Switch Mode

အပိုင်း(၁၀၈)-ရှီမာမျိုးနွယ်အကျပ်ရိုက်ခြင်း

သည်လိုနှင့် ရှီမာယူယူ သူမ၏နေ့ရက်များကို ဆေးဖော်ခြင်းအတွက် ကျင့်ကြံခြင်းများကို စတင်တော့သည်။ နေ့တွင် သူမ ဝိညာဉ်ပုလဲအတွင်းတွင် ဆေးများဖော်ပြီး ညတွင်တော့ ရွှေမြွေသီးအပင်အတွက် အားဖြည့်ပေးသည်နှင့် အတူတကွ သူမ၏ စိတ်ခွန်အားကိုလည်း ပြန်လည်အားဖြည့်လေသည်။

သူမ၏ ရှီမာမျိုးနွယ်အားကူညီရန် ရှီမာယူယူ အချိန်အတော်အများကို ဆေးဖော်ရန်အတွက် အသုံးပြုလေသည်။ သွေးထွက်ရပ်စေသည့်ဆေးများ၊ ရောင်ဝါအားပြန်လည်ကုစားစေသောဆေးများသည် ကြေးစားများနှင့် ဝိညာဉ်သခင်တို့အသုံးများသောဆေးများဖြစ်သည်။ ကြေးစားများအကြိုက် ဆေးများရအောင်လုပ်ရခြင်းမှာ ထိုဆေးများသည် ရှီမာမျိုးနွယ်မှဆေးများထက် ဈေးနှုန်းသက်သာသောကြောင့်ဖြစ်သည်။

ထိုအချက်အားပြောရလျှင် ရှီမာမျိုးနွယ်သည် အကူအညီမဲ့သည်။ အဂ္ဂိရတ်ဆရာမရှိခြင်းကြောင့် သူတို့ဆိုင်များတွင် ဆေးများမရောင်းရတော့ပေ။ ထို့ကြောင့်ပင် တခြားပြိုင်ဘက်များသည် အခွင့်အရေးယူကာ အကျိုးအမြတ်ဖြစ်ထွန်းလေသည်။ သူတို့သည် ဆေးဆိုင်တွင် လက္ကားဈေးဝယ်ယူ၍ ဈေးကွက် ဈေးနှုန်းနှင့်ယှဉ်ကာ အနည်းငယ်ဈေးချပြီးရောင်းရုံမှအပ ရွေးချယ်စရာမရှိပေ။

ထို့ကြောင့်ပင် သူတို့သည် ဆေးများကို ဈေးနှုန်းသက်သက်သာသာနှင့် ရောင်းချနိုင်ခြင်းမရှိပေ။ နာလန်မျိုးနွယ်သည် ထိုအချက်အားအသုံးချသဖြင့် အားကျရုံမှတပါးမတတ်နိုင်ခဲ့ပေ။

ရှီမာမျိုးနွယ်တွင် အဂ္ဂိရတ်ဆရာမရှိခြင်းသည် အဓိကပြဿနာဖြစ်သည်။ ရှီမာလိုင်သည် အဂ္ဂိရတ်ပညာရှင်များကို စုဆောင်းရန်စဉ်းစားသော်လည်း ထိုလူများသည် ဘဝင်မြင့်ကြ၍ နောက်ဆုံးတွင် လက်လျော့လိုက်ရသည်။

ရှီမာယူယူသည် ထိုအကြောင်းအားနားလည်သဖြင့် ဆေးဖော်ရာတွင် အချိန်တော်တော်များများကို အသုံးပြုလေသည်။ ထို့အပြင် ထိုဆေးများသည် ဖော်ရန်အလွယ်ဆုံးပင်ဖြစ်သည်။ ဆေးဖက်ဝင်ပစ္စည်းများသည်လည်း ဝိညာဉ်ပုလဲအတွင်းတွင် အပြည့်အစုံရှိသည်။ တစ်လအကြာတွင် သူမလက်ထဲတွင် ဆေးပုလင်း ၁၀၀အားကိုင်ထားနိုင်ပြီဖြစ်သည်။

ဒီနေ့တွင် သူမ ဆေးဖိုမှဆေးများကို ယူရာတွင် မိုရှားသည် သူမရှေ့တွင်ထပ်ပေါ်လာသည်။

“မင်း ဒုတိယအဆင့်ဆေးကို ဖော်ကြည့်မလား” မိုရှားပြောသည်။

“ငါဖြစ်နိုင်ပါ့မလား”

ရှီမာယူယူ မိုရှားအားကြည့်လိုက်သည်။ သူထိုသို့အရင်မပြောလျှင် သူမ အဆင့်တစ်ဝိညာဉ်ဆေးများကိုသာ ဆက်ဖော်နေမည်။

သူမသည် သူညွှန်ကြားသည့်အတိုင်းလိုက်လုပ်လေသည်။ အရင်နေ့ကတည်းကပင် သူမအဆင့်နှစ်ဆေးကို ဖော်နိုင်မည်ကိုခံစားရသော်လည်း သူမအဆင့်တစ်ဆေးကိုသာဆက်ဖော်မိသည်….

မိုရှားခေါင်းညိတ်ကာ ပြောလိုက်သည် “မင်းအဆင့်တစ်ဆေးဖော်တာ အစကတည်းက အဆင်ပြေနေပြီး ဒါပေမယ့် ငါအရင်ကပြောခဲ့သလိုပဲ လေ့ကျင့်မှ ပြည့်စုံမှာလေ၊ အဆင့်တစ်ဆေးဆက်ဖော်တာက မင်းကို အဆင့်နှုစ်အဂ္ဂိရန်ပညာရှင်ဖြစ်ဖို့ အထောက်အကူဖြစ်စေတာပဲ”

“ငါနားလည်ပါတယ်” ရှီမာယူယူပြောလိုက်သည်။

မိုရှားတစ်ချက်တွေးရုံနှင့်ပင် စာရွက်တစ်ရွက်သည် သူတို့ရှေ့တွင်ပေါ်လာသည်။

“ဒါက ငါစာကြည့်ခန်းထဲမှာရှာတွေ့တဲ့ အဆင့်နှစ်ဆေးဖော်တဲ့နည်းလမ်းပဲ၊ မင်းရဲ့စိတ်ခွန်အားကို အရင်သွားပြီး အားဖြည့်လိုက်ဦး၊ ပြီးတော့မှ ဒီဆေးနည်းလမ်းကိုကျက်…. ဒီနည်းလမ်းရဲ့ အရေးအကြီးဆုံးအချက်ကဘာလဲဆိုတာ မင်းကိုယ်မင်းအရင်ရှာသင့်တယ်၊ ပြီးတော့မှ ဆေးဖော်တဲ့တစ်ဝက်လောက်ရောက်မှ ငါမင်းကိုထပ်ပြောပြပေးမယ်”

“အင်း…” ရှီမာယူယူ ဆေးနည်းလမ်းအားယူကာ မြေပေါ်တွင်ထိုင်ပြီး စတင်လေ့လာတော့သည်။

သူမ၏ ထိုင်ကာစွဲစွဲမြဲမြဲလေ့လာနေသည်ကို မိုရှားတွေ့သည်နှင့် သူသက်ပြင်းချလိုက်လေသည်။

ထိုအချိန်အတွင်းတွင် သူ သူမနှင့် တစ်နေ့လုံးကုန်ဆုံးသည်ဟု ပြောလို့ရသည်။ သူမအဂ္ဂိရတ်ပညာတွင် အဆင့်တက်သွားသည်ကို ကြည့်ရင်း အောင်မြင်မှုသည် ၆၀ရာခိုင်နှုန်းမှ ၉၀ရာခိုင်နှုန်းရှိနေပြီး ဆေးဖိုထဲတွင် ဆေးသုံးလုံးမှ ဆယ်လုံးကျော်ရှိနေသည်။

ထိုကဲ့သို့ အရည်အချင်းရှိ၍ ကြိုးစားသောသူကို သူမမြင်ဘူးပေ။ သူမ၏ ကျားကုပ်ကျားခဲအားထုတ်မှုသည် သူ့အားစိတ်လှုပ်ရှားစေသည်။

သူကဲ့သို့ ပါရမီရှင်ပေါ်ခဲ့သော အချိန်းအားစဉ်းစားမိသည်၊ သို့သော် သူ့ဘဝပြောင်းလဲပြီးနောက်တွင် သူမကဲ့သို့ သူမကြိုးစားတော့ပေ။

ရှီမာယူယူကျက်မှတ်နေသည်ကို အနှောင့်အယှက်ဖြစ်မည်စိုး၍ သူဆေးဖော်သည့်အခန်းမှ ထွက်ခဲ့သည်။

ရှီမာယူယူသည် မှတ်ဉာဏ်အားကောင်းသည်။ ထို့ကြောင့်ပင် စာအုပ်အားကြည့်ရုံနှင့်ပင် သူမအားလုံးကို မှတ်နိုင်သည်။ သို့သော် သူမချက်ချင်းသွားပြီး ဆေးမဖော်ပေ။ သူမ အကြောင်းအရာကို ကြေညက်အောင်၊ နားလည်အောင် အရင်ကြိုးစားသည်။ သူမ လုံးဝနားလည်သွားသည့်အချိန်မှပင် ထပြီးထွက်သွားလေသည်။

သူမထလိုက်ချိန်တွင် ကြာပန်းဖြူဆေးဖော်ရန် လိုအပ်သည့် ဆေးဖက်ဝင်ပါဝင်ပစ္စည်းများကို မသိလိုက်ချိန်မှာပဲ စားပွဲပေါ်တွင်တင်ထားသည်ကို တွေ့လိုက်ရသည်။ သူမ မသိမသာပြုံးလိုက်ကာ မျက်စိမှိတ်ပြီး ဆေးနည်းလမ်းများကို အစဖော်ကာ ဆေးစတင်ဖော်တော့သည်။

ထိုဆေးဖော်ခြင်းအဆင့်သည် ရှီမာယူယူရင်းနှီးပြီးသားဖြစ်၍ ပြဿနာတစ်စုံတစ်ရာမရှိခဲ့ပေ။ သူမ ဆေးဖက်ဝင်ပစ္စည်များ လုံးဝသန့်စင်ပြီးသည့်နောက်ဆုံး အနံ့ထွက်လာချိန်တွင် မိုရှား သူမဘေးတွင်ပေါ်လာသည်။

“ကြာပန်းဖြူဆေးက ဒုတိယအဆင့်ဆေးတွေထဲမှာ အလွယ်ဆုံးပဲ၊ လုပ်ရမယ့်အဆင့်တွေက တခြားဟာတွေထက် ပိုလွယ်တယ်၊ ဒါပေမယ့် အဆင့်တစ်ဆေးနဲ့ယှဉ်ရင်တော့ ပိုရှုပ်ထွေးတုန်းပဲ၊ ဒါပေမယ့် ဒါကလည်း မင်းရဲ့စိတ်ခွန်အားတစ်ဆင့်တက်ဖို့လိုတဲ့အချက်ပဲ”

သူအရင်ကပြောခဲ့သည်ကို စဉ်းစားကြည့်လျှင် စိတ်ခွန်အားသည် ဆေးဖော်ခြင်းအတွက် အရေးအကြီးဆုံးအပိုင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ၊ ထိုအပေါ်မူတည်၍ သူပိုတိုးတက်မှုကိုဖြစ်စေသည်။

“စတော့ ငါဟိုဘက်သွားပြီး မင်းကိုကြည့်နေမယ်”

ရှီမာယူယူခေါင်းညိတ်သည်။ သူမသည် သန့်စင်ထားသော ပါဝင်ပစ္စည်းများကို ထည့်ရမည့်အစဉ်လိုက် အထဲသို့ထည့်လိုက်သည်။

သူမ ပထမဆုံးအကြိမ်ကြိုးစားခြင်းသည် ထင်ထားသည့်အတိုင်းပင် မအောင်မြင်ပေ။ သို့သော် သူမစိတ်မပျက်ပါ၊ အဆင့်တစ်ဆေးနှင့် အဆင့်နှစ်ဆေးတို့၏ ကွာခြားချက်သည် အနည်းငယ်ကွာခြားရုံမဟုတ်ပေ။ သူမ မလုပ်နိုင်သည်မှာ သဘာဝကျသည်။

သူမ သက်ပြင်းရှည်ချလိုက်ကာ ကျရှုံးသည့် အကြောင်းအရင်းကို အကျဉ်းချုံးကြည့်သည်။ ထို့နောက် ပါဝင်ပစ္စည်းများကို ယူကာ နောက်ထပ်ဆေးဖော်ခြင်းစတင်တော့သည်။

မိုရှား ရှီမာယူယူအား ကျေနပ်စွာကြည့်နေသည်။ အရင်ကသာဖြစ်ခဲ့ပါက သူမအား သူ့တပ်ဖွဲ့ထဲသို့ ခေါ်ဆောင်မည်ဖြစ်သည်။ တစ်နေ့တွင် သူမသည် ကမ္ဘာ့ထိပ်တန်းဖြစ်မည်ဟု သူယုံကြည်သည်။

ပထမတော့ သူမ ဆေးအရည်ကျိုခြင်းအဆင့်တွင် ကျရှုံးသည်။ ဒုတိယအကြိမ်တွင် ချည်နှောင်ခြင်းအဆင့်တွင် ကျရှုံးသည်။ တတိယအကြိမ်တွင် သူမသည် ကြာပန်းဖြူဆေးဖော်ခြင်း အောင်မြင်သွားသည်။ ထိုဆေးသည် ပုံပန်မှာ ရုပ်ဆိုးသော်လည်း သူမအဂ္ဂိရတ်ပညာ သင်ကြားခြင်းအစမှာပင် ပြုလုပ်ခဲ့သောဆေးဖြစ်သည်။ ထိုသည်မှာ သူမသည် အဆင့်နှစ်အဂ္ဂိရတ်ပညာရှင်ဖြစ်သည်ကို အချက်ပြသောအရာဖြစ်သည်။

“မဆိုးပါဘူး၊ သုံးခါလုပ်တာနဲ့ အဆင့်နှစ်အဂ္ဂိရတ်ဆရာဖြစ်အောင်လုပ်နိုင်တယ်” မိုရှားပြောသည် “အဆင့်တစ် အဂ္ဂိရတ်ပညာရှင်နဲ့ အဆင့်နှစ် အဂ္ဂိရတ်ပညာရှင်တို့ရဲ့ ကွာခြားချက်ကို မင်းသတိထားမိတာနဲ့ နောက် အဆင့်နှစ်ဆေးဖော်တဲ့အခါမှာ ပိုလွယ်သွားလိမ့်မယ်”

“အင်း…” ရှီမာယူယူ သူမလက်ထဲမှ ဆေးအားကြည့်ကာ ပျော်ရွှင်စွာပြုံးလိုက်လေသည်။

“အခုအချိန်ယူပြီး မင်းရဲ့စိတ်ခွန်အားကို အားဖြည့်ပြီးမှ ဆက်လုပ်…”

ရှီမာယူယူ ကျင့်ကြံခြင်းလုပ်ငန်းစရန် မျက်စိမှိတ်ချိန်တွင် ရှီမာမျိုးနွယ်တွင် ပြဿနာထပ်ဖြစ်နေလေသည်။

စစ်သူကြီး၏ စာကြည့်ခန်းတွင် ရှီမာလိုင်၊ ရှီမာမင်၊ ရှီမာရွှီနှင့် အိမ်တော်ထိန်းတို့သည် စိုးရိမ်သော မျက်နှာအမူအရာများဖြစ်နေကြသည်။

“အဘိုး… အဲဆိုင်တွေက ကျွန်တော်တို့ကို ဆေးတွေထပ်မပေးတော့ဘူး” ရှီမာယူမင် စိုးရိမ်စွာပြောသည် “ကျွန်တော်တို့ဆေးတွေရောင်းပြီးတာနဲ့ အဲကြေးစားတွေနဲ့ ဝိညာဉ်သခင်တွေက မောက်မာသွားတာပဲ၊ အဲဒါက ကျွန်တော်တို့ တခြားစီးပွားရေးကိုလဲ အထိနာစေတယ်”

သူ့ဘေးတွင်ရှိသော ရှီမာယူရွှီသည် စားပွဲအားရိုက်ပြီး ဒေါသဖြင့်ပြောလိုက်သည် “သူတို့က အရင်ကပြောတော့ ကျွန်တော်တို့ကိုဆေးတွေ အမြဲပေးသွင်းမယ်လို့ပြောပြီး အခုသူတို့စကားကိုပြန်ရုပ်သိမ်းတာကို ထောက်ရင်တော့ နာလန်မျိုးနွယ်က သူတို့ကို လာဘ်ထိုးထားတာပဲနေမှာ”

“ဘာလို့လဲဆိုတာကို အဖြေရှာနေရမယ့်အချိန်မဟုတ်ဘူး” ရှီမာလိုင် မျက်မှောင်ကြုတ်ကာပြောလိုက်သည် “အခု ငါတို့ကျန်နေတဲ့ ဆေးနဲ့ဘယ်လောက်ခံနိုင်ဦးမလဲ”

“နောက်လတစ်ဝက်လောက်တော့ အနည်းဆုံးရှိမယ်” ရှီမာယူမင်ပြောလိုက်သည်။ “နာလန်မျိုးနွယ်က ဆေးတွေက ကျွန်တော်တို့ထက် ဈေးနိမ့်တော့ ကျွန်တော်တို့ဆိုင်ကိုလာတဲ့ သူတွေနည်းသွားတယ်၊ အဲဒါကြောင့် ဆေးကုန်တာက ဆယ်ရက်၊ လတစ်ဝက်လောက်ခံနိုင်သေးတယ်”

“လတစ်ဝက်ပဲလား”

“အဘိုး ကျွန်တော်တို့ကို ဆေးတွေသွင်းမယ့် ဆိုင်သစ်ကို လတစ်ဝက်အတွင်းရှာရမယ်” ရှီမာယူရွှီပြောလိုက်သည်။

“ကိုယ်ပိုင် အဂ္ဂိရတ်ပညာရှင်မရှိတာ တကယ်ဒုက္ခရောက်တာပဲ” ရှီမာလိုင်ပြောလိုက်သည် “အိမ်တော်ထိန်း၊ အဂ္ဂိရတ်ပညာရှင်တွေ စုဆောင်းဖို့လူလွှတ်လိုက်ဦး၊ တခြားအဖွဲ့ကဘာပဲတောင်းဆိုတောင်းဆို စစ်သူကြီးအိမ်တော်ရဲ့ လုပ်ပိုင်ခွင့်အတွင်းဝင်ရင် လက်ခံလိုက်”

“ဟုတ်ကဲ့ပါ စစ်သူကြီး” အိမ်တော်ထိန်းသည် အရိုအသေပေးကာ အပြင်သို့ထွက်သွားလေသည်။

စစ်သူကြီးအိမ်တော်နှင့် အဂ္ဂိရတ်ပညာရှင်များ၏ ဆက်ဆံမှုအရ အဂ္ဂိရတ်ပညာရှင် အမြန်ရလိုမှုသည် မလွယ်ကူပေ။

“ကျွန်တော်တို့နဲ့အဆင်ပြေမယ့် အဂ္ဂိရတ်ဆရာကိုပဲရှာရမယ်ထင်ပါတယ်” အိမ်တော်ထိန်းသည် ထွက်သွားသည်နှင့် စီစဉ်မှုများပြုလုပ်တော့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset