော့နိုင်ဘူးလား” ရှီမာလိုင်သည် ခေါင်းကိုက်လာသဖြင့် ပြောလိုက်သည်။

“အဘိုး… အဘိုးရဲ့မူလအင်အားက နာလန်မျိုးနွယ်ကလူကြီးတွေထက်သာတယ်ဆိုပေမယ့် သူတို့က တိုက်ခိုက်လာမှာပဲ၊ ကျွန်တော်တို့မိသားစုစီးပွားရေးကို ကာကွယ်ဖို့နည်းလမ်းရှာရမယ်” ရှီမာယူရွှီပြောလိုက်သည်။

“ကျွန်တော်တို့မျိုးနွယ်ကလူနည်းနည်းလေးပြီးတော့ ကျွန်တော်တို့ဒီရောက်တာမကြာသေးဘူး၊ နာလန်မျိုးနွယ်ကတော့ ဒီမှာအနေကြာနေပြီ၊ အခုသူတို့က စီးပွားရေးမှာရှေ့ကဦးဆောင်နေတာ၊ အဘိုး သူတို့ကို သွားပြီးတိုက်ရိုက်သတ်လို့မရဘူး” ရှီမာယူရန် ခွဲခြမ်းစိပ်ဖြာသည် “ဒါပေမယ့် သူတို့က ကျွန်တော်တို့ထက်အားနည်းနိုင်တယ်၊ ဒီအခြေအနေကနေရုန်းထွက်ဖို့ တစ်ခုခုကိုစဉ်းစားရမယ်”

“အဘိုးကတော့ အဂ္ဂိရတ်ဆရာကိုပဲဆက်ရှာသင့်တယ်လို့ထင်တယ်” ရှီမာယူလီပြောလိုက်သည် “ဒီအင်ပါယာမြို့တော်က အရမ်းကျယ်တယ် အဂ္ဂိရတ်ဆရာတိုင်းက နာလန်မျိုးနွယ်ကခေါ်သွားတာခံရတာ၊ ဒါမှမဟုတ် သူတို့အိမ်တွေမီးလောင်သွားလို့ထွက်ပြေးသွားတယ်လို့တော့ ငါ့ကိုမပြောနဲ့”

“ဒါပေမယ့် ကျွန်တော်တို့ဆေးတွေက မနေ့ကပဲကုန်သွားပြီ ဒါပေမယ့် မနေ့ကတည်းက ကျွန်တော်တို့ဆိုင်က ဖောက်သည်တွေလျော့သွားတယ်” ရှီမာယူမင်ပြောလိုက်သည် “ဒီလောက်အချိန်တိုအတွင်းကို ကျွန်တော်တို့ ဘယ်ကနေ အဂ္ဂိရတ်ဆရာကိုသွားရှာမလဲ”

“ဒါကတော့…ဟူး”

သူတို့ဆွေးနွေးနေသည်ကို ရှီမာယယူယူ ထိုင်ကာနားထောင်နေသည်။ တစ်ယောက်ချင်းစီသည် မျက်မှောင်များကြုတ်နေသည်ကိုကြည့်ကာ သူမပြောလိုက်သည် “အင်း… အစ်ကိုတို့ဆေးဘယ်လောက်လိုတာလဲ၊ ကျွန်တော်…”

“ညီလေး၅ အခု မင်းကြားဝင်ဖို့မလိုသေးဘူး၊ မင်းကျောင်းကိုသွားပြီးကျင့်ကြံတာ ပိုကောင်းလိမ့်မယ်၊ မိသားစုကိစ္စကို အစ်ကိုတို့ကို အပ်ထားလိုက်” ရှီမာယူမင် ကြားဖြတ်ပြောလိုက်သည်။

ထိုအကြောင်းအား သူတို့စိတ်ပူနေရတာနဲ့တင်လုံလောက်ပြီ။ ရှီမာယူယူကိုပါဆွဲကာ သူတို့နှင့်အတူ စိတ်ပူခိုင်းရန် မလိုပေ။

“ကျွန်တော့်မှာ ဆေးတွေရှိတယ်” ရှီမာယူယူပြောလိုက်သည်။

“မင်းမှာဆေးရှိတယ်ဆိုရင်တောင်….ဘာ…မင်းမှာဆေးတွေရှိတယ်ဟုတ်လား” ရှီမာယူမင်သည် စကားပြောလက်စမှပင် ရှီမာယူယူပြောသည်များကိုသဘောပေါက်ကာ သူမအား အံ့သြစွာကြည့်လိုက်သည်။

ရှီမာယူယူခေါင်းညိတ်ကာပြောလိုက်သည် “အဆင့်တစ်ဆေးတွေပဲ၊ ကျွန်တော့်မှာရှိတယ်.. အစ်ကိုတို့အဲဒါနဲ့အရင်ဖြေရှင်းလို့ရတယ်၊ ပြီးတော့ အဲဒါတွေက ဘာကုန်ကျစရိတ်မှမရှိတော့ နာလန်မျိုးနွယ်တွေထက် ဈေးလျော့ရောင်းလို့ရတယ်”

“ညီလေး၅၊ မင်းမှာ တကယ်ပဲဆေးတွေရှိတာလား”

“ညီလေး၅ မင်းမှာဆေးတွေဘယ်လိုရှိနေတာလဲ”

“မင်းမှာ အဲဆေးတွေတောင်ရှိတယ်၊ ဘယ်လောက်များလဲ”

အားလုံးသည် သူမအား တုန့်ပြန်ပြီးကြည့်ကြသည်။

“သာမာန်ဆေးတွေဖြစ်တဲ့ သွေးထွက်ရပ်စေတဲ့ဆေး၊ ရွှီကိုပြန်အားဖြည့်ပေးတဲ့ဆေးတို့ဘာတို့ ရှိတယ်” ရှီမာယူယူ သူမလက်အားဝှေ့ရမ်းလိုက်ရာ စာကြည့်ခန်းတွင် ဆေးပုလင်း တစ်ရာပေါ်လာလေသည်။

“ဒါတွေအကုန်လုံးဆေးတွေလား” မယုံကြည်ရဲလောက်အောင်ပင် ရှီမာယူမင်မေးလိုက်သည်။

“အစ်ကိုကြီး၊ ကြည့်တာနဲ့သိမှာပါ” ရှီမာယူယူပြောလိုက်သည်။

ရှီမာယူရွှီနှင့် ကျန်လေးယောက်သည် လျှောက်သွားကြကာ ပုလင်းတစ်ခုချင်းစီကို ဖွင့်ကြည့်ရာ ပုလင်းတိုင်းတွင် ဆေးများပြည့်နေသည်ကို တွေ့လိုက်ရသည်။

“ဒီဆေးတွေအကုန်လုံးပေါင်းလိုက်ရင် အလုံးရေတစ်ထောင်တောင်ကျော်လောက်တယ်” ရှီမာယူရွှီ စိတ်လှုပ်ရှားသွားသည်။

ရှီမာလိုင်ရှေ့သို့ထွက်လာကာ ကျောက်စိမ်းပုလင်းအားယူကာ ဖွင့်ကြည့်သည်။ ဆေးများရှိနေသည်မှာ အမှန်ပင်။

“ညီလေး၅ ဒီလောက်ဆေးတွေ ဘယ်ကရတာလဲ” ရှီမာယူမင် ရှီမာယူယူအား စိတ်လှုပ်ရှားစွာမေးလိုက်သည် “မင်းဘယ်လောက်သုံးလိုက်ရတာလဲ”

ရှီမာယူယူ သူမနှာခေါင်းအားကိုင်ကာ ပြောလိုက်သည် “ကျွန်တော် ပိုက်ဆံတစ်ပြားမှ မသုံးလိုက်ရပါဘူး”

“ပိုက်ဆံမကုန်လိုက်ဘူးဟုတ်လား၊ ဒါဆို ဒါတွေဘယ်ကရတာလဲ”

“ယူယူ… ဒီဆေးတွေရဖို့ မကောင်းတဲ့ဟာတွေမလုပ်ခဲ့ပါဘူးလို့ တခြားသူတွေကို ကတိပေးရမယ်”

အခန်းထဲမှ လူတိုင်း၏ မျက်လုံးများသည် ဆေးမှ သွယ်ဖယ်ကာ ရှီမာယူယူအား အာရုံစိုက်မိကြသည်။

အာ….

သူတို့တုန့်ပြန်မှုအပေါ်တွင် ရှီမာယူယူ မျက်နှာသည် မှောင်မိုက်ခြင်းဘက်သို့ ကူးပြောင်းသွားသည်။ ဒီဆုံးဖြတ်ချက်ကို သူတို့ဘယ်လိုအဆုံးသတ်မလဲ။

“ဒီဆေးတွေအကုန်လုံးက ကျွန်တော့်ဘာသာ ဖော်ထားတာ၊ အဲဒါကြောင့် ကျွန်တော်ပိုက်ဆံပေးစရာမလိုတာ၊ အစ်ကိုတို့ထင်သလို ကျွန်တော်ဘယ်မှလည်းမသွားဘူး ဘာမှလည်းမလုပ်ဘူး”

သူမဖြေရှင်းချက်အားကြားမှပင် သူတို့အားလုံးစိတ်သက်သာရာရသွားလေသည်။ သူမဘာမှမဖြစ်လျှင် ပြီးတာပဲလေ။

“မင်းကြောင့်လန့်လို့သေတော့မှာပဲ” ရှီမာယူရွှီပြောလိုက်သည် “ဒီကမ္ဘာမှ အလကားရတာဘာမှမရှိတော့ မင်းမှာ တစ်ခုခုဖြစ်သွားမှာ စိုးသွားတာ၊ မင်းက ကိုယ့်ဘာသာဆေးဖော်တာဖြစ်နေတာကိုး၊ ဒါဆိုငါတို့စိတ်ချလို့ရပြီ…ဘာ….. မင်းဆေးဖော်တယ်ဟုတ်လား”

ထိုတစ်ကြိမ်တွင် အားလုံးသည် ပိုအံ့သြသွားလသည်။ အားလုံးသည် သူမအား တိတ်ဆိတ်စွာကြည့်နေကြသည်။

“ညီလေး၅ ဒီဆေးအားလုံးမင်းဖော်ထားတာဟုတ်လား၊ မင်း ဆေးဖော်တာကို ဘယ်တုန်းကသင်လိုက်တာလဲ” ရှီမာယူလီသည် သံသယဖြစ်သွားသည်။ ရှီမာယူယူ ဆေးဖော်နိုင်သည်ဟု သူတို့မသိခဲ့ပေ။ အခုတော့ ဒီလို အခြေအနေဖြစ်သွားပြီဆိုတော့ အားလုံးသည် ကြက်သေသေသွားခဲ့ရသည်။

သူတို့ ထိုကဲ့သို့ ဘယ်လောက်ပင် တုန့်ပြန်မှုကြီးမားသည်ဖြစ်စေ ရှီမာယူယူ တွေးနေကာ ပြုံးပြီးပြောလိုက်သည် “ပြီးခဲ့တဲ့တစ်ခေါက်က ကျွန်တော်အဂ္ဂိရတ်ပညာကို သင်ချင်တယ်လို့ပြောခဲ့တာမှတ်မိလား၊ ကျွန်တော် ကျင့်ကြံနိုင်တာနဲ့ စသင်တော့တာပဲ

သူမ မပြောလည်းရသည်၊ သို့သော် သူမပြောလိုက်သောအခါ အားလုံးသည် အလွန်အံ့သြသွားပြန်ကာ နောက်ထပ်ဆူပူမှုများပြုလုပ်တော့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset